🐰Chapter 130🐉
နှလုံးသားကိုးပါး အတိဒုက္ခ
ဖူလီ ထပ်မံအိမ်မက်မက်ပြန်သည်။ သူက 'လမ်းပေါ်က ခက်ရင်းခွ' ကို ကစားနေသည့်အကြောင်း အိမ်မက်မက်နေခြင်းဖြစ်သည်။ ကြယ်တာရာအလင်းတန်းများဖြင့် ပြုလုပ်ထားသည့် လမ်းမပေါ် လျှောက်လှမ်းပြီး ခဏအကြာတွင် ခက်ရင်းခွတစ်ချောင်းပေါ်လာသည်။ ပထမခက်ရင်းခွ ပေါ်လာသည့်နေရာတွင် အမျိုးသမီးတစ်ယောက်က ဘယ်ဘက်တွင်ရပ်နေပြီး လမ်းအလွတ်တစ်ခုက ညာဘက်တွင် ရှိနေသည်။ ဖူလီက တွေးတောနေခြင်းမရှိပဲ ညာဘက်လမ်းသို့
လျှောက်သွားလိုက်ကာ ခေါင်းမော့ရန်ပင် ရှက်နေမိသည်။
လူသားအမျိုးသမီးများက မလုံ့တလုံ ဝတ်စားထားချိန်တွင် ယောက်ျားလေးဖြစ်သည့်သူက နေရာတိုင်းကို လျှောက်မကြည့်သင့်ကြောင်း အစ်မကြီးရစ်ငှက်က သူ့ကိုပြောပြဖူးသည်။
ဒုတိယခက်ရင်းခွနေရာတွင်မူ တောင်ပုံရာပုံဖြစ်နေသည့် ရတနာများကို ဘယ်ဘက်တွင် ထားထားသည်။ လမ်းမကြီးတစ်ခုလုံးကိုပင် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ညာဘက်တွင်မူ သာမန်လမ်းကျဉ်းလေးတစ်ခုသာရှိနေပြီး လမ်းဘေးတစ်လျှောက်တွင် ပန်းပွင့်ငယ်လေးများစွာ ပွင့်လန်းနေသည်။
အရူးကပဲ ဘယ်ဘက်လမ်းကို ရွေးမှာပေါ့... ဒီ ကျောက်တွေက ညီမှမညီတာ... အဲ့အပေါ်ကို နင်းရမယ်ဆိုရင် ခြေထောက်အရမ်းနာမှာပဲ...
တတိယမြောက်ခက်ရင်းခွတွင်မူ သန့်စင်သည့် အလင်းတန်းများ ဖြာထွက်နေသော ဓားတစ်ချောင်းက ဘယ်ဘက်တွင် ရှိနေသည်။
ဖူလီက ညာဘက်လမ်းကိုသာ ဆက်လျှောက်သွားသည်။ ထိုလက်နက်များက သူ့အတွက် ပျော်စရာမကောင်းလှပေ။ သူ၏ချမ့်ခွန်းအိတ်ထဲမှ ငါးရောင်ခြယ်သန့်စင်အလင်းဓားနှင့်ပင် ယှဉ်မရပေ။
စတုတ္ထမြောက်ခက်ရင်းခွတွင်မူ ဘယ်ဘက်၌ ခမ်းနားထည်ဝါသော ဧကရာဇ်နန်းတော်ကြီးနှင့် မရေမတွက်နိုင်သောအစေခံများက မြေပြင်တွင် ဒူးထောက်နေကြသည်။
ဒီလိုမျက်မှောက်ခေတ်မှာတောင် ပဒေသရာဇ်စနစ်ကို ကျင့်သုံးပြီး လမ်းဟောင်းလိုက်နေကြတာလား... သူက အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်လာချင်တဲ့မိစ္ဆာလေ... ဒီလိုအတွေးအခေါ်မျိုးက လက်သင့်မခံနိုင်စရာပဲ...
