Chapter 137
အိမ်အရောင်းအဝယ်ကုမ္ပဏီ၏ စင်တာတစ်ခုသို့ ရောက်သောအခါ အရောင်းအေးဂျင့်တစ်ယောက်က ရှေ့တိုးလာပြီး သူတို့ကိုလာကြိုသည်။ အထပ်ရေများစွာရှိသော အဆောက်အဦးများ၏ 3Dပုံစံကို သူတို့အား ပြသရန် ခေါ်သွားချိန်တွင် ကျွမ်းချင်က ပြောလိုက်သည်။
" ငါတို့ အထပ်ရေအများကြီးရှိတဲ့ အိမ်တွေတော့ မကြည့်တော့ပါဘူး ဗီလာနဲ့ ဘန်ဂလိုတွေဆီ ခေါ်သွားရင် ရပါတယ်..."
အရောင်းအေးဂျင့်က ထိုစကားများကို ကြားသည့်အခါ သူ၏ အပြုအမူက ပိုမိုဖော်ရွေသွားသည်။ သူက ကျွမ်းချင်နှင့်ဖူလီကို ဘန်ဂလိုများ ရှိသည့်နေရာ မခေါ်သွားဘဲ ဗီလာမော်ဒယ်ပုံစံများ ရှိသည့်နေရာကိုသာ ခေါ်သွားလိုက်သည်။ လျှပ်စစ်မီး၊ အခန်းတည်ဆောက်ပုံ၊ သစ်ပင်ပန်းပင်များ၊ အိမ်သုံးပရိဘောဂများ အစရှိသဖြင့် အရာပေါင်းများစွာကို ကျွမ်းချင်အား ပြောပြနေသည်။ ကျွမ်းချင်က ဖူလီ့ဘက်လှည့်ပြီး မေးလိုက်သည်။
" မင်း ဘယ်အိမ်ကြိုက်လဲ..."
ဖူလီက အိမ်ပုံစံမော်ဒယ်များကို တစ်ချက်ကြည့်ပြီး ကြုံရာတစ်ခုကို ထောက်ပြလိုက်သည်။
" ဒါဆို ဒီအိမ်ယူမယ်..."
ထိုအိမ်က သေးငယ်ပုံရသော်လည်း သူ့အတွက် အဆင်ပြေနိုင်ပေသည်။
အရောင်းအေးဂျင့်က ပိုင်ရှင်အစစ် မည်သူဖြစ်ကြောင်း သိသွားသည်။ ပခုံးချင်းယှဉ် ရပ်နေသည့် လူနှစ်ယောက်ကိုကြည့်ပြီး သူ့စိတ်ထဲ အလင်းပွင့်သွားသည်။
အဲ့တော့ သူတို့ နှစ်ယောက်က ဒီလိုဆက်ဆံရေး ရှိတာပေါ့လေ...
သူ ချက်ချင်းပြုံးပြလိုက်သည်။
" အိမ်အသစ်တစ်လုံး ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်... စပေါ်ငွေအရင်ပေးထားမလား ဒါမှမဟုတ် လုပ်ငန်းစဉ်တွေအတိုင်းပဲ ပမာဏအားလုံးကို တိုက်ရိုက်ငွေချေထားမလား..."
" တိုက်ရိုက်ငွေချေပါ့မယ်..."
