Chapter ( 17 )
မင်ရဲ့က ကုအန်းကမ်းပေးနေသည့် လက်ကိုဆုပ်ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး ရုတ်တရက်ဆိုသလို ကုအန်းကို ဆွဲဖက်လိုက်သည်။ ကုအန်း မတုံ့ပြန်နိုင်ခင်တွင် ကုအန်းကို နံရံ၌ဖိထားလိုက်ကာ သူ့လက်မောင်းကို ကုအန်းဘေးနားတွင်ထောက်ထားပြီး ခန္ဓာကိုယ်ငုံ့ကိုင်းလျက် ကုအန်းနားထဲသို့ ညင်သာစွာ လေမှုတ်သွင်းလိုက်သည်။
ကုအန်းက မင်ရဲ့ ဒီလိုလုပ်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ သတိဝင်လာချိန်တွင် သူက နံရံ၌ အဖိခံထားရပြီဖြစ်သည်။ သူမော့ကြည့်လိုက်ရာ မင်ရဲ့၏မျက်ဆံနက်များနှင့် ဆုံသွားခဲ့ပြီး ထိုမျက်ဆံနက်များတွင် ခံစားချက်မျိုးစုံရောပြွမ်းနေလျက် ကုအန်းတစ်ယောက် ယာယီမှင်သက်သွားခဲ့သည်။
" အန်းအန်း "
ကုအန်းက တွေဝေစွာငေးကြည့်နေပုံကို မင်ရဲ့သတိထားမိသွားပြီး သူမထိန်းနိုင်ပဲ ကုအန်းရဲ့နားသီးသန်ကို ခပ်ဖွဖွကိုက်လိုက်မိသည်။ ကုအန်းရဲ့ဖြူဖျော့ဖျော့ နားသီးသန်ပေါ်တွင် အနီရောင်ရေးရေးလေး ကျန်နေခဲ့ကာ သူ ကုအန်းကို မေးလိုက်၏။
" ကိုယ် နမ်းလို့ရလား? "
ကုအန်းက အလိုအလျောက် ပြန်ဖြေလာသည်။
" ဟင့်အင်း "
မင်ရဲ့အသံက နက်ရှိုင်းသွားကာ အနည်းငယ် သနားချင့်စဖွယ်ဖြစ်နေခဲ့သည်။
" တကယ်မရဘူးလား? ဒါပေမယ့် ကိုယ်က တကယ်နမ်းချင်နေတာလေ။ အန်းအန်းရယ် ကျေးဇူးပြုပြီး ခွင့်ပြုပါနော် "
ကုအန်း ခေါင်းလှည့်လိုက်ကာ သူ့ပါးများက အနည်းငယ်နီမြန်းနေပြီး ခပ်တိုးတိုးပြောလိုက်သည်။
" မရဘူး "
မင်ရဲ့က လက်မလျှော့ပေ။
သူ ကုအန်းနားထဲသို့ တီးတိုးပြောလိုက်သည်။
" အန်းအန်း ကိုယ့်ကို နမ်းခွင့်ပြုပါကွာ တစ်ကြိမ်လောက်ပဲလေ "
ကုအန်းက မင်ရဲ့၏ခေါင်းမာမှုကြောင့် စိတ်ရှုပ်လာကာ သူ အေးစက်စက်နှာမှုတ်ပြီး ပြောလိုက်သည်။
" ကျွန်တော့်ကို အသနားခံလေ။ အသနားခံရင် နမ်းခွင့်ပေးမယ် "
မင်ရဲ့က ထိုသို့မပြောလောက်ဟု သူထင်ထားသော်လည်း သူ့အတွေးက တက်တက်စင်အောင် လွဲသွားခဲ့သည်။
ကုအန်းစကားဆုံးသည်နှင့် မင်ရဲ့က နူးညံ့စွာပြောလာသည်။
" ကိုယ် အနူးအညွတ်တောင်းပန်နေတာပါ ကိုယ့်ကိုနမ်းခွင့်ပေးနော် "
ထို့နောက်တွင် မင်ရဲ့က ခေါင်းငုံ့လာလျက် ကုအန်းနှုတ်ခမ်းများကို တိတိကျကျ နမ်းလိုက်လေသည်။
