Chapter ( 14 )
တခြားတစ်ဖက်တွင် ဥယျာဉ်မှူးက နှင်းဆီချုံပုတ်များထံသို့ လျှောက်သွားကာ နေဝင်လုဆဲဆဲ နေမင်းကြီးကို တစ်ချက်ကြည့်လိုက်သည်။
ညနေခင်းဆည်းဆာက အလွန်အမင်းလှပနေကာ အနီရောင်တိမ်များက ထူးဆန်းသည့် ပုံသဏ္ဍာန်များအဖြစ် အတူစုဝေးနေကြသည်။
သူက ဓားမြှောင်အတိုတစ်လက်ကို ထုတ်ယူပြီး မျက်နှာသေနှင့် လက်မောင်းကို ဆန့်ထုတ်လိုက်၏။ ပြန်မသက်သာသေးသည့် ဒဏ်ရာပေါ်သို့ တခြားလက်ဖြင့် ဓားမြှောင်ကို ထိုးစိုက်လိုက်ကာ ဒဏ်ရာပိုနက်သွားအောင် လုပ်လိုက်သည်။
ထိုနောက် အသားပြဲသွားသည့်နေရာမှာ သွေးများပန်းထွက်လာပြီး နှင်းဆီပန်းပွင့်များပေါ်သို့ စီးကျသွားခဲ့သည်။
ဥယျာဉ်မှူးက သူ့ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာများ ပိုလုပ်လိုက်ကာ သူ့လက်များက လှုပ်ရှားနေချိန်တွင် သူ့ရဲ့စိတ်က အတိတ်ဆီသို့ ရောက်သွားခဲ့သည်။
သူဟာ ဟွေ့ယန်မြို့မှ အချမ်းသာဆုံးမိသားစု၏ သားဖြစ်ခဲ့ဖူးပေသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က လင်းဝမ်ကို လျှပ်တပြတ်မြင်လိုက်ရပြီးနောက်တွင် သူက သူမနှင့်လက်ထပ်ရန် ဆန္ဒပြင်းပျခဲ့သည်။
အဆုံးမှာတော့ သူက လင်းဝမ်နှင့် စေ့စပ်ခွင့်ရရန် လင်းသခင်ကြီးအား အကျိုးအမြတ်များစွာ ကတိပေးခဲ့သည်။ သူတို့တွေ့ဆုံချိန်တိုင်း လင်းသခင်ကြီးက သူ့ဖခင်ထံတွင် ပိုမိုများပြားသည့် အကျိုးအမြတ်များကို တောင်းဆိုလိမ့်မည်ဖြစ်ကာ အချိန်ကြာလာတော့ သူတို့အိမ်တွင် ပဋိပက္ခများ ဖြစ်လာခဲ့သည်။
၎င်းမှာ သူတို့တွေ မွေးရပ်ဇာတိမြို့ကို ပြန်သွားလည်ပတ်သည့် ကံကြမ္မာငင်ချိန်အထိ ဖြစ်လေသည်။ သူတို့က အတော်လေးလူသူအရောက်နည်းပါးသည့် လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့ကာ မထင်မှတ်ထားပဲ တောပုန်းဓားပြများနှင့် တွေ့ခဲ့ကြသည်။ ဝေးလံခေါင်ဖျားသည့် ဒေသဖြစ်သော်လည်း ဖခင်၏မွေးရပ်မြေမှ သက်ကြီးရွယ်အိုများက လျှို့ဝှက်လမ်းကြောင်းအကြောင်းကို ပြောပြမထားတာကြောင့် သူတို့တွေ မသိခဲ့ကြပေ။
လွန်ခဲ့သည့်နှစ်တွေအတွင်း သူတို့က တောပုန်းဓားပြများနှင့် မကြုံခဲ့ဖူးချေ။
သူတို့က သန်မာသည့်အစေခံများကို အတူခေါ်မလာခဲ့တာကြောင့် ဓားပြများက တိုက်ခိုက်လာချိန်တွင် ခုခံနိုင်သူမရှိခဲ့ပေ။
လူတစ်ဒါဇင်ကျော်သည့် တစ်မိသားစုလုံးက ပါလာသည့်အစေခံများနှင့်အတူ တောပုန်းဓားပြများလက်တွင် အသတ်ခံခဲ့ကြရ၏။