ကျွမ်းချင်က ဖူလီ့ပခုံးပေါ် လက်တင်လိုက်သည်။
ဖူလီကလည်း ကျွမ်းချင်၏ပခုံးကို ပြန်ဖက်ထားလိုက်သည်။ ယခု သူနှင့် ကျွမ်းချင်၏ပုံစံက နိုင်ငံထဲမှာ ညီအစ်ကိုကောင်းများအားလုံး၏ စံပြအဖြစ် ရွေးချယ်ခံနေသကဲ့သို့ ဖြစ်နေသည်။
အရောင်းအေးဂျင့်က ဝမ်းသာသွားသည်။ သူတို့ကို VIPနားနေခန်းတွင် ခဏထိုင်ခိုင်းထားပြီး ပိုင်ဆိုင်မှုစာချုပ်အတွက် သွားရောက်ပြင်ဆင်နေသည်။
ဤကဲ့သို့ တည့်တိုးဆန်သည့် လူကုန်ထံ ဖောက်သည်များကို သူ သဘောအကျဆုံးဖြစ်သည်။ သူတို့က အကြီးဆုံးဗီလာတစ်ခုကိုဝယ်ရန် သုံးမိနစ်အတွင်း ဆုံးဖြတ်နိုင်ပေသည်။ သူက စာချုပ်နှစ်ခုကို ပြင်ဆင်ထားလိုက်သည်။ တစ်ခုက ငွေအရစ်ကျပေးချေသည့် စာချုပ်ဖြစ်ကာ အခြားတစ်ခုက ငွေအပြည့်သည့်စာချုပ်ဖြစ်သည်။
စာချုပ်များကို ချလိုက်ပြီးသည့်အခါ ဧည့်သည်နှစ်ယောက်က သူ ထင်ထားသည့်အတိုင်း ငွေအပြည့်ချေသည့်စာချုပ်ကို ရွေးသွားသည်။ မမျှော်လင့်ထားသည့် တစ်ခုတည်းသောအရာမှာ ဖူလီဟူသောအမျိုးသားက အိမ်ပိုင်ရှင်ဖြစ်ပြီး အခြားတစ်ယောက်က ငွေရှင်းပေးသူ ဖြစ်နေခြင်းပင်။
ဆယ်သန်းကျော်လောက်ရှိတဲ့ ငွေပမာဏကြီးကို ဦးထုပ်တစ်ခုကို ပစ်သလိုမျိုး လွယ်လွယ်နဲ့ ငွေချေပေးလိုက်တာပဲ... အချစ်ဆိုတဲ့အရာကတော့ လေးစားစရာ အကောင်းဆုံးပါပဲလေ...
ဖူလီက စာချုပ်အားလုံး လက်မှတ်ထိုးပြီးသည့်အခါ တစ်သျှူးစိုတစ်ရွက်ဖြင့် လက်ဗွေနှိပ်ထားသော လက်မကိုသုတ်လိုက်ပြီး ကျွမ်းချင်ကိုပြောလိုက်သည်။
" ဒီနေရာက ရုံးနဲ့တော့ နည်းနည်းဝေးတယ်..."
" ရပါတယ် မင်း ဒီနေရာမှာ ကျိန်းသေပေါက် နေမှာမှ မဟုတ်တာ..."
ကျွမ်းချင်က လက်ဖက်ရည်ခွက်ကိုကိုင်ပြီး တစ်ငုံသောက်လိုက်သည်။
" တကယ်လို့ မင်းမိသားစုရဲ့ အကြီးအကဲတွေလာလည်ရင် သူတို့အနားယူဖို့နေရာ လိုမှာပဲလေ..."
ထိုအခါမှသာ နဂါလေးကျွမ်းက သူ့ကို အိမ်တစ်လုံး ရုတ်တရက် ဝယ်ပေးရသည့်အကြောင်း ဖူလီသဘောပေါက်သွားသည်။ အကယ်၍ လွန်ခဲ့သော နှစ်၂၀၀၀ခန့်က ဖြစ်ပါက ဖူလီ ဤကိစ္စကို အရေးကြီးသည်ဟု ထင်မည်မဟုတ်ပေ။ သို့ရာတွင် လူသားလောက၌ နေထိုင်အလုပ်လုပ်ပြီး လူသားနှင့် မိစ္ဆာများစွာတို့ဖြင့် ဆက်ဆံပြီးသောအခါမှ ဤသို့သောကြင်နာမှုက မည်မျှအဖိုးတန်ကြောင်း သဘောပေါက်သွားမိသည်။
" နဂါးလေးကျွမ်း ကျေးဇူးတင်ပါတယ်..."
