အပိုင်း ၁၃၁
Viewers 38k

🐰Chapter 131🐉



" ဘာလို့လဲဆိုတော့ သူ့နှလုံးသားထဲမှာ လိုလားတောင့်တစိတ်တွေ မရှိလို့ပဲ..."

ခွန်းဖမ်၏စိတ်ထဲတွင် ကုန်းဖု၏အသံက ပဲ့တင်ထပ်လာသည်။ ခွန်းဖမ် ဘေးကိုကြည့်လိုက်သည့်အခါ ကုန်းဖုက သူ့ဘေးနားရောက်နေသည်ကို တွေ့လိုက်ရသည်။ 

" တခြားလူတွေရဲ့ အိမ်မက်ထဲမှာ တောင့်တခဲ့ရတဲ့ အရာအားလုံးကို သူက ပိုင်ဆိုင်ထားပြီးပြီလေ..."

ကုန်းဖုက အနည်းငယ်စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ဖူလီ၏အခန်းတံခါးတွင် ပေါ်လာသည်။ 

" မရေမတွက်နိုင်တဲ့ ရတနာတွေကို ပိုင်ဆိုင်ထားတဲ့ ယောင်ကျင့်ကြံသူတွေက တင်းတိမ်ရောင့်ရဲနိုင်ပြီးတော့ အသန်မာဆုံးနှလုံးသားရှိတတ်ကြတယ်..."

ခွန်းဖမ်က မျက်ခုံးများ တွန့်ချိုးလိုက်သည်။

" ငါတို့က ဒီလောက်နီးနေတာကို မင်းဘာလို့ အသံကူးပြောင်းစွမ်းရည် သုံးနေတာလဲ... ပြီးတော့ ဖူလီ့ကို ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ ယောင်ကျင့်ကြံသူတွေက ဘယ်လိုစွမ်းရည်မျိုးတွေ ရှိနေလို့လဲ... သူတို့အားလုံးက သူ့ကို အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်အများကြီး ပေးထားလွန်းလို့ သူက နှလုံးသားကိုးပါးအတိဒုက္ခထဲမှာ ပေါ်လာတဲ့ ပစ္စည်းတွေကိုပါ အထင်သေးနေရတာလဲ..."

ဖူလီ၏ အကြီးအကဲဟု ပြောခဲ့သောငှက်နီက ထောင်ဝူကို အလွယ်တကူဖမ်းချုပ်ထားနိုင်ခဲ့၍ ခွန်းဖမ်၏ရင်ထဲတွင် တလှပ်လှပ်ဖြစ်ခဲ့ရသည်။

ကံကောင်းသည်မှာ သူ ပင်လယ်ကြမ်းပြင်တွင် ချိတ်ပိတ်ခံထားရာမှ ပထမဆုံးထွက်လာချိန်တွင် ဖူလီ့ကို ဒဏ်ရာအကြီးအကျယ်ရအောင် မလုပ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်ပဲ သူတို့ကလေးကို ရိုက်မိသောကြောင့် ဖူလီ၏ အကြီးအကဲတစ်ယောက်က ထွက်လာခဲ့လျှင် သူ့ခန္ဓာကိုယ်တစ်ဝက်က အသားကင်ဖြစ်ပြီး အခြားတစ်ဝက်က စွပ်ပြုတ်ဖြစ်သွားနိုင်သည်။

ကုန်းဖုက သူ့မေးခွန်းကို ပြန်မဖြေပေ။ 
" အဲတော့ ကောင်းကင်ဘုံရဲ့အချစ်တော်လေးက ကျွမ်းချင်မဟုတ်ဘဲ ဖူလီပေါ့လေ... တစ်ယောက်က ကောင်းကင်ဘုံရဲ့ ချစ်ခင်အလိုလိုက်ခံရပြီး ကြီးပြင်းလာတယ် နောက်တစ်ယောက်က အခက်အခဲတွေကို ရင်ဆိုင်ပြီးတဲ့နောက်မှာ တိုင်းပြည်ကံကြမ္မာရဲ့ အသိအမှတ်ပြုမှုကို ရထားတယ်... ဖူလီက ပိုကောင်းတဲ့ဘဝရထားတယ်ဆိုတာ ရှင်းနေတာပဲ..."

