အပိုင်း ၁၄၀
Viewers 38k

🐰Chapter 140🐍



နောက်အခိုက်အတန့်တွင် ရုံးခန်းထဲမှ လူအားလုံးက သူတို့ဖုန်းများကိုထုတ်ခြင်း ကွန်ပျူတာတွင် ထိုအကြောင်းကို ရှာဖွေခြင်းဖြင့် ကယောက်ကယက်ဖြစ်သွားသည်။ 

လူသိများသော ဖိုရမ်တစ်ခုတွင် : ( ချန်လုံကုမ္ပဏီဥက္ကဌကျွမ်းနဲ့ လက်ထောက်လေး ဖူလီတို့ အိမ်‌ဝယ်နေကြတဲ့ မြင်ကွင်း + ဓာတ်ပုံများ )

ဗီဒီယာ website တစ်ခုကလည်း ထိုဓာတ်ပုံများကို အကြောင်းပြုပြီး အားလုံးစိတ်ဝင်စားမည့် သတင်းခေါင်းစဉ်တစ်ခုကို ရေးတင်လိုက်သည်။ 
( တကယ်ကို လန့်စရာကြီးပဲ... နာမည်ကြီးကုမ္ပဏီဥက္ကဌက သူ့ရဲ့ချစ်သူကောင်လေးနဲ့ အချစ်ရိပ်မြုံလေး ဝယ်နေပြီ လက်ထပ်ဖို့ရက်လည်း တဖြည်းဖြည်းနီးလာပြီထင်တယ် ) 

ဝေ့ပေါ် ပို့စ်တစ်ခု : ( အားးး ဥက္ကဌကျွမ်းနဲ့ သူ့လက်ထောက်လေးက အိမ်တစ်လုံးဝယ်လိုက်တာပဲ... သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်လွန်းလို့ ဖန်သားပြင်ကြီးကိုတောင် ပြေးလျက်ချင်နေပြီ... ဒီမှာ ဗီဒီယိုလင့် ချပေးထားတယ် အားလုံး မြန်မြန်ဝင်ကြည့်လိုက်ကြဦး )

အားလုံးက သက်ဆိုင်ရာဗီဒီယိုများ၊ ဓာတ်ပုံများ၊ အချက်အလက်များကို ရှာဖွေနေကြ၍ ရုံးခန်းတစ်ခုလုံး အပ်ကျသံကြားရသည်အထိ တိတ်ဆိတ်နေသည်။ အတန်ကြာသောအခါမှ ချူးယွီက အသံတိုးတိုးဖြင့် မေးလိုက်သည်။
" ဘာများ ထူးဆန်းနေလို့လဲ... ဘော့စ်နဲ့ ဖူကောက အချင်းချင်း တော်တော်ခင်ကြတယ်လေ ဟုတ်တယ်မလား ဟားဟားဟား..."

" ငါလည်း အချစ်ဆိုတဲ့အရာကို ယုံကြည်စပြုလာပြီ..."

ချောင်းယွင်၏ အမူအရာက ရှုပ်ထွေးနေသည်။ သူတို့က ကျွမ်းချင်နောက်လိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ကျွမ်းချင်၏ ကပ်စေးနည်းသောအကျင့်ဆိုးကြီးကို အားလုံးသိကြသည်။ သို့သော် သူတို့အချင်းချင်း ကွယ်ရာတွင် စနောက်ပြောဆိုကြသည်မှလွဲ၍ ထိုအကြောင်းကို မကျေမနပ် မဖြစ်ခဲ့ကြပေ။ အမှန်တွင် သူတို့က ကျွမ်းချင်ကို လေးစားရုံသာမက သူ့ကိုယုံကြည်ကိုးကွယ်သည်ဟု ဆိုနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် ဤနေရာတွင်ရှိနေသည့် ကျင့်ကြံသူတိုင်းက ကျွမ်းချင်ဆောင်ရွက်ခဲ့သည့်ကိစ္စများကို မျက်မြင်ကြုံတွေခဲ့ရပြီး သူ့ထက်ပိုမိုကောင်းမွန်အောင် မပြုလုပ်နိုင်ကြောင်းလည်း သိထားသောကြောင့်ဖြစ်သည်။ သူ့နီးပါး လုပ်ဆောင်နိုင်ရန်ကပင် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေသည်။

