Chapter ( 15 )
ကုအန်းက မင်ရဲ့ခေါင်းကို ထိန်းကိုင်ထားကာ အသံလာရာသို့ ကြည့်လိုက်သည်။
သူ့ရှေ့ရှိ လှပစွာဖူးပွင့်နေသည့် နှင်းဆီပန်းများပေါ်တွင် မကောင်းသည့်စွမ်းအင်များက သိပ်သည်းစွာရှိနေခဲ့၏။ အနှီနတ်ဆိုးဝိဉာဉ်များက အသွေးအသားများကို စားသောက်ကာ သူတို့ရဲ့သွားချွန်ချွန်များကို လှစ်ဟပြနေပြီး လင်းသခင်ကြီးနှင့် အစေခံများအား လက်သည်းတို့ဖြင့် ညွှန်ပြနေလေသည်။
နတ်ဆိုးဝိဉာဉ်များ၏ ပါးစပ်များတွင် စားလက်စအသားများရှိနေပြီး ဥယျာဉ်မှူးက အတော်လေး ကြိတ်ဝါးခံထားရပြီဖြစ်သည်။ သူက မသေသော်လည်း သိပ်ပြီး အသက်မရှင်နိုင်တော့ပေ။ သူ့အသက်က မသေချာသည့်အခြေအနေတစ်ခုတွင် ရောက်ရှိနေကြောင်းကို ဘယ်သူမဆို ပြောနိုင်လေသည်။
သူက မျက်လုံးများကို မနည်းကြိုးစားဖွင့်ရင်း အတိတ်မှ အမှတ်တရဟောင်းများဆီ ပြန်လည်ရောက်ရှိသွားခဲ့သည်။ နတ်ဆိုးဝိဉာဉ်များကို ကြောက်ရွံ့လျက် မြေပြင်ပေါ်တွင် တုန်ရီနေသည့် လင်းသခင်ကြီးကိုကြည့်ကာ သူ မထိန်းနိုင်ပဲ အော်ရယ်မိသွားခဲ့သည်။
သို့ရာတွင် သူ၏ ပြင်းထန်သည့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် သူ့ရယ်သံက ပြတ်တောင်းပြတ်တောင်းဖြစ်နေကာ ကြားရသူများကို ကြက်သီးမွေးညင်းထစေခဲ့သည်။
လင်းသခင်ကြီးက ဥယျာဉ်မှူးကို မှတ်မိသွား၏။ သူက ဥယျာဉ်မှူးအား ဒေါသတကြီး လက်ညှိုးထိုးကာ ကတုန်ကယင်ဖြင့် " ငါမင်းကို ကောင်းကောင်းဆက်ဆံပေးခဲ့တယ်! လင်းမိသားစုကို ဘာကိစ္စ ဒီလိုလုပ်တာလဲကွ?! "
လင်းသခင်ကြီးက ဒီအချိန်တွင် ဥယျာဉ်မှူး၏ အပြုအမူများကြောင့် အလွန်အမင်းစိတ်မသက်မသာဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူလည်း ယခင် ဒီလိုအရာတွေလုပ်ခဲ့ဖူးပြီး ဒီအမှောင်လျှို့ဝှက်ချက်များနှင့် အလွန်ရင်းနှီးနေတာကြောင့် ဖြစ်သည်။
ဥယျာဉ်မှူး၏လုပ်ရပ်များက လင်းမိသားစုတစ်ခုလုံးကို တစ်ယောက်မကျန်သေစေလိုကြောင်း ရှင်းလင်းနေလေသည် !