ဖူလီ့ကို စောင့်ရှောက်ပေးခဲ့ကြသော ယောင်ကျင့်ကြံသူများက နှလုံးသားကိုးပါးအတိဒုက္ခမှ ဆွဲဆောင်ချက်များကို ဖူလီကျော်ဖြတ်ရမည်ကို တွေးခဲ့မိ၍ ဖူလီ့ကို ရတနာပေါင်းများစွာ ပေးခဲ့ပြီး သူ့ကိုမိစ္ဆာကောင်းဖြစ်အောင် လမ်းပြပေးကာ အဆုံးမဲ့ချစ်မေတ္တာများ ပေးခဲ့ခြင်း ဖြစ်နိုင်သည်။

အဖိုးတန်၍ လှပသော အရာအားလုံးကို ပိုင်ဆိုင်ထားပြီး အားလုံး၏ချစ်မြတ်နိုးမှုကို ရရှိထားသော မိစ္ဆာကသာလျှင် သူတို့အလိုရှိရာတံခါးချပ်ကို ဖွင့်ချိန်တွင် နေရာလွတ်ကြီးတစ်ခုကို မြင်တွေ့နိုင်မည်ဖြစ်သည်။

" ဒါပေမဲ့ ယျေဘုယျအားဖြင့် ပြောရရင်တော့ ရှန်းရှဝတ္ထုတွေထဲမှာသာဆိုရင် ဖူလီ့လိုလူမျိုးကို ကျွမ်းချင်လိုလူမျိုးက သေအောင်ရိုက်နှက်နေမှာ..."

" ဝတ္ထုတွေကို ပေါက်လွှတ်ပဲစားနဲ့ ဖတ်မနေနဲ့..."

( ဒီအပေါ်က ခွန်းဖမ်နဲ့ ကုန်းဖုပြောတဲ့ စကားတွေအကုန်လုံးက အသံကူးပြောင်းပြီး ပြောနေကြလို့ တခြားလူတွေ မကြားရပါဘူး )

နဉ်ရွှမ်ဟုခေါ်သော ဓားမိစ္ဆာငှားဖူးသည့်ဝတ္ထုတစ်က အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု ခွန်းဖမ်တွေးလိုက်မိသည်။ 
လူသားတွေက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေပဲ... သူတို့တွေက ဘယ်လိုဇာတ်လမ်းမျိုးမဆို ရေးနိုင်တာပဲ...

ခွန်းဖမ်နှင့် ကုန်းဖုက တစ်ယောက်နှင့်တစ်ယောက် အသံတိတ်စိုက်ကြည့်နေသည်ကို မြင်သည့်အခါ ဖူလီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ဒါဆိုရင် ကျွန်တော်က သာမန်ယုန်တစ်ကောင်မဟုတ်ဘဲ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ဝိညာဉ်ချီဓာတ်တွေကနေ အသွင်ပြောင်းလာတဲ့ မဟာမိစ္ဆာပေါ့..."

အဲ့တော့ နှလုံးသားကိုးပါးအတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်တယ်ဆိုတဲ့ အရေးကြီးကိစ္စက သူ့မူရင်းပုံစံ ယုန်ဖြစ်တာ မဖြစ်တာဆိုတာထက် ပိုအရေးမကြီးဘူးပေါ့လေ...

ခွန်းဖမ် တစ်ဖက်လှည့်ပြီး ကုန်းဖုကို လှမ်းကြည့်လိုက်သည်။ သူ လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် အခန်းထဲရှိအရာအားလုံးက မူလအနေအထားအတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် သူ၏ချမ့်ခွန်းအိတ်ထဲမှ ကောဇောတစ်ခုကိုထုတ်ပြီး ကြမ်းပေါ်ခင်းကာ တင်ပျဉ်ခွေထိုင်လိုက်သည်။

" ဒီလိုအကြောင်းတွေက ငါ့ကိုမေးလည်း ဘာမှအသုံးမဝင်ဘူး ကုန်းဖုကိုမေးကြည့်..."

ဖူလီက သူ့ကိုယ်ပေါ်မှ ဆင်းရန်ပြင်နေသည်ကို မြင်သည့်အခါ ကျွမ်းချင်က ခဏတာ တွန့်ဆုတ်သွားပြီးနောက် ခွန်းဖမ်အတိုင်း ကြမ်းပြင်ပေါ် တင်ပျဉ်ခွေထိုင်လိုက်ကာ ဖူလီ့ကို မလွှတ်ပေးပေ။ ဖူလီက ချီပိုးခံရသည်ကို အသားကျနေဟန်ဖြင့် မကြာမီအချိန်တွင် ကျွမ်းချင်၏ရင်ခွင်ထဲတွင် သက်တောင့်သက်သာပုံစံဖြင့် ထိုင်လိုက်သည်။

ကျွမ်းချင်က ဖူလီ့ကျောဘက်မှ ယုန်မွေးလေးများကို ပွတ်နေလျက် ဖူလီက တစ်စုံတစ်ယောက်ဖက်ထားသည်ကို အသားကျနေသည်အထိ မည်သူက သူ့ကို မကြာခဏ ပွေ့ချီထားခဲ့ကြောင်း မတွေး
မိဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ 

ရောင်ပြန်မြူတောင်ပေါ်က ယောင်ကျင့်ကြံသူတွေများလား ဒါမှမဟုတ် ဖူလီက အိမ်မွေးကောင်လေးလို့ခေါ်တဲ့ လူသားကလား...

