အပိုင်း ၁၃၉
Viewers 38k

🐰Chapter 139🐉
ဦးလေး



ယုန်က လှေကားပေါ် ခုန်ဆွဆွဖြင့်တက်သွားပြီး တံခါးနားမှ တွင်းထဲကို တိုးဝင်နေသည်ကိုကြည့်နေမိသည်။ သူ့အမြီးကို ခဏတာ လှုပ်ယမ်းနေပြီးနောက် တွင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

" ဖူကော ကျွန်တော်တို့ အထဲဝင်ကြမလား..."

ချင်ရှုက ဖူလီ့ဘက်လှည့်ပြီး သူ့ထင်မြင်ချက်ကို ပြောလိုက်သည်။ ဖူလီ၏ ရုပ်ရည်သွင်ပြင်က ငယ်ရွယ်ပုံပေါ်သော်လည်း ချင်ရှုနှင့် ဝေ့စန်းက နေရာတွင် မည်သူက ဆုံးဖြတ်ချက်ချရသူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိထားသည်။

" အထဲဝင်ကြည့်တာပေါ့... ငါ့နောက်ကပဲ လိုက်လာကြ ဘာသံကြားကြား သတိလက်လွတ်နဲ့ လျှောက်မသွားလိုက်နဲ့... တကယ်လို့ တစ်ယောက်ယောက်ကခေါ်ရင်လည်း ပြန်မဖြေနဲ့..."

ယောင်လောကတွင် မှော်လက်နက်မျိုးစုံရှိပြီး တစ်ခုစီတွင် ခြားနားသောစွမ်းရည်များ ရှိကြသည်။ သုံးကြိမ်ခန့်ပွတ်သပ်ပြီးမှ ပျံသန်းနိုင်သည့် ပျံသန်းရေးမှော်လက်နက်များ၊ နေရောင်နှင့်ထိပြီးမှ ‌မီးမှုတ်နိုင်သည့် ဘူးသီးခြောက်များ၊ နာမည်မှန်အောင် ခေါ်လိုက်သည်နှင့် တစ်ဖက်လူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုပါ စုပ်ယူနိုင်သည့် သိုလှောင်လက်နက်များလည်းရှိသည်။

ဂျူနီယာနှစ်ယောက်က ယောင်လောက၏ မှော်လက်နက်များအကြောင်း ဗဟုဟုတများများ  မရှိသောကြောင့် ဒုက္ခရောက်မည်ကို ဖူလီစိုးရိမ်နေမိသည်။ ဂျုနီယာနှစ်ယောက်လုံး နာခံစွာ ခေါင်းညိတ်လိုက်မှသာ ဖူလီက သူ၏ကြာပွတ်နီကိုထုတ်ပြီး ကျောက်တုံးလှေကားထစ်များပေါ် တက်သွားသည်။ 

တစ်ချိန်က ပန်းပွင့်ပုံစံဆေးနီများဖြင့် ဖုံးလွှမ်းနေခဲ့သည့် အိမ်တံခါးက လေနှင့်မိုးဒဏ်များကြောင့် တဖြည်းဖြည်း ဆွေးမြေ့လာခဲ့သည်။ ယခင်က ခမ်းနားထည်ဝါခဲ့သည်ဟု ပြောနိုင်သည့်တစ်ခုတည်းသော သက်သေမှာ ဆွေးမြေ့သွားသည့် ပန်းဒီဇိုင်းများသာဖြစ်သည်။ ဖူလီက တံခါးကို တိုက်ရိုက်သွားမဖွင့်ဘဲ နှစ်ကြိမ်ခန့် တံခါးအသာခေါက်၍ လက်နှစ်ဖက်ကိုအုပ်ကာ ပြောလိုက်သည်။ 

" ကျွန်တော်က ဝေ့ရွှေမှာနေတဲ့ မိစ္ဆာငယ်လေးပါ...ကျွန်တော့် ဂျူနီယာလေးနှစ်ယောက်ကိုလည်း ခေါ်လာခဲ့ပါတယ်... တကယ်လို့ စီနီယာ့ကို တစ်ခုခု အပြစ်လုပ်မိတယ်ဆိုရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်..."

