အပိုင်း ၁၃၆
Viewers 38k

Chapter 136
ငါ အိမ်ဝယ်လိုက်တယ်


နှင်းထဲမှ စပါးပင်အသစ်များ ပေါက်လာသည့်သတင်းက နောက်ဆုံးတွင် အင်တာနက်ပေါ်၌ အဓိပ္ပါယ်များစွာဖြင့် ပျံ့နှံ့လာသည်။ တချို့က လယ်ကွင်းပိုင်ရှင်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သည်ဟု ပြောကြသော်လည်း အချို့ကမူ သုတေသနပြုလုပ်ထားသည့် ရာသီချိန်မဟုတ်သော စပါးများဟု ပြောကြသည်။ အင်တာနက်အသုံးပြုသူများက မည်မျှပင် ဖော်ညွှန်းစေကာမူ မည်သူကမှ ရွှေရောင်စပါးပင်များက နှင်းထဲမှ ပေါက်လာကြောင်း မယုံကြည်ကြပေ။  သူတို့ပြုလုပ်နိုင်သည်မှာ ဤကိစ္စကို ဖျော်ဖြေရေးတစ်ခုဟုသာတွေးပြီး အနည်းငယ်ဟာသပြုလုပ်ကြရုံဖြစ်သည်။ 

အင်တာနက်နည်းပညာများ ပိုမိုတိုးတက်လေ သတင်းများ အင်တာနက်ပေါ်ပျံ့နှံ့သည့် အရှိန်နှုန်းက ပိုမိုမြန်ဆန်လာလေဖြစ်သည်။  ရံဖန်ရံခါတွင် အင်တာနက်နှင့် ရက်အနည်းငယ် အလှမ်းဝေးသွားရုံဖြင့် အချို့သော ဗန်းစကားများကို နားမလည်နိုင်တော့ပေ။ ဤကဲ့သို့သော သတင်းမျိုးက အနုပညာရှင်တစ်ယောက်၏ အတွင်းရေးသတင်းနီးပါး ဆွဲဆောင်မှု မရှိ၍ အင်တာနက်အသုံးပြုသူများက ဤကိစ္စကို ဘေးဖယ်ထားလိုက်ကြသည်။

အင်တာနက်အသုံးပြုသူများက အပျော်သဘောဟုတွေး၍ ဤကိစ္စကို မေ့မေ့လျော့လျော့ဖြစ်လာချိန်တွင် ဤကိစ္စကို အနီးကပ်လေ့လာနေသည့် အချို့သော အဆင့်မြင့်ဌာနများက မေ့လျော့သွားသည်ဟု မဆိုလိုပေ။ 

အစားအစာဆိုတာ လူသားတွေရဲ့ နတ်ဘုရားပဲ... ဒီလို ဒဏ္ဍာရီလာစွမ်းရည်မျိုးကို ဘယ်သူက အရေးမကြီးဘူးလို့ သတ်မှတ်ထားမှာလဲ...

အားလုံးက ကျွမ်းချင်၏ စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းနေကြပြီး ‌များပြားလှသောဌာနများကလည်း ဤစုံစမ်း‌စစ်ဆေးရေးတွင် ဖြစ်ပေါ်လာမည့် အခက်အခဲများကိုပါ ‌အားသွန်ခွန်စိုက် ပူးပေါင်းဖြေရှင်းပေးမည်ဟု ဆိုလာကြသည်။

သို့ရာတွင် သူတို့ရက်ပေါင်းများစွာ စောင့်ဆိုင်းနေသော်လည်း ကျွမ်းချင်ထံမှ မည်သည့်သတင်းမှ မရရှိပေ။ အလုပ်လုပ်သည့်စွမ်းရည်မြင့်မားသော ကျွမ်းချင်က ရလဒ်တစ်ခုမှ မရရှိခြင်းအပေါ် အားလုံးက တအံ့တဩဖြစ်နေကြသည်။ 