ဒေါသကြောင့်နီမြန်းနေသည့် လင်းသခင်ကြီး၏ မျက်နှာကိုကြည့်ရင်း ဥယျာဉ်မှူးက နှစ်ထောင်းအားရဖြစ်နေကာ သူ့ခန္ဓာကိုယ်မှ နာကျင်မှုများတောင် သိသိသာသာ လျော့ပါးလာရသည်။
သူက သူ့ခန္ဓာကိုယ်ကို ဝါးစားနေသည့် ကြီးထွားဆဲ နတ်ဆိုးဝိဉာဉ်များကို မောင်းထုတ်ရန် အပြည့်အဝကြီးထွားလာသည့် နတ်ဆိုးဝိဉာဉ်များကို အမိန့်ပေးလိုက်သည်။ သူ အမောတကော အသက်ရှူရင်း လက်စားချေရန် အခွင့်ရှာလိုက်သည်။
" လင်းဟိုင် "
ဥယျာဉ်မှူးရဲ့အသံက တိုးလျနေသော်လည်း သူ့ရဲ့တိကျပြတ်သားသည့် စကားလုံးများက လင်းသခင်ကြီးကို ချွေးအေးများပြန်လာစေသည်။
" ခင်ဗျားက ဒီနေရာကိုရောက်လာဖို့အတွက် ဟယ်မိသားရဲ့အလောင်းတွေပေါ်ကို နင်းလျှောက်ခဲ့တယ်။ ညသန်းခေါင်တွေဆို ခင်ဗျားရဲ့အိပ်မက်ထဲမှာ စာရင်းရှင်းခံရမှာ မကြောက်ဘူးလား?! "
လင်းဟိုင်က မြေပြင်ပေါ်သို့ ဒုန်းခနဲဖင်ထိုင်ကျရင်း ဥယျာဉ်မှူးရဲ့မျက်နှာကို မော့ကြည့်လိုက်သည်။ နောက်ဆုံးတွင် ဥယျာဉ်မှူး၏မျက်နှာပေါ်မှ သဲလွန်စတစ်ခုကို သူ တွေ့လိုက်ရ၏။ သူ့မျက်နှာက လွန်ခဲ့သည့် နှစ်အနည်းငယ်က သေဆုံးသွားသည့် ဟယ်မိသားစုမှ သခင်လေးနှင့် အနည်းငယ် ဆင်တူနေလေသည်။
ဟယ်မိသားစုတွင် သူတို့ရဲ့ဘိုးဘေးများက ကပြားသွေးပါတာကြောင့် ဟယ်မိသားစုဝင်တိုင်းက အရပ်ရှည်ကာ မျက်ခုံးရိုးကောင်းမွန်ခြင်းအတွက် နာမည်ကျော်ကြားကြသည်။
ဒါက ဟွေ့ယန်မြို့တွင် ရှာပါးလှပြီး ဟယ်မိသားစုမှလွဲလျှင် တခြားဘယ်သူ့မှာမှ ဒီလိုသွင်ပြင်များမရှိပေ။
လင်းဟိုင်က ဥယျာဉ်မှူးရဲ့ စိတ်ဆင်းရဲစရာပုံစံကိုကြည့်ရင်း သတ္တိများပြန်ရလာကာ ရက်စက်စွာ နှာမှုတ်လိုက်သည်။
" မင်းတို့ဟယ်မိသားစုက ဦးနှောက်မရှိတဲ့ အရူးတစ်သိုက်လို့ ဘယ်သူပြောလဲ?! "
သူပြောသည်။
" မင်းအဖေက ခေါင်းမာတဲ့ အဖိုးကြီးပဲ။ ငါက သူ့ကို ငါ့ရဲ့အမွှေးနံ့သာဆိုင်ကို နေရာပြောင်းပေးဖို့အတွက် တစ်လလောက် အနူးအညွတ်တောင်းဆိုခဲ့တယ်။ သူကတော့ စကားနှစ်လုံးတည်း ပြန်ပြောလာတယ် 'ဟင့်အင်း' တဲ့! အဲ့နေရာက နေရာကောင်းမဟုတ်ဘူးလို့တောင် ပြောလိုက်သေးတယ် ပေါက်ကရတွေ! အဲ့ဆိုင်ကို သူ့ရဲ့သစ္စာခံညီက မျက်စိကျနေလို့လေ! "
" ငါ့မှာ ငါ့ရဲ့လျှို့ဝှက်အကြွေးတွေကို ကြေအောင် ကြိုးစားခဲ့ရတယ် "
လင်းဟိုင်က နတ်ဆိုးဝိဉာဉ်တွေ မလှုပ်ရှားတော့တာမြင်ပြီး ပိုသတ္တိရှိလာခဲ့သည်။ သူ တုန်တုန်ရီရီဖြင့် မတ်တပ်ရပ်ကာ သူ့အဝတ်များထဲတွင်ဝှက်ထားသည့် ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ကို ထုတ်ယူပြီး သူ့နောက်မှ ကြောက်လန့်နေသည့်အစေခံများကို ပြောလိုက်သည်။
" မင်းတို့က ဘာတွေလန့်နေကြတာလဲ! ဒါက ငါသခင်ကြီးကို အရူးလုပ်ဖို့ကြိုးစားနေတဲ့ အပေါစားထောင်ချောက်တစ်ခုပဲ! စိတ်ကူးယဉ်နေလိုက်! "
