Chapter ( 12 )
တခြားတစ်ဖက်မှာတော့ လင်းဝမ်ထွက်သွားပြီးနောက် ဥယျာဉ်မှူးက ခဏမျှရပ်နေခဲ့သည်။ ထို့နောက် ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ကာ သူ့အင်္ကျီလက်ကိုပင့်တင်ပြီး မျက်တောင်တစ်ချက်မခတ်ပဲ လက်မောင်းအား လှီးဖြတ်လိုက်လေသည်။ဒဏ်ရာမှ သွေးများစီးကျလာကာ နှင်းဆီပန်းများပေါ်သို့ ကျသွားခဲ့သည်။
နှင်းဆီပန်းထဲမှ နတ်ဆိုးဝိဉာဉ်များက သွေးနံ့ကိုအာရုံခံမိကာ ပွင့်ချပ်များထဲမှထွက်လာပြီး နှင်းဆီပေါ်သို့ကျနေသည့် သွေးများကို သောက်သုံးလိုက်ကြသည်။
ဥယျာဉ်မှူးက ဒီမြင်ကွင်းကို ပေါ့ပေါ့တန်တန်ကြည့်နေကာ သူ့မျက်လုံးထဲမှ နာကျည်းမှုတို့က ပိုမိုတိုးပွားလာခဲ့သည်။ သူ့နှလုံးသားက စူးအောင့်မိသော်လည်း ပြတင်းပေါက်အပြင်မှ သူကြားခဲ့ရသည့်စကားများကို ပြန်တွေးမိချိန်တွင် ဒီခံစားချက်က ပျောက်ကွယ်သွားပြီး အရိုးထဲထိအောင် နာကျည်းမှုများသာ ကျန်ခဲ့တော့သည်။
နတ်ဆိုးဝိဉာဉ်များက ဥယျာဉ်မှူးရဲ့သွေးကိုသောက်သုံးရင်း ပိုမိုကြီးထွားလာကြသည်။ ဒီမြင်ကွင်းကိုကြည့်ပြီး ဥယျာဉ်မှူးက အနည်းငယ်ကျေနပ်သွားခဲ့၏။
ကုအန်းက ဒါကိုကြည့်ကာ မျက်မှောင်ကြုတ်နေခဲ့သည်။
ဥယျာဉ်မှူးက နောက်တစ်ကြိမ် ဓားဖြင့်လှီးလိုက်သော်လည်း ထိုအခိုက်မှာပဲ အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
" ဒီနေရာမှာ ဘာလုပ်နေတာလဲ ဥယျာဉ်မှူး? "
ဥယျာဉ်မှူးလှည့်ကြည့်လိုက်ရာ လင်းမိသားစုမှ အစေခံယောကျ်ားတစ်ယောက်ဖြစ်ကြောင်းကို မြင်လိုက််ရပြီး ထိုလူအား ဂရုမစိုက်ခဲ့ပေ။
မျှော်လင့်မထားစွာပဲ အစေခံက ပြောလာခဲ့သည်။
" မင်းဘာလုပ်နေတယ်ဆိုတာ ငါသိတယ်။ မင်းက နတ်ဆိုးဝိဉာဉ်တွေကို မွေးနေတာ။ ငါက ဒီအကြောင်းကို သခင်ကြီးကိုသွားပြောပြပြီး မင်းအပြစ်ပေးခံရအောင် လုပ်လိမ့်မယ်လို့ မင်းယုံလား ဥယျာဉ်မှူး? "
ဒီစကားကိုကြားချိန်တွင် ဥယျာဉ်မှူးရဲ့မျက်လုံးက ရက်စက်မှုအဖြစ် ပြောင်းလဲသွားပြီး လက်ခနဲ အရောင်လက်သွားခဲ့သည်။
ထို့နောက်တွင် သူက သတိဖြင့်မေးလာသည့် အစေခံအား လှည့်ကြည့်ကာ ပြုံးလိုက်သည်။
" မင်းက ဘာလုပ်ချင်လို့လဲ? "
ဥယျာဉ်မှူးက နူးညံ့စွာပြုံးကာ လက်ထဲတွင် ဓားမြှောင်ကိုင်ထားလေသည်။ ပြီးလျှင် အစေခံက အာရုံမထားမိချိန်၌ အစေခံ၏ရင်ဘတ်သို့ ဓားမြှောင်ဖြင့် ထိုးလိုက်လေ၏။
