🐰Chapter 138🐉
ပန်းကန်ဆေးခြင်း
ထိုည သူတို့ရုံးဆင်းချိန်တွင် နှင်းများကျဆင်းလာပြန်သည်။ ဖူလီက ဝန်ထမ်းအဆောင်သို့မပြန်ဘဲ ဘော့စ်၏ကားပေါ်တက်သွားသည်ကို ရှုယွမ်မြင်လိုက်သည်။ သူမက ဘေးနားမှ ချောင်းယွင်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဖူကောက အခုနောက်ပိုင်း ဘော့စ်အိမ်မှာ တူတူနေနေတာများလား..."
" မပြောတတ်ဘူး ဟုတ်ရင်လည်းဟုတ်မှာ..."
ချောင်းယွင်က ဖူလီ့အခန်းထဲမှ မပြုပြင်ရသေးသည့် ပြတင်းပေါက်ကို တွေးမိသွား၍ သူမ၏ အမူအရာက လေးနက်လာသည်။
" ဖူကောရဲ့ အခန်းပြတင်းပေါက်တွေ မပြင်ရသေးလို့နေမှာ..."
" လွန်ခဲ့တဲ့ နှစ်ပတ်လောက်တည်းက ပြင်ပြီးသွားပြီ မဟုတ်ဘူးလား..."
ရှုယွမ်က ထိုစကားများ ပြောပြီးချိန်မှ သဘောပေါက်သွား၍ ပါးစပ်ကို အမြန်အုပ်လိုက်သည်။ သူမက အခြားလူတစ်ယောက်၏ကိစ္စကို ဝင်ရောက်စွက်ဖက်သွားမိသည်။
" ဒီလိုအေးတဲ့ညမျိုးမှာ ဆိုဖာပေါ်ကွေးပြီး ဟော့ပေါ့လေး ချက်စားရရင် အရမ်းကောင်းမှာပဲ..."
ဖူလီက စူပါမားကတ်ထဲမှ ပစ္စည်းများစွာကို ဝယ်ယူလာပြီး ကားနောက်ခန်းထဲ ထည့်ထားလိုက်သည်။ သူ။ကားရှေ့ခန်းတွင် ဝင်ထိုင်လိုက်ပြီး သူ့ခေါင်းပေါ်မှ နှင်းများကိုခါ၍ ပျော်ရွှင်စွာပြောလိုက်သည်။
" သွားကြမယ် သွားကြမယ်..."
ဖူလီက ကားကူရှင်ပေါ် နှင်းဖတ်များ ခါချလိုက်သည်ကို မြင်သော်လည်း ကျွမ်းချင် ဘာမှမပြောမိပေ။ သူ ဖူလီ့ကို တစ်သျှူးအနည်းငယ်သာ ကမ်းပေးလိုက်သည်။
" အဝတ်တွေ ရေမစိုစေနဲ့..."
" ရပါတယ် ငါက မိစ္ဆာလေ လူသားမှမဟုတ်တာ နေမကောင်းမဖြစ်ပါဘူး..."
ဖူလီက တစ်သျှူးများယူပြီးနောက် သူ့အဝတ်များကို သာမန်ကာလျှံကာဖြင့် နှစ်ကြိမ်သုတ်လိုက်သည်။
" ငါ မင်းအိမ်မှာ နေစရိတ် စားစရိတ်မပေးဘဲ အကြာကြီးနေနေမိတာ တော်တော်ရှက်စရာကောင်းတာပဲ..."
