အပိုင်း ၃၉၉-၄၀၀
Viewers 20k

Part 399


သူပြောလိုက်သည်နှင့် လျှိုဝမ်ဟူလည်း စိတ်အားတက်ကြွသွားကာ သူ့သားကိုသာအရိုက်ခံခိုင်းမည်ဟုပြောလာသည်။


မည်သို့ပင်ဆိုစေ ဟန်ရုံဖန်က သူတို့ကို သေအောင်မရိုက်နိုင်ပေ။ အချက်သုံးဆယ်ဆိုသည်မှာ အလွန်များပြားလှပေသည်။သူတို့နှစ်ယောက်လုံး အမှိုက်လိုလုပ်နေ၍ ဟန်ရုံဖန်ဒေါသထွက်လာရသည်။


"သောက်ကောင်တွေ အရှက်မရှိဘူးလားကွ... မင်းတို့သားက ကောင်းကောင်းသင်ကြားမခံရလို့ အမှားလုပ်မိတယ်... ဒါကို မင်းတို့က တာဝန်ယူရမှာကို ထွက်ပြေးတယ်ပေါ့... ကလေးတွေ မင်းတို့မိသားစုထဲ မွေးလာရတာကိုက ကံဆိုးတာပဲ...."


သူပြောပြီးသည်နှင့် လူများစွာက အပြစ်မကင်းသလိုခံစားလိုက်ရပြီး လင်းလန်နှင့် ဟန်ချင်စုန့်ကိုကြည့်လိုက်ကြပြီး ထိုလင်မယားနှစ်ယောက်၏ ကလေးများအပေါ် စီမံခန့်ခွဲမှုနှင့် သူတို့မိသားစုကိုယှဉ်ကြည့်မိလေသည်။


ဟန်ချင်စုန့်က စန်းဝမ်ကိုရိုက်ရင်း သူ့ကိုယ်သူပါအရိုက်ခံခဲ့သည်ဟုကြားကြသည်။


တစ်ယောက်ကအော်လာသည်။


"ဟန်ချင်းဟယ် လျှိုဝမ်ဟူ... မင်းတို့ဘာလို့ အသုံးမကျရတာလဲ... အရိုက်ခံရုံပဲကို...."


လျှိုဝမ်ဟူ: "မင်းတို့ကော အရိုက်ခံချင်တာလား အရင်စမ်းကြည့်လေ...."


ထိုအချိန်တွင် ဟန်ရုံဖန်ကပြောဘာသည်။

"မင်းတို့အားလုံးလည်း အရိုက်ခံရမှာပဲ... ကိုယ့်ကလေးကိုယ် ဘယ်လိုသင်ကြားပေးနေကြတာလဲ... တစ်ခုခုဖြစ်ရင် လူကြီးတွေကိုမခေါ်ဘဲ ထွက်ပြေးဖို့ပဲတွေးကြတယ်... တကယ်လို့တစ်ခုခုဖြစ်သွားပါပြီတဲ့... မင်းတို့အသက်နဲ့ ပြန်ပေးဆပ်ကြမလို့လား...."


ဟန်ရုံဖန်ကဆက်ပြောလာသည်။


"ထွက်ပြေးလာတဲ့ကလေးတိုင်းအတွက် ငါးချက်အရိုက်ခံမယ်... ကိုယ့်ဘာသာအရိုက်ခံမလား... ကိုယ့်ကလေးကိုအရိုက်ခံစေမလား... ဆုံးဖြတ်ကြ...."


ဟန်တန်အာက အော်ပြောလာသည်။

"သတင်းပို့စရာရှိပါတယ်... သားကိုမရိုက်ပါနဲ့..."


လျှိုကွေ့ဖာကပြောသည်။

"ဟန်တန်အာက ကျွန်တော့်ကိုလာပြောပြပါတယ်...."


ဟန်တန်အာက စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။


ဟန်ရုံဖန်ကပြောသည်။

"မှတ်ထားလို့လည်းရတယ်... နောက်တစ်ခေါက်ဖြစ်ရင်တော့ နှစ်ဆရိုက်မှာ..."


