အပိုင်း ၁၂၈
Viewers 38k

🐰Chapter 128🐉
ဖေးယီ


လေအေးများ ဖြတ်သန်းတိုက်ခတ်သွားသည်။ ဖူလီက ရှက်ရွံ့စွာဖြင့် ကျွမ်းချင်၏ကိုယ်ပေါ်မှခုန်ချပြီး လူသားအသွင်ပြောင်းလိုက်သည်။ 

" အဲကိစ္စအတွက် ကျေးဇူးအများကြီးတင်ပါတယ်..."

" အသေးအဖွဲ့ကိစ္စလေးပါ ကျေးဇူးတင်ဖို့ မလိုဘူး..."

ကျွမ်းချင်က ဖူလီ့ကို တစ်ချက်ကြည့်လိုက်သည်။ 

ကျွမ်းချင်၏ အမူအရာက သာမန်ဖြစ်နေပြီး သူမြွေများကို ကြောက်လန့်ခြင်းကို အထင်မသေးကြောင်း မြင်လိုက်ရသည့်အခါ ဖူလီစိတ်အေးသွားသည်။ သူ စိတ်ကြည်လင်သွားပြီး ပြောလိုက်သည်။

" ငါမင်းကို ညစာကျွေးမယ်လေ သွားကြမယ်..."

အရသာရှိသော စားစရာများက လူတစ်ယောက်၏ ကြောက်စိတ်နှင့် စိတ်ညစ်ညူးမှုများကို ကွယ်ပျောက်အောင် ပြုလုပ်ပေးနိုင်ကြောင်း ကျွမ်းချင် မသိခဲ့ပေ။ ယခုက အလုပ်ဆင်းချိန် မဟုတ်သေးသော်လည်း ဝန်ထမ်းတစ်ယောက်၏ စိတ်ကျန်းမာရေးက အလွန်အရေးကြီးပေသည်။ သို့ဖြစ်၍ သူ သုံးစက္ကန့်ထက်ပိုပြီး ‌တွန့်ဆုတ်မနေတော့ဘဲ သဘောတူလိုက်သည်။

သူတို့နှစ်ယောက်လုံး ညဇီးကွက်စားသောက်ဆိုင်သို့ ရောက်သွားကြသည်။ စားသောက်ဆိုင်ထဲတွင် စားသုံးသူ များများစားစားမရှိသော်လည်း စားစရာများကို ခိုးယူခဲ့ပြီးနောက် အဖမ်းခံခဲ့ရသော ဇီးကွက်က အကူအနေဖြင့် ရောက်နေသည်ကို ဖူလီတွေ့လိုက်ရသည်။ ထိုဇီးကွက်က သူတို့ကိုမြင်သည့်အခါ စိတ်ဂနာမငြိမ်ဖြစ်သွားသည်။ သူက စဉ်းစားမနေတော့ဘဲ ထုတ်ပြောလိုက်သည်။

" ကျွန်တော်က ဒီစားသောက်ဆိုင်မှာ မီးဖိုချောင်အကူလုပ်နေတာ..."

" စိတ်မလှုပ်ရှားပါနဲ့ ငါတို့က ညစာစားဖို့ပဲ ရောက်လာတာပါ..."

ဖူလီနှင့် ကျွမ်းချင်တို့ စားပွဲတွင် ထိုင်ပြီးသည်နှင့် ဖူလီက သူ့ကိုပြုံးပြနေသည့် ဆိုင်ရှင်ကို ပြန်ပြုံးပြလိုက်သည်။ 

ဖူလီနှင့်ကျွမ်းချင်က သူ့ကိုဖမ်းရန် ရောက်လာခြင်းမဟုတ်ကြောင်း သိလိုက်ရသည့်အခါ ဇီးကွက်က စိတ်အေးလက်အေးဖြစ်သွားသည်။ သူတို့‌နှစ်ယောက်ရှေ့တွင် မီနူးကို ချပေးလိုက်ပြီး မှတ်စုစာအုပ်အသေးလေးနှင့် ခဲတံကိုထုတ်ကာ မှာယူမည့်ဟင်းပွဲများကို ရေးမှတ်ထားရန် အသင့်ဖြစ်နေသည်။ 

" ခုနောက်ပိုင်း ခုံးကောင်နဲ့ ကျောက်ပုစွန်အကောင်ကြီးကြီးတွေ ထပ်ရောက်လာသေးလား..."

