🐰Chapter 127🐉
ကြောက်ရွံ့ခြင်း
"အမြီးက ၂ခုရှိတယ်... မကောင်းဆိုးဝါး မြွေ ၂ကောင်ပဲ..."
အဖော်လိုက်လာသည့် အလုပ်သမားများ၏ မျက်နှာများက ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားကြသည်။ သူတို့က ကျင့်ကြံခြင်းအနည်းငယ်ကို သိထားသော်လည်း သူတို့၏ အရည်အချင်း ချို့တဲ့မှုကြောင့် ကျင့်ကြံခြင်း၏ မဟာလမ်းစဉ်ကို အမှန်တကယ် မလျှောက်နိုင်ပါပေ။ သို့ဖြစ်၍ သူတို့က လုံခြုံရေး ဌာနနှင့် ပူးပေါင်းခဲ့ပေသည်။ အမှန်တကယ်တွင် သူတို့က စီရင်စုအမျိုးမျိုး၌ တပ်ချထားသည့် လူထုလုံခြုံရေး ဝန်ထမ်းများဖြစ်သည်။
"တာအိုပညာရှင်ချင်ရှု... အခု ဘာလုပ်ကြမလဲ..."
"ဘာလုပ်ရမလဲဆိုတော့..."
ချင်ရှုက အံကြိတ်လိုက်သည်။ သူ့၏ မှော်လက်နက်တစ်ဝိုက်တွင် ဖြူဖွေးသော လက်ချောင်းများကို တင်းတင်း ဆုပ်ထားသည်။ သူက အရာအားလုံးကို ပြောင်းလဲ၊ နောက်လှည့်ကာ ထွက်ပြေး၍ ရရန် ပြုလုပ်ထားသည်။
"ဘာလုပ်ရဦးမှာလဲ... သေချာပေါက် ဘော့စ်ကို ခေါ်ရမှာပေါ့... အားးးး..."
သူ့အသံက တောင်ကြားကိုဖြတ်ကာ ထွက်ပေါ်လာပြီး အဝေးသို့ ပဲ့တင်ထပ်သွားလေသည်။ ဧရာမမြွေကြီးနှစ်ကောင်က သူတို့၏ အမြီးများကို ထုတ်ဖော်ကာ အမြန်အဆန် အမြီးများကို ဆွဲလိုက်ပြီး တောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
သူ့ဖုန်းမြည်လာသောအခါ ကျွမ်းချင်က ဗျူရို၏ ဝန်ထမ်းများနှင့် အစည်းအဝေးလုပ်နေသည်ဖြစ်သည်။ သူက ခေါ်ဆိုသူ အမည်ကို ငုံ့ကြည့်လိုက်ပြီး ဝန်ထမ်းများကို ပြောလိုက်သည်။
"ချင်ရှုဆီကပဲ..."
လူတိုင်းက အနည်းငယ် မထင်မှတ်ထားပါပေ။
ချင်ရှုက ရုံးအလုပ်ကိစ္စအတွက် ထွက်သွားတာမလား... သူက ဘာလို့ သူတို့ကိုခေါ်ဖို့တွေးမိတာလဲ...
ဖုန်းကိုင်လိုက်သည့်အချိန်တွင် ချင်ရှု၏ သနားစဖွယ် အော်သံများ ထွက်ပေါ်လာသည်။
"ဘော့စ်... ကယ်ပါဦး..."
ကျွမ်းချင်က ထိုင်ခုံမှ ချက်ချင်းထရပ်ကာ သူ့အမူအရာက လေးနက်သွားလေသည်။
"ဘာဖြစ်လို့လဲ..."
"ဒီမှာ အနည်းဆုံး ၁၀မီတာလောက်ရှည်တဲ့ မကောင်းဆိုးဝါး မြွေကြီးတွေရှိတယ်... သူတို့က မိုးခေါင်အောင်လုပ်နေတာလို့ ကျွန်တော် သံသယဝင်မိတယ်... ကျွန်တော့်မှာ နက်နဲတဲ့ ကျင့်ကြံခြင်းမရှိဘူး... ကျွန်တော် အဲ့ မကောင်းဆိုးဝါးမြွေ နှစ်ကောင်ကို နိုင်အောင် မတိုက်နိုင်ဘူး..."