သူတို့စိတ်ထဲတွင်မူ ကျွမ်းချင်က အလွန်ထူးခြားသော နေရာတစ်ခုကို ရရှိထားသည်။ သူတို့၏ ပုံမှန်အစည်းအဝေးပွဲများတွင် အခြားလူများက သာမန်ဖြစ်သော်လည်း ထိုနဂါးက လူအားလုံး၏စိတ်ထဲတွင် ခံ့ညားထည်ဝါပြီး အရှိန်အဝါတစ်မျိုး ရှိနေသည်။ သို့ဖြစ်၍ အားလုံးက ကျွမ်းချင်ကို အရိုးထဲစွဲနေအောင် လေးစားကြသည်။။

ရလဒ်မထွက်လာသည်မှာ ရက်ကြာလာ၍ မည်သူကမှ ထိုင်ကြည့်မနေလိုကြတော့သော်လည်း မည်သူကမှ ကျွမ်းချင်ကို ဤကိစ္စအား တိုက်ရိုက်မမေးရဲပေ။ အဆုံးတွင် အစည်းအဝေးတစ်ခု ရှိသည်ဟု အကြောင်းပြကာ ကျွမ်းချင်ကို တက်ရောက်ရမည်ဟု အကြောင်းကြားလိုက်သည်။

အစည်းအဝေးက ၉နာရီခွဲမှ စမည်ဖြစ်သော်လည်း အားလုံးကို ၉နာရီမထိုးခင်အချိန်တည်းကညး ရောက်နေကြသည်။ ကျွမ်းချင်၏ခုံနေရာတစ်ခုတည်းသာ လစ်လပ်နေခြင်းဖြစ်သည်။

၉နာရီ ၂၀မိနစ်တွင် အားလုံး၏ မျှော်လင့်တကြီးဖြစ်နေသော အကြည့်များအောက်၌ ကျွမ်းချင် ပေါ်လာခဲ့သည်။ သူ့နောက်တွင်လည်း ဝတ်စုံပြည့်ဝတ်ထားသော လူငယ်လေးတစ်ယောက် ပါလာသည်။  ဖူလီ့ကို မှတ်မိသူများက ဤလူငယ်လေးက မိစ္ဆာများ လူသားများအပေါ် တိုက်ခိုက်ချိန်တွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ကာကွယ်ပေးဖူးကြောင်း သတိရသွား၍ တလေးတစားဖြင့် ပြုံးလိုက်ကြသည်။

" တောင်းပန်ပါတယ် ကျွန်တော်နောက်ကျသွားတယ်..."

ကျွမ်းချင်က ခုံတစ်လုံးဆွဲ၍ ထိုင်လိုက်သည်။ ဖူလီက ဤနေရာကို လက်ထောက်နှင့် အတွင်းရေးမှူးရာထူးနှစ်ခုဖြင့် ရောက်လာခြင်းဖြစ်၍ ကျွမ်းချင်၏နောက်တွင် ထိုင်လိုက်သည်။ လူများစွာက သူ့နားကပ်လာပြီး ဖော်ရွေစွာ ပြုံးပြကြသည်။ 

ဖူလီက သူတို့ကို ပြန်ပြုံးပြလိုက်ပြီး အစည်းအဝေးအကြောင်းအရာကို မှတ်တမ်းတင်မည့် မှတ်စုစာအုပ်ကို ထုတ်ထားသောကြောင့် သူ့ပုံစံက အတွင်းရေးမှူးတစ်ယောက်နှင့် အလွန်တူနေသည်။

" အားလုံးရောက်ပြီဆိုတော့ အစည်းအဝေးကို တရားဝင် စကြတာပေါ့..."

စကားပြောလိုက်သူက ခေါင်းတစ်ခုလုံး နှင်းများသဖွယ်ဖြူဖွေးနေသည့် ဆံပင်များနှင့် ပါးပြင်တွင် အရေးကြောင်းများ ရှိနေသော်လည်း သူ၏ ထင်ပေါ်သည့် အရှိန်အဝါက မပြောင်းလဲပေ။ 

