Chapter ( 18 )
ဆန်ကုန်သည်ကြီးကလည်း လင်းဟိုင်ရဲ့ အမွှေးနံ့သာလုပ်ငန်းကို မနာလိုဖြစ်နေသူဖြစ်သည်။
သူတို့မိသားစုတွေက စေ့စပ်လမ်းကြောင်းထားပြီးကာ လင်းဟိုင်ရဲ့ တရားမဝင်ကိစ္စတချို့ကို သူ နားစွန်နားဖျား ကြားဖူးလေသည်။ သူက ကြားဖူးရုံမကပဲ တချို့နေရာတွင်လည်း ဝင်ပါဖူးခဲ့၏။
သို့ရာတွင် လင်းဟိုင်က အမွှေးနံ့သာဖော်စပ်နည်းကို ရတနာတစ်ပါးလို အမြဲလျှို့ဝှက်ထားကာ အရက်မူးပြီး ရန်စခံရချိန်မှာတောင် ထုတ်ဖော်မပြောခဲ့ပေ။
ဆန်ကုန်သည်ကြီးက အရင်ဝင်သွားပြီး သစ်သားတုတ်များကိုင်ထားသည့် အစေခံတစ်ဖွဲ့က သူ့နောက်မှ လိုက်သွားခဲ့ကာ သူတို့နောက်တွင် ကုန်သည်များက လိုက်သွားကြသည်။
သူတို့က အဖွဲ့နှစ်ဖွဲ့ ကွဲသွားခဲ့၏။ ဆန်ကုန်သည်၏ အပြုအမူကြောင့် ကုန်သည်များက မကျေနပ်သော်လည်း သူ့ရဲ့အာဏာနှင့်နောက်ခံကြောင့် မကျေမနပ်ပြောရုံသာ တတ်နိုင်ကြသည်။ အကယ်၍ ခိုက်ရန်ဖြစ်ပွားကြပါက သူတို့အတွက် သေချာပေါက် အခွင့်မသာနိုင်ပေ။
လင်းအိမ်တော်ထဲတွင် ချောက်ချားဖွယ်ကောင်းအောင် တိတ်ဆိတ်နေခဲ့သည််။
သူတို့ဝင်လာချိန်တွင် အရှေ့ခြံဝင်းထဲ၌ ထူးဆန်းသည့်အရာများကို မတွေ့ရတာကြောင့် စိတ်လှုပ်ရှားနေသည့် ကုန်သည်များမှာ အနည်းငယ် စိတ်အေးသွားကြသည်။
သို့ရာတွင် သူတို့တွေ လုံးဝစိတ်မအေးနိုင်ခင်မှာပဲ အရှေ့ခြံဝင်း၏ ဂိတ်ပေါက်မှ ဖြတ်ဝင်လိုက်ချိန်တွင် ပင်မအိမ်တော်အနီးမှ အဖြူရောင်အရိုးပုံများကို မြင်လိုက်ရလေသည်။
ကြောက်တတ်သည့် ကုန်သည်တချို့က အလွန်အမင်းထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျကုန်လျက် သူတို့အောက်ရှိ မြေပြင်မှနေ ပုပ်အက်အက်အနံ့တစ်ခု ထွက်လာခဲ့သည်။
ထိုအနံ့ကို ရလိုက်သူများက ထိုလူများနှင့်ဝေးရာသို့ ဖယ်ခွာသွားကြ၏။
အရှေ့ဆုံးမှ ဆန်ကုန်သည်လည်း အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။ သို့ရာတွင် သူက တရားမဝင်လုပ်ငန်းများစွာကို လုပ်ဆောင်ဖူးတာကြောင့် သူ့ရဲ့ထိတ်လန့်မှုက ခဏမျှသာဖြစ်သည်။ သူ အမြန်သတိဝင်လာပြီး အစေခံတစ်ယောက်ကို သွားကြည့်ခိုင်းလိုက်သည်။
သတ္တိကောင်းသည့် အစေခံတစ်ယောက်က ပင်မအိမ်တော်ရှေ့သို့သွားကြည့်ရာ အဖြူရောင်အရိုးပုံများကို မြင်လိုက်ရသည်။ သူက ဆောင့်ကြောင့်ထိုင်လိုက်ကာ အသေချာစစ်ဆေးရန်အတွက် အရိုးတစ်ခုကို လှမ်းယူလိုက်၏။