ကုအန်းမှာ အလန့်တကြားဖြင့် မျက်လုံးပြူးသွားပြီး တစ်ခုခုပြောချင်ခဲ့သော်လည်း ချိုမြိန်သည့် ညည်းသံတစ်ခုသာ ထွက်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် မင်ရဲ့က ဖယ်သွားခဲ့သည်။
သူက ကုအန်းပါးစပ်ထောင့်မှ တံတွေးများကို သုတ်ပေးလိုက်ကာ သူ့အကြည့်တို့က နက်မှောင်သွားခဲ့သည်။ ယခုလေးတင် အထိအတွေ့ကြောင့် သူ့ခန္ဓာကိုယ်က မသိမသာပြောင်းလဲသွားပြီး သိပ်တော့ သတိပြုမိစရာမရှိပေ။
မင်ရဲ့က မြင့်တက်လာသည့် ခံစားချက်များကို ဖိနှိပ်ထားပြီး ကုအန်းနှင့်နဖူးချင်းကပ်ကာ ချစ်မြတ်နိုးစွာ ပွတ်လိုက်သည်။
" မင်းကလေ တကယ်အံ့သြဖို့ကောင်းတယ် အန်းအန်း "
ကုအန်းမျက်လုံးတို့က နီရဲနေကာ မင်ရဲ့၏ သင်းမြသည့် အသက်ရှူသံက သူ့နှာထိပ်သို့ လာရောက်ထိခတ်သွားခဲ့သည်။ ကုအန်းက ဒီစကားကိုကြားလျှင် မင်ရဲ့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး မင်ရဲ့၏အရေထူမှုအား ခန့်မှန်းလိုက်သည်။
ခဏကြာပြီးနောက် မင်ရဲ့က ကုအန်းလက်ကိုဆွဲကာ ဥယျာဉ်ထဲမှ ထွက်လာလိုက်သည်။
ဥယျာဉ်အပြင်သို့ရောက်ချိန်တွင် ကုအန်း ခဏတုံ့ဆိုင်းသွားပြီး မေးလိုက်သည်။
" သူတို့တွေ ကျွန်တော်တို့ကို မြင်ရလား? "
မင်ရဲ့က သူ့လက်ကိုဖျစ်ညှစ်ပြီး ပြောလာသည်။
" သူတို့တွေ ကိုယ်တို့ကို မမြင်နိုင်သင့်ဘူး။ ကိုယ်တို့က အခု စံအိမ်ကြီးရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေတာလေ။ စံအိမ်ကြီးရဲ့မှတ်ဉာဏ်ထဲမှာ ကိုယ်တို့တွေ မပါဘူး။ စံအိမ်အတွက် ကိုယ်တို့က မတည်ရှိတဲ့သူစိမ်းတွေဆိုတော့ ယေဘုယျအားဖြင့်ဆို သူတို့က ကိုယ်တို့ကို မမြင်နိုင်ဘူး "
သူ တန့်သွားပြီး ထပ်ပြောလိုက်သည်။
" ဒီသရဲတွေကတော့ ကိုယ်တို့ကို မြင်နိုင်လောက်တယ် "
" ? "
ကုအန်း မေးလိုက်သည်။
" ဘာအဓိပ္ပါယ်လဲ? "
မင်ရဲ့ မဖြေနိုင်ခင်မှာပဲ လွင့်မျောနေသည့် နတ်ဆိုးဝိဉာဉ်များက သူတို့နှစ်ယောက်ကို မြင်သွားပြီး လေထဲတွင် လွင့်မျောလာလေသည်။
ဝိဉာဉ်တစ်ကောင်က သူ့ရဲ့ပုံစံကို တမင်ဖော်ပြထားကာ သူတို့အား ခြောက်လှန့်ရန် ကြိုးစားလာသည်။ ၎င်းက သူ့ရဲ့သွားများကိုဖော်ပြပြီး အသားစများကပ်နေသည့် ပါးစပ်ကိုဟကာ သူတို့ထံသို့ အမြန်ပြေးလာလေသည်။
ကုအန်း မတုံ့ပြန်နိုင်ခင်တွင် မင်ရဲ့က ဒီဝိဉာဉ်ကို လွင့်ထွက်သွားအောင် ကန်ပစ်လိုက်သည်။
သို့သော်လည်း ဆိုးဝါးသည့်အနံ့အသက်က အချိန်အတော်ကြာအောင် ကျန်ရစ်နေခဲ့သည်။