ဖူလီက ဤနေရာတွင်ရှိသည့်လူသားများအပေါ် အနည်းငယ် နှစ်သက်သဘောကျနေမိသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အားလုံး၏ နှဖူးအလယ်တွင် ခရမ်းရောင်နှင့် ရွှေရောင် သူတော်ကောင်းအလင်းတန်းများကို မြင်တွေ့ရသောကြောင့်ဖြစ်သည်။ အသက်ပေါင်းများစွာကို ကယ်တင်ပြီး လူအများ၏ စည်းစိမ်များ မပျောက်ဆုံးအောင် ပြုလုပ်ပေးထားခြင်းကြောင့် ဤသူတော်ကောင်းတရားနှင့် ထိုက်တန်ပေသည်။ 

ဖူလီ့အတွက်မူ အစည်းအဝေးမှ အကြောင်းအရာအများစုက နားလည်ရန် ခက်ခဲလှသည်။ သူ၏ ဘေးဘယ်ညာတွင်ထိုင်နေသည့် အတွင်းရေးမှူးများက စာရွက်နှင့် ဘောပင်ကပ်ပြီး ဆက်တိုက်ရေးမှတ်နေကြသည်ကို မကြာခဏ ခိုးကြည့်လိုက်မိသည်။ လူသားများ၏ စွမ်းရည်အပေါ် သူ၏ အထင်ကြီးမှုက အဆင့်တစ်ခုသို့ ရောက်ရှိသွားပြန်သည်။ 

ဖူလီက ကိုးရို့ကားယားဖြင့် အစည်းအဝေးမှ အကြောင်းအရာအများစုကို ရေးချထားလိုက်သည်။ အစည်းအဝေးချိန်က တစ်ဝက်ကျော်လာချိန်တွင် စားပွဲ၏ထိပ်ဆုံးတွင်ထိုင်နေသည့် လူကြီးတစ်ယောက်ပြောသည်ကို သူကြားလိုက်ရသည်။

" ခေါင်းဆောင်ကျွမ်း...  စပါးနှံပင်တွေအကြောင်းနဲ့ပတ်သက်ပြီး အင်တာနက်ပေါ်က လူတွေရဲ့အမြင်ကို မင်း ကောင်းကောင်းကြီး ကိုင်တွယ်ထားတာပဲ... ဒီလိုမျိုး တစ်ညတည်းနဲ့ စပါးခင်းကို ရွှေရောင်သန်းပြီး ဝင်းမှည့်နေအောင် ဖန်တီးထားနိုင်တာ ဘယ်လိုသက်ရှိမျိုးပါလိမ့်..."

" ရှေးခေတ်တွေတုန်းကတော့ ကိုယ်ပိုင်စွမ်းရည်တစ်မျိုးစီနဲ့ မဟာမိစ္ဆာတွေ ရှိကြပါတယ်...ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်းမှာတော့ မဟာမိစ္ဆာတွေက လူတွေကြားမှာ မပေါ်လာခဲ့ကြပါဘူး... အဲ့တော့ ဘယ်လိုမိစ္ဆာမျိုးဆိုတာ အတိအကျပြောဖို့ ခက်ခဲပါတယ်..."

ကျွမ်းချင်က အေးဆေးတည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။ 

" လက်ရှိ ကျင့်ကြံရေးလောကနဲ့ ရှေးခေတ်တုန်းက ကွာဟချက်တွေက တော်တော်များတော့ ဒီမဟာမိစ္ဆာက ဘယ်သူဆိုတာကို ထူးခြားဖြစ်စဉ်တစ်ခုတည်းနဲ့ မသိနိုင် ဖြစ်နေတာပါ..."

" ရှာမတွေ့နိုင်ဘူးဆိုရင်တော့ ထားလိုက်ပါတော့..."