" ခုံးကောင်တွေကတော့ အသားများပြီး လတ်လတ်ဆတ်ဆတ်ပါပဲ စားရတာ အရသာရှိမယ်လို့ အာမခံပါတယ် ... ကျောက်ပုစွန်ကတော့ သူတို့နဲ့ယှဉ်ရင် နည်းနည်းပိုသေးတယ် ဒါပေမဲ့ အကုန်လုံးက လတ်ဆတ်တယ်ဆိုတာ ကျွန်တော် အာမခံပါတယ်..."

ဇီးကွက်က ကျောက်ပုစွန်များထည့်ထားသည့်ကန်ကို လက်ညှိုးထိုးပြလိုက်သည်။

" သူတို့ကို အခုပဲခုတ်ပြီး ချက်ချင်းချက်တာပါ... တကယ်လို့ လူကြီးမင်းတို့မှာမယ်ဆို ကျွန်တော် နှစ်ကောင်စီ ပိုထည့်ပေးပါ့မယ်..."

" ဒါဆိုရင် ခုံးကောင်ပွဲကြီးတစ်ပွဲ၊ ကျောက်ပုစွန်ပွဲကြီးတစ်ပွဲ မှာမယ်နော်..."

ဖူလီက ပင်လယ်စာဟင်းပွဲများကိုသာ မှာလိုက်သည်။ ဇီးကွက်က အနည်းငယ်စိုးရိမ်စွာဖြင့် ဆိုင်ရှင်ထံသွားပြီး မှာထားသည့်ဟင်းပွဲများ ပေးလိုက်သည်။

လူနှစ်ယောက်က ဒီလောက်အများကြီးမှာတာကို ဆိုင်ရှင် ထူးဆန်းတယ်လို့ မထင်အောင် သူ ဘယ်လိုလုပ်ရမလဲ...

ဆိုင်ရှင်က မီနူးကို ကြည့်လိုက်သည်။ ဇီးကွက်၏ အမူအရာက အနည်းငယ် ထူးဆန်းနေသည်ကို မြင်သောအခါ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" တချို့တွေက အစားကြီးကြတယ်လေ... ငါတို့က စားသောက်ဆိုင်လုပ်ငန်း လုပ်နေတာဆိုတော့ လူတစ်ယောက်က အများကြီးစားတာကို စိတ်ခံစားချက်နဲ့လိုက်ပြီး တွေးနေလို့မရဘူး အဲဒါမယဉ်ကျေးရာရောက်တယ်..."

ဇီးကွက် : ...

သူ အများကြီး တွေးလိုက်မိတာပဲ...

" တကယ်လို့ စားသုံးသူတိုင်းသာ သူတို့လိုဆိုရင် ငါတော့ မချမ်းသာမှာကို စိတ်ပူစရာ မလိုတော့ဘူး..."

ညစာစားပြီးသည့်အချိန်၌ ဖူလီ ‌ငွေရှင်းချိန်တွင် ဆိုင်ရှင်က ပုံမှန်ဖောက်သည်များကို ဈေးလျှော့ပေးသည်ဟုဆိုကာ ဆယ်ယွမ်လျှော့ပေးလိုက်သည်။ ဖူလီက ပျော်သွားပြီး နောက်ထပ် ယွမ်တစ်ရာသုံးကာ ကုန်းဖုနှင့်ခွန်းဖမ်စားရန်အတွက် ယူသွားရန် ကျောက်ပုစွန်နှင့် ခုံးကောင်ပွဲကြီးတစ်ပွဲ ထပ်မှာလိုက်သည်။

ကျွမ်းချင်က ဖူလီ့ကို စီမံခန့်ခွဲရေးဗျူရိုရှိရာသို့ ‌ကားမောင်းပို့ပေးလိုက်သည်။ 

" ပြန်ရောက်ရင် စောစောအိပ်နော်... မနက်မိုးလင်းရင် ရုံးကိုအချိန်မှန်လာ..."

" အင်း သိပါပြီ..."