ဘော့စ်က ကျင့်ကြံရေးလောက်ကအတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ် လုပ်ဆောင်ခဲ့ရပြီး အရာရာက အန္တရာယ်များကာ နာကျင်နေချိန်တွင်လည်း အားလုံး၏ရှေ့မှ ရပ်တည်ရသည်မှာ သူတစ်ယောက်တည်းဖြစ်သည်။ ဤအရာအားလုံးကို မြင်တွေ့ခဲ့ရသူတိုင်းက သူတို့၏ဘော့စ် စိတ်သက်သက်သာသာဖြင့် ဘဝကို ပျော်ရွှင်စွာနေထိုင်နိုင်ရန် ဆန္ဒရှိကြသည်။ 

သို့ရာတွင် ဘော့စ်က လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကအထိ အလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ခဲ့သည်။ သူတို့မှလွဲ၍ ကျွမ်းချင်၏ဘေးတွင် မိတ်ဆွေတစ်ယောက်မှ မရှိခဲ့သည့်အပြင် ကျွမ်းချင်ကိုယ်တိုင်ကလည်း ထိုကိစ္စများကို ဂရုမစိုက်ခဲ့ပေ။

ယခုအခါ ဤသတင်းအပိုင်းအစများကို မြင်လိုက်ရသည့်အခါ သူတို့၏ chatgroupများထဲတွင် ဘော့စ်ကို တိတ်ဆိတ်စွာ စနောက်သင့်နေပေသည်။ သို့ရာတွင် ‌ဗီဒီယိုထဲ၌ ဘော့စ်က ဖူကော၏ပခုံးကို ကိုင်ထားပြီး  နူးညံ့သောအကြည့်များဖြင့် ကြည့်နေသည်ကို မြင်သောအခါ သူတို့ရင်ထဲတွင် နွေးထွေးသောခံစားချက်တစ်မျိုး ဖြစ်တည်လာသည်။ သူတို့ကိုယ်တိုင်လည်း ထိုခံစားချက်က မည်သို့ဖြစ်သည်ကို မပြောပြတတ်ပေ။

အချိန်အတန်ကြာပြီးသည့်နောက် ချောင်းယွင်က ဗီဒီယိုကိုပိတ်ပြီး ပြုံးလိုက်သည်။

" ဒါက သတင်းကောင်းတစ်ခုပဲ..."

" ဟုတ်တယ် တော်တော်လေးကောင်းပါတယ်..."
ချူးယွီက ခေါင်းညိတ်ပြလိုက်သည်။ 

သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည့်အခါ မျက်ဝန်းထဲတွင် ဝမ်းမြောက်ကျေနပ်မှုတို့ကို မြင်လိုက်ရသည်။ 

အပြင်ဘက်တွင် ခြေသံများမြည်လာသည်။ အားလုံး တံခါးပေါက်ကို လှမ်းကြည့်လိုက်သည့်အခါ ချင်ရှုနှင့် ဝေ့စန်းက ကတိုက်ကရိုက်ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ခေါင်းများကို တံခါးဘောင်တွင်မှီကာ အမောတကောဖြင့် ပင့်သက်ရှိုက်နေကြသည်။ 

" မ မဟာမိစ္ဆာတစ်ကောင် ပေါ်လာတယ်..."

သူတို့နှစ်ယောက် ပြန်လာသည်ကို မြင်သောအခါ အားလုံး၏မျက်နှာက စိမ်းဖန့်ဖန့်ဖြစ်သွားသည်။ 
" ဖူကောကရော ဘယ်မှာလဲ..."

‌ဖူကောသာ တစ်ခုခုဖြစ်သွားရင် ဘော့စ် ဘယ်လို အသက်ရှင်တော့မှာလဲ...

သူက ဖူကောကို ယွမ်သန်းနှစ်ဆယ်ကျော်တန်တဲ့ အိမ်ကိုတောင် ရက်ရက်ရောရောနဲ့ ဝယ်ပေးထားတာလေ...