အမှန်တွင် မူလက ပြတင်းပေါက်များ ပြုပြင်ပြီးသည်နှင့် အဆောင်သို့ပြန်နေရန် တွေးထားခြင်းဖြစ်သည်။ သို့သော် ကျွမ်းချင်၏အိမ်က အဆောင်ထက်ပို၍ သက်တောင့်သက်သာရှိပေသည်။ အရေးကြီးဆုံးမှာ ဧကရာဇ်၏တော်ဝင်မိသားစုဟု သူ့ကိုယ်သူပြောထားသော ခေါင်းဆောင်စားဖိုမှူးပေါင်ထက်ပို၍ အချက်အပြုတ်ကောင်းပေသည်။ သို့ဖြစ်၍ သူ အကျင့်ပျက်လာပြီး မျက်နှာပြောင်ပြောင်ဖြင့် မထွက်သွားတော့ခြင်းဖြစ်သည်။
နဂါးလေးကျွမ်းက ရက်ရောသောကြောင့် သူ့အတွက်ကောင်းသွားခဲ့သည်။ သူ စရိတ်မပေးဘဲ စားသောက်နေထိုင်သည်ကို သဘောမကျ မဖြစ်ရုံသာမက ရံဖန်ရံခါတွင် သူ့အတွက် အရသာရှိသော အစားအစာများ ချက်ပြုတ်ပေးလေ့ရှိသည်။ ဤသို့သော မိတ်ဆွေ ဆက်ဆံရေးမျိုးကြောင့် သူပို၍ နေချင်စိတ်ဖြစ်လာသည်။
" တစ်ယောက်တည်းစားရမှာ ပျင်းစရာကောင်းတယ်လေ... အဖော်တစ်ယောက်ယောက်ရှိတော့ ပိုစားဝင်တာပေါ့..."
ကျွမ်းချင်၏ မျက်လုံးများက ရှေ့တည့်တည့်မှ လမ်းကိုသာ ကြည့်နေသည်။ နှင်းကျသောရက်များတွင် လမ်းချော်တတ်သောကြောင့် အလွန်အမင်းသတိထား၍ ကားမောင်းနေရသည်။
" မင်း အခုမှ ဒီအကြောင်းပြောတယ်ဆိုတော့ ငါနဲ့စားရမှာ အနှောင့်အယှက်ဖြစ်လို့လား..."
" အဲ့သဘော မဟုတ်ပါဘူး..."
ဖူလီက ချက်ချင်း ငြင်းဆိုလိုက်သည်။
" မင်းကို ပိုက်ဆံတပြားမှမပေးပဲ စားသောက်နေရတာ မကောင်းဘူးထင်လို့ပါ..."
" ငါတို့က မိစ္ဆာတွေလေ ဆယ်နှစ် နှစ် ၂၀လောက် တူတူနေကြတာ ပုံမှန်ပါပဲ... ဘယ်သူက အဲ့လို အသေးအဖွဲ့ကိစ္စလေးကို ဂရုစိုက်လို့လဲ..."
ကျွမ်းချင်က ကားကို လမ်းဘေးကပ်ပြီး ဖြည်းဖြည်းချင်းမောင်းကာ ကျော်တက်ချင်နေသည့် အပြာရောင်ကားတစ်စီးကို လမ်းဖယ်ပေးလိုက်သည်။
" လူသားတွေရဲ့ လုပ်ရိုးလုပ်စဉ်ကိစ္စတွေက ရှုပ်ထွေးပြီး အပေါ်ယံသာသာပါပဲ ငါတို့က လူသားတွေလုပ်သလို တစ်ပုံစံတည်း လိုက်လုပ်စရာ မလိုဘူးလေ... မဟုတ်ရင် မိစ္ဆာဖြစ်ရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ..."
" ငါက ကလေးဘဝတည်းက တစ်ယောက်တည်းနေလာခဲ့တော့ တခြားမိစ္ဆာတစ်ယောက်နဲ့ တူတူနေရတဲ့ သက်ဝင်လှုပ်ရှားမှုမျိုးကို တစ်ခါမှ မခံစားခဲ့ဖူးဘူး..."
ကျွမ်းချင်က ဖူလီ့ဘက်လှည့်လိုက်သည်။ သူ၏လှပ သော မျက်ဝန်းများက တည်ငြိမ်ပြီး ခံစားချက်အတက်အကျကင်းမဲ့နေသည်။
" တကယ်လို့ အဲဒါက မင်းအတွက် အနှောင့်အယှက်ဖြစ်တယ်ဆို..."
" မဖြစ်ပါဘူး လုံးဝမဖြစ်ဘူး..."
