အပိုင်း ၁၃၂
Viewers 38k

🐰Chapter 132🐉
အိမ်မွေးတိရစ္ဆာန်လေး




ခွန်းဖမ်က တုန်ယင်နေသည့်စုန့်ယွီကို တစ်ချက်ကြည့်ကာ တစ်ဖက်သို့လှည့်ပြီး အပေါ်ထပ်သို့ တက်သွားသည်။ ဤစွမ့်ယွီမိစ္ဆာက ရှေးအချိန်တည်းက တည်ရှိနေခဲ့သည့်မိစ္ဆာဖြစ်ကြောင်း သူ ဝန်မခံလိုပေ။ သူ၏သတ္တိက အပ်တစ်ချောင်းစာထက် မပိုပေ။ 

ခွန်းဖမ်က ကုန်းဖုကို သူ့အခန်းထဲဆွဲခေါ်သွားပြီ အသံလုံအစီအရင်တစ်ခု ဖန်တီးလိုက်သည်။

" မင်း သူ့ကို လိမ်လိုက်တာပဲ..."

" ဘယ်သူ့ကိုလိမ်တာလဲ..."

ကုန်းဖုက ကော်ဇောပေါ်တွင် ပျင်းရိပျင်းတွဲဖြင့် လှဲချလိုက်သည်။

" ဖူလီလေးကိုလေ ဟိုယုန်လေး..."

ခွန်းဖမ်က အခိုင်အမာပြောလိုက်သည်။
" ဟို့က ဘယ်လိုမိစ္ဆာသားရဲလဲဆိုတာကို မသေချာပေမယ့် သူက သဘာဝအလျောက် မင်္ဂလာသားရဲဖြစ်နေတာတော့ မဟုတ်ဘူးလေ... အတိတ်တုန်းကမင်းလည်း..."

" သူက မင်္ဂလာသားရဲ ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာဖြစ်လဲ..."

ကုန်းဖုက အေးအေးလူလူပင် ပြန်ဖြေသည်။ 

" အဲ့ကိစ္စက ပြီးသွားခဲ့ပြီလေ... မင်္ဂလာသားရဲတို့ မကောင်းဆိုးဝါးသားရဲတို့ဆိုတာ သဘာဝတရားကြီးက ပေးထားတဲ့ စွမ်းရည်တစ်ခုထက် မပိုဘူးလေ... မကောင်းဆိုးဝါးသားရဲတွေဆိုရင်လည်း လုံးဝရက်စက်စရာမလိုသလို မင်္ဂလာသားရဲတွေကလည်း ဂုဏ်သိက္ခာရှိရှိ နေစရာ မလိုပါဘူး... ဖူလီလေးက မင်္ဂလာသားရဲဖြစ်လို့ပျော်မယ်ဆိုရင် သူက မင်္ဂလာသားရဲပဲပေါ့ ဘာတွေ ထပ်ပြောချင်သေးတာလဲ..."

ခွန်းဖမ် : " မပြောတော့ပါဘူး မင်းပြောတာ ဟုတ်နေတာပဲ..."

ဒီအဆင့်နိမ့်နဂါးက နောက်ဆုံးတော့ မိစ္ဆာဆန်တဲ့စကားမျိုး ပြောပြီပေါ့လေ...

ခွန်းဖမ်နှင့် ကုန်းဖုထွက်သွားသည်အခါ စုန့်ယွီက သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ ခိုးနားထောင်စဉ်က ကြားခဲ့သည့်စကားများကို ပြန်တွေးနေမိသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း အခြေအနေမကောင်းဖြစ်လာသည်။ 

သူ့ဘော့စ်ဖူလီနဲ့ အဲ့ရွှေနဂါးက တွဲနေကြတာလား...

စုန့်ယွီနေထိုင်သည့်အထပ်တွင် စုစုပေါင်းမိစ္ဆာသုံးကောင်ရှိသည်။ တံခါးတစ်ချပ်ကို တင်းကြပ်စွာပိတ်ပြီးသည့်နောက်တွင် chatgroupတစ်ခုက စတင်စည်ကားသက်ဝင်လာသည်။

ထူးခြားတဲ့ ဓားကောင်း : အားလုံးပဲ မအိပ်ကြနဲ့တော့... ဖူကောနဲ့ ဘော့စ်ရဲ့ စိတ်ကူးယဉ်ဆန်တဲ့အချစ်ကို ရှေးဟောင်းမိစ္ဆာ ကုန်းဖုလူကြီးမင်းကပါ အသိအမှတ်ပြုပေးလိုက်ပြီ...