ဖူလီက သမ်းဝေလိုက်သည်။ ပါဆယ်ဘူးများကိုကိုင်လျက် အဆောင်ကို တစ်ခဏတွင်းချင်းတက်သွားလိုက်ပြီးနောက် ခွန်းဖမ်၏ အခန်းတံခါးကိုခေါက်လိုက်သည်။  သူထင်ထားသည့်အတိုင်း ကုန်းဖုလည်း ရှိနေသည်။ ရှေးယခင်အချိန်ကမူ ခွန်းဖမ်နှင့် ကုန်းဖုမှာ မတူညီသောလမ်းကြောင်းနှစ်ဖက်တွင် ရပ်တည်ခဲ့ကြသည့် ယောင်ကျင့်ကြံသူများဖြစ်သည်။ သို့ရာတွင် မျက်မှောက်ခေတ်၌ မဟာမိစ္ဆာများ တဖြည်းဖြည်းပျောက်ကွယ်လာကြချိန်တွင် သူတို့က မင်္ဂလာသားရဲ Vs. မကောင်းဆိုးဝါးသားရဲဟူသော အယူအဆဟောင်းများ တဖြည်းဖြည်းပျောက်ကွယ်လာကြပြီး အေးအေးချမ်းချမ်းသာ ဆက်ဆံကြတော့သည်။

သူတို့အတွက်မူ အတိတ်နှင့်ပတ်သက်သော အမှတ်ရစရာမှာ တစ်ဖက်လူသာရှိသည်။ ဤခေတ်မျိုးတွင် ရှေးခေတ်မဟာမိစ္ဆာများက မည်သည့်အသွင်မျိုးရှိကြောင်း သိရှိသူက တစ်ဦးတစ်ယောက်မှ မရှိတော့ပေ။

ဖူလီ ဝယ်လာသည့် ကျောက်ပုစွန်များကို တွေ့သည့်အခါ ခွန်းဖမ်နှင့် ကုန်းဖုက သူတို့လက်ထဲမှတူကို ခွဲလိုက်ပြီး ရေခဲသေတ္တာထဲမှ ဘီယာဘူးအချို့ကိုထုတ်ကာ ပျော်ရွှင်စွာစားနေကြသည်။

" အေးဆေးစားကြပါ ကျွန်တော် သွားအိပ်တော့မယ်နော်..."
ဖူလီက သမ်းဝေလိုက်ပြီး ထွက်သွားရန်ပြင်နေသည်။

" နေဦး..."

ကုန်းဖုက ဖူလီ့ကိုတားလိုက်သည်။ သူ့ပါးစပ်ထောင့်မှ ဆီများကိုသုတ်လျက် ဖူလီ့ကိုပြောလိုက်လေသည်။

" အခုနောက်ပိုင်း မင်း မကြာခဏကို အိပ်ငိုက်နေတာလား..."

ဖူလီက ခေါင်းညိတ်ပြလိုက်ပြီး ကုန်းဖု၏ရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

" လူကြီးမင်းကုန်းဖုက ဘာဖြစ်တာလဲဆိုတာကို သိတာလား..."

" နည်းနည်းပါးပါးပါ..."

ကုန်းဖုက သူ့တူကို ချထားလိုက်သည်။
" မင်းရဲ့ကျင့်ကြံဆင့်က လွှားခနဲခုန်တက်သွားတာဆိုတော့ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်းချင်းပြောင်းလဲလာမှာ... ဒါပေမဲ့ လူသားလောကမှာ ဝိညာဉ်ချီဓာတ်တွေက ဟိုတစ်စ ဒီတစ်စ လွင့်နေတော့ အခုမှ အဆင့်တက်ထားတဲ့ မင်းခန္ဓာကိုယ်ကို ဝိညာဉ်ချီဓာတ်တွေ လုံ‌လုံလောက်လောက်ရဖို့ တားထားသလိုဖြစ်နေတယ်... အဲဒါကြောင့် ဒီလိုမျိုးတွေ ဖြစ်နေရတာပဲ..."

" ဒါဆို ကျွန်တော်ဘာလုပ်သင့်လဲ..."

" အစပိုင်းမှာတော့ ဒီလိုပဲဖြစ်နေမှာပေါ့ ကြာရင် နေသားကျသွားလိမ့်မယ်..."

