အပိုင်း ၁၃၅
Viewers 38k

Chapter 135



ကျွတ် ကျွတ် ကျွတ်...
ဘော့စ်က ဒီလိုလူဆိုတာ ထင်တောင်မထင်ထားဘူး... ငါ စေ့စေ့တောင် မကြည့်နိုင်တော့ဘူး...


" ချူးယွီက ဘာလို့အဲ့နားမှာ ပုန်းနေတာလဲ..."

ဖူလီက သစ်ပင်ကြီးတစ်ပင်နောက်တွင် ပုန်းနေသည့် ချူးယွီကိုကြည့်လိုက်သည်။

သူ့ပုံစံက ဒီလောက်တောင် ကိုးရို့ကားယားဖြစ်နေတာကို အပင်နောက်မှာ ပုန်းနေရုံနဲ့ မမြင်ဘူး ထင်နေတာလားမသိ... ဒီငါးက ရုပ်သံဇာတ်လမ်းတွဲတွေ အကြည့်လွန်နေတာထင်တယ်...

" သူ့အကြောင်းကတော့‌ ပြောမနေနဲ့ သူက ငါးတစ်ကောင်ရဲ့ ဦးနှောက်ပဲရှိတာလေ..."

ကျွမ်းချင်က ချူးယွီပြုံးနေသောနေရာကို အေးစက်စက်ကြည့်လိုက်သည်။
" မင်းလည်း သတိထားမိမှာပါ..."

" ဒါပေါ့..."
ဖူလီက စာနာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ငါးတစ်ကောင်ရဲ့ ဦးနှောက်က အရမ်းကောင်းတယ်လို့တော့ ဘယ်သတ်မှတ်လို့ ရမလဲလေ...

.....

ကျွမ်းချင်က ဖေးယီကို ထိုက်ဟွားတောင်သို့ ပို့ထားပြီးနောက်တွင် စီမံခန့်ခွဲရေးဗျူရိုက တစ်ဖန် ပြန်လည်အေးချမ်းသွားသည်။ မဟာမိစ္ဆာတစ်ကောင်မှ မပေါ်ထွက်လာတော့သကဲ့သို့ ပြဿနာရှာသည့် မိစ္ဆာလေးများလည်း မရှိတော့ပေ။ သရဲနှင်ခြင်းနှင့် မိုးခေါ်ရခြင်းများမှလွဲ၍ အခြားအချိန်များတွင် တီ‌ဗီကြည့်ခြင်း ဂိမ်းဆော့ခြင်းများဖြင့်သာ အချိန်ကုန်ဆုံးနေကြသည်။

မြို့တော်ရှိ အပူချိန်က တဖြည်းဖြည်းကျဆင်းလာပြီဖြစ်သည်။ စီမံခန့်ခွဲရေးဗျူရိုမှ လူအားလုံးက ကျင့်ကြံသူများဖြစ်ကြ၍ အပူပေးစက် မလိုအပ်ပေ။ အားလုံးက သူတို့၏အလုပ်စားပွဲများတွင်သာ ပျင်းရိပျင်းတွဲထိုင်ပြီး အလုပ်ဆင်းချိန်ကို စောင့်ဆိုင်းနေကြသည်။

ကျန်းခယ့်က ပျင်းပျင်းနှင့် ( အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တို့၏ စံပြ ၂၄ခု ) ဟူသည့်ခေါင်းစဉ်နှင့် ဗီဒီယိုကို နှိပ်လိုက်သည်။ ကင်မရာမှန်ဘီလူးက အနည်းငယ်လှုပ်ခါနေပြီး ‌မော်တော်ဆိုင်ကယ်သံက ဆူညံနေသည်ကို ကြားနေရသည်။ ဝတ်စုံပြည့်ဝတ်ထားသည့် လူတစ်ယောက်က ခွေးတစ်ကောင်ကို ပွေ့ချီပြီး လမ်းဘေးတွင် မနှေးမမြန်လျှောက်ကာ ထိုခွေးကို အဖိုးတန်ဆုံး ရတနာသဖွယ် ဆက်ဆံနေသည်။ 

ကင်မရာမှန်ဘီလူးကို အနီးကပ်ဆွဲကြည့်လိုက်သည့်အခါ ကျန်းခယ့် အနည်းငယ်ရှက်ရွံ့သွားရသည်။ သူ ဖူလီ့ကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။ 

ဒီဗီဒီယိုကို ဘယ်အချိန်တုန်းက ရိုက်ထားတာပါလိမ့်... ဘော့စ်က ဖူကောမူရင်းပုံစံပြောင်းထားတဲ့အချိန် ချီထားတာမလား...