အမျိုးသမီးဧကရီရဲ့ အထူးဆံညှပ် : ညလယ်ခေါင်ကြီးမှာ မဟုတ်တရုတ်တွေ မပြောစမ်းပါနဲ့...

ကမ္ဘာပေါ်က နံပါတ် ၁ ငါးလေး : ငါလည်း ကြားလိုက်တယ်ဟ...

ဤကိစ္စက မူလတွင် အားလုံးအကြား၍ အမှန်တစ်ဝက် အမှားတစ်ဝက်ဖြင့် စနောက်နေသည့်ကိစ္စသာ ဖြစ်ခဲ့သည်။ သို့သော် ကုန်းဖုလူကြီးမင်းက ထိုစကားမျိုးပြောသည်ကို ကြားပြီးသည့်နောက်တွင် ‌‌သူတို့ဘော့စ်က ဖူလီနှင့်တွဲနေကြောင်း တစ်ရာ ရာခိုင်နှုန်းသေချာသွားခဲ့သည်။

လူချောလေးခယ့် : ဒါ ပျော်စရာကိစ္စပဲလေ... ဘော့စ်က ဖူကောနဲ့တွဲပြီးတဲ့နောက် တဖြည်းဖြည်း ရက်ရောလာနိုင်တယ်...

ထိမိတဲ့အလှလေး : ဟီးဟီး နင်အတွေးလွန်နေတာပဲ...ယျေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ကပ်စေးနည်းတဲ့သူက အတည်တကျဖြစ်သွားရင် ပိုပြီးကပ်စေးနည်းသွားနိုင်တာပဲ... ဘာလို့လဲဆိုတော့ သူ့ချစ်သူကို ထောက်ပံ့ပေးဖို့ ငွေများများစုထားရမယ်လေ...

ထူးခြားတဲ့ ဓားကောင်း : နင်တို့ လူသားကျင့်ကြံသူနှစ်ယောက်က မအိပ်ကြတော့ဘူးလား...

ထိမိတဲ့အလှလေး : ဒီလောက် အုတ်အော်သောင်းနင်းဖြစ်ထားတာ ဘယ်လိုအိပ်လို့ရတော့မှာလဲ...

အမျိုးသမီးဧကရီရဲ့ အထူးဆံညှပ် : ကောင်းတာပေါ့  နင်မအိပ်တော့ဘူးဆိုရင် ငါ့မှာ မုန့်တွေရှိတယ် ငါပြီးမှ နင့်ဆီ လာခဲ့မယ်...

ထိမိတဲ့အလှလေး : ဟုတ်ပြီ ငါလည်း  နှုတ်ခမ်းနီအသစ်တွေဝယ်ထားသေးတာ လာပြီး အရောင်စမ်းကြည့်ဦး...

ချောင်းယွင် သူမ အခန်းတံခါးကို ဖွင့်ကြည့်လိုက်သည့်အခါ စင်္ကြန်မှ အလင်းရောင်အားလုံးက တုန်ခါမှုလှိုင်းကြောင့် ပေါက်ကွဲသွားကြောင်း သိလိုက်ရသည်။ နံရံများပေါ်မှ မီးခလုတ်များကလည်း နှိပ်မရတော့၍ သူမစိတ်ထဲ အံ့အားသင့်သွားရသည်။ ဤအဆောက်အဦးတွင် အကာအကွယ်မှော်အစီအရင်တစ်ခုရှိ၍ ယောင်ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ချီဓာတ်ဖောက်ပြန်ပါက အများဆုံးဖြစ်နိုင်သည်မှာ သူ၏အခန်းထဲမှအရာများ ပျက်စီးရုံသာဖြစ်သည်။ အဆောက်အဦးတစ်ခုလုံး ဤအခြေအနေထိ ရောက်သွားရန် မဖြစ်နိုင်ပေ။

သူမ ရှေ့ဘက်မှ စင်္ကြန်ကို ကြည့်လိုက်သည်။ ဖန်ကွဲစများကို တက်နင်းသွားချိန်တွင် သူမခြေထောက်မှ တဂျွတ်ဂျွတ်အသံများ ထွက်လာသည်။ သူမ ခြေထောက်အောက်ကို ငုံ့ကြည့်လိုက်ပြီးမှ ရှုယွမ်၏ အခန်းရှိရာသို့ လျှောက်သွားလိုက်သည်။

.....