သွေးများက သူ့မျက်နှာသို့ ပန်းထွက်လာကာ ထိုအခိုက်အတန့်တွင် သူ့ပုံစံက မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေခဲ့သည်။
သူက အစေခံကိုသတ်ပြီးချိန်မှာပဲ လင်းဝမ်က သူ့အနောက်တွင် ရုတ်တရက်ပေါ်လာကာ အသံကျယ်ကျယ်ဖြင့် မေးလာခဲ့သည်။
" အားလန် ရှင်ဘာလုပ်နေတာလဲ? "
သူမက မြေပြင်ပေါ်တွင် လဲကျနေသည့် အစေခံကိုကြည့်ကာ ကြောက်လန့်သွားရသည်။
" ရှင်သူ့ကို တကယ်ကြီးသတ်လိုက်တာလား?! "
သူမရဲ့ချစ်ရသူက သူမအနားသို့ ချဉ်းကပ်လာသည်ကို လင်းဝမ်ကြည့်နေခဲ့သည်။ သူ့မျက်နှာပေါ်တွင် နူးညံ့သည့်အပြုံးတစ်ခုရှိနေပြီး လင်းဝမ်မှာ ထိန်းမရအောင် တုန်ယင်လာခဲ့လေသည်။ ထို့နောက်တွင် သူမရဲ့အမြင်အာရုံက အမှောင်ကျသွားလေကာ ဘာကိုမှထပ်မသိတော့ပေ။
ပြီးလျှင် ဒီအဖြစ်အပျက်တွေအားလုံးက ကုအန်းနှင့်မင်ရဲ့ရှေ့တွင် ဖြစ်ပျက်သွားခြင်း ဖြစ်လေသည်။
-------
ဥယျာဉ်မှူးက အစေခံကို သတ်ပစ်လိုက်တာကို ကုအန်းမြင်လိုက်ရပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့အမူအရာက တစ်နည်းနည်းဖြင့် မနှစ်မြို့ပုံပေါ်နေခဲ့သည်။ သူကြည့်နေစဉ်တွင် ဥယျာဉ်မှူးက လင်းဝမ်ကို သတိမေ့အောင်လုပ်ပြီး အဝေးသို့သယ်သွားခဲ့ပြီဖြစ်၏။ ရုတ်တရက်ဆိုသလို သူမတ်တပ်ရပ်လိုက်ပြီး ဥယျာဉ်မှူးအား တားချင်ခဲ့သည်။
ထိုအခါ သူ့ဘေးနားမှ မင်ရဲ့က ကုအန်းပုခုံးကို ဖိချလိုက်ပြီး ဆက်ကြည့်နေရန် အမူအရာပြလာခဲ့သည်။ ကုအန်းက မင်ရဲ့ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ကာ မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး အနည်းငယ်ဒေါသထွက်နေဟန်ရှိသည်။
" မျက်မှောင်ကြုတ်မနေနဲ့တော့ "
မင်ရဲ့က ကုအန်းမျက်ခုံးများကို ပွတ်ပေးလိုက်သည်။ သူ့ရဲ့လက်ညှိုးထိပ်မှနေ အမည်းရောင်မြူအနည်းငယ် စိမ့်ထွက်လာပြီး လက်မဖြင့်ပွတ်လိုက်ချိန်၌ ဘောလုံးအသေးလေးအဖြစ် ပုံစံပြောင်းသွားခဲ့သည်။ မင်ရဲ့က ထိုအလုံးလေးကို ဥယျာဉ်မှူးထံသို့ တောက်လိုက်ကာ ကုအန်းအား မေးငေါ့ပြလိုက်သည်။
" ကြည့်လိုက် အန်းအန်း ကိုယ်တို့ရဲ့တိုက်ခိုက်မှုက သူ့အပေါ်မှာ သက်ရောက်မှုမရှိဘူး "