သူ အော်ပြောလိုက်သည်။
" မင်းတို့တွေ သူ့ကိုသတ်နိုင်သရွေ့ ငါသခင်ကြီးက မင်းတို့ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်! "
သို့ရာတွင် အစေခံများကလည်း သူတို့အသက်အတွက် ကြောက်ရွံ့နေကြသည်။ အချိန်တစ်ခုကြားတဲ့အထိ ဘယ်သူမှမတုံ့ပြန်ပဲ နေရာတွင်သာ အေးခဲနေကြ၏။ ကြောက်ရွံ့သည့်တချို့ကဆိုလျှင် ခုနကတည်းက ပြန်ဆုတ်သွားကြပြီဖြစ်ကာ ဥယျာဉ်၏ဂိတ်ဝသို့ ရောက်လုနီးပါးဖြစ်နေလေပြီ။
လင်းဟိုင်က ဒါကိုမြင်ပြီး အံကြိတ်လိုက်ကာ သူ့မျက်လုံးများက နီရဲတွတ်နေခဲ့သည်။
" ရွှေတုံးတစ်တုံး ဆုချမယ်ဟေ့!! "
ဒီတစ်ကြိမ်မှာတော့ လင်းဟိုင် ထပ်ပြောစရာ မလိုတော့ပေ။ အစေခံများက စတင်လှုပ်ရှားလာကြသည်။
သူတို့တစ်ယောက်စီက သစ်သားတုတ်များကိုင်ကာ ဥယျာဉ်မှူးအနားတွင် ဝိုင်းနေပြီး ဥယျာဉ်မှူးအား ရိုက်နှက်ရန် အသင့်ပြင်ထားကြသည်။
ဒီမြင်ကွင်းကို ကုအန်း မြင်လိုက်ရဝောာ့ ဥယျာဉ်မှူး ဘာလုပ်မလဲဆိုတာကို သူသိချင်နေ
လေသည်။
မင်ရဲ့က ခပ်ဖွဖွရယ်ရင်း ပြောလိုက်သည်။
" ဟိုအဖြူရောင်အရိုးတွေက ဘယ်ကရောက်လာလဲ သိလား အချစ်? "
အဖြူရောင်အရိုးတွေက ဘယ်ကရောက်လာတာလဲ?
ကုအန်း ပြန်ဖြေလိုက်သည်။
" အိမ်ထဲကို ဖောက်ဝင်လာတဲ့သူတွေလား? "
" မဟုတ်ဘူး "
မင်ရဲ့က ကုအန်းခြေသလုံးကို ဖျစ်လိုက်ကာ ကုအန်မတုံ့ပြန်နိုင်ခင်မှာပဲ ပြောလိုက်သည်။
" သူတို့က လင်းမိသားစုမှာရှိတဲ့ လူတိုင်းရဲ့အလောင်းတွေပဲ "
ကုအန်း မျက်တောင်ခတ်လိုက်သည်။ သူက ဒီအဖြူရောင်အရိုးများကို အိမ်ထဲသို့ဖောက်ဝင်လာသူများနှင့် အမြဲဆက်စပ်ထားခဲ့တာကြောင့် သူ အထင်မှားသွားခြင်းဖြစ်သည်။
အိမ်ထဲမှ အဖြူရောင်အရိုးများက နတ်ဆိုးဝိဉာဉ်များထံတွင် အသတ်ခံလိုက်ရသည့် လင်းမိသားစုမှလူများ ဖြစ်သင့်လေသည်။
ဒါကြောင့် သူတို့က ပင်မအိမ်တော်သို့ ဦးတည်သွားကြခြင်းဖြစ်ကာ အကြောင်းအရင်းကတော့ သူတို့အသက်ကို ဆက်လက်တွယ်တာနေခြင်းကြောင့်ဖြစ်နိုင်သလို တခြားအကြောင်းရင်းများလည်း ဖြစ်နိုင်သည်။
နတ်ဆိုးဝိဉာဉ်များက အရိုးများထံမှ နိမိတ်ဆိုးစွမ်းအင်များကို စုပ်ယူနေရခြင်းမှာ ဥယျာဉ်မှူးနှင့် ဆက်စပ်နေလောက်သည်။
လင်းဟိုင်က သူ့ရန်သူဖြစ်ပြီး သဘာဝကျစွာပဲ သူက လင်းဟိုင်ကို သေခြင်းတရားထက် ပိုမိုဆိုးရွားသည့်ဝေဒနာ ခံစားစေချင်သည်။ ဒါကြောင့် သူသေသွားချိန်မှာတောင် လင်းဟိုင်ကို အလွတ်မပေးခဲ့ပေ။ တခြားသူများအတွက်တော့ သူတို့က ဆက်စပ်၍ပါသွားခြင်း ဖြစ်နိုင်ပေသည်။
ပြောရလျှင် နတ်ဆိုးဝိဉာဉ်များတွင် စာနာထောက်ထားမှုမရှိပေ။ သူတို့က သခင်တစ်ယောက်အပေါ်တွင် ကျေးဇူးတင်ခြင်းများနှင့် မကျေနပ်ချက်များကို နားမလည်ကြပေ။
ဒါပေမယ့် လင်းသခင်မက ဘာလို့ပျောက်နေတာလဲ?