အိမ်ထဲတွင် ပစ္စည်းတစ်ခုခု ပြုတ်ကျသွားသံက ပဲ့တင်ထပ်လာသည်။ တံခါးပွင့်လာမည်ဟု ဖူလီထင်လိုက်သော်လည်း အချိန်အတန်ကြာသည်အထိ စောင့်ဆိုင်းနေပြီးသောအခါ  အိမ်က တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

နောက်လှည့်ပြီး သူ့ကို ဇဝေဇဝါဖြစ်နေသည့် မျက်လုံးအပြူးသားဖြင့် ကြည့်နေသော ဝေ့စန်းနှင့် ချင်ရှုကို ကြည့်လိုက်မိသည။ ကျွမ်းချင်က ပိုအားကိုးရသော ဂျူနီယာတစ်ယောက်ဖြစ်သည်ဟု သူ့စိတ်ထဲ တွေးလိုက်မိပြန်သည်။

တံခါးကို တွန်းဖွင့်လိုက်သောအခါ နှစ်ပေါင်းများစွာ မပြုမပြင်ဘဲ ထားထားသည့် သစ်သားတံခါးများက ကျွီခနဲမြည်သွားသည်။ သို့ရာတွင် တံ‌ခါးနောက်၌ ရှိနေသည့်အရာများက ဖူလီထင်ထားသကဲ့သို့ ပျက်စီးယိုယွင်းနေမှုများမဟုတ်ဘဲ တောက်ပနေသည့် မြင်ကွင်းတစ်ခုဖြစ်သည်။ 

ကျောက်စိမ်းနီရောင် ခေါင်းစည်းပတ်ထားပြီး ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က အိမ်ပိုင်ရှင်၏ခုံတွင် ထိုင်နေသည်။ သူ၏ ကျောက်စိမ်းသဖွယ်လက်ချောင်းများက သူ့ကိုယ်ပေါ်မှ ယုန်ဖြူဝတုတ်လေးကို ပွတ်သပ်ပေးနေသော်လည်း သူ့အကြည့်များက ဖူလီ့ထံတွင်သာ ရှိနေသည်။ 

ထိုလူက အလွန်ကြည့်ကောင်းပြီး ရေခဲကဲ့သို့အေးစက်သည့် အရှိန်အဝါတစ်မျိုး ရှိနေသည်။ သူက ခုံပေါ်တွင် အေးအေးလူလူ ထိုင်နေသည်မှာ ရာပေါင်းများစွာသော မှူးမတ်များက သူ့ကိုဦးညွတ်မည်ကို စောင့်ဆိုင်းနေသည့်သဖွယ်ဖြစ်သည်။ 

ဖူလီက တစ်ဖက်လူ၏ အသွင်စစ်ကို မသိသော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သောမိစ္ဆာက သူ့ကို ရန်ပြုလိုသည့် ရည်ရွယ်ချက်မရှိဘဲ အနည်းငယ်ပင် သဘောကျပုံပေါ်နေသည်ဟု သူ့အလိုလိုသိစိတ်က ပြောနေသည်။

သူ့စိတ်ထဲ ပြန်လည်သုံးသပ်လိုက်မိသည်။ သူက ဗျူရိုရှိ လုပ်ဖော်ကိုင်ဖက်များထံမှ မိမိကိုယ်ကို ဘဝင်မြင့်တတ်သည့် အကျင့်ဆိုးတစ်ခု ကူးစက်လာပုံရသည်။ 

" အထူးဧည့်သည်တော်တစ်ယောက် ကြွလာတာပဲ... ကျေးဇူးပြုပြီး အပြင်ကိုထွက် မကြိုဆိုမိတာ ခွင့်လွှတ်ပါ ... ထိုင်ကြပါ‌ဦး..."

ထိုလူ လက်ကာပြလိုက်သည့်အခါ ချောမောလှပပြီး ကြော့ရှင်းလှသည့် အမျိုးသမီးအစေခံများစွာက ဝိညာဉ်လက်ဖက်ရည်၊ ဝိညာဉ်သစ်သီးနှင့် ဌာပနာမုန့်များကိုင်လျက် အိမ်ထဲမှ ထွက်လာကြသည်။ 

တိုက်ဆိုင်သည်မှာ သူတို့ယူလာသည်အားလုံးက ဖူလီ့အကြိုက် ဖြစ်နေသည်။ 

ချင်ရှုနှင့် ဝေ့စန်းက ပန်းကန်ထဲမှ အရောင်တလက်လက်တောက်နေသည့် သစ်သီးများ၏ အလင်းဖောက်နိုင်မတတ် ကြည်လင်မှုများကြောင့် သူတို့လက်ဖြင့်ပင် လှမ်းမယူရဲကြပေ။ 

" လူကြီးမင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒီလဝိညာဉ်သစ်သီးတွေက တော်တော်လေး တွေ့ရခဲတယ် ဒီဂျူနီယာက လူကြီးမင်းကို တွေ့ရတယ်ဆိုတော့ တော်တော်ကံကောင်းတာပါပဲ..."

