Chapter 13
Viewers 10

Chapter ( 13 )

မင်ရဲ့ပါးစပ်မှ အနွေးဓာတ်က ကုအန်းလက်ချောင်းပေါ်တွင် ရစ်ဝဲနေဆဲဖြစ်သည်။ ၎င်းက အပူဓာတ်မဟုတ်ပဲ နှလုံးခုန်နေခြင်းဖြစ်သည်။


သူက ဒီခံစားချက်ကို ကျင့်သားမရသလိုမျိုး သူ့လက်ချောင်းများကို လှုပ်လိုက်သည်။


ခဏကြာပြီးနောက် သူ့နားရွက်များက ပြန်လည်အေးမြသွားတာကို ကုအန်း ခံစားလိုက်ရ၏။ သူ ခေါင်းမော့ပြီး အလေးအနက်ပြောလိုက်သည်။


" နောင်အနာဂတ်မှာ ကျွန်‌တော့်ကို သာမန်ကာလျှံကာနဲ့ နမ်းလို့မရဘူး "


" မဖြစ်နိုင်ဘူး "


မင်ရဲ့က မျက်ခုံးပင့်ကာ တရားမျှတမှုအတွက် တိုက်ပွဲဝင်လိုက်သည်။


" ကိုယ်တို့က တရားဝင်လက်ထပ်ထားတာလေ။ ရင်းနှီးကျွမ်းဝင်တဲ့ အထိအတွေ့က လိုအပ်တာပေါ့ "


ကုအန်းက မင်ရဲ့စကားများကို  သဘောမတူပေ။


" ဒါပေမယ့် ကျွန်တော်မှ မမှတ်မိတာ။ အခုလက်ရှိမှာ ကျွန်တော့်အတွက်တော့ ခင်ဗျားက သာမန်မိတ်ဆွေတစ်ယောက်ပဲ။ ခင်ဗျားက ကျွန်တော်နဲ့ပတ်သတ်ပြီး ရန်လိုနေတာကို သဘောမကျဘူး "


ဒီတစ်ကြိမ်မှာတော့ မင်ရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။


သူ့အသံက တစ်နည်းနည်းကြောင့် အက်ရှနေခဲ့၏။


" အန်းအန်း မင်းပြောလိုက်တဲ့စကားကို... မင်းသိရဲ့လား... "


ကုအန်း မျက်မှောင်ကြုတ်သွားရကာ သူ မင်ရဲ့ကို စိန်းစိန်းဝါးဝါးကြည့်ကာ အေးစက်စက်နှာမှုတ်လိုက်ပြီး ခေါင်းကိုလှည့်လျက် လျစ်လျူရှုပစ်လိုက်၏။


ယခုလေးတင် မင်ရဲ့ပြောလိုက်သည့်စကားက သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။


သူက နေကြောင့် လောင်ကျွမ်းသွားလိမ့်မယ်။


မင်ရဲ့အကြည့်က နက်ရှိုင်းသွားသည်။


ကုအန်းရဲ့စကားများကို ပြန်တွေးရင်း မင်ရဲ့တစ်ယောက် အတော်မသက်မသာ ဖြစ်နေခဲ့သည်။ သို့သော်လည်း ကုအန်းက ဒီလိုဖြစ်နေခြင်းမှာ သူက တချို့အရာများကို မေ့သွားခြင်းကြောင့်ဖြစ်ပြီး တမင်ရည်ရွယ်တာမဟုတ်ကြောင်း သူ ကောင်းကောင်းသိပေသည်။


တိကျအောင်ပြောရလျှင် ဒါကြောင့်ပဲ မင်ရဲ့က မသက်မသာဖြစ်နေတာဖြစ်သည်။ သူ့ခံစားချက်များက ထွက်ပေါက်မဲ့နေကာ ပွင့်ထွက်လာတော့မလို ခံစားနေရသော်လည်း ကုအန်းရှေ့တွင် ရူးသွပ်မသွားမိစေရန် အမြဲသတိထားနေရသည်။


