🐰Chapter 129🐉
စီမံခန့်ခွဲရေးဗျူရို၏ မြေအောက်မှ မည်းမှောင်နေသော ဝိညာဉ်အစီအရင်ထဲတွင် ကျွမ်းချင်က နံရံပေါ်မှ မီးခလုတ်ကိုဖွင့်လိုက်ပြီးနောက် ဖေးယီကို ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲတွင် အကျဉ်းချထားလိုက်သည်။ ဤနေရာတွင် စွမ်းအားကြီးသော အရံအတားတစ်ခု ရှိနေ၍ ဖေးယီက မည်မျှစွမ်းအားကြီးစေကာမူ ပြင်ပလောက၏ ရာသီဥတုအခြေအနေကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။
ဖေးယီက ရေခဲထဲတွင် အချိန်အတန်ကြာအောင် အခဲခံထားရခြင်းဖြစ်သည်။ အစီအရင်ထဲ ပိတ်လှောင်ပြီးသည့်အခါ ရုန်းကန်ရန်ပင် အလွန်အားနည်းနေပြီဖြစ်သည်။ သူ၏ အမြီးနှစ်ချောင်းကသာ အနည်းငယ်လှုပ်ရှားနိုင်တော့သည်။ ဖေးယီမျိုးနွယ်က ဟွင်းရှီတောင် သို့မဟုတ် ထိုက်ဟွားတောင်တွင် မွေးဖွားစဉ်ကတည်းက နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုက်ဟွားတောင်ပေါ်တွင် နေထိုင်သည့် ဖေးယီများက အတောင်ပံများရှိ၍ ပျံသန်းနိုင်ကြပြီး ဟွင်းရှီတောင်ပေါ်မှ ဖေးယီများမှာမူ ပိုမိုသန်မာသည့် ခန္ဓာကိုယ်နှစ်ခု ရှိကြသော်လည်း အတောင်ပံများ မရှိပေ။ ထိုမျိုးနွယ်နှစ်ခုလုံးက သင့်မြတ်မှု မရှိကြသည့်အပြင် တစ်ဖက်ကိုတစ်ဖက် အထင်အမြင်သေးကြသည်။
ယခုနောက်ပိုင်းတွင် ရာသီဥတုအခြေအနေက တဖြည်းဖြည်းဆိုးဝါးလာသည်။ တစ်နေ့ထက်တစ်နေ့ ပိုမိုအေးလာသောကြောင့် ဖေးယီအများစုက အအေးဒဏ်ခံရပြီး သေဆုံးသွားကြသည်။ ထို့နောက်တွင် ဟွင်းရှီတောင်ပေါ်မှ ဖေးယီများက ထိုက်ဟွားတောင်မှ ဖေးယီများအကြားကို ထပ်မကြားရတော့ပေ။
ဟွင်းရှီတောင်ပေါ်တွင် တစ်ကောင်တည်းသာ ကျန်ရစ်တော့သည့် ဖေးယီက ကျွမ်းချင် သတ္တိရှိစွာဖြင့် ဖမ်းယူခဲ့သော ဖေးယီဖြစ်နေသည်။ သူက နေ့ရက်တိုင်းကို နေပူဆာလှုံခြင်း အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးနေသည်။ လွန်ခဲ့သော နှစ်လခန့်က သူရုတ်ချည်း သတိမေ့သွားခဲ့သည်။ ပြန်နိုးလာချိန်တွင်မူ တည်နေရာအသစ်ကို ရောက်နေပြန်သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က စီနီယာတစ်ယောက်က သူ့စိတ်ဆန္ဒနှင့် ဆန့်ကျင်စွာဖြင့် တောင်ပေါ်မှ ထွက်သွားပြီးသည့်နောက်တွင် နေရောင်အောက်၌ ပြာမှုန်ဘဝရောက်သွားခဲ့ရသည်။ ဟွင်းရှီတောင်က ဖေးယီများက ထိုကိစ္စအကြောင်း ကြားသည့်အခါ တောင်ပေါ်မှ ထွက်မသွားရဲတော့ပေ။ ထိုအကြောင်းကြောင့် သူတို့က လူသားများနှင့် မိစ္ဆာများအကြား ဖြစ်ပေါ်ခဲ့သည့် ကသောင်းကနင်းဖြစ်မှုများကို ရှောင်ကြဉ်နိုင်ခဲ့ပြီး နှစ် ၂၀၀၀ ၃၀၀၀ခန့် အေးချမ်းစွာ နေနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်မှစပြီး ရာသီဥတုက တဖြည်းဖြည်းအေးစက်လာပေသည်။ ဟွင်းရှီတောင်ပေါ်မှ ယောင်ကျင့်ကြံသူများက ဤကပ်ဘေးကြီးကို မရှောင်ရှားနိုင်သောကြောင့် တဖြည်းဖြည်းသေဆုံးသွားကြသည်။
သူ၏ သေဆုံးသွားသော စီနီယာများကို တွေးမိသည့်အခါ ဖေးယီက ဘောလုံးလေးတစ်လုံးသဖွယ် ကွေးထားလိုက်မိသည်။ သို့ရာတွင် သူက ခန္ဓာကိုယ်နှစ်ခုရှိသောကြောင့် ခန္ဓာကိုယ်ကြီးက အဆမတန်ကြီးမားနေ၍ ထိုသို့ကွေးထားလိုက်သည့်အခါ ပိုပြီးစက်ဆုပ်စရာကောင်းသွားသည်။
အလှကြိုက်သူဖြစ်သည့်ချောင်းယွင်က သူမမျက်လုံးများကို မပိတ်ထားဘဲ မနေနိုင်တော့ပေ။
ဘာလို့ ရှေးဟောင်းမဟာမိစ္ဆာတွေအားလုံးရဲ့ မူရင်းပုံစံက ဒီလိုမျိုး ဖြစ်နေရတာလဲ... သူတို့မှာ အနုပညာဆန်တဲ့စိတ်လေး နည်းနည်းမှ မရှိဘူးထင်တယ်...
" မင်းဘာလို့ ကျုံးရှန်စီရင်စုမှာ ထွက်လာရတာလဲ..."
ကျွမ်းချင်က ဖေးယီ၏ သနားစဖွယ်ပုံစံလေးကြောင့် စစ်ဆေးမေးမြန်းရမည်ကို အချိန်မဆွဲနေပေ။ အဘယ့်ကြောင့်ဆိုသော် ဖေးယီပေါ်ထွက်လာမှုကြောင့် စီးပွားရေးအရ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရုံသာမက မရေမတွက်နိုင်သော တိရစ္ဆာန်များလည်း သေဆုံးခဲ့ရသည်။ သူ ဤကိစ္စကို မျက်ကွယ်ပြုထား၍ မရပေ။
ဖေးယီက ထူးဆန်းသည့်အသံများ ဆက်တိုက်ပြုလုပ်လိုက်သည်။ ချောင်းယွင်နှင့် အခြားလူများ အံ့ဩသွားကြသည်။
သူ ဘာတွေပြောနေတာလဲ...
ကျွမ်းချင်က ယောင်မျိုးနွယ်စုများ ချန်ရစ်ထားခဲ့သည့် မှတ်တမ်းများမှတစ်ဆင့် ရှေးဟောင်းမိစ္ဆာများ၏ ဘာသာစကားကို လေ့လာဖူး၍ ဖေးယီဆိုလိုချင်သည်ကို အကြမ်းဖျင်းသဘောပေါက်သည်။ ဖေးယီကမူ သူပြောသည့်စကားများကို နားမလည်သောကြောင့် ဟွင်းရှီတောင်သို့ ပြန်ချင်သည့်အကြောင်းကိုသာ ဗလုံးဗထွေးပြောနေသည်။ သို့ဖြစ်၍ ကျွမ်းချင်က ရှေးဟောင်းမိစ္ဆာများ၏ ဘာသာစကားဖြင့် ထိုမေးခွန်းကို မေးလိုက်သည်။
ဤတစ်ကြိမ်တွင်မူ ဖေးယီက နားလည်သွားပြီး ခေါင်းခါပြလိုက်သည်။
" ငါ တမင်လုပ်တာ မဟုတ်ပါဘူး တစ်ယောက်ယောက်က ငါ့ကို အဲ့နေရာလာအောင် ခေါ်တာ..."