ဖူလီက လဝိညာဉ်သစ်သီးကိုယူပြီး ကိုက်စားလိုက်သည်။

လဝိညာဉ်သစ်သီးများက စပျစ်သီး၏ အရွယ်အစားခန့်ရှိပြီး နေနှင့်လတို့၏ အဆီအနှစ်များမှ သီးပွင့်လာခြင်းဖြစ်သည်။ သူတို့က နှစ်ငါးရာခန့်တွင် တစ်ကြိမ်သီးကြသည်။ အသီးသီးပြီး ခုနစ်ရက်မြောက်နေ့အထိ မခူးပါက မနက်ခင်းဆီးနှင်းခဲများအ‌ဖြစ် ပြောင်းလဲပျောက်ကွယ်သွားတတ်ကြသည်။ တောင်များပေါ်မှ ဝိညာဉ်အဆီအနှစ်များကဲ့သို့ပက် ၎င်းတို့က အလွန်နုနယ်သည့် ဝိညာဉ်ပစ္စည်းများဖြစ်သည်။ ထို အသီးကို မကြာခဏစားပေးပါက သွေးကြောများကို သန့်စင်ပေးနိုင်ရုံသာမက ချီဓာတ်ကိုပါ တိုးပွားလာစေနိုင်သည်။

ဖူလီကိုယ်တိုင်လည်း ကလေးဘဝက မကြာခဏစားခဲ့ဖူးသည်။ သူ တစ်‌ယောက်တည်း အမှီအခိုကင်းစွာ နေထိုင်ပြီးသည့်နောက်တွင်မူ မစားဖြစ်တော့ပေ။ ထိုအသီးများကို မြင်သည့်အခါ ရောင်ပြန်မြူတောင်တွင် နေထိုင်ခဲ့ဖူးသည့် အချိန်များကို ပြန်တွေးမိလာသည်။

" မင်း..."

ယုန်လေးကိုချီထားသည့် မဟာမိစ္ဆာက ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်သည်။ သူ ခေါင်းငုံ့ပြီး ယုန်လေးက အမွေးများကို ပွတ်သပ်ပေးနေကာ ဖူလီ့ကို မကြည့်တော့ပေ။

" မင်းရဲ့ ကျင့်ကြံဆင့်က မနိမ့်ပါဘူး... ဘာလို့ ဒါတွေကို မမြင်ဖူးရတာလဲ..."

" ကျွန်တော့်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ လူကြီးမင်း... ဒီဂျူနီယာက ဒါတွေကို မြင်ဖူးပေမယ့် ငယ်ငယ်တည်းက အကြီးအကဲတွေရဲ့ အလိုလိုက်ခံရတော့ စားစရာ သောက်စရာ မရှားပါးခဲ့ပါဘူး...နောက်ပိုင်းကျ မတော်တဆမှုတစ်ခုဖြစ်ခဲ့လို့ ကျွန်တော်က တောတောင်တွေ‌ထဲက‌နေ နှစ်ပေါင်းများစွာ မထွက်သွားဘဲ ပုန်းအောင်းနေခဲ့ပါတယ်... ကျွန်တော် ဒါတွေကို မစားရတာ နှစ်တော်တော်ကြာပါပြီ..."

ဖူလီက သူ့မှတ်ဉာဏ်ထဲမှ အရသာရှိသော အစားအစာကို ပြန်စားနေရသောကြောင့် နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ 

" ဘယ်လိုမျိုးအကြီးအကဲက မင်းကို ငယ်ငယ်တုန်းကကျ အရမ်းအလိုလိုက်ပြီး ကြီးပြင်းလာတဲ့အခါမှ အဖိုးမတန်တဲ့သူလိုမျိုး စွန့်ပစ်သွားရတာလဲ...ငါ့အမြင်မှာတော့ သူတို့က တာဝန်မသိတတ်တာပဲ..."