ကလေးများအားလုံး ငိုကြွေးကုန်ကြသည်။ သူတို့ဘာသာ ပွဲကြည့်ရုံကြည့်ခဲ့သော်လည်း သူတို့ပါအရိုက်ခံရပေတော့မည်။ ကလေးများငို အမေများငိုရင်း ဆူညံပွက်လောရိုက်နေလေသည်။ အချို့လူများက ဟန်ချင်စုန့်နှင့်လင်းလန်ကို အပြစ်ဆိုကြသည်။


လင်းလန်ကအေးစက်စွာပြောလိုက်သည်။

"အဲ့ဒီ့နေ့က ရှောင်ဝမ်နဲ့ စန်းဝမ် ကံကောင်းလို့ လွတ်လာခဲ့တာ... အကယ်၍တစ်ခုခုတကယ်ဖြစ်ခဲ့ရင် ရှင်တို့တွေလွတ်မယ်ထင်တာလား..."


အကယ်၍ သူမ၏သားနှစ်ယောက်သူ အမှန်တကယ်တစ်ခုခုဖြစ်ခဲ့လျှင် သူမ သေချာပေါက် အရေးယူမည်ဖြစ်သည်။


"နင်တို့တွေ ကိုယ့်ကလေးကိုယ်မသင်ခဲ့ကြလို့ အခုလိုပြဿနာတွေဖြစ်လာခဲ့ကြပြီးပြီ.... ဒါကိုယ် ကိုယ်မှတာဝန်မယူရင် ဘယ်သူကတာဝန်ယူမှာလဲ..."

သူမ အေးစက်စွာနှာမှုတ်လိုက်သည်။


ဒီကလေးတွေကတယ်ပဲ ဘာမှမပြောတာလား.. မိသားစုကိုမပြောမိတာလား... ပြောမိလို့ သိကြတယ်ဆိုရင်ကော... ပြဿနာထဲပါမှာစိုးလို့ မသိချင်ယောင်ဆောင်နေတာများလား....


ကလေးတွေကို ပြဿနာဖြစ်လာရင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းရမယ့်အစား ထွက်ပြေးဖို့ သင်ပေးကြတယ်တဲ့လား...


ယခုအချိန်တွင် ဆယ်နာရီထိုးပြီးပြီဖြစ်ပြီး လကလည်းအစွမ်းကုန်တောက်ပနေကာ လေပြေတို့ကလည်း မြစ်ရေပြင်ကိုဖြတ်၍တိုက်ခတ်လာသဖြင့် အေးစိမ့်စိမ့်ဖြစ်နေသည်။


သို့သော် မြစ်ကမ်းစပ်ရှိလေထုကမူ အလွန်အမင်းတင်းမာနေလျက်ရှိပေသည်။


မူလက လင်းလန်မှာ ကျောက်ကွေ့ရှန်း၏မျက်နှာကို ရိုက်ချလိုက်ချင်သော်လည်း အလွှတ်ပေးခဲ့သည်။ သို့သော် တစ်ယောက်ယောက်ကရှောင်ဝမ်ကို တမင်တွန်းချသည်ဟု ကြားသည်နှင့် သူမ အလွှတ်မပေးနိုင်တော့ပေ။


တွန်းလိုက်သည့်လူမှာ အသက်မပြည့်သေးသည့် ကလေးငယ်ဖြစ်၍ အပြစ်ပေး၍မရသလို တရားစွဲ၍လည်းမရပေ။


ရိုက်ရမယ်... စန်းဝမ်တောင်အရိုက်ခံရသေးတာ သူတို့ကဘာလို့ အရိုက်မခံနိုင်ရမှာလဲ...


လူတိုင်းက မိဘများ သင်မပေးသင့်သည့် အရာများကို သိချိန်တန်ပြီဖြစ်ပြီး သေချာမသင်ကြားပေးပါက တာဝန်ယူမှုရှိရမည်ကိုလည်း သိကြရပေမည်။


ဟန်ရုံဖန်က သူတို့ကိုကြည့်ပြီး အေးစက်စွာပြောလိုက်သည်။


"မင်းတို့ကလေးတွေအစား အရိုက်မခံချင်ရင်လည်းရတယ်... တစ်ခါရိုက်ရင်ငါးချက်နဲ့ ခြောက်ခါ  အရိုက်ခံပြီး အချက်သုံးဆယ်ပြည့်အောင်လုပ်လို့ရတယ်... ဆယ်ရက်တစ်ခါလာအရိုက်ခံရင် မကြာခင်ပြီးသွားမှာပဲ...."