ပဉ္စမ၊ ဆဌမနှင့် သတ္တမ ခက်ရင်းခွများတွင်လည်း ဖူလီက လမ်းအလွတ်ကိုသာ ရွေးချယ်ခဲ့သည်။ ကျင့်ကြံရေးနည်းလမ်းများ၊ ဝိညာဉ်ဆေးလုံးများနှင့် ရှေးဟောင်းအမွေအနှစ်များ အစရှိသည်တို့ဖြင့် သူ့ကိုမဆွဲဆောင်နိုင်ပေ။
အဌမမြောက်ခက်ရင်းခွကို ရောက်သည့်အခါ ဘယ်ဘက်တွင် ရောင်ပြန်မြူတောင်မှ မိစ္ဆာများကို တွေ့လိုက်ရသည်။ ဖူလီ၏ နှာခေါင်းသည်ပင် စွေစောင်းလုဆဲဆဲဖြစ်သွားသည်။
ဒါ ဘယ်လိုတောင် ပုပ်သိုးနေတဲ့ အိမ်မက်ကြီးလဲ... လက်တွေ့နဲ့ ဘာမှကို မဆိုင်ပါလား... သူ့လှိုဏ်ဂူဝမှာနေတဲ့ စာကလေးက အရမ်းဟိတ်ဟန်များတာလေ... သူ့အတွက် မြေကြီးပေါ်က ဆန်စေ့တွေကို နှုတ်သီးနဲ့ ထိုးဆိတ်ပြီး ကောက်ရတာက တကယ်ကို မခံမရပ်နိုင်ဖြစ်စရာပဲ... အဲလိုမျိုး ကြက်ပေါက်စလေးတွေပဲလုပ်တာလို့ သူပြောဖူးတယ်...
နဝမမြောက်ခက်ရင်းခွတွင်မူ ဖူလီက ဧရာမတံခါးနှစ်ချပ်ကို တွေ့လိုက်သည်။ ဘယ်ဘက်မှ တံခါးကိုမူ သလင်းကျောက်ဖြင့် ပြုလုပ်ထားပြီး အလယ်တွင် "အင်မော်တယ်နန်းတော်" ဟူသည့်ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။ ကောင်းကင်ဘုံတေးဂီတသံများကလည်း ပျံ့လွင့်နေသည်။ ညာဘက်တွင်မူ အနက်ရောင်သစ်သားတံခါးတစ်ချပ်ရှိပြီး အလယ်တွင် "မြေအောက်ကမ္ဘာ" ဟူသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။ တံခါးဘေးတွင် အနက်ရောင်ကျောက်စိမ်းပြားတစ်ပြားကို ထောင်ထားပြီး " ငါမှ မြေအောက်လောကကိုမသွားရင် ဘယ်သူသွားမှာလဲ" ဟူသောစာကို ရေးထားသည်။
ဖူလီက တွန့်ဆုတ်ခြင်းမရှိဘဲ ဘယ်ဘက်မှတံခါးကို တွန်းဖွင့်လိုက်သည်။ သူက မြေအောက်လောကကို မြင်တွေ့ပြီးဖြစ်သော်လည်း အင်မော်တယ်နန်းတော်က မည်သည့်ပုံစံဖြစ်ကြောင်း မမြင်ဖူးသေးပေ။
သို့သော် ခမ်းနားထည်ဝါလှသည့် တံခါးချပ်ကြီးကို တွန်းဖွင့်လိုက်သည်နှင့် အနောက်တွင် နေရာလွတ်ကြီးဖြစ်ပြီး ဗလာကျင်းနေသည်။ သူ အနောက်ကို လှည့်ကြည့်လိုက်သည်။ သူထင်ထားသည့်အတိုင်း သူ့နောက်တွင် ကျယ်ပြန့်လှသော အမှောင်ထုကြီးတစ်ခု ရှိနေသည်။ လမ်းများအားလုံးက အမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည်။
" ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေပြင်ရဲ့ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်မျိုးကို ပိုင်ဆိုင်ထားသင့်တယ်... မင်း ဒီနေရာကိုဝင်လာဖို့အတွက် ဘာကြောင့် မြေအောက်လောကကို လက်လျှော့လိုက်တာလဲ..."
ငြင်သာမှုကင်းမဲ့ပြီး ထာဝရတည်ရှိနေမည်ဟု ထင်ရသည့် အသံတစ်သံက ဖူလီ့နားထဲ ဝင်ရောက်လာသည်။ သူ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ့ကိုယ်သူ မေးခွန်းထုတ်နေသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
" သက်ရှိအများစုက အလင်းရောင်ကိုပဲ လိုလားတောင့်တကြတယ်... ကျွန်တော်မပြောနဲ့ ဖိုးဖလံတွေတောင်မှ သူတို့ဘာသာ မီးထဲဝင်တိုးကြသေးတာပဲ..."