ကုန်းဖုက ဖူလီ၏ကိုယ်ပေါ်ရှိ အမွေးများအနက်မှ ထူးခြားနေသည့်အရောင်ကို မြင်လိုက်ရသည့်အခါ သူ့လက်ကိုဆန့်ပြီး ထိကြည့်ရန် ပြင်လိုက်သည်။

" လူကြီးမင်းကုန်းဖု..."

ကျွမ်းချင်က လက်တစ်ဖက်ဆန့်ထုတ်ပြီး ကုန်းဖုကို ဟန့်တားလိုက်သည်။

" ဖူလီက အသိဉာဏ်ရှိတဲ့ ယောင်ကျင့်ကြံသူပါ... ဒီလိုအပြုအမူမျိုးက နည်းနည်းတော့ မသင့်တော်ဘူးထင်တယ်..."

" အကြီးအကဲတစ်ယောက်က ဂျူနီယာတစ်ယောက်၏ အမွေးတွေကို ပွတ်ပေးတာကို 'တယုတယကြင်နာတာ' မျိုးလို့ ခေါ်တယ် ဘယ်နားက မသင့်တော်ရဝာာလဲ..."

ကုန်းဖုက ကျွမ်းချင်၏စကားများကို နားမလည်ချင်ယောင်ဆောင်လိုက်သည်။ သူက ဖူလီ့ခေါင်းကို ပွတ်ပေးမည်ပြင်လိုက်သော်လည်း  ကျွမ်းချင်က ဖူလီ့ကို သူ့လက်မောင်းဖြင့် ကွယ်ထားလိုက်သည် မမျှော်လင့်ထားသည်မှာ သူ့အရှိန်က ကုန်းဖုထက်ပင် ပိုမိုမြန်ဆန်နေသည်။

ကုန်းဖုက သက်ပြင်းချလိုက်ပြီး ခွန်းဖမ်ဘေးတွင် ထိုင်ချလိုက်သည်။

" အခုခေတ် ယောင်ကျင့်ကြံသူတွေကတော့ သူတို့စီနီယာတွေကို တဖြည်းဖြည်း အရိုအသေမဲ့လာကြပြီ..."

ကုန်းဖုက ထိုသို့ မကြာခဏ ပွစိပွစိပြောလေ့ရှိ၍ ကျွမ်းချင်က နေသားကျနေပြီးဖြစ်သည်။ သူ ဖူလီ့ကို ငုံ့ကြည့်လိုက်သည့်အခါ ဖူလီက နံရံဘက်လှည့်ထားပြီး ထိုစကားများကို မကြားလိုက်သည့်ပုံပေါ်သည်။ ကျွမ်းချင်က စိတ်မထိန်းနိုင်တော့ပဲ သူ့နားရွက်ကို အသာဆွဲလိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်ဆွဲပြန်သည်။

ဘာလို့လဲဆိုတော့ နူးနူးညံ့ညံ့ခံစားချက်က ကောင်းလွန်းလို့လေ...

အဆောက်အဦးတစ်ခုလုံးမှ အခြားသောမိစ္ဆာများမှာ ရုတ်ချည်းလှုပ်ရှားမှုကြီး ပြီးဆုံးသွားပြီးနောက် စိတ်ချလက်ချ မအိပ်ရဲတော့ပေ။ ဗလာကျင်းသွားသည့် ပြတင်းပေါက်ကို အချိန်အတန်ကြာသည်အထိ ‌စိုက်ကြည့်နေ‌ကြသော်လည်း မည်သည့်အသံကိုမှ မကြားရပေ။ ထိုအခါမှသာ သူတို့စောင်များကို ခါလိုက်ပြီး ဖန်ကွဲစများကို ကြမ်းပြင်ပေါ် ကျသွားစေကာ ဆက်အိပ်လိုက်ကြသည်။

သူတို့အားလုံးက ကျင့်ကြံရေးလောကထဲတွင် နေထိုင်ကြသူများဖြစ်၍ အိပ်ရာပေါ်တွင် ဖန်ကွဲစအနည်းငယ်ရှိနေခြင်းက ပြဿနာမဟုတ်ပေ။