ချင်ရှုက အစွမ်းကုန် ပြေးနေရ၍ အသက်လုရှုနေရသည်။
"ကျွန်တော် တပ်ကူလိုတယ်..."
"ငါ့ဖုန်းကို တည်နေရာပို့လိုက်... ငါအဲ့ကို ချက်ချင်းလာခဲ့မယ်..."
ကျွမ်းချင်က ဖုန်းချလိုက်သည်။
"အစည်းအဝေးကို ဒီမှာပဲ အဆုံးသတ်မယ်... ခုဏက စီစဉ်ထားတဲ့အတိုင်းပဲ အလုပ်ဆက်လုပ်ကြ..."
"ခဏလေး..."
ဖူလီက ထရပ်လိုက်သည်။
"ငါမင်းနဲ့ လိုက်ခဲ့မယ်..."
"မလိုပါဘူး... အဲ့ဒါက မြွေ၂ကောင်တည်းပါ... ငါကိုင်တွယ်နိုင်တယ်..."
ကျွမ်းချင်က ဖူလီသည် မြွေများကို သိပ်မကြိုက်သည်ကို သတိပြုမိ၍ သူ့ကို ခေါ်လာရန် မရည်ရွယ်ပါပေ။
ဖူလီက သူနောက်မှ အစည်းအဝေးခန်းတစ်လျှောက်လုံးလိုက်လာလေသည်။ သူက အသံတိုးကာ ဆိုလိုက်သည်။
"သတ္တိရှိဖို့ မကြိုးစားပါနဲ့... မြွေကြောက်တာက ရှက်စရာမဟုတ်ပါဘူး... မင်းနဲ့အတူလိုက်ရင် မင်းရဲ့ သတ္တိကိုလည်း တိုးပေးလို့ရတာပေါ့..."
ကျွမ်းချင်က ရပ်လိုက်ပြီး ဖူလီကို ပြုံးပြလိုက်သည်။
"ဟုတ်ပြီလေ..."
သူက မြွေကြောက်နေဆဲဖြစ်မည်ဟု ဖူလီက တွေးလိုက်သည်။ ထို့ကြောင့်ပင် သူလိုက်ခဲ့မည်ဟု ဆိုသောအခါ ကျွမ်းချင်က အလွန်ပျော်နေသည် ဖြစ်ရပေမည်။ နဂါးလေး ကျွမ်းမှာ အရာရာတွင် တော်သော်လည်း ထိပ်ဆုံးရောက်ရန်အတွက် စိတ်အားထက်သန်လွန်းပေသည်။ သူက အရာရာကို နှလုံးသားထဲတွင် ဖုံးကွယ်ကာ ဝန်ထုပ်ဝန်ပိုးများအားလုံးကို ထမ်းထားပေသည်။ ဤကဲ့သို့ ရှင်သန်ရသည်က အလွန် ပင်ပန်းလှသည်။
အရေးပေါ်အခြေအနေကြောင့် သူတို့၂ဦးက သာမန်လုပ်ငန်းစဉ်အတိုင်း မပြုလုပ်နိုင်တော့ပဲ ချက်ချင်းပင် မိုင်တစ်ထောင်ကို တိုက်ရိုက်ကူးပြောင်းလိုက်သည်။ မကြာမီတွင် သူတို့က ချင်ရှု လူသုံး လေးယောက်ကို ဦးဆောင်ကာ တာတိုအပြေးချံပီယံတစ်ဦးကိုပင် ကျော်တက်နိုင်သည့် အရှိန်ဖြင့် တောင်ပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်သည်။
ဖူလီက ချင်ရှုဆီသို့ ပြေးသွားကာ သူ့ကို ဆွဲလိုက်သည်။
"မပြေးနဲ့တော့... မြွေနှစ်ကောင်က ဘယ်မှာလဲ... ငါတို့ကို လိုက်ပြ..."
"ဖူကော... ဘော့စ်... ရောက်လာကြပြီလား..."
ချင်ရှု၏ မျက်လုံးများက တောက်ပသွားသည်။ သူ့၏ အကြောက်တရား ပျောက်သွားရာ သူအသက်ရှုနှုန်းသည်လည်း ချက်ချင်း မှန်လာလေသည်။ သူက ခါးမတ်ကာ ဆိုလိုက်သည်။
"ကျွန်တော် ခေါ်သွားပေးမယ်..."