" ပိုးဖလံတွေရဲ့ဘဝက အချိန်ခဏတာလေးပဲ သူတို့က ဆင်းရဲဒုက္ခဆိုတဲ့အရာကို မသိကြဘူး... မင်းက နှစ်ပေါင်းများစွာတောင် ကျင့်ကြံလာခဲ့ပြီးပြီပဲ ဒါကို သဘောမပေါက်သေးဘူးလား..."
ဤအိမ်မက်က အနည်းငယ်ထူးဆန်းသည်ဟု ဖူလီခံစားလိုက်ရသည်။
သူက ဘဝကို အပြီးပြည့်စုံဆုံးအခြေအနေထိ အဆင်ပြေအောင် နေနေတာပဲ ဘာကို သဘောပေါက်ဖို့ လိုလို့လဲ...
" ကိုယ့်ရဲ့ ဆန္ဒကိုဖြည့်ဆည်းဖို့က အရာအားလုံးထဲမှာ အရေးအကြီးဆုံးပဲ မဟုတ်ဘူးလား.. တကယ်လို့ ကျွန်တော်က ဒီတံခါးကို ဖွင့်ချင်ပေမယ့် တခြားတံခါးတစ်ချပ်ကို ဖွင့်လိုက်မယ်ဆိုရင် ဒါမျိုးကို 'သဘောပေါက်နားလည်မှု' လို့ ပြောနိုင်သေးတာလား... ကိုယ့်ရဲ့ နှလုံးသားစေစားရာနောက်ကိုလိုက်ပြီး ကောင်းကင်ဘုံစည်းမျဉ်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတာက အကောင်းဆုံး တာအိုနှလုံးသားပဲမလား..."
အသံက ခဏတာ ငြိမ်သက်သွားသည်။
" မင်း ဘာဖြစ်လို့ မြေအောက်လောကကို မသွားချင်ရတာလဲ..."
" ကျွန်တော် မြေအောက်လောကကို ရောက်ဖူးပေမယ့် အင်မော်တယ်နန်းတော်ကို မရောက်ဖူးသေးဘူးလေ... ယောင်ကျင့်ကြံသူတစ်ယောက်ရဲ့သက်တမ်းက ရှည်လွန်းတယ်... တစ်ခါတစ်လေကျ အန္တရာယ်မပေးနိုင်တဲ့ သိချင်စိတ်တွေကို ထိန်းထားတာမျိုးက ကျွန်တော့်ဘဝကို ပိုပြီး စိတ်ဝင်စားစရာကောင်းစေတယ်လေ..."
ဖူလီက မေးခွန်းပြန်ထုတ်လိုက်သည်။
" မင်းက ဘယ်သူလဲ... ဘာလို့ ကျွန်တော့်ရဲ့ အိမ်မက်ထဲမှာ ပေါ်လာရတာလဲ..."
" ငါက မင်းရဲ့ တာအိုနှလုံးသားလေ..."
" ဒီမိစ္ဆာကို လာလိမ်ဖို့ မကြိုးစားနဲ့... ကျွန်တော့်ရဲ့ တာအိုနှလုံးသားက ဒီလောက်အထိ စိတ်အနှောင့်အယှက် ပေးမယ်တဲ့လား..."
ဖူလီ မျက်ခုံးပင့်လိုက်သည်။
" မင်းက ဘာလဲဆိုတာ ကျွန်တော်မသိပေမယ့်... မင်းဆီကနေ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတာကိုတော့ မခံစားမိလို့ စကားအချေအတင်မပြောတော့ပါဘူး... မင်း မြန်မြန်ထွက်သွားတာ ပိုကောင်းလိမ့်မယ်..."
ဖူလီ၏ တာအိုနှလုံးသားဟု ပြောခဲ့သောအသံက အချိန်အတန်ကြာသည်အထိ ငြိမ်သက်သွားသည်။ ဖူလီက သူထွက်သွားသည်ဟု ထင်လိုက်ချိန်မှသာ နောက်ထပ်အသံတစ်သံ ပေါ်ထွက်လာသည်။
" ကိုး ဆိုတာ နံပါတ်ကောင်းတစ်ခုပဲ... ဒီနေ့ကစပြီး မင်းရဲ့တာအိုစွမ်းအားက သိသိသာသာ အဆင့်မြင့်သွားပြီ... အခု နိုးထလာလိုက်တော့..."