အဘယ်ကြောင့်ဆိုသော် သူဒီလိုလုပ်လိုက်ပါက သူ့ရတနာလေးကို ဆုံးရှုံးသွားရလိမ့်မည်။


သို့ရာတွင် မင်ရဲ့က ကုအန်းကို ဒေါသမထွက်နိုင်တာကြောင့် ပစ်မှတ်ပြောင်းလိုက်၏။ သူ့အသံက ငရဲမှတက်လာသည့် နတ်ဆိုးတစ်ကောင်လိုမျိုး အေးစက်ကာ စူးရှနေခဲ့သည်။


" ငါထပ်မေးမယ် အန်းအန်းက သူ့မှတ်ဉာဏ်တွေကို ဘယ်တော့ပြန်ရမှာလဲ? "


521 ခမျာ ဒီအသံကြောင့် ထိတ်လန့်သွားရပြီး ကတုန်ကယင် ဖြစ်သွားခဲ့သည်။ သူက မင်ရဲ့အမူအရာကို သတိထား၍ လေ့လာလိုက်သည်။


မင်ရဲ့က ကုအန်းသံသယမဝင်စေရန် ခပ်ဖျော့ဖျော့ပြုံးထားသော်လည်း မင်ရဲ့မျက်လုံးများထဲမှ ရူးသွပ်မှုတစ်စွန်းတစ်စကို 521 မြင်နိုင်လေသည်။


မင်ရဲ့သာ သူ့ကိုမြင်နိုင်လျှင် သူသေလောက်အောင် အရိုက်ခံရပြီးပြီဟု 521 တွေးလိုက်သည်။


" ဒီမေးခွန်းက "


521 က သူ့ရဲ့အထက်လူကြီးအပေါ်တွင် တာဝန်ပုံချလိုက်သည်။


" ငါ့ရဲ့အထက်လူကြီးနဲ့ တိုင်ပင်ရဦးမယ်။ စိတ်မပူပါနဲ့! ငါ့ရဲ့အထက်လူကြီးက ဒီပြဿနာကို သေချာပေါက်ဖြေရှင်းပေးမှာပါ! "


" အဲ့လိုလား "


မင်ရဲ့က မရေမရာပြုံးလိုက်ကာ သူ့အသံက အရိုးထဲထိ ကျောချမ်းဖွယ်ကောင်းနေခဲ့သည်။


" မင်းက အဲ့လိုပြောတော့လည်း မျှော်လင့်ထားလိုက်မယ် မဟုတ်လို့ကတော့ -- "


" -- ငါမင်းကို ယဉ်ကျေးမနေလောက်ဘူး "


ပေါ့ပေါ့ပါးပါးစာကြောင်းတစ်ခုတွင် အဆုံးမရှိ သတ်ဖြတ်လိုမှုများ ပါဝင်နေ၏။


ဒါကိုကြားပြီး 521 ထိတ်လန့်သွားရကာ မင်ရဲ့ကို အာမခံပြီးနောက် သူ ကုအန်းအတွက် မက်ဆေ့ချ်တစ်ခု ချန်ထားလိုက်၏။


" ငါ့မှာ လုပ်စရာလေးရှိလို့ "


ထို့နောက်တွင် ပျောက်သွားလေသည်။


ကုအန်းက ဒီကိစ္စကို သိပ်အလေးမထားခဲ့ပေ။ သူ့အကြည့်ကို နှင်းဆီပန်းများဆီကနေ မင်ရဲ့ထံသို့ ပြောင်းလိုက်သည်။ မင်ရဲ့မျက်နှာပေါ်မှ အပြုံးကိုမြင်ချိန်တွင် သူတန့်သွားပြီး ရုတ်တရက် မသက်မသာ ဖြစ်လာလေသည်။


" မပြုံးချင်ရင်လည်း ပြုံးမနေနဲ့ "


ကုအန်း ပြောလိုက်သည်။


" ကြည့်ရဆိုးတယ် "