လူတွေဖရိုဖရဲဖြစ်နေကြစဉ် သူ့မိခင်က သူ့ကိုတွန်းထုတ်ခဲ့တာကြောင့် သူတစ်ယောက်သာ ချောက်ထဲကျပြီး အံ့သြဖွယ်ကောင်းအောင် အသက်ရှင်ကျန်ခဲ့လေသည်။ သို့ရာတွင် နက်စောက်သည့် ချောက်ကမ်းပါးနှင့် ချွန်ထက်သည့် ကျောက်သားတို့ကြောင့် သူ့ရဲ့ဘယ်ဖက်ပါးပေါ်တွင် အကျည်းတန်အမာရွတ်တစ်ခု ကျန်နေခဲ့သည်။
အမှန်တရားကို ဖေါ်ထုတ်ရန်အတွက် သူ့နာမည်ကိုပြောင်းလဲကာ ထိုနှစ်တွေအတွင်း သဲလွန်စများ ရှာဖွေခဲ့သည်။
သို့ရာတွင် သဲလွန်စအားလုံးက လင်းသခင်ကြီးအား ညွှန်ပြနေလေသည်။
ဟွေ့ယန်မြို့သားများက လင်းသခင်ကြီးဟာ ဖြောင့်မတ်မှန်ကန်သည်ဟု ပြောကြသော်လည်း တကယ်တော့ သူက ဝေ့နျန်တိုင်းပြည်မှ လင်းသခင်ကြီး၏ ဇာတိမြို့သို့ သွားလည်ခဲ့ပြီးဖြစ်ကာ လမ်းပေါ်မှ စျေးရောင်းသူများက ရိုးရှင်းသည့်မေးခွန်းတစ်ခုနဲ့တင် လင်းသခင်ကြီး၏ အမှောင်ဖက်ခြမ်းများစွာကို ထုတ်ပြောလာပေသည်။
တကယ်တော့ လင်းသခင်ကြီးက မိန်းမတစ်ယောက်အတွက် ကုန်သည်သူဌေးကြီးတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဝေ့နျန်တိုင်းပြည်မှ မောင်းထုတ်ခံလိုက်ရခြင်းဖြစ်သည်။ လင်းသခင်ကြီးတွင် အငယ်အနှောင်းများစွာရှိကာ ထိုအငယ်အနှောင်းများမှ မွေးဖွားလာသည့်ကလေးများက အသက်အရွယ်တစ်ခုကိုရောက်လျှင် သေဆုံးသွားကြသည်။
စျေးရောင်းသူများ၏ ပြောပုံအရ လင်းသခင်ကြီးက ထိုကလေးများကို သတ်ပစ်လိုက်ခြင်းဖြစ်ကာ သူတို့၏အသွေးအသားများဖြင့် အမွှေးနံ့သာများကို ဖန်တီးခြင်းဖြစ်သည်ဟု ဆိုကြသည်။
ဒီဇာတ်လမ်းအများစုက ယုံကြည်စရာကောင်းလှသည်။
သူက ထိုဇာတ်လမ်းများကို အလုံးစုံမယုံခဲ့ပေ။ ၎င်းမှာ လွန်ခဲ့သည့်ရက်ပိုင်းတုန်းက လင်းသခင်ကြီးနှင့် ဆန်ကုန်သည်တိို့၏ စကားဝိုင်းကို နားစွန်နားဖျားမကြားမိခင်အထိ ဖြစ်လေသည်။ ဒီစကားဝိုင်းကြောင့် သူ လုံးဝလက်ခံသွားခဲ့သည်။
ထို့နောက်တွင် လက်စားချေမှုရောက်လာခဲ့သည်။
သူ့ဖခင်၏ ဇာတိမြို့မှ အကြီးအကဲတစ်ယောက်က သူ့အား အဆိပ်တစ်ပုလင်းပေးကာ ထိုအဆိပ်ကိုသောက်ပြီးနောက် သူ့အသွေးအသားများက နတ်ဆိုးဝိဉာဉ်များကြိုက်နှစ်သက်သည့် အနံ့အရသာဖြစ်လာလေသည်။ နတ်ဆိုးဝိဉာဉ်များကို လူ့အသွေးအသားကျွေးခြင်းဖြင့် ၎င်းတို့က ကြီးထွားလာကာ ကျွေးမွေးသူ၏အမိန့်များကို လိုက်နာလာကြသည်။
သို့သော်လည်း နတ်ဆိုးဝိဉာဉ်များက သုံးရက်အတွင်း အပြည့်အဝကြီးထွားမှုမရှိလျှင် ကျွေးမွေးသူက နောက်ဆုံးနေ့၌ သူကိုယ်တိုင်၏အသားကို ကျွေးမွေးရမည်ဟု အကြီးအကဲက သတိိပေးခဲ့သည်။ နတ်ဆိုးဝိဉာဉ်များက ကြီးထွားသည်နှင့်တစ်ပြိုင်နက် ကျွေးမွေးသူ၏ဆန္ဒများကို ဖြည့်ဆည်းပေးကြမည်ဖြစ်သည်။
