Chapter ( 16 )
မင်ရဲ့က သူ့နားထဲတွင်ကြားနေရသည့် အော်ဟစ်သံများကိုနားထောင်ရင်း စိုးရိမ်တကြီး မေးလိုက်၏။
" ကြောက်နေလား အန်းအန်း? "
ကုအန်း ခေါင်းခါလိုက်သည်။
" မကြေက်ပါဘူး "
ကုအန်းက မကြောက်ဟုပြောနေသော်လည်း မင်ရဲ့က အနည်းငယ်စိတ်ပူမိဆဲဖြစ်သည်။ သူက ဆောင့်ကြောင်ထိုင်ပြီး ကုအန်းကို အောက်ချပေးချင်ခဲ့သည်။
သူ လှုပ်လိုက်သည်နှင့် ကုအန်းက အထိတ်တလန့်ဖြစ်ကာ မင်ရဲ့ခေါင်းကို အမြန်ဖက်လျက် အသံမာမာနှင့် ပြောလိုက်သည်။
" ဘာလုပ်တာလဲ? လျှောက်လှုပ်မနေနဲ့လေ "
" အိုး "
မင်ရဲ့မှာ အနည်းငယ် မှားယွင်းနေသလို ခံစားလိုက်ရပြီး " ကိုယ်က မင်းကိုစိတ်ပူပြီး အောက်ချပေးချင်ခဲ့တာ။ ထိခိုက်အောင်လုပ်မလို့ မဟုတ်ပါဘူး "
မင်ရဲ့၏ နစ်နာသလိုအသံကြောင့် ကုအန်းမျက်လွှာချလိုက်သည်။ ခဏအကြာတွင် သူ မင်ရဲ့ခေါင်းအား ကိုင်ထားတာကို လွှတ်ပေးလိုက်ပြီး မင်ရဲ့ပါးကို ဖွဖွလေးထိလိုက်သည်။ သူ့အသံက တိုးတိုးပြောလိုက်သည်ဆိုသော်ငြား မင်ရဲ့ကြားနိုင်ဆဲဖြစ်သည်။
သူ ပြောလိုက်သည်။ " အထင်လွဲသွားမိတာ တောင်းပန်ပါတယ် "
သူတို့တွေ့ချိန်ကတည်းက ကုအန်းက ဒီလိုပဲဖြစ်သည်။ သူက မင်ရဲ့၏ချဉ်းကပ်မှုကို မငြင်းဆန်ဟုဆိုသော်လည်း ယုံကြည်ခြင်းက အချိန်လိုအပ်သည့် အရာတစ်ခုဖြစ်ကာ အချိန်တိုအတွင်း မတည်ဆောက်နိုင်ပေ။
မင်ရဲ့က ကုအန်းစကားများ၏ နောက်ကွယ်မှအဓိပ္ပါယ်ကို နားလည်လေသည်။
သူ ညင်သာစွာ ပြောလိုက်၏။ " ရပါတယ် ကိုယ်မင်းကိုခွင့်လွှတ်တယ် "
- ကိုယ့်ကို မယုံကြည်တော့တဲ့အပေါ်မှာ မင်းကိုခွင့်လွှတ်ပါတယ်
- ဒါပေမယ့် နောက်တစ်ကြိမ် ဒီလိုထပ်လုပ်ရင်တော့ ကိုယ်ဘာလုပ်မိမလဲဆိုတာကို အာမမခံနိုင်ဘူး အန်းအန်း
မင်ရဲ့က ဘယ်တုန်းကမှ လူကောင်းတစ်ယောက်မဟုတ်ခဲ့ပေ။ သူက ပိုင်ဆိုင်လိုစိတ်ကြီးမားပြီး ကုအန်းရဲ့အာရုံများကို သူ့ထံမှ လုယူသွားသူတိုင်းအား အလွန်အမင်း မုန်းတီးလေသည်။ သူနှင့်သက်ဆိုင်သည့် ကုအန်း၏ အာရုံအနည်းအကျဉ်းလေးကိုတောင် တခြားသူများနဲ့ဝေမျှရတာ သဘောမကျပေ။
ကုအန်းက သူ့ကိုမယုံကြည်ဘူးဆိုရင် ပြောမနေနဲ့တော့။
သူ့မျက်လုံးများက နက်ရှိုင်းသွားရင်း လေဟာနယ်ကို စိုက်ကြည့်လိုက်သည်။
" 521 "
မင်ရဲ့အော်ခေါ်လိုက်ကာ ခဏစောင့်နေသော်လည်း ပြန်ဖြေသံမကြားရပေ။
သူ အသံတိတ်သက်ပြင်းချပြီး ကုအန်းခြေသလုံးကို ဖျစ်ညှစ်ပြီးနောက် လွှတ်ပေးလိုက်သည်။
သူတို့တွေ အတူတူအချိန်ကုန်ဆုံးခဲ့သည့် ယခင်ကဘဝလေးကို သူလွမ်းလှသည်။
.........