ကံကောင်းသည်မှာ သူ လူသားလောကသို့ ရောက်လာပြီးနောက် ကျွမ်းချင်နှင့် သိကျွမ်းခဲ့ရခြင်းဖြစ်သည်။ အခြေတကျမဟုတ်ပဲ လှည့်လည်သွားလာနေထိုင်သူဟူသော ဖြစ်တည်မှုက နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီဟု ဖူလီတွေးလိုက်မိသည်။
ရောင်ပြန်မြူတောင် ဖျက်ဆီးခံလိုက်ရချိန်တည်းက သူနှင့် ရင်းနှီးသောဆွေမျိုးများနှင့် မိတ်ဆွေများ မရှိတော့ပေ။ နက်ရှိုင်းသည့် သစ်တောနှင့် တောတန်းများထဲတွင် ပုန်းအောင်းနေကာ ကျင့်ကြံခြင်းနှင့် အိပ်စက်ခြင်း ပြုလုပ်နေသည်မှလွဲ၍ သူ့အတွက် အလွန်အရေးကြီးသောကိစ္စမျိုး မရှိခဲ့ပေ။
ဤနှစ် ၂၀၀၀အတွင်းတွင် ကျွမ်းချင်တစ်ယောက်တည်းကသာ သူ စိတ်ရင်းအမှန်ဖြင့် ခင်မင်ခဲ့သော ညီအစ်ကိုကောင်းတစ်ယောက် ဖြစ်ခဲ့သည်။
" မင်း နောက်တစ်ခါ ကျေးဇူးတင်တယ်လို့ ပြောဦးမယ်ဆိုရင် ငါနဲ့စကားလာမပြောနဲ့တော့..."
ကျွမ်းချင် မတ်တပ်ထရပ်လိုက်သည်။
" နေ့လယ်စာ သွားစားရအောင် ငါတို့တွေ နေ့ခင်းကျရင် အလုပ်ပြန်လုပ်ရဦးမယ်လေ ..."
" အိုး ဟုတ်သားပဲ..."
ဖူလီက အိမ်စာချုပ်ကိုယူပြီး ကျွမ်းချင်၏နောက်မှလိုက်ကာ အဆောက်အဦးထဲမှ ထွက်လာသည်။ ကားထဲရောက်သည်နှင့် စာချုပ်နှင့် အခြားစာရွက်စာတမ်းများပါဝင်သည့်အိတ်ကို ချမ့်ခွန်းအိတ်ထဲ ထည့်လိုက်သည်။
ဘယ်နေရာကမှ မလုံခြုံဘူးဆိုတော့ ဒါတွေကို ချမ့်ခွန်းအိတ်ထဲထည့်ထားတာ စိတ်အချရဆုံးပဲ...
သူ၏အပြုအမူကို သတိပြုမိသောအခါ ကျွမ်းချင်၏ စိတ်အခြေအနေလည်း ကြည်လင်သွားသည်။ သူ၏ဘဏ်အကောင့်ထဲတွင် ငွေပမာဏများစွာလျော့သွားသည့် အသေးအဖွဲကိစ္စကိုမူ သူ ဂရုမစိုက်မိပေ။
နေ့ခင်းပိုင်း အလုပ်လုပ်ချိန်တွင် ဖူလီက လန့်ကန်းသစ်ပင်ပေါ်မှ ကျူးယွီအသီးအချို့ကိုခူးပြီး ကျွမ်းချင်အား ပေးလိုက်သည်ကို အားလုံးက မနာလိုစွာဖြင့် ကြည့်နေကြသည်။
" ဘော့စ်က အဲ့လိုအဖိုးတန်သစ်သီးတွေကို စားနေရတာ ငါအရမ်းမနာလိုတာပဲ... လန့်ကန်းသစ်ပင်က ငါ့ကိုဆို ထိခွင့်ကို မပေးတာ..."
ကျန်းခယ့်က သူ့အလုပ်စားပွဲကိုမှီပြီး ပျင်းရိပျင်းတွဲဖြစ်နေသည်။
" မင်းက ဘော့စ်လောက်နီးနီး သန်မာခံ့ညားပြီး ဖူကောလို စွမ်းအားကြီးတဲ့ကောင်လေးမျိုးရှိတဲ့အချိန်မှ ထပ်ပြောလေ..."
ရှုယွမ်က သူ့ခေါင်းကို ဖိုင်ဖြင့်ရိုက်လိုက်သည်။
" စိတ်ကူးယဉ်နေတာတွေရပ်ပြီး ဖိုင်တွေသေချာစီထားဦး..."
" ကျွန်တော်တို့နှစ်ယောက်က ဖူကောနဲ့ အရင်ဆုံးတွေ့ခဲ့တာလေ... သူက နောက်ဆုံးမှာ ဘော့စ်နဲ့ပဲ တွဲသွားမယ်လို့ ဘယ်သူထင်မိမှာလဲ..."
ကျန်းခယ့်က ဖိုင်များကိုင်ထားပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။
" ဒါ ကံကြမ္မာပဲလေ..."