သူ လက်ရှိရှိနေသောလူများကို ကြည့်လိုက်သည်။

"မနက်ဖြန်နေ့လည် ကြရင်အလုပ်လုပ်ဖို့သွားရမယ့် လူတွေအကုန်လုံး နေ့လည်အလုပ်ပြီးအရိုက်ခံရမယ်... မတရားဘူးထင်ရင် အစည်းအဝေးထပ်လုပ်ကြတာပေါ့... ဒါမှပဲ ကလေးတွေကိုဘယ်လိုသင်ကြားပေးရမလဲ သိကြမှာ...."


သူနှာမှုတ်ကာ လှည့်ထွက်သွားသည်။


ဟန်ရုံဖန်ထွက်သွားသည်နှင့် ခေါင်းဆောင်အပါအဝင်အခြားလူများလည်း ထွက်သွားကြသည်။


ဟန်ချင်းယွမ်က ဟန်ချင်စုန့်နှင့်လင်းလန်ဆီပြေးလာပြီး ပြုံးရင်းပြောလေသည်။


"မရီး... စိတ်မပူနဲ့သိလား... ခေါင်းဆောင်ရဲ့ရိုက်ချက်က ကျွန်တော့်ထက်တောင်ပြင်းသေးတယ်...."


သူတို့ ညီအစ်ကိုတစ်တွေငယ်စဉ်က အရိုက်ခံရသည်မှာ နောက်ထပ် အမှားမလုပ်ရဲလောက်အောင်ပင် ဖြစ်သွားစေခဲ့သည်။


လျှိုချွမ်းဖန်က ဟန်တန်အာကိုဆွဲခေါ်ပြီး လင်းလန်ကို ခါးသီးစွာကြည့်လိုက်သည်။


"အရူးကောင်လေး... နင်ဘာလို့ အဲ့လောက်ရူးပြီး သွားဝန်ခံပေးနေရတာလဲ... အနာဂတ်မှာ သူတို့နဲ့သွားမဆော့တော့နဲ့..."


သို့သော် ဟန်တန်အာက ငြင်းဆိုလေသည်။ သူက စန်းဝမ်နှင့်ဆော့ချင်နေဆဲပင်။


လင်းလန်က သူမကိုကြည့်လိုက်သည်။


"ငါပြောပြမယ်... လူတွေကိုအတင်းတုတ်တာနဲ့ ပြစ်မှုတစ်ခုကိုသိရဲ့သားနဲ့ မပြောတာကာ ကွာခြားချက်အများကြီးရှိတယ်... ဟန်တန်အာက နင်တို့မိသားစုထဲမှာ အကောင်းဆုံးလူလို့ပြောလို့ရတယ်... သူကမှ အမှားနဲ့အမှန်ဆိုတာကိုသိနေသေးတာ... လျှိုချွမ်းဟယ်ကိုသာ စောစောကရိုက်ခဲ့မယ်ဆိုရင် သူ့သားကိုသင်ပေးတဲ့နေရာမှာ လွဲမှာမဟုတ်တော့ဘူး...."


အကယ်၍ မိဘများက သူ့ကိုလျစ်လျုရှုခြင်း သို့မဟုတ် အလိုက်လိုက်ခြင်းမလုပ်ခဲ့ပါက လျှိုချွမ်းဟယ်က လူမိုက်များနှင့်အတူ ခိုးဝှက်မည်မဟုတ်ပေ။


သူက ကိုယ့်ရွာထဲမှပင် ပြန်ခိုးနေသည်။ ယုန်ပင်လျှင် ကိုယ့်အသိုက်နားမှ မြက်ကိုမစားရကောင်းမှန်းသိသေးသည်။


လျှိုချွမ်းဖန်က အလွန်ဒေါသထွက်နေပြီး ဟန်ချင်စုန့်ကိုလှန်းကြည့်လိုက်သည်။ သို့သော် သူက သူမကိုပင်မကြည့်၍ ဟန်တန်အာကိုသာခေါ်ပြီး ထွက်သွားလိုက်သည်။


လင်းလန်၏တစ်မိသားစုလုံး ရှောင်ဝမ်အတွက် မသနားပဲမနေနိုင်တော့ချေ။

"သားကို တွန်းလိုက်တာသိရင် ဘာလို့မပြောပြတာလဲ..."