သူ့လက်ချောင်းများက အရိုးနှင့်ထိသွားချိန်တွင် အမည်းရောင်နိမိတ်ဆိုးစွမ်းအင်တစ်ခုက အရိုးပုံထဲမှ စိမ့်ထွက်လာပြီး အစေခံ၏လက်ချောင်းကို ကိုက်ထားလျက် လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။
အစေခံက အော်ဟစ်လိုက်သည်။ ကိုက်ထားမှုက မြဲမြံလှပြီး အရိုးထိလုနီးပါးဖြစ်နေလေသည်။ သူက ကျန်လက်တစ်ဖက်ဖြင့် ဒီအမည်းရောင်စွမ်းအင်ကို ဆွဲဖယ်ရန် ကြိုးစားလိုက်သည်။
သို့ရာတွင် အမည်းရောင်စွမ်းအင်က လွယ်လွယ်နဲ့ လွှတ်မပေးချေ။ သူ ဆုပ်ကိုင်ထားချိန်တွင် ၎င်းက ရုတ်တရက် ကြီးမားလာပြီး ၎င်းရဲ့မူလပုံစံပေါ်လာခဲ့သည် --
လူသားတစ်ယောက်နှင့် ဆင်တူသည့် အစေခံယောကျ်ား တစ္ဆေတစ်ကောင်ဖြစ်သည်။
တစ္ဆေက သွားအချွန်အတက်များပြည့်နေသည့် ပါးစပ်အကျယ်ကြီးကိုဟလျက် အစေခံ၏ပုခုံးကို ကိုက်ချလိုက်ကာ အရိုးပါကြေမွသွားခဲ့သည်။ အစေခံ၏ ကျယ်လောင်သည့်အော်သံကြောင့် သူ့နောက်မှလူများမှာ မျက်နှာများ ဖြူစုတ်ကုန်ကြသည်။
တစ္ဆေ၏သွင်ပြင်နှင့် အစေခံ၏အော်ဟစ်သံကြောင့် ဆန်ကုန်သည်က မျက်နှာဖြူဖျော့သွားခဲ့သည်။ သူ့တွင် စကားပြောနေရန်အချိန်မရှိပဲ အမြန်ထွက်ပြေးသွားကာ သူ့နောက်မှ အစေခံများကိုလည်း ထွက်ပြေးခိုင်းရန် မမေ့ခဲ့ပေ။
ဆန်ကုန်သည်က ရှေ့ဆုံးမှထွက်ပြေးတာမြင်လျှင် တခြားကုန်သည်များလည်း အထိတ်တလန့် ထွက်ပြေးကုန်ကြသည်။
ထိုအစေခံတစ်ယောက်သာ ကျန်နေခဲ့ပြီး တစ္ဆေရဲ့အစာ ဖြစ်သွားခဲ့၏။
လူအုပ်ကြီးက ဘယ်ကိုပြေးရမှန်းမသိပဲ လမ်းပျောက်နေကာ ဆန်ကုန်သည်က ခေါင်းမပါတဲ့ ယင်ကောင်လိုမျိုး လင်းအိမ်တော်တွင် ဟိုပြေးဒီပြေးဖြစ်နေလေသည်။
ထိုသို့ဖြင့် သူတို့တွေ သတိမထားမိပဲ ဥယျာဉ်ထဲသို့ ရောက်သွားခဲ့ကြ၏။
ဥယျာဉ်ထဲသို့ ဝင်လိုက်ရာ လှပသည့်နှင်းဆီပန်းများဘေးတွင် အဖြူရောင်အရိုးတစ်ပုံကို မြင်လိုက်ရပြန်သည်။
ဘယ်သူကမှ ဟိုဟိုဒီဒီ လျှောက်မကြည့်ရဲကြပေ။ သူတို့က ခုနကအစေခံလိုမျိုး တစ္ဆေအစားခံလိုက်ရမှာကို ကြောက်ရွံ့နေကြသည်။
ဆန်ကုန်သည်ကြီးက သူ့သား၏ စေ့စပ်ပွဲကိစ္စအတွက် လင်းအိမ်တော်သို့လာဖူးရာ လမ်းကြောင်းလေးတစ်ခုကို သိထားလေသည်။ သူသာ ဥယျာဉ်၏နံရံပေါ်သို့ ချိတ်တက်လိုက်လျှင် ပင်မအိမ်တော်သို့သွားသည့် လမ်းကြောင်းလေးတစ်ခုကို မြင်ရလိမ့်မည်။
ဒီလမ်းကို လင်းဟိုင် အရက်မူးစဉ်က ထုတ်ပြောပြခဲ့ခြင်းဖြစ်သည်။ ဆန်ကုန်သည်ကြီးက တခြားသူများကို ဖယ်ထုတ်ပစ်ကာ သူတစ်ယောက်တည်း သွားချင်သော်လည်း ကုန်သည်များက သူ့ကို ကော်လိုလိုက်နေပြီး အလွတ်မပေးကြချေ။