ဖူလီက နှလုံးခုန်သံ မူမမှန်ဖြစ်ပြီး ခေါင်းထဲ ရီဝေဝေဖြစ်လာသည်အထိ ကျွမ်းချင်ကို စိုက်ကြည့်နေလိုက်မိသည်။ သူက လောကဝတ်နှင့်ဆိုင်သည့် စကားတစ်ခွန်းမှ မပြောနိုင်ဖြစ်နေသည်။
" ငါ မင်းနဲ့ တူတူနေရတာ အရမ်းပျော်ပါတယ်..."
" အင်း..."
ကျွမ်းချင်က ဖူလီ့ကို စူးစိုက်ကြည့်နေသည့် မျက်လုံးများကို အကြည့်လွှဲကာ ခပ်ဟဟပြုံးလိုက်သည်။
" ငါလည်း အရမ်းပျော်ပါတယ်..."
ဖူလီက ကူရှင်ကို ယူလိုက်သည်။ သူ ပြောခဲ့သည့်စကားများကို စတင်နောင်တရလာမိသည်။ ထိုစကားများကြောင့် ကျွမ်းချင်က အတိတ်တွင် ဖြစ်ပျက်ခဲ့သည့် နာကျင်မှုများကို ပြန်လည်အမှတ်ရသွားနိုင်ပေသည်။
ကျွမ်းချင် ပြောတာက မှန်နေတာများလား သူက ဘာကိစ္စလုပ်လုပ် ဦးနှောက်မသုံးမိသလိုပဲ...
နားပင်းလုမတတ်အသံကျယ်ကြီးကြောင့် သူ အသိစိတ်ပြန်ကပ်လာရသည်။ သူ ကားပြတင်းပေါက် အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။ အပြာရောင်ကားက လမ်းမီးတိုင်ကို ဝင်တိုက်မိသွား၍ ကားရှေ့ချိုင့်သွားသည်။ ကံကောင်းသည်မှာ ကားမောင်းသူက ကားထဲမှ တွားသွားထွက်လာ၍ အခြေအနေမဆိုးသွားပေ။
" ဒီလို နှင်းကျတဲ့ ရာသီဥတုမျိုးမှာ လမ်းတွေက ချော်နေလို့ ကားမောင်းရင် ဖြည်းဖြည်းပဲမောင်းရတယ်..."
ကျွမ်းချင်က ကားစတီယာရင်ကို တင်းကြပ်စွာကိုင်ထားလိုက်သည်။
" အမြန်သွားမယ်ဆို ယာဉ်တိုက်မှုဖြစ်တတ်တယ်..."
" အာ..."
ဖူလီက ငေးငိုင်နေလျက် ခေါင်းညိတ်ပြလိုက်သည်။ ထိုစကားများက အမှန်ပင် အဓိပ္ပါယ်ရှိလှသည်။
ညရောက်သည့်အခါ သူတို့နှစ်ယောက်က အရသာရှိသော ဟော့ပေါ့ ချက်စားကြသည်။ ပြတင်းပေါက်အပြင်ဘက်တွင် နှင်းများက တဖြည်းဖြည်းထူထပ်လာသည်။ ဖူလီက အပြင်ဘက်ကိုကြည့်ပြီး ကျွမ်းချင်ကိုလှမ်းပြောလိုက်သည်။
" သိပ်မကြာခင် နှစ်သစ်ကူးအကြိုရက်တွေတောင် ရောက်တော့မယ်..."
ကျွမ်းချင်က တူကိုချထားလိုက်သည်။
" အဲ့တော့ဘာဖြစ်လဲ..."
ဖူလီ ခေါင်းခါလိုက်သည်။ သူ "နျန်" ကို မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
" မင်း ဗိုက်ပြည့်ပြီလား..."
" ပြည့်ပြီ..."
" ဒါဆို ပန်းကန်ဆေးလေ..."
ကျွမ်းချင်က ပန်းကန်အလွတ်များကို ဖူလီ့ရှေ့တွင် ချပေးလိုက်သည်။
" ဒီည ပန်းကန်ဆေးရမှာ မင်းအလှည့်လေ..."
ဖူလီက အသံတိုးတိုးဖြင့်ပြောလိုက်သည်။
" မင်း ပန်းကန်ဆေးရမယ့် နေ့ကကျတော့ ငှက်သိုက်ရည်ပဲစားပြီး ငါ့အလှည့်ကျ ဟော့ပေါ့စားတယ်ပေါ့..."