ချင်ရှုနောက်မှ လူများက ဟောဟဲစိုက်နေကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ သူတို့က မည်မျှ အခြေအနေဆိုးနေသည်ကို မြင်ရာ ကျွမ်းချင်က ဆိုလိုက်သည်။
"ဒီမှာ နားနေလိုက်... မင်းတို့ ငါတို့နောက်ကို လိုက်စရာမလိုဘူး..."
"ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်ကျွမ်း... ကျွန်တော်တို့ရဲ့ သနားစရာ ပုံစံတွေကို ခွင့်ပြုပါ..."
အဖော်လိုက်ပေးသော အလုပ်သမားများက သူတို့လိုက်သွားလျှင်လည်း အကူအညီဖြစ်မည် မဟုတ်သည်ကို နှလုံးသားထဲတွင် ကောင်းကောင်း သိသော်လည်း အနည်းငယ် ရှက်ရွံ့သွားပေသည်။
ကျွမ်းချင်က ဖူလီကို သူ့ဘေးသို့ ဆွဲလိုက်သည်။ သူက တစ်ခြားလက်တစ်ဖက်ဖြင့် ချင်ရှုကို ခေါ်ကာ ကောင်းကင်သို့တက်ကာ တောင်ထိပ်သို့ ပျံသွားလေသည်။
ထိုအခိုက်အတန့်တွင် ချင်ရှုက ချောင်းယွင်၏ ရှေ့နောက် ပျံသန်းခြင်း၏ အကြောက်တရားကို သတိရသွားသည်။ ချောင်းယွင်ရှေ့တွင် သူက အော်ဟစ်နိုင်သော်လည်း ကျွမ်းချင်ရှေ့တွင်မူ သူလုပ်ရဲသည်မှာ ပါးစပ်ကို ပိတ်ထားရန်သာဖြစ်သည်။
ချင်ရှု အပြောင်းအလဲကို ပြုလုပ်ရာနေရာသို့ ရောက်သောအခါ ကျွမ်းချင်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီက ချီနယ်ပယ်က တကယ်ကို တစ်ခုခု မှားနေတယ်..."
ဒြပ်စင်၅ခုမှာ အစီအစဉ်မကျဖြစ်နေကာ သဘာဝ ရေစက်ဝန်းဖြင့် ရေငွေ့များက မိုးဖြစ်မလာနိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။
ကျွမ်းချင်က သူ့၏ ဂျာကင်ကို ချွတ်ကာ ကောင်းကင်မှ နေမင်းကို လှမ်းကြည့်လိုက်သည်။
ဒီရာသီကြီးမှာကို နေက ခြစ်ခြစ်တောက်ပူနေတယ်...
သူ့၏ သွေးတစ်ဝက်သည်သာ နဂါးဖြစ်သော်လည်း နဂါးမျိုးနွယ်၏ မာနတရားက ကျွမ်းချင်၏ အရိုးများထဲတွင် ရှိနေဆဲဖြစ်သည်။ ဥပမာအားဖြင့် ကျွမ်းချင်က မည်သည့်မြွေမှ မကြောက်ပါပေ။ ထို့နောက်တွင် မရေမတွက်နိုင်သော နဂါးကြေးခွံများက သူ့မျက်နှာပေါ်တွင် ပေါ်လာလေသည်။ သူက တောင်ဆီသို့ နဂါးဟိန်းသံတစ်ခု ပို့လြွှတ်လိုက်သည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် ငှက်များက ပျံသွားကာ သားရဲများက ထွက်ခွာသွားသည်။ ရေနှင့် စွမ်းအင် မလုံလောက်သော သစ်ပင်များက အကိုင်းများကို ခါယမ်းလိုက်သည်။
ထူးဆန်းစွာပင် မကောင်းဆိုးဝါးမြွေနှစ်ကောင်က ပေါ်မလာပါပေ။
"ထူးဆန်းတယ်... ငါအမြင်မှားတာလား..."