ဗလာကျင်းနေသည့် ပြတင်းပေါက်ကို ကြည့်နေချိန်တွင် မှော်အစွမ်းက ကွဲကြေသွားသည့်မှန်များကို ပြန်ကောင်းအောင် မပြုလုပ်နိုင်ကြောင်း ဖူလီသိလိုက်သည်။ သူ စကားတစ်ခွန်းမှမပြောဘဲ ကျွမ်းချင်ကို အပြစ်မကင်းစွာ ကြည့်လိုက်မိသည်။

" မှန်တွေပေါ်မှာ မှော်အစီအရင်မှ မရှိတာ အဲတော့ ကွဲသွားပြီဆိုရင် နဂိုပုံအတိုင်းတော့ ဘယ်ဖြစ်‌ပါတော့မလဲ..."
တစ်ဖက်လူက ယခုချိန်တွင် ယုန်မျက်နှာလေး ဖြစ်နေသော်လည်း ကျွမ်းချင်က သူ့အတွေးများကို သိနေသည်။

" ဘဏ္ဍာရေးဌာနကို ကွဲသွားတဲ့မှန်တွေရဲ့ ကုန်ကျစရိတ်ကိုတွက်ခိုင်းပြီး မင်းလစာထဲက ဖြတ်ခိုင်းလိုက်မယ်..."

" အို့..."
အကယ်၍ သူ ဤပုံစံအတိုင်း လစာဖြတ်ခံနေရပါက မည်သည့်နှစ် မည်သည့်လမှ လစာရမည်ကို မတွေးတတ်တော့ပေ။

" ဒါပေမဲ့ မှော်အစီအရင်တွေအားလုံးကို ငါပဲချထားတာဆိုတော့ ငါမင်းဆီကနေ ကုန်ကျစရိတ် မဖြတ်တော့ပါဘူး..."

ကျွမ်းချင်က ဖူလီ့ကိုချီပြီး မတ်တပ်ရပ်လိုက်သည်။
" ပြတင်းပေါက်မရှိတဲ့နေရာမှာ အိပ်ဖို့အဆင်မပြေဘူး... မင်း အချိန်တစ်ခုလောက်အထိတော့ ငါ့အိမ်မှာနေမှဖြစ်မယ် ... ပြတင်းပေါက်တွေ တပ်ပြီးသွားမှ ပြန်ပြောင်းလာလိုက်လေ..."

" ဒါဆိုရင် ဒီအဆောက်အဦးထဲမှာနေတဲ့ တခြားဝန်ထမ်းတွေရော..."
ဖူလီ ပို၍ အပြစ်မကင်းဖြစ်လာသည်။

" သူတို့မှာ နေစရာအိမ်ကိုယ်စီရှိတယ် စိတ်မပူပါနဲ့..."

ထိုအခါမှသာ ဗျူရိုမှ သူ၏လုပ်ဖော်ကိုင်ဖက်များက သူတို့၏ပိုင်ဆိုင်မှုကိုယ်စီရှိပြီး သူတစ်ယောက်တည်းသာ မရှိကြောင်းကို ဖူလီသိလိုက်ရသည်။ ယခုအချိန်တွင် သူ့ကိုမှီခိုနေထိုင်သည့် ကုန်းဖုနှင့် ခွန်းဖမ်ကို လုံးဝမေ့သွားခဲ့သည်။ 

" လမ်းလျှောက်ပြန်ကြတာပေါ့..."