" မင်း ဘာပြောလိုက်တာလဲ..."
ကျွမ်းချင်က ဆိုဖာပေါ် မှီလိုက်သည်။
" ငါ သေချာ မကြားလိုက်ဘူး..."
" ဒီနေ့ချက်စားတဲ့ ဟော့ပေါ့က အရသာရှိတယ်လို့ ငါပြောတာပါ..."
ဖူလီက အိုးနှင့် ပန်းကန်လုံးများကို မီးဖိုချောင်ထဲ မြန်မြန်ယူသွားလိုက်သည်။
ထားလိုက်ပါတော့ ထားလိုက်ပါတော့... ဒေါသထွက်နေချိန်မှာ စကားမပြောတာကောင်းတယ်တဲ့... နဂါးလေးကျွမ်းက သူ့ကို ဒီမှာ စိတ်လိုလက်ရ နေခွင့်ပြုထားတာ တခြားအကြောင်းပြချက်ရှိနေလို့ကိုး... သူက သူ့ကို ပန်းကန်ကူဆေးပေးဖို့ လူရှာချင်နေတာပဲ...
အိုင်း... နောက်ဆုံးတော့ ကျွမ်းချင်ရဲ့ ရက်စက်တဲ့ရည်ရွက်ချက်တွေကို ငါ မြင်ခဲ့ရပြီ...
ကျွမ်းချင်က တီဗီဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို စောင်ခြုံလိုက်သည်။ မီးဖိုချောင်ထဲမှ ရေကျသံကြားသည့်အခါ သူ ရယ်လိုက်မိသည်။
ဒီလိုမျိုးလေး နေနေရရင်လည်း မဆိုးပါဘူး...
သူတို့ နောက်နေ့မနက်နိုးလာချိန်တွင် ဗီလာအပြင်ဘက်၌ နှင်းများက အထပ်လိုက်ဖြစ်နေသည်။ များပြားလှသည့် ရေနေသတ္တဝါမိစ္ဆာလေးများက နှင်းများကို အားသွန်ခွန်စိုက်ရှင်းနေသည်ကို မြင်သောအခါ ဖူလီ အောက်ထပ်သို့ ပြေးဆင်းလာပြီး ဧည့်ခန်းထဲမှ ဆိုဖာတွင်ထိုင်နေသည့်ကျွမ်းချင်ကို ပြောလိုက်သည်။
" ရေနေသတ္တဝါမျိုးနွယ်က ဒီမိစ္ဆာငယ်လေးတွေက ရွှေနဂါးမျိုးနွယ်ရဲ့ လက်အောက်ငယ်သားတွေလား..."
မနက်စာပြင်ဆင်နေသည့်ကျွမ်းချင်က သူ့ကိုထိုင်ခိုင်းလိုက်သည်။
" သူတို့က ဆောင်းရာသီဆိုရင်ရောက်လာကြပြီ နှင်ထုတ်လို့လည်းမရဘူး... မင်း သူတို့ကို အာရုံမစိုက်လည်းရတယ်..."