တခြားတစ်ဖက်မှာတော့ လင်းဟိုင်က နှိပ်စက်ခံနေရ၏။
လင်းဟိုင်ရဲ့နားထဲတွင် ကလေးငိုသံများ ကြားနေရပြီး ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
" အဖေ အဖေ သားနဲ့လာကစားလေ "
" သမီးနဲ့လာကစားပါ "
" အဖေ သားရဲ့လေရဟတ်နဲ့ လာကစားပါ "
လင်းဟန်က မျက်လုံးမှိတ်ကာ နားကိုလက်ဖြင့်အုပ်ထားသော်လည်း အသံများက ရပ်မသွားပေ။ ထိုအစား အသံများက ပိုကျယ်လာကာ သူ့နားစည်ထဲသို့ ဝင်ရောက်လာသည်။
ခဏကြာပြီးနောက် အသံများက ပြောင်းလဲသွား၏။
" အစ်ကို အစ်ကို့ရဲ့ညီက အစ်ကို့အစား အဲ့လူကိုရှင်းပေးရင် လောင်းကစားကြွေးတွေကို ဆပ်ပေးမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား? အစ်ကိုက ဒီလောင်းကစားအကြွေးလေးအတွက်နဲ့ ကျွန်တော့်ကို လူသတ်ခိုင်းခဲ့တာလေ! "
" ဒုတိယအစ်ကို ကျွန်တော်တို့ ညီအစ်ကိုကောင်းတွေအဖြစ် အတူကြီးလာခဲ့တာလေ။ စျေးဆိုင်တစ်ခုအတွက်နဲ့ ကျွန်တော့်ကို တကယ်ကြီးသတ်ပစ်လိုက်တယ်! "
" ရှောင်ဟိုင် မင်းက လင်းမိသားစုရဲ့ဆိုင်အတွက်ဆိုပြီး မင်းဦးလေးအရင်းကြီးကိုတောင် သတ်ပစ်နိုင်တယ်နော်! မင်း... မင်းက လူဖြစ်ဖို့ မတန်တဲ့ကောင်! သားရဲတိရိစ္ဆာန်တွေတောင် မင်းထက််သာဦးမယ်! "
လင်းဟိုင်၏ အနက်ရှိုင်းဆုံး အကြောက်တရားများနှင့် ကြောက်စရာအကောင်းဆုံး အတွေးများကို နတ်ဆိုးဝိဉာဉ်များက တူးဖော်နေကြသည်။
ထို့နောက်တွင် နတ်ဆိုးဝိဉာဉ်များက ကြိုးမဲ့လေစွန်များလိုမျိုး လင်းမိသားစုအနားတွင် လွင့်မျောနေကြကာ အစေခံများကို ခြောက်လှန့်နေကြ၏။
သို့ရာတွင် ဥယျာဉ်မှူးသေသွားချိန်၌ ဥယျာဉ်မှူးရဲ့အမိန့်များက တဖြည်းဖြည်း သက်ရောက်မှုနည်းပါးလာခဲ့သည်။
- ထိန်းချုပ်မှုလွတ်သွားရန် အချိန်ခဏသာ ကြာလိုက်သည်
လင်းဟိုင်က သူ့နားထဲမှအသံများကြောင့် ညှင်းဆဲခံနေရကာ သူ့ရဲ့ရွှေအနားကွပ်အထည်များက မြေပြင်မှဖုန်များကြောင့် ပေပွနေပြီး ယခင်က ဂုဏ်ကျက်သရေမျိုး မရှိတော့ပေ။
နတ်ဆိုးဝိဉာဉ်များက သူ့ရဲ့အဝတ်များကို ဆုတ်ဖြဲနေကာ သူ့ရဲ့အင်္ကျီလက်ကို ပြဲထွက်သွားစေခဲ့သည်။ သူ့ခါးနေရာတွင် ချည်ထည်အကွက်လိုက် ပြဲသွားပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ခဲပုပ်ရောင်အမှတ်များက ထွက်ပေါ်လာလေသည်။