ဒီစကားကိုကြားရာ မင်ရဲ့က သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်နှာက အမူအရာမဲ့နေသော်လည်း ကုအန်းကတော့ မင်ရဲ့ထံမှထုတ်လွှတ်နေတဲ့ နူးညံ့မှုကို ခံစားနိုင်ဆဲဖြစ်သည်။


- သူ့အပေါ်တွင် နူးညံ့မှု


ဒါကိုတွေးပြီး ကုအန်း ခေါင်းလှည့်လိုက်သည်။


သူ့အသံက ခပ်တိုးတိုးဖြစ်သော်လည်း မင်ရဲ့ကြားနိုင်ပေသည်။


" အနာဂတ်မှာ ခင်ဗျားနမ်းချင်ရင် ကျွန်တော့်ကို အရင်ခွင့်တောင်းရမယ်။ ကျွန်တော်သဘောတူမှ နမ်းလို့ရမယ် "


မင်ရဲ့မျက်လုံးတို့က အနည်းငယ်ပြူးကျယ်သွားပြီးနောက် ညင်သာစွာ တခစ်ခစ်ရယ်လာခဲ့သည်။ သူနှလုံးသားက ပျော်ရွှင်မှုဖြင့် အပြင်းအထန်ခုန်ပေါက်နေ၏။


သူ ကုအန်းကို ညင်သာစွာကြည့်ကာ သက်ပြင်းချမိသွားသည်။


သူ့ရဲ့အန်းအန်းက သိပ်နာခံတတ်တာပဲ။


မှတ်ဉာဏ်ပျောက်နေတာတောင် သူ့(မင်ရဲ့)ကို ဝမ်းနည်းခွင့်ပေးမထားဘူး။


အခုတော့ အန်းအန်းကို ပိုတောင်ချစ်လာပြီထင်တယ်။


ဒီလိုနဲ့ အချိန်များကုန်ဆုံးသွားခဲ့သည်။


မျက်စိတစ်မှိတ်စာအတွင်း လင်းဝမ်က ဆန်ကုန်သည်၏သားနှင့် စေ့စပ်သည့်နေ့သို့ ရောက်လာခဲ့သည်။


လင်းမိသားစုက အလွန်ပျော်ရွှင်နေကြပြီး ဆန်ကုန်သည်ကြီးနှင့် လင်းသခင်ကြီးတို့က နောက်သုံးရက်အကြာ ခြောက်လပိုင်းခြောက်ရက်နေ့ကို ရက်ကောင်းရက်မြတ်အဖြစ် ရွေးလိုက်ကြသည်။


မျက်တောင်တစ်ခတ်စာအတွင်းမှာတင် နှစ်ရက်ကုန်သွားခဲ့၏။


မင်္ဂလာပွဲအကြိုနေ့၌ လင်းဝမ်က သည်းမခံနိုင်တော့ပေ။ သူမက စာတစ်စောင်ရေးကာ အစေခံတစ်ယောက်မှတစ်ဆင့် ဥယျာဉ်မှူးကို ပေးခိုင်းလိုက်သည်။ ထိုစာထဲတွင် သူမက မေးစရာတစ်ခုရှိတာကြောင့် ထိုနေ့ညတွင် ဥယျာဉ်ထဲသို့လာရမည်ဖြစ်ကြောင်း ရေးထားသည်။


ဥယျာဉ်မှူးကို စာကိုရရှိပြီးနောက် ချက်ချင်းဖွင့်မဖေါက်ပဲ ဘေးဖယ်ထားလိုက်၏။ သူ ခေါင်းကိုမော့ကာ သူ့ဘေးနားမှ အညိုရောင်ဆေးရည်များကို သောက်လိုက်သည်။ ထိုဆေးရည်နံ့က နှင်းဆီပန်းများပေါ်မှ သွေးနံ့နှင့် အတူတူပင်ဖြစ်သည်။


သူ ပြတင်းပေါက်အပြင်ဖက်မှ နေလုံးကို တစ်ချက်ကြည့်လိုက်ကာ အထီးကျန်သည့်ခံစားချက်က သူ့နှလုံးသားထဲတွင် ပေါက်ဖွားလာခဲ့၏။