ကုအန်းအမြင်အရဆိုလျှင် ဥယျာဉ်မှူးက လင်းဝမ်ကို သတိမေ့အောင်လုပ်ကာ သူမအား ငြိမပါစေရန်အတွက် လျှို့ဝှက်ခန်းတစ်ခုတွင် တမင်ထည့်ထားခြင်းဖြစ်ပေလိမ့်မည်။
မဟုတ်မှလွဲရော သူ့ကိုလည်း နတ်ဆိုးဝိဉာဉ်တွေ သတ်သွားတာလား?
ကုအန်းက အဖြေရှာမရဖြစ်နေတာကြောင့် တွေးနေတာကိုရပ်လိုက်ပြီး မင်ရဲ့လည်ပင်းပေါ်တွင်သာ 'ရုပ်ရှင်' ကို တိတ်တဆိတ် ဆက်ကြည့်နေခဲ့သည်။
သစ်သားတုတ်များက ဥယျာဉ်မှူးကိုယ်ပေါ်သို့ မရောက်ခင်မှာပဲ နဂိုက လှုပ်ရှားမှုကင်းမဲ့နေသည့် နတ်ဆိုးဝိဉာဉ်များက အစေခံများ၏လက်မောင်းကို ကိုက်ချလိုက်လေသည်။
အော်ဟစ်သံများက ပဲ့တင်ထပ်သွားပြီး ဥယျာဉ်မှူးကတော့ သူမကြားသလိုမျိုး အေးစက်စက် ရယ်မောလိုက်သည်။
" လင်းဟိုင် ခင်ဗျားလက်ပေါ်မှာ သွေးစွန်းနေတယ်။ အပြစ်ဒဏ်ဆိုတာ မရှိဘူးလို့ တကယ်ထင်နေတာလား? "
လင်းဟိုင်က ပြန်မချေပနိုင်ခင်တွင် သူအော်ပြောလိုက်သည်။
" ကျုပ်က ခင်ဗျားရဲ့ပြစ်ဒဏ်ပဲ! "
ဒီစကားကိုပြောပြီးနောက် နတ်ဆိုးဝိဉာဉ်များကို အစေခံများအား အပြင်သို့လွှင့်ပစ်ရန် သူ အမိန့်ပေးလိုက်သည်။ သို့ရာတွင် အရွယ်ရောက်ခါစ နတ်ဆိုးဝိဉာဉ်များက အစားအသောက်ကို အရေးတကြီးလိုအပ်နေတာကြောင့် ဥယျာဉ်မှူးစကားများကို နားမထောင်ပေ။
သူတို့က ပါးစပ်ကို အကျယ်ကြီးဟရင်း ချွန်ထက်သည့်သွားများဖြင့် အစေခံများ၏အသားကိုသာ ဆုတ်ဖြဲပစ်လိုက်ကြသည်။
ပြင်းထန်လွန်းသည့် သွေးနံ့ကြောင့် လင်းဟိုင်ရဲ့အစာအိမ်က ချက်ချင်းအော်ဂလီဆန်လာ၏။
အစေခံများက နှစ်ပိုင်းစုတ်ပြဲသွားသည်ကို သူမြင်ခဲ့ရသည်။ နတ်ဆိုးဝိဉာဉ်များက သူတို့အား သတ်ဖြတ်ချိန်တွင် အော်ချိန်တောင် မရှိခဲ့ပေ။
လင်းဟိုင်က နတ်ဆိုးဝိဉာဉ်များ၏ စားသောက်နေကြသည့်မြင်ကွင်းကြောင့် ကြောက်လန့်သွားပြီး ခန္ဓာကိုယ်က ပျော့ခွေသွားကာ နောက်ပြန်လှည့်မကြည့်ရဲပဲ ထွက်ပြေးလေသည်။
သူက ဥယျာဉ်၏ဂိတ်ပေါက်ဝနှင့် နီးကပ်လာလေ ပျော်ရွှင်မှုကို ထိန်းမရလေဖြစ်သည်။ သို့ရာတွင် ဒီပျော်ရွှင်မှုက စက္ကန့်ပိုင်းမျှသာ ကြာရှည်ခံလိုက်သည်။ သူ ဥယျာဉ်ထဲမှ ထွက်သွားခါနီးမှာပဲ ခြံဝင်းထဲသို့ ပြန်ဆောင့်ဆွဲခံလိုက်ရ၏။