ကုန်းဖုက ခုံးကောင်တစ်ကောင်ကိုယူပြီး အခွံပေါ်မှ ဆော့စ်များကို စုပ်လိုက်သည်။ စားပြီးသည့်အခါ ဖူလီက သူ့မျက်လုံးရွဲကြီးများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၍ သူစိတ်ပျော့သွားမိသည်။ သူ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ 

" ငါမင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ပြောပြတယ်လို့ သဘောထားလိုက်ပါ ငါလွန်ခဲ့တဲ့ နှစ်၂သောင်းတုန်းက ဒေသခံလူမျိုးစုတစ်စုဆီကနေ ဆေးဖော်နည်းသင်ခဲ့ဖူးတယ်... ငါအဲ့တုန်းကတော့ ပျင်းလို့ အချိန်ဖြုန်းတဲ့သဘောနဲ့ သင်ခဲ့တာပဲ အခုမှ အသုံးဝင်လာမယ်လို့ မထင်ထားဘူး... ငါ့မှာ ဆေးဖော်တဲ့ဖိုနဲ့ အဲ့ဆေးဖော်နည်းကို သိပေမယ့် ဝိညာဉ်ဆေးသုံးမျိုး လိုနေသေးတယ်..."

" ဘယ်အမျိုးအစားတွေ လိုနေတာလဲ... ကျွန်တော်အတိတ်တုန်းက ဆေးတွေကို သိမ်းထားမိတာတော့ရှိတယ်... နောက်ပိုင်းအဲ့ထဲမှာ ပြန်ရှာကြည့်လိုက်ရင်တော့ စုထားနိုင်မယ်ထင်တယ်..."

" နှစ်ငါးထောင်သက်တမ်းရှိတဲ့ ထိုက်စွေ့၊ အသက်သုံးချောင်းမုတ်ဆိတ်၊ လစန္ဒာသဲရှင် ဒါတွေလိုနေတာ... ဒီသုံးမျိုးက အတိတ်တုန်းကတောင် တော်တော်ရှာရခက်တာ အခုဆိုရင်ပိုပြီး..."
ကုန်းဖု သက်ပြင်းချလိုက်သည်။

" ငါ့ဆီမှာ လစန္ဒာသဲရှင်ရှိတယ်..."

ခွန်းဖမ်က သူ၏ ချမ့်ခွန်းအိတ်ထဲမှ ကျောက်စိမ်းဘူးသီးခြောက်ကိုထုတ်လိုက်ပြီး စားပွဲပေါ် ဘန်းခနဲပစ်ချလိုက်သည်။
" ကြိုက်သလောက်သုံးလို့ရတယ်..."

" ဘာလို့ အများကြီးထုတ်လာတာလဲ... မင်း ဘယ်လောက်ချမ်းသာတယ်ဆိုတာ ကြွားဖို့လား..."

ကုန်းဖုက လစန္ဒာသဲရှင် အနည်းငယ်ကို ထုတ်ယူထားလိုက်ပြီးမှ ဘူးသီးခြောက်ကို ခွန်းဖမ်ထံသို့ ပြန်ပေးလိုက်သည်။

" ပြန်ယူထား ပြန်ယူထား... ငါ မင်းကိုကူပြီး အဲ့လို အသေးအဖွဲ့ပစ္စည်းမျိုးကို ထိန်းသိမ်းမထားနိုင်ဘူး..."

" ကျွတ်..."

ခွန်းဖမ်က ဘူးသီးခြောက်ကို ချမ့်ခွန်းအိတ်ထဲ ပြန်ထိုးထည့်ထားလိုက်သည်။

" မင်းက ငါ့ရဲ့ အသေးအဖွဲ့ပစ္စည်းလေးကိုတော့ အထင်သေးတယ်ပေါ့ မင်းမှာတောင် အဲဒီသဲရှင် ရှိလို့လား..."

သူတို့နှစ်ယောက်ကြားတွင် ရန်ပွဲတစ်ခု အစပျိုးလာတော့မည်ကို မြင်သောအခါ ဖူလီက အလျင်အမြန်တားလိုက်သည်။

" ခဏလေးအသက်သုံးချောင်းမုတ်ဆိတ်က ဘာလဲဟင်..."

