🐰Chapter 133🐉
မင်းကရော နားလည်တယ်ဆိုတဲ့သဘောလား...
အင်တာနက်ပေါ်တွင် ရှိသမျှလူတိုင်းကို ဆဲရေးနေသည့်ကျို့နန်မှာ လက်တွေ့တွင်မူ မည်သူ့ကိုမှ ရန်မစရဲသည့်လူမျိုးဖြစ်သည်။ ရဲသားက သူ့အိုင်ဒီကတ်ကို ထုတ်ပြလာသည့်အခါ တံခါးကိုအမြန်ဖွင့်ပြီး နောက်နှစ်လှမ်းခန့် ဆုတ်လိုက်သည်။
" ကျေးဇူးပြုပြီး အိမ်ထဲဝင်လာခဲ့ပါ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ..."
ခေါင်းပြောင်နှင့်လူက အိမ်ထဲဝင်လာချိန်တွင် ဗလာကျင်းနေသည့် ပုလင်းများစွာဖြင့် နှုတ်ဆက်ခြင်းခံလိုက်ရသည်။ ပါဆယ်ဘူးပေါင်းများစွာကလည်း စားပွဲပေါ်တွင် ပြည့်နေသည်။ သူ့ခြေထောက်ပင် မည်သည့်နေရာချရမည်ကို မသိပေ။
" ရှုပ်ပွနေတာ အားနာလိုက်တာ..."
ကျို့နန်က သူ့အိမ်ထဲမှ အမှိုက်များကို ဘယ်ညာတွန်းထုတ်လိုက်ပြီး လမ်းတစ်ခုဖြစ်အောင် လုပ်လိုက်သည်။
" ကျေးဇူးပြုပြီး ဒီဘက်က လာကြပါ..."
အိမ်တစ်ခုလုံးက အမှိုက်ပုံသဖွယ်ရှုပ်ပွနေသည်။ ခေါင်းပြောင်လူ၏ အနံ့ခံနိုင်စွမ်းက ဆတ်ဆတ်ထိမခံနိုင်သည်ဖြစ်ရာ အိမ်ထဲမှ အနံ့နှင့် အသားမကျနိုင်အောင် ဖြစ်နေသည်။ သူ သည်းမခံနိုင်သည့်အဆုံး ဧည့်ခန်းပြတင်းပေါက်များကို ဖွင့်လိုက်ရသည်။ ဖုန်များ ထူထဲနေသည့် ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင်လည်း သူ မထိုင်ရဲပေ။
ကျို့နန်က ဆီရွှဲနေသည့် သူ့ဆံပင်များကို သပ်လိုက်သည်။ သူ ရေခဲသေတ္တာထဲမှ အချိုရည်ဘူးများကို ထုတ်လိုက်သော်လည်း အလွန်ချောမောသည့်လူက ငြင်းလိုက်သည်။
" မင်း ကြင်နာတာကို တကယ်ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါတို့မှာ စည်းကမ်းတွေရှိသေးတယ် ငါတို့က ပြည်သူတွေဆီက ဘာမှယူလို့မှ မဖြစ်ဘူး..."
လူချောလေးက ကျို့နန်၏အိမ်ကို စိတ်ဝင်စားနေပုံပေါ်သည်။ အမှိုက်များကို နင်းပြီးသည့်နောက်တွင် သန့်စင်ခန်းရှိရာဘက်သို့ ချောချောမွေ့မွေ့ရောက်သွားသည်။
" ဒါ မင်းရဲ့ ရေချိုးခန်လား..."
" ခဏလေးနေပါဦး..."
ကျို့နန်က ဤအချိန်အတောအတွင်းခံစားနေရသည့် ခါးသီးမှုများကို တွေးမိကာ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
" အဲ့နေရာက နည်းနည်းတော့ ထူးဆန်းနေတယ် မသွားတာ ပိုကောင်းလိမ့်မယ်..."
