Chapter 141
ဖူလီက နာမည်ကတ်တစ်ခုကို ဖုန်းလွေ့ကျုံး၏လက်ထဲထည့်ပေးကာ သူ့ကိုစိုက်ကြည့်နေလိုက်သည်။
" သေချာပေါက် လာခဲ့နော်..."
ဖုန်းလွေ့ကျုံးက လက်ဖဝါးပေါ်မှ နာမည်ကတ်လေးကိုကြည့်ပြီး ဂရုတစိုက်ဖြင့် သိမ်းထားလိုက်သည်။
" ကောင်းပါပြီ..."
ဖူလီက မျက်လုံးများ ကော့ညွတ်သွားသည်အထိပြုံးပြပြီး ကျွမ်းချင်၏ကားနားကို ပြန်ပြေးသွားလိုက်သည်။ သူ ပြန်လှည့်ကြည့်လိုက်ချိန်တွင် နှင်းထူထူများသာ ကျဆင်းနေသည်ကို တွေ့လိုက်ရသည်။ ဖုန်းလွေ့ကျုံး၏ အရိပ်ကိုပင် မမြင်ရတော့ပေ။ သူ ခေါင်းငုံ့လျက်ဖြင့် ဖုန်းလွေ့ကျုံးပေးထားသည့် ချမ့်ခွန်းအိတ်ကို ကျွမ်းချင်ထံ ပေးလိုက်သည်။
အမွှေးအိတ်တစ်လုံး၏ အရွယ်အစားခန့်သာရှိသော ချမ့်ခွန်းအိတ်ကို ကျွမ်းချင်ယူထားလိုက်သည်။ သူ့ရင်ထဲတွင် ချဉ်တူးနေသော်လည်း ထိုသို့ခံစားချက်များရှိနေရန် မဖြစ်သင့်ကြောင်းလည်း သိသည်။ ဖုန်းလွေ့ကျုံးက ဖူလီ့ဦးထုပ်ကို ပြန်ဆောင်းပေးနေချိန်တွက် တစ်ဖက်လူ၏လက်ကို ရိုက်ချပစ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။
သူ စိတ်ထိန်းထားလိုက်သည်က ကံကောင်းသွားသည်။ ထိုသို့မဟုတ်ပါက ဖူလီက သူ့ကို ဒေါသကြီးသည်ဟု ကျိန်းသေပေါက်ထင်သွားနိုင်သည်။ သူ ချမ့်ခွန်းအိတ်ကို သိုလှောင်ခန်းထဲ ထည့်ထားလိုက်ပြီး သူ၏ အမူအရာကို ပုံမှန်အတိုင်းဖြစ်အောင် မနည်းကြိုးစားလိုက်သည်။
" ဒီ စီနီယာဖုန်းက... ရောင်ပြန်မြူတောင်က စီနီယာများလား..."
ဖူလီက အသာခေါင်းခါလိုက်သည်။
" မဖြစ်နိုင်ဘူး... အကြီးအကဲတွေက တောင်ပေါ်မှာ သူတို့ရဲ့လူသားပုံစံနဲ့နေတာ ရှားတယ်ဆိုပေမယ့် ငါ့ရှေ့မှာတော့ အသွင်ပြောင်းဖူးကြတဲ့ လူတွေကြီးပဲ... သူက အကြီးအကဲတွေထဲက မဟုတ်ဘူး..."
" မင်းက အကြီးအကဲတွေအားလုံးရဲ့ လူသားအသွင်ကို မြင်ဖူးတာလား..."
ဖုန်းလွေ့ကျုံး၏ ဖူလီ့အပေါ် ပြုမူဆက်ဆံပုံက မဟာမိစ္ဆာတစ်ကောင် မိစ္ဆာငယ်လေးတစ်ကောင်ကို ဆက်ဆံသည်ထက် ကျော်လွန်နေသည်ဟု ခံစားလိုက်ရသည်။ မဟာမိစ္ဆာတစ်ကောင်က မည်မျှကြင်နာသည်ဖြစ်စေ ဂုဏ်မောက်မှုအနည်းငယ် ရှိတတ်ကြပေသည်။ သူတို့နှင့် အလွယ်တကူပြောဆိုဆက်ဆံနိုင်ရန်က မလွယ်ကူလှပေ။
" ငါ သူတို့အားလုံးကို မြင်ဖူးတယ်... ငါ ပထမဆုံးအကြိမ် လူသားပုံစံပြောင်းတုန်းက လူသားခန္ဓာကိုယ်နဲ့ အသားမကျသေးဘူး... တောင်ပေါ်က အကြီးအကဲတွေက လူသားနဲ့မတူတဲ့ပုံစံ ပြောင်းမိမှာစိုးလို့ သူတို့ရဲ့လူသားပုံစံနဲ့ပဲ ငါ့ကို အကြာကြီး အဖော်လုပ်ပေးခဲ့ကြတာ... ငါ သူတို့ တစ်ယောက်ချင်းစီရဲ့ မျက်နှာတွေကို သေချာမှတ်မိနေသေးတယ် ဘယ်လိုမှ မေ့သွားမှာမဟုတ်ဘူး..."