ဖူလီ အိမ်မက်ထဲမှ အလန့်တကြားနိုးလာပြီးနောက်တွင် အခန်းထဲမှာ အလှဆင်ပစ္စည်းအားလုံးက အပိုင်းပိုင်အစစ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ပြတင်းပေါက်မှန်များကလည်း မရှိတော့ဘဲ စုတ်ပြဲနေသည့် ပြတင်းပေါက်လိုက်ကာနှစ်ခုကသာ လေနှင့်အတူ လွင့်နေသည်။
သူ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ရှေ့လက်ဖဝါးနှစ်ဖက်တွင် နှင်းတမျှဖြူဖွေးနေသည့်အမွေးများကို မြင်လိုက်ရသည်။
သူ့ရဲ့အမွေးတွေက ဘယ်တုန်းတည်းက ဒီလောက်ဖြူသွားတာလဲ...
......
ကျွမ်းချင် video-conferencingအခန်းထဲမှ လမ်းလျှောက်ထွက်လာချိန်တွင် ဝန်ထမ်းအဆောင်များဘက်မှ စွမ်းအားကြီးသော မိစ္ဆာချီဓာတ်လှိုင်းများ နေရာအနှံ့သို့ ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။ အရာအားလုံးပေါက်ကွဲထွက်သွားသည့်အသံက အဆောက်အဦးတစ်ခုလုံးတွင် ထွက်ပေါ်လာသည်။ ပြတင်းပေါက်မှန် တစ်ချပ်ပြီးတစ်ချပ် အပိုင်းပိုင်းအစစ ဖြစ်သွားသည်ကို သူကြည့်နေမိသည်။
အဲဒါတွေက ဒီနှစ်မှ စတပ်ထားတဲ့ အထူးမှန်တွေလေ...
ကုန်းဖုက တရားထိုင်နေစဉ်တွင် ရုတ်ချည်း မျက်လုံးများပွင့်လာသည်။ သူ မယုံကြည်နိုင်စွာဖြင့် ပြတင်းပေါက်နား လျှောက်သွားလိုက်သည့်အခါ လေထဲတွင် အားပြင်းသော မိစ္ဆာချီဓာတ်များ ရှိနေသည်ကို ခံစားလိုက်ရသည်။ နှလုံးသားကိုးပါးစစ်ဆေးချက်ကို အောင်မြင်သွားသည့် ဝိညာဉ်မိစ္ဆာကို သူ နောက်ဆုံးမြင်ခဲ့ဖူးသည်မှာ လွန်ခဲ့သော နှစ်ရှစ်ထောင်ခန့်က ဖြစ်သည်။
' ကိုးဆိုတာ နံပါတ်ကောင်းတစ်ခုပဲ' ဟူသည့်စကားနှင့်အတူ အခြားအရာပေါင်းများစွာဖြင့် ယောင်ကျင့်ကြံသူများကို ဆွဲဆောင်ခြင်းဖြစ်သည်။ ဝိညာဉ်ချီဓာတ်ရှိသော ယောင်ကျင့်ကြံသူများ သို့မဟုတ် သက်မဲ့အရာများမှ မိစ္ဆာဖြစ်လာသူများက စစ်မှန်သည့် မဟာမိစ္ဆာဖြစ်လာလိုပါက နှလုံးသားကိုးပါးအတိဒုက္ခကို ဖြတ်သန်းရပေသည်။
ရှေးအချိန်များတွင်မူ ကောင်းကင်နှင့်ကမ္ဘာမြေချီဓာတ်ကြောင့် အသွင်ယူလာနိုင်သည့် အရေအတွက်က မနည်းလှသော်လည်း သူတို့ထဲမှ အနည်းငယ်ခန့်ကသာ မဟာမိစ္ဆာဖြစ်လာနိုင်သည်။ ခွန်းဖမ်ကလည်း သူတို့ထဲမှတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။
အဆောက်အဦးထဲမှ မိစ္ဆာအားလုံး နိုးနိုးကြားကြားဖြစ်ကုန်သည်။ မိစ္ဆာအများစုက ဖြစ်ကြောင်းကုန်စင်ကို မသိကြဘဲ မည်သည့်မိစ္ဆာက ညလယ်ခေါင်တွင် အဆင့်တက်နေသည်ဟုသာ တွေးနေကြသည်။
အဆင့်တက်တယ်ဆိုတာမျိုးက တောထဲတောင်ထဲက လူမရှိတဲ့နေရာမျိုးမှာ လုပ်ရတယ်ဆိုတာ မသိကြဘူးလား...