သူက ခေါင်းစခြေဆုံးချောမောသည့် ဤယောကျာ်းကို အလွန်မနာလိုဖြစ်မိသော်လည်း ထိုလူ့ထံတွင် ကိစ္စတစ်ခုခုဖြစ်ခဲ့ပါက သူလည်း စိတ်အေးလက်အေးနေနိုင်မည်မဟုတ်ပေ။
လူချောလေးက ရေချိုးခန်းတံခါးကိုဖွင့်ပြီး အထဲကို လှမ်းကြည့်လိုက်သည်။ သူ့နောက်မှ ကျို့နန်က ဝါထိန်နေသည့်ဘေစင်၊ ရေစက်များကျနေသည့် ရေပိုက်ခေါင်းနှင့် ရွံစရာကောင်းလှသည့်အိမ်သာကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာတစ်ခုလုံးနီရဲလာသည်။
" ရေချိုးခန်းက တော်တော်လေးကြီးသားပဲ..."
လူချောလေး တံခါးပိတ်လိုက်ချိန်တွင် သန့်စင်ခန်း၏အနံ့ကလည်း ပျောက်ကွယ်သွားသည်။ ကျို့နန်က စိတ်အေးသက်အေးဖြင့် သက်ပြင်းခိုးချလိုက်သည်။ အကယ်၍ ကိစ္စများက ဤသို့ဆက်ဖြစ်နေပါက သူ နေရခက်လွန်း၍ သေသွားနိုင်သည်။
" ငါ တခြားအိမ်တွေကိုသွားပြီး စစ်တမ်းကောက်လိုက်ဦးမယ်... မင်းတို့နှစ်ယောက် ဒီနေရာကို ကြည့်ထားလို့ရတယ်..."
ရဲဝန်ထမ်းက လူငယ်နှစ်ယောက်ကို ပြုံးပြလိုက်ပြီးနောက် အိမ်ထဲမှ ပြန်ထွက်သွားသည်။ သူ အလွန်လျင်မြန်စွာ ပြေးထွက်သွားသည်မှာ အသက်လုပြေးသွားသည်နှင့်ပင် တူနေသည်။
ကျို့နန်၏ရင်ထဲမှ ရှက်ရွံ့မှုများက ပိုမိုပြင်းထန်လာသည်။ သူတစ်ယောက်တည်းသာ ဤမူမမှန်မှုများဖြင့် အသားကျနေသူဖြစ်သည်။
" အာ့..."
သူ့ခါးကိုလှည့်လိုက်ချိန်တွင် ဆစ်ခနဲနာကျင်မှုကြောင့် အသက်အောင့်လိုက်ရသည်။
" မင်း ဒဏ်ရာရထားတာလား..."
လူချောလေးက သူ့ကို စိုးရိမ်တကြီးဖြင့်လာကြည့်ပြီး သူ့အမူအရာကလည်း လေးနက်လွန်း၍ ကျို့နန်က သူ မသိလိုက်မီအချိန်မှာပင် ယခုနောက်ပိုင်းဖြစ်နေသည့် အကြောင်းကိစ္စများကို အလိုလိုပြောပြလိုက်မိသည်။ သန့်စင်ခန်းထဲမှ ထွက်ပေါ်လာသည့် ထူးဆန်းသော ငိုသံများအကြောင်းကိုပင် တစ်ဖက်လူကို ပြောပြမိသွားသည်။ အားလုံးကို ပြောပြပြီးသွားချိန်မှသာ သူပြောလိုက်သည့်အရာများကြောင့် လန့်သွားရသည်။ သူ အလျင်အမြန်ဖြင့် လက်ကာပြလိုက်သည်။
" ကျွန်တော် အခုနောက်ပိုင်း အရမ်းပင်ပန်းလို့ ထင်ယောင်ထင်မှားဖြစ်တာထင်တယ်... ကျွန်တော်က အဲ့လို အယူသီးတတ်တဲ့သူ မဟုတ်ပါဘူး..."
" ငါ သိပါတယ်..."
လူချောလေးက သူ့ပခုံးကို ပုတ်လိုက်သည်။
" မစိုးရိမ်ပါနဲ့ ဒါက ရေးကြီးခွင်ကျယ်ကိစ္စတော့မဟုတ်ဘူး..."
" ဖူကော..."
ဧည့်ခန်းပြတင်းပေါက်နားတွင် လေကောင်းလေသန့်ရှုနေသည့်လူက အော်ပြောလိုက်သည်။
" အစည်းအဝေးက ၁၁နာရီမှာစမယ်လို့ ဘော့စ်က ကျွန်တော်တို့ကိုလှမ်းပြောတယ်..."
" ငါသိပြီ ဒီကိစ္စကို နာရီဝက်အတွင်း ရှင်းလိုက်မယ်..."