ကျွမ်းချင်၏ အမြီးတစ်ချက်ယမ်းလိုက်ရုံဖြင့် လွင့်ထွက်သွားပြီး ရေခဲဖြင့် အခဲခံထားရသော ဖေးယီမှာ ကျွမ်းလျင်ကို ရန်မစရဲ၍ ရိုးရိုးသားသားသာ ပြန်ဖြေလိုက်သည်။
" ငါတို့မျိုးနွယ်မှာ ဘိုးဘေးတွေရဲ့ စည်းမျဉ်းတစ်ခုရှိတယ်... ဟွင်းရှီတောင်အပြင်ဘက်မှာ ငါတို့ကို ပြာအဖြစ်ပြောင်းနိုင်တဲ့ မိစ္ဆာတစ်ကောင်ရှိလို့ ငါတို့ဖေးယီမျိုးနွယ်က တောင်ပေါ်က ထွက်သွားလို့မရဘူးဆိုတဲ့ စည်းမျဉ်းပဲ..."
" ပြာအဖြစ်ပြောင်းနိုင်တယ်တဲ့လား..."
ဖေးယီတစ်ကောင်က ရုတ်ချည်းပြာမှုန်ဘဝရောက်သွားသည်ဟု မဟာမိစ္ဆာတစ်ကောင်က ပြောဖူးသည်ကို ကျွမ်းချင်အမှတ်ရသွားသည်။
ဖေးယီမျိုးနွယ်ရဲ့ ဘိုးဘေးစည်းမျဉ်းက ဒီကနေ ဆင်းသက်လာတာများလား...
" ဟုတ်တယ်..."
ဖေးယီက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်သည်။
" ငါတို့မျိုးနွယ်က အမြဲသတိထားနေရတဲ့အပြင် ဟွင်းရှီတောင်ပေါ်က မထွက်တာလည်း နှစ်၃၀၀၀လောက်ရှိပြီ... ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကစပြီး တောင်က ရုတ်တရက်ကြီး အေးလာတယ်... ငါ့ရဲ့မျိုးနွယ်တူတွေနဲ့ တခြားယောင်ကျင့်ကြံသူတွေက အချိန်တိုအတွင်းမှာပဲ သေကုန်ကြတယ်... အခု ဟွင်းရှီတောင်တစ်ခုလုံးမှာ ဖေးယီဆိုလို့ ငါပဲကျန်တော့တယ်..."
ကျွမ်းချင်က ဖေးယီ၏ စကားများကို လုပ်ဖော်ကိုင်ဖက်များအား ပြောပြလိုက်သည်။
" လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ရုတ်တရက်ကြီး အေးလာတယ်ဆိုတော့..."
ဧကရီ၏ ဆံထိုးဖြစ်ခဲ့သော ချောင်းယွင်က အပူချိန်နှင့်ပတ်သတ်ပြီး ခံစားလွယ်ခြင်းမရှိ၍ မည်သည့်နှစ်က ရာသီဥတုအအေးဆုံးဖြစ်သည်ကို မသိခဲ့ပေ။
" သူက ရေခဲခေတ်ကိုပြောနေတာဖြစ်မယ်..."