" ဘာတွေကြည့်နေတာလဲ..."
ရှုယွမ်က လှမ်းကြည့်လိုက်ပြီးနောက်တွင် မနည်းအသက်အောင့်ထားလိုက်ရသည်။ 

" ဟင်..."
ရှုယွမ်၏လှုပ်ရှားမှုက ဖူလီ့အာရုံစိုက်မှုကို ရသွားမည်စိုး၍ ကျန်းခယ့်က ထိုဗီဒီယိုကို forwardပေးလိုက်သည်။

ရှုယွမ်က နားကြပ်တပ်ပြီး ဗီဒီယိုကိုဖွင့်ကာ စကြည့်နေသည်။ ' ငါက သူ့ကိုတန်ဖိုးထားတော့ သူဒုက္ခရောက်နေမှာ မကြည့်ရက်ဘူး ' ဟူသည့်စကားကို ကြားလိုက်ရချိန်တွင် ရှုယွမ်က ပါးစပ်ပိတ်ထားလိုက်သည်။ ပုံမှန်အချိန်တွင် ကပ်စေးနည်းပြီး အေးစက်စက်နေတတ်သည့်ဘော့စ်ထံတွင် ထိုသို့သောဘက်ခြမ်းမျိုးရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။ 

ဒါက သံမဏိလိုစိတ်ဓာတ်ရှိတဲ့သူရဲ့ ဒဏ္ဍာရီလာ နူးညံ့သိမ်မွေ့မှုများလား...

" တိုးတက်မှုအသစ်တစ်ခုရှိတယ်..."
ဟွမ်စန်းက အခန်းထဲ ခပ်သုတ်သုတ်ဝင်လာပြီး သူ့လက်ထဲမှ ဓာတ်ပုံများကို ဘုတ်ပေါ်တင်လိုက်သည်။

" ဒါတွေကို မြန်မြန်လာကြည့်ကြပါဦး..."

အားလုံး၏အကြည့်များက ဘုတ်ပေါ်သို့ရောက်သွားပြီးသည့်နောက်တွင် ရွှေရောင်ဝင်းလက်တောက်ပနေသည့် စပါးပင်ကြီးများကြောင့် တအံ့တဩဖြစ်သွားရသည်။

" လှလိုက်တဲ့ဓာတ်ပုံတွေပါလား အသီးအနှံတွေကလည်း ဖြစ်ထွန်းနေလိုက်တာ... ဒါနဲ့ အဲပုံတွေက ဘာဖြစ်လို့လဲ..."
ကျန်းခယ့်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ 

" ဒီဓာတ်ပုံတွေကို ဘယ်မှာရိုက်ထားတာလဲသိလား..."
ဟွမ်စန်း၏ အမူအရာက တည်ကြည်လေးနက်နေသည်။

" မြို့တော်ဆင်ခြေဖုံးမှာရှိတဲ့ ရွာလေးတစ်ရွာကနေ ရိုက်လာတာ... မနေ့ည ညတွင်းချင်းမှာပဲ အဲဒီစပါးပင်တွေက ဒီလောက်အထိကြီးလာတာ... အခု အဲ့ရွာလေးမှာ ထူးခြားဆန်းကြယ်တဲ့မြင်ကွင်းကို လာကြည့်တဲ့ ခရီးသည်တွေအများကြီးရောက်နေပြီ..."

" မနေ့ညက နှင်းကျတယ် မဟုတ်ဘူးလား..."

ကျန်းခယ့်က ဓာတ်ပုံများကို အနီးကပ်ကြည့်လိုက်သည်။ သူ ဤကိစ္စကို ယုံကြည်ရန် အလွန်ခက်ခဲနေသည်။ ထိုစပါးပင်များက အလွန်ဖြစ်ထွန်းနေလွန်း၍ ရွှေရောင်ဖဲမွေ့ရာကြီးတစ်ခု ဖြန့်ကျက်ထားသည်နှင့် တူနေသည်။ မည်သည့်ရှု့ထောင့်မှ ကြည့်သည်ဖြစ်စေ ယောင်ကျင့်ကြံသူတစ်ယောက် ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုနှင့် တူမနေပေ။ 

ဒါပေမဲ့ ဒါက ပုံရိပ်ယောင်မဟုတ်ဘူးဆိုရင် ဘယ်သူတွေက အဲ့လောက်ထိပျင်းနေလို့ စီမံခန့်ခွဲရေးဗျူရိုရဲ့ အဖမ်းခံရအောင် ဒီကိစ္စကို ဖန်တီးလိုက်တာလဲ...

" ဒါလုံးဝ အဓိပ္ပါယ်မရှိဘူး..."

ရွှယွမ်က မှတ်ချက်မပြုဘဲ မနေနိုင်တော့ပေ။
" ဒါပေမဲ့ ဒီစွမ်းရည်က တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်... တစ်နှစ်လုံး ဒီလိုမျိုးပဲ သီးနှံတွေဖြစ်ထွန်းနေရင်တော့ တကယ့်ကို ဆန်းကြယ်နေမှာပဲ..."

" ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို အရင်ဆုံးဖြေရှင်းပစ်ရမယ်..."
လင်းကွေက အနည်းငယ်ပျင်းရိနေသော်လည်း ထိုကိစ္စများကို သေသေချာ‌ချာ စဉ်းစားဆုံဖြတ်လိုက်သည်။

" အုတ်အော်သောင်းနင်းဖြစ်တာတွေ ပိုများလာရင် ကောလဟာလတွေကလည်း ပိုတိုးလာလိမ့်မယ်... ငါတို့ဘက်က ဒီကိစ္စ ဘယ်လိုဖြစ်လာရတယ်ဆိုတာကို စုံစမ်းလိုက်မယ်...အင်တာနက်ပေါ်က ရုပ်ဝတ္ထုကိုပဲ ယုံတဲ့သူတွေက ပြီးပြည့်စုံတဲ့ အကြောင်းပြချက်တွေနဲ့  ငါတို့ကို လက်ဦးမှုယူပြီး ကူညီပေးထားလိမ့်မယ်..."

" ဒါဆိုရင် တစ်ယောက်ယောက်က စိုက်ပျိုးရေးသုတေသနစင်တာက  စပါးနှံတွေကိုခိုးပြီး အားလုံးရဲ့ အာရုံစိုက်မှုရအောင် နှင်းထဲမှာ စိုက်ထားလိုက်တာလို့ ပြောရင်ရော..."

ရှုယွမ်က ခဏတာတွေးတောနေလိုက်သည်။
" ပြီးတော့မှ ဒီစမ်းသပ်ထားတဲ့ စပါးနှံပင်တွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြပြီး ဒီလိုလုပ်ရပ်မျိုး လုပ်လိုက်တာက သိပ္ပံပညာ၊ နည်းပညာတဲ့ စီးပွားရေးတွေဘက်မှာ ဆုံးရှုံးမှု ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြလိုက်မယ်..."

" ဒါလည်း အလုပ်ဖြစ်လောက်တယ် အင်တာနက်သုံးတဲ့သူတွေက စိတ်ကူးယဉ်တဲ့နေရာမှာ အတော်ဆုံးပဲလေ... သူတို့က မရေမတွက်နိုင်တဲ့ဇာတ်လမ်းတွေ ထပ်ဖန်တီးကြလိမ့်မယ်..."

လင်းကွေက ရှုယွမ်၏နည်းလမ်းကို သဘောတူလိုက်သည်။ 
" ငါတို့ အဲ့လိုပဲလုပ်လိုက်မယ်... ပြည်သူ့သတင်းအချက်အလက်ဌာနကိုပြောပြီး ဒီမက်ဆေ့ကို ဖြန့်ခိုင်းလိုက်မယ်..."

" နောက်ဆုံးတစ်ခု..."
လင်းကွေက သမ်းဝေလိုက်သည်။
" ငါက လိပ်ဆိုတော့  ဆောင်းရာသီကြီးမှာ အဲ့နေရာကိုသွားဖို့ အဆင်မပြေဘူး အဲ့နေရာကို ဘယ်သူသွားစစ်ဆေးမလဲ..."

" ငါ ဖူလီနဲ့အတူသွားလိုက်မယ်..."

ကျွမ်းချင်၏ပခုံးထက်တွင် အရည်မပျော်ကျသေးသည့် နှင်းအချို့ရှိနေဆဲဖြစ်ကာ တဖြည်းဖြည်းချင်း လျှောက်လာနေသည်။ ဘုတ်ပေါ်မှ ဓာတ်ပုံတစ်ပုံကိုယူပြီး ဖူလီ့ကိုပေးကာ အနည်းငယ် ထပ်ကြည့်လိုက်သည်။

" ငါနဲ့လိုက်ခဲ့..."

" ကောင်းပြီလေ..."
ဖူလီက အံဆွဲထဲမှ မာဖလာနှစ်ထည်ယူပြီး ကျွမ်းချင်နောက်ကို လိုက်သွားသည်။ 

သူတို့ထွက်သွားပြီးသောအခါ အခြားလုပ်ဖော်ကိုင်ဖက်များက လင်းကွေကို လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
သူကတော့ တိကျတဲ့ အစ်ကိုလိပ်ကြီးလို့ ခေါ်ထိုက်ပါပေတယ်... ဘော့စ် ရောက်လာမယ်ဆိုတာတောင် ကြိုတွက်ထားတာပဲ...

လိပ်တွေက ဆောင်းရာသီမှာ အပြင်မထွက်နိုင်ဘူးဆိုတာဘာလဲ... နှစ်ပေါင်းများစွာကျင့်ကြံထားပြီးတော့ သူက ဒီဆောင်းရာသီရဲ့ နှင်းလေးတွေကို ကြောက်ပြနေတယ်ပေါ့လေ...