ကုအန်းက အနံ့ခံအာရုံကောင်းမွန်ပြီး ဒီလိုရွံရှာဖွယ်အနံ့များနှင့် အမြဲတမ်း ခပ်ဝေးဝေးနေ
ပေသည်။
ကုအန်းက ဒီလိုအနံ့တွေမကြိုက်ကြောင်းကို မင်ရဲ့လည်းသိသည်။ နတ်ဆိုးဝိဉာဉ်က သူတို့ထံသို့ ပါးစပ်ဟပြီး ပြေးဝင်လာချိန်တွင် မင်ရဲ့က ကုအန်း၏နှာခေါင်းနှင့်ပါးစပ်ကို သူ့လက်ဖြင့်အုပ်ပေးလိုက်ပြီး အနောက်သို့ဆွဲယူလျက် နတ်ဆိုးဝိဉာဉ်ကို ကန်ထုတ်ပစ်လိုက်၏။
သူတို့က စိတ်ချရသည့်အကွာအဝေးရောက်အောင် နောက်ဆုတ်ပြီးချိန်မှ မင်ရဲ့က သူ့လက်ကိုဖယ်ပေးကာ ကုအန်းတစ်ယောက် နှာခေါင်းနှင့်ပါးစပ်ကို အုပ်ခံလိုက်ရခြင်းအတွက် အဆင်မပြေဖြစ်သွားမှာ စိတ်ပူနေခဲ့သည်။
" အဆင်ပြေရဲ့လား အန်းအန်း "
မင်ရဲ့၏ စိုးရိမ်နေသည့်အကြည့်ကိုမြင်ပြီး ကုအန်းက သူအဆင်ပြေကြောင်း ပြောလိုက်သည်။
မင်ရဲ့က သူ့နှာခေါင်းနှင့်ပါးစပ်ကို ဖုံးအုပ်ချိန်တွင် သူ့လက်ချောင်းများကြား၌ အနည်းငယ်ဟပေးထားပြီး ကုအန်းအတွက် အသက်ရှူရအဆင်ပြေစေရန် လုပ်ပေးခဲ့သည်။ ထိုအဟကြားမှနေ သူက အနံ့ရှူမိသွားခြင်းဖြစ်သည်။
နတ်ဆိုးဝိဉာဉ်၏ ရှုထုတ်လိုက်သည့်အနံ့က အချိန်အတော်ကြာအောင် ထား,ထားသည့် အသားနံ့နှင့်တူသည်။
ကုအန်းအဆင်မပြေကြောင်းကို မင်ရဲ့ တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်လေသည်။
ကုအန်းက မင်ရဲ့၏ သောကရောက်နေသည့် အမူအရာကို ကြည့်လိုက်သည်။ သူက အစပိုင်းတွင် အနည်းငယ်အဆင်မပြေရုံသာဟု ပြောချင်ခဲ့တာဖြစ်သည်။
သို့သော်လည်း မင်ရဲ့၏ စိတ်ပူနေသည့်မျက်နှာကို မြင်လိုက်ချိန်တွင် ဒီအနည်းငယ်မသက်မသာမှုက ထိို့ထက်ပိုသည့် အရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အကြောင်းအရင်းကို ကုအန်းမသိချေ။ ရေတွင်းထဲမှသရဲမက သူ့ထံသို့ ချဉ်းကပ်လာခဲ့ချိန်က ဒီထက်အနံ့ပြင်းသော်လည်း သူ ဒီလိုမခံစားခဲ့ရပေ။
သို့ရာတွင် မင်ရဲ့၏ စိတ်ပူနေသည့်မျက်နှာကိုမြင်ပြီး စိတ်မသက်မသာ ခံစားလိုက်ရတာကြောင့် သူ အမှန်အတိုင်းပြောလိုက်သည်။
" ဒီအတိုင်း နည်းနည်းအနံ့ရှူမိသွားတာ။ မသက်မသာဖြစ်တာမျိုး မဟုတ်ပါဘူး။ စိတ်မပူပါနဲ့ ကျွန်တော် အဆင်ပြေတယ်ရယ် "
ဒီစကားကိုကြားချိန်တွင် မင်ရဲ့က ကုအန်းကို တင်းကြပ်စွာပွေ့ဖက်ရင်း တီးတိုးပြောလာခဲ့သည်။
" ကိုယ်စိတ်မပူပါဘူး အန်းအန်း မင်းအဆင်ပြေတယ်ဆိုရင် ရပါပြီ "
ကုအန်း လက်ဆန့်ထုတ်ပြီး မင်ရဲ့နောက်ကျောကို လှမ်းဖက်လိုက်သည်။