" မင်းရဲ့ လူသားအိမ်မွေးကောင်လေးကရော..."
" ဒါ ဒါပေမဲ့ ငါ သူ့ကိုတော့ သေချာမမှတ်မိတာ အမှန်ပဲ..."
ဖူလီက ယုံကြည်ချက်ရှိရှိဖြင့် စကားပြောနေချိန်တွင် ကျွမ်းချင်၏ မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
" ဘာပဲဖြစ်ဖြစ် ငါ စီနီယာဖုန်းကို မမြင်ဖူးတာတော့ ကျိန်းသေတယ်..."
ကျွမ်းချင်က ဖုန်းအသုံးပြု၍ ရုံး၏စနစ်ထဲဝင်ကာ ယောင်အစည်းအရုံးတွင် စာရင်းသွင်းခဲ့သော ဖုန်းလွေ့ကျုံး၏ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးလိုက်သည်။
နှစ်တစ်သောင်းဆိုတာ ကြုံရာပြောလိုက်တဲ့ ဂဏန်းတစ်ခုလိုပဲ... သူ့မွေးရပ်မြေက ကျောက် စီရင်စုရဲ့ နန်ရှန်းမှာတဲ့လား...
ကျောက် စီရင်စု၏ နန်ရှန်းက အလွန်ကျယ်ပြန့်သည့် နေရာတစ်ခုဖြစ်သည်။ တစ်ဖက်လူ၏ အသွင်အစစ်ကို အတိအကျမသိရသော နေရာတစ်ခုပေါ်မူတည်ပြီး မမှန်းဆနိုင်ပေ။ ထို့အပြင် ထိုမွေးရပ်မြေ မှန်ကန်ကြောင်း မည်သူမှလည်း အတည်မပြုနိုင်ကြပေ။
တစ်ဖက်လူက ဖူလီရဲ့ အကြီးအကဲမဟုတ်ဘူးဆိုရင် ဘာလို့ အရမ်းကို ရင်းနှီးချင်းယောင်ဆောင်နေရတာလဲ... ဒါမှမဟုတ် သူ ဖူလီ့ကိုများ ...
ကျွမ်းချင်က ထိုအတွေးကိုဖြေဖျောက်ရန် မနည်းကြိုးစားလိုက်ရသည်။ သူ စိတ်လေးလံနေသည့်အကြည့်ဖြင့် မေးလိုက်သည်။
" မင်း အရင်တုန်းကပြောဖူးတာတော့ မင်းတို့တောင်ပေါ်မှာ လူအသွင်ပြောင်းလို့မရတဲ့ စာကလေးတစ်ကောင် ရှိတယ်ဆို..."
" မဖြစ်နိုင်ဘူး... စာကလေးက အတ္တကြီးပြီး အမြဲဆူညံနေတဲ့ ငှက်မလေးလေ..."