ဖူလီက ကျွမ်းချင်ကို မာဖလာပေးလိုက်ပြီးနောက် စီမံခန့်ခွဲရေးဗျူရိုထဲမှ အတူထွက်လာလိုက်သည်။ 
" မင်းဖို့..."

" ငါ မလိုပါဘူး..." 
ကျွမ်းချင်က ငြင်းဆိုလိုက်သည်။

" အပြင်ကလူတွေအကုန် မာဖလာတွေနဲ့ ငါတို့လည်း လူတွေအတိုင်း နေရမှာပေါ့..."

ဖူလီက မာဖလာကို ကျွမ်းချင်၏လည်ပင်းတစ်ဝိုက်တွင်ပတ်ပေးလိုက်သည်။
" ဘူတာရုံကိုသွားကြမယ်လေ..."

ရထားပေါ်တွင် လူများစွာရှိနေသည်။ ဖူလီနှင့် ကျွမ်းချင်တို့က မျက်မှာတစ်ဝက်ကို မာဖလာများဖြင့် အုပ်ထားသောကြောင့် မည်သူကမှ သူတို့ကို အင်တာနက်ပေါ်တွင် ယခုနောက်ပိုင်းနာမည်ကြီးနေသည့် 'ဥက္ကဌကျွမ်းနှင့် လက်ထောက်လေး' ဖြစ်ကြောင်း မသိကြပေ။ 

ဘူတာရုံမှထွက်လာပြီးသည့်အခါ သူတို့နှစ်ယောက်လုံး ဘတ်စ်ကားခဏစီးပြီးသည့်နောက် ရွာငယ်လေးရှိရာသို့ ရောက်လာသည်။ ဖူလီက နှင်းများပေါ် ခက်ခက်ခဲခဲလျှောက်နေလျက် လူအုပ်ကြီးကိုလှမ်းကြည့်ကာ ကျွမ်းချင်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

" လူသားတွေကတော့ ပွဲကြည့်ဖို့ဆိုရင် အတက်ကြွဆုံးသတ္တဝါတွေ ဖြစ်နေကြတုန်းပဲ..."

သူတို့နှစ်ယောက်လုံး ရှေ့ဆက်မတိုးကြပေ။ ရဲများရောက်လာသည့်အခါ သူတို့က သုတေသနပြုလုပ်သည့်စပါးနှံများ အခိုးခံရသည့်အကြောင်းပြချက်ဖြင့် လူအုပ်ကြီးကို တဖြည်းဖြည်းလျော့ပါးသွားအောင် လုပ်လိုက်သည်။ လူအများစုက မထွက်သွားလိုကြ၍ ထိုလူအုပ်ကြီး လုံးဝရှင်းထွက်သွားအောင် နှစ်နာရီ သုံးနာရီခန့် နေရာယူလိုက်ရသည်။

ဖူလီနှင့် ကျွမ်းချင်က ရွာငယ်လေးထဲ လမ်းလျှောက်လာသည့်အခါ တာဝန်ကျ ရဲဝန်ထမ်းများက မတ်တပ်ရပ်၍ဖြစ်စေ ထိုင်ပြီးဖြစ်စေ နေ့လယ်စာထမင်းဘူးများကို စားနေသည်အား မြင်လိုက်ရသည်။ ဤကဲ့သို့အေးစက်လှသည့်နေ့မျိုးတွင် နေ့လယ်စာထမင်းဘူးများက အဖုံးဖွင့်လိုက်သည်နှင့် အေးစက်သွားပေသည်။ သို့သော် ထိုလူများက မပျော်မရွှင်ဖြစ်ကြပဲ ဝမ်းသာအားရစားသောက်နေကြသည်။ 

" ခေါင်းဆောင်တို့ ဘေးပတ်ဝန်းကျင်နေရာတွေကို ပိတ်လိုက်ပါပြီ..."

ဤကိစ္စကိုဖြေရှင်းရန် အထက်လူကြီးများက အထူးပညာရှင်များကို စေလွှတ်လိုက်မည်ဖြစ်ကြောင်း ရဲဝန်ထမ်းများထဲမှ တာဝန်ခံဖြစ်သူက သတင်းရရှိထား၍ ကျွမ်းချင်တို့နှစ်ယောက်ကိုမြင်သည်နှင့် သူတို့၏ ကိုယ်ရေးအထောက်အထားကို မှန်းဆမိသွားသည်။

သူ ဓာတ်ပုံပေါင်းများစွာကို ထုတ်လာပြီး ဖူလီနှင့်ကျွမ်းချင်ကို ကမ်းပေးလိုက်သည်။ 
" ဒါတွေကို ဒရုန်းနဲ့ ရိုက်ထားတာပါ... ဒီစပါးခင်းတွေက လယ်‌နှစ်နေရာလောက်ကို နေရာယူထားတာ..."