" အသက် ခုနစ်ရက် မပြည့်သေးတဲ့ ခေါင်းသုံးလုံးကလေးတစ်ယောက်ရဲ့ ဆံပင်မွေးကိုပြောတာ... ခေါင်းသုံးလုံးမျိုးနွယ်တွေက သစ်ပင်အတွက် အသက်ရှင်ပြီး သစ်ပင်အတွက် သေပေးကြတယ်... သူတို့ရဲ့အဖော်သစ်ပင်ကြီး ခြောက်သွေ့ပြီး သေမသွားခင် သူတို့မှာ အသက်သုံးချောင်းရှိလို့ သူတို့ဆံပင်ကို အသက်သုံးချောင်းမုတ်ဆိတ်လို့ခေါ်တာ... သေမျိုးလောကရဲ့ အရောင်ဆိုးမခံရသေးတဲ့ အသစ်မွေးဖွားလာတဲ့ ခေါင်းသုံးလုံးမျိုးနွယ်တွေမှာ သူတော်ကောင်းတရားနဲ့ ဝိညာဉ်ချီဓာတ်တွေ ပြည့်နေတယ်..."

ကုန်းဖုက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။ 

" အဲဒါကိုရဖို့ လွယ်တယ်ထင်ရပေမယ့် တကယ်တော့ သူက စိန်ခေါ်မှု အများဆုံးပဲ ဘာလို့လဲဆိုတော့ ခေါင်းသုံးလုံးလူတွေ လိုလိုလားလားပေးတဲ့ ဆံပင်မွေးကပဲ ဝိညာဉ်ချီဓာတ်ပါတာ... တကယ်လို့ အတင်းအကြပ်လုယူမယ် အသက်သုံးချောင်းမုတ်ဆိတ်က အမျက်ဒေါသအဖြစ်ပြောင်းသွားမှာ အဲဒါကို ဝါးမျိုမိတဲ့လူက နည်းနည်းပဲ သက်ရောက်ခံရရင်တော့ ရူးသွားရုံဆိုပေမယ့် ပြင်းပြင်းထန်ထန် သက်ရောက်ခံရရင် အသက်ပါ ဆုံးရှုံးနိုင်တယ်..."

" ဆံပင်မွေးနည်းနည်းလေးပဲကို ဘာလို့အဲ့လောက်တောင် သတိထားစရာတွေ များနေရတာလဲ..."

ခွန်းဖမ်က လျှာသပ်လိုက်ပြီးသည့်နောက် ဗျူရိုထဲရှိ ခြံဝင်းမှ လန့်ကန်းသစ်ပင်ပေါ်တွင် တစ်နေကုန် အင်းဆက်များဖမ်းကာ အပင်ကိုရေလောင်းပေးနေသည့် ခေါင်းသုံးလုံးလူများကို တွေးမိသွားသည်။

" ယုန်လေး မင်းတို့ဗျူရိုခြံဝင်းထဲမှာ ခေါင်းသုံးလုံးလူတွေ ရှိတယ်မလား... သူတို့ဆီကနေ ဆံပင်မွေးနည်းနည်းလောက် တောင်းကြည့်လေ..."

" အလုပ်မဖြစ်လောက်ဘူး..."
ကုန်းဖုက ခေါင်းခါလိုက်သည်။ 
" ဒီ ခေါင်းသုံးလုံးလူတွေက ဖူချန်သစ်ပင်ရဲ့ ပါတနာအဖြစ် အခုမှ မွေးလာတဲ့သူတွေမဟုတ်ဘူးဆိုတော့ တကယ်လို့ သူတို့ငါ့ကို အဲ့ဆံပင်မွေးပေးရင်တောင် ငါ ဆေးဖော်လို့ မရလောက်ဘူး..."

" ဒါဆိုရင် ငါတို့အခု ဘယ်လိုလုပ်ကြမလဲ..."
ခွန်းဖမ်က တူကို‌ဖယ်ထားလိုက်ပြီး ထိတ်ထိတ်ပျာပျာဖြင့် ပြောလိုက်သည်။ 

" လူသားလောကရဲ့ ဝိညာဉ်ချီဓာတ်ကတော်တော်လေးနည်းနေပြီ... ဖူချန်သစ်ပင်အရေအတွက်ကလည်း အရင်လိုမများတော့ဘူးလေ... ပြီးတော့ ခေါင်းသုံးလုံးလူတွေ မွေးထုတ်နိုင်တဲ့ ဖူချန်သစ်ပင်က ပိုတောင် ရှာရခက်နေပြီ... လောကကြီးက အကျယ်ကြီးကို ဒီခုနစ်ရက်အတွင်းမွေးထားတဲ့ ခေါင်းသုံးလုံးလူတွေကိုရော ဘယ်နားသွားရှာရတော့မှာလဲ..."