" မင်း အဲ့လိုပြောကြေးဆိုရင် ယောင်အစည်းအရုံးရဲ့ ရုံးခန်းက မိစ္ဆာအိုကြီးက ဖူကောကို အရင်တွေ့တာလေ ပြီးတော့ ဆံပင်အစိမ်းရောင်ဘဲ ရောပဲ... မင်းနဲ့ အရင်ဆုံးတွေ့တာမှ မဟုတ်တာ..."
ရှုယွမ်က သူမ မျက်ဆံများကို မျက်နှာကြက်ပေါ်အထိရောက်အောင် လှန်လိုက်သည်။
" ပိုအရေးကြီးတာက... မင်း သတ္တိရှိတယ်ဆိုရင် ဒီစကားတွေကို ဘော့စ်ရဲ့ရှေ့ သွားပြောလေ..."
ကျန်းခယ့်: .....
သူ သတ္တိမရှိဘူးလေ...
" နဂါလေးကျွမ်း... မင်းဖို့ ကျူးယွီသစ်သီးတွေ..."
ဖူလီက သစ်သီးပန်းကန်ကို ကျွမ်းချင်၏ရှေ့၌ ချပေးလိုက်သည်။
" မင်း စိတ်ချလက်ချစားလို့ရပါတယ် အကုန်ရေဆေးထားပြီးသား..."
ကျွမ်းချင် မော့ကြည့်လိုက်သည်။ သူက ဖူလီ့ကို သူနှင့်အတူထိုင်ပြီး သစ်သီးစားရန် ပြောတော့မည့်အချိန်တွင် ဖူလီက 'ငါ အလုပ်သွားလုပ်တော့မယ်' ဟုပြောပြီး ပြေးထွက်သွားလေသည်။
ပန်းကန်ပြားထဲမှ ရေစက်လက်ကျနေဆဲဖြစ်သည့် ကျူးယွီသစ်သီးများကိုကြည့်ပြီး ခပ်ဟဟ ရယ်လိုက်မိသည်။
ကျူးယွီသစ်သီးများက အလွန်မွှေးကြိုင်ပြီး ချိုမြိန်လှသည်။ ကျွမ်းချင်က အသီးများကို ဖြည်းဖြည်းချင်းစားနေသည်။ အသီးများစားပြီးသည့်အခါ အစေ့များကို ဖယ်ထားပြီး ရေဖြင့် စင်ကြယ်စွာဆေးကာ သူ၏သိုလှောင်ခန်းထဲ ထည့်ထားလိုက်သည်။
ဖူလီက ရှေးခေတ်မိစ္ဆာများ၏ ရိုးရာသီချင်းကိုညည်းလျက် အလုပ်စားပွဲကို ပြန်လာသည်။ သူက သဘာဝလွန်ဖြစ်ရပ်များစွာထဲမှ သံသယဝင်စရာအကောင်းဆုံးဖိုင်ကို ထုတ်ယူလိုက်သည်။
သူ့စိတ်ထဲ မှတ်ချက်ပြုလိုက်ပြီးနောက် 'သရဲခြောက်သည့်အိမ် ပေါ်ထွက်လာမှု' ဟူသည့်ဖိုင်ကို ကြည့်လိုက်သည်။
မျက်မှောက်ခေတ်လူသားများ၏ လူ့အဖွဲ့အစည်းတွင် သရဲခြောက်သည့်အိမ်ဟူသောအရာမှာ မီဒီယာများ၏ လုပ်ကြံဖန်တီးခြင်း သို့မဟုတ် လူသားများက သူတို့ကိုယ်တိုင် အကြောက်လွန်ခြင်းမှ ဖြစ်ပေါ်လာသည့်ကိစ္စမျိုးများ ဖြစ်သည်။ သရဲခြောက်သည့်အိမ်တစ်ရာတွင် တစ်အိမ်ခန့်ကသာ သရဲအစစ်များ ရှိနေတတ်သည်။
လူသားများက အတွေးလွန်နေကြခြင်းသာဖြစ်သည်။
အသိဉာဏ်ရှိတဲ့ သရဲတွေက မြေအောက်လော
ကမှာ ကိုယ်ပိုင်အလုပ်ရှိပြီး ပြန်လည်မွေးဖွားနိုင်ဖို့ တန်းစီနေကြတာလေ... လူသားလောကမှာနေရင် ဘာအကျိုးရှိမှာလဲ... စားစရာ သောက်စရာ မရှိတဲ့အပြင် စကားပြောစရာ သရဲအဖော်လည်း မရှိဘူးလေ... သူတို့ဘာများ ရမှာမို့လဲ...