ကျွမ်းချင်က ထိုအချိန်ကာလကို မှတ်မိနေဆဲဖြစ်သည်။ လောကကြီးက ဖရိုဖရဲကမောက်ကမဖြစ်နေခဲ့ပြီး လူများကလည်း ၎င်းနှင့် အသားမကျနိုင်ခဲ့ပေ။ အေးခဲကာ အဆာငတ်သေဆုံးသွားခဲ့သူများက မရေမတွက်နိုင်သည်အထိ ရှိနေခဲ့သည်။
ချူးယွီကလည်း ၎င်းကိုမှတ်မိ၍ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
" တော်တော်လေး အေးခဲ့တဲ့ အချိန်တစ်ခုကို ကျွန်တော်မှတ်မိသေးတယ်... အရမ်းအေးလွန်းလို့ ရေတွေကတောင် ရေခဲဖြစ်ကုန်တာလေ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကြောင့်သာ မဟုတ်ရင် အဲ့ခေတ်တည်းက ကျွန်တော် ခဲသေနေလောက်ပြီ..."
" မင်းကို ဘယ်သူခေါ်ထုတ်ခဲ့တာလဲ..."
ကျွမ်းချင်က မျက်ခုံးများ တွန့်ချိုးလိုက်သည်။
ဖေးယီက ခေါင်းခါလိုက်ပြန်သည်။
" ကျွန်တော်လည်း မသိဘူး..."
ရှေးဟောင်းမိစ္ဆာသားရဲများက တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။ ကုန်းဖုက အမုန်းတရားများကြောင့် မကောင်းဆိုးဝါးသားရဲအသွင် ပြောင်းလုနီးပါး ဖြစ်သွားခဲ့ရစဉ်တွင် နှစ်ပေါင်းသိန်းချီအောင် နေထိုင်နိုင်ခဲ့သောဖေးယီကလည်း ရေခဲခေတ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်သွားခဲ့ရသည်။ ၎င်းက လုံးဝ အဓိပ္ပါယ် မရှိလှပေ။
" ဒီလိုလိမ်တာက နည်းနည်းတော့ မများလွန်းဘူးလား... ဖေးယီမျိုးနွယ်က ဖျက်ဆီးခြင်းစွမ်းအား များများစားစားရှိတဲ့ပုံမဟုတ်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ရှေးဟောင်းမဟာမိစ္ဆာတွေရဲ့ ခေတ်မတိုင်မီခင်တည်းက အသက်ရှင်ခဲ့ကြတဲ့လူတွေလေ... ဒီလိုသဘာဝဘေးအန္တရာယ်ကြောင့် သေသွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား..."
ချူးယွီက ဤကိစ္စကို အနည်းငယ်ထူးဆန်းသည်ဟု ထင်နေသည်။ ထိုအကြောင်းကိုကြားရသည်မှာ တောင်ဝင်ရိုးစွန်းမှ ပင်ကွင်းများ သူတို့တိုင်းပြည်သို့ရောက်လာပြီး အေးခဲသေသွားသည်ဟူသောစကားကို ကြားရသည်နှင့် တူနေသည်။
ဒါ လုံးဝကို အခြေအမြစ်မရှိတာလေ...
မည်သို့ပင်ဖြစ်စေ ကျွမ်းချင်က ဤဖေးယီ မလိမ်ညာနေဟု ခံစားနေမိသည်။ ဤဖေးယီ၏ ခန္ဓာကိုယ်က ကြမ်းတမ်းသန်မာသော်လည်း သူ့ကိုယ်ပေါ်တွင် နှင်းကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် အမာရွတ်များစွာ ရှိနေသည်။ သူက မျက်မှောက်ခေတ်ယောင်လောက၏ ဘာသာစကားကို မပြောတတ်သော်လည်း ချူးယွီပြောလိုက်သည့်စကားအနည်းငယ်ကပင် သူ့ကို တုန်ယင်လာစေရန် လုံလောက်သည်။ သို့ဖြစ်၍ ဤဖေးယွီက သတ္တိနည်းရုံသာမက ပြင်ပလောကနှင့်လည်း ထိတွေ့ဆက်ဆံမှုနည်းပါးကြောင်း ပြသနေသည်။ သူသင်ယူထားသည့် တစ်ခုတည်းသော သူ့ကိုယ်သူ ကာကွယ်သည့်နည်းလမ်းက သူ့ပုံရိပ်ကို ဖုံးကွယ်ထားရန် အစီအရင်တစ်ခု ချထားခြင်းသာ ဖြစ်သည်။
သူ အရံအတားများကို မည်သို့တည်ဆောက်ရမည်ကို သိခြင်းက အလွန်ကံကောင်းလှပေသည်။ အကယ်၍ သူ့ကိုလူသားများ ရှာတွေ့သွားခဲ့ပါက သူ့ကိုသတ်ပစ်ရန် ကျည်တစ်တောင့်တည်းသာ လိုအပ်ပေသည်။
" အဲ့တော့ ဖေးယီမျိုးနွယ်တစ်ခုလုံးမှာ မင်းတစ်ယောက်ပဲ အသက်ရှင်ကျန်တာပေါ့လေ..."