မိစ္ဆာလေးကောင်က တြိဂံပုံစံ ထိုင်နေကြသည်။ ဖူလီက သူ၏ ချမ့်ခွန်းအိတ်ထဲမှ သောက်စရာလေးဘူးထုတ်လိုက်ပြီးနောက် နှစ်ဘူးကို ရှေ့တည့်တည့်သို့ ယုန်လက်ဖဝါးလေးဖြင့် တွန်းပေးလိုက်ကာ ကျန်‌ရှိနေသည့် နှစ်ဘူးကို သူနှင့်ကျွမ်းချင်ကြားထဲ ချထားပေးလိုက်သည်။ ကျွမ်းချင်က ဖူလီ့အအေးဘူးကို ကူဖွင့်ပေးပြီး ‌ပိုက်တစ်ချောင်းတပ်ပေးလိုက်သည်ကို ခွန်းဖမ်ကြည့်နေမိသည်။ သူမနေနိုင်တော့ဘဲ ကုန်းဖုကို စိတ်ထဲမှပြောလိုက်သည်။

" တကယ်ကို သခင်လေးတစ်ယောက်ရဲ့ ဘဝမျိုးမှာ နေနေရတာပဲ... ကျွမ်းချင်က ဒီလောက်ရုပ်တည်ကြီးနဲ့ နေတာကိုတောင် သူ့ကို အဲ့လိုလုပ်ပေးတဲ့အထိ တော်တော်စိတ်ရှည်တာပဲ..."

ကုန်းဖုက အအေးဘူးကိုဖွင့်ကာ တစ်ငုံသောက်ပြီး  ခွန်းဖမ်ကို လျစ်လျှူရှု့ထားသည်။ ထို့နောက် ဖူလီကို အတိဒုက္ခ၏ အတွေ့အကြုံအကြောင်း နောက်တစ်ကြိမ် ထပ်မေးနေသည်။ ဖူလီက "တာအိုနှလုံးသားအတု" နှင့် အငြင်းပွားခဲ့သည်ကို ကြားခဲ့ပြီးသည့်နောက် သူ့စိတ်ထဲ ဝမ်းမြောက်ပျော်ရွှင်သွားခဲ့သည်။ 

" ခွန်းဖမ်ရဲ့စကားကို နားမထောင်ပဲနဲ့ မင်းဖြတ်လာရတဲ့ အတိဒုက္ခက တော်တော်လေးလွယ်တယ်လို့ပဲ ‌ တွေးလိုက်ပါ..."

ကုန်းဖုက အချိုရည်ဘူးကို ချလိုက်ချိန်တွင် သူ၏ ချောမောခံ့ညားသောမျက်နှာထက်၌ လေးနက်တည်ကြည်မှုများစွာကို တွေ့လိုက်ရသည်။ 

" လောဘဆိုတာ သတ္တဝါအားလုံးရဲ့ ပင်ကိုဗီဇပဲ ပမာဏလောက်ပဲ ပြောင်းလဲသွားတာမျိုးလေ... မင်း အတိဒုက္ခကို အားမစိုက်ထုတ်ရဘဲ ကျော်ဖြတ်နိုင်ခဲ့တာက ရိုးစင်းပြီး မယိမ်းယိုင်လွယ်တဲ့ နှလုံးသား ရှိလို့ပဲ... ဥပမာပြောရမယ်ဆိုရင် အဲဒီကျင့်ကြံရေးလမ်းစဉ်က အသက်တစ်ချောင်းကို ပြန်ရှင်သန်စေနိုင်တယ်...

သက်ရှိတွေအားလုံးအတွက်တော့ ဒါက ဆွဲဆောင်မှုအကြီးကြီးပဲ...သေဆုံးသွားတဲ့လူတွေကို မလွမ်းတဲ့သူဆိုတာ မရှိဘူးလေ... သူသာအသက်ရှင်နေသေးရင် ကောင်းမှာပဲဆိုတဲ့အတွေးမျိုး မတွေးတဲ့သူဆိုတာလည်း မရှိဘူးလေ..."

ဖူလီက ကလေးဘဝတည်းက အလိုလိုက်ခံရပြီး ပျိုးစုပျိုးထောင်ခံခဲ့ရသည်။ 
အခု သူတစ်ယောက်တည်းနေရတော့ သူ့မိတ်ဆွေတွေကို မလွမ်းတော့ဘူးတဲ့လား...