ကုန်းဖုနှင့် ခွန်းဖမ်က သူ့အတွက် စိတ်ပူနေသည်ကို မြင်သောအခါ ဖူလီ အားတက်သွားသည်။ သူ့ချမ့်ခွန်းအိတ်ထဲမှ ထိုက်စွေ့အသားကို ထုတ်လိုက်သည်။

" ကျွန်တော့်မှာ ထိုက်စွေ့အသားရှိတယ်..."

ကုန်းဖုက မနည်းအားတင်းကာ ပြုံးပြလိုက်ပြီးနောက် ထိုက်စွေ့အသားကို ယူလိုက်သည်။ ခွန်းဖမ်က လက်မလျှော့သေးပေ။ 

" ယုန်လေး မင်းက အဲ့ခေါင်းသုံးလုံးလူတွေ မွေးပြီးကာစအချိန်မှာ သူတို့ကို ဗျူရိုခေါ်လာခဲ့တာမလား... သူတို့ မင်းကို ကျေးဇူးတင်လက်ဆောင်တွေဘာတွေ မပေးဘူးလား..."

" ကျေးဇူးတင်လက်ဆောင်လား..."

တထုန်ဖာက ထိုစဉ်အချိန်က သူ့ကို ဆံပင်မွေးလက်တစ်ဆုပ်စာ ပေးထားခဲ့သည်ကို ရုတ်ချည်းအမှတ်ရသွားသည်။ ၎င်းက မည်သို့အသုံးဝင်ကြောင်း မသိသဖြင့် ချမ့်ခွန်းအိတ်ထံ ပစ်ထည့်ထားလိုက်ခြင်းဖြစ်သည်။ 

" တထုန်ဖာက ကျွန်တော့်ကို ဆံပင်မွေးတော့ ပေးခဲ့ဖူးတယ်..."

ဖူလီက သူ၏ ချမ့်ခွန်းအိတ်ကိုထုတ်ပြီး တထုန်ဖာပေးခဲ့သော ဆံပင်မွေးကို ထုတ်လိုက်သည်။ ထိုဆံပင်မွေးက ကုန်းဖု၏လက်ပေါ်ရောက်သည်နှင့် ထူထဲသော သူတော်ကောင်းတရားများဖြင့် အရောင်တလက်လက်တောက်နေသည့် အစိမ်းနုရောင် ချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။ အပြင်ဘက်တွင်လည်း  အဝါရောင်သစ်ရွက်များ မရေမတွက်နိုင်သော ပန်းပွင့်များဖြင့် ပွင့်လန်းနေသည့် အစိမ်းရောင်အပင်များစွာလည်း ပေါက်လာသည်။ ၎င်းက ပြိုင်ဘက်ကင်းအောင်လှပသည့် မြင်ကွင်းမျိုးဖြစ်သည်။

" ပစ္စည်းကောင်းပဲ... မင်းက ခေါင်းဆောင်ရဲ့ ကောင်းချီးတွေကိုပါ ရထားတာပဲ..."

ကုန်းဖုက ဆံပင်နှစ်မွေးကိုသာ ယူလိုက်သည်။
" ဆံပင်နှစ်မွေးဆိုလောက်ပြီ..."

ဖူလီ : ...

ခေါင်းဆောင်လား ...

ခေါင်းသုံးလုံးလူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်ကိုလည်း ခေါင်းဆောင်လို့ပဲ သတ်မှတ်နိုင်တယ်မလား...

" ကျွမ်းချင်ကပဲ ကောင်းကင်ဘုံစည်းမျဉ်းရဲ့ အချစ်ဆုံးသားတော်လေးလို့ ငါအမြဲထင်ခဲ့တာ ... တကယ်တော့ ကျွမ်းချင်က အဲ့လိုမျိုးထင်ရရုံပဲ တကယ့်အချစ်တော်လေးက မင်းဆိုတာ ‌ဒီနေ့ကျမှ သေချာသိလိုက်ရတယ်..."