" ဖူ ဖူကောလား...*
အားလုံး၏ လေးနက်တည်ကြည်သွားသော အမူအရာကို မြင်သည့်အခါ ဝေ့စန်းနှင့် ချင်ရှုတို့မြင်သည့်အခါ လန့်သွားကြသည်။ 

ဘာလို့ သူတို့အမူအရာတွေက အရမ်းကြောက်စရာကောင်းနေတာလဲ...

" ဖူလီက ဘာဖြစ်သွားလို့ မင်းတို့နှစ်ယောက်တည်း ပြန်လာရတာလဲ..."

ကျွမ်းချင်က ရေခဲတမျှအေးစက်သည့်အမူအရာဖြင့် သူတို့နောက်တွင် ပေါ်လာသည်။

" ဖူကောက အဆင်ပြေပါတယ်..."
ဝေ့စန်းက နှစ်စက္ကန့်ခန့် ကြောင်အစွာ စိုက်ကြည့်နေလိုက်သည်။

" သူက မဟာမိစ္ဆာကို မှတ်ပုံတင်လုပ်ပေးဖို့ ယောင်အစည်းအရုံးကိုသွားတယ်..."

အားလုံး : ...

အဲလောက် ကိုင်တွယ်ရလွယ်တဲ့ မဟာမိစ္ဆာရှိသေးတာလား... သူက လူသားတွေနဲ့ နည်းနည်းတော့ အကျွမ်းတဝင်ရှိနေတာများလား...

ဖူလီ မည်သည့်နေရာသို့သွားကြောင်း သိပြီးသည့်အခါ ကျွမ်းချင်က နောက်သို့တစ်ချက်မှ ပြန်မလှည့်ကြည့်ဘဲ ထွက်သွားသည်။ ကျွမ်းချင် မျက်စိမျက်နှာပျက်နေသည်ကို မြင်သောအခါ ဝေ့စန်းနှင့်ချင်ရှုတို့က သူတို့၏ လုပ်ဖော်ကိုင်ဖက်များကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်သည်။
သူတို့များ တစ်ခုခုလုပ်မိလို့လား...

.....

ယောင်အစည်းအရုံး၏ အပြင်ဘက် ဝင်ပေါက်သို့ရောက်သည့်အခါ ဖုန်းလွေ့ကျုံးက တံခါးတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကိုကြည့်လိုက်သည်။ ထိုစကားလုံးများက ရိုးစင်း၍ အကြမ်းထည်သာ ရေးသားထားခြင်းဖြစ်သော်လည်း ကံကောင်းသည်မှာ ဖတ်၍ ရနိုင်သေးသည်။ 

သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးနှင့် အပန်းဖြေရေးကလပ်...

ဒါက ယောင်အစည်းအရုံးရဲ့ လူသားလောကနာမည်ပေါ့လေ...

သူက ဖူလီနှင့်အတူ ယောင်အစည်းအရုံး ဝင်ပေါက်မှ တစ်ဆင့်လိုက်ဝင်လာသောအခါ ခြံဝင်းထဲတွင် အလွန်ကြီးသောထီးကြီးကို ကိုင်ထားသည့် လူပေါင်းများစွာကို တွေ့မြင်လိုက်ရသည်။ သူတို့က စားပွဲဘေးပတ်ပတ်လည်တွင်ထိုင်ပြီး အတုံးသေးလေးများကို ပစ်နေကြသည်။ သူတို့အကြားတွင် လူသားကျင့်ကြံသူနှစ်ယောက်နှင့် ယောင်ကျင့်ကြံသူနှစ်ယောက် ပါဝင်သည်။ လေထုအနေအထားက သဟဇာတဖြစ်နေသည်ဟုပင် ဆိုရပေမည်။ 

သူတို့က မကြာခဏ စကားအချေအတင်ဖြစ်နေကြသော်လည်း မတိုက်ခိုက်ကြပေ။

" အဲဒါ မာကျောက်လို့ခေါ်တယ်... လူသားတွေ တီထွင်ထားတဲ့ ကစားနည်းတစ်မျိုးပါ..."

ဖူလီက ဖုန်းလွေ့ကျုံးကို အသံတိုးတိုးဖြင့် ရှင်းပြနေသည်။ သူတို့က မာကျောက်ကစားဖော်တွေဆိုတော့ ဆော့ချင်တဲ့အချိန် ဒီမှာလူလာစုကြတာ..."