ချင်ရှုသည် ဘော့စ်က သူက အရေးမကြီးသည်ကို ပုံကြီးချဲ့နေသည်ဟု ထင်မည်ကို စိုးရိမ်ကာ အနည်းငယ် စိတ်မအေး ဖြစ်သွားသည်။
"မဟုတ်ဘူး... မင်းအမြင်မမှားဘူး..."
ကျွမ်းချင်က ဗလာကျင်းနေသော လေကို ဆုပ်ကိုင်လိုက်ပြီး အရံအတားကို ဖြဲလိုက်သည်။ အရံအတားနောက်တွင် ကိုယ်နှစ်ခုနှင့် ခေါင်းတစ်လုံးရှိသော မကောင်းဆိုးဝါးမြွေကြီးတစ်ကောင်က တောင်ကို ပတ်ကာ ခွေနေပြီး ၄င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက တောင်တစ်ခုလုံးကို ရစ်ပတ်ထားသည်။ (အမြီးနှစ်ခုဆိုတော့ မြင်တဲ့သူက ၂ကောင်ထင်လိုက်တာနော် အမှန်က တစ်ကောင်ထဲ)
"အဲ့ဒါက ဘာမကောင်းဆိုးဝါးကြီးလဲ..."
ချင်ရှု၏ လက်မောင်းတွင် ကြက်သီးများ ထလာလေသည်။ ဤမြွေက အနည်းငယ် ထူးဆန်းသည့် ပုံရပေသည်။
"အဲ့ဒါက ဖေး..."
ကျွမ်းချင်က စကားဆုံးအောင် မပြောရသေးခင်မှာပင် လုံးဝန်းကာ အမွေးပွသော တစ်စုံတစ်ခုက သူဆီသို့ ခုန်တက်လာသည်။ အမွေးလေးက သူ့မျက်နှာကို ရိုက်ခတ်ကာ လက်မောင်းဆီသို့ လိမ့်ဆင်းသွားသည်။ ၄င်းမှာ ယုန်ဝတုတ်တစ်ကောင် ဖြစ်သည်။
"ဖူလီ..."
ကျွမ်းချင်က အလျင်အမြန် လက်ဆန့်ထုတ်ကာ ယုန်ကို ဖမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ကျခြင်းမှ တားဆီးလိုက်သည်။
ယုန်ဝတုတ်က ၄င်း၏ ခေါင်းကို အားဖြင့် ရှေ့သို့ တွန်းကာ ကျွမ်းချင်၏ လက်မောင်းကြားထဲတွင် ခေါင်းကို ဖွက်ထားလေသည်။ ယုန်က ၄င်း၏ အမြီးကို တင်ပါးများဆီသို့ တင်းတင်းဆုပ်ထားပြီး လှုပ်ရှားမှုကို ရပ်စဲလိုက်သည်။ ကျွမ်းချင်က မည်မျှ အော်ဟစ်သော်လည်း သူက အသံတစ်ခုပင် မထွက်ပါပေ။
ချင်ရှုက ထိုမြင်ကွင်းကို ကြောင်ကြည့်နေလိုက်သည်။
မြွေတွေက ယုန်တွေရဲ့ သဘာဝရန်သူလို့ ပြောကြတဲ့အတိုင်း ဖူကောရဲ့ ကျင့်ကြံခြင်းက ဒီလောက်မြင့်တာတောင် သူက ဇီဝစရိုက်ကို မလွန်ဆန်နိုင်ဘူးလား...
"မကြောက်ပါနဲ့... အဲ့ဒါက ဖေးယီ... အဲ့ဒါက တိုက်ခိုက်စွမ်းရည်မမြင့်လို့ ငါတစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်..."
ဖူလီက ထိုအရာကို အမှန်တကယ်ကြောက်ရွံသည်ကို မြင်ရာ ကျွမ်းချင်က သူ့ဂျာကင်ကို မြေကြီးပေါ်တွင် ချလိုက်သည်။
"အရင်ဆုံး ဒီမှာ လှဲနေလိုက်... ငါ ဖေးယီကို အခြေချပြီးရင် ပြန်လာခဲ့မယ်..."