ယခုလေးတင် သူက နောက်ဆုံးလက်ကျန်အဆိပ်ကို သောက်လိုက်ပြီဖြစ်သည်။
ဒီအချိန်တွင် သူ့တစ်ကိုယ်လုံးက နတ်ဆိုးဝိဉာဉ်များ ကြိုက်နှစ်သက်သည့် ရနံ့တို့ဖြင့် ပြည့်နေလေ၏။
သွေးများက ပိုမိုလွတ်လပ်စွာ စီးဆင်းနေပြီး ဥယျာဉ်မှူးမှာ အနည်းငယ်မူးဝေလာခဲ့သည်။ ရုတ်ချည်းဆိုသလို နွေဦးနေ့တစ်ရက်က သူ နံရံတစ်ခုပေါ်သို့ ချိတ်တက်၍ကစားနေစဉ် တံတားပေါ်မှလင်းဝမ်ကို မြင်ခဲ့ရသည့်နေ့အား ပြန်လည်သတိရသွားပေသည် -- သူ တစ်ခါမှမမြင်ဖူးသည့် လှပသည့်မိန်းကလေးတစ်ယောက်အား မြင်မြင်ချင်းချစ်မိသွားကာ ထိုအတွက် တန်ကြေးအကြီးကြီး ပေးခဲ့ရသည်။
အနှီကံကြမ္မာငင်သည့် တွေ့ဆုံမှုကလည်း လင်းသခင်ကြီး၏ စနက်တစ်ခုဖြစ်နိုင်ပေသည်။
နတ်ဆိုးဝိဉာဉ်များက နှင်းဆီပွင့်များပေါ်သို့ ကျလာသည့် အသွေးအသားများကို အငမ်းမရ စားသောက်နေကြသည်။
ဥယျာဉ်မှူးက နှင်းဆီချုံပုတ်များအလယ်တွင် မတ်တပ်ရပ်နေကာ သူ့ဒဏ်ရာက သွေးထွက်နေဆဲဖြစ်ပြီး နတ်ဆိုးဝိဉာဉ်များကို ဆွဲဆောင်နေခဲ့သည်။
နတ်ဆိုးဝိဉာဉ်များက ပိုမိုကြီးထွားလာကာ အပြင်းအထန် ဒေါသထွက်လာကြ၏။
ရဲတင်းသည့် တချို့ဝိဉာဉ်များက နှင်းဆီပန်းများပေါ်မှနေ ဥယျာဉ်မှူးထံသို့ လွင့်မျောလာကာ ၎င်းတို့၏ချွန်ထက်သည့်သွားများနှင့် သူ့အသားများကို ဆုတ်ဖြဲလာကြသည်။
ဥယျာဉ်မှူးက သိပုံရသော်လည်း မျက်လုံးများမှိတ်ရင်း နတ်ဆိုးဝိဉာဉ်များ ကြီးထွားလာချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ယခုက အလွန်ညဉ့်နက်နေပြီဖြစ်သော်လည်း လင်းအိမ်တော်တွင် တုတ်မီးများ၊ မီးအိမ်များဖြင့် လင်းထိန်နေခဲ့သည်။
အစေခံများ၏ အော်ဟစ်သံများနှင့် နတ်ဆိုးဝိဉာဉ်များ၏ အငမ်းမရစားသောက်နေသံများက ရောယှက်နေကာ ကြားရသူအဖို့ ကြက်သီးမွေးညင်းထသွားစေခဲ့သည်။
သူတို့ဘေးနားတွင် ကုအန်းက ဒီမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ နှင်းဆီပန်းများက ယင်စွမ်းအင်ကြောင့် ဘာလို့ဖျက်ဆီးမခံရကြောင်းကို သူ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။ နတ်ဆိုးဝိဉာဉ်များက နှင်းဆီပန်းများမှ မွေးဖွားလာခြင်းဖြစ်တာကြောင့် သဘာဝကျစွာပဲ နှင်းဆီပန်းများက ယင်စွမ်းအင်ကို မကြောက်ကြပေ။
ဆန့်ကျင်ဖက်အနေဖြင့် ၎င်းတို့က ပိုတောင်ကြိုက်သေးသည်။