ညဖက်တွင် ကုအန်းနှင့်မင်ရဲ့တို့က သူတို့ရဲ့ပုံမှန်နေရာသို့ ရောက်လာပြီး ဥယျာဉ်မှူးက လင်းဝမ်ကိုသတိမေ့အောင်လုပ်ကာ လျှို့ဝှက်ခန်းတစ်ခုထဲသို့ သယ်သွားသည်ကို ကြည့်နေခဲ့ကြသည်။


ဒီလိုလုပ်ပြီးနောက် မျက်နှာသေနှင့် ဥယျာဉ်မှူးက နှင်းဆီချုံများထံသို့ ‌လျှောက်သွားကာ တစ္ဆေများကို သူ့ခန္ဓာကိုယ်ဖြင့် အစာကျွေးလိုက်သည်။


ဒီအချိန်တွင် လင်းမိသားစုက ပျော်ရွှင်နေကြဆဲဖြစ်ပြီး မကြာမီရောက်ရှိလာတော့မည့် အန္တရာယ်ကို လုံးဝသတိမမူမိခဲ့ကြပေ။


လင်းမိသားစုက မနက်ဖြန်ကျရောက်မည့် ‌ပျော်ရွှင်စရာအချိန်ကောင်းအတွက် ပြင်ဆင်နေကြကာ သူတို့အိမ်ကို အနီရောင်ပိုးသားများ လက်ဆွဲမှန်မီးအိမ်များနှင့် အလှဆင်နေကြသည်။


ဆန်ကုန်သည်ကြီးထံမှ အကျိုးအမြတ်များရရှိရန် စိတ်အားထက်သန်နေသည့် လင်းသခင်ကြီးက လင်းဝမ်ကို ဆန်ကုန်သည်၏ အသုံးမကျသည့်သားထံသို့ ရောင်းစားခဲ့လေသည်။ လင်းသခင်ကြီးက လင်းဝမ်တွင် သဘောကျနေသူရှိပြီး သူမက ထိုလူနှင့်ထွက်ပြေးသွားမည်ကို ကြောက်နေခဲ့သည်။


ထိုကြောင့် သူက အစေခံတစ်ယောက်ကိုခေါ်ကာ လင်းဝမ်က သူမအိပ်ခန်းထဲတွင် ရှိနေသေးလားဟု သွားကြည့်ခိုင်းလိုက်သည်။


လင်းဝမ်၏ အခန်းအပြင်ဖက်တွင် လင်းသခင်ကြီးက စောင့်ကြည့်သူအများအပြားချထားသော်လည်း သူမက အစေခံလိုဟန်ဆောင်ကာ သူတို့မျက်စိရှေ့တင် ထွက်ပြေးသွားလိမ့်မည်ဟု လင်းသခင်ကြီး မျှော်လင့်မထားခဲ့ပေ။


အစေခံက တံခါးကိုတွန်းဖွင့်လိုက်ရာ အထဲတွင် ဗလာကျင်းနေပြီး မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးရောင်နှင့် စုတ်ပြဲနေသည့် မင်္ဂလာဝတ်စုံသာ ကျန်ရှိနေကြောင်း တွေ့လိုက်ရလေသည်။


အစေခံက လင်းသခင်ကြီးကို အမြန်သတင်းပို့လိုက်၏။ လင်းသခင်ကြီးမှာ လင်းဝမ်ပျောက်နေကြောင်းသိလျှင် ဒေါသ‌ဖြင့် မျက်ဆံလန်သွားခဲ့ရသည်။ လင်းသခင်မက ချက်ချင်းငိုကြွေးလာကာ သမားတော်ပင့်ရန် အမြန်ပြောလိုက်၏။


သို့သော်လည်း အချိန်အတော်ကြာပြီးနောက် လင်းသခင်ကြီးက လင်းသခင်မ၏ ဆွဲဆိတ်နေမှုကြောင့် သတိပြန်လည်လာသော်လည်း အစေခံကတော့ ပြန်မလာသေးချေ။