ဤနေရာမှ လူအားလုံးက ကျိုးကြောင်းဆီလျော်ကြသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး တောင်းဆိုချက်မပြုလုပ်နိုင်သည့်အပြင် ထိုသို့ဆက်လုပ်နေပါကလည်း အကျိုးရလဒ်ကောင်းများ မထွက်လာနိုင်သည်ကို သဘောပေါက်ကြသည်။ ကံကောင်းသည်မှာ ယခုနှစ်များတွင် စီးပွားရေး ဖွံဖြိုးတိုးတက်လာသောကြောင့်ဖြစ်သည်။ အကယ်၍ သဘာဝဘေးအန္တရာယ်များ ရံဖန်ရံခါ ဖြစ်နေလျှင်လည်း ဆာလောင်ငတ်မွတ်ကာ သေဆုံးမည်ကို စိတ်ပူရန် မလိုအပ်တော့ပေ။

" ဒီ အမည်မသိ ယောင်ကျင့်ကြံသူက ဘယ်သူဘယ်ဝါဆိုတာ မသိရဘူးဆိုတော့ တကယ်လို့များ..."

လုံခြုံရေးဌာန၏ ခေါင်းဆောင်က စကားဆုံးအောင် မပြောသော်လည်း အားလုံးက သူ၏ဆိုလိုရင်းကို သဘောပေါက်ကြသည်။ ဤဒဏ္ဍာရီလာစွမ်းရည် မရှိလျှင်ပင် အားလုံးက ဘဝတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ကြသည်။ အလွန်ဆုံး သူတို့အနည်းငယ်နောင်တရရုံသာဖြစ်သည်။ သို့သော် အကယ်၍ ဤစွမ်းအားကြီးမိစ္ဆာက လူသားများကို မဖော်ရွေလျှင်မူ အရေးကြီးကိစ္စ ဖြစ်လာနိုင်ပေသည်။

ဖေးယီအဖြစ်အပျက်၏ နောက်ကွယ်မှ ကြိုးကိုင်သူကိုလည်း ရှာမတွေ့သေး၍ အားလုံး၏ရင်ထဲ တင်းကြပ်နေကြသည်။ သူတို့က နိုင်ငံရပ်ခြားမှ အကြမ်းဖက်အုပ်စုများကိုပါ သတိထားရမည့် မသင်္ကာသူစာရင်းထဲ ထည့်ထားပေသည်။

" စိုးရိမ်စရာမလိုပါဘူး... အရင်ခေတ်တွေတုန်းကဆိုရင် အသက်ဓာတ်ကို နှိုးဆွပေးနိုင်တဲ့ ယောင်ကျင့်ကြံသူတွေက မင်္ဂလာသားရဲတွေပဲမို့ အကုန်လုံးက သူတို့ကို ပူဇော်ပသကြပါတယ်... သူတို့က လူသားအပါအဝင် သက်ရှိအားလုံးကို ဖော်ရွေကြပါတယ်... ‌ဒီမိစ္ဆာက နှင်းကနေ စပါးပင်တွေပေါက်အောင် လုပ်နိုင်တယ်ဆိုတော့ ရက်စက်တဲ့မိစ္ဆာမဟုတ်တာတော့ သေချာပါတယ်..."

" ဒီလိုဆို‌ရင်တော့ တော်သေးတာပေါ့..."

အစိုးရိမ်ဆုံးဖြစ်နေသည့် ကိစ္စကြီးတစ်ခု ဖြေရှင်းပြီးသွားသကဲ့သို့ အစည်းအဝေး၏ လေထုအနေအထားက အေးအေးဆေးဆေးဖြစ်သွားသည်။ လုံခြုံရေးဌာနခေါင်းဆောင်က စနောက်ကျီစယ်ရန်ပင် တွေးလိုက်သည်။ 

" အတိတ်က ယောင်ကျင့်ကြံသူတွေရဲ့ ကံကြမ္မာကို မွေးတည်းက ဆုံးဖြတ်ပြီးသားဆိုတော့ ရိုးရှင်းပြီး မရက်စက်လွန်းဘူးလား..."

" ယောင်ကျင့်ကြံသူတွေရဲ့ နှလုံးသားက ပိုဖြူစင်ပြီးရိုးရှင်းလို့ ဖြစ်မှာပါ..."