တစ်ချိန်လုံး သေချင်ယောင်ဆောင်ကာ တိတ်ဆိတ်နေသော ယုန်က ခေါင်းကို အသည်းအသန်ခါလိုက်သည်။ ၄င်း၏ ရှေ့ခြေထောက်များက သူ့အင်္ကျီလက်ကို တင်းတင်း ဆုပ်ထားလေသည်။ 'သေရင်တောင် တစ်ယောက်တည်း မနေချင်ဘူး'ဟူသည်က သူ့မျက်နှာပေါ်တွင် ရေးထားလေသည်။
ချင်ရှုက ဘော့စ်၏ သီးသန့်ဆန်သော စိတ်ဓာတ်အရ ကြောက်လန့်ကာ ကပ်တွယ်နေသော ဖူလီကို လွင့်ထုတ်ပစ်မည်ဟု ခံစားရပေသည်။
သို့သော် အမှန်တရားက သူ့မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။ ဘော့စ်က ဖူလီကို လွင့်မပစ်သည့်အပြင် မူလပုံစံသို့ပင်ပြောင်းကာ ဖူလီကို ခေါင်းပေါ်တွင် တင်ထားလိုက်သည်။ ချင်ရှုက ခမ်းနားလှသော ရွှေနဂါးကြီးကိုကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
"ဘော့စ်... ကျွန်တော်..."
"မင်းက ဒီမှာနေခဲ့ပြီး အဝတ်တွေကို ကြည့်ထား..."
ရွှေနဂါးက နောက်ပြန်လှည့်မကြည့်ပဲ ဖေးယီဆီသို့ ပျံသွားလေသည်။
ချင်ရှု : ...
အဲ့တော့ ခွဲခြားဆက်ဆံတာတောင် ရှိတယ်ပေါ့...
ချင်ရှုက တပုလ္လင်ခွေထိုင်ကာ သူ့ဖုန်းကို ထုတ်ပြီး အင်တာနက်ရှာဖွေရေးကို ဖွင့်လိုက်သည်။
အကြီးအကဲများ၏ မျက်နှာသာပေးမှု မည်သို့ ယူရမည်ကို သိလိုပေသည်။ အွန်လိုင်း အဖြေတစ်ခုကို စောင့်နေသည်။ အလွန်အရေးကြီးသည်။
ဖူလီက နဂါးခေါင်းပေါ်တွင် ထိုင်ကာ သူ့ခေါင်းကို နဂါး၏ နားထင်ဘေးမှ အမွေးဖြင့် ကာထားလေသည်။ သူက ဖေးယီကို တစ်ချက်ပင် ထပ်မကြည့်လိုပါပေ။ ဤကမ္ဘာပေါ်တွင် ၄င်းထက် ရွံစရာကောင်းသာ့်အရာ မရှိတော့ချေ။ ဖူလီက သူ အသက်၅၀၀တုန်းက ဖေးယီကြောင့် ဘောင်းဘီထဲတွင် သေးထွက်ကျသည်အထိ ထိတ်လန့်ခဲ့သည်ကို မည်သည့်အခါမှ မေ့မည်မဟုတ်ပါပေ။
ကျွမ်းချင်ခေါင်းပေါ်တွင် ထိုင်ကာ နူးညံ့သော နဂါးနှုတ်ခမ်းမွေးများဖြင့် ဖုံးကွယ်ထားပြီး နောက်ဆုံးတွင် ဖူလီက လုံခြုံသည့် ခံစားချက်ကို ရလိုက်ပေသည်။ သူ့ခြေလက်လေးဘက်စလုံးက နဂါးနှုတ်ခမ်းမွေးကို ဆွဲထားကာ ဖူလီက ကျွမ်းချင်သည် ကောင်းကင်တွင် အကြိမ်များစွာ လှည့်ပတ်နေသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ပြင်းထန်သော ရိုက်ချက်တစ်ခုက အောက်မှ ခန္ဓာကိုယ်ကို ဖြတ်သွားလေသည်။
သူတို့စပြီး တိုက်နေကြပြီလား...
ဖူလီက အပြစ်ရှိစိတ်ဖြင့် သူ့ခြေထောက်ကို ကန်ကာ နဂါးဟိန်းသံများနှင့် ဖေးယီ၏ ထူးဆန်းသော ငိုသံများက သူ့နားထဲသို့ ဝင်ရောက်လာသည်ကို နားထောင်လိုက်သည်။
နှစ် ၄၀၀၀ တန်တဲ့ ကျင့်ကြံခြင်းရှိတဲ့ စီနီယာတစ်ယောက်အနေနဲ့ ဂျူနီယာတစ်ယောက်ရဲ့နောက်မှာ ပုန်းနေတာက နည်းနည်း သရဲဘောမကြောင်ဘူးလား...