" ငါက ဟွင်းရှီတောင်ပေါ်က တစ်ကောင်တည်းသော ဖေးယီပါ..."
ဖေးယီ၏ အမြီးနှစ်ချောင်းလုံးက အောက်ကို ငိုက်စိုက်ကျနေပြီး ကျွမ်းချင်နှင့် အခြားလူများကို စေ့စေ့မကြည့်ရဲ ဖြစ်နေသည်။ သူ့ပုံစံက အနိုင်ကျင့်ခံနေရသော သတ္တိနည်းသူတစ်ယောက်နှင့် တူနေသည်။
" ထိုက်ဟွားတောင်ပေါ်က ဖေးယီတွေကလည်း လုံးဝ အမြစ်ပြတ်သုတ်သင်ခံလိုက်ပြီ... တချို့နေရာတွေက လူသားတွေအတွက် ရှု့ခင်းကြည့်လို့ရတဲ့ နေရာအဖြစ် ပြောင်းလိုက်ပြီ... စီမံခန့်ခွဲရေးဗျူရိုရဲ့ စည်းမျဉ်းအရဆိုရင်တော့ မင်းကို အကျဉ်းချထားရမှာ... ဒါပေမဲ့ မင်းတို့မျိုးစိတ်ရဲ့ အထူးပင်ကိုလက္ခဏာကြောင့် ငါ ဆုံးဖြတ်ချက်မချခင် တခြားသက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေးလိုက်ဦးမယ်..."
ဖေးယီက အကျဉ်းချထားခံရမည်ကို ကြောက်လန့်နေခြင်းမဟုတ်ပေ။ သူက မည်သည့်နေရာကို သွားရခြင်းကိုမှ မနှစ်သက်သောကြောင့် မည်သည့်နေရာတွင် နေသည်ဖြစ်စေ သူ့အတွက် ကွာခြားချက် မရှိပေ။ ထိုအကြောင်းကို တွေးကြည့်သည့်အခါ သူ့စိတ်ထဲ အနည်းငယ်ထူးဆန်းလာသည်။ သူတို့၏ဖေးယီမျိုးနွယ်က ထိုက်ဟွားတောင်နှင့် ဟွင်းရှီတောင်တွင်နေပါက မိုးခေါင်ရေရှားခြင်းများ မဖြစ်သော်လည်း သူတို့ထိုနေရာမှ ထွက်သွားသည်နှင့် သူတို့သွားသမျှနေရာတိုင်းတွင် မြက်တစ်ပင်မှ မပေါက်နိုင်တော့ပေ။
ကျွမ်းချင်က ဖေးယီနှင့်ပတ်သက်သည့်အကြောင်းကို သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးခဲ့သည်။ အားလုံးက သူတို့၏ ကိုယ်ပိုင်ထင်မြင်ချက်ကိုယ်စီနှင့်ပင်ဖြစ်သည်။ သက်ရှိအားလုံး၏ တည်ရှိမှုနောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုစီရှိသည်ဟု အားလုံးက ထင်မြင်ကြသော်လည်း အချို့ကမူ ယခုအချိန်တွင် ဖေးယီတစ်ကောင်တည်းသာ ကျန်ရှ်ိတော့သည်ဖြစ်၍ သူ့ကို