လူချောလေးက ဧည့်ခန်းနံရံမှ နာရီကိုလှမ်းကြည့်လိုက်သည်။ ကံဆိုးသည်မှာ ဖုန်များပြည့်နေသည့်နာရီက ရပ်တန့်နေသည်မှာလည်း ကြာပြီဖြစ်၍ သူ့ဖုန်းထုတ်၍သာ အချိန်ကိုကြည့်လိုက်ရသည်။
ကျို့နန် တစ်ချက်ခိုးကြည့်လိုက်သည်။ ထိုဖုန်းက နာမည်ကြီးတံဆိပ်တစ်ခု၏ နောက်ဆုံးမော်ဒယ်ဖြစ်သည်။ ၎င်းကိုဝယ်ရန် လူပေါင်းများစွာ အင်တာနက်တွင် စောင့်ဆိုင်းနေရသည်ဟု ဆိုသော်လည်း ယခုအခါ အနီးအနားမှ ရဲတစ်ယောက်က ထိုဖုန်းကို စသုံးနေပြီဖြစ်သည်။ သူက အစောပိုင်းတွင် ပြည်သူများထံမှ မည်သည့်ပစ္စည်းမှမယူဟု ပြောခဲ့သော်လည်း နာမည်ကြီးတံဆိပ်ဖုန်းကို သုံးနေပေသည်။ ကျို့နန် ထိုအကြောင်းတွေးလိုက်သောအခါ အနည်းငယ်စိတ်တိုသွားမိသည်။
" ငါ့နာမည်က ဖူလီပါ... ငါက ဒေသခံရဲစခန်းက ဝန်ထမ်းမဟုတ်ဘူး... တခြားဌာနကပါ..."
ဆံပင်က ငှက်သိုက်နှင့်တူနေသော နွမ်းလျနေသည့်လူငယ်လေးကို ဖူလီတစ်ချက်ကြည့်လိုက်မိသည်။
" ငါတို့ဌာနရဲ့ ဝန်ထမ်းတွေက အင်တာနက်ပေါ်က မင်းရဲ့ပို့စ်ကိုတွေ့လို့ ငါ မင်းအိမ်ကို တစ်ချက်လာကြည့်ပေးတာ..."
ပို့စ်လား...
ကျို့နန် ကြောင်အစွာဖြင့် စိုက်ကြည့်နေမိသည်။
သူ့ကိုယ်သူ ဖူလီလို့ခေါ်တဲ့ အစ်ကိုချောချောလေးက သူမနေ့က သရဲခြောက်ခံရတယ်ဆိုတဲ့ပို့စ်ကို မြင်ခဲ့တယ်လို့ ပြောတာလား...
" ဆရာတို့က ဘယ်ဌာနကလဲ... ကျွန်တော့်အိမ်မှာ မသန့်စင်တဲ့အရာတွေများ ရှိနေတာလား..."
ကျို့နန်က ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်သွားပြီး သန့်စင်ခန်းနှင့် ခပ်ဝေးဝေးတွင် ရပ်နေသည်။
ဖူလီက သူ့ကို စိတ်ထဲမထားပေ။ သူ သန့်စင်ခန်းတံခါးရှေ့မှ နေရာလွတ်ကို ကိုင်လိုက်သည့်အခါ ဝတ်ရုံဖြူဝတ်ထားသော အမျိုးသမီးတစ်ယောက် ထွက်လာသည်။ ထိုမြင်ကွင်းကြောင့် ကျို့နန်က ခြေထောက်များပျော့ခွေပြီး ကြောက်လန့်သွားသည်။ သူ့ခန္ဓာကိုယ်က ယိုင်သွားကာ အမှိုက်ပုံကြီးထဲ ကျသွားသည်။
" ဘာ ဘာကြီးလဲ..."
" ဒါက သန့်စင်ခန်းနတ်ဘုရားလေ... မင်းတို့အခေါ်ဆိုရင်တော့ သန့်စင်ခန်းသရဲလို့ ပြောရမလားပဲ... အတိတ်တုန်းကဆိုရင် လူသားတွေက မီးဖိုချောင်နတ်ဘုရားတို့ သန့်စင်ခန်းနတ်ဘုရားတို့ကို ပူဇော်ပသတဲ့ဓလေ့ ရှိတယ်လေ... တချို့လူတွေက စိတ်ရင်းအမှန်နဲ့ ယုံယုံကြည်ကြည် ပူဇော်ကြလွန်းလို့ သူတို့အိမ်တွေမှာ ယုံကြည်မှုကတစ်ဆင့်ပေါက်ဖွားလာတဲ့ ဝိညာဉ်တွေရှိကြတယ်... မင်းတို့လူသားတွေက သူတို့ကို နတ်လို့လည်း ခေါ်တတ်ကြတယ်..."