ထို့အပြင် သူနှင့်ရင်းနှီးသောမိတ်ဆွေများက အဌမမြောက်နှလုံးသားအတိဒုက္ခ‌တွင် ပေါ်လာခဲ့ပေသည်။ ဖူလီ့အတွက်မူ ဤအရာက မက်လောက်စရာအကောင်းဆုံး ငါးစာတစ်ခု ဖြစ်နေခဲ့ရသည်။ အကယ်၍ သူ၏ တာအိုနှလုံးသားက မခိုင်မာခဲ့ပါက ဤလှပသည့် ပုံရိပ်ယောင်ထဲ ထာဝရကျရောက်သွားပြီး မည်သည့်အခါမှ ထွက်သွားနိုင်မည် မဟုတ်တော့ပေ။ 

ပထမဆုံး အတိဒုက္ခရှစ်ခုက အလွန်မပြင်းထန်ဟု သတ်မှတ်နိုင်သည်။ လက်တွေ့တွင်မူ အန္တရာယ်အများဆုံးအတိဒုက္ခက  နဝမမြောက်အတိဒုက္ခဖြစ်သည်။ အကယ်၍ သူ့နှလုံးသားထဲတွင် မြူတစ်မှုန်စာခန့် မတည်ငြိမ်မှု ဖြစ်ပေါ်ခဲ့ပါက အင်မော်တယ်နန်းတော်ကို ရွေးချယ်ပြီး တာအိုနှလုံးသားနှင့် စကားအခြေအတင်များချိန်တွင် ထာဝရ မနိုးထနိုင်သည့် အိမ်မက်ဆိုးထဲ နစ်မြုပ်သွားမည်ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပါ သေဆုံးပြီး တာအိုလည်း ပျောက်ကွယ်သွားနိုင်သည်။

အတိဒုက္ခတိုင်းက ရိုးစင်းသော်လည်း ထူထပ်သိပ်သည်းလှသည့် အန္တရာယ်များစွာကို သယ်ဆောင်လာသည်။ အကယ်၍ ဖူလီက သူ့ကိုပြုစုစောင့်ရှောက်ခဲ့သော ယောင်ကျင့်ကြံသူများနှင့် မကြုံတွေ့ခဲ့ပါက မရေမတွက်နိုင်သော မိစ္ဆာများစွာ၏ ရိုသေလေးစားခံရသော မဟာမိစ္ဆာတစ်ကောင် ဖြစ်လာနိုင်သည်ဟု ကုန်းဖုမတွေးဘဲ မနေနိုင်ပေ။  သို့ရာတွင် ယခုချိန်တွင်မူ အခြေအနေများက ပိုမိုကောင်းမွန်လာခဲ့သည်။ သူ့ထံတွင် မိတ်ဆွေများနှင့် ကောင်းမွန်သည့်ဘဝတစ်ခုရှိသည့်အပြင် အစိုးရဝန်ထမ်းဖြစ်လာရမည်ဟူသော အိမ်မက်လေးတစ်ခု ရှိလာသည်။
မဟာမိစ္ဆာဖြစ်ရတာက ဘာများကောင်းလို့လဲ...

ကောင်းကင်ဘုံစည်းမျဉ်း၏အောက်တွင် နေထိုင်ရသူများမှာ လျှို့ဝှက်ချက်မရှိရဘဲ သတ္တိလည်းနည်းရသည်။  ယခင်က ယောင်လောက၏ ဂုဏ်ကျက်သရေရှိမှုကလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။  မဟာမိစ္ဆာဖြစ်လာသူများကပင် ကောင်းကင်ဘုံစည်းမျဉ်း၏လက်ထဲတွင် သေဆုံးကောင်းသေဆုံးသွားနိုင်သည်။

" မင်းကတော့ တကယ့်ကို သာမန်ယုန်တစ်ကောင် မဟုတ်ဘူးပဲ..."

ကုန်းဖုက နူးညံ့စွာပြုံးလိုက်သည်။
" ငါ မဟာမိစ္ဆာဖြစ်လာခါနီးတုန်းက ငါ့အဖေရဲ့ မိုးပြာနဂါးနန်းတော်မှာ နေရတယ်... သူက ဟို့ လို့ခေါ်တဲ့ သတ္တဝါ‌အကြောင်း ငါ့ကိုပြောပြခဲ့ဖူးတယ်... သူက ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ ဝိညာဉ်ချီဓာတ်တွေကနေ ဖြစ်လာတဲ့ ‌ကမ္ဘာဦးမိစ္ဆာပဲ... သူ့ခန္ဓာကိုယ်ကို ငါးရောင်ခြယ်ကျောက်တုံးနဲ့ လုပ်ထားတာ...ပထမဆုံး အသွင်ယူတုန်းကဆိုရင် သူ့ပုံစံက တော်တော်လေးသေးတာ... တကယ်လို့ သူ့ကို ကောင်းကင်ဘုံက အခွင့်အရေးပေးခဲ့လို့ အသက်ကြီးလာတယ်ဆို သူ့ပုံစံက ယုန်မဟုတ်ရင် ခွေးနဲ့ တူနေမှာ... သူ့ရဲ့ အဆုံးမဲ့စွမ်းအားနဲ့ဆိုရင် နယ်မြေတစ်ခုရဲ့ အရှင်သခင်ဖြစ်လာနိုင်တယ်..."