အညှိုးအတေးကြီးပြီး ရက်စက်သည့်သရဲတစ္ဆေများက လူမနေသည့်အိမ်တွင် ရှိနေရန်ဖြစ်နိုင်ချေက ပိုနည်းသည်။ ထိုနေရာများက သူတို့၏ လူသားလောကကို အန္တရာယ်ပေးနိုင်ရန် အကြံအစည်များနှင့် လိုက်လျောညီထွေ ဖြစ်မနေပေ။
မြေဖုတ်သရဲများက ကျန်ရှိနေနိုင်သည့် တစ်ခုတည်းသော တည်ရှိမှု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏သေခြင်းတရားထက် အမုန်းတရားက ပိုမိုကျော်လွန်နေသည့်အပြင် မြေအောက်လောကတွင် ယင်းချိုင်များ နည်းပါးလာမှုကြောင့် သူတို့ သေဆုံးသွားသည့်နေရာမှ မထွက်ခွာနိုင်ကြခြင်းဖြစ်သည်။ သူတို့က စိတ်ဓာတ်ကျမှုကိုသာ ထပ်ခါထပ်ခါ ဖြစ်ပေါ်နေပြီး သူတို့သေဆုံးချိန်က ဝေဒနာများကို နေ့ရက်တိုင်း။ခံစားနေရသည်။
သို့သော် မြေဖုတ်သရဲများ၏ ဖြစ်တည်မှုအကြောင်းက ပြောစရာများစွာရှိနေသည်။ အကယ်၍ မြေဖုတ်သရဲတစ်ကောင်က သရဲခြောက်သည်ဟု ပြောနေကြသည့် အိမ်တစ်အိမ်တွင် ရှိနေပါက မြေအောက်လောကရှိ ယင်းချိုင်များ လစာဖြတ်ခံရမည်ဖြစ်သည်။
" ဖူကော..."
ကျန်းခယ့်က ဖိုင်များကို စီနေရာမှ ပျင်းရိလာသောကြောင့် ဖူလီသီချင်းညည်းနေသည်ကို နားထောင်နေသည်။ သူ၏ စိတ်ရောကိုယ်ပါ အေးချမ်းသွားသည်ဟု ခံစားရ၍ စပ်စုစွာဖြင့် မေးလိုက်သည်။
" အစ်ကို ဘာသီချင်းဆိုနေတာလဲ... အဲဒါကိုနားထောင်လိုက်ရုံနဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်မှ ဝိညာဉ်ချီဓာတ်တွေနဲ့ ပြည့်သွားသလိုပဲ..."
" ဒါက အကြီးအကဲဆိတ်ဖြူကြီးဆီကနေ ငါသင်ထားတဲ့ ယောင်လောကသီချင်းပဲ... ဘာလဲဆိုတာတော့ သေချာမသိဘူး..."
ကျန်းခယ့်က ထိုသီချင်းကို သင်ချင်နေသည်ဟု ဖူလီထင်လိုက်မိသည်။
" ဒါက ယောင်လောကရဲ့ ဘာသာစကားဆိုတော့ မင်း သင်လို့ မရလောက်ဘူးထင်တယ်..."
ဖူလီက အမှန်တရားကို ပြောနေခြင်းဖြစ်ကြောင်း ကျန်းခယ့်သိသည့်အတွက် သူ့ကိုသင်ပေးရန် တမင်တကာ ငြင်းဆန်နေသည်ဟု မတွေးမိပေ။ ထိုအစား သူက စပ်စပ်စုစုဖြင့် မေးလိုက်သည်။
" ဒါဆိုရင် ဒီသီချင်းရဲ့ အဓိပ္ပါယ်ကဘာလဲ..."
" ကောင်းကင်၊ ကမ္ဘာမြေကြီးနဲ့ မြစ်ချောင်းတွေက သက်ရှိတွေအားလုံးကို ကောင်းချီးပေးလို့ ကျေးဇူးတင်တာပါ... အကြမ်းဖျင်းအဓိပ္ပါယ်ကတော့ အဲ့လိုပဲ..."