ကျွမ်းချင်က ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှင်းတောထဲမှ ရွှေရောင်စပါးခင်းများကို တစ်ချက်ကြည့်လိုက်သည်။ သူက တာဝန်ကျရဲအရာရှိကို ပြောလိုက်သည်။
" ရဲသားကြီးတို့လည်း တော်တော်ပင်ပန်းသွားပါပြီ..."

" ရပါတယ်..."
တာဝန်ကျရဲအရာရှိက ပြုံးလိုက်သည်။ ဖူလီနှင့်ကျွမ်းချင်တို့ စပါးခင်းရှိရာသို့ လျှောက်သွားနေသည်ကို ကြည့်နေပြီး နောက်မှလိုက်သွားရန်လည်း မကြိုးပမ်းပေ။ သူ့အလုပ်က ဤနေရာကို အပြင်လူများမဝင်အောင် တားဆီးထားရန်ဖြစ်၍ အခြားကိစ္စများကို သိချင်နေစရာ မလိုအပ်ပေ။ 

ထိုစပါးနှံပင်များကို သုတေသနဌာနမှ ခိုးယူလာခဲ့ခြင်းဟုပြောခဲ့၍ စမ်းသပ်ချက်များကို ထိခိုက်နိုင်မည်ဟုတ်မဟုတ်ကို မသိနိုင်သောကြောင့်ဖြစ်သည်။

" ဒီစပါးပင်တွေပေါ်မှာ ဝိညာဉ်ချီဓာတ်အလွှာပါးလေး ရှိနေတယ်... ဒါပေမဲ့ သူတို့ကို လွင်ပြင်ဂိုဏ်းကစိုက်ထားတဲ့ စပါးတွေနဲ့တော့ ယှဉ်လို့မရဘူး..."
ဖူလီက စပါးနှံများစွာကိုကိုင်၍ စစ်ဆေးလိုက်ပြီးနောက် အနံ့ခံလိုက်သည်။ ဤကိစ္စက အလွန်အမင်းထူးဆန်းနေကြောင်း သူသိသွားသည်။

" ဒီစပါးပင်တွေကို နေရာကူးပြောင်းစွမ်းရည်သုံးပြီးတော့ ပြောင်းလာခဲ့တာနဲ့ မတူဘူး..."

ကျွမ်းချင်က စပါးပင်၏အမြစ်ကိုကြည့်လိုက်သည့်အခါ အမြစ်က အလွန်ရက်ရှိုင်းသည့်နေရာထဲ တွယ်ဝင်နေပြီး ခိုင်ခံ့လွန်းကြောင်း တွေ့လိုက်သည်။

" ငါ ရဲသားတွေဆီက ကြားခဲ့တာတော့ ဒီစပါးပင်တွေကို အတိတ်တုန်းကတော့ ဒီနေရာမှာ စိုက်ခဲ့ဖူးတယ်တဲ့... ရိတ်သိမ်းပြီးတဲ့အချိန် လယ်ကွင်းပိုင်ရှင်က ဒေဝါလီခံလိုက်ရလို့ ဘယ်သူမှ ဒီကွင်းထဲက စပါးပင်ပေါက်တွေကို လာမကြည့်တော့ဘူးပြောတယ်... အဲ့အချိန်တည်းက စပါးခင်းတစ်ခုလုံး ခြောက်သွားခဲ့တာ..."

လူနှစ်ယောက်က စိုစွတ်ချောမွတ်သည့် လယ်ကွင်းပြင်ထဲ ဝင်သွားကြသည်။ ဖူလီက သူတို့၏ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ 
" ငါတို့ အလယ်နားနဲ့နီးလာလေ ဝိညာဉ်ချီဓာတ်က ပိုသိပ်စည်းလာလေပဲ... အလယ်မှာ တစ်ခုခုတော့ ရှိမယ်ထင်တယ်..."

သူတို့‌နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ပြီး လယ်ကွင်း၏အလယ်ကို ခပ်သုတ်သုတ်သွားလိုက်သည်။ သို့ရာတွင် စပါးပင်များ၏ ရိုးတံက လေးလံလွန်း၍ ကိုင်းညွတ်ကျနေသည်မှလွဲ၍ မည်သည့်မိစ္ဆာကိုမှ ရှာမတွေ့ပေ။ 

" ဒီမှာ တစ်ခုခုရှိနေတယ်..."
ကျွမ်းချင်က စပါးပင်များကို ဖယ်ကြည့်လိုက်ပြီးနောက် မြေပြင်ကို ခဏစမ်းကြည့်လိုက်ပြီး အစိမ်းရောင်ဆံပင်မွေးအချို့ကို ကောက်ယူလိုက်သည်။ကျွမ်းချင်၏လက်ထဲမှ အစိမ်းရောင်ဆံပင်မွေးများက ရွှေရောင်ဖျော့ဖျော့ လင်းလက်နေသည်။ 