" ကျင့်ကြံသူဖူလီ ရောက်လာတာလား..."

ဝမ်စွေ့ဟွားက မာကျောက်ကစားနေလျက်ဖြင့် ဖူလီ့ကိုနှုတ်ဆက်လိုက်သည်။ ကျန်သည့်လူသုံးယောက်ကလည်း ဖူလီ့ကို အားတက်သရောနှုတ်ဆက်ကြသည်။ 

" သူတို့က မင်းကို အရမ်း တလေးတစားရှိကြတာပဲ..."

ဖုန်းလွေ့ကျုံး၏ မျက်နှာထက်တွင် ပြုံးပျော်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။

" ဟုတ် ကျင့်ကြံရေးလောကမှာ စီမံခန့်ခွဲရေးဗျူရိုက လူတွေဆိုရင် တော်တော်လေး လေးစားကြတယ်..."

ဖူလီက သူ့ကို အတွင်းဘက်ခြံဝန်းထဲခေါ်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
" အဖိုးရေ ဒီမှာရှိလား... မှတ်ပုံတင်ဖို့ မိစ္ဆာတစ်ယောက် ခေါ်လာတယ်..."

" မင်းပြောတာ ကြားတယ်လို့... ကြားတယ်..."

 အဖိုးအိုက တစ်ဝက်တစ်ပျက်ပွင့်နေသောတံခါးကို တွန်းဖွင့်လိုက်သည်။ 

" ငါ နားမကန်းပါဘူးကွ အဲလောက်အကျယ်ကြီး ခေါ်စရာ မလိုပါဘူး အခုခေတ်မိစ္ဆာလေးတွေကတော့..."

အဖိုးအိုကြီးက ရုတ်ချည်းငြိမ်ကျသွားသည်။ ဖူလီ၏နောက်မှ ဖုန်းလွေ့ကျုံးကို ခြေလက်များ တုန်ယင်စွာဖြင့် စိုက်ကြည့်နေပြီး ပြောစရာစကားများ ပျောက်ရှသွားပုံပေါ်သည်။

ဖူလီ ဖုန်းလွေ့ကျုံးကို လှည့်ကြည့်လိုက်သည့်အခါ ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်ထားသည်အား တွေ့လိုက်ရသည်။ သူ့အမူအရာက မပျော်မရွှင်ဖြစ်သွားပုံရသည်။ ဖူလီက ကြားဝင်ပြီး ကတိုက်ကရိုက်ရှင်းပြလိုက်သည်။

" ဒီအဖိုးက မိစ္ဆာကောင်းပါ... ကျွန်တော့်ရဲ မှတ်ပုံတင်ကိုလည်း သူပဲလုပ်ပေးခဲ့တာ..."

" အင်း..."

ဖုန်းလွေ့ကျုံး၏ အမူအရာက ပိုမိုနူးညံ့ညင်သာလာသည်။ 

" ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ..."

အဖိုးအိုက ဦးညွတ်ပြီး နောက်ဆုတ်သွားသည်။ ဖုန်းလွေ့ကျုံးအခန်းထဲ ဝင်ပြီးမှ သူလည်း နောက်မှလိုက်လာသည်။ 

အဖိုးအိုက အခန်းထဲမှမီးကို ဖွင့်လိုက်ပြီး သစ်သားခုံတစ်လုံးကို သုတ်လိုက်ပြီးမှ ဖုန်းလွေ့ကျုံး၏ရှေ့တွင် ချပေးလိုက်သည်။
" လူကြီးမင်း ကျေးဇူးပြုပြီးထိုင်ပါ..."

ဖုန်းလွေ့ကျုံးက ဖူလီ့ကို လှမ်းကြည့်လိုက်သည်။ ဖူလီက ခုံပုတစ်လုံးဆွဲလာပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုအခါမှသာ သူလည်း သဘောမကျဟန်ဖြင့် သစ်သားခုံတွင် ထိုင်လိုက်သည်။ 

" နာမည်က..."

" ဖုန်းလွေ့ကျုံး..."