ပြင်းထန်သော တိုက်ပွဲပြီးနောက် ဖူလီက အနည်းငယ် ပို၍ ရဲရင့်သင့်သည်ဟု ခံစားလိုက်ရသည်။
ဖူလီက တစ်မိနစ်လျှင် ၀.၅ စင်တီမီတာ နှုန်းဖြင့် နဂါးနှုတ်ခမ်းမွေးကြားထဲမှ ခေါင်းကို ဆန့်ထုတ်လာသည်။
သူ့ခေါင်းက လုံးဝ ထွက်လာတော့မည့် အချိန်မှာပင် ကျွမ်းချင်က ရုတ်တရက် ဆိုလိုက်သည်။
"သေချာပုန်းနေနော်... ငါက ရေမှုတ်ထုတ်တော့မှာ... နည်းနည်းအေးမယ်..."
ယုန်တစ်ကောင်အနေဖြင့် သူက အအေးကြောက်ပေသည်။ ဖူလီက ယုံကြည်မှုအပြည့်နှင့် ခေါင်းကို ပြန်ရုတ်လိုက်သည်။
ကျွမ်းချင်က သူ့ကို မလိမ်ပါပေ။ သူက အစွမ်းထက် ရေပွက်သံနှင့်... ရေများက အလျင်အမြန် ခဲသွားသည့်အသံကို ကြားလိုက်ပေသည်။ ကျွမ်းချင်က တိမ်ပေါ်တွင်လမ်းလျှောက်နိုင်ကာ ရေများကို ဆင့်ခေါ်ပြီး အေးခဲစေနိုင်သည့် စွမ်းရည်နှင့် မွေးဖွားလာသည့် နဂါးတစ်ကောင်ဆိုသည်ကို သူမေ့လုနီးနီး ဖြစ်နေလေသည်။
အေးစက်သော လေများက သူ့ခန္ဓာကိုယ်ကို ဖြတ်ကာ တိုက်ခတ်သွားသည်။ သူက အသက်ပြင်းပြင်းရှုလိုက်ပြီး နဂါးနှုတ်ခမ်းမွေးကြားမှ တိတ်တဆိတ် ခေါင်းဆန့်ထုတ်လိုက်ပြန်သည်။
နေရောင်တောက်တောက်အောက်ရှိ တောင်ပေါ်တွင် ရေခဲတုံးကြီးတစ်ခု ရှိနေပေသည်။ ဖေးယီက ရေခဲအဖြစ်သို့ အေးခဲသွားရာ သူက အဖြူအမဲ အရိပ်ဖျော့ဖျော့တစ်ခုသာ မြင်ရပေသည်။ နေရောင်က ရေခဲကို ရိုက်ခတ်ကာ အလင်းရောင်စုံ အလင်းပြန်နေသည်။ ၄င်းက ဖော်မပြတတ်အောင် လှပပေသည်။
"ပြီးပြီ..."
ကျွမ်းချင်က လူသားပုံစံ ပြန်ပြောင်းလိုက်သည်။ သူက လက်ထဲတွင် ယုန်ဖူလီကို သယ်ကာ သူ့နောက်ကျောမှ အမွေးများကို ပွတ်သပ်လိုက်သည်။
"ငါ ဖေးယီကို ခဲလိုက်ပြီ... မင်းကြောက်စရာမလိုတော့ဘူး..."
ကျွမ်းချင်၏ နွေးထွေးသော ကိုယ်ငွေ့တွင် လှဲနေကာ ဖေးယီလိုက်သည်ကို ခံရပြီး ရှိုက်ကြီးတငင် ငိုခဲ့သည့် ဖူလီစိတ်ထဲမှ မှတ်ဉာဏ်များက အနည်းငယ် မှိန်ဖျော့လာပေသည်။
"ကျေးဇူးပါ..."