အမည်းရောင်အလုံးလေးက လျင်မြန်စွာရွေ့လျားသွားကာ စက္ကန့်ပိုင်းအတွင်းမှာတင် ဥယျာဉ်မှူးထံသို့ရောက်သွားပုံကို ကုအန်းကြည့်နေခဲ့သည်။ ထိုအလုံးလေးက ဥယျာဉ်မှူးရဲ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားကာ နံရံနှင့်တိုက်မိပြီးနောက် ရပ်တန့်သွားခြင်းမရှိပဲ အရှေ့သို့ဆက်ရွေ့သွားလေသည်။
ကုအန်း ပဟေဠိဖြစ်သွားရသည်။
" ဘာဖြစ်သွားတာလဲ? "
မင်ရဲ့က ချက်ချင်းအဖြေပေးလိုက်သည်။
" ကိုယ်တို့က စံအိမ်ကြီးရဲ့မှတ်ဉာဏ်ထဲကို ဝင်ခဲ့ကြတာလေ။ ဒါတွေအားလုံးက ဒီအိမ်ကြီးမှာဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေပဲ "
သူ ခဏတန့်လိုက်ပြီး ဥယျာဉ်မှူးနှင့် လင်းဝမ်ကို ကြည့်လိုက်သည်။
" ကိုယ်တို့က ဒီနေရာမှာ ဘေးလူတွေသက်သက်ပဲ။ ဒီကလူတွေကို ကြားဝင်စွက်ဖက်လို့မရဘူး အန္တရာယ်ပေးလို့မရဘူး။ ကိုယ်တို့က တကယ့် 'ရုပ်ရှင်ဇာတ်ကား' တစ်ခုကို ကြည့်နေကြတာ "
ကုအန်းက မျက်လွှာချသွားပြီး အတွေးများနေပုံပေါ်သည်။
သိပ်မဝေးသည့်နေရာတွင် ဥယျာဉ်မှူးက လင်းဝမ်ကိုသယ်လျက် ဥယျာဉ်ထဲမှထွက်သွားခဲ့သည်။ မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပဲ သူ့ခံစားချက်များကို သိနိုင်ရန်ခက်ခဲလှသည်။
ထိုအခိုက်အတန့်တွင်သာ အလင်းရောင်ရှိခဲ့ပါက ဥယျာဉ်မှူးမျက်လုံးထဲမှ ရုန်းကန်နေမှုများကို ဘယ်သူမဆို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး အချစ်နှင့်အမုန်း ရောထွေးနေသည့်ခံစားချက်ကိုပါ တွေ့မြင်နိုင်မည်ဖြစ်သည်။
ခဏကြာပြီးနောက် ဥယျာဉ်မှူးက အရိပ်ထဲမှထွက်ကာ အလင်းမှိန်မှိန်ရှိသည့်နေရာသို့ ရောက်လာခဲ့သည်။ သူ့မျက်လုံးထဲမှ အမှောင်ထုကို ဖုံးကွယ်လိုက်ကာ လင်းဝမ်ကို ကျောက်သားခုံတန်းရှည်တစ်ခုပေါ်တွင် တင်လိုက်သည်။ထိုနောက် သူ့အင်္ကျီအိတ်ကပ်ထဲမှ ပုလင်းလေးတစ်ခုကိုထုတ်ယူပြီး ထိုပုလင်းထဲမှ အမည်းရောင်ဆေးပြားတစ်ခုကိုယူကာ လင်းဝမ်ကို တိုက်လိုက်သည်။
လင်းဝမ်မှ ဆေးပြားမြိုချလိုက်သည်ကို ကြည့်နေပြီးနောက် ဥယျာဉ်မှူးက အနောက်သို့ခြေတစ်လှမ်းဆုတ်ကာ ညအမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
ခဏအကြာတွင် လင်းဝမ်က သတိရလာပြီး ခုနကအဖြစ်အပျက်များကို မေ့သွားဟန်ရကာ သူမအိပ်ခန်းသို့ ပြန်သွားတော့သည်။
