Chapter 11
Viewers 15

Chapter ( 11 )

လွန်ခဲ့သည့် နှစ် 80 .... ဟွေ့ယန်မြို့၌....


မြို့ထဲတွင် အမွှေးအကြိုင်လုပ်ငန်းကို ထိန်းချုပ်ထားသည့် လင်းမိသားစုတစ်စု ရှိလေသည်။ လင်းမိသားစုက ဒေသခံမဟုတ်ပေ။ သူတို့က တခြားနေရာမှ ရောက်လာခြင်းဖြစ်သည်။


လင်းသခင်ကြီးက သူ့ရဲ့ရေမွှေးဖန်တီးခြင်း ကျွမ်းကျင်မှုများကြောင့် ဝေ့ယန်တိုင်းပြည်တွင် ဂုဏ်သတင်းကျော်စောလှ၏။ သို့သော်လည်း သူတို့တစ်မိသားစုလုံးက ဘာအတွက်ကြောင့် ဟွေ့ယန်မြို့သို့ ပြောင်းလာခဲ့ကြောင်းကိုတော့ ဘယ်သူမှမသိကြပေ။ လင်းသခင်ကြီးကလည်း သူတို့ဟာ လူတစ်ယောက်ကို အပြစ်ပြုမိခဲ့တာကြောင့် ဟွေ့ယန်မြို့သို့ ထွက်ပြေးလာရကြောင်းသာ ပြောခဲ့သည်။


အစပိုင်းတွင် မြို့ခံလူများက လင်းသခင်ကြီးရဲ့ ရေမွှေးများကို ငြင်းဆန်ခဲ့ကြ၏။ ဟွေ့ယန်မြို့သားများက ရိုးရှင်းကာ သဘာဝအလှကိုမြတ်နိုးတာကြောင့် သူတို့က အမွှေးအကြိုင်များတွင် စိတ်မဝင်စားပေ။


သို့သော်လည်း လင်းသခင်ကြီးရဲ့ရေမွှေးတွင် စိတ်ကိုအေးချမ်းစေသည့် ပြိုင်ဖက်ကင်းရနံ့ရှိပေသည်။သူ့ရေမွှေးကို ဝယ်ယူသူတိုင်းက စွဲလန်းလာခဲ့ပြီး ဖြတ်လို့မရတော့ချေ။


အချိန်ကုန်လာသည်နှင့်အမျှ လင်းသခင်ကြီး၏ ရေမွှေးလုပ်ငန်းက ဝယ်ယူသူများပြားလာခဲ့သည်။


အများစုက ချမ်းသာကြွယ်ဝသည့် ကုန်သည်များဖြစ်ကာ သူတို့ရဲ့ထောက်ခံမှုနဲ့အတူ ရေမွှေးလုပ်ငန်းက ဟွေ့ယန်မြို့တွင် နာမည်ကြီးလာပြီး လုပ်ငန်းတိုးတက်လာသည်နှင့်အမျှ စျေးနှုန်းကလည်း သဘာဝကျစွာပဲ တိုးမြင့်လာခဲ့သည်။


တချို့ဆိုလျှင် လင်းသခင်ကြီးရဲ့ ပေါင်ဒါမှုန့်တစ်ဗူးကို ရရန်အတွက် သူတို့ရဲ့ပိုင်ဆိုင်မှုများကို ရောင်းချပစ်ကြသည်ဟုဆိုကြသည်။


လင်းသခင်ကြီးက ရေမွှေးဖန်တီးမှုအပြင် နတ်သမီးတစ်ပါးလိုလှပသည့် သမီးတစ်ယောက်ရှိခြင်းအတွက်လည်း နာမည်ကြီးပေသည်။


သူ့သမီးက ဘယ်လောက်လှသနည်း? သူမကို မြင်ဖူးသူတိုင်းက ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးနှင့်တူသည်ဟု ပြောကြသည်။


ထိုအလှကြောင့်ပဲ ဟွေ့ယန်မြို့မှ အချမ်းသာဆုံးမိသားစု၏ သားဖြစ်သူက လင်းသခင်ကြီးရဲ့သမီးကို မြင်မြင်ချင်းချစ်မိသွားကာ စေ့စပ်လမ်းကြောင်းခွင့်ရရန်အတွက် လင်းသခင်ကြီးကို အကျိုးအမြတ်များစွာ ကတိပေးခဲ့သည်။