လင်းဟိုင်က အမှောင်လောကနှင့်ပတ်သတ်သည့် လျှို့ဝှက်ကိစ္စများကို ပြုလုပ်ခဲ့တာကြောင့် အမွှေးနံ့သာဖန်တီးသည့် လျှို့ဝှက်နည်းလမ်းများ အသုံးပြုရာတွင် ရံဖန်ရံခါကျရှုံးသွားချိန်၌ ခဲပုပ်ရောင်အမှတ်များက အလွယ်တကူ ပေါ်လာခဲ့သည်။
ခဲပုပ်ရောင်အမှတ်များက လင်းဟိုင်ရဲ့ရင်ဘတ်တစ်ခုလုံးကို ဖုံးအုပ်နေကာ ဆုတ်ပြဲနေသည့် အဝတ်များမှတစ်ဆင့် ခပ်ရေးရေးမြင်နေရသည်။
ဥယျာဉ်မှူးရဲ့ ကြားဝင်မှုကြောင့်သာ မဟုတ်လျှင် သူ အကြာကြီးအသက်ရှင်မှာ မဟုတ်ပေ။
ကောင်းခြင်းနှင့် ဆိုးခြင်းတွင် တန်ပြန်ချက်က အမြဲတမ်းရှိပေသည်။ လင်းဟိုင်ရဲ့လက်တွင် သွေးများစွာစွန်းထင်းခဲ့ပြီးဖြစ်ရာ အဆုံးသတ်မှာတော့ ဒီကံကြမ္မာဆိုးထဲမှ သူ မလွတ်မြောက်နိုင်တော့ချေ။
ပထမတွင် လင်းဟိုင်က ခုခံမှုဖြင့် အော်ဟစ်နေခဲ့သည်။ သို့သော်လည်း အဆုံးမှာတော့ သူက မောပန်းမှုကြောင့်လား ဒါမှမဟုတ် တခြားအကြောင်းရင်းလား မသိရပေမယ့် တဖြည်းဖြည်းနှင့် အော်နေတာတန့်သွားကာ စူးစူးဝါးဝါးအသံများအား မကြားရစေရန် မြေပြင်ပေါ်တွင် လူးလှိမ့်နေတော့သည်။
နတ်ဆိုးဝိဉာဉ်များက ထိန်းချုပ်မှုလွတ်ခါနီးဖြစ်ကာ သူတို့က လင်းဟိုင်အပေါ်သို့ ခုန်အုပ်လာကြသည်။ လင်းဟိုင် မတုံ့ပြန်နိုင်ခင်မှာပဲ နတ်ဆိုးဝိဉာဉ်များက သူတို့ရဲ့ချွန်ထက်သည့် သွားများဖြင့် သူ့အသားကိုကိုက်ချလိုက်ကာ အရေပြားအောက်မှ သွေးများကို စုပ်ယူကြလေသည်။
လင်းဟိုင်က လက်မောင်းကို အရူးအမူးလွှဲယမ်းရင်း နတ်ဆိုးဝိဉာဉ်များကို ခါချရန်ကြိုးစားသော်လည်း ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မည်နည်း?
နတ်ဆိုးဝိဉာဉ်များက ဆာလောင်နေသည့် ဝံပုလွေများနှင့်တူလှသည်။ အချိန်တိုအတွင်းမှာပဲ လင်းဟိုင်ရဲ့အသားများက လုံးဝစားသောက်ခံလိုက်ရပြီး သူတို့က ဥယျာဉ်မှူးရဲ့အမိန့်များကို မှတ်မိနေသလိုမျိုး လင်းဟိုင်ရဲ့အသားများကို ဆုတ်ဖြဲရာတွင် တမင်တကာ အရှိန်နှေးနှေး လုပ်ဆောင်ခဲ့ကြသည်။
နောက်ဆုံးတွင် လင်းဟိုင်တစ်ယောက် သွေးထွက်လွန်ခြင်းကြောင့် သေဆုံးသွားခဲ့သည်။ သူ့ရဲ့နောက်ဆုံးအချိန်တွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြစ်ကမ်းနံဘေး၌ သူ့ရဲ့ဇနီး၊ သမီးဖြစ်သူတို့နှင့်အတူ ဆော့ကစားခဲ့ကြချိန်ကို ခပ်ရေးရေး ပြန်သတိရသွားခဲ့သည်။
၎င်းက မီးပုံးလွှတ်သည့် ပွဲတော်နေ့ဖြစ်သည်။ သူ့ဇနီးနှင့်သမီးတို့က မီးပုံများ လွှတ်တင်နေချိန်တွင် သူက အနှီမြင်ကွင်းကို ကြည့်နေခဲ့သည်။ ထိုအချိန်တွင် တာအိုပညာရှင်တစ်ယောက်က သူ့ထံသို့ချဉ်းကပ်လာကာ သူတို့က ကံကြမ္မာဆက်နွယ်နေသူများ ဖြစ်သည်ဟုဆိုပြီး အမွှေးနံ့သာဖန်တီးသည့် စာအုပ်တစ်အုပ်ကို လက်လွှဲပေးခဲ့သည်။