ကျွမ်းချင်က စီမံခန့်ခွဲရေးဗျူရိုထဲမှ ထွက်လာခဲ့သည်။ ကောင်းကင်ယံမှ လမင်းကြီးကိုကြည့်ကာ ဖူလီ့ကို မေးလိုက်သည်။ 

" မင်းကို ချီသွားလို့ အဆင်ပြေလား..."

" မင်း အဆင်ပြေရင် ရပါတယ်..."
ဖူလီက သူ့အမြီးကို ခါယမ်းလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင် လမ်းမလျှောက်ရတော့ဘူးလေ...
 
ခဏတာခန့် တိတ်ဆိတ်စွာ လမ်းလျှောက်နေပြီးသည့်နောက်တွင် ကျွမ်းချင်က သက်ပြင်းရှည်ကြီးချလိုက်သည်။ 

" ငါ ဘယ်လိုစကားပြောသင့်လဲတော့မသိဘူး ဒါပေမဲ့ ကျင့်ကြံဆင့်မြင့်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."

" ကျေးဇူးပါ..."
ဖူလီက ကျွမ်းချင်၏ပခုံးပေါ် ခေါင်းတင်ထားလိုက်သည်။ 

" ငါ့ရဲ့ အလိုလိုသိစိတ်တွေက တော်တော်လေးတိကျနေတာပဲ... ကြည့်ရတာ ငါက ယုန်တစ်ကောင် မဟုတ်ဘဲ ဟို့ ဖြစ်နေတာကိုး... မင်းရော ဟို့နဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေ ကြားဖူးလား..."

" သိပ်မကြားဖူးဘူး... ရွှေရောင်အမွေးဟို့ ဆိုတဲ့ မိစ္ဆာသားရဲအမျိုးအစားကိုပဲ ငါကြားဖူးတယ်... သူက မင်းနဲ့ မတူဘူး..."

လေက အနည်းငယ် အေးစိမ့်စိမ့်ဖြစ်လာသည်။ ကျွမ်းချင်က ဖူလီ့ကို ပိုမိုတင်းကြပ်စွာ ဖက်ထားလိုက်သည်။

" မင်းက အဲဒီမိစ္ဆာသားရဲမျိုးထက် ပိုစွမ်းအားကြီးတာပဲ..."

" ငါလည်း အဲ့လိုထင်တယ်..."

ဖူလီ၏ အရှက်မဲ့သော အပြုအမူကြောင့် ကျွမ်းချင် ပြုံးမိသွားသည်။ သူက မကြာခဏ ပြုံးလေ့ရှိသူ မဟုတ်သော်လည်း သူပြုံးလိုက်ချိန်တိုင်းတွင် မိမိ၏ ဆွဲဆောင်မှုကို ထိန်းချုပ်ထားရသည့် ပုံစံမျိုးဖြစ်နေသည်။ သို့သော် ဖူလီက သူ့အပြုံးကို မမြင်ခဲ့ပေ။ သူ မြင်ခဲ့ပါကလည်း ဤသို့သော အလှတရားမျိုးကို နားမလည်နိုင်ဖြစ်သွားပေမည်။ 

" ငါအခု မဟာမိစ္ဆာဖြစ်သွားပြီ... တကယ်လို့ နောက်ပိုင်းကျ တခြားမိစ္ဆာတွေ ပြဿနာလာရှာရင် မင်း ငါ့ရှေ့မှာ မရပ်ပေးရတော့ဘူး... မင်းက ပြီးပြည့်စုံတဲ့ ရွှေနဂါးကောင်းလေးတစ်ကောင်ပါ ထိပ်ပြောင်နဂါးကြီး မဖြစ်သွားစေနဲ့ဦး..."

ဖူလီက ကျွမ်းချင်၏ပခုံးကို သူ့လက်ဖဝါးလေးဖြင့် အသာပုတ်လိုက်သည်။ 

" မင်းလည်း တစ်ခါတစ်လေကျ အနားယူခွင့်ရှိပြီး အပျင်းထူခွင့်ရှိပါတယ်... ကျင့်ကြံရေးလောကရဲ့ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မင်းတစ်ယောက်တည်း ထမ်းထားစရာ မလိုဘူး..."