နှစ်အနည်းငယ်ကြာပြီးနောက် အချမ်းသာဆုံးမိသားစုက ဆွေမျိုးများထံသွားလည်ပြီး အိမ်သို့ပြန်လာရာလမ်းတွင် တောပုန်းဓားပြများက သူတို့နှင့်အတူပါသည့် အစေခံများကိုပါမချန် တစ်မိသားစုလုံးအား သုတ်သင်ပစ်လိုက်လေသည်။


ထိုနောက် လပိုင်းမျှကြာပြီးနောက် လင်းသခင်ကြီးက မြို့ထဲမှ ဆန်ကုန်သည်ကြီးတစ်ဦး၏သားနှင့် သမီးဖြစ်သူကို နေရာချပေးရန် စီစဉ်ပြန်၏။


........


နှစ်နှစ်အကြာတွင် လင်းမိသားစုသို့ ဥယျာဉ်မှူးတစ်ယောက် ရောက်လာခဲ့သည်။ သူက မျက်နှာပေါ်မှ အမာရွတ်ကြောင့် လူဝင်မဆန့်သော်လည်း သူစိုက်ပျိုးသည့်နှင်းဆီများက အလွန်လှပထင်ရှားတာကြောင့် မောင်းထုတ်မခံရချေ။


လင်းသခင်ကြီးရဲ့ သမီးဖြစ်သူကလည်စ ဖော်ရွေမှုမရှိသည့် ဒီဥယျာဉ်မှူးကို ချစ်မိသွားခဲ့သည်။


ထို့နေ့ည၌ ဥယျာဉ်၏ ထောင့်တစ်နေရာတွင် လင်းဝမ်က ဥယျာဉ်မှူးကို ဖိတ်ကြားလျက် သူမရဲ့ခံစားချက်များကို ဝန်ခံရန် စီစဉ်ခဲ့သည်။


ထိုအချိန်က ဓလေ့ထုံးတမ်းများမှာ ယောကျ်ားနှင့်မိန်းမ သီးသန့်တွေ့ဆုံခြင်းကို ဆန့်ကျင်ကြသော်လည်း ဟွေ့ယန်မြို့က မတူပေ။ လူများက ရိုးရှင်းကြပြီး အချစ်ကိစ္စများတွင် အံ့သြစရာကောင်းအောင် ပွင့်လင်းကြသည်။


ယောကျ်ားနှင့်မိန်းမက သီးသန့်တွေ့ဆုံနိုင်လေသည်။ သူတို့က အချင်းချင်းသဘောကျလျှင် လူသိရှင်ကြားဝန်ခံခြင်းတောင် ပြုလုပ်ကြကာ လူတိုင်းက အားပေးရယ်မောရင်း သက်ဝင်လှုပ်ရှားသည့် လေထုကို ဖန်တီးပေးကြသည်။


သို့သော်လည်း ညအချိန်တွေ့ဆုံခြင်းကတော့ ရှားပါးနေဆဲဖြစ်သည်။


လင်းဝမ်က နည်းနည်းတော့ ကြောက်မိသည်။ သူမက စေ့စပ်ပြီးသူဖြစ်တာကြောင့် လူတွေမြင်သွားမှာ ကြောက်နေခဲ့သည်။


သို့သော်လည်း သူမက ရုပ်ဆိုးတဲ့အပြင် မိန်းမပွေရှုပ်တဲ့ ဆန်ကုန်သည်ရဲ့သားကို သဘောမကျပေ။ သူက မြို့ထဲမှသီချင်းဆိုသမများနဲ့ လှည့်လည်ကစားတတ်ပြီး သူ့ရဲ့ တိတ်တိတ်ပုန်းကိစ္စများကို ဟွေ့ယန်တစ်မြို့လုံး သိကြသည်။


တချို့ဆိုလျှင် သူတို့ရဲ့စေ့စပ်ပွဲက နောက်ချေးထဲမှ ပန်းပွင့်နဲ့တူပြီး သံချေးတက်နေတဲ့ အိုးနှုတ်ခမ်းနဲ့ အိုးကောင်းတစ်လုံးလိုဖြစ်နေသည်ဟု ပြောကြသည်။