ဖူလီက သူ့ရှေ့မှ အားနည်းပြီး တရှုံ့ရှုံ့ငိုကျွေးနေသည့် သန့်စင်ခန်းနတ်ဘုရားကို ကြည့်လိုက်သည်။
" သူက မင်းတို့အိမ် နတ်ပဲ..."
" ဒီလို ဖြစ်တည်မှု... ဒါ ဒါဆို သူက သရဲမဟုတ်ဘူးလား..."
ကျို့နန် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" ကျွန်တော့်အိမ်မှာ ဘာလို့ ဒါ ရှိနေဝာာလဲ..."
သူက ထိုအရာများနှင့်ပတ်သက်ပြီး အယုံအကြည် မရှိပေ။
အဲဒီယုံကြည်မှုတွေ ဘယ်ကရောက်လာတာလဲ...
" သေချာပေါက် သူက သရဲ မဟုတ်ပါဘူး..."
ဖူလီက သန့်စင်ခန်းနတ်ဘုရား၏ကိုယ်ကို ထိလိုက်သည်။ သူမ၏ခန္ဓာကိုယ်က အကောင်အထည်ရှိလာပြီး စကားပြောနိုင်စွမ်းပါ ရရှိလာသည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း..."
သန့်စင်ခန်းနတ်ဘုရားက ဖူလီ့ကို ဦးညွတ်လိုက်သည်။ သူမက သဘောကောင်းသည့် အိမ်တွင်းနတ်ဖြစ်ပေသည်။
" မင်း တော်တော်လေးတောင်အားနည်းနေပြီပဲ ဘာလို့ဒီအိမ်က မထွက်သွားသေးတာလဲ..."
ဖူလီ နားမလည်နိုင်တော့ပေ။ သန့်စင်ခန်းနတ်ဘုရားက လူသားများ၏ ပူဇော်မှုများ မရရှိပါက ယုံကြည်သူအသစ်ကို ရှာဖွေတတ်ကြသည်။ ယခုခေတ်တွင် ဤသို့သောအရာများကိုယုံကြည်သူများက အနည်းငယ်သာရှိသော်လည်း လူတစ်ယောက်ကို ရှာရခြင်းက ပြဿနာမဟုတ်ပေ။
သူဘာလို့ ဒီလို ညစ်ပတ်ရှုပ်ပွနေတဲ့နေရာမှာ ဆက်နေနေပါလိမ့်...
သန့်စင်ခန်းနတ်ဘုရားက ခေါင်းမော့လိုက်သည်အခါ နူးညံ့လှပသည့် မျက်နှာလေးတစ်ခု ပေါ်လာသည်။
" ဘာလို့လဲဆိုတော့ ကျို့မိသားစုရဲ့ မြေးမြစ်တွေကိုယ်တိုင်က ကျွန်မကို မလိုအပ်တော့ဘူးလို့ သူတို့ကိုယ်တိုင်ထုတ်ပြောမှ ကျွန်မထွက်သွားမယ်လို့ လူတစ်ယောက်ကို ကတိပေးခဲ့လို့ပါ..."
ဖူလီက ကျို့နန်ကိုလှည့်ကြည့်လိုက်သည်။ ကျို့နန်က ကြောက်လန့်လွန်း၍ ခေါင်တဆတ်ဆတ်ခါနေသည်။
" ဒီလိုတည်ရှိမှုမျိုး ကျွန်တော့်အိမ်ထဲရောက်နေတာ တကယ် မသိဘူး... ကျွန်တော် သိခဲ့တယ်ဆိုရင် သူ့ကို လွှတ်ပေးလိုက်တာ ကြာပါပြီ..."