ကျွမ်းချင် လက်သီးတင်းတင်းဆုပ်ထားပြီး ဆံပင်အစိမ်းပေါ်မှ ဝိညာဉ်ချီဓာတ်ကို ချိတ်ပိတ်လိုက်သည်။ လေထဲတွင် စပါးနံသင်းသင်းလေး ပျံ့လွင့်နေသည်။ လေထုအလယ်တွင် ရွှေရောင်စပါးစေ့များက စပါးပင်ပေါ်မှ ပြုတ်ကျလာသည်။ 

ကျွမ်းချင် မျက်ခုံးများတွန့်ချိုးလိုက်သည်။ 
ဆံပင်မွေးလေးနည်းနည်းလောက်နဲ့ စပါးပင်တွေအများကြီး ထွက်လာအောင်လုပ်လို့ရတယ်ပေါ့လေ ဒီမိစ္ဆာက ဘယ်လောက်တောင် ထူးဆန်းတာလဲ...

သူ စိတ်ပျံ့လွင့်နေစဉ်တွင် နွေးထွေးသောလက်တစ်ဖက်က သူ့လက်ကိုအုပ်ကိုင်လိုက်သည်။ ထိုအခါမှ သူ အသိစိတ်ပြန်ဝင်လာခဲ့သည်။ ဖူလီ့လက်ကိုမြင်သည့်အခါ သူ့လက်ဖဝါးကို ဖြန့်လိုက်မိသည်။

ဖူလီက ဆံပင်မွေးသုံးချောင်းကို ကိုင်ထားလိုက်သည်။ သူ အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ 
" ငါ ဒီဆံပင်သုံးမွေးရဲ့အနံ့ကို တစ်နေရာရာမှာ ရဖူးတယ်..."

သူက တောင်ပေါ်ကဆင်းတာ ‌တော်တော်ရှားပါတယ် အဲ့အနံ့ကို ဘယ်က ရဖူးတာပါလိမ့်... တောင်ပေါ်က အကြီးအကဲတွေကလည်း ဒီလိုအနံ့မျိုးမဟုတ်ဘူး... တောင်ပေါ်ကို ဧည့်သည်အဖြစ်လာဖူးတဲ့ ယောင်ကျင့်ကြံသူများလား...
သူ့မှတ်ဉာဏ်ထဲတွင်မူ ရောင်ပြန်မြူတောင်က အပြင်‌ဧည့်သည်များ လက်ခံခဲလှသည်။ တောင်ကိုရောက်လာကြသည့် မိစ္ဆာများမှာလည်း များသောအားဖြင့် သန့်စင်ရိုးစင်းသည့် သဘာဝမျိုး ရှိကြသည်။ ကံဆိုးသည်မှာ သူ ထိုအချိန်က ဆော့ကစားချင်စိတ်သာ ရှိခဲ့၍ အကြီးအကဲများနှင့်အတူ ဧည့်သည်များကြိုဆိုရခြင်းကို မနှစ်သက်ခဲ့ပေ။ 

" ဒါပေမဲ့ ငါ မမှတ်မိတော့ဘူး..."
ဖူလီ ခေါင်းငိုက်စိုက်ကျသွားသည်။ 

သူဘာလို့ ငယ်ငယ်တုန်းက အရမ်းအဆော့မက်ခဲ့ပါလိမ့်... သူ နည်းနည်းလေး ပိုအလိုက်သိပြီး ပိုနာခံခဲ့ရမှာ...

" ရပါတယ်..."
ကျွမ်းချင်က ဆံပင်မွေးသုံးချောင်းက်ို ကျောက်စိမ်းဘူးထဲ ထည့်ထားလိုက်သည်။ 

" မင်း အပြစ်မှမဟုတ်တာ ငါလည်း ဒါ ဘယ်သူ့ဆံပင်လဲဆိုတာ မသိဘးလေ... ဒါပေမဲ့ ငါတို့တွေ မိစ္ဆာနှစ်ကောင်ကို မေးလို့ရတယ်..."

" ဘယ်သူလဲ..."

" ခွန်းဖမ်နဲ့ ကုန်းဖုလေ..."

.....

ခွန်းဖမ်နှင့် ကုန်းဖုက နူးညံ့သည့် ကော်ဇောပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြသည်။ ဂျူနီယာနှစ်ယောက်၏ မီးထတောက်မတတ်အကြည့်နှင့် ရင်ဆိုင်ရသည့်အခါ မဟာမိစ္ဆာနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်သည်။ သို့သော် စကားစပြောလာသူက ကုန်းဖုဖြစ်သည်။ 

" ဘာကိစ္စလဲ ပြောကြလေ..."