ဆန်ကုန်သည်ကြီးက ခဏတွေးလိုက်ပြီးနောက် ယုံကြည်ရသည့် အစေခံတချို့ကို သူနှင့်အတူခေါ်သွားကာ ကျန်အစေခံများကို တခြားသူများအား တားဆီးထားရန် ချန်ထားခဲ့မည်ဟု ဆုံးဖြတ်လိုက်သည်။
အနှီကုန်သည်များက အစေခံများနှင့် မယှဉ်နိုင်ပေ။ သူတို့က ဆန်ကုန််သည်ကြီး၏ပုံရိပ် ပျောက်ကွယ်သွားပုံကိုသာ အဝေးမှ ကြည့်နေခဲ့ရသည်။ သူထွက်သွားပြီးနောက်တွင် ကျန်ရှိသည့်ကုန်သည်များက ခုနကအဖြစ်အပျက်ကို ကြောက်လန့်ပြီး စိတ်ထင်တိုင်း မလှုပ်ရှားရဲကြပေ။
အချိန်အတော်ကြာပြီးနောက် နေမင်းကြီးက တိမ်စိုင်များကြားမှ ဖောက်ထွက်လာကာ နွေးထွေးသည့်နေရောင်ခြည်က သူတို့အပေါ်သို့ ဖြာကျလာပြီး ကုန်သည်များမှာ အနည်းငယ် ခွန်အားရှိသွားသည်။
ကုန်သည်တစ်ယောက်က ပြောသည်။ " ပြန်ကြရအောင် ဒီလင်းအိမ်တော်က ချောက်ချားစရာကောင်းလွန်းတယ်။ နေထွက်လာတုန်းလေး တတ်နိုင်သမျှ စောစောပြန်ကြစို့ "
နောက်ကုန်သည်တစ်ယောက်က ပြန်ပြောသည်။
" ငါတို့တွေ ဒီအထိရောက်လာပြီးပြီ မင်းက တကယ်ပဲ လက်ဗလာနဲ့ပြန်ချင်တာလား? "
ပထမကုန်သည်က ပြန်ချေပသည်။
" ရတယ်လေ မင်းတို့မပြန်ချင်လည်း ဒီမှာကျန်နေပြီး ဖြည်းဖြည်းချင်း ရှာကြပေါ့။ ငါကတော့ အသက်ရှင်ချင်တယ်။ အဲ့တော့ မင်းတို့နဲ့အတူ လက်လျားလက်လျား လိုက်မနေတော့ဘူး! "
ဒီစကားပြောပြီးတာနဲ့ သူက လှည့်ပြေးသွားလေသည်။ သူသာ ကြန့်ကြာနေပါက တစ်ခုခုဖြစ်တော့မှာကို ကြောက်ရွံ့နေသည့်အတိုင်းပင်ဖြစ်၏။
ကျန်ကုန်သည်များက အချင်းချင်း ကြည့်လိုက်ကြသည်။ တချို့က အသက်ကို တန်ဖိုးထားသည်။ တချို့က ရတနာများကို တန်ဖိုးထားကြ၏။
ဒါကြောင့် အသက်ကိုတန်ဖိုးထားသူများက ထွက်သွားကာ ငွေကိုတန်ဖိုးထားသူများသာ ကျန်ခဲ့တော့သည်။
ကျန်နေသည့်နှစ်ယောက်က တစ်ဖွဲ့ဖွဲ့လိုက်ကြသည်။
သူတို့က အစေခံများ၏ ပိတ်ဆို့ထားမှုကို မကျော်ဖြတ်နိုင်တာကြောင့် ဥယျာဉ်ထဲမှ ထွက်သွားရုံသာ တတ်နိုင်ခဲ့သည်။
အစေခံများက သူတို့ထွက်သွားတာကိုမြင်လျှင် အချိန်ခဏကြာအောင် စောင့်နေကြပြီးနောက် ဆန်ကုန်သည်ကြီး ထွက်သွားသည့်လမ်းသို့ ပြေးလိုက်သွားကြသည်။
အစေခံများထွက်သွားသည်နှင့် ထိုနှစ်ယောက်က ပြန်လာပြီး အစေခံများနောက်မှ လိုက်သွားကြသည်။ သူတို့က ရပ်လိုက် ဆက်သွားလိုက်ဖြင့် လုံးဝသတိထားမခံခဲ့ရပေ။
သူတို့အားလုံး ထွက်သွားပြီးနောက် နောက်ဆုံးတော့ လင်းဝမ် ထွက်လာခဲ့သည်။
သူမရဲ့အမူအရာက ဗလာကျင်းနေကာ လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်လုနီးပါးအထိ လက်သီးဆုပ်ထားခဲ့သည်။