ဖူလီက သရဲခြောက်သည့်အိမ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ထုတ်ယူလာသည်။
" ငါက သီချင်းဆိုမကောင်းဘူး... အကြီးအကဲဆိတ်ဖြူကြီးဆိုရင် တောင်ပေါ်က ယောင်ကျင့်ကြံသူတွေအားလုံးက သူတို့လုပ်လက်စအလုပ်ကိုရပ်ပြီး သူသီချင်းဆိုတာပဲ နားထောင်ကြတာ... သူက အရမ်းပျင်းတာတစ်ခုကတော့ နှမျောစရာပဲ... သူက စကားပြောဖို့လည်းပျင်းတယ်၊ သီချင်းဆိုဖို့လည်းပျင်းတယ် အကုန်ပျင်းနေတာ.. ဒီနှစ်၂၀၀၀လုံးလုံး ငါ တေးသံသုံးခုလောက်ပဲ သင်ခဲ့ရတာ..."
တစ်ဖက်တွင်လည်း ဖူလီသီချင်းဆိုနေသည်ကို ခိုးနားထောင်နေသည့် ချူးယွီက ဖူလီ၏ အကြီးအကဲအားလုံး၏ အကျင့်စရိုက်က ထူးဆန်းလွန်းသည်ဟု တွေးနေမိသည်။ ကျူးယွဲ့ဟူသော အနီရောင်ငှက်ကလည်း သူတို့အားလုံးကို ရက်ရောစွာဖြင့် ပေးကမ်းနေသော်လည်း သူမလက်ဆောင်များက မကောင်းဟု ပြောခဲ့သည့်အပြင် ဆိတ်ဖြူကြီးကလည်း လက်တစ်ဖက်ပင်မြှောက်ရန် ပျင်းရိနေသည်။ ဖူကောကို သူတို့အားလုံး မှားယွင်းပြီး မစောင့်ရှောက်ခဲ့ခြင်းက ယောင်လောကအတွက် ကံကောင်းခြင်းဖြစ်သည်။
" ဖူကော ဒီနေ့ စိတ်ကောင်းဝင်နေတဲ့ပုံပဲ ရတနာတွေဘာတွေများ ကောက်ရထားလို့လား..."
ချူးယွီက စပ်စုလိုက်သည်။
" ငါ ရတနာတော့ ကောက်မရပေမယ့် အခု အိမ်တစ်လုံး ရလာပြီ..."
ဖူလီက ပျော်ရွှင်စွာဖြင့် ဖြေလိုက်သည်။
" အစ်ကို အိမ်ဝယ်လိုက်တာလား..."
အခန်းထဲမှ လုပ်ဖော်ကိုင်ဖက်အားလုံး ထိ
တ်လန့်သွားကြသည်။ ဖူလီက သာမန်မဟုတ်သည့် ရတနာများစွာကို ပိုင်ဆိုင်ထားသော်လည်း သူ့လက်ထဲတွင် ယခုခေတ်လူသားလောက၏ ငွေကြေးက များများစားစားမရှိပေ။
မြို့တော်လို အရမ်းဈေးကြီးတဲ့ နေရာမျိုးမှာ ဖူကောက အိမ်တစ်လုံးတကယ် ဝယ်နိုင်တာလား...
သူက လူသားလောကကို သူ့ဆေးတွေရောင်းဖို့ ရောက်လာတာလား...
" ဖူကော ဝယ်ထားတဲ့အိမ်က ဘယ်လောက်တောင် ကြီးတာလဲ..."
ကျန်းခယ့်က မနာလိုစွာဖြင့် မေးလိုက်မိသည်။
" အခုနောက်ပိုင်း အိမ်ခန်းရောင်းတဲ့နေရာတွေ အများကြီးပေါ်လာတာ ကြော်ငြာတွေမှာလည်းတွေ့ရတယ်... အစ်ကို ဘယ်တစ်ခုကို ဝယ်လိုက်တာဲ..."