လင်းသခင်ကြီးက အပြင်းအထန်ဆဲရေးလိုက်ကာ အနားမှအစေခံများက သူ့ဒေါသနှင့်ယဉ်ပါးနေလျက် အပြစ်ပေးခံရမည်ကိုကြောက်ပြီး ခေါင်းငုံ့ထားကြသည်။


အခုက ညအချိန်ဖြစ်သည်။


လင်းသခင်ကြီးက အိမ်ထဲမှအစေခံအားလုံးကို လင်းဝမ်အားရှာရန် အမိန့်ပေးလိုက်ပြီး သူနှင့်လင်းသခင်မက ခန်းမထဲတွင် သတင်းစောင့်နေခဲ့ကြသည်။


လင်းသခင်မမှာလည်း သူမရဲ့သမီးဖြစ်သူအတွက် နာကျင်မိကာ လက်ကိုင်ပုဝါကို တင်းတင်းဆုပ်ကိုင်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" ဝမ်ဝမ်က ဒီလက်ထပ်ပွဲနဲ့ပတ်သတ်ပြီး တကယ့်ကိုမပျော်ဘူးဆိုတာ ကျွန်မသိနေတယ်။ ဘာလို့ ဒီအတိုင်း လွှတ်မပေးလိုက်တာလဲ။ အဲ့သခင်လေးကလည်း သိပ်ပြီးသင့်တော်တဲ့သူ မဟုတ်ဘူး။ ကျွန်မတို့ နာကျင်ခံစားရမှာကို မလိုချင်ဘူး "


လင်းသခင်ကြီးက လင်းသခင်မကို ကြိမ်းမောင်းလိုက်သည်။


" မင်းလိုမိန်းမက ဘာသိလို့လဲ! ဝမ်မိသားစုက ချမ်းသာတယ် ပိုက်ဆံတွေက တသက်စားမကုန်ဘူး! ဝမ်ဝမ်သာ အဲ့မိသားစုနဲ့ လက်ထပ်လိုက်ရင် အထက်တန်းစားဘဝမှာ နေရလိမ့်မယ်။ သူက သင့်တော်တဲ့လူဟုတ်ဟုတ်,မဟုတ်ဟုတ် အရေးမကြီးဘူး။ ဟိုနေ့က ဝမ်သခင်လေးပို့လိုက်တဲ့ မင်္ဂလာဝတ်စုံက ဘယ်လောက်တန်လဲ သိလို့လား?! "


သူ့မျက်လုံးများက နီရဲလာကာ ဒေါသထွက်နေသည့် ဝံပုလွေတစ်ကောင်လို ဖြစ်နေခဲ့သည်။


" ဝတ်စုံထဲမှာ ကျောက်မျက်ရတနာတွေ မြှုပ်ထားတယ် -- အဲ့ဒီထဲက ကျောက်မျက်တစ်ခုနဲ့တင် သာမန်မိသားစုရဲ့ ဘဝတစ်ဝက်စာလောက် အသက်ရှင်နေဖို့ လုံလောက်ပြီကွ! "


" ဝမ်သခင်ကြီးရဲ့ အကူအညီသာရရင် ငါ့ရဲ့အမွှေးနံ့သာလုပ်ငန်းကို အသစ်အသစ်တွေ ထပ်တိုးမြှင့်နိုင်ပြီ... "


လင်းသခင်မမှာ လင်းသခင်ကြီး၏ ပေါက်ကွဲထွက်လာသည့် စကားများကြောင့် ထိတ်လန့်သွားရသည်။ ရူးသွပ်သွားဟန်တူသည့် သူမ၏ခင်ပွန်းကိုကြည့်ရင်း သူမ လေးလေးပင်ပင် သက်ပြင်းချမိသွား၏။


သူဘာဖြစ်သွားမှန်း သူမ နားမလည်ပေ။ သူ အမွှေးအကြိုင်လုပ်ငန်းကို စတင်ချိန်မှစပြီး တခြားလူတစ်ယောက်လို ဖြစ်သွားခဲ့သည်။ သူ့ရဲ့အလုပ်တွင်သာ နစ်မြုပ်နေကာ သူမနှင့် သူမသမီးအပေါ်ထားသည့် သဘောထားများက တဖြည်းဖြည်းနှင့် အပေါ်ယံဖြစ်လာခဲ့သည်။