" ငါမှတ်မိသလောက်ဆိုရင်တော့ မင်းတို့အိမ်စောင့်နတ်တွေမှာ အကျင့်တစ်ခုရှိကြတယ်လေ... အိမ်မှာ အရမ်းဆူညံပြီး အိမ်သားတွေက မဖြောင့်မှန်ကြဘူးဆိုရင် သူတို့ကို သတိပေးတတ်တယ်မလား... မင်းဘာလို့ အဲ့လိုမလုပ်တာလဲ..."
ဖူလီက အတိတ်တွင် လူသားလောကသို့ ရောက်လာခဲလှသော်လည်း အိမ်စောင့်နတ်များ၏ ဇာတ်လမ်းများစွာကို နားထောင်ခဲ့ဖူးသည်။ တစ်ခါက အသက်ခုနစ်နှစ်အရွယ် ရှစ်နှစ်အရွယ်ကလေးတစ်ယောက်က လောကကြီး၏စည်းမျဉ်းများကို နားမလည်ဘဲ ဆက်တိုက်ငိုယိုပြီး ဂျီကျနေခဲ့သည်။ ထို့နောက်တွင် မီးဖိုချောင်ထဲသွားပြီး အပေါ့စွန့်ခဲ့သည်။ မကြာမီအချိန်တွင် သူတို့မိသားစု၏ ထမင်းအိုးက မီးမည်မျှထည့်ပါစေ မကျက်တော့ပေ။ မိသားစုတစ်ခုလုံးက ထိုကလေးကိုကောင်းမွန်စွာသွန်သင်မည်ဟု ကတိပေးပြီး အမွှေးတိုင်ထွန်းကာ ဒူးထောက်ကန်တော့မှ သူတို့ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
သွန်သင်ဆုံးမပြီးသည့်အခါ ထိုကလေးက တဖြည်းဖြည်းလိမ်မာလာပြီး နန်းတွင်းဝင်ခွင့်စာမေးပွဲတွင် အမှတ်အမြင့်ဆုံးလူ ဖြစ်သွားခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ လူသားလောကတွင် အိမ်စောင့်နတ်များကို ပူဇော်ပသသည့် ဓလေ့တစ်ခု ဖြစ်လာခဲ့သည်။
သန့်စင်ခန်းနတ်ဘုရား၏မျက်နှာက အနည်းငယ်နီရဲလာသည်။
" ဒီက လူကြီးမင်းကျို့က ထမင်းလုံးဝ မချက်ဘူးလေ... ကျွန်မ သတိပေးတဲ့ အနေနဲ့ မြွေနှစ်ကောင်ကို အိမ်ထဲဝင်လာအောင် လုပ်ခဲ့ပါသေးတယ် ဒါပေမဲ့ ဒီအိမ်ထဲမှာ အမှိုက်တွေနဲ့ ရှုပ်ပွလွန်းနေတော့ ကြွက်တွေလည်း အများကြီးရှိနေတယ်... နောက်ဆုံးတော့ အဲ့မြွေနှစ်ကောင်က ကြွက်တွေကိုစားနေရင်း အဆုံးသတ်သွားတာပဲ..."
" အဲ့လူသားနဲ့လုပ်ခဲ့တဲ့ ကတိက အရမ်း အရေးကြီးလို့လား... အရေးကြီးလွန်းလို့ ဒီနေရာက ထွက်သွားမယ့်အစား မင်းရဲ့ဝိညာဉ်ကို ပျောက်ကွယ်ခံလိုက်မှာလား..."
ဖူလီက သန့်စင်ခန်းနတ်ဘုရား၏ တွေးတောပုံကို နားမလည်နိုင်တော့ပေ။
" သူက ငယ်ငယ်လေးတည်းက ကျွန်မကို မြင်နိုင်ခဲ့တဲ့ လူကောင်းတစ်ယောက်ပါ..."
သန့်စင်ခန်းနတ်ဘုရားက နွေးထွေးစွာဖြင့် ပြုံးလိုက်သည်။
" သူက လက်တွဲဖော်မရှာ၊ ကလေးမမွေးပဲနဲ့ ကျွန်မကို တစ်လျှောက်လုံး အဖော်ပြုပေးခဲ့တာ... သူ သေခါနီးအချိန်တုန်းကတောင် ကျွန်မက သူ့အမျိုးတွေနဲ့ ဆက်နေရမယ်ဆိုတဲ့အချက်ကို လက်မခံနိုင်ဘဲ ခေါင်းမာနေခဲ့ပြီးတော့ နောက်ဆုံးထွက်သက်အထိရောက်အောင် တင်းခံနေခဲ့တာ ကျွန်မ ကျို့မိသားစုနဲ့ပဲ အတူတူနေပါ့မယ်လို့ ကတိပေးလိုက်တော့မှ စိတ်အေးလက်အေးနဲ့ထွက်သွားနိုင်ခဲ့တယ်..."