အထူးမျိုးစိတ်အဖြစ် တန်ဖိုးထားစောင့်ရှောက်ရမည်ဟု ထင်ကြသည်။ သို့သော် အခြားလူများကမူ ဖေးယီ၏ သဘာဝစွမ်းရည်က အန္တရာယ်များလွန်း၍ လူသားများ၏ အသက်ကို မစွန့်စားသင့်ဟု ဆိုကြသည်။ ဖေးယီကို အကျဉ်းချထားလိုက်ပြီး အချိန်အတန်ကြာအောင် စောင့်ကြည့်ပြီးမှသာ နောက်ဆက်တွဲသက်ရောက်မှုများကို စောင့်ကြည့်ပြီး ကိုင်တွယ်သင့်သည်ဟု ပြောသူများလည်း ရှိကြသည်။
လူများစွာက ဂိုဏ်းကွဲပြီး တစ်ယောက်တစ်မျိုးဆွေးနွေးနေချိန်တွင် ကျွမ်းချင်က ဖြတ်ပြောလိုက်သည်။
" အခုချိန်မှာ အရေးကြီးဆုံးကိစ္စက ဖေးယီကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မဟုတ်ဘဲ သူ့ကို ဟွင်းရှီတောင်ပေါ်ကနေ ဘယ်သူခေါ်ထုတ်လာတာလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့ပါပဲ..."
" ဒါဆိုရင် သူ့ကို ဟွင်းရှီတောင်ပေါ်မှာပဲ ပြန်ထားရင်ရော..."
" မဖြစ်ဘူး... ကျွန်တော် ဟွင်းရှီတောင်ရဲ့ မြေမျက်နှာသွင်ပြင်အနေအထားကို စစ်ဆေးကြည့်ပြီးပြီ... အဲ့နေရာက ဖုန်းရွှေကို တစ်ယောက်ယောက်က ပျက်စီးအောင်လုပ်ထားလို့ ဖေးယီရဲ့ မွေးရာပါစွမ်းရည်ကို ချိတ်ပိတ်ထားလို့ မရတော့ဘူး..."
ကျွမ်းချင်က ထိုက်ဟွားတောင်၏ဓာတ်ပုံကို ထုတ်ပြလိုက်သည်။
" ထိုက်ဟွားတောင်ရဲ့ တောင်ထိပ်ဖျားတွေမှာ ပြင်ဆင်ရေးတွေအတွက် ပိတ်ထားတဲ့နေရာတွေရှိတယ် ကျွန်တော့်အထင်ကတော့ သူ့ကိုအဲ့မှာချိတ်ပိတ်ထားတာ ပိုကောင်းလိမ့်မယ်..."
" ထိုက်ဟွားတောင်က ခရီးသွားတွေအများကြီး လာတဲ့နေရာလေ... သိပ်တော့ မသင့်တော်ဘူးထင်တယ်..."
လုံခြုံရေးဌာနမှ လူတစ်ယောက်က တွန့်ဆုတ်နေသည်။
" ကျွန်တော်တို့ သူ့ကိုစိတ်တိုင်းကျသွားလာခွင့် ပေးထားမှာတော့ မဟုတ်ပါဘူး... လူတွေ လာမလည်တဲ့ တောင်ထိပ်မှာပဲ သူ့ကိုချိပ်ပိတ်ထားမှာပါ... အားလုံး ဘယ်လိုထင်လဲမသိဘူး..."