အခုတော့ သူက သူတို့ရဲ့သမီးကို ပိုက်ဆံနှင့် အလဲအထပ်လုပ်ချင်နေလေပြီ။ ဒီအတွေးနဲ့တင် လင်းသခင်မကြီး ကျောချမ်းသွားမိရသည်။ ယခင်က ရင်းနှီးခဲ့သော်လည်း အခုတော့ အင်မတန်စိမ်းသက်သွားသည့် သူမ၏ခင်ပွန်းဖြစ်သူကို လင်းသခင်မ ကြည့်လိုက်သည်။


သူမက နေမကောင်းချင်သလို ခံစားလာရပြီး အပြင်သို့ထွက်လာခဲ့သည်။


အပြင်သို့ရောက်ချိန်တွင် သူမ၏သီးသန့်အစေခံကို ခေါ်လိုက်ကာ ဥယျာဉ်မှူးအိမ်တွင် လင်းဝမ်ကိုသွားရှာရန်နှင့် ရှာတွေ့ပါက လင်းဝမ်အား လင်းမိသားစုအိမ်မှထွက်သွားရန် ပြောခိုင်းလိုက်သည်။


အစေခံက ထွက်သွားတာကိုကြည့်ရင်း လင်းသခင်မ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ သူမက လှည့်ထွက်ခါနီးမှာပဲ သူမအနောက်မှ လင်းသခင်ကြီး၏အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။


" သခင်မက နေမကောင်းဘူးမဟုတ်လား? ဘာဖြစ်လို့ အခန်းကိုပြန်မနားတာလဲ? "


လင်းသခင်မ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး လှည့်ကြည့်လိုက်ရာ မြင်းကျာပွတ်တစ်ချောင်းကိုင်ထားသည့် လင်းသခင်ကြီးကို မြင်လိုက်ရလေ၏။ သူမက ပြန်လှည့်လိုက်ချိန်မှာပဲ ကြာပွတ်ရိုက်ချက်က သူမကိုယ်ပေါ်သို့ ကျရောက်လာလေသည်။


လင်းသခင်ကြီးက လင်းသခင်မကို ကြာပွတ်ဖြင့် မနားတမ်းရိုက်ရင်း ဆဲရေးနေလေသည်။


" အရှက်မရှိတဲ့မိန်းမ! ငါ့ရဲ့အကျိုးအမြတ်တွေကို လွတ်သွားအောင် လုပ်ရဲတယ်ပေါ့လေ! နင့်ကို သေအောင်ရိုက်ပစ်မယ်! "


လင်းသခင်မ၏ နာနာကျင်ကျင်ငိုကြွေးသံများက စင်္ကြန်လမ်းပေါ်တွင် ပဲ့တင်ထပ်နေသော်လည်း အနားမှ အစေခံများက မမြင်ဟန်ဆောင်ကာ ကိုယ့်အလုပ်ကိုယ် လုပ်နေခဲ့ကြသည်။


လင်းသခင်ကြီးက ဒေါသထွက်လာလျှင် လူများကိုရိုက်နှက်တတ်ပြီး အမွှေးနံ့သာလုပ်ငန်းကို စတင်ချိန်၌ ဒီအကျင့်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူက အနားမှအစေခံများကို‌ရော အပြင်မှ အငယ်အနှောင်းများကိုပါ ရိုက်နှက်တတ်သည်။


လင်းသခင်မက ရိုက်နှက်ခံရမှုကြောင့် သတိမေ့သွားတာကိုမြင်တေ

ာ့ လင်းသခင်ကြီးက ကြာပွတ်ကိုသိမ်းကာ ဥယျာဉ်မှူး၏အိမ်သို့ အစေခံများနှင့်အတူ အမြန်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် လင်းသခင်မကတော့ ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး ဘယ်သူကမှ ဂရုမစိုက်ကြပေ။