ဖူလီက ကျန်းခယ့်ကို ကုမ္ပဏီနာမည် ပြောပြလိုက်သည်။
ဖူလီက သူ၏ဆေးဝါးပစ္စည်းများကို ရောင်းချခြင်း သို့မဟုတ် အခြားသီးသန့်အလုပ်တစ်ခုလုပ်နေကြောင်း ကျန်းခယ့်စိတ်ထဲတွင်သေချာလုနီး ဖြစ်သွားသည်။ ထိုသို့မဟုတ်ပါက ထိုနေရာတွင် အိမ်တစ်လုံးဝယ်နိုင်မည် မဟုတ်ပေ။ စီမံခန့်ခွဲရေးဗျူရိုက ဝန်ထမ်းများကို ကိုယ်ပိုင်သီးသန့်အလုပ် မလုပ်ရဟု မတားမြစ်ထားသော်လည်း ဤနယ်ပယ်၏ပုံရိပ်ကို တည်ဆောက်ရန် ဗြောင်ကျကျ ထုတ်မပြောကြပေ။ ဝန်ထမ်းအချို့က ရံဖန်ရံခါတွင် ဖုန်းရွှေကို စစ်ဆေးပေးခြင်းနှင့် ကံကြမ္မာဖတ်ခြင်း အလုပ်များကို သီးသန့်လုပ်လေ့ရှိကြသည်။ ဖူလီ ပြဿနာတက်မည်စိုး၍ ကျန်းခယ့်က အားလုံး ဤကိစ္စကို သတိမပြုနိုင်ရန် ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်သည်။
ကံကောင်းသည်မှာ ရုံးခန်းထဲမှလူအားလုံးက ဖူလီနှင့် ရင်းနှီးသူများဖြစ်၍ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက်တွင် ထိုအကြောင်းကို ဆက်မပြောကြတော့ပေ။
" ဖူကော ဒီသရဲခြောက်တဲ့အိမ်ကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခု ထူးခြားတယ် မထင်ဘူးလား..."
ချူးယွီက ဖူလီ့လက်ထဲမှ သရဲခြောက်သည့်အိမ်ပုံကို သတိပြုမိသွားသည်။
" အဲဒီမှာ တကယ်ပဲ သရဲရှိတာလား..."
" ငါလည်း သရဲရှိမရှိတော့ သေချာမသိဘူး... ဓာတ်ပုံကိုကြည့်ရုံနဲ့ သေချာပြောလို့မရဘူး..."
ဖူလီက ခေါင်းခါပြလိုက်သည်။
" ဒါပေမဲ့ အဲဒီမှာဖြစ်နေတဲ့ သဘာဝလွန်ဖြစ်ရပ်တွေက တခြားသရဲခြောက်တဲ့အိမ်တွေနဲ့တော့ ကွဲပြားတယ်..."
သရဲခြောက်သည့် အခြားအိမ်များကို ဝင်သွားလျှင် ထူးဆန်းသည့်အသံများ ကြားရလေ့ရှိသော်လည်း ဤအိမ်ကိုမူ အေးအေးဆေးဆေးပင် ဝင်ထွက်သွားလာနိုင်သည်။ သို့ရာတွင် ဤသရဲခြောက်သည့်အိမ်ထဲ ဝင်သွားမိသူများမှာ အချိန်ကာလတစ်ခုအထိ ကံဆိုးတတ်ကြသည်။ ထို့အပြင် သူတို့က ငှက်များ၏ မနှစ်မြို့ခြင်းခံရပြီး ငှက်များက သူတို့မျက်နှာကိုထိုးဆိတ်ကာ ဗိုက်ဖောက်စားနေသည့် အိမ်မက်ဆိုးများ မက်လေ့ရှိကြသည်။
သို့ဖြစ်၍ ၎င်းက အလွန်ထူးဆန်းသော သရဲခြောက်သည့်အိမ်အဖြစ် မီဒီယာများအကြားတွင် ရပ်တည်နေသည်။
" ကြည့်ရတာ အဲ့အိမ်ထဲမှာရှိတာက သရဲမဟုတ်ဘဲ မိစ္ဆာထင်တယ်..."