မဟာမိစ္ဆာက စိတ်အလိုမကျဟန်ဖြင့် နှာမှုတ်လိုက်ပြီး သူ့ကိုယ်ပေါ်မှယုန်လေးကို အောက်ချပေးလိုက်သည်။

အမျိုးသမီးအစေခံတစ်ယောက်က ရှေ့တိုးလာပြီး ယုန်လေးကို သယ်သွားသည်။

" လူကြီးမင်းရဲ့ စိုးရိမ်ပူပန်ပေးမှုကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်..."

ဖူလီ့မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားသည်။ 
" ဒါပေမဲ့ ကျွန်တော့်မိသားစုက မိစ္ဆာတွေက အရမ်းတာဝန်သိတတ်တဲ့သူတွေပါ... ကျေးဇူးပြုပြီး အဲ့လိုမှတ်ချက်မျိုး အလွယ်တကူ မပေးလိုက်ပါနဲ့..."

မဟာမိစ္ဆာက ဖူလီ၏ လေးစားမှုကင်းမဲ့သွားသည့်လေသံကြောင့် ဒေါသထွက်ရမည့်အစား ညင်သာစွာရယ်ပြီး ဖူလီ့ကိုကြည့်လိုက်သည်။

" မင်းက လိမ္မာတဲ့ကလေးပဲ..."

ချင်ရှုနှင့် ဝေ့စန်းတို့ အကြည့်ချင်းဖလှယ်လိုက်သည်။ 

အခြေအနေက ဘာလို့ တစ်ခုခု ထူးဆန်းနေတယ်လို့ ထင်ရတာလဲ...

တစ်ဖက်လူက ထိုမျှစိတ်ကောင်းရှိလိမ့်မည်ဟု ဖူလီလည်း မထင်ထားပေ။ သူ ယခင်က တွေ့ကြုံခဲ့ဖူးသော မဟာမိစ္ဆာများနှင့်ယှဉ်ပါက ထိုလူက ညင်သာပြီး အန္တရာယ်ကင်းသော လီလီပန်းတစ်ပွင့်နှင့်တူသည်။ 

" မင်းငါ့ကို ဘာလို့လာရှာတာလဲ..."

မဟာမိစ္ဆာက ခေါင်းမော့ပြီး မေးလိုက်သည်။ သူ့အကြည့်များက ဖူလီ့အပေါ်တွင်သာ ရှိနေပြီး ဝေ့စန်းနှင့် ချင်ရှုတို့ကို အစတည်းက မရှိသည့်လူများသဖွယ် သတ်မှတ်ထားသည်။ 

" ဒီဂျူနီယာက ကျင့်ကြံရေးလောကရဲ့ စီမံခန့်ခွဲရေးဗျူရိုမှာ အလုပ်လုပ်နေတာပါ...  ဒီနေရာက သရဲခြောက်တယ်လို့ကြားတာနဲ့ တစ်ချက်လာကြည့်ကြည့်တာပါ... လူကြီးမင်း ဒီနေရာမှာ ရှိနေခဲ့တာကိုမသိလို့ ကျင့်ကြံနေတာကို အနှောင့်အယှက်ပေးမိပါပြီ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."

ဖူလီက မတ်တပ်ထရပ်လိုက်ပြီး သူ့ကို ဦးညွတ်အရိုအသေပြုလိုက်သည်။ 

" အဲ့လောက်ကြီးအထိ ယဉ်ကျေးနေစရာ မလိုပါဘူး... ဒီနေရာက အမြဲတမ်းတိတ်ဆိတ်ငြိမ်သက်နေတာဆိုတော့ ဂျူနီယာတစ်ယောက် ရောက်လာပြီး စကားစမြည်လာပြောတာကလည်း ငါ့ဘဝအတွက် ပျော်စရာကောင်းသွားတာပေါ့..."
မဟာမိစ္ဆာက မတ်တပ်ထရပ်ပြီး ဖူလီ့ကို ထူပေးလိုက်သည်။ 

" ငါ့နာမည်က ဖုန်းလွေ့ကျုံးပါ... ဝါစဉ်အရဆိုရင်တော့ မင်းငါ့ကို ဦးလေးလို့ပဲ ခေါ်လို့ရတယ်..."

ဖူလီက ထိုစကားများကိုကြားသည့်အခါ နာခံစွာဖြင့် ထပ်မံဦးညွတ်လိုက်သည်။ 

" ဒီဂျူနီယာရဲ့နာမည်က ဖူလီပါ... ဦးလေးဖုန်းကို အရိုအသေပြုပါတယ်..."

" ကောင်းပြီ ကောင်းပြီ ကောင်းပြီ..."