" ငါ မထမ်းထားဘူးဆိုရင် ကျင့်ကြံရေးလောကရဲ့ မိစ္ဆာငယ်လေးတွေ ဝင်ဆံ့နိုင်မယ့်နေရာ ရှိပါ့မလား... အသိစိတ်မရှိတဲ့ မိစ္ဆာတွေထွက်လာပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ..."

ကျွမ်းချင်က ဖူလီ့တင်ပါးကို လက်တစ်ဖက်ဖြင့် ကိုင်၍ချီထားသည်။ 

" ငါက ဘယ်အရာကိုမှ ဂရုမစိုက်ဘူးလေ လုပ်စရာတာဝန်တွေ ရှိနေတာမျိုးကလည်း ငါ့ဘဝကို အဓိပ္ပါယ်ရှိစေတယ်..."

" ရပါတယ်‌ နောက်ဆိုရင် ငါက ဒီတာဝန်တွေကို မင်းနဲ့တူတူ ထမ်းပေးမှာပေါ့..."

ဖူလီက ကျွမ်းချင်၏ပခုံးကို လက်ဖဝါးလေးဖြင့် ထပ်ပုတ်ပေးပြန်သည်။
" ငါအခု မဟာမိစ္ဆာဖြစ်သွားပြီလေ... အနာဂတ်မှာ တစ်ခုခုဖြစ်ခဲ့ရင် ငါမင်းကို ကာကွယ်ပေးမှာပေါ့..."

ကျွမ်းချင်၏ ခြေလှမ်းများက ရုတ်ချည်းရပ်တန့်သွားသည်။
" တကယ်ပြောတာလား..."

" တကယ်ပေ့ါ..."
 
" မင်းငါ့ကို တစ်ချိန်လုံး အဖော်လုပ်ပေးမှာလား..."

" ငါ့ပုံစံက ဂျူနီယာတွေကို လိမ်ပြောမယ့်ပုံ ပေါက်နေလို့လား..."

ကျွမ်းချင် ခပ်တိုးတိုးရယ်လိုက်မိသည်။ ဖူလီကလည်း ယခုမှသာ အရွယ်ရောက်သူဖြစ်ကြောင်းကို သူ သတိမပေးမိတော့ပေ။

" ကျေးဇူးတင်ပါတယ်..."

" ကျေးဇူးတင်စရာမလိုပါဘူး မင်းနဲ့ ငါ့ကြားမှာ အဲ့လိုစကားတွေပြောဖို့ လိုသေးလို့လား..."

" အင်း ငါတို့..."
ကျွမ်းချင်က ဖူလီ၏ အမွေးဖွားလေးများကို ပွတ်လိုက်သည်။

" ငါတို့ကြားမှာ အဲ့လိုခွဲခြားနေဖို့ မလိုတော့ဘူး..."

" အိုင်း ညီအစ်ကိုရေ..."

လူငယ်လေးနှစ်ယောက်က ဆိုင်ကယ်စီးပြီး ဖြတ်လာချိန်တွင် ကျွမ်းချင်ဘက်ကိုလှည့်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။

" အစ်ကိုက အိမ်မွေးတိရစ္ဆာန်လေးကို အရမ်းဂရုစိုက်တာပဲ ချီလာရတာ မပင်ပန်းဘူးလား..."

" ဆောင်းရာသီမှာ အရမ်းအေးပြီးတော့ မြေကြီးကလည်း ညစ်ပတ်နေတယ်လေ... သူက မကြာခဏ အိပ်ငိုက်တတ်တော့ ဒီလိုချီလာတာ ပိုအဆင်ပြေလို့ပါ..."

ကျွမ်းချင်က သူစိမ်းဖြစ်သူ၏မေးခွန်းကို စိတ်ကြည်လင်စွာဖြင့် ပြန်ဖြေလိုက်သည်။

" အစ်ကိုက သူ့ကို အရမ်းအလိုလိုက်တာပဲ..."