ဖူလီ့မှတ်ဉာဏ်ထဲမှ စာကလေးက နှစ်ထောင်ပေါင်းများစွာကြာသည်အထိ လူသားအသွင်မပြောင်းနိုင်ခဲ့သူဖြစ်ပြီး လူသားမိန်းကလေးတစ်ယောက်သဖွယ် နူးညံ့ညင်သာသည့် အသံမျိုးရှိသည်။ ထို့ကြောင့် ဖူလီက သူမကို အကြီးအကဲအဖြစ် မသတ်မှတ်ခဲ့ပေ။ စာကလေးက ထိုကိစ္စကို စိတ်ထဲထားပုံမရဘဲ နေ့စဉ်နေ့တိုင်း သူနှင့်အတူ ဆော့ကစားပေးခဲ့သည်။
ဖူလီက အသေအချာပြောနေသည်ကိုကြည့်ပြီး ကျွမ်းချင်၏စိတ်ထဲမှ သံသယဝင်မှုက ပိုမိုနက်ရှိုင်းသွားသည်။ ဤလောကတွင် ကောင်းမွန်စွာဆက်ဆံခြင်းဟူသည်မှာ အကြောင်းအရင်းမဲ့ မဖြစ်နိုင်ပေ။ သို့သော် ဖူလီက ဖုန်းလွေ့ကျုံးကို အကောင်းမြင်နေပုံရ၍ အဆုံးတွင် သူ၏ သံယယကို ထုတ်မပြောနိုင်ဘဲ ရင်ထဲတွင်သာကြိတ်ပြီး သဝန်တိုနေရသည်။
ဖူလီ အလုပ်ဆင်းသည်နှင့် ကျွမ်းချင်၏ဗီလာကိုသွား၍ ညစာစားကာ ဆိုဖာပေါ် တင်ပျဉ်ခွေထိုင်ပြီး တီဗီကြည့်နေသည်။ ခဏကြည့်ပြီးသောအခါ ဖုန်းလွေ့ကျုံး သူ့ကိုပေးထားခဲ့သည့် ချမ့်ခွန်းအိတ်နှစ်အိတ်အကြောင်း ရုတ်ချည်းတွေးမိသွားသည်။
သူ ချမ့်ခွန်းအိတ်တစ်အိတ်ကိုထုတ်ပြီး သွန်ချလိုက်သည်။ ပုလဲများ ရွှေနှင့် အဝတ်အစားများက အိမ်ထဲတွင် တစ်ခဏတွင်းချင်းပြည့်နှက်ကာ ပရိဘောဂများကိုပင် နစ်မြုပ်သွားစေသည်။
မီးဖိုချောင်ထဲမှ အသံကြားလိုက်သောကျွမ်းချင်က အပြင်ထွက်လာပြီး လာကြည့်သည်။ တောင်ပုံရာပုံဖြစ်နေသည့် ရွှေနှင့်ပုလဲများက သူ့ဧည့်ခန်းထဲတွင် အမှိုက်များသဖွယ် အပုံလိုက် ဖြစ်နေသည်။
ဖူလီ ဘာလုပ်နေတာလဲ...
ဖူလီသည်လည်း တောင်တစ်လုံးစာခန့်ရှိသည့် ရတနာများကြောင့် ထိတ်လန့်သွားရသည်။ သူ ကမန်းကတန်းဖြင့် ပစ္စည်းများကို ပြန်ထည့်နေသည်။ သူ ချမ့်ခွန်းအိတ်ထဲမှ ပစ္စည်းအနည်းငယ်ကိုသာ ထုတ်လိုက်သော်လည်း ဤသို့စုပြုံသွားရသည်။ အကယ်၍ အကုန်လုံးကိုသာ ထုတ်လိုက်မိပါက...
" မင်း ဘာတွေလုပ်နေတာလဲ..."
ကျွမ်းချင်က လက်သုတ်လိုက်သည်။ ဖူလီ့လက်ထဲမှ ချမ့်ခွန်းအိတ်ကို သတိပြုမိ၍ မျက်ခုံးများ တွန့်ချိုးသွားရသည်။
" ဒါက မင်းကို နေ့လယ်က မဟာမိစ္ဆာပေးသွားတဲ့အိတ်မလား..."
ဖူလီက ကြောင်အအဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ဦးလေးဖုန်းက သူ့ကိုအဘယ့်ကြောင့် ချမ်းခွန်းအိတ်တစ်အိတ် ထပ်ပေးခဲ့ကြောင်း သူ သဘောပေါက်စပြုလာသည်။ သူ့ဦးထုပ်က သစ်ရွက်များဖြင့် ပြုလုပ်ထားကြောင်းသိသွား၍ သူ ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရသည်ဟု ထင်လိုက်ပြီး ရွှေ၊ ငွေ၊ ပုလဲ၊ ကျောက်စိမ်းနှင့် အဝတ်အစား စသည်တို့ ပေးသွားခြင်းဖြစ်နိုင်သည်။
ဒီလို အထင်လွဲသွားတာ နည်းနည်းတော့ကိစ္စကြီးတယ်...