" ဒီဂျူနီယာက လူကြီးမင်းတို့နဲ့ ဆွေးနွေးချင်တဲ့ကိစ္စတစ်ခုရှိပါတယ်..."
ကျွမ်းချင်က ကျောက်စိမ်းဘူးကိုထုတ်ပြီး သူတို့ရှေ့၌ ချပေးလိုက်သည်။

" ဒါ ဘယ်မိစ္ဆာသားရဲရဲ့ အမွေးလဲဆိုတာ လူကြီးမင်းတို့ သိများသိကြလား..."

ကုန်းဖုက ကျောက်စိမ်းဘူးကိုဖွင့်ကာ အချိန်အတန်ကြာအောင် ကြည့်နေပြီးသည့်နောက် အမူအရာပြောင်းလဲခြင်းမရှိပဲ ခွန်းဖမ်ဘက်ကို ပြလိုက်သည်။ ခွန်းဖမ်၏ အမူအရာက ကုန်းဖုထက် ပိုသိသာသည်။ သူ အံကြိတ်ထားပြီး ထိုဆံပင်မွေးကိုကြည့်ကာ အေးစက်စက်ပြုံးလိုက်သည်။

" သေချာပေါက် သိတာပေါ့..."

" ဒါဆို ဘယ်မိစ္ဆာရဲ့ အမွေးလဲဟင်..."
ဖူလီက ခွန်းဖမ်၏ ကြည့်ရဆိုးသော အမူအရာကို သည်းခံထားပြီး ရဲဆေးတင်ကာ ‌ထိုမေးခွန်းမေးလိုက်သည်။

ခွန်းဖန်က ကျောက်စိမ်းဘူးကို ကော်ဇောပေါ် ပစ်ချလိုက်ပြီး မဖြေချင်သည့်ပုံဖြစ်နေသည်။ ကုန်းဖုက ရယ်မောလိုက်ပြီး ကျောက်စိမ်းဘူးကို ပြန်ဖုံးလိုက်သည်။

" ငါမှန်းတာ မမှားဘူးဆိုရင်‌တော့ ဒါက တန့်ကန်းရဲ့အမွေးပဲ..."

" တန့်ကန်းက ကောက်ရိတ်သိမ်းခြင်းကို ကိုယ်စားပြုတဲ့ မင်္ဂလာသားရဲပဲ... သူသာရှိနေတယ်ဆိုရင် စိုက်ခင်းတွေ ပျက်စီးမှာ မပူရဘူး... လူသားတွေတင်မဟုတ်ဘူး ယောင်ကျင့်ကြံသူတွေကပါ သူ့ကို ပူဇော်ပသကြတယ်... ဒါပေမဲ့ တန့်ကန်းပျောက်နေခဲ့တာ နှစ်ပေါင်း ၄၀၀၀လောက်ရှိပြီ... လူသားလောကမှာတော့ သူ့အကြောင်း ဒဏ္ဍာရီတွေက ပျောက်ကွယ်ခါနီးဖြစ်နေပြီ... ပြီးတော့ သူ့ကို ပူဇော်ပသတဲ့လူတွေလည်း သိပ်မရှိကြတော့ဘူး..."

ကုန်းဖုက ကျောက်စိမ်းဘူးကို ကျွမ်းချင်၏လက်ထဲ ပြန်ထည့်ပေးလိုက်သည်။

" တန့်ကန်းက ပြန်ပေါ်လာတာလည်း ဖြစ်နိုင်တယ်..."

" တန့်ကန်းက ပြန်ပေါ်လာတယ်တဲ့လား..."

ဖူလီ ကြောင်အစွာ စိုက်ကြည့်နေမိသည်။ သူ မယုံကြည်နိုင်စွာဖြင့် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ 
" တန့်ကန်းက တကယ်ကြီး ပြန်ပေါ်လာတာလား..."

ကုန်းဖုက ဖူလီ၏ အလွန်အမင်းစိတ်လှုပ်ရှားနေသည့် အပြုအမူကြောင့် အနည်းငယ် အံအားသင့်သွားသော်လည်း မည်သည့်မေးခွန်းမှ မမေးမိအောင် ထိန်းချုပ်ထားကာ ခေါင်းညိတ်ပြလိုက်သည်။ 

" အဲ့လိုပဲဖြစ်နိုင်တယ် ဒါမှမဟုတ်ရင် ယောင်ကျင့်ကြံသူတစ်ယောက်က တန့်ကန်းရဲ့အမွေးကို ရလာပြီး မတော်တဆပျောက်သွားတာမျိုးဖြစ်မယ်..."

ဒုတိယမြောက်ဖြစ်နိုင်ချေကြောင့် ဖူလီက မျက်နှာညှိုးသွားသော်လည်း လျင်မြန်စွာဖြင့် ပုံမှန်ပြန်ဖြစ်သွားသည်။ 

" ကျေးဇူးတင်ပါတယ်လူကြီးမင်း ... ကျွန်တော်သိပါပြီ..."