ပြီးတော့ ပြတင်းပေါက်မှန်တွေပါ ကွဲထွက်ကုန်တာဆိုတော့... သူတို့တွေ ဌာနအသုံးစရိတ်နဲ့ ပြန်ပြင်လို့ ရပါ့မလား...
" ဖူလီ..."
ကျွမ်းချင်က ဖူလီ့အခန်းတံခါးမှ အမြန်ပြေးဝင်လာသည်။
" မင်း အဆင်ပြေရဲ့လား..."
နောက်တစ်စက္ကန့်တွင် သူ ငြိမ်ကျသွားသည်။
ခန္ဓာကိုယ်က နှစ်ဆခန့်ကြီးသွားသော အမွေးထူ သတ္တဝါလေးမှာ အမွေးများက အလွန်အမင်းဖြူဆွတ်လာပြီး နှဖူးပြင်တွင်လည်း အနီရောင် အမှတ်တစ်ခု ပေါ်လာသည်။
အဲဒါဖူလီလား...
ဖူလီက ပစ္စည်းပုံကြီးထဲမှ ခုန်ထွက်လာသည်။ သူ့ကိုယ်ပေါ်မှ အပိုင်းအစများကို ခါထုတ်လိုက်ပြီးနောက် ရှေ့လက်ဖဝါးနှစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏ အရှိန်အဝါကြီးလာသော ခန္ဓာကိုယ်ကို အလွန်အမင်းစိတ်ကျေနပ်နေသော်လည်း သူ့ခန္ဓာကိုယ်က အဘယ့်ကြောင့် တဖြည်းဖြည်းကြီးလာရသည်ကို မသိပေ။ သို့ရာတွင် ယခုအချိန်၌ သူ၏သွေးကြောများက ရှင်းလင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဝိညာဉ်ချီဓာတ်တို့ ပြည့်လျှံနေသည်။ ယခင်က မောပမ်းနွမ်းနယ်နေခဲ့သော ခံစားချက်က အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း ယခင်က ဤမျှအထိ ခံစားချက် မကောင်းဖူးပေ။
" အိုင်းရိုး ဘုရားရေ..."
ခွန်းဖမ်က တစ်ဟုန်ထိုးပြေးလာသည်။ ဖူလီ၏ မူရင်းပုံစံကို တွေ့သည့်အခါ သူ့မျက်လုံးကို မပွတ်ဘဲ မနေနိုင်တော့ပေ။
သူ့အမွေးရဲ့အရောင်က အဲ့လောက် တောက်ပလွန်းတာလား... သူ နှလုံးသားကိုးပါးအတိဒုက္ခကို ဖြတ်ကျော်လာနိုင်တုန်းက စွမ်းအားကြီးတဲ့ ရူပစွမ်းရည်တွေများ ရလာတာလား...
" ဖူလီက ဘာလို့ အဲ့လိုမျိုးဖြစ်သွားရတာလဲ..."
ဖူလီ၏ အမွေးများက အလွန်ကိုင်၍ ကောင်းမည်ဟု ကျွမ်းချင်ခံစားနေမိသည်။ သို့ရာတွင် ယုန်မွေးများပေါ် ဖုန်တစ်စက်မှ မတင်နေသည်ကို တွေ့သောအခါ သူ့စိတ်ကို မနည်းပြန်ထိန်းချုပ်ထားလိုက်သည်။
" ကောင်းကင်ဘုံကြောင့် မွေးဖွားလာပြီး ကမ္ဘာမြေပြင်ကြီးက အာဟာရပြည့်ဝအောင် ထောက်ပံ့ပေးထားတဲ့ ယောင်ကျင့်ကြံသူတစ်ယောက်က သူတို့မမွေးဖွားလာခင်တည်းက ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ချီဓာတ်ကို စုပ်ယူနိုင်တယ်... ကံကောင်းတဲ့သူတွေက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုရအောင် အသွင်ယူနိုင်ပြီး ကံဆိုးတဲ့သူတွေကတော့ ကမ္ဘာမြေပြင်ကို ပြန်ပေးဆပ်ရတဲ့အနေနဲ့ ဝိညာဉ်ချီဓာတ်အဖြစ် ပျောက်ကွယ်သွားရတယ်..."