လူငယ်လေးနှစ်ယောက်က ကျွမ်းချင်ကို လက်မထောင်ပြလိုက်သည်။

" တခြားရွေးချယ်စရာလည်း မရှိဘူးလေ ငါက သူ့ကိုတန်ဖိုးထားတော့ သူဒုက္ခရောက်နေမှာ မကြည့်ရက်ဘူး..."
ကျွမ်းချင်က ပြုံးပြလိုက်သည်။

လူငယ်လေးနှစ်ယောက် ဆိုင်ကယ်စီးပြီးထွက်သွားသောအခါ ဖူလီက နှာမှုတ်လိုက်သည်။

" ဒီလူသားတွေ မျက်လုံးမပါကြဘူးလား...ငါ့က လူသားတွေမွေးထားတဲ့အိမ်မွေးတိရစ္ဆာန်နဲ့ တူနေလို့လား..."

" ငါတို့က အဲ့လို ဘဝင်မြင့်နေတဲ့လူသားတွေနဲ့ အဆင့်တူအောင်အထိ နှိမ့်ချပစ်စရာမှ မလိုတာ..."

ဖူလီက ခေါင်းငိုက်စိုက်ကျသွားပြန်သည်။ စိတ်လှုပ်ရှားပြီးသည့်နောက် ယခုအခါတွင် အမှန်တကယ် အိပ်ငိုက်‌လာတော့သည်။

 နဂါးလေးကျွမ်းရဲ့ ရင်ခွင်က နွေးထွေးလိုက်တာ... တကယ်လို့ သူ့ရဲ့ လူသားအိမ်မွေးကောင်လေးကိုသာ နောက်ထပ်အိမ်မွေးကောင်လေးတစ်ကောင် ထပ်မမွေးတော့ပါဘူးလို့ သတိမပေးခဲ့ဘူးဆိုရင် သူ အခုပဲ နဂါးလေးကျွမ်းကို မွေးထားလိုက်ချင်တယ်...

အကြီးအကဲ မျောက်ဝံဖြူကြီး ပြောခဲ့ဖူးတာတော့ သူ ဒုက္ခရောက်မှာကို မကြည့်ရက်နိုင်တဲ့သူက သေချာပေါက် သူငယ်ချင်းကောင်းပဲတဲ့...

" ဖူလီ..."

" ဖူလီရေ..."

ကျွမ်းချင်က သူ့ကိုယ်ပေါ်တွင် အိပ်မောကျသွားသည့်ဖူလီ့ကို ညင်သာစွာပုတ်ပေးနေသည်။ သူ ကူကယ်ရာမဲ့စွာဖြင့်ပြုံးပြီး ခေါင်းခါလိုက်မိသည်။ 
သူ ဒီတိုင်း အိပ်ပျော်သွားတာပဲလား... ကြည့်ရတာ နှလုံးသားကိုးပါးအတိဒုက္ခကို ကျော်ဖြတ်ပြီးရင် ကျင့်ကြံဆင့်တိုးလာတယ်ဆိုပေမယ့် သူ့ဦးနှောက်ကတော့ အရင်တိုင်းပဲထင်တယ်...

ဒီလို တုံးတုံးအအနဲ့ နှစ်ပေါင်းများစွာနေလာခဲ့တာ သေချာပေါက် ကံတရားကို အားကိုးခဲ့တာပဲ ဖြစ်လိမ့်မယ်...


ကျွမ်းချင်က ဖူလီ့ကို အိမ်ခေါ်သွားပြီး အိပ်ရာခင်းပေါ် တင်ထားလိုက်သည်။ သူ ပက်လက်အနေအထားဖြင့် အိပ်ရာပေါ်လှဲနေသည်ကိုကြည့်ပြီး ကျွမ်းချင်ပြောစရာစကားမဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။

တကယ်ကို အကြီးအကဲတွေရဲ့ အလိုလိုက်ခံထားရတဲ့ ငတုံးမိစ္ဆာလေးပဲ...

လေအေးများက တိုက်ခတ်လာသည်။ သူ လျှောက်သွားပြီး ပြတင်းပေါက်များပိတ်ကာ လိုက်ကာကိုပါ ဆွဲလိုက်သည်။

ကျွမ်းချင်က ဧည့်သည်အိပ်ခန်းသို့ ထွက်လာခဲ့လိုက်သည်။ စင်္ကြန်လမ်းတွင်ရပ်နေလျက် ဧည့်ခန်းထဲမှ သလင်းကျောက်မီးဆိုင်းကြီးကို ကြည့်နေလိုက်သည်။ ရုတ်တရက် သူ့မျက်နှာကို လက်နှစ်ဖက်လုံးဖြင့်အုပ်ထားပြီး မျက်နှာကို အားဖြင့်ပွတ်နေလိုက်မိသည်။ 

.....