" ဒါပေမဲ့ ငါးရောင်ခြယ်ကျောက်တုံးက ရှာတွေ့ဖို့ တော်တော်ခက်တယ်... ကမ္ဘာဦးမိစ္ဆာတစ်ကောင်ဖြစ်လာဖို့ကရော ဝိညာဉ်ချီဓာတ် ဘယ်လောက်များများ လိုနိုင်မလဲ... အဲဒါကြောင့် မင်းက ဒီလောကကြီး အသွင်ယူလာပြီးတည်းက ပထမဆုံးဖြစ်လာခဲ့တဲ့သူပဲ ဖြစ်ရမယ်..."

ကုန်းဖု၏အပြုံးက ပိုမိုနူးညံ့လာသည်။
" ခုခေတ်အပြောအရဆိုရင်တော့ မင်းက ကျင့်ကြံရေးလောကထဲမှာ တော်တော်ရှားတဲ့ သတ္တဝါပဲ..."

သူ့လက်ဆန့်ထုတ်ပြီး ဖူလီ့ခေါင်းကိုထိရန် တစ်ဖန်ပြင်လိုက်သော်လည်း ကျွမ်းချင်က သူ့ကိုနောက်တစ်ကြိမ် ဟန့်တားထားလိုက်သည်။

ကုန်းဖု၏ မျက်နှာထက်မှ အပြုံးက တောင့်တင်းသွားသည်။ 
သူက ဒီလောက်အရေးကြီးသတင်းကို ပြောပြပြီးတာတောင်မှ ဒီနဂါးက လန့်မသွားတဲ့အပြင် လက်နဲ့ကာဖို့ကို မမေ့ပါလား...

" ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာထင်တယ်..."

ဖူလီက အချိုရည်ကို ပိုက်ဖြင့်အနည်းငယ်သောက်လိုက်သည်။

" အဲ့အချိန်တုန်းက ကျွန်တော့်လို သတ္တဝါမျိုး မမွေးလာသေးဘူးဆိုတော့...ကျွန်တော့်လိုမျိုး အသွင်ယူနိုင်တဲ့ သတ္တဝါမျိုးက "ဟို့" ဆိုတာကို နဂါးနတ်ဘုရားလူကြီးမင်းက ဘယ်လိုလုပ်သိတာလဲ... ဒါမှမဟုတ်လောကကြီးရဲ့ အကာအကွယ်နတ်ဘုရားထဲကတစ်ပါးဖြစ်လို့ လူကြီးမင်းက အသက်တစ်ချောင်း မွေးဖွားလာမယ့်အချိန်ကို တွက်ချက်ပြီးတော့ သူ့ကိုနာမည်ကြိုပေးထားတာလား..."
 
ကုန်းဖု : ...

သူ ယခင်က ဤမေးခွန်းအကြောင်း မစဉ်းစားထားခဲ့မိသော်လည်း ယခုအခါ သူ့စိတ်ထဲတွင် ဖူလီစကားများကို လက်ခံသွားမိသည်။
ဒါပေမဲ့ သူ့ဂျူနီယာလေးရဲ့ရှေ့မှာ သူ့အဖေကို သိက္ခာကျခိုင်းလို့ ဖြစ်ပါ့မလား...

" သေချာပေါက် အဲ့လိုတော့ မဟုတ်ဘူးပေါ့... လောကကြီးက သက်ရှိသတ္တဝါတွေအားလုံးရဲ့ မွေးဖွားခြင်းက ကောင်းကင်ဘုံစည်းမျဉ်းအပေါ် မူတည်နေတယ်...ရှားပါးတယ်ဆိုပြီး သုံးနှုန်းလိုက်တာက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကပေးတဲ့ အခွင့်အရေးတွေကို သယ်ဆောင်ထားလို့ပဲ... ဘယ်လိုလုပ် ကြုံရာကျပန်းဖြစ်ရမှာလဲ... မင်းက နောက်မှမွေးလာတာဆိုတော့ ငယ်သေးတယ် ဒီအကြောင်းတွေ မသိတာက ပုံမှန်ပါပဲ..."

ဖူလီက ကြောင်အစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ယောင်ကျင့်ကြံသူများ၏ မျိုးနွယ်နာမည်များနှင့်ပတ်သက်လာပါက အာရုံစိုက်ရန် အကြောင်းကိစ္စများစွာ လိုအပ်ပေသည်။ သူ၏ ယုန်မွေးများဖြင့်ပြည့်နေသည့် ရှေ့လက်ဖဝါးလေးကိုကြည့်ကာ ရုတ်ချည်းခေါင်းငိုက်စိုက်ကျသွားသည်။ သူ့ကိုအမြဲဂရုစိုက်နေသည့်ကျွမ်းချင်က ဖူလီ ရုတ်ချည်းစိတ်ဓာတ်ကျသွားသည်ကို မြင်သောကြောင့် သူ့အမွေးများကို ပွတ်ပေးလိုက်မိသည်။ 

" ဘာဖြစ်လို့လဲ..."