လင်းဝမ်က ဒီစေ့စပ်ပွဲကို ငြင်းဆန်ခဲ့၏။ သို့သော်လည်း သူမရဲ့ဖခင်က လူတွေမြင်သလို သူမကို မချစ်ပေ။ သူက သူမရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုထားပြီး သူမနဲ့သက်တူရွယ်တူများကြားတွင် သူမအကြောင်းက အတင်းပြောစရာဖြစ်စေခဲ့သည်။


ဒီအကြောင်းကိုတွေးရင်း လင်းဝမ်က သူမရဲ့လက်ကိုင်ပုဝါလေးကို တင်းတင်းဆုပ်ကာ မလိုလားမှုတစ်စွန်းတစ်စက သူမရဲ့နူးနူးညံ့ညံ့မျက်နှာလေးပေါ်တွင် ပေါ်လာခဲ့သည်။


သူမက လင်းမိသားစုအတွက်နဲ့ ဟိုနှလုံးသားမရှိတဲ့လူကို ဘာလို့လက်ထပ်ရမှာလဲ? တံခါးကိုဖြတ်လိုက်တာနဲ့ အငယ်အနှောင်းတွေ တသီတတန်းကြီးကို ဖြေရှင်းရမယ့်ကိစ္စမျိုး သူမ မလုပ်ချင်ဘူး !


မိနစ်အနည်းငယ်ကြာပြီးနောက်.....


ခြေသံများနီးကပ်လာကာ အသံနိမ့်နိမ့်တစ်ခု ထွက်ပေါ်လာခဲ့သည်။


" အခုက အရမ်းညဉ့်နက်နေပြီ။ မမလေး ကျွန်တော့်ကို ဘာလို့တွေ့ချင်တာပါလဲ? "


ဥယျာဉ်မှူးက ညင်သာစွာ မေးလာခဲ့သည်။ သူက အထည်ကြမ်းများကို ဝတ်ဆင်ထားကာ သူ့ရဲ့အမာရွတ်မျက်နှာက တခြားခံ့ညားသည့်အသွင်အပြင်များကို ဖျက်ဆီးနေပြီး ကြည့်ရတာ အတော်ကြောက်စရာကောင်းနေလေသည်။


လင်းဝမ်က သူမရဲ့ချစ်ရသူ ရောက်လာတာကိုမြင်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။


" အားလန် ဒီနေ့ ကျွန်မအဖေက ပြောတယ်။ ဆန်ကုန်သည်ရဲ့သားနဲ့ တတ်နိုင်သမျှ မြန်မြန်လက်ထပ်တော့တဲ့ "


သူမက သူမရဲ့ချစ်ရသူကို မျှော်လင့်ချက်ဖြင့်ကြည့်လိုက်ကာ သူမအား ဝေးရာသို့ခေါ်ဆောင်သွားပေးရန် ဆုတောင်းနေခဲ့သည်။


သို့သော်လည်း ဥယျာဉ်မှူးက အေးစက်စွာ တုံ့ပြန်လာသည်။


" ဒါဆိုလည်း မမလေးနဲ့ သခင်လေးဝမ်တို့ နှစ်တစ်ရာတိုင်အောင်ပေါင်းဖက်နိုင်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ် "


လင်းဝမ်က မယုံကြည်နိုင်မှုဖြင့် မော့ကြည့်လိုက်ရာ ဥယျာဉ်မှူး၏ ဂရုမစိုက်သည့်အကြည့်ကို မြင်လိုက်ရလေသည်။ ဒီလူဟာ သူမအပေါ်တွင် ကြင်နာပေးပြီး သူမအတွက် စဉ်းစားပေးခဲ့သည့်လူဖြစ်ကြောင်းကို လင်းဝမ် ယုံရခက်နေခဲ့သည်။ ရက်ဘယ်လောက်မှမကြာပါပဲ သူက တခြားလူတစ်ယောက်လို ဖြစ်သွားလေသည်။