သူက အနည်းငယ် ရှက်ရွံ့နေပေသည်။ ယနေ့ပြီးလျှင် သူက ကျွမ်းချင်ရှေ့၌ စီနီယာဟု ပြုမူရန် မျက်နှာ ရှိတော့မည် မဟုတ်ပါပေ။ အရေးအကြီးဆုံးမှာ ကျွမ်းချင်က သူ့အား ရင်ဖွင့်ရန် ကူညီပေးခဲ့၍ သူက ယခုတွင် အလွန်ခံစားချက် ကောင်းနေပေသည်။
ကျွမ်းချင်က ယုန်မွေးကို အမူအရာမဲ့ ပွတ်သပ်လိုက်သည်။
"ဖေးယီက ကောင်းကင်နဲ့ မြေကြီးရဲ့ ဒြပ်စင် ၅ခုကို ဖရိုဖရဲဖြစ်အောင် လုပ်ထားတာ... စီမံခန့်ခွဲရေး ဗျူရိုရဲ့ စည်းမျဉ်းအရ သူ့ကို ခါးသီးတဲ့ အအေးထဲမှာ ချိတ်ပိတ်ထားသင့်တယ်... မင်း ဘယ်လိုထင်လဲ..."
"ပိတ်လိုက်... ပိတ်လိုက်... ပိတ်လိုက်..."
ဖူလီက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။
"အဲ့လိုမှ မဟုတ်ရင် သူသွားတဲ့နေရာတိုင်း မိုးခေါင်နေလိမ့်မယ်... တိရိစ္ဆာန်တွေရော အပင်တွေရော အကုန်လုံး သူ့လက်ထဲမှာ သေလိမ့်မယ်..."
"ဟုတ်ပြီ..."
ကျွမ်းချင်က လက်တစ်ဖက်ယမ်းလိုက်ရာ ဖေးယီက မှော်ပစ္စည်းတစ်ခုထဲသို့ စုပ်ယူခံလိုက်ရပြီး ၄င်းက မြေကြီးပေါ်တွင် လွင့်မြောနေပေသည်။
"ချင်ရှု..."
ချင်ရှုက အလျင်အမြန် သူ့ဖုန်းကို သိမ်းကာ ထရပ်လိုက်သည်။
"ဘော့စ်... ညွှန်ကြားပေးပါ..."
"မင်းဆက်ပြီး မိုးခေါ်လို့ရပြီ..."
"အိုး..."
ချင်ရှုက ဘော့စ်၏ လက်မောင်းထဲတွင် လှဲနေဆဲဖြစ်သော ဖူလီကို လှမ်းကြည့်လိုက်သည်။
"ဘော့စ်... ဖူကောက အဆင်ပြေရဲ့လား..."
ကျွမ်းချင်က ဖူလီ၏ အမွေးများကို ပွတ်သပ်လိုက်သည်။
"သူ အဆင်ပြေပါတယ်... သူက အဆင့်တက်မှုတစ်ခုဖြစ်သွားလို့ မှော်စွမ်းအားအများကြီး သုံးလို့မရတာပဲရှိတာ... အဲ့ဒါကြောင့် ငါသူ့ကို မူလပုံစံပြောင်းပြီး အနားယူခိုင်းထားတာ..."
အင်...
သူက မြွေကြောက်လို့ မူလပုံစံကို ပြောင်းသွားတာ မဟုတ်ဘူးလား...
"မင်းမှာ မေးစရာရှိသေးလား..."
ကျွမ်းချင်က မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။ သူ့၏ မျက်ဝန်းနက်များက ချင်ရှုကို စိုက်ကြည့်ကာ သူ့အား ခေါင်းအကြိမ်ကြိမ်ခါစေသည်အထိ ကြောက်လန့်စေသည်။
"မရှိတော့ပါဘူး..."
"ကောင်းတယ်... ငါဖူလီနဲ့ အရင်ပြန်နှင့်မယ်..."
ကျွမ်းချင်က မိုင်တစ်ထောင်ကိုတစ်လက်မပြောင်းသော အရည်အချင်းကို ထပ်မံအသုံးပြုလိုက်ပြီး ချင်ရှု၏ မျက်လုံးရှေ့တွင် ပျောက်ကွယ်သွားသည်။
"အိုင်းယား... ဘုရားရေ... လန့်လို့သေတော့မယ်..."