" အသက်..."

ဖုန်းလွေ့ကျုံးက ခဏတာ တွေးတောနေသည်။ 
" နှစ်‌တစ်သောင်းလို့ပဲ ရေးလိုက်ပါ..."

ဖူလီက ဖုန်းလွေ့ကျုံးကို လှမ်းကြည့်လိုက်သည်။
အသက်ကိုဖြည့်တဲ့နေရာမှာ အေးအေးဆေးဆေး‌ဖြစ်နေတာဆိုတော့ သူ့အသက်က ဘယ်လောက်တောင်ရှိပြီလဲ...

" မွေးတဲ့နေရာ..."

" ကျောက် စီရင်စု... နန် နန်ရှန်..."

အဖိုးအိုကြီးက ဒေတာများကို လျင်မြန်စွာစုစည်းလိုက်သည်။ ဖုန်းလွေ့ကျုံး၏ကိုယ်ပေါ်တွင် ရန်လိုမှုချီဓာတ် အနည်းငယ်မျှဖြင့် မရှိပေ။ သူက မကောင်းဆိုးဝါးမိစ္ဆာမဟုတ်၍ သူ၏ စာရင်းသွင်းမှုက လျင်မြန်စွာ ပြီးဆုံးသွားသည်။ နာရီဝက် မကြာမီအချိန်မှာပင် ယာယီမှတ်ပုံတင်ကတ်တစ်ခုကို ရရှိသွားခဲ့သည်။ 

" လူကြီးမင်းရဲ့ တရားဝင်မှတ်ပုံတင်ကတ်ကတော့ သုံးရက်ကြာမှ အဆင်သင့်ဖြစ်မှာပါ... လူကြီးမင်းရဲ့ မှတ်ပုံတင်ရလာရင် ဘယ်ကိုပို့ပေးရမယ်ဆိုတာလေး သိလို့ရမလား..."

" ရှောင်လီက ငါ့ရဲ့ဂျူနီယာလေးလေ... မင်း အကုန်လုံးပြီးသွားရင် သူ့ကိုပေးထားလို့ရတယ်..."

ဖုန်းလွေ့ကျုံးက အဖိုးအိုကြီးကို ဂရုမစိုက်ဟန်ဖြင့်သာ ဆက်ဆံနေသည်။ သို့သော်လည်း အဖိုးအိုက စိတ်ထဲမထားဘဲ သူတို့ကို တလေးတစားဖြင့် ခြံဝင်းထဲလိုက်ပို့နေသည်။

အရိပ်နှစ်ခုက တံခါးမှ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပြီး ခါးကိုင်း၍ အရိုအသေပေးနေသည်မှာ မြေပြင်ကိုပင် ထိတော့မည်ဟု ထင်ရသည်။ 

.....

"မှတ်ပုံတင်ကတ်ရှိရင် လူသားလောကမှာ သာမန်လူလိုမျိုး နေလို့ရပြီ..."

ဖူလီက ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ဖုန်းလွေ့ကျုံးကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

" ဘယ်လိုအထူးအဆန်းကိစ္စကိုမှ မလုပ်ဘူးဆိုရင် လူသားလောကရဲ့ အရသာရှိတဲ့ စားစရာတွေကို စားကြည့်လို့ရမယ်၊ အကောင်းဆုံးယမကာကို သောက်လို့ရမယ် ပြီးရင် စိတ်ဝင်စားစရာ ဂိမ်းတွေကိုပါ ကစားနိုင်မှာ..."

" ငါ လူသားလောကနဲ့ အဆက်အသွယ်မရှိတာ နှစ်ပေါင်းများစွာကြာပြီ... တကယ်လို့ ရှောင်လီ နောက်ကျ အချိန်ရတယ်ဆို ငါ့ကိုခေါ်သွားပေးလို့ရလား..."

ဖုန်းလွေ့ကျုံးက ထီးဖွင့်ပြီး ဖူလီ့ခေါင်းပေါ် ဆောင်းပေးလိုက်သည်။

" ရပါတယ်..."
ဖူလီက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 

" မသန့်စင်တဲ့သွေးနဲ့ နဂါးတစ်ကောင်က ဟိုသံမဏိကားထဲကနေ မင်းကို ကြည့်နေသလိုပဲ..."
ဖုန်းလွေ့ကျုံးက မနီးမဝေးမှကားကို လက်ညှိုးထိုးပြလိုက်သည်။

" မင်းရဲ့ သူငယ်ချင်းလား..."