ရှောင်ဝမ်: "မာမား... ဒါဆို သူကတမင်တွန်းလိုက်တာလို့ပြောချင်တာလား...."


ထိုအချိန်က ပရမ်းပတာဖြစ်နေ၍ သူ့ကိုဘယ်သူတွန်းလိုက်လဲမသိသလို တွန်းချခံလိုက်ရသည်ဟုလည်း မတွေးမိပေ။ ယခုတွင် ပြန်သရုပ်ပြသောအခါမှ ဝါဒဖြန်အဖွဲ့မှ သရုပ်ဆောင်သည်နှင့်တူကြောင်း တွေးမိလိုက်သည်။


တစ်မိသားစုလုံး ရှောင်ဝမ်အတွက် ဝမ်းသာနေကြပြီး ကလေးဆိုးများက အပြစ်ပေးခံရကာ တစ်သက်လုံး မှတ်မိနေရပေတော့မည်။


လူအများစုက ညကအကြောင်းမသိကြပေ။ နောက်တစ်နေ့ သူတို့ အလုပ်သွားမှသာ တစ်ရွာလုံးသိသွားကြလေသည်။


နေ့လည်ရောက်သည်နှင့် တစ်ရွာလုံးက အလုပ်ပြီးကတည်းက ရွာခေါင်းဆောင်အိမ်တွင်သွားစုရုံးကာ အရိုက်ခံကြသည်ကိုကြည့်ကြလေသည်။


အထဲတွင်ရော အပြင်တွင်ပါ လူအပြည့်ဖြစ်နေပြီး အများစုက တရုတ်နှစ်သစ်ကူး ဖျော်ဖြေပွဲကြီးလို ပျော်ပျော်ကြီးလာကြည့်ကြခြင်းဖြစ်သည်။


ရွာထဲရှိ လူများ ပြစ်မှုလုပ်မိလျှင် များသောအားဖြင့် ရွာခေါင်းဆောင်များကသာ အပြစ်ပေးကြသည်ဖြစ်ပြီး ပြည်သူ့လုံခြုံရေးဗျူရိုကဲ့သို့သော နေရာကိုမပို့ကြပေ။ အဆုံးတွင် ရွာထဲမှ ကိစ္စကို ရွာထဲ၌သာဖြေရှင်းကြမည်ဖြစ်သည်။ ကော်မတီသို့သွား၍ အရှက်ခွဲခံရန်မလိုအပ်ပေ။


Xxxxx

Part 400


ရွာထဲရှိ လူများ ပြစ်မှုလုပ်မိလျှင် များသောအားဖြင့် ရွာခေါင်းဆောင်များကသာ အပြစ်ပေးကြသည်ဖြစ်ပြီး ပြည်သူ့လုံခြုံရေးဗျူရိုကဲ့သို့သော နေရာကိုမပို့ကြပေ။ အဆုံးတွင် ရွာထဲမှ ကိစ္စကို ရွာထဲ၌သာဖြေရှင်းကြမည်ဖြစ်သည်။ ကော်မတီသို့သွား၍ အရှက်ခွဲခံရန်မလိုအပ်ပေ။


၎င်းက ဟန်မိသားစု၏ ရှန်ရွေ့ရွာတွင်ထားသည့် စည်းမျဉ်းဖြစ်ပြီး အမှားလုပ်မိပါက လူမြင်ကွင်းတွင် အရိုက်ခံရမည်ဖြစ်သည်။ နှစ်ပေါင်းများစွာ ထိုကဲ့သို့ လက်ဆင့်ကမ်းလာခဲ့ကြ၍ မည်သူကမှ ကန့်ကွက်ခြင်းမရှိကြတော့ပေ။


ဟန်ရုံဖန်က ရွာလုံခြုံရေးနှင့် ရွာခေါင်းဆောင်ဖြစ်သည်။ သူ့ကိုယ်သူလည်း လေးစားစရာဖြစ်အောင်နေသလို လူတိုင်းကလည်းလေးစားကြသည်။


ဟန်ရုံဖန်က အလွန်ဒေါသထွက်နေသည်။ မူလက သူဤကိစ္စကို ဂရုမစိုက်ခဲ့ပေ။ ကလေးများအားလုံး ဘာမှမဖြစ်ခဲ့၍ ထိုကိစ္စကိုနောက်ပစ်ထားခဲ့သည်။