ဖူလီက အခြား ချမ့်ခွန်းအိတ်တစ်အိတ်ကို လက်လွတ်စပယ်ဖြင့် မသွန်ချရဲတော့ပေ။ သူ အိတ်ကိုဖွင့်ပြီး ဝိညာဉ်အသိစိတ်ဖြင့် စမ်းကြည့်လိုက်သည်။ အတွင်းတွင် ဆေးလုံးများ၊ ဝိညာဉ်သစ်သီးများ၊ ဆေးဖက်ဝင်ပစ္စည်းများနှင့် မှော်လက်နက် အများအပြားပါဝင်ပြီး ကစားစရာအရုပ်များစွာလည်း ပြန့်ကျဲနေသည်။
ဖူလီ ပစ္စည်းကောင်းများစွာကို ပိုင်ဆိုင်ထားသည့်လူ ဖြစ်သွားသည်။ ဖုန်းလွေ့ကျုံး၏ အပေးအကမ်းရက်ရောမှုကြောင့် ထိတ်လန့်သွားသော်လည်း သူ့ကိုယ်သူ မေ့သွားသည်အထိ မဟုတ်ပေ။ တစ်ဖက်တွင်မူ ကျွမ်းချင်က ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်အမင်းထူးဆန်းနေသည်ဟု ခံစားနေရသည်။ ဤ ဆေးဖက်ဝင်ပစ္စည်းများနှင့် မှော်လက်နက်များစွာက ကျင့်ကြံသူများကို သွားရည်ကျစေနိုင်သည်။ ဖုန်းလွေ့ကျုံးက ဖူလီကို သာမန်ထက်ပိုပြီး ကောင်းမွန်စွာ ဆက်ဆံနေသည်။
ကျွမ်းချင်ကလည်း သူ၏ ဝိညာဉ်အသိစိတ်ဖြင့် ဖုန်းလွေ့ကျုံး သူ့ကိုပေးခဲ့သော ချမ့်ခွန်းအိတ်ကို စစ်ဆေးကြည့်လိုက်သည်။ ဖူလီ့ကိုပေးခဲ့သည့်အိတ်နီးပါး ပစ္စည်းများစွာ မပါသော်လည်း ပစ္စည်းအားလုံးက ရှားပါးလှသည်။ အရေးကြီးဆုံးအရာမှာ ကျွမ်းချင်က ဤချမ့်ခွန်းအိတ်ထဲတွင် နဂါးအော်ရာတစ်ခုကို အာရုံခံမိနေသည်။
ချမ့်ခွန်းအိတ်ထဲမှ နဂါးချီဓာတ်တို့ ထွက်ပေါ်နေသည့် အနက်ရောင်သစ်သားဘူးတစ်ဘူးကို ထုတ်လိုက်သည်။ အဖုံးကို မဖွင့်ရသေးသော်လည်း ကျွမ်းချင်က ကြောက်ခမန်းလိလိ နဂါးအရှိန်အဝါနှင့် ဝိညာဉ်ချီဓာတ်ကို ခံစားမိနေသည်။ အလွန်များပြားလှသည့်ချီဓာတ်ကြောင့် ဘူးကိုပင် သေချာမကိုင်နိုင်ဖြစ်နေသည်။
" နဂါးချီဓာတ်လား..."
ဖူလီသည်လည်း အားပြင်းသည့် ချီဓာတ်လှိုင်းတစ်မျိုးကို ခံစားမိနေသည်။ ကျွမ်းချင်၏လက်ထဲမှ သစ်သားဘူးကို သူ ငုံ့ကြည့်လိုက်သည်။
" အထဲမှာ ဘာပါတာလဲ..."
ကျွမ်းချင် အဖုံးဖွင့်ကြည့်လိုက်သည်။ အတွင်းမှ အစိမ်းရင့်ရောင်နဂါးဦးချိုက ခမ်းနားထည်ဝါသည့် ဝိညာဉ်ချီဓာတ်တို့ ပျံ့နှံ့နေသည်မှာ နဂါးတစ်ကောင်က ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင်တွင် အော်ဟစ်ဟိန်းဟောက်နေသကဲ့သို့ ဖြစ်နေသည်။ တစ်ခဏတွင်းချင်းမှာပင် အနက်ရောင်သစ်သားဘူးပေါ်၌ မိုးပြာနဂါးတစ်ကောင်၏ ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ ကျွမ်းချင်ကို ငုံ့ကြည့်နေသည့် သူ၏မျက်ဝန်းများက ခံစားချက်ကင်းမဲ့နေသည်။
" ငါတို့မျိုးနွယ်ရဲ့ ဂျူနီယာ မင်းက တကယ် ဒီဘူးကို ဖွင့်ခဲ့တာလား..."