နှစ်ယောက်က အချိန်ခဏကြာအောင် တိတ်တဆိတ် ဖက်ထားကြပြီးနောက် လက်ချင်းတွဲလျက် ထွက်သွားခဲ့ကြသည်။
သူတို့ထွက်သွားချိန်တွင် လေထဲ၌လွင့်မျောနေသည့် နတ်ဆိုးဝိဉာဉ်များက လုံးဝအထိန်းအကွပ်မဲ့သွားခဲ့သည်။
သူတို့က အစေခံများကို ခုန်အုပ်ကာ ချွန်ထက်သည့်သွားများဖြင့် အစေခံများ၏အသားကို ကိုက်ဖြဲနေကြသည်။
မြေပြင်ပေါ်တွင် လဲကျနေသည့် လင်းသခင်ကြီးမှာလည်း နတ်ဆိုးဝိဉာဉ်များ၏ ကိုက်ဖြတ်ခြင်းကိုခံလိုက်ရကာ အချိန်တိုအတွင်း အရိုးစုဖြစ်သွားခဲ့သည်။
လင်းအိမ်တော်တွင် ချောက်ချားဖွယ်ငိုကြွေးသံများနှင့် ပြည့်သွားခဲ့ပြီး တစ်စုံတစ်ယောက်ကသာ ဒီမြင်ကွင်းကိုမြင်လျှင် သူတို့တွေ ငရဲကိုရောက်လာသည်ဟု ခံစားမိကြပေလိမ့်မည်။
ကုအန်းနှင့် မင်ရဲ့က နတ်ဆိုးဝိဉာဉ်များရှာမတွေ့နိုင်မည့် နေရာတစ်ခုကို ရှာတွေ့သွားပြီး မလိုအပ်သည့် ပြဿနာများကို ရှောင်ရှားရန်အတွက် သူတို့က မြင်သာသည့်နေရာသို့ မသွားခဲ့ကြပေ။ ပြီးလျှင် မင်ရဲ့ကလည်း ဒီလိုကြမ်းတမ်းသည့်မြင်ကွင်းမျိုးကို ကုအန်းအား မမြင်စေလိုပေ။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
ဥယျာဉ်မှူးသတိမေ့အောင် လုပ်ခဲ့သည့် လင်းဝမ်မှလွဲ၍ လင်းစံအိမ်တော်တစ်ခုလုံးမှာ နတ်ဆိုးဝိဉာဉ်များလက်တွင် သတ်ဖြတ်စားသောက်ခံလိုက်ရပေသည်။
နတ်ဆိုးဝိဉာဉ်များက ဥယျာဉ်မှူးရဲ့အမိန့်များကို မှတ်မိကြသည်။
လင်းဝမ်ကို ထိခိုက်အောင်မလုပ်ရန်။
လင်းဟိုင်က သူ့မိသားစုကို ဘာတွေပဲလုပ်ခဲ့ပါစေ လင်းဝမ်ကိုတော့ ဥယျာဉ်မှူး တစ်ခါမှမမုန်းခဲ့ပေ။
ပြောရလျှင် ဒါတွေအားလုံးက လင်းဝမ်နှင့် မသက်ဆိုင်ချေ။
ကပ်ဘေးမှလွန်မြောက်ပြီးနောက် နောက်တစ်ရက်တွင် လင်းဝမ် တံခါးကိုတွန်းဖွင့်လျက် ထွက်လာခဲ့သည်။ သူမက လုံးဝတိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကိုကြည့်ပြီး အနည်းငယ် ပဟေဠိဖြစ်သွားရသည်။
သူမက သူမရဲ့အစေခံကို အော်ခေါ်လိုက်သော်လည်း ပြန်ဖြေသံမကြားရပေ။ သူမ အကြိမ်အနည်းငယ်မျှ ခေါ်ကြည့်ပြီးနောက် တစ်ယောက်မှပြန်မဖြေတာကြောင့် စိုးရိမ်ပူပန်သွားခဲ့သည်။
လင်းဝမ်ကို အပြင်သို့ ပြေးထွက်သွားလိုက်ကာ အပြင်ဖက်သို့ ခြေချလိုက်သည်နှင့် ဥယျာဉ်ထဲမှ နှင်းဆီပန်းများဘေးတွင် အဖြူရောင်အရိုးပုံကြီးကို မြင်လိုက်ရလေသည်။