သို့သော် ကျောက်ကွေ့ရှန်းနှင့် လူတစ်အုပ်က ပြဿနာလာရှာပြီး နွေဦးကောက်စိုက်ချိန်ကို နှေးဖင့်အောင်လုပ်ခဲ့လေသည်။


တုန်ဟွိုင်ဟွက အခြားလူများကိုပြောပြနေသည်။


"သူတို့သာ ပြဿနာမရှာရင် လင်းလန်ကလည်း ဘာမှလုပ်မှာမဟုတ်ဘူး... ရွာခေါင်းဆောင်ဘက်ကလည်း ဘာမှကိုအရေးယူမှာမဟုတ်ဘူး... ဒါပေမဲ့ ဒီလောက်အလုပ်ရှုပ်နေတဲ့အချိန်မှာ သူတို့က ပြဿနာရှာရဲမှတော့ အရိုက်ခံရတာကောင်းတယ်... သူတို့နောက်လိုက်တဲ့အခြားလူတွေကတော့ ကံဆိုးသွားတာပေါ့လေ,.. အိုင်း..."


တုန်ဟွိုင်ဟွက ထိုသို့ပြောလိုက်သည်နှင့် အရိုက်ခံရတော့မည့်ကလေးများအားလုံးက ကျောက်ကွေ့ရှန်းကြောင့်အရိုက်ခံရတာဖြစ်ပြီး လင်းလန်တို့မိသားစုနှင့် မဆိုင်တော့ပေ။


သူတို့က အသေးစိတ်ကိုဂရုမစိုက်ဘဲ သူများပြောရင် ယုံမည်သာဖြစ်ပြီး တစ်ယောက်ယောက်က ပထမဆုံး အမြင်ထုတ်ပြောလျှင် ထိုအမြင်အတိုင်းသာယုံကြမည်ဖြစ်သည်။


ရလဒ်အနေဖြင့် ကျောက်ကွေ့ရှန်းနှင့် ကျောက်ကွေ့လျန်တို့ညီအစ်မနှစ်ယောက်က မိဘများစွာ၏ အမုန်းကိုခံရပြီး နောင်အနာဂတ်တွင် သူတို့နှင့် မဆက်ဆံတော့မည်ဖြစ်သည်။


အဆုံးတွင် မည်သူမှ ဟန်ရုံဖန်၏အရိုက်ခံရမှုမှ မလွတ်သလို မိဘများစွာကလည်း သူတို့၏သားသမီးများကို ထိုမြင်ကွင်းကိုကြည့်ရန်ခေါ်လာကြသည်။


ဟန်ချင်းဟယ်က ငြင်းနေဆဲပင်။


"ဟိုကလေးကို တဝေ့ကတွန်းလိုက်တာလေ... ရှင်းဖူနဲ့ဘာဆိုင်လို့လဲ..."

သူကဘာကြောင့်တဝေ့တို့နှင့်အတူ ဆယ်ချက်ထပ်တိုးအရိုက်ခံရမလဲ နားမလည်တော့ပေ။


ဟန်ရုံဖန်က အေးစက်စက်ပြောလိုက်သည်။

"ဒါကိုဆိုးတယ်ထင်ရင်...တဝေ့ကိုဆယ်ချက်ထပ်ပေါင်းပြိး မင်းကိုလည်းထပ်ပေါင်းပေးမယ်... ဘာပဲဖြစ်ဖြစ် လဝက်ကြာတိုင်းတစ်ခါဆိုတော့ မဆိုးပါဘူး...."


စွန်းအိုက်ဖန်းက ငြိမ်မနေနိုင်တော့ပေ။


"ပါတီအတွင်းရေးမှူး ထပ်မထည့်ပါနဲ့တော့... ထပ်မထည့်ပါနဲ့တော့... ကျွန်တော်တို့ ပြဿနာမလုပ်ရဲတော့ပါဘူး...ပြဿနာလုပ်ချင်တာ ကျောက်ကွေ့လျန်နဲ့ ကျောက်ကွေ့ရှန်းပါ... သူတို့ကိုပဲရိုက်ပါ.. ကျွန်တော်တို့ကို မရိုက်ပါနဲ့...."