ကျွမ်းချင်က အထက်စီးမဆန်သော်လည်း မနိမ့်ကျသည့် အနေအထားဖြင့် သူ့အမေးကို ပြန်ဖြေလိုက်သည်။ 

လုံခြုံရေးဌာနခေါင်းဆောင်က ချက်ချင်းပါးစပ်ပိတ်သွားလေသည်။ ကျွမ်းချင်၏စကားများက လူသားတို့၏ နှလုံးသားက ရှုပ်ထွေးပွေလီသည်ဟု ဆိုလိုနေသည်။

ကျွမ်းချင်က ကျင့်ကြံရေးလောက၏ ကိုယ်စားပြုဖြစ်ပြီး လောကတစ်ခုလုံးကို ဤသို့သော အနေအထားဖြင့်သာ သဘာဝကျကျ ကာကွယ်နေခြင်းဖြစ်သည်။ သီးသန့် video conferencesတွေ့ဆုံပွဲများတွင် ဤသို့နောက်ပြောင်နေပါက အဆင်ပြေသော်လည်း တရားဝင်အစည်းအဝေးပွဲများတွင်မူ ကျွမ်းချင်က သူ့နေရာတွင်သာ မားမားမတ်မတ်ရပ်တည်လေ့ရှိသည်။

လွန်ကြူးလှသည့် ရန်လိုမှုက ထိပ်ဆုံးကိုရောက်နိုင်သော်လည်း အလွန်အမင်းတည်ငြိမ်နေပါကလည်း အားနည်းချက် ဖြစ်လာနိုင်သည်။ သူက ကျင့်ကြံရေးလောကတစ်ခုလုံးကို ကာကွယ်လိုခြင်းဖြစ်၍ ဤရှု့ထောင့်တွင်လည်း သတိလက်လွတ်နေ၍ မဖြစ်ပေ။

အစည်းအဝေးပြီးသွားသည့်အခါ အားလုံးက ကျွမ်းချင်ကို နှုတ်ဆက်စကားလာပြောကြပြီး အထူးသဖြင့် ဖူလီနှင့် လာရောက်လက်ဆွဲနှုတ်ဆက်ကြသည်။ သူတို့၏ အပြုအမူများက ဖော်ရွေသည်ထက်ကျော်လွန်ကာ စိတ်အားထက်သန်သည့် အနေအထားကို ရောက်ရှိနေသည်။ သူတို့က သူ့ဆံပင်မွေးကိုနှုတ်ပြီး အိမ်ပြန်လက်ဆောင်အဖြစ် ယူသွားချင်သည်ဟုပင် ဖူလီ သံသယဝင်လာမိသည်။ 

ဖူလီ့ကို ထိုလူများက ဝိုင်းထားသဖြင့် ကျွမ်းချင်က ဖူလီ့ကို လူအုပ်ထဲမှ ဆွဲထုတ်လာသည်။ သူ အားလုံးကို လက်တစ်ဖက် မြှောက်ပြလိုက်သည်။ 

" ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲရေးဗျူရိုမှာ ကိုင်တွယ်စရာကိစ္စတွေ အများကြီးရှိသေးလို့ အရင်ဆုံး ပြန်ခွင့်ပြုပါဦး..."

ကျွမ်းချင်က ဖူလီ့ကိုဆွဲခေါ်ပြီး အစည်းအဝေးခန်းထဲမှ ခပ်သုတ်သုတ်ထွက်သွားသည်ကို အားလုံးက နောင်တရစွာဖြင့် ကြည့်နေလျက် ကျန်ခဲ့ကြသည်။

သူက ခွန်းဖမ်နဲ့ ပြိုင်ဘက်နီးပါးဖြစ်အောင် ရင်ဆိုင်ခဲ့ပြီး ကပ်ရောဂါနတ်ဘုရားနဲ့ စွမ့်ယွီကိုပါ အနိုင်ယူခဲ့တဲ့ ယုန်မိစ္ဆာလေ... ဒီလောက် ကြောက်စရာကောင်းတဲ့ မှော်စွမ်းအားမျိုးရှိနေတာ ကျိန်းသေပေါက် မင်္ဂလာသားရဲပဲဖြစ်မှာ ... သူနဲ့ လက်ဆွဲနှုတ်ဆက်ရရင် သူတို့အတွက် ဘာဆိုးကျိုးမှ မရှိနိုင်ဘူးလေ...