ခွန်းဖမ်က ပြတင်းပေါက်အပြင်ဘက်မှ အစိမ်းရောင်အရွက်များစွာ ပေါက်နေသည့် သစ်ပင်များကို ကြည့်လိုက်သည်။

" ကောင်းကင်ဘုံရဲ့ အချစ်တော်လေးမဟုတ်တဲ့ လူတစ်ယောက်က ဒီလိုအခွင့်အရေးမျိုးကို ရနိုင်မယ်မထင်ဘူး..."

ခွန်းဖမ်နှင့် အမြဲတစေ စကားများနေသည့် ကုန်းဖုကပင် မမျှော်လင့်စွာဖြင့် ဤကိစ္စကို ဆိတ်ဆိတ်နေပြီးသဘောတူနေသည်။

ခွန်းဖမ်က သတိမထားမိခြင်းဖြစ်နိုင်သော်လည်း သူ့စိတ်ထဲတွင် ကောင်းကောင်းသဘောပေါက်ထားသည်။ ခေါင်းသုံးလုံးလူများမှာ အလွန်အမင်းကိုင်တွယ်ရခက်သည့် စိတ်နေစိတ်ထားရှိသူများဖြစ်ကြသည်။ သူတို့သဘောမကျသည့်အရာတစ်ခုခုရှိပါက စွမ်းအင်များကုန်ခမ်းကာ သေဆုံးသည်အထိ ကျယ်လောင်စွာ အော်ဟစ်ငိုယိုလေ့ရှိကြသည်။ သူတို့ ခုနစ်ရက်တာခန့် ငိုယိုခြင်းကပင် တောင်များနှင့် သစ်ပင်များကို လှုပ်ခါနိုင်ပေသည်။ ၄၉ရက်ခန့် ငိုကြွေးနေပါက ကျက်တီးမြေများက မိုင်တစ်ရာခန့်အထိ ဖြစ်စေကာ သူတို့၏သွင်ပြင်များကို ယိုယွင်းလာစေနိုင်သည်။ ရက်တစ်ရာတိတိ‌ငိုကြွေးနေပါက သူတို့လည်းသေဆုံးပြီး မြေငလျင်များဖြစ်ပေါ်လာနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူတို့က လူတစ်ရာကိုပင် သူတို့တစ်ယောက်တည်းထံမှ အော်ဟစ်ငိုယိုသံကျယ်ကြီးဖြင့် ဘေးဒုက္ခဖြစ်စေနိုင်သော ထူးဆန်းသည့်မျိုးနွယ်ဖြစ်သည်။ ထို့အပြင် သူတို့က မာနကြီးပြီး ခေါင်းတစ်လုံးတည်းသာရှိသည့် လူသားများကို အထင်သေးကြသည်။ သူတို့မျက်လုံးထဲတွင်မူ ဖုန်းဟွမ်မှလွဲ၍ အရာအားလုံးက အမှိုက်ဖြစ်သည်။

ဖူလီက ခေါင်းသုံးလုံးလူထံမှ ဆံပင်မွေးလက်ဆောင်ရရန်က သာမန်လူတစ်ယောက် ငွေဆယ်သန်းထီပေါက်နိုင်သည့် ဖြစ်နိုင်ချေထက်ပင် နည်းပါးသည်။

ဒါက ဖူလီရဲ့ ကံတရားပဲနေမှာ...

" ဆေးဖော်ရတာ ခုနစ်ရက်လောက်ကြာမှာ... အဲ့အချိန်အတောအတွင်း ငါ့ရဲ့ဆေးဖိုကို ခွန်းဖမ်ကို ကူကြည့်ခိုင်းထားလိုက်မယ် မင်းငါတို့ကို ဒီခုနစ်ရက်လုံးလုံး စားစရာတွေ လာပို့စရာမလိုဘူး..."
‌ကုန်းဖုက ကျောက်ပုစွန်များ အေးသွားမည်စိုး၍ အကောင်ကြီးကြီးတစ်ကောင်ကို ယူလိုက်သည်။

" ငါက ဘာကိစ္စ ဆေးဖိုကို ယပ်ခတ်ပေးရမှာလဲ..."
ခွန်းဖမ် မကျေမနပ်ဖြစ်သွားမိသည်။

သူက မြင့်မြတ်တဲ့ ခွန်းဖမ်လူကြီးမင်းလေ ဘာကိစ္စ‌ ဆေးဖိုကို ယပ်ခတ်ပေးရမှာလဲ...