သူ့မျက်နှာထက်မှ စိတ်မရှည်လက်မရှည် အမူအရာကို မြင်သောကြောင့် ဖူလီက ထပ်မမေးမိတော့ပေ။ သို့ရာတွင် သူ အဝတ်အစားလဲရန် အပေါ်ထပ်ကို တက်သွားချိန်၌ ကျွမ်းချင်က မနက်စာထမင်းဘူးကြီးတစ်ခုကို သယ်သွားပြီး ထိုမိစ္ဆာလေးများကို ဝေပေးနေသည်အား မြင်လိုက်ရသည်။ သူက မိစ္ဆာတိုင်းကိုလည်း ယွမ်ရာအနည်းငယ်ခန့် ပေးနေသည်။
ထိုမိစ္ဆာလေးများက ကျွမ်းချင်အပေါ် အလွန်ရိုသေလေးစားကြပြီး ငွေကို လက်မခံရဲကြပေ။ သို့ရာတွင် ကျွမ်းချင်ထံမှ အေးစက်စက်အကြည့်တစ်ချက်ဖြင့် အကြည့်ခံလိုက်ရပြီးသည့်နောက်တွင် ချက်ချင်းနာခံစွာဖြင့် လက်ခံလိုက်ကြသည်။
ကျွမ်းချင်ကို သူတို့က 'အရှင်မင်းကြီး၊ နဂါးဘုရင်' ဟူ၍ သုံးနှုန်းကြသည်ကို ဖူလီ ကြားလိုက်ရသည်။
ရွှေနဂါးမျိုးနွယ်က မျိုးသုဉ်းလုနီးပါးဖြစ်နေ၍ သူတို့၏အုပ်ချုပ်မှုအောက်မှ ရေအိုင်၊ ပင်လယ်၊ မြစ်ချောင်းများအားလုံးကို အခြားသော နဂါးမျိုးနွယ်စုများက ခွဲဝေယူထားရသည်။ ယခင်က တည်ရှိခဲ့သော နဂါးမျိုးနွယ်အပေါ် သစ္စာရှိကာ လေးစားသမှုကို ပြသနေသည့် ရေနေသတ္တဝါမျိုးနွယ်များ ရှိနေသေးသည်က မမျှော်လင့်ထားသည့်အရာဖြစ်သည်။
ဖူလီက ပြတင်းပေါက်ဘောင်ပေါ်မှီနေပြီး ကျွမ်းချင် ထိုမိစ္ဆာလေးများဖြင့် ပြောဆိုဆက်ဆံနေပုံက အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိသည်။
ကျွမ်းချင် အပေါ်မော့ကြည့်လိုက်သည့်အခါ ဖူလီက ပြတင်းပေါက်ဘောင်အပြင်ဘက်ကို ခေါင်းပြူကြည့်နေသည်အား မြင်လိုက်ရသည်။ သူ့မျက်နှာက ချက်ချင်းမှောင်မည်းသွားသည်။
" အထဲပြန်ဝင်နေလေ နှင်းတွေကျနေတာကို..."
ဘန်း...
ပြတင်းပေါက်တံခါးက ပိတ်သွားပြီး ခေါင်းစုတ်ဖွားလေးကလည်း အထဲပြန်ဝင်သွားသည်။
ကျွမ်းချင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ တစ်ဖက်လှည့်ပြီး မြေပြင်ကို အားတက်သရော လှဲကျင်းနေကြဆဲဖြစ်သည့် ရေနေသတ္တဝါမိစ္ဆာလေးများကို ကြည့်လိုက်သည်။
" ရာသီဥတုကအေးနေတာ ပင်လယ်ကို စောစောပြန်ကြ..."
" ကျွန်တော်မျိုးတို့ အရှင်ပြောတဲ့အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်..."
ကျွမ်းချင် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး ရေနေသတ္တဝါမိစ္ဆာလေး၏ စိတ်ဓာတ်ကို သူ မပြင်ဆင်နိုင်ကြောင်း သတိပြုမိလိုက်သည်။
" နဂါးလေးကျွမ်း..."
ဖူလီက မာဖလာပတ်၍ အိမ်ထဲမှထွက်လာသည်။
" ငါဒီနေ့ ချင်ရှုနဲ့ ဝေ့စန်းကိုခေါ်ပြီး သရဲခြောက်တဲ့အိမ်ကို သွားစုံစမ်းဦးမှာဆိုတော့ ဗျူရိုမှာ နေ့လယ်စာမစားတော့ဘူး... ငါဖို့ မယူထားနဲ့တော့..."
" ကောင်းပြီလေ..."
ကျွမ်းချင်က သစ်ရွက်မှ ဦးထုပ်တစ်ခုဖန်တီးလိုက်ပြီး ဖူလီ့ခေါင်းပေါ် ဆောင်းပေးလိုက်သည်။
" ငါမင်းကို လိုက်ပို့မယ်လေ..."
" ရတယ် ငါရထားစီးသွားလိုက်မယ် ရုံးနောက်မကျစေနဲ့ဦး..."
ဖူလီက ဦးထုပ်ကို နေရာတကျဖြစ်အောင်ဆောင်းလိုက်ပြီး လေတိုက်လျှင် လွင့်မသွားအောင် လုပ်လိုက်သည်။
" ငါသွားပြီနော် ညကျမှတွေ့မယ်..."