ထိုအနံ့ကို မည်သည့်နေရာတွင် ရခဲ့ဖူးကြောင်း သူ သတိရသွားခဲ့သည်။

လွန်ခဲ့သော နှစ်သုံးထောင်ကျော်ခန့်က သူ တောင်ပေါ်မှ မိစ္ဆာငယ်လေးတစ်ကောင်နှင် ကစားနေချိန်တွင် ဘုရင်ကန်းလေ့၏ လှိုဏ်ဂူထဲ တိတ်တဆိတ် ဝင်ပုန်းခဲ့မိသည်။ ထိုစဉ်အချိန်က ထိုအနံ့ကို ရခဲ့ဖူးခြင်းဖြစ်သည်။ ဘုရင်ကန်းလေ့ကမူ သူ့ထံသို့လာလည်သည့် ဧည့်သည်တစ်ယောက်ထံမှ ကျန်ရစ်ခဲ့သောအနံ့ဟု သူ့ကိုပြောပြခဲ့သည်။

သူ ထိုအချိန်က များများစားစားမတွေးမိပေ။ သူ ထိုအနံ့ကို ထပ်မရခဲ့သောကြောင့် နောက်ဆုံးတွင် ဤကိစ္စကို မေ့သွားခဲ့သည်။

သို့ရာတွင် ဘုရင်ကန်းလေ့က မင်္ဂလာသားရဲတန့်ကန်းဖြစ်နိုင်သည်ဟူသော အချက်ကို သံသယဝင်ပြီးသည့်နောက်တွင် ဤကိစ္စနှင့်ပတ်သက်၍ တစ်ခုခုသင်္ကာမကင်းဖြစ်‌စရာရှိကြောင်း သိသွားခဲ့သည်။ ထိုဧည့်သည်၏ အနံ့က ဘုရင်ကန်းလေ့၏ လှိုဏ်ဂူထဲတွင်သာရပြီး အခြားနေရာတွင် လုံးဝမရပေ။ 

ဘုရင်ကန်းလေ့က သူ့ရဲ့ထူးခြားချက်ကို တမင်တကာ ဖုံးကွယ်ထားပြီးတော့ ရောင်ပြန်မြူတောင်မှာ သာမန်တောဝက်မိစ္ဆာတစ်ကောင်လိုမျိုး နေနေတာများလား...

ဒါပေမဲ့ သူဘာလို့ ဖုံးကွယ်ထားတာလဲ...

ဖူလီ ငေးငိုင်စွာဖြင့် လျှောက်လာခဲ့သည်။ 
အစ်မကြီးကျူးယွဲ့၊ ဘုရင်ကန်းလေ့၊ အကြီးအကဲမျောက်ဝံဖြူကြီး၊ ကျားဖြူကြီး၊ ဆိတ်ဖြူကြီးနဲ့ တောင်ပေါ်က တခြားမိစ္ဆာတွေအားလုံးက သူတို့ရဲ့ ထူးခြားချက်တွေကို ဖုံးကွယ်ထားကြတာများလား...

သူတို့ဘာလို့ ဖုံးကွယ်ထားကြတာလဲ...

သူ ရုတ်ချည်းရပ်တန့်သွားပြီး အပြင်ဘက်မှ မှောင်ရီပျိုးလုဆဲဆဲပြတင်းပေါက်ကို ကြည့်လိုက်သည်။ 

ကောင်းကင်ဘုံစည်းမျဉ်း...

သူတို့က ကောင်းကင်ဘုံစည်းမျဉ်းမသိအောင် ပုန်းနေကြတာများလား...

" ဂရုစိုက်ဦး..."

ကျွမ်းချင်က ဖူလီ့ပခုံးပေါ် လက်တင်လိုက်သည်။
" လမ်းသွားရင် လမ်းကို သေချာကြည့်လေ မင်းက ဟို့ နော် ကြွက်မဟုတ်ဘူး... မင်းမျက်လုံးတွေက တစ်လက်မလောက် အကွာအဝေးကိုပဲ မြင်နိုင်တာလား..."

" နဂါးလေးကျွမ်း..."

ဖူလီက ကျွမ်းချင်ကိုစိုက်ကြည့်ပြီး ရေရွတ်လိုက်သည်။

" ငါအရင်တုန်းက ခန့်မှန်းထားခဲ့တာ မမှားဘူး... ကြည့်ရတာ ငါက အရမ်းစွမ်းအားကြီးတဲ့ ဒုတိယမျိုးဆက်မိစ္ဆာထင်တယ်..."

ကျွမ်းချင် ရှေ့တိုးလာပြီး ဖူလီ့ကိုဖက်လိုက်သည်။

" ဒုတိယမျိုးဆက်က ချမ်းသာတဲ့မိစ္ဆာလေး... ဒီက ပထမမျိုးဆက်မိစ္ဆာလေးကို မျက်နှာသာပေးတဲ့အနေနဲ့ လမ်းသေချာလျှောက်ပေးနိုင်မလား..."