သန့်စင်ခန်းနတ်ဘုရားက ခေါင်းငုံ့လိုက်ပြီး သူမမျက်ဝန်းထဲမှ စိတ်ခံစားချက်များကို ဖုံးကွယ်ထားလိုက်သည်။
" ဒီနှစ်တွေထဲမှာ ကျွန်မကတော့ နေသားကျနေပါပြီ..."
အမှိုက်ပုံကြီးဘေးတွင် ကြောင်အစွာဖြင့်ထိုင်နေသောကျို့နန်က ငေးစိုက်ကြည့်နေမိသည်။ သူတို့မိသားစုက တစ်ချိန်က အလွန်ထင်ရှားကျော်ကြားခဲ့ကြောင်း သူ့အဖေပြောဖူးသည်ကို သတိရသွားသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်ခန့်က သူတို့၏ဘိုးဘေးတစ်ယောက်မှာ နန်းတွင်းစာမေးပွဲတွင် အောင်မြင်ခဲ့ပြီး ထိုဒေသ၏မှူးမတ်ဖြစ်လာခဲ့ပေသည်။ သူက ဘဝတစ်လျှောက်လုံး အမျိုးသမီးတစ်ယောက်နှင့် မထိမ်းမြားခဲ့ပဲ အသက်သုံးဆယ်မပြည့်မီတွင် အပြင်းအထန် နာမကျန်းဖြစ်သောကြောင့် သေဆုံးသွားခဲ့ရသည်။ သူတို့မိသားစုက ထိုဘိုးဘေး၏ မျိုးနွယ်စုဝင် ဖြစ်ခဲ့သည်။
သူ့မှတ်ဉာဏ်ထဲတွင် သူ့အဖိုး အသက်ရှင်စဉ်က မီးဖိုချောင်နတ်ကို အမွှေးတိုင်များထွန်းပြီး ပူဇော်ခဲ့သည်အား မှတ်မိနေသေးသည်။ သူ့အဖိုး သေဆုံးသွားပြီးသည့်နောက်တွင်လည်း သူ့အဖေက ထိုသို့ မကြာခဏ ပြုလုပ်ပေးခဲ့သည်။ သို့သော် သူ့မျိုးဆက်သို့ ရောက်ရှိလာချိန်တွင် ဤကိစ္စကို လုံးဝမေ့လျော့နေခဲ့သည်။ ယခုအခါ အိမ်စောင့်နတ်ကိုကြည့်ပြီး သူ့ရင်ထဲတွင် ကြောက်လန့်မှုအစား ရှက်ရွံ့မှုများသာ ဝင်ရောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အနှံ့မှ ဒဏ်ရာများကိုထိကာ ခါးသီးစွာပြုံးလိုက်မိသည်။
" အိမ်စောင့်နတ် ကျွန်တော်မှားမှန်းသိပါပြီ... ဒါပေမဲ့ ကျွန်တော့်ကိုရိုက်တာ အရမ်းပြင်းလွန်းတယ်..."
သန့်စင်ခန်းနတ်ဘုရားက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
" ငါ့ရဲ့ဝိညာဉ်ကတောင် ပျောက်ခါနီးဖြစ်နေတာ မင်းကို ဘယ်လိုအန္တရာယ်ပေးနိုင်မှာလဲ..."
ကျို့နန် ကြောက်လန့်တကြားဖြစ်ပြီး တုန်ယင်သွားသည်။
" ဒါဆို ကျွန်တော့်အိမ်မှာ တခြားသရဲတွေ ရှိသေးတယ်လို့ ပြောချင်တာလား..."
ဖူလီက ခေါင်းခါနေသည့်ချူးယွီကို လှမ်းကြည့်လိုက်သည်။
" မကောင်းဆိုးဝါးသရဲတွေရဲ့ အော်ရာမျိုးကို မခံစားမိပါဘူး..."