ဖုန်းလွေ့ကျုံးက ထိုစကားကို သုံးကြိမ်တိတိပြောလိုက်သည်။ သူ ဖူလီ့ပခုံးကို ပုတ်လိုက်သေးသည်။
 
" မင်း ငါ့ကို ဦးလေးလို့ခေါ်တယ်ဆိုမှတော့ ဦးလေးကမင်းကို ကြိုဆိုတဲ့လက်ဆောင် ပေးရမှာပေါ့..."

သူက ချမ့်ခွန်းအိတ်တစ်အိတ်ကိုထုတ်ပြီး အပေါ်မှ အရံအတားကို ဖယ်လိုက်သည်။ 

" အထဲမှာ ကစားစရာလေးတွေရှိတယ် မင်း သူတို့ကို လွှင့်ပစ်တာဖြစ်ဖြစ် ယူထားတာဖြစ်ဖြစ် ကြိုက်သလိုလုပ်လို့ရတယ်..."

တစ်ဖက်လူက ထိုမျှအထိ ရက်ရောလိမ့်မည်ဟု ဖူလီမထင်ထားခဲ့ပေ။ ရှေးဟောင်းမိစ္ဆာများက သူတို့နှင့် သဘောထားခြင်း မတိုက်ဆိုင်သည်နှင့် တိုက်ခိုက်တတ်သောပုံစံမျိုးဖြင့်သာ အသားကျနေသောဖူလီက ဤမျှရက်ရောသည့် ရှေးဟောင်းမဟာမိစ္ဆာကို ရင်ဆိုင်ရသည့်အခါ နားမလည်နိုင်ဖြစ်နေသည်။ 

" ဘာလုပ်ဆောင်ချက်မှ မရှိထားဘဲ ဆုကိုလက်ခံလို့ မဖြစ်ပါဘူး... ဒီဂျူနီယာက စီနီယာရဲ့ လက်ဆောင်တွေကို ဘယ်လိုလုပ် လက်ခံရဲမှာလဲ..."

" ငါ မင်းကို လက်ဆောင်ပေးတယ်ဆိုတာ မင်းက မျက်စိပသာဒဖြစ်လို့လေ ဘာလုပ်ဆောင်ချက်တွေများ လိုဦးမှာလဲ..."

ဖုန်းလွေ့ကျုံးက ချမ့်ခွန်းအိတ်ကို ဖူလီ့လက်ထဲ ထိုးထည့်လိုက်သည်။ ဖူလီ့နောက်တွင် ရှိနေသော မိစ္ဆာနှစ်ကောင်က သူတို့ မည်သည့်လက်ဆောင်မှ မရရှိ၍ ဖူလီ့ကို မနာလိုဖြစ်ကြမည်စိုးသောကြောင့် သူတို့ကိုလည်း ရတနာတစ်ထုပ်စီ ပစ်ပေးလိုက်သည်။

" မင်းတို့တွေက ငယ်သးတယ် အဲ့ကျောက်တုံးလေးတွေနဲ့ သွားဆော့နေကြ..."

လူကြီးလက်သီးအရွယ်ခန့်ရှိသည့် ရတနာထုပ်ကိုကိုင်ထားသော ဝေ့စန်းနှင့် ချင်ရှုက ရုတ်ချည်းသဘောပေါက်သွားသည်။
သူတို့တော့ ချမ်းသာတဲ့မိစ္ဆာဖြစ်ပြီပဲ... ဒီလောက်ပမာဏရှိတဲ့ ရတနာတွေနဲ့ဆို မြို့တော်မှာ အိမ်နှစ်လုံးသုံးလုံးလောက် ဝယ်လို့ရတယ်... 

" ဒီအိမ်က ပိုင်ရှင်မဲ့နေတာ တော်တော်ကြာပြီလေ ပြီးတော့ ဒီက ဖုန်းရွှေကလည်း မဆိုးဘူးဆိုတော့ ငါဒီမှာနေနေတာ လပိုင်းလောက်တော့ရှိပြီ... တကယ်လို့ ဒီလိုနေတာက မသင့်တော်ဘူးဆိုရင် ငါမနက်ဖြန် ပြောင်းသွားပေးပါ့မယ်..."

ဖုန်းလွေ့ကျုံးက စကားပြောရ အလွန်လွယ်ကူသည်။ သူက ဖူလီ့အလုပ်ကို ခက်ခဲအောင် မပြုလုပ်ချင်ကြောင်း သိသာလှသည်။

" တခြားဘာများ ကူညီပေးရဦးမလဲ..."