ကျွမ်းချင်က ဖူလီ ခုန်ဆွခုန်ဆွဖြင့် အမြန်ထွက်သွားပြီး ဝင်ပေါက်မှ ပေါက်ကွယ်သွားသည်ကို ကြည့်နေသည်။ သူ့အပြုံးများလည်း ခဏအကြာတွင် ပျောက်ကွယ်သွားသည်။
" သူက တကယ့်ကို ယုန်နဲ့တူတာပဲ..."
" အရှင် နဂါးဘုရင်..."
ရေနေသတ္တဝါမိစ္ဆာလေးက တုန်ယင်နေသည်။
" အရှင့်ရဲ့မိတ်ဆွေ ကျင့်ကြံသူမှာ တော်တော်လေး အန္တရာယ်များတဲ့ အော်ရာတစ်ခု ရှိနေတယ်..."
ဖူလီ နီးကပ်လာချိန်တွင် သူ၏ကျောပြင်က အေးစက်လာပြီး ငါးခန္ဓာကိုယ်တစ်ခုလုံး အသက်ရှုကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
ကျွမ်းချင် သူ့ကိုကြည့်လိုက်သည်။
သူ့ရဲ့ မူရင်းပုံစံက... ဖူလီကြိုက်တဲ့ ငါးမျိုးမလား...
သူ ထိုသို့တွေးပြီးနောက် ဖျောင်းဖျဟန်ဖြင့် ပြောလိုက်သည်။
" စိတ်မပူပါနဲ့... သူက မင်းလိုငါးမျိုးကို စားရတာကြိုက်ပေမယ့် အသိဉာဏ်ရှိတဲ့ငါးဆိုရင်တော့ မစားပါဘူး..."
ရေနေသတ္တဝါမိစ္ဆာလေး : .....
သူအခု ပိုတောင်ကြောက်သွားပြီလေ...
.....
လက်ရှိအချိန်တွင် ရထားပေါ် တိုးဝှေ့တက်သွားသည့်ဖူလီက ကျွမ်းချင် သူ့ကိုအိမ်ဝယ်ပေးထားသည့်ကိစ္စက အင်တာနက်အပေါ်တွင် သတင်းထောက်များ၏ ပထမဆုံး မနက်ပိုင်းသတင်းဖြစ်လာပြီး မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများ၏ အာရုံစိုက်မှုကို ရရှိထားကြောင်း မသိသေးပေ။
သူ ယုန်သားခြောက် မဖြစ်သေးမီအချိန်တွင် ဘူတာရုံထဲမှ ထွက်လာနိုင်ခဲ့သည်။ လူပြောများသော သရဲခြောက်သည့်အိမ်ကြီးကို လမ်းကြားထဲတွင် တွေ့လိုက်သည်။
ဝေ့စန်းနှင့် ချင်ရှုတို့က ရောက်နှင့်နေပြီဖြစ်သည်။ ဖူလီကိုတွေ့သည်နှင့် သူတို့နှစ်ယောက် အမြန်လာနှုတ်ဆက်ကြသည်။
ဖူလီ့ကိုယ်ပေါ်မှ နဂါးနံ့ပြင်းပြင်းကြောင့် ဝေ့စန်းက ဦးညွတ်လုမတတ်ဖြစ်သွားရသည်။
" ဖူကော ကောင်းသောမနက်ခင်းပါ..."
" ကောင်းသောမနက်ခင်းပါ..."
ဖူလီက သူတို့နှစ်ယောက်ကို လက်ပြလိုက်ပြီးနောက် သရဲခြောက်သည့်အိမ်ကို ကြည့်လိုက်သည်။ မိစ္ဆာချီဓာတ်ကို သူအာရုံမခံမိပေ။
သို့သော်လည်း အတွင်းထဲတွင် ထူးဆန်းသည့်အရာ မရှိနေဟု မဆိုလိုပေ။ အတွင်းမှ ယောင်ကျင့်ကြံသူက အော်ရာကို ချိတ်ပိတ်နိုင်စွမ်းရှိသူလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ထိုထက်သန်မာသူလည်းဖြစ်နိုင်သည်။
ဖူလီကအိမ်အပြင်ဘက်မှ နံရံပေါ် ခုန်တက်လိုက်သည်။ သူ့ခြေထောက်အောက်မှ ခြောက်သွေ့နေသည့် မြက်များကိုကြည့်ပြီး ဝေ့စန်းနှင့် ချင်ရှုကို သတိပေးလိုက်သည်။
" သတိထားကြဦး..."