ထိုအကြောင်းကြားသည့်အခါ ဖူလီက ဘာလုပ်ရမည်ကို သိသွားသည်။ သူ ကျို့နန်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" မင်းတို့မိသားစုထဲက ပြန်လည်မမွေးဖွားရသေးတဲ့ ဘိုးဘေးတစ်ယောက်ယောက်က ကြည့်မနေနိုင်တော့လို့ မင်းကို ပညာလာပေးတာထင်တယ်..."
ဤအိမ်ထဲတွင် အမှိုက်များဖြင့်ပြည့်ပြီး ညစ်ပတ်နံစော်နေပေသည်။ သူ မည်မျှပျင်းရိသည်ဖြစ်စေ အိမ်ကို အမှိုက်ပုံအဖြစ်မပြောင်းလဲထားသင့်ပေ။
ကျို့နန်၏ပခုံးက ကျုံ့ဝင်သွားသည်။ သူ နိုးကြားစွာဖြင့် သူ့အိမ်ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး သူ့ဘိုးဘေးတစ်ယောက်ယောက်ရှိနေလားဟု စစ်ဆေးလိုက်သည်။
ဖူလီက သူ့ကိုလျစ်လျှူရှု့ထားပြီး သန့်စင်ခန်းနတ်ဘုရားဘက်က်ု လှည့်လိုက်သည်။
" တကယ်လို့ ဒီကလူကြီးမင်းကျို့က မင်းကိုလွှတ်ပေးမယ်ဆိုရင် မင်းသွားစရာနေရာရှိလား..."
သန့်စင်ခန်းနတ်ဘုရားက ခေါင်းခါလိုက်သည်။
" ကျွန်မက ကျို့မိသားစုကလွဲပြီး တခြားလူသားမိသားစုတွေနဲ့ မဆက်ဆံချင်ပါဘူး..."
" မင်းရဲ့ ဝိညာဉ်က အစိတ်စိတ်အမြွှာမြွှာဖြစ်သွားရင်တောင်လား..."
" ဟုတ်ပါတယ် ကျွန်မရဲ့ဝိညာဉ် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားရင်လည်း ရပါတယ်..."
သန့်စင်ခန်းနတ်ဘုရားက ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။
" ဘာလို့လဲ..."
ဖူလီက နားလည်နိုင်ရန် ပိုမိုခက်ခဲသွားသည်။
" အဲ့လူသားက မင်းကို ဆယ်စုနှစ်နည်းနည်းလောက်ပဲ အဖော်ပြုပေးခဲ့တာလေ..."
သန့်စင်ခန်းနတ်ဘုရားက သူမရှေ့မှ ကျင့်ကြံဆင့်နက်နဲသည့် ချောမောလှသည့် ယောင်ကျင့်ကြံသူကိုကြည့်ပြီး အသံလွင်လွင်ဖြင့် ရယ်လိုက်သည်။
" မိစ္ဆာနတ်ဘုရားအရှင်က အချစ်ဆိုတဲ့အရာကို နားမလည်ဘူးထင်တယ် ဟုတ်တယ်မလား..."
ဖူလီက ပြန်ဖြေလိုက်သည်။
" ငါလည်း နားလည်ပါတယ်... ငါ ငယ်ငယ်တည်းက ငါ့ရဲ့ အကြီးအကဲတွေက ချစ်ပေးလာကြတာပဲ ငါလည်း သူတို့ကိုချစ်တယ်လေ..."
" အဲဒီအချစ်နှစ်မျိုးက မတူဘူး... တကယ်မတူဘူး..."
သန့်စင်ခန်းနတ်ဘုရား၏အပြုံးက ပိုမိုညင်သာလာသည်။ သူမက နှစ်ပေါင်းသုံးရာကျော်ခန့်သာ နေထိုင်လာသည့်သူဖြစ်သော်လည်း သူ့ရှေ့မှ နှစ်၄၀၀၀ကျော် ကျင့်ကြံခဲ့သည့် မဟာမိစ္ဆာဖြစ်သောဖူလီကို ဂျူနီယာလေးတစ်ယောက်သဖွယ် ကြည့်လိုက်သည်။
" ဘယ်သူနဲ့မှ အစားထိုးလို့မရတဲ့ အချစ်မျိုးရှိတယ်... အရှင် ဘဝတိုင်းမှာ သူနဲ့ပဲနေချင်ပြီး ဘယ်တော့မှ မခွဲခွာချင်တာမျိုးပေါ့..."