သူမမျက်လုံးတို့က လျင်မြန်စွာနီရဲနေပြီး သူမရဲ့အသံက အက်ရှလာခဲ့သည်။


သူမ သတ္တိစုဆောင်းရန်အတွက် အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ရဲဝင့်စွာ မေးလိုက်သည်။


" ကျွန်မကို ခေါ်ထုတ်သွားပေးမှာလား အားလန်? ကျွန်မတို့ကို ဘယ်သူမှမသိတဲ့ နေရာတစ်ခုဆီကိုလေ "


လင်းဝမ်က ဥယျာဉ်မှူးရဲ့အဖြေကို ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။သို့သော်လည်း သူမ စိတ်ပျက်သွားရလောက်အောင် ထိုသူက ပြောလာခဲ့သည်။


" ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်က ဥယျာဉ်မှူးတစ်ယောက်သက်သက်ပါ။ မမလေးနဲ့ မထိုက်တန်ပါဘူး "


လင်းဝမ်မှာ တောင့်ခံနိုင်စွမ်းမရှိတော့ပဲ မျက်နှာကိုအုပ်လျက် ထွက်ပြေးသွားခဲ့သည်။


ဥယျာဉ်မှူးက နှင်းဆီပန်းများပွင့်လန်းနေသည့် ဥယျာဉ်ကို မျက်နှာချင်းဆိုင်လျက် ကျန်နေခဲ့သည်။


သိပ်မဝေးသည့်နေရာတွင် ကုအန်းနှင့် မင်ရဲ့က ပန်းပွင့်များနောက်၌ ပုန်းကွယ်၍ အရာအားလုံးကို မျက်မြင်တွေ့လိုက်ရသည်။


521 က သက်ပြင်းချလိုက်၏။


" သနားစရာမမလေး သူမရဲ့ချစ်ခြင်းမေတ္တာတွေကို ရိုမန်တစ်မဆန်တဲ့ ဥယျာဉ်မှူးတစ်ယောက်အပေါ်မှာ အလဟဿဖြုန်းတီးမိသွားတာပဲ သနားဖို့ကောင်းလိုက်တာနော်... "


ကုအန်း အေးစက်စွာ ပြောလိုက်သည်။


" ပါးစပ်ပိတ်ထား "


521 : " ... "


ကောင်းပြီ နောက်ထပ် ရိုမန်တစ်မဆန်သူကြီးပေါ့။


ကုအန်းက ခပ်လှမ်းလှမ်းနေရာမှ ဥယျာဉ်မှူးနှင့် တောက်ပစွာပွင့်လန်းနေသည့် နှင်းဆီပန်းများကို ကြည့်လိုက်ကာ သူ့မျက်လုံးထဲတွင် အတွေးတစ်ခုက လက်ခနဲဖြစ်သွားခဲ့၏။


ဒီနှင်းဆီပန်းတွေက ဝိဉာဉ်အရှိန်အဝါကို ဘာလို့ခံနိုင်ရည်ရှိတာလဲ?


ကုအန်း အတွေးနစ်နေတာမြင်တော့ မင်ရဲ့က ကုအန််းရဲ့လက်ကို တိတ်တဆိတ်ယူကာ သူ့အင်္ကျီအိတ်ကပ်ထဲထည့်ရန် မသိစိတ်မှ ကြိုးစားလိုက်သည်။ သို့သော်လည်း အိတ်ကပ်နေရာက ဗလာဖြစ်နေခဲ့၏။


သူငုံ့ကြည့်လိုက်ရာ သူ့အဝတ်များတွင် အိတ်ကပ်မရှိကြောင်း မြင်လိုက်ရတာကြောင့် သူလက်လျှော့လိုက်သည်။


ထိုနောက် မင်ရဲ့ 521ကို ဆက်သွယ်ပြီး မေးလိုက်သည်။


" အန်းအန်းက ငါ့ကို ဘယ်တော့မှတ်မိလာမှာလဲ? "


" ... "


521 က သေစေနိုင်သည့်မေးခွန်းကြောင့် အထိတ်တလန့်ဖြစ်သွားကာ မကြားဟန်ဆောင်ပြီး ကျော်သွားချင်ခဲ့သော်လည်း မင်ရဲ့၏ နောက်ထပ်စကားများက " သေချင်ယောင်ဆောင်မနေနဲ့ "


521 : " ... "


ငါ့ကို ဘာကိစ္စ ကောင်းကောင်းမွန်မွန် မဆက်ဆံတာတုန်း?