သူမ အလန့်တကြားအော်ဟစ်လိုက်ကာ ပါးစပ်ကိုအုပ်လိုက်ပြီးနောက် မျက်နှာက ဖြူဖျော့နေလျက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမ ဘာလုပ်သင့်မှန်း မသိတော့ပေ။
နီးကပ်လာသည့် ခြေသံများကြောင့် သူမ ထိတ်လန့်သွားကာ အံကိုကြိတ်လျက် ပုန်းစရာနေရာရှာရန် မတ်တပ်ရပ်လိုက်၏။
............
တစ်ညကုန်သွားခဲ့သည်။
လင်းအိမ်တော်မှ အဖြစ်အပျက်များက ဟင်းသီးဟင်းရွက်စျေးသည်တစ်ယောက်မှတစ်ဆင့် ဟွေ့ယန်တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့သည်။
တချို့ကတော့ လင်းမိသားစုက မစော်ကားသင့်သည့်လူကို စော်ကားမိ၍ ဤကဲ့သို့ဖြစ်သွားသည်ဟု ပြောကြသည်။
လင်းမိသားစုသို့ လာလည်ဖူးသူတိုင်းက သူတို့ရဲ့ကံဆိုးမှုအတွက် တိတ်ဆိတ်နေကြကာ သူတို့ပါ ပါဝင်ပတ်သတ်လာမည်ကို စိုးရိမ်နေပြီး စကားတစ်လုံးမှ မပြောရဲကြပေ။
စျေးသည်က မြို့တစ်ပတ်ပတ်ပြီး၍ အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးချိန်၌ မြို့ဝင်ဝတွင် ဟင်းသီးဟင်းရွက်ရောင်းချသည့် အဖိုးအိုတောင် လင်းမိသားစုအခြေအနေကို သိသွားခဲ့ပြီဖြစ်သည်။
ထိုလူများက လင်းမိသားစုရဲ့ မိတ်ဆွေဖြစ်စေ ရန်သူဖြစ်စေ ဒါမှမဟုတ် သူစိမ်းဆိုရင်တောင် လူတိုင်းက လင်းမိသားစုထံမှ ကျောက်မျက်ရတနာများကို ခိုးယူရန်အတွက် အပြေးရောက်လာခဲ့ကြသည်။
စျေးသည်၏ပုံပြင်များက ကြောက်စရာကောင်းသော်လည်း ၎င်းက ထိုကုန်သည်များကို မဟန့်တားနိုင်ပေ။ သူတို့မျက်လုံးထဲတွင် လင်းမိသားစု၏ ကံဆိုးမှုက ရွှေငွေကျောက်မျက်များနဲ့ယှဉ်လျှင် ဘာမှမဟုတ်တော့ပါ။
သူတို့အတွက်တော့ သူတို့ရရှိနိုင်မည့် ပိုက်ဆံထက်ပို၍ ဘယ်အရာမှ အဖိုးမတန်ချေ။
ဒီသတင်းကိုကြားလျှင် ဆန်ကုန်သည်ကြီးက သူ့အစေခံများကိုခေါ်၍ လင်းအိမ်တော်သို့ အပြေးရောက်လာခဲ့သည်။ သူက ထောင်ထောင်မောင်းမောင်းနှင့် အားကောင်းမောင်းသန် ယောကျ်ားသားများကို ခေါ်လာကာ ထိုလူများက လူနှစ်ယောက်စာကို တစ်ယောက်တည်းနှင့် လုပ်နိုင်စွမ်းရှိသူများဖြစ်သည်။
မိသားစုချင်း ပတ်သတ်ဆက်နွယ်မှုအောက်တွင် ဆန်ကုန်သည်ကြီးက လင်းမိသားစု၏ပိုင်ဆိုင်မှုများကို သိမ်းယူရန်ကြံသည်။ သို့ရာတွင် တခြားကုန်သည်များက အရူးမဟုတ်ပေ။
လင်းမိသားစုရဲ့ အမွှေးနံ့သာလုပ်ငန်းကို ဆန်ကုန်သည်ကြီးက လက်ဝါးကြီးအုပ်သွားမှာ သူတို့က ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မတုန်း?