ဖူလီက ကျွမ်းချင်ကိုလှမ်းကြည့်လိုက်သည်။ သူ့မျက်နှာကို လက်နှစ်ဖက်လုံးဖြင့်အုပ်ထားပြီး ရှက်ရွံ့စွာ မေးလိုက်လေသည်။

" ဒါ ဒါဆိုရင် ဟို့က မင်္ဂလာသားရဲလား မကောင်းဆိုးဝါးသားရဲလား..."

ကုန်းဖုက သူ့ကိုငေးငိုင်ကြည့်နေသည်။ ဖူလီ ထိုမေးခွန်း မေးလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။ ဟို့က မည်သို့ကျင့်ကြံခဲ့ပြီး နယ်မြေတစ်ခု၏ အရှင်သခင်ဖြစ်လာရန်  မည်သည့်ရှု့ထောင့်များမှ သန်မာရမည်ကိုမေးလိမ့်မည်ဟုသာ သူ တွေးခဲ့မိခြင်းဖြစ်သည်။ နောက်ဆုံးမေးခွန်းက ဤအရာဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ 

" ဘာလို့မေးတာလဲ..."

ကုန်းဖု ရယ်လိုက်မိသည်။ သူ၏ မျက်နှာအမူအရာက စိတ်အေးလက်အေးဖြစ်သွားသည်မှာ မိစ္ဆာဖြစ်ရသည့်ဘဝတွင် သိသိသာသာ ပျော်စရာကောင်းသည့်အရာတစ်ခုကို ရှာဖွေတွေ့သွားသည့်ဟန် ဖြစ်နေသည်။

ကုန်းဖု၏အပြုံးကြောင့် ဖူလီ ပိုရှက်သွားမိသည်။ သူ့မေးခွန်းက ကလေးဆန်လွန်းသည်ဟု တွေးလိုက်မိ၍ သူ့မျက်နှာကို ကျွမ်းချင်၏ လက်မောင်းကြားထဲ အပ်ထားလိုက်သည်။ 

" ကျင့်ကြံရေးလောကရဲ့ စည်းမျဉ်းတွေအရဆိုရင် သဘာဝအတိုင်း မကောင်းဆိုးဝါးသားရဲဖြစ်နေတဲ့သူတွေက သူတို့ရလဒ်တေ ဘယ်လောက်ကောင်းကောင်း လူသားလောကရဲ့ အစိုးရစာမေးပွဲမှာ ဝင်ဖြေလို့မရဘူး..."

ကုန်းဖု၏ရယ်သံက ပိုကျယ်လာသည်။ ထိုအချိန်တွင် ကျွမ်းချင်က သည်းခံစိတ် ကုန်ခမ်းသွားပြီဖြစ်၍ ကုန်းဖုကို စိုက်ကြည့်လိုက်ချိန်မှသာ အရယ်ရပ်သွားသည်။ ကုန်းဖုက အပြုံးလေးဖြင့် ပြောလိုက်သည်။

" သေချာပေါက် မင်းက မင်္ဂလာသားရဲပေါ့... ဒီထက်တောင် ပိုမကောင်းနိုင်တော့တဲ့ မင်္ဂလာသားရဲပဲ..."

ဖူလီ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး စိတ်ကျေနပ်သွားဟန်ဖြင့် ပြုံးပြလိုက်သည်။ 
" ဒါဆိုရင် တော်ပါသေးတယ်..."

သူ စာဆက်လေ့လာပြီး အစိုးရဝန်ထမ်းဖြစ်အောင် လုပ်ရမယ်...

" မင်းက အခုမှ အတိဒုက္ခကို ကျော်ဖြတ်ခဲ့ရတာလေ... ကောင်းကောင်းအနားယူလိုက်ပါဦး ငါ ကုန်းနေရေနေကောင်နဲ့ အရင်ပြန်တော့မယ်... မင်းကိုမနှောင့်ယှက်တော့ဘူး..."

ကုန်းဖုက ခွန်းဖမ်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
" ဟေ့ကောင် သွားမယ်..."

ခွန်းဖမ်က ဖူလီနှင့်အတူ အနည်းငယ်ခန့်ကြာအောင် ထိုင်ချင်သေးသော်လည်း  ကုန်းဖုက သူ့ကိုမျက်နှာသာမပေးဘဲ ဂျူနီယာနှစ်ယောက်၏ရှေ့တွင် ငါးသေတစ်ကောင်သဖွယ် ဒရွတ်တိုက်ဆွဲခေါ်သွားသည်။ သူ စိတ်ဆိုးမာန်ဆိုးဖြင့် ဆက်တိုက်အော်ဟစ်နေသည်။ 

" ဟေ့ကောင် မဆွဲနဲ့ မဆွဲနဲ့ ဒါ ငါ့ရဲ့ ရှပ်အင်္ကျီအသစ်ကြီး..."