လူအားလုံးက ခေါင်းညိတ်ပြလိုက်သည်။ ကျွမ်းချင် ဤကိစ္စကို ကိုင်တွယ်နေ၍ သူတို့စိတ်အေးလက်အေးနေနိုင်ကြပေသည်။
အချိန်အတော်အတန်ကြာပြီးမှသာ သူတို့ ပြန်လည်တုံ့ပြန်နိုင်ကြသည်။
ဟမ် သူတို့တွေ ဖေးယီကို ဒီတိုင်းထားမလား မထားဘူးလား ဆွေးနွေးနေကြတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်လို့ ပြောနေတဲ့အကြောင်းက ဘယ်နေရာမှာ ထားရမလဲ ဖြစ်သွားတာလဲ...
ကျွမ်းချင်၏ အတွေးများကို သဘောပေါက်သွားသော်လည်း သူတို့ထဲမှ အနည်းငယ်က စိတ်ထဲမထားဘဲ ဖေးယီကို လူသားလောကသို့ ခေါ်လာသည့် အမည်မသိသတ္တဝါအကြောင်းကိုသာ ပြန်တွေးနေလိုက်ကြတော့သည်။
ကျင့်ကြံရေးနှင့် သက်ဆိုင်သည့်ကိစ္စများက သူတို့အတွက် အဆန်းတကြယ်ဖြစ်နေသော်လည်း သူတို့တစ်ဦးတစ်ယောက်ကမှ တွေးတောကြံဆခြင်းတွင် အားမနည်းကြပေ။
လုံခြုံရေးဌာန၏ခေါင်းဆောင် : " ယောင်လောကမှာ အရင်ကဖြစ်ပျက်နေခဲ့တာတွေအရဆိုရင်တော့ ယောင်ကျင့်ကြံသူတွေက နယ်မြေစိုးမိုးရေးအတွက် ကြံစည်နေတာဖြစ်နိုင်တယ်... အခု နဂါးသခင်က ဒီနေရာမှာ ရှိနေတော့ ဒီယောင်ကျင့်ကြံသူတွေက သတိလက်လွတ်မပြုမူရဲပဲ ဖေးယီကိုပဲ ကျုံးရှန်စီရင်စုမှာ ချပေးလိုက်ပြီး သူတို့အစား ညစ်ပတ်တဲ့ကိစ္စတွေ လုပ်ခိုင်းလိုက်တာဖြစ်မှာပေါ့... ကျုံးရှန်စီရင်စုက အဓိကစိုက်ပျိုးရေးလုပ်တဲ့ပြည်နယ်လို့ သတ်မှတ်လို့မရပေမယ့် အခု ဖေးယီပေါ်လာတဲ့အချိန်က ရိပ်သိမ်းတဲ့ရာသီနှောင်းပိုင်းကာလဆိုတော့ စီးပွားရေးအရ ဆုံးရှုံးမှုကတော့ အနေအထားတစ်ခုကိုတော့ ရောက်သွားတယ်..."
သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာနခေါင်းဆောင် : " ဒီကိစ္စက အနေအထားတစ်ခုအထိဆိုပြီး ပြောလို့တော့ မရဘူးထင်တယ်... အဖြစ်အပျက်က လုံးဝအချိန်ကိုက်ဖြစ်လွန်းနေတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကိုလုပ်တဲ့ အမည်မသိသတ္တဝါရဲ့ ရည်ရွယ်ချက်ကတော့ သေချာပေါက် လုံးဝကောင်းမှာ မဟုတ်ဘူး..."
ပညာရေးဌာနခေါင်းဆောင် : " သူက နဂါးသခင်ကို သတိပေးချင်တာများလား... ဒါမှမဟုတ် ရန်စချင်တာထင်တယ်..."
ပညာရေးဌာနခေါင်းဆောင်က အတိတ်တွင် စိတ်ပညာကို လေ့လာခဲ့ဖူးပြီး မှုခင်းစိတ်ပညာကို အထူးပြုသင်ကြားခဲ့သူဖြစ်သည်။ စိတ်ပညာနယ်ပယ်တွင်မူ သူက ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုခံထားရသော ထူးချွန်သူတစ်ယောက်ဖြစ်သည်။ သူ၏ ပြောကြားချက်က အားလုံး၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။
" အမည်မသိသတ္တဝါရဲ့ အထောက်အထားကို မသိရသေးတာဝောာင်မှ သူ့ရဲ့အပြုအမူကိုပဲကြည့်မယ်ဆိုရင်တောင် သူ့ပုံစံက တစ်ခုခုကို ကြံစည်နေတာ သေချာတာပဲလေ..."