" သူတို့တွေက မြေခွေးအိုကြီးအုပ်စုလေ...  အဲ့လူတွေနဲ့ သီးသန့်ကြီး မပတ်သက်မိစေနဲ့ မဟုတ်ရင် ကိုယ့်ဘာသာတောင် ဒုက္ခရောက်လို့ ရောက်နေမှန်းမသိ ဖြစ်သွားမယ်..."

ကျွမ်းချင်က ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်ပြီး ခရီးသည်ခုံတွင် ထိုင်နေသည့် ဖူလီ့ကို ပြောလိုက်သည်။ 

" လူသားတွေရဲ့ သက်တမ်းက နှစ်တစ်ရာလောက်မို့ တော်တော်တိုတယ်ဆိုပေမယ့် သူတို့ရဲ့ အသိဉာဏ်ကတော့ နှစ်လေးထောင်လောက် နေလာတဲ့ မင်းထက် ကျော်နေပြီ..."

ဖူလီက နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။ 
" တကယ်လို့ မင်းငါ့ကို စေတနာနဲ့ သတိပေးနေတယ်ဆိုတာကိုသာ မသိဘူးဆိုရင် တမင်ရန်စနေတယ်လို့တောင် ထင်မိသွားနိုင်တယ်..."

" မဟုတ်ဘူး မင်းသဘောမပေါက်တာပါ... ငါမင်းကို တမင်ရန်စနေတာလေ..."
ကျွမ်းချင်က ဘေးကိုလှည့်မကြည့်ဘဲ ကားစက်နှိုးလိုက်သည်။ 

" မင်းက လုပ်ဖော်ကိုင်ဖက်ကိုတောင် မေတ္တာမထားနိုင်တော့ဘူးပေါ့လေ..."

ဖူလီက ထိုင်ခုံခါးပတ်ပတ်ပြီး နှာမှုတ်လိုက်သည်။ 
" ငါကအခု ဒုတိယမျိုးဆက်မိစ္ဆာဖြစ်နေပြီလေ ဘာလို့ ဦးနှောက်ကိုအများကြီး သုံးဖို့လိုမှာလဲ..."

ကျွမ်းချင်က ခေါင်းတစ်ဖက်စောင်းပြီး ဖူလီ့ကိုကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် နူးညံ့မှုများစွာဖြင့် ပြည့်သွားသော်လည်း ချက်ချင်းပင် ဖုံးကွယ်လိုက်သည်။

" လုပ်ဖော်ကိုင်ဖက်အတွက် မေတ္တာတဲ့လား... မင်း အတွေးလွန်နေတာပဲ... ဒါမျိုး ဘယ်လိုလုပ် ရှိမှာလဲ..."

ဖူလီ : ...

" နဂါးလေးကျွမ်း မင်းအခုနောက်ပိုင်း ငါ့ကို အရင်လိုမဖော်ရွေတော့ပါလား..."

ဖူလီက ကျွမ်းချင်ကို သင်္ကာမကင်းသည့်အကြည့်ဖြင့် အချိန်အတန်ကြာအောင် စိုက်ကြည့်နေလိုက်သည်။ 

" မင်းက သူဌေးတွေကို မုန်းတာတော့မဟုတ်ဘူးမလား... ဒုတိယမျိုးဆက်မိစ္ဆာဆိုတဲ့ ငါ့ရဲ့ဂုဏ်ပုဒ်ကို မနာလိုဖြစ်နေတာများလား..."

" ပါးစပ်ပိတ်ထား..."

ကျွမ်းချင်က ဘရိတ်နင်းလိုက်ပြီး အုံ့မှ်ိုင်းနေသောမျက်နှာကြီးဖြင့် ပြောလိုက်သည်။

" မင်းငါ့ကို တစ်ခါ ကားတိုက်အောင်လုပ်ဖူးတာ မှတ်မိလား... နောက်တစ်ခါ ထပ်ဖြစ်အောင် မလုပ်နဲ့နော်..."