" ကျွန်တော် တစ်ခုလောက် သိချင်သေးလို့ပါ... ဦးလေးဖုန်းက ယောင်အစည်းအရုံးမှာ စာရင်းသွင်းပြီးပြီလားဟင်... လက်ရှိ လူသားလောကကြီးက အတိတ်နဲ့ တော်တော်ကွာခြားသွားပြီ... တကယ်လို့ ယောင်ကျင့်ကြံသူတွေက လူသားလောကမှာ အသွားအလာလုပ်ချင်တယ်ဆိုရင် မှတ်ပုံတင်ကတ် အရင်ရအောင် လုပ်ရပါတယ်..."

" ငါ ဒီမှာပဲ နေနေတာကြာပြီး အပြင်မထွက်ဖြစ်ဘူးဆိုတော့ အဲ့လိုစည်းမျဉ်းတွေရှိနေမှန်း မသိလိုက်ဘူး..."

ဖုန်းလွေ့ကျုံးက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ 

" ဒီကိစ္စကိုဖြေရှင်းဖို့ ငါ့ကိုယောင်အစည်းအရုံးဆီ ခေါ်သွားပေးပါလို့ တောင်းဆိုလို့ရမလား ရှောင်လီ..."

" ရပါတယ်..."

ဖူလီ စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ 

ကြည့်ရတာ မူမှန်တဲ့ မဟာမိစ္ဆာတွေတော့ ရှိသေးတဲ့ပုံပဲ...

မဟုတ်ဘူး မဟုတ်သေးဘူး... သူက အဲ့လောက် ရိုးရှင်းမယ့်သူ မဟုတ်လောက်ဘူး...
ဖူလီက သူပေးထားသည့် ချမ့်ခွန်းအိတ်ကိုကိုင်ပြီး ဝေ့စန်းနှင့် ချင်ရှုတို့လက်ထဲမှ ရတနာအိတ်များကို ကြည့်လိုက်သည်။

ဦးထုပ်တစ်လုံး ပြုတ်ကျသလိုပဲ လက်ဆောင်တွေ ရက်ရက်ရောရောပေးနေတာက ပုံမှန်လို့တော့ သတ်မှတ်လို့မရဘူးထင်တယ်...

ဖုန်းလွေ့ကျုံးက ဖူလီ့အဝတ်အစားများကို တစ်ချက်ကြည့်လိုက်သည်။ ခဏတွင်းချင်းပင် သူဝတ်ထားသည့် ပိုးထည်ဝတ်ရုံက ဖူလီနှင့်ဆင်တူသည့် ဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။ သူ့ဆံပင်တိုတိုကို ထိကြည့်ပြီး ဖူလီ့ကိုပြောလိုက်သည်။

" သွားကြမယ်လေ..."

ဖုန်းလွေ့ကျုံးက တံခါးကိုတွန်းဖွင့်လိုက်သည်။ သူ ကျောက်တုံးလှေကားထစ်များပေါ်ရောက်သည်နှင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နှင်းပွင့်များက သူ့မျက်နှာထက်တွင် ငန်းမွှေးသဖွယ် ပေါလောမျောနေသည်။

ဖူလီ ခေါင်းလှည့်ကြည့်လိုက်သောအခါ တစ်ဖက်လူက အနည်းငယ်အဖော်မဲ့နေပုံပေါ်သည်ဟု တွေးလိုက်မိသည်။ 

သို့သော် သူကြည့်နေသည်ကို သတိထားမိသည်နှင့် ဖုန်းလွေ့ကျုံး၏မျက်နှာထက်တွင် နူးညံ့သော အပြုံးတစ်ပွင့် ပေါ်လာသည်။ 

" သွားကြမယ်လေ..."

ရွံ့ထူနေသည့် မြေပြင်ပေါ်သို့ သူ ခြေချလိုက်သည်။ သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားသော်လည်း သူနှင့် ခြေနှစ်လှမ်းခန့်ကွာသွားသည့် ဖူလီ့ကိုကြည့်ကာ ခြေလှမ်းကျယ်ကြီးများဖြင့် နောက်မှလိုက်လာသည်။ 

ဖူလီက ဖုန်းထုတ်ကာ appသုံး၍ အငှားကားတစ်စီးခေါ်လိုက်သည်။ ထို့နောက် ချင်ရှုနှင့် ဝေ့စန်းကို ပြောလိုက်သည်။ 

" မင်းတို့နှစ်ယောက် အရင်ပြန်နှင့်ကြလေ ငါ ဦးလေးဖုန်းကို ယောင်အစည်းအရုံးခေါ်သွားပြီးတော့ စာရင်းသွင်းပေးလိုက်ဦးမယ် ပြီးရင် နေ့လယ်စာပါ အတူစားမှာ..."