ကျို့နန်က ဂိမ်းစွဲနေသည့် introvert တစ်ယောက်ဖြစ်သည်။ အခြားသော introvertများမှာ လူအများနှင့် ထိတွေ့ဆက်ဆံရခြင်းကို မနှစ်သက်သော်လည်း စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ ဘာသာပြန်ခြင်း၊ online livestreamingများ ပြုလုပ်၍ ငွေရှာသည့်အလုပ်များ ရှိနေသေးသည်။ သို့သော် ကျို့နန်က ထိုလူများနှင့်မတူပေ။ သူက အိမ်ထဲတွင် အခန်းပိတ်နေရသည်ကိုသာ သဘောကျပြီး သူ့မိဘများချန်ထားပေးခဲ့သည့် အမွေများကိုသာမှီခိုပြီး ဘဝကိုဖြတ်သန်းနေသည်။ သူ၏နေ့ရက်တိုင်းတွင် ဂိမ်းထဲများလူများကိုသတ်ကာ သူ့ကိုယ်သူ စိတ်ကျေနပ်အောင်နေခြင်း သို့မဟုတ် သူ့ဘဝ၏ မကျေနပ်ချက်များကို ဖြေဖျောက်ရန် သတင်းများ၏အောက်တွင် တုန်လှုပ်စရာကောင်းသည့် commentsများကိုရေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။ 

သို့ရာတွင် ယခုနောက်ပိုင်း၌ သူ့ဘဝတွင် အဆင်မပြေမှုများ ကြုံတွေ့လာရသည်ကို သတိထားမိလာသည်။ ညလယ်ခေါင်တွင် သန့်စင်ခန်းထဲမှ အမျိုးသမီးတစ်ယောက်၏ ငိုယိုသံနှင့် ကျိန်ဆဲသံများကို ကြားလာရပြီး သူ့မိသားစုမှ အကြီးအကဲများကလည်း သူ့ကိုဆူပူကြိမ်းမောင်းနေသည့် အိမ်မက်များကို ဆက်တိုက်မက်လာရသည်။ သူ ဤကိစ္စကို အလေးအနက်မထားသော်လည်း မမျှော်လင့်ထားသည်မှာ ရက်အနည်းငယ်အကြာတွင် သူ့ခြေထောက်များနှင့် တင်ပါးတွင် ဒဏ်ရာများပေါ်လာခြင်းဖြစ်သည်။ သူ ခုံအမာတစ်ခုခုပေါ် ထိုင်လိုက်ချိန်တိုင်းတွင် သည်းမခံနိုင်လောက်သည့် နာကျင်မှုမျိုးကို ခံစားရသည်။ သူ သတ္တိမွေးကာ ဆေးရုံသို့သွားခဲ့ပြီး ငွေပမာဏများစွာပေး၍ ဆေးစစ်ချက်ပြုလုပ်ခဲ့သည်။ အဆုံးတွင် မည်သည့်ပြဿနာမှ ရှာမတွေ့ခဲ့ပေ။ သူ စိတ်ဆိုးမာန်ဆိုးနှင့် လိုင်းပေါ်တွင် ဆရာဝန်များကို လူလိမ်များဟု ဆဲရေးကာ သူ၏ ယခုနောက်ပိုင်း အတွေ့အကြုံများကို သဘာဝလွန်ဖိုရမ်တစ်ခုတွင် တင်လိုက်သည်။