ဖူလီက ရိုးသားစွာပြုံးပြလိုက်ပြီး သူ့အကြည့်ထဲတွင် အပြစ်ကင်းစင်မှုတို့ စီးဆင်းနေသည်။ 

နာရီဝက်ခန့်အကြာတွင် သူတို့နှစ်ယောက်လုံး ယာဉ်ကြောပိတ်ဆို့သည်နှင့် ကြုံလိုက်ရသည်။ ဖူလီက နှေးကွေးစွာရွေ့နေသည့်ယာဉ်များကိုကြည့်နေလျက် ကျွမ်းချင်ဘက်ကို ရုတ်ချည်းလှည့်ပြီး ပြုံးပြလိုက်သည်။

" နဂါးလေးကျွမ်း ကျေးဇူးတင်ပါတယ်..."

" မင်း ဒီနေ့ ဘုရင်ကန်းလေ့အကြောင်း မပြောပြခဲ့တာ သူ့ကို ပြဿနာ မဖြစ်စေချင်လို့မလား..."

ဖူလီက ငတုံးမဟုတ်ဘဲ ဦးနှောက်မသုံးချင်သည်သာဖြစ်သည်။ ဘုရင်ကန်းလေ့ သူ၏အထောက်အထားကို ဖုံးကွယ်ထားရသည့် အကြောင်းအရင်းကလည်း မရှင်းလင်းသေးပေ။ အကယ်၍ ဘုရင်ကန်းလေ့က သီးနှံများဖြစ်ထွန်းအောင်မြင်စေသော မင်္ဂလာသားရဲဖြစ်ကြောင်း လူသားများ သိရှိသွားပါက မည်သည့်ပြဿနာများ ဖြစ်လာနိုင်မည်ကို မသိပေ။

" အတွေးလွန်မနေနဲ့ ငါလည်း စိတ်ထဲမှာ မသက်မသာဖြစ်မနေချင်လို့ပါ..."

ကျွမ်းချင်၏ နားရွက်ဖျားများ နီရဲသွားသည်။ 
" မင်းငါ့ကို တကယ် ကျေးဇူးတင်ချင်တယ်ဆိုရင် ဆက်သွယ်ရေးဌာနကတွေ့ထားတဲ့ လူသားလောက က သဘာဝလွန်ဖြစ်စဉ်တွေ ကိုင်တွယ်ပေးလေ..."

" ရတာပေါ့..."
ဖူလီက ပြုံးပြပြီး သဘောတူလိုက်သည်။ 

ကားက ခရုတစ်ကောင်၏အရှိန်ဖြင့် ရှေ့ဆက်တိုးနေဆဲဖြစ်သည်။ ကားစက်နှိုးလိုက် ရပ်လိုက်ဖြစ်နေခြင်းက ဆီကုန်စေသော်လည်း ကျွမ်းချင်၏စိတ်က ကြည်လင်နေသည်။ သူ ကားပေါ်မှ ရေဒီယိုကိုဖွင့်လိုက်သည့်အခါ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က အလွန်အမင်းကျယ်လောင်လှသည့် အသံဖြင့် တစ်စုံတစ်ခုကို ကြော်ငြာနေသည်။ သူတို့က အိမ်များ စတင်ရောင်းချနေသော ကုမ္ပဏီတစ်ခုအကြောင်းပြောနေခြင်းဖြစ်ပြီး တည်နေရာက မည်မျှကောင်းကြောင်း ဈေးမည်မျှချိုသာကြောင်း ကြော်ငြာနေကြသည်။ 

" ငါ လူသားလောကကို ပထမဆုံးအကြိမ်ရောက်လာတုန်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့တယ်... သူတို့က အိမ်တွေတောင် စရောင်းနေမှန်း မထင်ထားခဲ့ဘူး..."