ချင်ရှုက မြေပြင်ပေါ်တွင် ထိုင်ချကာ သူ့ဖုန်းကိုထုတ်ပြီး အင်တာနက် အသုံးပြုသူများ၏ အဖြေများကိုကြည့်လိုက်သည်။ မည်သည်ကမှ မယုံကြည်ရပါပေ။ သို့ဖြစ်၍ သူက နောက်ထပ် မေးခွန်းတစ်ခု ထပ်တင်လိုက်သည်။
ငါ့မှာ အလုပ်လုပ်တာ အတော်လေးတော်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှိတယ်... ဒါပေမဲ့ ငါဒီနေ့သိလိုက်ရတာက သူက ပိုးဟပ်ကို အရမ်းကြောက်တာတဲ့... ကြောက်တာမှ သူဌေးအပေါ်ကို အလန့်တကြား ခုန်တက်တဲ့ အထိပဲ... သူဌေးက သူ့ကို အပြစ်မပြောဘူး... သူဌေးက ပိုးဟပ်ကို ကူသတ်ပေးတဲ့အပြင် သူ့ရဲ့ အဲ့ဒီပြစ်ချက်လေးကိုတောင် ကူပြီး ဖုံးထားပေးတယ်... အဲ့ဒါက သူဌေးက ငါ့ရဲ့ အဲ့လုပ်ဖော်ကိုင်ဖက်အပေါ် အရမ်းအရေးထားတယ်လို့ မဆိုလိုဘူးလား...
အင်တာနက်အသုံးပြုသူ ၁ : ဘယ်သူဌေးကများ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ အလုပ်သမားကို အရေးကြီးတဲ့နေရာ မထားပဲနေမှာလဲ...
အင်တာနက် အသုံးပြုသူ ၂ : အဲ့လုပ်ဖော်ကိုင်ဖက်က သူဌေးပေါ်ကို ခုန်တက်တယ်ဆိုတဲ့အချက်က အရေးကြီးတယ်မဟုတ်လား... OP မင်းရဲ့ လုပ်ဖော်ကိုင်ဖက် သူ့အပေါ်ကို ခုန်တက်တုန်းက သူဌေးရဲ့ တုံ့ပြန်မှုက ဘယ်လိုနေလဲ...
ဖိုးဖိုး တာအို : သူက ဘာတုံ့ပြန်မှုမှ သိပ်မရှိပါဘူး... ဒီအတိုင်း ချီထားလိုက်တာပဲ...
အင်တာနက် အသုံးပြုသူ ၃ : ....
အင်တာနက်အသုံးပြုသူ ၄ : ....
အင်တာနက်အသုံးပြုသူ ၅ : OP ငါမင်းကို အဖြေပြောပြမယ်... အဲ့ဒါ အချစ်ပဲ...
အင်တာနက်အသုံးပြုသူ ၆ : အစွမ်းထက်တဲ့ သူဌေးနဲ့ လုပ်နိုင်စွမ်းရှိပေမဲ့ ပိုးဟပ်ကြောက်တဲ့ လက်အောက်ငယ်သား... အဲ့ ချစ်သူအတွဲက အတော်လေး လှပတာပဲ...
အင်တာနက်အသုံးပြုသူ ၇ : OP က သူဌေးနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကို 'သူ'လို့ သုံးပြီး ပြောတာကို သတိထားမိတာ ငါတစ်ယောက်တည်းလား...
ချင်ရှုက အောက်မှပြန်စာများက အကြောင်းပြချက်မရှိ 'လွှမ်းမိုးနိုင်သော သူဌေးနှင့် ကြည့်ကောင်းသော အလုပ်သမား'ဟူသော ခေါင်းစဉ်အောက်သို့ ရောက်သွားသည်ကို ကြည့်လိုက်သည်။ ချင်ရှု ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။ သူက ဖုန်းကိုသိမ်းကာ ထရပ်ပြီး အလုပ်ဆက်လုပ်လိုက်သည်။
ဘယ်လိုလုပ်ပြီး ဘော့စ်နဲ့ ဖူကောနဲ့က တွဲနေနိုင်မှာလဲ...
သူ မပြောနဲ့ ဖြူစင်တဲ့ နတ်ဘုရားသုံးပါးတောင် အဲ့ဒါကို ယုံမှာမဟုတ်ဘူး...