ပုံရိပ်ယောင်က ကျယ်လောင်ရှည်လျားသည့်အသံဖြင့် ပြောလိုက်သည်။ ထို့နောက် အစိမ်းရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ကျွမ်းချင်၏နှဖူးထဲ ဝင်ရောက်သွားသည်။ ကျွမ်းချင်၏လက်က တုန်ယင်လာပြီး ဘူးက မြေပြင်ပေါ် ကျသွားသည်။ နဂါးဦးချိုက မြေပြင်ပေါ်ကျသည်နှင့် အပိုင်းပိုင်းအစစ ကွဲကြေသွားကာ အဖြူရောင်အမှုန့်များသာ ကျန်ရစ်ခဲ့တော့သည်။
" ကျွမ်းချင်..."
ကျွမ်းချင်၏ကိုယ်ပေါ်မှ နဂါးချီဓာတ်က အဆက်မပြတ်တိုးလာသည်ကို မြင်သည့်အခါ ဖူလီက ဗီလာ၏ဘေးပတ်ပတ်လည်တွင် အရံအတားတစ်ခု ချလိုက်သည်။ သူ့လက်တစ်ဖက်ဆန့်ထုတ်ပြီး ကျွမ်းချင်၏သွေးကြောများကို ဖွင့်ပေးရန် ပြင်လိုက်သော်လည်း ကျွမ်းချင်၏ကျောပြင်ကို ထိလိုက်ချိန်တွင် စွမ်းအားကြီးသော နဂါးဖိအားတစ်မျိုးက သူ့ထုဲသို့ တိုးဝင်လာသည်။ နဂါးချီဓာတ်က သူ မချဉ်းကပ်လာအောင် သတိကြီးကြီးထား၍ ဟန့်တားနေသော်လည်း ကျွမ်းချင်ကိုမူ ဖော်ရွေဟန်ပြ၍ ကာကွယ်ပေးနေသည်။
၎င်းကို အာရုံခံမိသည့်အခါ ဖူလီက လက်လွတ်စပယ်ရှေ့မတိုးရဲတော့ပဲ ဘေးနားတွင်သာ တင်ပျဉ်ခွေထိုင်နေတော့သည်။ အကယ်၍ ကျွမ်းချင်ထံတွင် ထူးဆန်းသည့်အရာတစ်ခုခု ဖြစ်လာခဲ့ပ့ါက တုံ့ပြန်နိုင်ရန် အချိန်မှီမှ ဖြစ်ပေမည်။
ကျွမ်းချင်က အပြင်ဘက်လောကမှ အကြောင်းများကို မသိနိုင်တော့ပေ။ ယခုလက်ရှိအချိန်တွင် သူနှင့် အကျွမ်းဝင်ခြင်းမရှိသော နဂါးချီဓာတ်တစ်မျိုးက သူ့စိတ်အာရုံကို စိတ်ဝိညာဉ်ပင်လယ်ထဲ စုပ်ယူသွားသည်။ ကျွမ်းချင်က ရွှေနဂါးသွေးစစ်စစ် မဟုတ်သော်လည်း သန်မာသည့် စိတ်ဝိညာဉ်ပင်လယ်ဖြင့် ကျင့်ကြံရာတွင် ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲပေါ်လာသည့် မိုးပြာရောင်နဂါးကြီးကိုကြည့်ပြီး မည်သူမည်ဝါဖြစ်ကြောင်း မှန်းဆနိုင်သွားသည်။
" အရှင်က နတ်ဘုရားသားရဲ မိုးပြာနဂါးလား..."