သူသာ ဒီစာအုပ်ထဲမှ နည်းလမ်းများအတိုင်း လိုက်လုပ်လျှင် ငါးနှစ်အတွင်း ဝေ့နျန်တိုင်းပြည်၌ နာမည်ကျော်ကြာလာလိမ့်မည်ဟု ပြောခဲ့သည်။
လင်းဟိုင်က လျှို့ဝှက်နည်းလမ်းကို လက်ခံခဲ့သည်။
သူက တာအိုပညာရှင်ကို ကျေးဇူးတင်လိုက်ပြီး ထိုအချိန်က များများစားစား မတွေးခဲ့ပေ။ ဒီလိုနဲ့ နှစ်သစ်ကူးအကြိုနေ့သို့ရောက်ချိန်တွင် လင်းမိသားစုက ကုန်သည်သူဌေးကြီးတစ်ယောက်ကို အပြစ်ပြုမိသွားခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာတင် လင်းမိသားစုစီးပွားရေးက ဒုက္ခတွင်းထဲသို့ ထိုးကျသွားလေ၏။ အကြွေးရှင်တို့၏ ခြိမ်းခြောက်မှုများကြောင့် သူ့ဖခင်၏ ကူကယ်ရာမဲ့မှုနှင့် နောင်တများပြည့်နေသည့် မျက်နှာအမူအရာ၊ သူ့မိခင်၏ မျက်ရည်များ၊ ဇနီးဖြစ်သူ၏ စိုးရိမ်ပူပန်သည့်အကြည့်နှင့် သမီးဖြစ်သူ၏ ကြောက်ရွံ့နေသည့်မျက်နှာ။
ဒါတွေအားလုံးက လင်းဟိုင်ရဲ့နှလုံးသားကို အပ်များနှင့်ထိုးဆွနေသလို ခံစားခဲ့ရသည်။
ထို့ကြောင့် လင်းဟိုင်က အဆိုပါစာအုပ်ကိုဖွင့်ကာ ထိုစာအုပ်ထံတွင် မန်းမှုတ်ခံလိုက်ရသလိုမျိုး အထဲတွင်ရေးထားသည့် လျှို့ဝှက်နည်းလမ်းအရ အစေခံတစ်ယောက်ကို သူသတ်ပစ်ခဲ့သည်။
အစေခံ၏နှလုံးကို အသုံးပြုကာ စိတ်ကိုထွေပြားစေသည့် အမွှေးရနံ့တစ်ခုပြုလုပ်ပြီးနောက် ထိုအမွှေးနံ့ဖြင့် သူကြွယ်ကုန်သည်ကြီးကို သွေးဆောင်လျက် လင်းမိသားစုအား ဆင်းရဲတွင်းထဲမှ လွတ်မြောက်စေခဲ့သည်။
အနှီစာအုပ်က ပန်ဒိုရာသေတ္တာနှင့်တူလှသည်။ ဒီစာအုပ်ကို လင်းဟိုင်ဖွင့်လိုက်ချိန်မှာပဲ သူက တခြားလူတစ်ယောက်လို ဖြစ်သွားခဲ့သည်။
ယခင်လင်းဟိုင်က ဖြောင့်မတ်တည်ကြည်၍ ခံ့ညားကာ တခြားသူများအပေါ်တွင် ကြင်နာစွာ ဆက်ဆံသူဖြစ်သည်။ သို့သော်လည်း စာအုပ်ကိုအသုံးပြုပြီးနောက်တွင် သူက ကောက်ကျစ်၍ တစ်ကိုယ်ကောင်းဆန်လာကာ သူ့ရည်မှန်းချက်များ ပြည့်ဝရန်အတွက် ဘယ်အရာမဆို ဆောင်ရွက်လေသည်။
တစ်ချိန်တုန်းက သူ့ဇနီးအပေါ်တွင် နှစ်နှစ်ကာကာ ချစ်မြတ်နိုးသည့် နှလုံးသားဟာလည်း ပြောင်းလဲသွားခဲ့သည်။ အိမ်ပြင်တွင် အငယ်အနှောင်းများစွာရှိကာ ကလေးပေါင်းများစွာ၏ ဖခင်ဖြစ်လာခဲ့သည်။