ကုန်းဖုက လက်နှစ်ဖက်ပွတ်ပြီး ဖူလီ့အမွေးများကို ပွတ်ကြည့်ရန် ပြင်လိုက်သည်။ သို့ရာတွင် သူ့ဘေးနားမှနဂါးက သူ့ထက် ပိုမိုလျင်မြန်စွာ လှုပ်ရှားလိုက်ပြီး မျက်စိတစ်မှတ်အတွင်းမှာပင် ဖူလီ့ကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။
" ခန္ဓာကိုယ်ရသွားတဲ့ ယောင်ကျင့်ကြံသူတွေက ပထမဆုံး အခက်အခဲကို ကျော်ဖြတ်ပြီးသား ဖြစ်သွားတယ်... ဒုတိယ အခက်အခဲကတော့ လူသားအသွင်ပြောင်းဖို့ပဲ... ယောင်လောကမှာဆိုရင် လူသားအသွင်မပြောင်းနိုင်တဲ့ မိစ္ဆာတွေကို နိမ့်ကျတယ်လို့ သတ်မှတ်ကြတယ်... တတိယမြောက် အခက်အခဲကတော့ နှလုံးသားကိုးပါးအတိဒုက္ခကို ကျော်ဖြတ်ရတာပဲ... နှလုံးသားကိုးပါးအတိဒုက္ခကို ကျော်ဖြတ်ပြီးမှ သူတို့ကို မိစ္ဆာအစစ်လို့ သတ်မှတ်နိုင်တယ်..."
ခွန်းဖမ်က ရှင်းပြနေသည်။
အရင်ခေတ်တွေတုန်းက ဆိုရင်တော့ ဝိညာဉ်ချီဓာတ်ကနေ အသွင်ယူနိုင်တဲ့ မိစ္ဆာပေါင်းများစွာက နှလုံးသားကိုးပါးအတိဒုက္ခကို မကျော်ဖြတ်နိုင်လို့ ပျောက်ကွယ်သွားကြရတယ်... ဖူလီလေး လူကြီးအစစ်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်..."
ဖူလီ့ကိုဖက်ထားသော ကျွမ်းချင်၏လက်များက မတုန်ယင်ပဲ မနေတော့ပေ။
ဖူလီက အဲ့လိုခြောက်ခြားစရာကိစ္စကြီးကို တကယ်ကြုံတွေ့ခဲ့ရတာပဲ... တကယ်လို့ သူသာ မကျော်ဖြတ်နိုင်ခဲ့ဘူးဆိုရင်...
သူ့လည်ချောင်းထဲတွင် သွေးအရသာများ တဖြည်းဖြည်းတက်လာသည်။ ကျွမ်းချင်က ဖူလီ၏ ယုန်ဖွေးဖြူဖြူလေးကို ပွတ်သပ်ပြီး သွေးများကို မျိုချလိုက်သည်။
" မင်း ပိုလေးလာတာပဲ..."
" လူကြီးမင်းခွန်းဖမ် အဲဒါ ဘာကိုပြောတာလဲဟင်... နှလုံးသားကိုးပါးအတိဒုက္ခဆိုတာ ဘာလဲ..."
ဖူလီက ကျွမ်းချင်၏ပခုံးပေါ် မေးတင်ပြီး ခွန်းဖမ်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
တကယ်လို့ အဲ့အိမ်မက်ကသာ နှလုံးသားကိုးပါးအတိဒုက္ခဆိုရင်တော့ တော်တော်လေးကိုလွယ်တာပဲ...
" မင်းကို ကျွေးမွေးပြုစုခဲ့တဲ့ မိစ္ဆာတွေက အဲ့အကြောင်းမပြောပြခဲ့ဘူးလား..."