သူတို့နှစ်ယောက်လုံး ထွက်သွားကြပြီး ဥယျာဉ်ထဲတွင် ကုအန်းနှင့်ရဲ့မင်တို့သာ ကျန်ခဲ့သည်။ ကုအန်းက ဥယျာဉ်မှူး သွေးတိုက်သွားသည့် နှင်းဆီချုံပုတ်များထံသို့ အမြန်သွားလိုက်သည်။
သူ့အနောက်တွင်မူ မင်ရဲ့က ပလစ်ခံလိုက်ရသည့် လက်မောင်းကို ဗလာသက်သက်ငေးကြည့်ရင်း မုန်တိုင်းတစ်ခု ဝင်မွှေသွားသလိုမျိုး သူ့ခံစားချက်များက အတက်အကျဖြစ်နေခဲ့သည်။
521 က မင်ရဲ့ထံမှထုတ်လွှတ်နေတဲ့ ဖိအားနိမ်နိမ့်ကို အာရုံခံမိပြီး အင်မတန်ကြောက်လန့်သွားတာကြောင့် အသံတစ်သံမှမထွက်ရဲပဲ ကုအန်း၏စိတ်ထဲသို့ ပြန်ကျုံ့ဝင်နေလျက် တုန်ရီနေခဲ့သည်။
ခဏအကြာတွင် မင်ရဲ့က နူးညံ့စွာရယ်မောကာ သူ့ရဲ့အမူအရာက ဒွိဟဖြစ်ဖွယ်ကောင်းနေခဲ့သည်။
သူက ပါးစောင်ကို လျှာဖြင့်အသာထိုးရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေသော်လည်း သူ့ရဲ့မျက်ဆံနက်များတွင်တော့ ပျော်ရွှင်မှုအရိပ်အယောင် ရှိမနေခဲ့ပေ။
မင်ရဲ့က နှင်းဆီပန်းများဘေးတွင် မတ်တပ်ရပ်နေသည့် ကုအန်းကိုကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့ခေါင်းထဲ၌ အတွေးပေါင်းစုံဖြတ်ပြေးသွားပြီး သူတစ်ယောက်တည်းသာ သိသည့်နေရာတစ်ခုတွင် ကုအန်းကို ဖွက်ထားချင်မိသွားရသည်။
- ဒါဆိုရင်် ကုအန်းရဲ့မျက်လုံးတွေက သူ့ကိုပဲကြည့်နိုင်မယ် ပြီးတော့ သူ့အကြောင်းကိုပဲ စဉ်းစားနိုင်မယ်...
ဒီခံစားချက်က အမြန်ဝင်ရောက်လာပြီး အမြန်ပျောက်ကွယ်သွားခဲ့သည်။ထိုနောက် မင်ရဲ့က သူ့ကိုယ်သူ တည်ငြိမ်သွားအောင်လုပ်ကာ ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့် ကုအန်းထံသို့ လျှောက်သွားလိုက်သည်။
သို့သော်လည်း ခုနကအတွေးက သူ့ခေါင်းထဲတွင် တဝဲလည်လည်ဖြစ်နေလေသည်။
မင်ရဲ့က သူ့ကိုယ်သူ လူကောင်းမဟုတ်တာသိသော်လည်း သူ့ရဲ့အန်းအန်းက လူဆိုးတွေကို သဘောမကျပေ။
ဒါကြောင့် ကုအန်းသဘောကျတဲ့သူမျိုးဖြစ်စေရန် သူ့ကိုယ်သူ ကြိုးစားခဲ့ရသည်။ အချိန်အတော်ကြာအောင် ဟန်ဆောင်ခဲ့ရပြီးနောက်တွင် သူ့ရဲ့အရင်ကပုံစံကိုတောင် မေ့လုနီးပါးဖြစ်နေလေပြီ။
သို့ရာတွင် မင်ရဲ့နှုတ်ခမ်းတို့က အပြုံးမမည်သည့် အပြုံးတစ်ခုဖြစ်ပေါ်လာကာ သူ့အကြည့်တို့က အေးစက်၍ တည်ငြိမ်နေခဲ့သည်။
တကယ်လို့များ အန်းအန်းက သူ့ကို မြန်မြန်မမှတ်မိရင်တော့ သူဘာလုပ်မိမလဲဆိုတာ မပြောတတ်ဘူး...