ဒါကြောင့် သူတို့တွေ အပြင်းအထန် ငြင်းခုံကြလျက် လမ်းတစ်လျှောက်တွင် အသံများပဲ့တင်ထပ်နေခဲ့သည်။
ဆန်ကုန်သည်ကြီးက သူတို့ဟာ သွေးသားတော်စပ်ကြောင်း အခိုင်အမာပြောဆိုလာချိန်တွင် မိတ်ဆွေဟောင်းများဖြစ်ခဲ့ဖူးသည့် တခြားကုန်သည်များက သူတို့ဟာ ဆက်ခံသူမရှိသည့် လင်းမိသားစု၏ အမွှေးနံ့သာလုပ်ငန်းအား မတွေ့မြင်လိုဟု ပြောကြသည်။ သို့ရာတွင် တကယ်တမ်းက သူတို့အားလုံးတွင် တစ်ကိုယ်ကောင်းဆန်သည့် အကြံအစည်များ ဖြစ်နေကြခြင်းဖြစ်သည်။
ဟွေ့ယန်မြို့တွင် လင်းဟိုင်နာမည်ရလာချိန်ကတည်းက ဒီလူများက အမွှေးနံ့သာဖော်စပ်နည်းကို ခိုးယူရန် ကြံစည်ခဲ့ကြသည်။ သို့သော် လင်းဟိုင်က ကောင်းကောင်းလျှို့ဝှက်ထားခြင်းကြောင့် ဒီနေ့အထိ သူတို့တွေ ရှာမတွေ့ခဲ့ကြပေ။
အမွှေးနံ့သာလုပ်ငန်းက အောင်မြင်မှုရလာချိန်တွင် မနာလိုသူများစွာ ရှိလာခဲ့သည်။ အထူးသဖြင့် လင်းဟိုင်နှင့် မိတ်ဆွေဖြစ်ခဲ့သည့် အနှီကုန်သည်များက သူတို့ရဲ့ 'မိတ်ဆွေ' က နေ့စဉ်နဲ့အမျှ ကံကောင်းနေချိန်တွင် သူတို့ရဲ့လုပ်ငန်းက ယိုယွင်းနေပြီး လစဉ်အငှါးငွေကြေးကိုတောင် မနည်းပေးချေနေရသည်။
တစ်ဖက်တွင် စီးပွားရေးတိုးတက်နေပြီး တခြားတစ်ဖက်က လျစ်လျူရှုခံထားရသည်။
ဒီလိုအခြေအနေမျိုးမှာ လင်းဟိုင်ရဲ့ အမွှေးနံ့သာဖော်စပ််တဲ့ လျှို့ဝှက်နည်းလမ်းတွေကို ဘယ်သူကများ မလိုချင်ပဲနေမှာလဲ?
ထိုကြောင့် သူတို့က စကားဖြင့်ပြောမပြနိုင်သည့် လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ကြသည်။