ကျောက်ကွေ့လျန်က လှည့်ကြည့်ကာ ပြောလိုက်သည်။

"နင်တို့တဝေ့မှာသာ ကောက်ကျစ်တဲ့ နှလုံးသားမရှိရင် ပြိုင်ပွဲကပြိုင်ပွဲပဲဖြစ်နေမှာလေ.. သူသာ ဟိုကောင်လေးကို တွန်းမချခဲ့ရင် ငါတို့လည်း ဝင်ပါပါ့မလား... တဝေ့ကိုပဲ အရိုက်ခံခိုင်းရမှာ..."


ပြဿနာများ ဖြစ်နေချိန်တွင် အမျိုးသမီးများစွာက ငိုကြွေးကြလေသည်။


ခေါင်းဆောင်ကအော်လိုက်သည်။

"နင်တို့ ပါးစပ်တွေကိုပိတ်ထားစမ်း... နင်တို့ကိုပါ ရိုက်ချင်လာအောင်မလုပ်နဲ့...."


အမျိုးသမီးများက မငိုရဲကြတော့ပေ။


အဆုံးတွင် လျှိုဝမ်ဟူနှင့် ဟန်ချင်းဟယ်တို့က သူတို့သားများအတွက် အရိုက်ခံရန် ဆန္ဒမရှိကြပေ။ ဆယ်ရက်ကြာတိုင်း ငါးချက်နှင့် ခြောက်ကြိမ်အရိုက်ခံရမည်ကို သူတို့ မခံစားနိုင်ပေ။


အခြားကလေးများက ငါးချက်သာဖြစ်၍ တစ်တည်းအရိုက်ခံရမည်သာဖြစ်သည်။


ဟန်ရုံဖန်၏ ကြာပွတ်က ဟန်ချင်စုန့်၏ ကြိမ်လုံးနှင့် ကွဲပြားလေသည်။ ၎င်းက ကြာပွတ်အစစ်ဖြစ်သည်။ လက်ကိုင်ကာ နှစ်ပေခွဲရှိပြီး ထိပ်ပိုင်းအဖျားက သုံးပေရှိကာ လွှဲလိုက်တိုင်း ဝှစ်ခနဲမည်လေသည်။


နောက်ကျောကိုအရိုက်ခံရပါက သေချာပေါက် နာပေလိမ့်မည်။


ကျောက်ကွေ့လျန်က သေလုနီးပါးငိုနေလေပြီ။

"နင်တို့ဘာလို့ ရှင်းဖူလေးကို အနိုင်ကျင့်ရတာလဲ... ဒါက ကလေးအချင်းချင်းစတာကို ကြာပွတ်နဲ့ရိုက်မှဖြစ်မှာလား... ဒါ ဘက်လိုက်တာမှမဟုတ်ရင် ဘာဖြစ်မှာလဲ....'


တုန်ဟွိုင်ဟွက သရော်လိုက်သည်။

"အော်မနေနဲ... နင်နားမကန်းသေးရင် ဘာဖြစ်ခဲ့လဲသိမှာပဲ... အရေးအကြီးဆုံးအရာက အလုပ်ရှုပ်တွေလုပ်နေတဲ့ အချိန်မှာ နင်ကပြဿနာရှာတာပဲ... နင်က ရှောင်ဝမ်မြစ်ထဲကျသွားတာကို ဂရုမစိုက်သလို စန်းဝမ်ကိုလည်း ဂရုမစိုက်ဘူး... ဒါပေမဲ့ တဝမ်က သူ့ဘာသာ သူ့နည်းလမ်းနဲ့ကိုင်တွယ်ခဲ့တာ... ပါတီအတွင်းရေးမှူးကလည်း ဒီကိစ္စကို ပြီးပြီဆိုပြီးထားပေးခဲ့တာ..."


ယခုတွင်မူ ရှောင်ဝမ်က မြစ်ထဲတွန်းချခံရကြောင်းပေါ်လာပြီး ကလေးများကလည်း လူကြီးများကို သွားအကူအညီမတောင်းကြပေ။ ပုံမှန်ဆိုလျှင် ကလေးများက လူကြီးများကို လာပြောပြပါက ကလေးကို ရေမနစ်စေရန်ကယ်နိုင်မည်ဖြစ်ပြီး တစ်ခုခုဖြစ်မလာစေတော့ပေ။ သို့သော် ကလေးက ရေထဲပြုတ်ကျသွားသော်လည်း လူကြီးများက ကယ်တင်ရန်အချိန်မှီမရှိပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။


ဟန်ရုံဖန်က သူ၏ကြာပွတ်ကို ရမ်းနေရင်း မှတ်ချက်ပြုလိုက်သည်။

"လူကြီးတွေပြောစကားအရဆို အရိုက်ခံနေရင်း ပြေးလို့မရဘူး... မဟုတ်ရင် နောက်ရက်တွေအများကြီးကြာအောင် အိပ်ရာထဲလဲတဲ့အထိ အရိုက်ခံရမယ်..."