နှင်းထုကြီးနှင့် မြက်ခြောက်များက ဆွေးမြေ့သည့်အနံ့တစ်မျိုး ထုတ်လွှတ်နေသည်။ သူတို့နှင့် မနီးမဝေးတွင် ရေတွင်းတစ်တွင်းရှိပြီး အစိမ်းရင့်ရောင်ရေညှိများ ရှိနေသည်။ ကြောက်စရာကောင်းသည်မှာ ရေညှိုများမဟုတ်ဘဲ နှင်းထူထပ်နေသည့် ရာသီဥတုထဲတွင် ခြံဝင်းထဲ၌ နှင်းအလွှာပါးလေးသာ ရှိနေခြင်းဖြစ်သည်။ ခြံဝင်းတစ်ခုလုံး ရွှံ့များဖြင့်ပြည့်နေသည်။
" ခြံဝင်းကို တစ်ယောက်ယောက် သန့်ရှင်းရေးလုပ်ထားတာလား ဒါမှမဟုတ်..."
ချင်ရှု ပါးစပ်ပိတ်လိုက်မိသည်။ ခြံဝင်းက မည်သို့ကြည့်ကြည့် သန့်ရှင်းရေးပြုလုပ်ထားသည်နှင့် မတူပေ။ အပြင်ပိုင်းသက်ရောက်မှုအားတစ်မျိုးက နှင်းများကို ပျောက်ကွယ်သွားစေသည်နှင့် ပိုတူနေသည်။ သို့သော် သူ ဝိညာဉ်ချီဓာတ်ကို မခံစားရသကဲ့သို့ ရန်လိုမှုနှင့် အညှိုးအတေးချီဓာတ်များကိုလည်း မခံစားရပေ။ ဤနေရာတွင် သက်ရှိတစ်ယောက်ယောက် ရှိနေပါက ချီဓာတ်အချို့ကျန်ရစ်ခဲ့နိုင်ပေသည်။ ချီဓာတ်မရှိနေခြင်းကလည်း ကြောက်စရာကောင်းသည့်အချက်များထဲမှ တစ်ခုဖြစ်သည်။
ချင်ရှုက အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လာသည့် လက်မောင်းကို ထိလိုက်သည်။
" ငါတို့ ဒီနေ့ အကြီးအကဲချူးကို ခေါ်ခဲ့သင့်တာ..."
ချူးယွီက ယောင်ကျင့်ကြံသူပေါင်းစုံ၏ ချီဓာတ်များကို သဘာဝအတိုင်းခံစားနိုင်ပေသည်။ ကောင်းကင်ဘုံစည်းမျဉ်းကြောင့် အသွင်ယူလာနိုင်သည့် မိစ္ဆာ၏ချီဓာတ်ကိုပါ သူ အာရုံခံနိုင်သည်။
" အသုံးမဝင်လောက်ဘူး... ချူးယွီပါလာခဲ့ရင်တောင် သူ များများ အာရုံခံနိုင်မယ် မထင်ဘူး..."
ဖူလီက အဆောင်နှစ်ခုကိုထုတ်ပြီး ဝေ့စန်းနှင့် ချင်ရှုကို ပေးလိုက်သည်။
" ဒီအဆောင်တွေကို ငါ့မိသားစုရဲ့ အကြီးအကဲတွေက လက်ဆောင်ပေးထားတာ တိုက်ခိုက်မှုတစ်ကြိမ်လောက်ကိုတော့ ကာကွယ်နိုင်တယ်..."
" အစ်ကိုကရော..."