ငါက နာခံမှုမရှိလို့လား စကားနားမထောင်လို့လား? QAQ


သို့သော်လည်း ဒီစကားတွေကို မင်ရဲ့ရှေ့မှာ ထုတ်မပြောနိုင်တာကြောင့် သူ ခပ်တိုးတိုးပြောလိုက်သည်။


" ငါလည်း မသိဘူးလေ "


မင်ရဲ့က ဒီအဖြေကြောင့် မကျေနပ်ပုံရပြီး ထပ်မေးလာပြန်သည်။


" အဲ့အချိန်တုန်းက ဘာမှားသွားတာလဲ? "


521 က အတောင့်လိုက်လှဲနေခဲ့သည်။ သူ အန်းအန်းနှင့်ချည်နှောင်နေစဉ် လွတ်မြောက်ရေးဂိမ်းထဲမှ ပင်မနတ်ဘုရား၏ စွမ်းအားနှင့်တိုက်မိပြီး စွမ်းအင်များ မတည်မငြိမ်ဖြစ်ကာ မင်ရဲ့ကို ကုအန်းမေ့သွားစေကြောင်း သူသိပေသည်။


ဒါပေမယ့် သူ ဒီလိုပြောလိုက်လို့ရလား? သေချာပေါက် မရဘူးပေါ့!


521 က အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။


" ငါလည်းမသိဘူးရယ်။ ဖြစ်နိုင်တာတော့ ငါ့ရဲ့လုပ်ဆောင်မှုအတွင်းမှာ တစ်ခုခုက ကြားဝင်လာခဲ့တာဖြစ်မယ်... "


မင်ရဲ့က 521 အဖြေကို မတုံ့ပြန်ခဲ့ပေ။ သူက မပီမသ အသံတစ်ခုသာပေးပြီး တိတ်ဆိတ်သွားကာ ကုအန်းကို ညင်သာစွာ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် နူးညံ့မှုတို့ တောက်ပနေပြီး 521 အား သက်ပြင်းချမိစေခဲ့သည်။


အချစ်က တကယ်ခမ်းနားတာပဲ။ မင်ရဲ့လိုလူကိုတောင် ပြောင်းလဲသွားစေနိုင်တယ်....


သူ သတိပြန်ဝင်လာချိန်မှာတော့ ကုအန်းက မင်ရဲ့နှင့် မျက်နှာချင်းဆိုင်နေပြီဖြစ်သည်။


ကုအန်းက မျက်လွှာချရင်း မေးလိုက်သည်။


" ဘာတွေလာကြည့်နေတာလဲ? "


မင်ရဲ့က ပြန်ဖြေသည်။


" ကိုယ်သဘောကျတဲ့လူကို ကြည့်နေတာလေ "


ကုအန်းမှာ ဒီစကားကို မတုံ့ပြန်နိုင်ခဲ့ပေ။


သူ သက်ပြင်းချလိုက်၏။ မင်ရဲ့အပေါ်တွင် သူ့ရဲ့ခံစားချက်များက ငြင်းဆန်မှုမရှိပဲ ရင်းနှီးသည့်ခံစားချက်မျိုး ပေးစွမ်းနေလေသည်။


သူတို့ရဲ့ခန္ဓာကိုယ်တွေက အချင်းချင်း အင်မတန်ရင်းနှီးကြသလိုမျိုး မင်ရဲ့၏တချို့လုပ်ရပ်များကို သူ့ခန္ဓာကိုယ်က မငြင်းဆန်နိုင်ခဲ့ပေ။


မှတ်ဉာဏ်တွေ မရှိပါပဲတောင် သူ့နှလုံးသားနဲ့ ခန္ဓာကိုယ်က မှတ်မိနေဆဲဖြစ်သည်။


ကုအန်း မင်ရဲ့ကိုမော့ကြည့်ကာ မေးလိုက်သည်။


" ကျွန်တော်တို့က တကယ်ချစ်သူတွေလား? "