" မင်း ဖူလီရဲ့ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘူးလား..."

" ဂရုစိုက်တာပေါ့..."

" မင်း ဖူလီရဲ့ကျင့်ကြံဆင့်ကိုရော စိတ်မပူဘူးလား..."

" စိတပူတာပေါ့..."

" ဒါဆို ဘာလို့ မေးနေသေးတာလဲ..."

ကုန်းဖုက ကျက်သရေရှိစွာဖြင့် ပြုံးပြလိုက်သည်။
" မင်းက ဆေးဖော်တတ်တာလဲ မဟုတ်ဘဲနဲ့ ဆေးဖိုကို ကြည့်ပေးတာကလွဲပြီး ဘာများလုပ်တတ်သေးလို့လဲ..."

" ငါ..."

အဲဒါကြောင့်မို့ မင်္ဂလာသားရဲတွေက မုန်းစရာအကောင်းဆုံးလို့ ငါပြောတာ... သူတို့ကိုယ်သူတို့ ဖြောင့်မတ်တယ်ထင်ပြီး မြင့်မြတ်ပြီး သဘောကောင်းဟန်ဆောင်ကြတာလေ...

" ကျွန်တော် ခွန်းဖမ်လူကြီးမင်းကို ဒီကိစ္စအတွက် အလုပ်ရှုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ... ကျွန်တော်ပဲ..."

" မင်းက အလုပ်လုပ်ရမှာမလား..."

ကုန်းဖုက လက်ကာပြလိုက်သည်။ 
" မင်း မသိတာ ဖြစ်နိုင်ပေမယ့် ခွန်းဖမ်က ကုန်းနေရေနေသတ္တဝါလေ သူက ရေတွေဖြန်းနိုင်တဲ့အပြင် မီးလည်း မှုတ်ထုတ်နိုင်တယ်... တကယ်လို့ ငါတို့ဆေးဖော်တဲ့နေရာကမီးကို ပြန်သန့်စင်နိုင်ရင် အလဟဿ မဖြစ်တော့ဘူးပေါ့... အခုခေတ်မှာ အားလုံးက ခက်ခဲနေကြတာ ဘယ်အရာကိုမဆို အလဟဿမဖြစ်အောင် သုံးရမယ်လေ..."

" ဪ အဲ့လိုဆိုရင်တော့လည်း..."

ဖူလီက ချက်ချင်းသဘောပေါက်သွားပြီး ခွန်းဖမ်ကို ကျေးဇူးတင်လိုက်သည်။

" ဒါဆိုရင်တော့ လူကြီးမင်းခွန်းဖမ်ကိုပဲ ဒုက္ခပေးရတော့မယ်..."

ခွန်းဖမ်က သူ့မျက်နှာကို တစ်ဖက်လှည့်လိုက်သည်။

" ထားပါတော့ ငါမင်းကို မျက်နှာသာပေးတယ်လို့ပဲ သဘောထားလိုက်..."

" ကျေးဇူးတင်ပါတယ် လူကြီးမင်း..."

ဖူလီက သူ့ချမ်းခွန်းအိတ်ထဲမှ မုန့်ထုပ်များစွာထုတ်ပြီး သူတို့နှစ်ယောက်ကို ဝေပေးလိုက်ပြီးမှ ကျေးဇူးတင်စွာဖြင့် ထွက်ခွာသွားသည်။

" သူတော်ကောင်းယောင်ဆောင်တဲ့ကောင်..."
ခွန်းဖမ်က ကုန်းဖုကို အထင်အမြင်သေးစွာဖြင့် အော်ပြောလိုက်သည်။

ကုန်းဖုက သူ့ကိုလျစ်လျူရှု့ထားပြီး မုန့်ထုပ်များစွာထဲမှ သူကြိုက်သည့် အရသာများကို ရှာဖွေနေသည်။ အစားအစာကောင်းများက သူ့မျက်စိရှေ့တည့်တည့်တွင် ရှိနေ၍ ခွန်းဖမ်ပြောနေသည့် စကားများကို သူ ဂရုမစိုက်တော့ပေ။

.....