ခွန်းဖမ်က ဤကိစ္စကို ထူးဆန်းသည်ဟု ထင်လာသည်။ တချို့သော အခြေအနေများတွင်မူ ဖူလီက ရှေးခေတ်ကာလအကြောင်းများကို လက်တစ်ဖက်လှန်လိုက်သကဲ့သို့ နားလည်ပေသည်။ သို့သော်လည်း ရံဖန်ရံခါတွင်မူ သူက ကလေးတစ်ယောက်သဖွယ် ဘာမှမသိပေ။
သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ယောင်ကျင့်ကြံသူတွေက ဘာလုပ်နေခဲ့တာများလဲ... တချို့ကိစ္စတွေကို အလေးပေးခဲ့တယ်ဆိုရင်တောင် ဒီလောက်အထိ လုပ်ဖို့မလိုဘူးလေ...
" နှလုံးသားကိုးပါးအတိဒုက္ခဆိုတာ ဘယ်လိုမျိုးဆိုတာ မင်းမသိဘူးလား..."
ဖူလီ၏ ကျင့်ကြံဆင့်က မကြာသေးမီအချိန်က ကတိုက်ကရိုက်တိုးတက်သွားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်လည်း နှလုံးသားကိုးပါးအတိဒုက္ခကို ရုတ်ချည်းကြုံတွေ့လိုက်ရပေသည်။ အကယ်၍ ဖူလီက ဤနေရာတွင် ကောင်းမွန်စွာ ရှိမနေခဲ့ပါက ကောင်းကင်ဘုံစည်းမျဉ်းက ဖူလီ့ကို သေစေချင်နေသည်ဟု သံသယဖြစ်မိပေမည်။
" ကျွန်တော် အိမ်မက်ပဲ မက်ခဲ့တာပါ... အဝတ်အစားမပါတဲ့ မိန်းမလှလေးတစ်ယောက်၊ အမွေးပြောင်ချောချောနဲ့ ယုန်တစ်ကောင်၊ ကျောက်မျက်ရတနာ၊ နတ်ဘုရားလက်နက်တွေ၊ ဝိညာဉ်လက်နက်တွေနဲ့ ကျင့်ကြံရေးနည်းစနစ် အဲဒါတွေပဲ မြင်ခဲ့တယ်... ကျွန်တော့်မှာက ရတနာတွေ၊ နတ်ဘုရားလက်နက်တွေနဲ့ ကျင့်ကြံရေးနည်းစနစ်တွေ မရှိတာလည်း မဟုတ်ဘူးလေ... ရုပ်ချောတဲ့လူတွေ ယုန်တွေနဲ့လည်း နီးကပ်လွန်းတာ မကောင်းဘူး ရိုင်းရာကျတယ်လေ..."
ဖူလီက မျက်ခုံးများ တွန့်ကွေးလိုက်သည်။
" အဲဒါတွေ အားလုံးထဲမှာ အဓိပ္ပါယ် မရှိဆုံးကတော့ အိမ်မက်ထဲမှာ တချို့လူတွေက ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ် ဟန်ဆောင်နေတာပဲ... သူတို့က ဟန်ဆောင်မကောင်းကြဘူး... ကျွန်တော်က အရင်းနှီးဆုံမိတ်ဆွေတွေရဲ့ ပုံစံနဲ့ သူတို့သဘောကျတာတွေကို မှတ်မိနေသေးတယ်... ရှန်းကလည်း အရင်တစ်ခေါက်တုန်းက ဒီနည်းလမ်းသုံးပြီး ကျွန်တော့်ကို လိမ်ခဲ့တယ် အခုလည်း ဒီလိုထပ်လုပ်ပြန်ပြီ... တော်တော်လေးကို အသုံးများကြတဲ့ နည်းလမ်းပဲ..."
ခွန်းဖမ်က သူ့ကိုငေးစိုက်ကြည့်နေလိုက်သည်။ ဖူလီ့အတွက်မူ ကျင့်ကြံသူအများစု နေ့နေ့ညညတောင့်တနေကြသည့် အရာများက လုံးဝ မက်မောစရာ ဖြစ်မနေပေ။ သူနှင့် အရင်းနှီးဆုံးမိတ်ဆွေများ၏ ပုံရိပ်ယောင်ကိစ္စတွင်မူ ဖူလီက သူတို့အကျင့်စရိုက်များနှင့် ကျွမ်းဝင်နေပြီးသည့်အပြင် တစ်ကြိမ်အညာခံခဲ့ရသောကြောင့် ထိုထောင်ခြောက်ထဲ နောက်တစ်ကြိမ် ထပ်မကျခြင်းဖြစ်သည်။ သူ့ အတွေးမှားသွားခဲ့သည်။ ကောင်းကင်ဘုံစည်းမျဉ်းက ဖူလီ့ကို မသေစေချင်ရုံသာမက သူ့အတွက်ပါ အနောက်တံခါးဖွင့်ပေးထားခဲ့ပေသည်။
" နောက်ဆုံးအခက်အခဲကရော..."