ပညာရေးဌာနခေါင်းဆောင်၏ မျက်နှာထက်တွင် တည်ကြည်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
" သူက အခုလက်ရှိကျင့်ကြံရေးလောကရဲ့ပုံစံကို သဘောမကျလို့ အတိတ်ကလို ပြန်ဖြစ်ချင်နေတာလည်း ဖြစ်နိုင်တာပဲ..."
သူတို့နေထိုင်ရာနယ်မြေက အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး ၎င်းနယ်မြေက ထုတ်လုပ်ထားသည့် ဒဏ္ဍာရီလာသက်ရှိများစွာလည်း ရှိနေသည်။ လူသားလောကအတွက်မူ ကျင့်ကြံရေးလောက ဖရိုဖရဲဖြစ်နေခြင်းက သတင်းကောင်းမဟုတ်ပေ။
ကျွမ်းချင် မျက်ခုံးပင့်လိုက်သည်။
သက်တောင့်သက်သာရှိတဲ့ဘဝနဲ့ အသားကျသွားပြီဆိုရင် ဘယ်သူက နေရာအနှံ့သွားပြီး သတ်ဖြတ်ချင်နေမှာလဲ...
" ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ကြိုတင်ကာကွယ်မှုတွေ လုပ်ရမယ်... ပြင်ဆင်ထားတော့ အထိအခိုက်နည်းအောင် ကာကွယ်နိုင်တာပေါ့... သာမန်လူတွေရဲ့ အေးချမ်းနေတဲ့ ဘဝအတွက်ဆိုရင် ကြိုတင်ပြင်ဆင်ထားရတာ ဘာမှ အပန်းမကြီးပါဘူး..."
ပညာရေးဌာနခေါင်းဆောင်က ပြောလိုက်သည်။
ထိုလူအနည်းစုက စာတွေ့အကြောင်းအရာများကို ပြောဆိုလာကြ၍ ကျွမ်းချင်က ဖြတ်ပြောလိုက်သည်။
" ဒါဆိုရင်လည်း ကျေးဇူးပြုပြီး ဆက်ဆွေးနွေးကြပါဦး ကျွန်တော်ဖေးယီအတွက် စီစဉ်စရာရှိတာတွေ စီစဉ်လိုက်ဦးမယ်..."
" အိုင်း... လူငယ်လေးတွေကတော့ စွမ်းအင်တွေပြည့်နေတော့ ကောင်းလိုက်တာ... ဒီလောက် အချိန်နောက်ကျနေတာတောင် အချိန်ပို လုပ်ချင်သေးတယ်... ငါတို့ကတော့ အိုနေပြီဆိုတော့ သူတို့နဲ့ လိုက်ယှဉ်လို့ မရတော့ဘူး..."
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဌာနခေါင်းဆောင်က သမ်းဝေလိုက်သည်။
" ဘာကိုသွားယှဉ်နေတာလဲ ခင်ဗျားရဲ့အသက်က သူ့လိုမျိုး အနောက်မှာ သုညတွေအများကြီးပါလို့လား..."
လုံခြုံရေးဌာနခေါင်းဆောင်က ပြောပြီးသည်နှင့် video-conferenceကို ပိတ်သွားသောကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဌာနခေါင်းဆောင်က မျက်နှာပြင်အမည်းကြီးကိုသာ ဒေါသထွက်နေရသည်။
သူတို့အသက်တွေကို ယှဉ်မယ်တဲ့လား... အပြင်ပိုင်းခန္ဓာကိုယ်အခြေအနေကိုပဲ သေချာကြည့်ရမှာလေ..."
.....