အနောက်မှ ဆွဲခံလိုက်ရသလို ခံစားရပြီးနောက် လင်းဟိုင်တွင် ရုန်းကန််ရန်အချိန်မရှိခဲ့ပေ။ နတ်ဆိုးဝိဉာဉ်များက သူ့ရဲ့အင်္ကျီကော်လာမှ ဆောင့်ဆွဲကာ လေထဲတွင်မြှောက်ကိုင်ရင်း ဥယျာဉ်မှူးထံသို့ ဆွဲခေါ်သွားကြသည်။
လင်းဟိုင် နောင်တရသွား၏။
ဥယျာဉ်မှူးကို ရှာရတဲ့အထိ သူဟာ ဘာလို့များတုံးအခဲ့ပါလိမ့်? ဟယ်မိသားစုကို ဆန့်ကျင်ဖို့ ဘာလို့များကြိုးစားခဲ့မိပါလိမ့်? လင်းမိသားစုကို ဥယျာဉ်မှူးရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက ဘာလို့များ ကန်မထုတ်ခဲ့မိပါလိမ့်...
သူ့တွင် မေးခွန်းများစွာရှိနေသော်လည်း အမှန်တကယ် နောင်တရခြင်းမရှိချေ။
ယခင်တိုက်ခိုက်မှုတွင် ဥယျာဉ်မှူးသာ အသက်မရှင်ခဲ့လျှင် ဒီနေ့လိုမြင်ကွင်းမျိုး ဖြစ်လာမှာမဟုတ်ပေ။ လင်းဟိုင်ရဲ့လက်ပေါ်တွင် အသက်ပေါင်းရာနဲ့ချီ စွန်းထင်းခဲ့ပြီဖြစ်သည်။
အန်းရှန်အမွှေးနံ့သာ, စန္ဒကူးရေမွှေး, လောင်ဟူအမွှေးနံ့သာနှင့် တခြားနာမည်ကြီး အမွှေးနံ့သာပစ္စည်းအားလုံးက လူ့အသက်များနှင့် ဖန်တီးထားခြင်းဖြစ်သည်။
အန်းရှန်အမွှေးနံ့သာအတွက် တစ်နှစ်သားအရွယ် ကလေးတစ်ယောက်၏အသားကို လိုလေသည်။ လောင်ဟူအမွှေးနံ့သာအတွက် လူကြီးတစ်ယောက်၏ အရိုးများလိုကာ စန္ဒကူးရေမွှေးအတွက် ကလေးတစ်ယောက်၏ အသားလိုအပ်သည်။
တခြားအမွှေးနံ့သာများတွင်လည်း အမျိုးမျိုးသော အသားနှင့်အရိုးများ လိုအပ်ပြီး လူ့အသားနှင့်အရိုးများက အလိုအပ်ဆုံးဖြစ်သည်။
ဥယျာဉ်မှူးက သူ့ရှေ့မှလူကို ကြည့်လိုက်သည်။
ထိုလူတွင် သန့်စင်သည့်အသွင်ပြင်ရှိပြီး ပညာရှိအရှိန်အဝါများ ပေးစွမ်းနေခဲ့သည်။
ဒီလိုလူတစ်ယောက် ဒီလောက်ရက်စက်သည့် လုပ်ရပ်များကို ကျူးလွန်လိမ့်မည်ဟု ဘယ်သူမှတွေးထားမှာမဟုတ်ပေ။
သူက လင်းဟိုင်၏ တုန်ရီနေသည့်မျက်နှာကိုကြည့်ပြီး ချောက်ချားဖွယ်ကောင်းအောင် ပြုံးလိုက်၏။