မှောင်မိုက်ပြီး မျှော်လင့်ချက်ပြည့်နေသည့်အတွေးများကို မင်ရဲ့ ဖိနှိပ်ထားလိုက်သည်။
သူက အပေါ်ယံတွင် နူးညံ့စွာပြုံးရင်း သူ့ရဲ့ရတနာလေးဆီသို့ ချဉ်းကပ်သွားလိုက်၏။
နှင်းဆီပန်းများပေါ်တွင် လုံးဝအာရုံစိုက်နေသည့် ကုအန်းက မင်ရဲ့၏ အန္တရာယ်ရှိသည့်အတွေးများကို လုံးဝမသိချေ။
ကုအန်းက နှင်းဆီပွင့်ချပ်များပေါ်မှ ကျန်ရှိနေသည့်သွေးများကို ကြည့်နေပြီး လက်ချောင်းဖြင့်လှမ်းထိလိုက်ရာ သူ့ရဲ့လက်ချောင်းထိပ်ဖြူဖြူတွင် အနီရောင်များ စွန်းထင်းသွားခဲ့သည်။
အမှောင်ထုကြောင့် ကုအန်းက ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူ့လက်ချောင်းကို မျက်လုံးအနားသို့ကပ်ကြည့်ကာ တစ်စုံတစ်ခုကို သိရှိရန်ကြိုးစားနေသလိုမျိုး ဥယျာဉ်မှူးရဲ့သွေးကို စူးစမ်းလေ့လာနေခဲ့သည်။
" အန်းအန်း လက်ကို အဆူးမစူးမိအောင် ဂရုစိုက်နော် "
မင်ရဲ့က ဘယ်ကရလာမှန်းမသိသည့် လက်ဆွဲမှန်မီးအိမ်တစ်ခုဖြင့် နှင်းဆီချုံပင်များကို အလင်းထိုးလိုက်သည်။
လက်ဆွဲမှန်မီးအိမ်မှ ဝါဖျော့ဖျော့အလင်းရောင်က ကုအန်းမျက်ခုံးများမှ အေးစက်မှုကို နူးညံ့သွားစေကာ သူ့အသွင်အပြင်က သူမတူထူးကဲစွာ ဆွဲဆောင်မှုရှိနေခဲ့သည်။
မင်ရဲ့အကြည့်က ကုအန်းနှုတ်ခမ်းပေါ်သို့ ရောက်သွားပြီး စက္ကန့်ပိုင်းကြာအောင် ကြည့်နေခဲ့၏။ သူ့လည်ချောင်းက အကြိမ်အနည်းငယ်မျှ လှုပ်ရှားသွားပြီးနောက် အကြည့်လွှဲလိုက်ကာ ဘယ်ကိုကြည့်ရမှန်းမသိဖြစ်နေခဲ့သည်။
မှန်မီးအိမ်၏အလင်းရောင်ဖြင့် နှင်းဆီပန်းများနှင့် လက်ချောင်းထိပ်မှသွေးများကို ကုအန်း အသေချာမြင်လိုက်ရသည်။
နှင်းဆီပွင့်ချပ်များက အပြင်ဖက်သို့ ပွင့်ကားနေစဉ် အထဲမှအငုံများက တင်းတင်းစေ့ပိတ်နေကြကာ သူ့လက်ချောင်းထိပ်မှသွေးက အရောင်ရင့်လေသည်။ သူ သွေးနံ့ကို အနံ့ခံလိုက်ရာ သံချေးနံ့အလယ်တွင် အမွှေးနံ့တစ်စွန်းတစ်စ ရှိနေပုံရသည်။
သို့သော် အမွှေးနံ့က ခပ်ဖျော့ဖျော့သာဖြစ်ပြီး လေတစ်ချက်အဝှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။
ကုအန်းက ညလေညင်းတိုက်ခတ်မလာမီ တစ်ချက်သာ အနံ့ခံလိုက်ရတာ ဖြစ်သည်။ သူ မျက်မှောင်ကြုတ်လိုက်သည်။ အဆိုပါအနံ့က ခပ်ဖျော့ဖျော့ဆေးပင်နံ့တစ်ခု ဖြစ်ဟန်တူသည်။
ဥယျာဉ်မှူးရဲ့သွေးမှာ ဘာလို့ ဆေးပင်နံ့ရှိရမှာလဲ?