လင်းဟိုင်က ဒါကို လင်းသခင်မ မသိအောင် ဖုံးကွယ်ထားကာ ဒီကလေးများကို အမွှေးနံ့သာများဖန်တီးရန် အသုံးပြုခဲ့သည်။ သို့သော်လည်း သူက ဘယ်တော့မှ တင်းတိမ်ရောင့်ရဲမှု မရှိပေ။
စာအုပ်ထဲတွင် ဖော်ပြထားသည့် အားအကောင်းဆုံး အမွှေးရနံ့မှာ Rosemary ဟုခေါ်သည်။
၎င်းက လူများ၏ နှလုံးသားကို ထိန်းချုပ်နိုင်ကာ ထိန်းချုပ်ခံရသည့်လူက သေသွားချိိန်မှသာ ထိုအချုပ်အနှောင်ထဲမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
Rosemary ဖန်တီးရန် ပြင်ဆင်မှုက ရှုပ်ထွေးလှသည်။ ၎င်းကိုဖန်တီးနိုင်ရန်အတွက် ယင်နှစ်၊ ယင်လ၊ ယင်နာရီအချိန်တွင် မွေးဖွားလာသည့် မိန်းကလေးတစ်ယောက်၏ နှလုံးနှင့်နံရိုးများလိုအပ်ကာ တစ်နှစ်သားအရွယ် ယောကျ်ားလေးတစ်ဦး၏ အသားကိုလည်း လိုအပ်သည်။
လင်းဟိုင်ရဲ့သမီးဖြစ်သူ လင်းဝမ်က ယင်နှစ်၊ ယင်လ၊ ယင်နာရီတွင် မွေးဖွားလာသူဖြစ်သည်။ လင်းဟိုင်က ဆိုးဝါးသည့်ကိစ္စများစွာကို ကျူးလွန်ခဲ့သော်လည်း သူက လူသားဖြစ်နေဆဲဖြစ်ကာ သူ့ရဲ့ချစ်ရတဲ့သမီးဖြစ်သူကို ထိခိုက်အောင် မလုပ်ရက်ခဲ့ပေ။
လင်းဟိုင် ခါးသီးစွာ အံကြိတ်လိုက်သည်။
သူ အနှီစာအုပ်ကို ဖွင့်ခဲ့မိခြင်းအတွက် နောင်တရမိသည်။ အမွှေးနံ့သာများဖန်တီးရန် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုခဲ့ခြင်းအတွက် နောင်တရသည်။
နတ်ဆိုးဝိဉာဉ်များက သူ့နှလုံးကို တူးထုတ်လိုက်ချိန်တွင် လင်းဟိုင် နောင်တများဖြင့် သေဆုံးသွားခဲ့သည်။
နတ်ဆိုးဝိဉာဉ်များက လင်းဟိုင်၏အသွေးအသားများကို စားသောက်ပြီး၍ အဝေးသို့လွင့်မျောသွားချိန်တွင် အဖြူရောင်အရိုးစုတစ်ပုံသာ ကျန်နေခဲ့သည်။
နတ်ဆိုးဝိဉာဉ်များက စံအိမ်ပတ်လည်တွင် ရွေ့လျားနေကြ၏။
.......
ကုအန်းက နတ်ဆိုးဝိဉာဉ်များကို ကြည့်လိုက်ပြီး မင်ရဲ့ကို ပြောလိုက်သည်။
" ကျွန်တော့်ကို အောက်ချပေးတော့ "
မင်ရဲ့က ကုအန်းကို ထိန်းကိုင်ထားရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်ကာ သူ မတော်တဆလဲကျသွားမည်ကို စိုးရိမ်နေခဲ့သည်။
ကုအန်းက မြေပြင်ကို ခြေဖဝါးနှင့် နှစ်ကြိမ်ထိကြည့်လိုက်ပြီး မင်ရဲ့၏လက်မောင်းကိုကိုင်လျက် ဆင်းလိုက်သည်။
မြေပြင်ပေါ်သို့ရောက်ချိန်တွင် မင်ရဲ့က ငုတ်တုတ်ထိုင်နေသေးတာကို မြင်လိုက်ရတာကြောင့် သူ လက်ဆန့်တန်းပေးလိုက်သည်။
" မြန်မြန်ထ ဟိုနတ်ဆိုးဝိဉာဉ်တွေက ဘာတွေဖြစ်နေလဲဆိုတာကို သွားကြည့်ရအောင် "