ဝေ့စန်းက အဆောင်ကို တင်းကြပ်စွာကိုင်ထားသည်။ ဤအဆောင်ထဲတွင် ကြောက်စရာကောင်းသည့် မှော်အကာအကွယ်အစီအရင်တစ်ခု ပါဝင်သည်။ ၎င်းကို ပြုလုပ်ခဲ့သူက အလွန်အမင်းစွမ်းအားကြီးသူတစ်ယောက် ဖြစ်ပေလိမ့်မည်။ အကယ်၍ ဤသို့သော အသက်ကယ်အဆောင်မျိုးကို ကျင့်ကြံရေးလောကတွင် လေလံတင်ရောင်းချမည်ဆိုပါက ကျင့်ကြံသူများအကြားတွင် အပြိုင်အဆိုင်ဖြစ်လာနိုင်သည်။
ဝေ့စန်း၏လက်ထဲမှအဆောင်က အိမ်တစ်လုံးကို ကိုင်ထားရသကဲ့သို့ လေးလံနေသည်။
" ငါ မလိုပါဘူး..."
ဖူလီ ပြုံးလိုက်သည်။ နှလုံးသားကိုးပါးအတိဒုက္ခကို ကျော်ဖြတ်နိုင်ပြီးချိန်မှစ၍ သူ၏ကျင့်ကြံရေးက ယခင်နှင့် မတူတော့ပေ။ သူ့ကိုယ်ထဲတွင် မွေးရာပါစွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားသည်ဟူသော ခံစားချက်တစ်မျိုးပါ ရရှိလာသည်။
သို့သော် ထိုခံစားချက်က တံခါးနောက်တွင် ပိတ်ထားသည့်အရာတစ်ခုသဖွယ် မသေမချာ ဖြစ်နေသည်။
ဖူလီက ဤတံခါးကို အင်အားသုံး၍ မဖျက်ပစ်ခြင်းမှာ တံခါးနောက်တွင် မည်သည့်အရာ ရှိနေကြောင်း မသေချာ၍ဖြစ်သည်။ သူက ဤနှစ်ပိုင်းများတွင် ကောင်းကောင်းမွန်မွန်သာ နေထိုင်လာခဲ့ခြင်းဖြစ်၍ အချို့သော အမှန်တရားများသိရန် လက်ရှိအချိန်၌ အဆောတလျင် ဖြစ်မနေပေ။
ခြောက်သွေ့နေသည့်ခြုံပင်များ လှုပ်ရှားလာပြီး အတွင်းမှ တစ်စုံတစ်ရာက တစ်ဟုန်ထိုးထွက်လာသည်။
ချင်ရှုနှင့် ဝေ့စန်း၏ အကြည့်တို့က ခြုံပုတ်အပေါ်သို့ ရုတ်ချည်းရောက်သွားသည်။ ခဏအကြာတွင် အလွန်အမင်း အဝလွန်နေသည့် ယုန်တစ်ကောင်က ခြုံပုတ်အောက်မှ တွားသွားထွက်လာသည်။ ယုန်ဖြူလေးက လူစိမ်းများကိုမြင်သော်လည်း မကြောက်သွားပေ။ သူတို့ကို ခဏတာခန့် ကြောင်အစွာ ကြည့်နေပြီးနောက် ပင်မတံခါးထံသို့ ခုန်ဆွခုန်ဆွဖြင့် ထွက်သွားသည်။
ပွင့်ဟလာသည့် ပင်မတံခါးနောက်တွင် တစ်ဆယ်စင်တီမီတာခန့်ရှိသည့် တွင်း သုံးလေးတွင်းကို သူတို့သုံးယောက်မြင်လိုက်ရသည်။ ၎င်းတွင်းများက ယုန်ဝတုတ် အဝင်အထွက်လုပ်နိုင်ရန် အနေတော်ဖြစ်သည်။
" ကြည့်ရတာ အထဲက အမည်မသိတည်ရှိမှုက ယုန်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးရတာ သဘောကျတဲ့ပုံပဲ..."
ချင်ရှုက တံခါးနားမှ ယုန်တွင်းများကိုကြည့်ကာ သူ့နှလုံးသားထဲမှ ကြောက်ရွံ့မှုတစ်ဝက်ခန့် ပျောက်ကွယ်သွားသည်။ ယုန်များကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးသော မိစ္ဆာက ရက်စက်သည့် နှလုံးသားရှိလိမ့်မည်မဟုတ်ပေ။