ဖူလီက သန့်စင်ခန်းနတ်ဘုရားကို သနားကရုဏာသက်စွာဖြင့် ကြည့်လိုက်သည်။
" ဒါပေမဲ့ လူသားတွေရဲ့သက်တမ်းက တိုလွန်းတယ်... မင်း သူနဲ့ ထာဝရနေလို့ မရဘူးလေ..."
" ဟုတ်ပါတယ် ဒါပေမဲ့ တကယ်လို့ လူတစ်ယောက်ကို ချစ်မိသွားခဲ့မယ်ဆိုရင် နေ့နေ့ညည အချစ်အတွက်ကြောင့် တိုက်ခိုက်နေရလည်း အဆင်ပြေပါတယ်..."
သန့်စင်ခန်းနတ်ဘုရားက ဖူလီ၏ မျက်ဝန်းထဲမှ ကရုဏာသက်မှုများကိုမြင်၍ ညင်သာစွာပြုံးလိုက်သည်။
" သူက လူသားဖြစ်နေမယ်ဆိုရင်တောင် ကျွန်မ အသိအမှတ်ပြုပါတယ်..."
ဖူလီက အချစ်ကို နားမလည်သူဖြစ်၍ ထိုအပြုအမူက အသိဉာဏ်ရှိသည် တုံးအသည်ကို သူ မဆုံးဖြတ်နိုင်ပေ။ သို့ရာတွင် ဤချစ်မြတ်နိုးမှုက သူ၏လေးစားမှုကိုရရန် ထိုက်တန်ပေသည်။ သူ ထိုကိစ္စအကြောင်းတွေးပြီး ပြောလိုက်သည်။
" တကယ်လို့ မင်းသွားစရာနေရာမရှိဘူးဆိုရင် ငါတို့ဆီမှာ ဝန်ထမ်းလာလုပ်လို့ရပါတယ်... ငါတို့ဆီမှာလည်း မင်းလိုမျိုး အမျိုးသမီးကျင့်ကြံသူတွေရှိတယ်..."
သန့်စင်ခန်းနတ်ဘုရားက သိမ်မွေ့စွာပြုံးလိုက်သည်။
" ကျို့မိသားစုက အနာဂတ်မှာ သန့်စင်ခန်းနတ်ဘုရားကို မလိုတော့ပါဘူး..."
ကျို့နန် မတ်တပ်ရပ်လိုက်သည်။ ပင်ပန်းနွမ်းလျနေသည့်သူက ယခုအချိန်တွင် အနည်းငယ်တက်ကြွဖျတ်လတ်နေပုံရသည်။
" ကျွန်တော် အခုကစပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ့မယ်... မင်း ဖူလီဆိုတဲ့ ဒီလူချောလေးနဲ့ လိုက်သွားလို့ရတယ်..."
သူက အိမ်စောင့်နတ်ဟူသော တည်ရှိမှုကို စိတ်ရင်းအမှန်ဖြင့် ပူဇော်ပသနိုင်မည်လည်း မဟုတ်ပေ။ သူ့ဘဝ၏ တစ်ခုတည်းသောစိတ်ဝင်စားမှုက ပုံရိပ်ရောင်ကမ္ဘာထဲတွင်သာရှိနေ၍ တစ်ဘဝလုံး ဤသို့သာ ဆက်ဖြစ်နေပေဦးမည်ဖြစ်သည်။ ဘဝတွင် အသုံးမဝင်သောလူက ထိုပုံစံအတိုင်းသာ ထာဝရနေထိုင်ရမည်ဖြစ်သည်။ အခြားလူများကိုပါ သူနှင့်အတူ ဆွဲချမသွားချင်ပေ။ ထို့အပြင် ဤသန့်စင်ခန်းနတ်ဘုရားက သူ့ဘိုးဘေး၏ချစ်သူဖြစ်နေခဲ့သည်။ မိသားစု၏ ဓလေ့ထုံးတမ်းအရဆိုလျှင် သူမကို ဘိုးဘေးအဖွားဟု ခေါ်ရန် လိုအပ်ပေသည်။ ဤညစ်ပတ်နေသည့်အိမ်ထဲတွင် သူ့အဖွားနေရမည်ကို တွေးမိရုံဖြင့် သူ့မျက်နှာတစ်ခုလုံးနီရဲလာသည်။