သူ့ဘေးတွင်မူ မင်ရဲ့က ကုအန်းလက်ကလေးကို အခွင့်ရရင်ရသလို လှမ်းထိနေကာ ကုအန်း၏လက်သန်းကို သူ့လက်ချောင်းများဖြင့် ဆုပ်ကိုင်လိုက်, လက်ဖဝါးချင်း နူးညံ့စွာပွတ်သပ်လိုက် လုပ်နေလေသည်။
ကုအန်းက စကားဖြင့်သတိပေးလိုက်ကာ သူ့အားမထိရန်ပြောနေသော်လည်း မင်ရဲ့လက်က အနားကပ်လာချိန်တိုင်း မင်ရဲ့သဘောကျ လုပ်ခွင့်ပေးထားမိသည်။ ကုအန်း သတိပြန်ဝင်ကာ လက်ကိုဆွဲယူလိုက်ချိန်၌ မင်ရဲ့၏ ခပ်တိုးတိုးရယ်သံကို ကြားလိုက်ရပေသည်။
ဒီလိုဖြစ်လာလေ မင်ရဲ့က သူ့ကို အသားပိုယူလေဖြစ်သည်။
မင်ရဲ့လက်က ကုအန်းကို ထပ်မံတွယ်ချိတ်လာပြန်ကာ ကုအန်း မင်ရဲ့ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
ဒီလက်ချောင်းဂိမ်းကို ဆော့နေတာ ဆယ့်နှစ်ကြိမ်မကတော့ဘူး -- သူ မပျင်းဘူးလား?
ကုအန်းအတွေးကိုသာ မင်ရဲ့သိလျှင် သူမပျင်းကြောင်းနှင့် အကြိမ်ရာနဲ့ချီပြီး ဆော့နေနိုင်ကြောင်းကို ပြန်ပြောလောက်သည်။
မင်ရဲ့လက်က ကုအန်းလက်ကို ရဲဝင့်စွာ ထိလိုက်သည်။ ထို့နောက် သူ့လက်သန်းလေးနှင့် အနားတွင် အလွယ်တကူရှိနေသည့် ကုအန်းလက်သန်းကို ချိတ်လိုက်၏။
ထို့နောက် ကုအန်း အာရုံမစိုက်သည်ကို အခွင့်ကောင်းယူကာ ကုအန်းလက်ကိုယူပြီး မင်ရဲ့နမ်းလိုက်သည်။
" မွှေးလိုက်တာ ကိုယ့်အန်းအန်းက နေရာတိုင်း မွှေးနေရောပဲ "
နေရာတိုင်းက နမ်းလို့ကောင်းတယ်။
သူ နောက်ဆုံးစာကြောင်းကို မပြောလိုက်ပေ။ သူသာပြောလိုက်လျှင် ကုအန်းက နောက်တစ်ကြိမ်ဒေါသထွက်မည်ကို သူကြောက်မိသည်။
" ... "
ကုအန်း ပြောလိုက်သည်။
" မနမ်းခင် ခွင့်တောင်းရမယ်လို့ ပြောမထားဘူးလား? "
မင်ရဲ့က အပြစ်ကင်းစွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြန်ဖြေလိုက်သည်။
" ပါးစပ်ကို နမ်းတဲ့အချိန်မှ ခွင့်တောင်းခိုင်းတယ်ထင်လို့ "
ကုအန်း : " ... "
ခင်ဗျားကြီးရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက အတော်ပြီးပြည့်စုံတာပဲ။
ကုအန်း ထပ်ပြောချင်ခဲ့သော်လည်း ထိုအခိုက်တွင် လူတစ်စုထံမှ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် သူ မင်ရဲ့ကို စူးစူးရဲရဲကြည့်ပေးလိုက်ပြီး ခေါင်းလှည့်လိုက်သည်။
သို့သော်လည်း သူတို့ရပ်နေသည့်နေရာ အလွန်ချောင်ကျတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ထို့နောက်တွင် ကုအန်းမှာ သူ့ခြေထောက်အောက်က ဟာခနဲဖြစ်သွားသလို ခံစားလိုက်ရသည်။
သူ့အား မင်ရဲ့က မချီလိုက်ခြင်းပင် !