" ဟုတ် သိပါပြီ..."

ချင်ရှုနှင့် ဝေ့စန်းက သူတို့ဤနေရာတွင် ရှိနေလျှင်လည်း အကူအညီမဖြစ်ကြောင်း သိကြသည်။ ဖုန်းလွေ့ကျုံးဟုခေါ်သော ဤမဟာမိစ္ဆာက ပြောဆိုရလွယ်သော်လည်း သူတို့ဗျူရိုကိုပြန်ပြီး ဘော့စ်ကို အကြောင်းကြားရဦးမည်ဖြစ်သည်။ အကယ်၍ တစ်ခုခု ဖြစ်လာခဲ့လျှင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ပေသည်။

မိစ္ဆာတစ်ယောက်နှင့် ခင်မင်ရခြင်းက လွယ်ကူသော်လည်း မိစ္ဆာတစ်ယောက်၏ နှလုံးသားကို နားလည်ရန် ခက်ခဲလှသည်။ အခြေအနေအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းပေသည်။ 

ဖူလီ appထဲမှ ခေါ်လိုက်သည့်ကားက ဖူလီနှင့် ဖုန်းလွေ့ကျုံးရှေ့တွင် လာရပ်သည်။ ဖူလီက ကားတံခါးဖွင့်ပေးကာ ဖုန်းလွေ့ကျုံးကို အရင်ဝင်ခိုင်းပြီးမှ သူလည်းဝင်ထိုင်လိုက်သည်။ 

ယာဉ်မောင်းက လူသားတစ်ယောက်ဖြစ်နေခြင်းကြောင့် ဖုန်းလွေ့ကျုံးက ဖူလီ့ကို များများစားစားမေးမြန်းခြင်းမရှိပေ။ ဤကဲ့သို့ နေရာကျဉ်းကျဉ်းလေးထဲ ထိုင်ရသည်ကို အသားမကျသော်လည်း သူ ဘာမှမပြောသည်ကို ဖူလီလည်းသိနေသည်။ 

ဖူလီက တစ်ဖက်လူနှင့် ယခင်က မတွေ့ဖူးခဲ့သည့်အပြင် သူ၏ မူရင်းသွင်ပြင်ကို မသိသော်လည်း ထိုလူကို သဘောကျအထင်ကြီးမိသည်။

သူတို့ ယောင်အစည်းအရုံးသို့ ရောက်သည့်အခါ ဖုန်းလွေ့ကျုံးက ကားပေါ်မှ ဆင်းလိုက်ကသည်။ ကားမောင်းထွက်သွားသည့်အခါ သူ မျက်ခုံးများတွန့်ပြီး ဖူလီ့ကို မေးလိုက်သည်။ 

" မင်းသူ့ကို ပိုက်ဆံမပေးဘူးလား..."

သူ့ဂျူနီယာက အခြားလူများကို အခွင့်ကောင်းယူသည်ကို ‌ရပ်ကြည့်မနေဘဲ သွန်သင်ဆုံးမပေးမည့် အကြီးအကဲတစ်ယောက်နှင့်တူသည်။

" စိတ်မပူပါနဲ့ ဦးလေးဖုန်း... အခုလက်ရှိ လူသားလောကမှာ ငွေပေးရတာတွေကို ငွေသားအစစ်နဲ့ပဲ မဖြစ်မနေ ပေးစရာမလိုတော့ဘူး... ဖုန်းကတစ်ဆင့် ငွေချေလဲရတယ်..."

ဖူလီက သူ့ဖုန်းကို ထုတ်ပြလိုက်သည်။
" ဒီထဲက ငွေဖြတ်သွားတယ်လေ..."

" လတ်စသတ်တော့ ဒီလိုကိုး..."
ဖုန်းလွေ့ကျုံးက အထင်ကြီးစွာဖြင့် ပြောလိုက်သည်။

" လူသားတွေဆီမှာ အတောမသတ်နိုင်တဲ့ တီထွင်မှုတွေ တကယ်ရှိနေတာပဲ..."