ဖူလီက ရုတ်တရက် စိတ်အားတက်ကြွသွားသည်။ 

၎င်းကို ဆောက်လုပ်ခဲ့စဉ်ကအကြောင်း တွေးမိသည့်အခါ သူ၏စိတ်လှုပ်ရှားမှုထဲတွင် ဂုဏ်ယူဝင့်ကြွားမှုတို့ ပါဝင်နေသည်။

မဟာမိစ္ဆာတွေရဲ့ အလိုလိုက်ခံထားရတဲ့ ဒုတိယမျိုးဆက်မိစ္ဆာ ပီသပါပေတယ်... ကာယလုပ်သား လုပ်ခဲ့တာကိုတောင် ဂုဏ်ယူနေသေးတယ်...
ကျွမ်းချင်က သူ့ကို ရန်စလိုသေးသော်လည်း ဖူလီက မျက်လုံးကို လခြမ်းကွေးသဏ္ဍာန်ကွေးညွတ်လာသည်အထိ ပြုံးနေသည်ကို မြင်လိုက်ရသောအခါ စကားတစ်လုံးမှ မပြောနိုင်တော့ပေ။ 

အချစ်က လူတွေကို ငတုံးဖြစ်အောင်လုပ်တယ်လို့ လူသားတွေပြောကြတာ မထူးဆန်းတော့ပါဘူး... သူလည်း ငတုံးဖြစ်လာရုံတင် မကဘူး သတ္တိလည်း မရှိတော့ဘူး...

ဘယ်လိုတောင် ရင့်ကျက်ဖို့ လိုသေးတာလဲ...

" ငါမင်းကို အိမ်တစ်လုံး လက်ဆောင် ဝယ်ပေးရမလား..."
ကျွမ်းချင်က သူ့ကိုယ်သူ ရင့်ကျက်မှု မရှိဟု ခံစားနေရသည်။ 

" ဘယ်လိုလုပ် သင့်တော်မှာလဲ... ငါကြားဖူးတာဝောာ့ လူသားလောကက အိမ်တွေက အရမ်းဈေးကြီးတယ်တဲ့..."

ဖူလီက အိမ်တစ်လုံးဝယ်ရန် တောင့်တစိတ် များများစားစားမရှိပေ။ မည်သို့ပင်ဖြစ်စေ မိစ္ဆာတစ်ကောင်က မည်သည့်နေရာတွင်မဆို နေထိုင်နိုင်ပေသည်။ 

" မင်းငါ့ကိုပေးထားတဲ့ ဆေးလုံးနဲ့ ရတနာတွေကလည်း အခုလက်ရှိခေတ်မှာ တော်တော်တန်ဖိုးကြီးတယ်လေ ... မင်း အဲဒါတွေ ငါ့ကို ဘာလို့ပေးတာလဲ..."

" ဘာလို့လဲဆိုတော့ မင်း အဲဒါတွေကို သဘောကျလို့လေ... "

ဖူလီက မှန်ကန်သင့်တော်သည့် အရာတစ်ခုကို ပြောနေသကဲ့သို့ ပြန်ဖြေလိုက်သည်။ 

" မင်း သဘောကျတယ်ဆိုတော့ ငါ မင်းကိုပေးရမှာပေါ့..."

ကျွမ်းချင်က သူ့ကို တိတ်ဆိတ်ငြိမ်သက်စွာကြည့်နေသည်။ 

" ငါမင်းကို အိမ်တစ်လုံးဝယ်ပေးမယ်ဆိုတာလည်း မင်းကိုယ်တိုင်က အဲ့ပစ္စည်းတွေကို လိုလိုလားလား ပေးခဲ့လို့လေ... ယောင်ကျင့်ကြံသူတွေအတွက်ဆိုရငါ ငွေဆိုတဲ့အရာက လူသားလောကမှာ အဆင်ပြေပြေနေနိုင်အောင်လုပ်ပေးတဲ့ ပစ္စည်းတစ်မျိုးပဲ... အဲတော့ ငါ မင်းကို အိမ်တစ်လုံးဝယ်ပေးတော့ရော ဘာဖြစ်လဲ..."

" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်..."

ဖူလီ့ကို ကျွမ်းချင်က ဖျောင်းဖျနိုင်သွားခဲ့သည်။ 
" ဒါဆိုရင်လည်း ငါ့ကို အိမ်တစ်လုံးလောက်ဝယ်ပေးရင် ဖြစ်ပါတယ်..."

ကျွမ်းချင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ 
" ကောင်းပြီလေ ဒါဆို အခုသွားဝယ်ကြမယ်..."