မိုးပြာနဂါး၏အကြည့်က အစောပိုင်းကကဲ့သို့ အေးစက်မနေတော့ပေ။ သူ့အသံက ဩရှရှဖြစ်ပြီး လောက၏ အတွေ့အကြုံများစွာနှင့် အသွင်ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရ၍ သေဆုံးခြင်းနှင့် အလုံးစုံပျက်စီးခြင်းတို့ဖြင့်ပါ သူ့ကို မယိမ်းယိုင်စေတော့သည့်ပုံပင်။
" ငါနဲ့ ရေစက်ချင်းတူတဲ့နဂါးက လူသားတစ်ဝက် နဂါးတစ်ဝက်ဖြစ်တဲ့ သွေးနှောရွှေနဂါး ဖြစ်နေမယ် မထင်ထားဘူး...ထားလိုက်ပါတော့ ထားလိုက်ပါတော့ ထားလိုက်ပါတော့လေ... ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒပဲကို... လူသားတွေကပဲ ဒီလိုဇာတ်လမ်းတွေကို ဖန်တီးပြီး သက်ရှိအားလုံးရဲ့ ဦးဆောင်သူ ဖြစ်လာတာပဲ... တကယ်လို့ မင်း နဂါးမျိုးနွယ်ရဲ့ အမွေအနှစ်ကို ဆက်ခံချင်တယ်ဆိုရင် ကောင်းကင်ဘုံစည်းမျဉ်းအောက်မှ လောကကြီးရဲ့ ရှင်သန်နိုင်ခွင့်သေးသေးလေးကိုတောင် ဆုပ်ကိုင်ထားနိုင်ရမယ်..."
ကျွမ်းချင်က အနက်ရောင်သစ်သားဘူးထဲမှ နဂါးဦးချိုကို ပြန်တွေးမိသွားသည်။ သူ ရှေ့တိုးလာပြီး မိုးပြာနဂါးကို ရိုသေစွာ ဦးညွတ်လိုက်သည်။
" ဒီဂျူနီယာရဲ့နာမည်က ကျွမ်းချင်လို့ခေါ်ပါတယ် နတ်ဘုရားသားရဲအရှင်..."
" နတ်ဘုရားသားရဲ မိုးပြာနဂါးက လွန်ခဲ့တဲ့ နှစ်ငါးထောင်တည်းက ပျောက်ကွယ်သွားခဲ့ပါပြီ... ငါက သူ့ရဲ့နဂါးဦးချိုမှာ တွယ်ကပ်နေတဲ့ အဖျက်ဆီးခံလိုက်ရတဲ့ ဝိညာဉ်လက်တစ်ဆုပ်စာထက် မပိုပါဘူး..."
မိုးပြာနဂါးက သက်ပြင်းချလိုက်သည်။
" မင်းက ဖျက်ဆီးခံရတဲ့ဝိညာဉ်ပါတဲ့ ဘူးက ချိပ်စည်းကို ဖျက်ဆီးလိုက်ပြီဆိုတည်းက ဒါက ငါတို့ရဲ့ ဆက်နွယ်မှုကပဲ ဖြစ်မယ်ထင်တယ်..."
ကျွမ်းချင်က မိုးပြာနဂါး၏ ဖျက်ဆီးခံလိုက်ရသောဝိညာဉ်ကို သတိကြီးကြီးထား၍ ကြည့်နေသော်လည်း ဂရုတစိုက်မတွေးတောဘဲ လက်လွတ်စပယ်မပြုမူရဲပေ။ ဤနေရာက သူ၏စိတ်ဝိညာဉ်ပင်လယ်ဖြစ်၍ မည်သို့သောလှုပ်ရှားမှုမျိုးဖြစ်စေ နဂိုမူလအတိုင်း ပြန်မကောင်းနိုင်သည့် ပျက်စီးမှုကို ဖြစ်လာစေနိုင်သည်။
ဖျက်ဆီးခံရသည့်ဝိညာဉ်က သူ့အတွေးများကို သိမြင်ပုံရသည်။ သူက စိတ်ထဲမထားဘဲ ရိုးရှင်းစွာ ပြောလိုက်သည်။
" ငါဒီနေ့ မင်းကို နဂါးမျိုးနွယ်ရဲ့ အမွေအနှစ်ကိုပေးမယ်... မင်း ဒါကို ဂရုတစိုက်နဲ့ လေ့လာစူးစမ်းပြီး ငါတို့နယ်မြေအပေါ် အေးချမ်းမှုတွေပဲ ဆောင်ကြဥ်းလာပေးဖို့ မျှော်လင့်ပါတယ်..."