ဤယောင်ကျင့်ကြံသူက လူသားများအပေါ် ဖော်ရွှေပုံရသည်။ ဖူလီ့ရင်ထဲမှ စိုးရိမ်မှုလက်ကျန်က လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။

.....

စီမံခန့်ခွဲရေးဗျူရို၏ အများပိုင်အလုပ်နေရာတွင် အင်တာနက်မှ သတင်းများကိုကြည့်နေသည့်ရှုယွမ်က  အလန့်တကြားပင့်သက်ရှိုက်လိုက်၍ အားလုံးက ကျွမ်းချင်ရောက်လာသည်ထင်ပြီး ထိတ်လန့်သွားကြသည်။ သူတို့အားလုံး မတ်မတ်ထိုင်လိုက်ကြသော်လည်း ခဏကြာသည်အထိ ကျွမ်းချင် တံခါးဝတွင် ပေါ်လာသည်ကို မတွေ့လိုက်ရပေ။ သူတို့ ရယ်ရမည် ငိုရမည်မသိ ဖြစ်သွားသည်။ 

" အလှလေးရှု ဘာလို့ အရမ်းလန့်သွားတာလဲ... ဘော့စ်ရောက်လာပြီထင်လို့ ကျွန်တော်တို့ အရမ်းလန့်သွားတာပဲ..."

ရှုယွမ်က တစ်ဖက်သို့လှည့်ပြီး သူမ၏ လုပ်ဖော်ကိုင်ကိုင်ဖက်များကို ကြည့်လိုက်သည်။

" ဖူကောက အိမ်တစ်လုံးဝယ်ထားတယ်လို့ပြောတာ မှတ်မိရတယ်မလား..."

" ဟုတ်တယ်လေ ဘာဖြစ်လို့လဲ..."
ချောင်းယွင်က အလှပြင်သည့်မှန်ကိုထုတ်ထားပြီး နှုတ်ခမ်းနီ ပြန်ပြင်ဆိုးနေသည်။ 

" သူ မနေ့က ပြောတာမလား..."

" ဒါဆိုရင်တော့ သူ အိမ်ကို ဘယ်လိုဝယ်ထားလဲ အားလုံးသိကြဦးမှာ မဟုတ်ဘူး..."

ရှုယွမ် အသက်ပြင်းပြင်းရှုလိုက်သည်။ 
" သူကိုယ်တိုင် အိမ်ဝယ်ထားတာ မဟုတ်ဘူး ဘော့စ်က သူ့ကိုဝယ်ပေးထားတာ..."

ချောင်းယွင်၏လက်က တစ်ချက်တုန်သွား၍ သူမ မေးစေ့တွင် နှုတ်ခမ်းနီပေသွားသည်။ သူမ မေးစေ့ကိုအုပ်ကာ ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။
 
" မဖြစ်နိုင်တာ... ဘော့စ်က ဘယ်လောက်တောင် ကပ်စေးနည်းတာလဲ သိရဲ့သားနဲ့ သူက ဖူကောအတွက်  တစ်သန်းနှစ်သန်းလောက် အကုန်ခံပြီး အိမ်ဝယ်ပေးပါ့မလား..."

" တစ်သန်း နှစ်သန်းတော့မဟုတ်ဘူး..."
ရှုယွမ် တံတွေးမျိုချလိုက်သည်။ 

" အဲ့လိုပဲနေမှာပါ..."

ချောင်းယွင်က နှုတ်ခမ်းနီပေသွားသည်ကို မှော်အစွမ်းဖြင့် ဖျက်လိုက်သည်။ 

" ဘော့စ်ရဲ့ ကပ်စေးနည်းတဲ့ အကျင့်ကြီးက အရိုးထဲထိစွဲနေပြီ... ကပ်စေနည်းတာကို အချစ်နဲ့ကုလို့ မရဘူး..."

" မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး... ငါဆိုလိုချင်တာ အဲ့သဘောမဟုတ်ဘူး... ဘော့စ်က ဖူကောကို ဆယ်သန်းလောက်တန်တဲ့ ဗီလာဝယ်ပေးထားတာ တစ်သန်း နှစ်‌သန်း မကဘူး... သူနဲ့ဖူကော အိမ်ဝယ်နေတဲ့ဗီဒီယိုကို အင်တာနက်ပေါ်မှာ forwardလုပ်ကြတာ မနည်းဘူး ကြည့်ကြည့်ဦး..."


Xxx