ဤသရဲခြောက်သည့်အိမ်တွင် လွန်ခဲ့သော နှစ်၂၀၀ကျော်ခန့်က လူချမ်းသာမိသားစု နေထိုင်ခဲ့ခြင်းဖြစ်၍ အလွန်ခမ်းနားစွာ အလှဆင်ထားသည်။ ၎င်းကို မပြုပြင်သည်မှာ နှစ်ပေါင်းများစွာကြာသော်လည်း ဓာတ်ပုံကိုကြည့်ရုံဖြင့် ယခင်က ခမ်းနားခဲ့မှုများကို မြင်နိုင်ပေသည်။ နောက်ပိုင်းတွင် ၎င်းကို အထင်ကရ နေရာတစ်ခုအဖြစ် တိုးချဲ့ရန် ရွေးချယ်ခံခဲ့ရသည်။ သို့သော် အကြောင်းပြချက်အချို့ကြောင့် အိမ်ကိုချောင်ထိုးထားလိုက်ကြ၍ ယခုအခါ သရဲခြောက်သည့်အိမ်များအနက်မှ တစ်ခုအပါအဝင် ဖြစ်သွားသည်။
" မင်း ပြောချင်တာက လူသားလောကကို လိုင်စင်မရှိဘဲ ရောက်လာတဲ့မိစ္ဆာမျိုးကိုလား..."
ချူးယွီ ရင်ထဲတွင် ကြောက်လန့်သွားရသည်။
စီမံခန့်ခွဲရေးဗျူရိုရဲ စောင့်ကြည့်မှုအောက်ကနေ လိုင်စင်မရှိဘဲ လူသားလောကကို ထွက်ပြေးသွားရဲတဲ့ မိစ္ဆာရှိသေးတာလား... ဒါက အဖက်မလုပ်တာပဲလား အကြောက်အလန့်ကင်းတာများလား...
" ငါလည်း မသေချာဘူး..."
ဖူလီ ခေါင်းခါလိုက်ပြီး သရဲခြောက်သည့်အိမ်အကြောင်း ရေးသားထားသည့် စာရွက်စာတမ်းများကို ချထားလိုက်သည်။
" မနက်ဖြန် အဲဒီကိုသွားပြီးမှပဲ သိနိုင်မှာ..."
" ဒီလိုဆိုလည်း ရတာပဲ..."
ချူးယွီ ခေါင်းညိတ်ပြလိုက်သည်။
" အစ်ကို့ရဲ့ လက်ထောက်အနေနဲ့လိုက်ဖို့ ချင်ရှုကို သွားခေါ်လိုက်မယ်..."
ထောင့်တွင်ထိုင်နေသည့် ကျန်းခယ့်ကြားသောအခါ အလျင်အမြန်လာပြောလိုက်သည်။
" ကျွန်တော့် ဂျူနီယာညီလေးဝေ့စန်းကိုလည်း ခေါ်သွားပါလား..."
ချူးယွီနှင့် ကျန်းခယ့်တို့က လေထဲတွင် အကြည့်ချင်းဆုံသွားသည်။ တစ်ယောက်၏အတွေးကို တစ်ယောက်က တွေးမိပုံဖြင့် မာနကြီးစွာဖြင့် ခေါင်းများပြန်လှည့်လိုက်သည်။
" ဒီလိုကိစ္စလေးအတွက် ငါသူတို့ကို ဒုက္ခပေးလို့ ဘယ်ဖြစ်မလဲ..."
ဖူလီ ရှက်သွားမိသည်။
" ပြဿနာ မရှိပါဘူး ပြဿနာ မရှိပါဘူး... ဝေ့စန်းက ငယ်သေးတယ်... သူ့ကို ဖူကောဆီကနေ သင်ယူခိုင်းလိုက်ပါ..."
ကျန်းခယ့်က ပြောလိုက်သည်။
ချူးယွီကလည်း ကျန်းခယ့်နှင့် အတွေးတူနေသည်။ ချင်ရှုက သူ၏ ဂျုနီယာတာအိုပညာရှင်ဖြစ်ကာ ဝေ့စန်းကလည်း ကျန်းခယ့်၏ဂျူနီယာဖြစ်နေသည်။ သူတို့နှစ်ယောက်လုံးက သူတို့လူအတွက်သာ တွေးတောပေးနေခြင်းဖြစ်သည်။
သူတို့တွေးနေသည်ကို သဘောပေါက်သွားသောဖူလီက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။
" ငါ သဘောပေါက်ပါပြီ..."
ကျန်းခယ့်နှင့် ချူးယွီက သူတို့နေရာကို အလွဲသုံးစားလုပ်၍ ရွှေပေါင်ကိုဖက်နေသည်ကို အခြားလုပ်ဖော်ကိုင်ဖက်များက အထင်သေးစွာဖြင့် ကြည့်နေကြသည်။