" အယ်..."

ဖူလီလှမ်းကြည့်လိုက်သည့်အခါ ကျွမ်းချင်၏ကားဖြစ်ကြောင်း သိလိုက်ရ၍ အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

 " ဦးလေးဖုန်း အဲဒါ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ကျွမ်းချင်ပါ..."

ဖူလီက ပြောပြောဆိုဆိုဖြင့် ထီးအောက်မှ ပြေးထွက်သွားသည်။

ဖုန်းလွေ့ကျုံးက ထီးအောက်တွင် နေရာလွတ်သွားသည်ကိုကြည့်ပြီးမှ ဖူလီ၏ ပျော်ရွှင်စွာထွက်သွားသည့် ကျောပြင်ကိုကြည့်ကာ ခပ်ဟဟရယ်လိုက်မိသည်။

" နဂါးလေးကျွမ်း..."

ဖူလီ ကားပြတင်းပေါက်ကို ခေါက်လိုက်သည်။
" မင်း ငါ့ကို လာကြိုတာလား..."

ကျွမ်းချင်က ကားမှန်ချလိုက်ပြီး လှေကားထစ်နားတွင် ပြုံး၍ရပ်နေသော‌ ချောမောခံ့ညားသည့် ယောင်ကျင့်ကြံသူကိုကြည့်လိုက်သည်။ ထို့နောက် သူ့ကို ပြုံးပြနေသည့်ဖူလီကိုကြည့်ကာ ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

" အင်း ငါမင်းကို အိမ်ပြန်ဖို့လာခေါ်တာ..."

" မင်္ဂလာပါ ရှောင်လီရဲ့ သူငယ်ချင်းလေး..."

ဖုန်းလွေ့ကျုံးကလည်း သူတို့နားကို ရောက်လာသည်။ သူက ချန့်ခွန်းအိတ်ကိုထုတ်ပြီး ကားပေါ်ဖြန့်ချလိုက်သည်။

" ကဲပါ ဒါက အကြီးအကဲတစ်ယောက်စီက ကြိုဆိုတဲ့လက်ဆောင်လေ... မင်း မျက်မှောင်ကြုတ်မနေဘဲနဲ့ လက်ခံသင့်တယ်..."

ဖုန်းလွေ့ကျုံး၏ အပြုအမူကြောင့် ကျွမ်းချင်က ဖူလီ၏ အကြီးအကဲဖြစ်သည့် ဟင်္သာပြဒါးငှက်ကျူးယွဲ့ကို တွေးမိသွားသည်။

ချမ့်ခွန်းအိတ်ထဲတွင် ပစ္စည်းပေါင်းများစွာ ထည့်သွင်းနိုင်သည့်အတွက် ကျွမ်းချင်အနေဖြင့် ထိုအိတ်ကို လက်ခံနိုင်စရာအကြောင်း မရှိပေ။ 

" စိတ်မကောင်းပါဘူး... ကျွန်တော်တို့ စီမံခန့်ခွဲရေးဗျူရိုမှာ တခြားကျင့်ကြံသူတွေဆီက လက်ဆောင်တွေကို လက်မခံရဘူးဆိုတဲ့ စည်းကမ်းတစ်ခုရှိပါတယ်..."

ကျွမ်းချင် အရိုအသေပြုလိုက်သည်။
" စီနီယာရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်..."

" လူသားလောကမှာ စကားပုံတစ်ခုရှိတယ် 'အကြီးအကဲတွေကပေးတဲ့ လက်ဆောင်တွေကို မငြင်းရဘူး' တဲ့... မင်း လက်မခံဘူးဆိုရင်တော့ ဒီစီနီယာကို အထင်သေးတာပဲ..."