ဥယျာဉ်မှူးက ပြောလိုက်သည်။ " လင်းဟိုင် ခင်ဗျား ကိုယ့်ကလေးတွေကို ကိုယ်ပြန်သတ်လိုက်တဲ့ အချိန်တုန်းက မကြောက်ဘူးလား? "
" သူတို့လေးတွေက တစ်နှစ်သားပဲရှိသေးတာနော်။ ဒီကမ္ဘာကြီးကိုတောင် အသေချာမမြင်ဖူးသေးဘူး။ ဘဝရဲ့အနှစ်သာရတွေကို မတွေ့ကြုံဖူးသေးဘူး။ ဒါတောင် ခင်ဗျားရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေအတွက် သူတို့ကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ ပြီးတော့ သူတို့ရဲ့အသားတွေအရိုးတွေနဲ့ အမွှေးနံ့သာလုပ်ပစ်တယ် "
" ကျားတစ်ကောင်တောင် သူ့ရဲ့ကလေးကို ပြန်မစားဘူး "
ဥယျာဉ်မှူးက နတ်ဆိုးဝိဉာဉ်များကို လင်းဟိုင်ရဲ့အကြောက်ရွံ့ဆုံး အရာများအား လှုံ့ဆော်ပေးရန် အမိန့်ပေးလိုက်သည်။ လင်းဟိုင်ရဲ့ ရှုံ့မဲ့သွားတဲ့အမူအရာကိုကြည့်ပြီး သူ အလွန်ကျေနပ်သွားခဲ့သည်။
" လင်းဟိုင် သေတာထက်ပိုဆိုးတဲ့ဘဝကို ဖြည်းဖြည်းချင်း ခံစားနေတော့! "
ဥယျာဉ်မှူးက ထိုသို့ပြောပြီးနောက် လင်းဟိုင်၏ အလန့်တကြားဖြစ်နေသည့် မျက်နှာကိုကြည့်ကာ သူ့အပြုံးက ပိုမိုနက်ရှိုင်းသွားခဲ့သည်။
သူ လင်းဟိုင်ရှိနေသည့်နေရာကို နင့်နင့်နဲနဲ တစ်ချက်ကြည့်ပြီးနောက် မျက်လုံးများမှိတ်လိုက်ကာ ကြီးထွားနေဆဲနတ်ဆိုးဝိဉာဉ်တို့အား သူ့အားစားသုံးရန် ခွင့်ပြုလိုက်လေသည်။
နတ်ဆိုးဝိဉာဉ်များက ရှေ့သို့အမြန်တက်လာကာ တစ်ခဏအတွင်းမှာပဲ ဥယျာဉ်မှူး၏အသွေးအသားများကို စားသုံးလိုက်ကြပြီး ပြောင်ရှင်းသည့် အရိုးများကိုသာချန်လျက် နှင်းဆီချုံပုတ်များအောက်တွင် မြှုပ်နှံလိုက်ကြသည်။ ထိုအရိုးများက အချိန်နှင့်အမျှဆိုသလို ဖုံးကွယ်ခံလိုက်ရသည်။
ဥယျာဉ်မှူး၏ နောက်ဆုံးဆန္ဒက သူ့ရန်သူကို သေခြင်းတရားအား တောင့်တလာသည်အထိ နှိပ်စက်ခံရပြီးနောက် အရှင်လတ်လတ် စားခံရရန်ဖြစ်သည်။
နတ်ဆိုးဝိဉာဉ်များက သူတို့အားပျိုးထောင်သူ၏ဆန္ဒကို လိုက်နာကြသည်။ သူတို့က လင်းဟိုင်ကို အတတ််နိုင်ဆုံး နှိပ်စက်ကြကာ လင်းဟိုင်၏အကြောက်ဆုံးအရာများကို ထုတ်ဖော်ကြသည်။