" မဟုတ်ဘူး "


မင်ရဲ့က ကုအန်းရဲ့ပါးကို အသာပွတ်သပ်ကာ ဖွဖွလေးဆွဲလိုက်သည်။


" ကိုယ်တို့က တရားဝင်လက်ထပ်ထားတာ။ ကိုယ်တို့မှာ လက်ထပ်မှတ်ပုံတင်ရှိတယ်။ မင်္ဂလာပွဲလည်း ကျင်းပခဲ့ပြီးပြီ "


ကုအန်းက အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားပြီး တုံးတုံးအအပုံစံဖြင့် မေးလိုက်သည်။


" ခင်ဗျား လိမ်ပြောခဲ့တာ မဟုတ်ဘူးပေါ့? "


မင်ရဲ့က နူးညံ့သော်လည်း ခိုင်မာစွာပြောလိုက်သည်။


" ကိုယ် မင်းကို ဘယ်တုန်းကမှ မလိမ်ခဲ့ဘူး "


ကိုယ့်ရဲ့အဖိုးတန် အန်းအန်းလေး....


ဒီစကားကိုပြောပြီးနောက် မင်ရဲ့က ကုအန်းကိုပွေ့ဖက်လိုက်ကာ အစပိုင်းတွင် ကုအန်းရဲ့နဖူးကို မြတ်နိုးစွာပွတ်သပ်နေခဲ့ပြီး ကုအန်းရဲ့နှာခေါင်းလေးကို ညင်သာစွာကုတ်ခြစ်လိုက်သည်။


" အရိုင်းတုံးလေး မင်းကြောင့် ကိုယ်သေအောင်ကြောက်သွားခဲ့တာ "


မင်ရဲ့မှာ ကုအန်းပျောက်သွားကြောင်း သိလိုက်ရချိန်တွင် စိတ်ပျက်အားငယ်မှုရော နောင်တရမှုကိုပါ နှစ်မျိုးလုံးခံစားခဲ့ရသည်။


မင်ရဲ့မှာ ကုအန်းကို နှစ်ရက်ကြာအောင် အပူတပြင်းလိုက်ရှာခဲ့ပြီးနောက် သူက မျှော်လင့်ချက်မဲ့လာပြီး အရာအားလုံး အဆုံးသတ်သွားပြီဟု ထင်လိုက်ချိန်မှာပဲ ကုအန်းက ဂိမ်းကမ္ဘာထဲကို ဝင်ရောက်သွားကာ မင်ရဲ့ကိုပါ ဆွဲသွင်းသွားခဲ့သည်။


ကစားသမားများ အိမ်ထဲဝင်မလာခင်အထိ ဒီထူးဆန်းသည့်ကမ္ဘာထဲတွင် သူမည်မျှကြာ‌အောင်နေခဲ့ရကြောင်း မင်ရဲ့မသိတော့ပေ။ နောက်ဆုံးတွင် သူ အမှောင်ထဲမှ နိုးထလာခဲ့သည်။


တစ်ချိန်တည်းမှာပဲ ကုအန်းရဲ့အနံ့ကို သူ ရလိုက်ပြီး အနည်းငယ် ကြိုးစားအားထုတ်ပြီးနောက် သူ့ရဲ့အဖိုးတန်အန်းအန်းကို နောက်ဆုံးတွင် ပြန်ရှာတွေ့သွားခဲ့သည်။ ကံကောင်းစွာနဲ့ အန်းအန်းက ဘာမှဖြစ်မသွားခဲ့ပေ။ မဟုတ်ပါက သူဘယ်လောက်ထိ ရူးသွပ်သွားလိမ့်မည်ကို မင်ရဲ့မသိတော့ချေ


ကုအန်းက ထိုလူရဲ့ဝမ်းနည်းနေမှုကို ခံစားမိပြီး မျက်လွှာချလိုက်သည်။ ခဏကြာပြီးနောက် သူ့လက်ကိုမြှောက်ကာ မင်ရဲ့နောက်ကျောအား နှစ်သိမ့်သလို အသာပုတ်ပေးလိုက်ကာ နှစ်ယောက်သား တိတ်တဆိတ် ပွေ့ဖက်ထားကြလေ၏။