လင်းဝမ်မှာ အခုလေးတင် သူမ မြင်လိုက်ရသည်များကို မယုံကြည်နိုင်ခဲ့ပေ။
ဒီလူတွေအားလုံးဟာ လင်းမိသားစုနှင့် လုပ်ငန်းအရ ပတ်သတ်မှုရှိသည့် ဆွေမျိုးများဖြစ်ကြသည်။ ဦးဆောင်လာသူ ဆန်ကုန်သည်ကြီးက သူမ၏ ယောက္ခထီးလောင်းဖြစ်သည်။
လင်းဝမ် နှုတ်ခမ်းကိုက်ထားကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ထိုနောက် သူမ အံကြိတ်ပြီး ထွက်ပြေးသွားခဲ့၏။
အပြင်သို့ထွက်နိုင်သည့် လျှို့ဝှက်လမ်းကြောင်းတစ်ခုကို သူမလည်း သိလေသည်။
လင်းဝမ်ထွက်သွားပြီးနောက်တွင် ကုအန်းနှင့် မင်ရဲ့တို့လည်း ထွက်လာခဲ့ကြသည်။ ကုအန်းက လင်းဝမ်ထွက်သွားသည့်နေရာသို့ ငေးကြည့်ကာ မသေချာမှုဖြင့် မင်ရဲ့ကို မေးလိုက်သည်။
" ကျွန်တော်တို့တွေ သူ့နောက်ကိုလိုက်သွားကြမလား။ ဒါမှမဟုတ် ဒီမှာပဲနေမလား? "
မင်ရဲ့က ကုအန်းရဲ့လက်ကို ပေါ့ပေါ့ပါးပါးဆုပ်ကိုင်ပြီး ပြောလိုက်သည်။
" အန်းအန်းသဘော "
ကုအန်း အသာမျက်မှောင်ကြုတ်ကာ သူ့လက်ကို မင်ရဲ့လက်ထဲမှ ဆွဲထုတ်လိုက်ပြီး သူ့အသံက တစ်နည်းနည်းကြောင့် မကျေမနပ်ဖြစ်နေခဲ့သည်။
" ကျွန်တော့်စိတ်ကို မဆုံးဖြတ်နိုင်လို့ ခင်ဗျားကိုမေးတာလေ။ ခင်ဗျားရဲ့အဖြေက အပေါ်ယံဆန်လွန်းတယ် "
မင်ရဲ့က ခေါင်းငုံ့လိုက်ပြီး သူ့အသံထဲတွင် မြတ်နိုးမှုရော ချော့မြှူနေမှုပါ ပါဝင်နေခဲ့သည်။
" ကိုယ်မှားသွားတာပါ အန်းအန်း စိတ်မဆိုးနဲ့နော်။ ကိုယ်တို့ရောက်နေတာက စံအိမ်ရဲ့မှတ်ဉာဏ်ထဲမှာလေ အပြင်ကိုဘာလို့ထွက်မှာတုန်း? "
သူ ထပ်ပြောလိုက်သည်။
" လင်းဝမ်က ပြန်လာလိမ့်မယ် "
ကုအန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
" သူပြန်လာမယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သေချာနေတာလဲ? "
" သူသာ ပြန်မလာရင် တခြားသွားစရာရှိလို့လား? "
မင်ရဲ့က ပြန်ဖြေသည်။ " ဒါက သူ့အိမ်လေ "
ဒီစကားကိုကြားလျှင် ကုအန်း ထပ်မမေးတော့ပေ။
နှစ်ယောက်သား ဆန်ကုန်သည်ကြီး ထွက်သွားသည့်လမ်းသို့ လျှောက်သွားကြသည်။
အခုက နေ့အချိန်ဖြစ်တာကြောင့် တစ္ဆေများက အမှောင်ထဲတွင် ပုန်းအောင်းနေကာ ညအချိန်တွင် အမဲလိုက်ရန်အတွက် စောင့်ဆိုင်းနေခဲ့ကြသည်။
သူတို့ရောက်သွားလျှင် လူနှစ်ယောက်က ပင်မအိမ်တော်ထဲ၌ လဲကျနေကြသည်။
ထိုနှစ်ယောက်က နောက်မှလိုက်သွားခဲ့သည့် ကုန်သည်များဖြစ်သည်။ ဆန်ကုန်သည်ကြီးက သူတို့အား ရှာတွေ့သွားလျှင် အစေခံများလက်ထဲ၌ အသတ်ခံလိုက်ရလေသည်။