သူက ဆေးပင်တွေနဲ့ နှစ်ချီပြီး ထိတွေ့မှုရှိမှသာ ဆေးနံ့စွဲနေရမှာဖြစ်သည်။
ထိုအနံ့က ခဏမျှသာဖြစ်သော်လည်း ဥယျာဉ်မှူးရဲ့ခန္ဓာကိုယ်ထဲတွင် ရနံ့က ရှိနေခဲ့သည်။
ကုအန်းက နှင်းဆီချုံများကို ဘေးသို့တွန်းဖယ်ကာ တခြားနှင်းဆီပန်းများကို ကြည့်ချင်ခဲ့သည်။သို့သော် သူ့လက်ချောင်းက နှင်းဆီရိုးတံနှင့် ပွတ်မိသွားချိန်တွင် မတော်တဆ အဆူးစူးမိသွားခဲ့၏။
နှင်းဆီဆူးက သူ့လက်ချောင်းထိပ်မှအရေပြားကို ထိုးဖောက်သွားပြီး သွေးအနီရောင်များ စီးကျလာပေသည်။
ခံစားချက်များကို တည်ငြိမ်အောင်လုပ်နေသည့် မင်ရဲ့က ကုအန်းကိုကြည့်လိုက်ရာ လက်ချောင်းထိပ်မှ သွေးများကိုမြင်သွားခဲ့ပြီး သူ စိုးရိမ်တကြီး မေးလိုက်သည်။
" ထိခိုက်မိသွားတာလား အန်းအန်း နာနေလား ကိုယ်မှုတ်ပေးမယ်နော် "
ဒီစကားကိုပြောပြီးနောက် သူ ကုအန်းရဲ့လက်ကိုယူကာ ဖွဖွလေးမှုတ်လိုက်သည်။ ထို့နောက်တွင် အလွန်သဘာဝကျသည့်ပုံစံဖြင့် သူ့ပါးစပ်ထဲ ထည့်လိုက်လေ၏။
မင်ရဲ့က ကုအန်းလက်ချောင်းထိပ်မှ သွေးများကိုစုပ်ယူလိုက်ပြီး လျှာဖြင့်အနည်းငယ်လျက်ပြီးမှ လွှတ်ပေးလိုက်သည်။
ကုအန်းမှာ စိုစွတ်နေသည့် သူ့လက်ချောင်းထိပ်ကိုကြည့်ရင်း ယာယီကြက်သေသေသွားခဲ့ရသည်။ စက္ကန့်ပိုင်းမျှကြာပြီးမှ သတိဝင်လာခဲ့ကာ သူ့လက်ချောင်းများကို အကွေးအဆန့်လုပ်ပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် "
မင်ရဲ့က သူ့ပါးစပ်ထဲမှ သံဓာတ်အရသာသွေးများကို မြိုချကာ ကုအန်း၏ နီမြန်းနေသည့်နားရွက်များကို ကြည့်လိုက်သည်။ သူ ကုအန်း၏ မျက်ခုံးနှင့်မျက်လုံးတို့ကို ငုံ့နမ်းလိုက်ကာ " ကိုယ့်ကို ကျေးဇူးတင်စကား ပြောစရာမလိုပါဘူး အန်းအန်းရာ "