ထိုစကားတစ်ခွန်းဖြင့် တဝေ့နှင့် ရှင်းဖူတို့ သေးထွက်ကြလုနီးနီးပင်။


သို့သော် ဟန်ရုံဖန်၏စကားမှာ ဟန်ချင်စုန့်တွေးသည်နှင့် တစ်ထေရာတည်းပင်။


ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်သော ကလေးများက ငါးချက်စီအရိုက်ခံမည်ဖြစ်ပြီး ဉာဏ်ကောင်းသည့်မိဘများက သူတို့၏သားသမီးများကို နောက်မှသာအရိုက်ခံစေချင်ကြသည်။


အဆုံးတွင် လူတစ်ယောက်၏ ခွန်အားက အကန့်အသတ်ရှိပြီး အစပိုင်းအရိုက်ခံသူကပိုနာပြီး နောက်ပိုင်းအရိုက်ခံရသူများက သိပ်နာမည်မဟုတ်ပေ။


ဟန်ရုံဖန်က သူတို့၏အတွေးများကိုသိ၍ အေးစက်စွာပြောလိုက်သည်။

"စိတ်မပူပါနဲ့... ငါက အချက်တစ်ရာရိုက်ရင်တောင် အားမလျော့ပါဘူး..."


တဝေ့အရိုက်ခံရချိန်တွင် ဒူးထောက်ပြီး အရိုက်ခံခြင်း သို့မဟုတ် ထိုင်ခုံပေါ်လှဲ၍ အရိုက်ခံခြင်းတို့ထဲကတစ်ခုကို ရွေးခဲ့သော်လည်း အရိုက်ခံရသည်နှင့် ချက်ချင်းမြေပြင်ပေါ်လှိမ့်ပြီး ဆီးထွက်ကြလာသည်။

"နာလိုက်တာ... နာလိုက်တာ... သေပါတော့မယ်.. မရိုက်ပါနဲ့.. ဝူးဝူး... မလုပ်ရဲတော့ပါဘူး..."


ရှင်းဖူက တဝေ့လောက်မဆိုးသော်လည်း နာကျင်မှုကိုမခံနိုင်၍ ဝက်တစ်ကောင်လိုငိုကြွေးနေသည်မှာ တစ်ရွာလုံးပင် ကြားနေရသည်။ ထို့ကြောင့် လူများစွာက အပြေးအလွှားလာကြည့်ကြတော့သည်။


"ခွင့်လွှတ်ပေးပါ... တစ်ရက်တစ်ချက်ပဲရိုက်လေ.. ဝူး ဝူး...."


ဟန်ရုံဖန်၏ ရိုက်ချက်များက ဟန်ချင်စုန့်နှင့်မတူပေ။ ဟန်ချင်စုန့်က အားကိုထိန်းထားပြီး ကလေးများကို နာရုံသာနာပြီးမှတ်သွားစေရန်ဖြစ်သည်။ ဟန်ရုံဖန်ကမူ လာကြည့်သည့်လူများကို ကြောက်စေရန် အားကုန်ရိုက်လေရာ ကြာပွတ်ကျသည့်နေရာတိုင်း သွေးများရဲနေလေတော့သည်။


လာကြည့်သူများအားလုံး ကြောက်လန့်နေကြကာ ထိုကြာပွတ်ကာ သူတို့ကိုလာထိမည်ကို ကြောက်နေကြလေသည်။


သူတို့၏ကလေးများအတွက် အံတင်းတင်းကြိတ်ကာ အရိုက်ခံပေးကြသော အဖေများလည်းရှိသည်။ သူတို့အိမ်ပြန်ရောက်သည်နှင့် ဒေါသဖြေရန်အတွက် သူတို့ကလေးများကို နောက်မလုပ်ရဲရန် ရိုက်ကြဦးမည်ဖြစ်သည်။


Xxxxxx