ဆန်ကုန်သည်ကြီးက လင်းမိသားစုမှ အဖိုးတန်ပစ္စည်းအားလုံးကို ယူထားပြီးပြီဖြစ်သည်။ သို့သော်လည်း အမွှေးနံ့သာဖော်စပ်နည်းများကို လင်းဟိုင်၏အိပ်ခန်းနှင့် စာကြည့်ခန်းထဲတွင် ရှာပြီးတာတောင် ဘယ်မှာမှ ရှာမတွေ့သေးပေ။
သို့သော်လည်း သူက လက်ဗလာဖြင့် ပြန်ထွက်မလာခဲ့ပေ။ သူက လင်းဟိုင်အိပ်ခန်းထဲမှ အမွှေးနံ့သာပစ္စည်းလက်ကျန်များကို ရှာတွေ့ခဲ့သည်။ ဆန်ကုန်သည်ကြီးက ၎င်းတို့ကို အနံ့ခံကြည့်လိုက်ရာ ရနံ့များက ရင်းနှီးနေတာကြောင့် သူ့ရဲ့အစေခံများကို ထိုပစ္စည်းများအားလုံးယူလာရန် အမိန့်ပေးလိုက်သည်။
လင်းဟိုင်နှင့် မိတ်ဆွေဖြစ်ကြသည့် အထက်တန်းလွှာအရာရှိများက ရှားပါးရတနာများကို မကြာခဏ လက်ဆောင်ပေးကြကာ ထိုပစ္စည်းများအားလုံးက လင်းဟိုင်ရဲ့အိပ်ခန်းထဲမှ ဗီဒိုထဲတွင်ရှိနေခဲ့သည်။
အနှီဆန်းကြယ်သည့် ရတနာများကိုကြည့်ပြီး ဆန်ကုန်သည်ကြီး၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူက ထိုရတနာများကို သူ့ကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်ကာ သူ မဝတ်နိုင်သည့် ရတနာများကိုတော့ အကုန်စုပြီး သိမ်းယူလိုက်သည်။
အချိန်တိုအတွင်းမှာပဲ ဆန်ကုန်သည်ကြီးက လင်းဟိုင်၏ အဖိုးတန်ရတနာများကို အကုန်ယူသွားခဲ့ကာ အိပ်ရာခန်းဆီးတွင် တွဲလောင်းချည်ထားသည့် ရွှေပိုးအိတ်လေးများကိုတောင် မချန်ခဲ့ပေ။
သို့ရာတွင် ဒါတွေတစ်ခုကမှ ဆန်ကုန်သည်ကြီး အမှန်တကယ်လိုချင်သည့်အရာ မဟုတ်ချေ။
သူအလိုချင်ဆုံးက မြေစာချုပ်၊ အိမ်စာချုပ်နှင့် အမွှေးနံ့သာဖော်စပ်နည်းများကို ဖြစ်သည်။ သို့သော်လည်း အချိန်အတော်ကြာအောင် ရှာဖွေပြီးတာတောင် လျှို့ဝှက်နည်းလမ်းများကို ရှာမတွေ့ခဲ့ပေ။ အိမ်ပိုင်ဆိုင်မှုနှင့် မြေပိုင်ဆိုင်မှုစာချုပ်များကိုတော့ လင်းဟိုင်၏ ခေါင်းအုံးအောက်တွင် အလွယ်တကူ ရှာတွေ့ခဲ့သည်။
စိတ်လှုပ်ရှားနေသည့် ဆန်ကုန်သည်ကြီးက မြေပိုင်ဆိုင်မှုစာချုပ်မှ ခပ်ဖျော့ဖျော့ အမည်းရောင်စွမ်းအင်များ ထုတ်လွှတ်နေခြင်းကို သတိမထားမိခဲ့ပေ။ သူက စာချုပ်ကိုလိပ်ပြီး အင်္ကျီထဲသို့ ထိုးထည့်လိုက်ချိန်တွင် အနှီအမည်းရောင်စွမ်းအင်က သူ့လှုပ်ရှားမှုအတိုင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့သည်။
ရှားပါးရတနာများကို ရရှိလိုက်ခြင်းကြောင့် အပျော်လွန်နေသည့် ဆန်ကုန်သည်ကြီးမှာ ဒါတွေအားလုံးကို သတိမထားမိလိုက်ပဲ အူလှိုက်သည်းလှိုက် ရယ်မောနေခဲ့သည်။