ဖုန်းလွေ့ကျုံးက ချောမောခံ့ညားသည့် ရုပ်ရည်သွင်ပြင်မျိုးရှိသည်။ သူ ပြုံးရယ်ခြင်းမရှိဘဲ မျက်ခုံးထောင့်များကို အနည်းငယ်သာ ပင့်ထားသော်လည်း အရှိန်အဝါကြီးမားသည့် ခံစားချက်တစ်မျိုးကို ပေးနေသည်။ 

" ကျေးဇူးတင်ပါတယ် ဦးလေးဖုန်း..."
ဖူလီက ကျွမ်းချင်ကိုယ်စား ချမ့်ခွန်းအိတ်ကို ယူလိုက်သည်။

" ရှောင်လီကတော့ လိမ္မာနေတုန်းပဲ..."

ဖုန်းလွေ့ကျုံးက  ပြုံးပြလိုက်ပြန်သည်။ ဖူလီ့ခေါင်းပေါ်မှ ဦးထုပ်ကိုပုတ်ပြီး အနည်းငယ်နာကျင်နေပုံဖြင့် မေးလိုက်သည်။ 

" မင်း ဒီနှစ်တွေအတွင်း ကောင်းကောင်းနေခဲ့ရရဲ့လား..."

ဖူလီက ကြောင်အစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

မှော်အစွမ်းဖြင့် ပြုလုပ်ထားသည့် ဖူလီ့ခေါင်းပေါ်မှ ဦးထုပ်ကိုကြည့်ကာ ဖုန်းလွေ့ကျုံး၏မျက်ဝန်းထဲတွင် စိတ်ခံစားချက်အချို့ ဖြတ်သန်းသွားပုံပေါ်သည်။ သို့ရာတွင် နောက်ဆုံး၌ ဖုန်းလွေ့ကျုံးက ဖူလီ့ကိုကူညီပြီး ဦးထုပ်ပြင်ဝတ်ပေးလိုက်သည်။ 

" ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ... မင်း တစ်ခုခုလိုရင် ငါ့ဆီလာခဲ့..."

သူက ကျောက်စိမ်းဆွဲသီးအချို့ကို ဖူလီ့လက်ထဲ ထည့်ပေးလိုက်သည်။ 

" မင်းမှာ ကိစ္စတစ်ခုခုရှိရင် ကျောက်စိမ်းဆွဲသီးကို ခွဲလိုက်ပါ ငါချက်ချင်း အရောက်လာခဲ့မယ်..."

ဖူလီက ကျောက်စိမ်းဆွဲသီးများကို ကိုင်ထားလျက် ဖုန်းလွေ့ကျုံးကို ကြောင်အစွာ ကြည့်နေမိသည်။ ဖုန်းလွေ့ကျုံးက သူနှင့်  လက်ပွန်းတတီး ဖြစ်လွန်းလှသည်။ ဖူလီက တစ်ဖက်လူ၏ရည်ရွယ်ချက်ကို သင်္ကာမကင်းဖြစ်မိသော်လည်း သူ့ကို ညင်သာစွာ ပြုံးပြလိုက်ချိန်တိုင်းတွင် ရင်းနှီးမှုဟူသည့် ခံစားချက်မှလွဲ၍ မည်သည့်အရာကိုမှ မခံစားရပေ။ 

" ဦးလေးဖုန်း... ကျွန်တော်တို့ အရင်တုန်းက တွေ့ခဲ့ဖူးလား..."

ဖူလီ မမေးဘဲ မနေနိုင်တော့ပေ။ 

ဖုန်းလွေ့ကျုံးက နူးညံ့စွာပြုံးလိုက်သည်။ 
" နှင်းတွေထူလာပြီ စောစောပြန်တော့..."

သူ့အကြည့်က ကျွမ်းချင်ပေါ်ရောက်သွားချိန်တွင် ဖော်ရွေစွာ ပြုံးပြလိုက်သည်။
" သွားပြီနော်..."

ကျွမ်းချင်က ဖူလီနှင့် ဖုန်းလွေ့ကျုံးတို့၏ ဆင်တူနေသော အဝတ်အစားများကိုကြည့်ကာ မျက်နှာတည်ကြီးဖြင့် ပြောလိုက်သည်။
" ကျေးဇူးပြုပြီး ဂရုစိုက်ပြန်ပါ စီနီယာ..."