ခွန်းဖမ်က နှလုံးသားကိုးပါးအတိဒုက္ခကို မကျော်ဖြတ်နိုင်မီ နှစ်တစ်ရာကျော် အချိန်ကုန်ခဲ့ရပြီး ငါးဝတုတ်ကြီးတစ်ကောင် ဖြစ်လုနီးပါး အခြေအနေကို ကြုံတွေ့ခဲ့ရသောကြောင့် မနာလိုဖြစ်နေမိသည်။
" အဲ့မှာ တံခါးနှစ်ချပ်ရှိတာ ကျွန်တော်က ပိုလှတဲ့ တံခါးချပ်ကို ရွေးလိုက်တယ်..."
ခွန်းဖမ် အသက်ရှုရပ်လုနီးပါး ဖြစ်သွားသည်။ ထိုလှပသည့်တံခါးက ထောင်ခြောက်ဖြစ်ပေသည်။ ထိုတံခါး၏နောက်တွင် လောကကြီး၌ အလှပဆုံးဖြစ်သည့် စိတ်ကူးယဉ်နယ်မြေရှိသည်။ ရှေးခေတ်အချိန်ကတည်းက ကျင့်ကြံသူပေါင်းများစွာက ထိုနေရာတွင် ကျရှုံးခဲ့သည်။
" နောက်ဆုံးကျတော့ အဲတံခါးနောက်မှာရှိနေတာ နေရာလွတ်ကြီးတစ်ခု ဖြစ်နေတယ်... ကျွန်တော့်ရဲ့ တာအိုနှလုံးသားအယောင်ဆောင်ထားတဲ့ အသံနဲ့ ခဏလောက် စကားများပြီးတော့ ကျွန်တော်လန့်နိုးလာတာပဲ..."
ဖူလီက ပျော်ရွှင်စွာဖြင့် သူ့လက်ဖဝါးဖြူလေးများကို မြှောက်လိုက်သည်။
" ပြီးတော့ ကျွန်တော့်ရဲ့ မူရင်းပုံစံက ခံ့ညားထည်ဝါလာတော့တာပဲ..."
သူက ဖြူဖြူလုံးလုံးကြီး ဖြစ်လာတာလေ ဘာတွေ ခံ့ညားထည်ဝါနေတုန်း...
ခွန်းဖမ် ပြောစရာစကားမဲ့သွားသည်။
ဒါတော့ မဟုတ်သေးဘူးထင်တယ်... အတိဒုက္ခကို ဖြတ်နိုင်ခဲ့တဲ့ ယောင်ကျင့်ကြံသူတစ်ယောက်နဲ့ သူဆွေးနွေးဖူးတုန်းကကျတော့ သူတို့အားလုံးက မြေအောက်လောကတံခါးကိုဖွင့်ခဲ့ရတဲ့အပြင် သူတို့ တန်ဖိုးအထားဆုံးအရာတွေနဲ့ ခွဲခွာခဲ့ရပြီး သေခြင်းရှင်ခြင်းရဲ့ ခါးသီးမှုတွေကိုလည်း ကျော်ဖြတ်ခဲ့ရတယ်၊ နာမကျန်းဖြစ်တာနဲ့ ဆင်းရဲခြင်းရဲ့ ရက်စက်ခြင်းတွေကိုလည်း ကြုံတွေ့ခဲ့ရတယ်တဲ့... အဲဒီအချိန်တွေကို ဖြတ်ပြီးမှ အတိဒုက္ခကို ကျော်နိုင်တယ်လို့ သတ်မှတ်ကြတာ... ဖူလီကရော ဘာတွေကြုံတွေ့ခဲ့ရတာလဲ...
" ဘာလို့လဲဆိုတော့ သူ့နှလုံးသားထဲမှာ လိုလားတောင့်တစိတ်တွေ မရှိလို့ပဲ..."