ကံဆိုးသည်မှာ သူတင်လိုက်သောပို့စ်က အခြားအင်တာနက်အသုံးပြုသူများ၏ အာရုံစိုက်မှုကို မရရှိခဲ့ပေ။ အခြားပို့စ်များစွာတက်လာသောကြောင့် သူ့ပို့စ်က ရှေ့ဆုံးစာမျက်နှာမှ ဖြုတ်ချခံလိုက်ရသည်။ သူ မကျေမချမ်းဖြစ်သွားသော်လည်း အခြားရွေးချယ်စရာ မရှိခဲ့ပေ။ ထိုညတွင် သန့်စင်ခန်းထဲ၌ ငိုကြွေးနေသောအမျိုးသမီး၏ ထူးဆန်းသောအသံက ပိုမိုပြင်းထန်လာသည်။ သူ့မိသားစု၏ မျိုးဆက်ရှစ်ခုလုံးက သူ့အိပ်ရာဘေးတွင်ဝန်းရံကာ သူ့ကိုကျိန်ဆဲပြီး ထုရိုက်နေကြသည်။ သူ တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရပေ။ 

နောက်တစ်နေ့ နေ့လယ်တွင် သူ့တစ်ကိုယ်လုံးပေါ်တွင် စောင်များခြုံထားပြီး အိပ်တော့မည့်အချိန်၌ တံခါးဘဲလ်သံမြည်လာသည်။

သူ စိတ်မရှည်စွာဖြင့် အိပ်ရာပေါ်မှ ထလာသည်။ သူ့ခါးတွင် နာကျင်နေသည်များကိုနှိပ်လျက် အိပ်တစ်ဝက်နိုးတစ်ဝက်မျက်လုံးများဖြင့် တံခါးသွားဖွင့်လိုက်သည်။ 

" ဘာလဲ... ငါ အာမခံတွေ မဝယ်ဘူးနော်..."

" တောင်းပန်ပါတယ် ငါတို့မင်းကို နှောင့်ယှက်မိပြီ..."

ထိုအခါမှသာ စကားပြောနေသူက ရဲယူနီဖောင်းဝတ်ထားကြောင်း သတိပြုမိလိုက်သည်။ 
သူ့ပုံစံက တော်တော်ဖော်ရွေတာပဲ ဒေသခံရဲစခန်းက ရဲဝန်ထမ်းများလား...

ကျို့နန် အနည်းငယ်စိတ်လှုပ်ရှားသွားမိသည်။
အင်တာနက်ပေါ်မှာ သူဆဲထားတာတွေကို တိုင်လိုက်လို့များလား...

" ကိ ကိစ္စတစ်ခုခုရှိလို့လား..."

ရဲသား၏နောက်မှ လူနှစ်ယောက်ကို သူ လှမ်းကြည့်လိုက်သည်။ ညာဘက်မှတစ်ယောက်က အရပ် ၁၈၀စင်တီမီတာ သို့မဟုတ် ၁၉၀စင်တီမီတာခန့်ရှိပြီး  ယောကျာ်းတိုင်းမနာလို ဖြစ်ရလောက်သည့် ပုံပန်းသွင်ပြင်မျိုးဖြစ်သည်။ သူ့ရုပ်ရည်ကလည်း မဆိုးလှပေ။ 
သူ ကြည့်ကောင်းတော့ရော ဘာလုပ်ရမှာလဲ... သူကလည်းစီနီယာရဲသားနောက်က လိုက်လာတဲ့ရဲပဲမလား...

ကျို့နန် မတွေးဘဲ မနေနိုင်တော့ပေ။ ညာဘက်မှလူက အနည်းငယ် အရပ်ပိုပုပြီး ချောမွတ်နေသည့် ခေါင်းပြောင်ကြီးရှိသည်။ သူ့ပုံစံက ကြင်နာပုံပေါက်နေ၍‌ တော်သေးသည်။ ထိုသို့မဟုတ်ပါက သူလမ်းမပေါ် လျှောက်သွားနေသည်နှင့် အခြားလူများက လမ်းသရဲဟု ထင်နိုင်ပေသည်။

" မဟုတ်ပါဘူး ငါတို့က အများပြည်သူရဲ့ ထင်မြင်ချက်လိုချင်လို့ မေးခွန်းလေးတွေ နည်းနည်းလာမေးရုံပါပဲ..."

ရဲဝန်ထမ်းက သူ့အိုင်ဒီကတ်ကိုထုတ်ပြလိုက်သည်။
" နှောင့်ယှက်ရတာ အားနာပါတယ်..."