ဖုန်းလွေ့ကျုံးက ကားတံခါးကို ဆွဲဖွင့်လိုက်ပြီးနောက် ဖူလီ့ကို ပြုံးပြလိုက်သည်။ 
" မြန်မြန်တက်တော့လေ..."

သူက သင်ယူမှု‌အားကောင်းလွန်းလှသည်။ ကားတစ်ကြိမ်စီးလိုက်ရုံဖြင့် ကားတံခါး မည်သို့ဖွင့်ရမည်ကို သိသွားပြီး လူအုပ်ကြားထဲ ရောနှောနေထိုင်တတ်သွားသည်။ 

ဖူလီက ခရီးသည်ခုံတွင် ထိုင်လိုက်သည်။ သူ့နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း မည်သည့်စကားမှ မပြောမိပေ။ ဖုန်းလွေ့ကျုံးက သူနှင့် ယခင်က တွေ့ဖူးကြောင်း မငြင်းဆိုခဲ့သော်လည်း ဝန်မခံ‌ခဲ့ပေ။ 

သူက မပြောချင်လို့များလား... တစ်ခုခုကို အထင်လွဲနေလို့ ဖုံးကွယ်ထားဖို့ ကြိုးစားလိုက်တာများလား...

သူ အလေးအနက်တွေးတောနေချိန်တွင် ဖုန်းလွေ့ကျုံးက နောက်ထပ်ချမ့်ခွန်းအိတ်တစ်အိတ်ကို သူ့လက်မောင်းပေါ်တင်ပေးလိုက်သည်။ 

" မင်းကိုယ်မင်းလည်း ကောင်းကောင်းနေပါဦး... စားစရာ၊ အဝတ်အစား၊ နေစရာနဲ့ ခရီးသွားစရာတွေရှိရင် မနှမျောနဲ့..."

သူက မှော်အစွမ်းဖြင့် ပြုလုပ်ထားသော ဖူလီ၏ဦးထုပ်ကိုကြည့်ပြီး အားတင်းပြုံးပြလိုက်သည်။ 
" အဝတ်အစားကောင်းကောင်းတွေ ဝတ်တာလည်း ကောင်းပါတယ်..."

ဖူလီ့စိတ်ထဲ ထူးဆန်းသောခံစားချက်တစ်မျိုး ဖြစ်လာသည်။
ဦးလေးဖုန်းက သူ့ကိုဘာလို့ ဒုက္ခခံနေရတဲ့ လူတစ်ယောက်လိုမျိုး ကြည့်နေရတာလဲ...

" ကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်ပါ..."
ဖုန်းလွေ့ကျုံးက ဖူလီ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ အခြားနေရာကို ထွက်သွားသည်။ 

ဖူလီက သူ့ကျောပြင်ကိုကြည့်ပြီး ရင်ထဲတွင် မဖော်ပြနိုင်သည့် စိတ်ဓာတ်ကျမှုတစ်မျိုးကို ခံစားနေရသည်။ သူ ကားတံခါးဆွဲဖွင့်ပြီး ပြေးလိုက်သွားသည်။

" ‌ဦးလေးဖုန်း..."

" ဘာဖြစ်လို့လဲ..."

ဖုန်းလွေ့ကျုံးက ရုတ်ချည်းရပ်တန့်သွားသည်။ ဖူလီ့ကို သူ ပြန်လှည့်ကြည့်လိုက်ချိန်တွင် မျက်ဝန်းထဲမှ ပျော်ရွှင်မှုများကို မဖိနှိပ်နိုင်လုနီးပါး ဖြစ်သွားသည်။

" ဒါ ကျွန်တော် အလုပ်လုပ်တဲ့နေရာပါ အားရင် ကျွန်တော့်ကို လာရှာလေ...လူသားလောကရဲ့ အရသာရှိတဲ့ စားစရာတွေ စားလို့ရအောင် ကျွန်တော်ခေါ်သွားမယ်..."

ဖူလီက နာမည်ကတ်တစ်ခုကို ဖုန်းလွေ့ကျုံး၏လက်ထဲထည့်ပေးကာ သူ့ကိုစိုက်ကြည့်နေလိုက်သည်။

" သေချာပေါက် လာခဲ့နော်..."