" ဘာလုပ်တာလဲ?! "
ကုအန်းက ခြေထောက်များကို တွန့်လိမ်ရုန်းကန်ရင်း မသက်မသာ ခံစားလိုက်ရသည်။
" ပြန်ချပေး! "
မင်ရဲ့က ကုအန်းခါးကို ပေါ့ပေါ့ပါးပါးကိုင်ကာ သူ့အား အပေါ်သို့မြှောက်လိုက်သည်။
" မကြောက်ပါနဲ့ အန်းအန်း ကိုယ်မင်းကို လွှတ်မချပါဘူး "
ကုအန်း သူ့ကိုမယုံတာကြောင့် အောက်ဆင်းရန် ရုန်းကန်လိုက်သည်။
မင်ရဲ့မှာ ကုအန်းကို မငြင်းဆန်နိုင်တာကြောင့် အောက်ပြန်ချပေးလိုက်ရ၏။ သို့သော်လည်း ကုအန်းက မြေပြင်ပေါ်တွင် စက္ကန့်ပိုင်းမျှသာကြာလိုက်ပြီး မင်ရဲ့ပုခုံးပေါ်သို့ ပြန်ရောက်သွားခဲ့သည်။
ကုအန်းက မင်ရဲ့ပုခုံးပေါ်တွင်ထိုင်လျက် သူ့မြင်ကွင်းက ရုတ်တရက်ရှင်းလင်းသွားခဲ့သည်။ သူအနည်းရှက်မိကာ ပြုတ်ကျမှာကြောက်၍ မင်ရဲ့ခေါင်းကို ကိုင်ထားရပြီး မင်ရဲ့နားထဲသို့ ခပ်တိုးတိုးလေးပြောလိုက်သည်။
" ကျွန်တော့်ကို မြန်မြန်အောက်ချပေး "
မင်ရဲ့က ကုအန်း၏ခြေသလုံးကိုကိုင်ကာ အနည်းငယ် ရှေ့တိုးလိုက်သည်။ ကုအန်းက သူ့ခေါင်းကို အမြန်ထိန်းကိုင်လာတာမြင်ပြီး မင်ရဲ့ ဂုဏ်ယူစွာ ပြုံးလိုက်၏။
" ကိုယ်မချပေးဘူး အန်းအန်း စိတ်မပူပါနဲ့။ ကိုယ်လဲကျသွားရင်တောင် မင်းကိုတော့ ထိခိုက်ခွင့်မပြုပါဘူးကွာ "
ဒီစကားကိုကြားပြီး ကုအန်းရင်ထဲတွင် နွေးထွေးသွားရသည်။
သူ များများစားစား မတွေးနိုင်ခင်မှာပဲ ဥယျာဉ်ထဲမှ အော်သံအကျယ်ကြီးတစ်ခုကို ကြားလိုက်ရလေ၏။
" ဒီမှာ သရဲတစ်ကောင်ရှိတယ်! ကယ်ကြပါဦး!! "
ထို့နောက် လင်းသခင်ကြီး၏ အသနားခံသံ ထွက်ပေါ်လာသည်။
" ငါမှားပါတယ်! ငါမှားသွားပါတယ်! ကျေးဇူးပြုပြီး ချမ်းသာပေးပါ!! ငါမှားမှန်းသိပါပြီ! "
" အား--! ငါ့ကိုမစားပါနဲ့!! "