သူတို့နှစ်ယောက်က ဂျူနီယာများ၏ အထောက်အပံ့ဖြင့် ရပ်တည်နေရသည့် ဝင်ငွေမရှိသော အကြီးအကဲများဖြစ်သည်။ သူတို့က စားသောက်ရေးတွင်လည်း အလွန်ဖြုန်းတီးသူများဖြစ်သောကြောင့် အဝတ်အစားနှင့်ပတ်သက်ပြီး အနည်းငယ်ချွေတာသင့်ပေသည်။

" အဲဒီလူငယ်မိစ္ဆာလေးနှစ်ကောင် သူတို့ဘာသာ ပျော်ပျော်နေချိန်လေး ပေးလိုက်ပါဦးလား..."

ကုန်းဖုက ခွန်းဖမ်ကို ဆောင့်တွန်းလိုက်သောကြောင့် ခွန်းဖမ်မြေပြင်ပေါ် လိမ့်သွားရသည်။ ခွန်းဖမ်က သူ့တင်ပါးကိုခါပြီး ထလာသည်။

" ဂျူနီယာတစ်ယောက်က အတိဒုက္ခကျော်ဖြတ်တာ အောင်မြင်သွားခဲ့ရင် အကြီးအကဲတစ်ယောက်က သူ့ကို သင်ကြားပြသပေးတာမျိုးဖြစ်ဖြစ် ဂုဏ်ပြုလက်ဆောင် ပေးတာမျိုးဖြစ်ဖြစ် လုပ်ရတယ်လေ... မင်းငါ့ကိုဆွဲခေါ်လာခဲ့တာ ဂုဏ်ပြုလက်ဆောင် မပေးချင်လို့မလား..."

ခွန်းဖမ်က တွက်ချက်ရသည်ကို ကြောက်ရွံ့ခြင်းမရှိသော်လည်း ကုန်းဖုကမူ ရက်စက်သည့် ရည်ရွယ်ချက်များ ရှိပုံရသည်။

" မင်းခေါင်းပေါ်မှာ ဆံပင်တစ်မွေးမှ မကျန်တော့ဘူးလေ... မင်းရဲ့ ခေါင်းပြောင်ကြီးကိုမြင်ပြီး သူတို့မျက်စိကန်းသွားရင် ဘယ်လိုလုပ်မလဲ..."

ကုန်းဖုက သူ့လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ဖန်တီးလိုက်ပြီး ခွန်းဖမ်၏ခေါင်းပေါ်ပစ်ချလိုက်သည်။

" အဲ့နဂါးလေးက ဖူလီ့ကို ဘယ်လိုတောင် စိတ်လိုလက်ရကာကွယ်နေတာလဲ ကြည့်လိုက်ဦး မင်းအခုထိ သဘောမပေါက်သေးဘူးလား..."

" သူတို့နှစ်ယောက် တူတူရှိနေကြတာ..."

ကျွီ...

သူတို့နှစ်ယောက်၏နောက်မှ တံခါးက ကျွီခနဲပွင့်ထွက်လာပြီး စုန့်ယွီက နေရခက်နေသည့်မျက်နှာထားဖြင့် ခေါင်းပြူထွက်လာသည်။

" လူကြီးမင်းတို့ ကျွန်တော့်အခန်းထဲလာပြီး လက်ဖက်ရည်ကြမ်းလေး သောက်ကြဦးမလား..."

ခွန်းဖမ်နှင့် ကုန်းဖုက သူ့ကို ခဏတာခန့် ကြောင်အစွာ စိုက်ကြည့်နေကြသည်။ ထိုအခါမှသာ သူတို့နှစ်ယောက်၏အခန်းက ဖူလီ၏အောက်ထပ်မဟုတ်ဘဲ အပေါ်ထပ်တွင် ရှိနေကြောင်း သတိရသွားသည်။ ခွန်းဖမ်က သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဝတ်လိုက်ပြီး ချောင်းဆိုးလိုက်သည်။

" မလိုတော့ပါဘူး ငါတို့တွေ အခန်းပြန်နားကြတော့မှာ..."

" ဒါ ဒါဆိုရင်လည်း ဂရုစိုက်ကြပါ..."

ထိုမဟာမိစ္ဆာနှစ်ကောင်က သူ့အခန်းရှေ့တွင် စတင်တိုက်ခိုက်တော့မည်ကို စုန့်ယွီကြောက်လန့်နေသည်။