ထိုစကားများကို ရေရွတ်ပြီးသည့်အခါ ဖျက်ဆီးခံရသောဝိညာဉ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကျွမ်းချင်၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ပေါလောမျောနေသည့် ကြယ်အလင်းရောင်ဖြစ်သွားသည်။ ၎င်းအလင်းရောင်က သူ၏စိတ်ဝိညာဉ်ပင်လယ်ဖြင့် တဖြည်းဖြည်းရောနှောသွားသည်။
ကျွမ်းချင်၏ခေါင်းထဲတွင် ဝုန်းခနဲအသံကျယ်ကြီး မြည်လာသည်။ အဆုံးမဲ့ ဝိညာဉ်ချီဓာတ်များက သူ့ခန္ဓာကိုယ်သွေးကြောအနှံ့မှ မြင့်တက်လာပြီး အရိုးများထဲအထိ စိတ်မရှည်လက်မရှည်ဖြင့် ဝင်ရောက်သွားသည်။
" နဂါးမျိုးနွယ်စုရဲ့ နောက်ဆုံးအသွင်ပြောင်းလဲတာများလား..."
ဖူလီက ကျွမ်းချင်၏ နဂါးကြေးခွံက ပြတ်တောင်းပြတ်တောင်းပုံစံများ ဖြစ်လာပြီး ဦးခေါင်းမှ နဂါးဦးချိုများထွက်လာသည်ကို သတိပြုမိသည်။ ရွှေရောင် မြင့်မြတ်အလင်းတန်းများက သူ့ကို ပတ်လည်ဝိုင်းနေပြီး ကျွမ်းချင်၏ ခန္ဓာကိုယ်ကို အလင်းရောင်များဖြန့်ကျက်အောင် ကူညီပေးနေသည်နှင့်တူသည်။
နဂါးမျိုးနွယ်စုက သူတို့အသက် ၁၅၀၀နှင့် ၂၀၀၀အကြားတွင် အသွင်ပြောင်းလဲမှုကို တွေ့ကြုံရသည်။ အကယ်၍ ဤအသွင်ပြောင်းလဲမှုကို အောင်အောင်မြင်မြင်နှင့် တောင့်ခံနိုင်ခဲ့ပါက သူတို့၏ ကျင့်ကြံဆင့်က သိသိသာသာမြင့်တက်သွားပြီး တောင်များကိုရွှေ့ပစ်ခြင်းနှင့် ပင်လယ်ရေကို ခမ်းခြောက်ခြင်းများကိုပင် မျက်စိတစ်မှိတ်အတွင်း ပြုလုပ်နိုင်သည်။ ဦးလေးဖုန်းက ကျွမ်းချင်ကိုပေးလိုက်သည့် ချမ့်ခွန်းအိတ်ထဲတွင် နဂါးမျိုးနွယ်စုနှင့် သက်ဆိုင်သည့်အရာ ပါဝင်နေမည်ဟု ဖူလီ မထင်ထားခဲ့ပေ။ ထိုအရာ၏ လှုံ့ဆော်မှာကြောင့် ကျွမ်းချင်က ရုတ်ချည်း အသွင်ပြောင်းလဲရခြင်း ဖြစ်နိုင်သည်။
ဤသို့ ဂရုတစိုက်တွေးတောနေရန် အချိန် အလုံအလောက် မရှိပေ။ ဖူလီက သူ့ချမ့်ခွန်းအိတ်ထဲမှ အဝတ်တစ်စထုတ်ပြီး ကျွမ်းချင်ကို ပတ်လိုက်သည်။ ထို့နောက် အဝတ်စကို အရွယ်အစားချုံ့၍ ပင်လယ်ကမ်းခြေမြို့တစ်မြို့ကို တစ်ခဏတွင်းချင်း အရောက်သွားပြီး မူလအသွင်ပြောင်းကာ ပင်လယ်ထဲကို ကျွမ်းချင်နှင့်အတူ ခုန်ဆင်းသွားလိုက်သည်။
ကျွမ်းချင် သူ့ကို ယခင်တစ်ကြိမ် ရွှေနဂါးနန်းတော်သို့ ခေါ်လာစဉ်က သူ သတိမေ့နေခဲ့သော်လည်း အပြန်လမ်းတွင် ထိုလမ်းကြောင်းကို မှတ်ထားခဲ့ပေသည်။
" မေမေရေ ခွေးလေးတစ်ကောင်က ပါးစပ်မှာ အဝတ်ထုပ်တစ်ခုပိုက်ထားပြီးတော့ ပင်လယ်ထဲ ခုန်ချသတ်သေသွားတယ်..."
ကမ်းခြေတွင် ဆော့ကစားနေကြသည့် လူသားအနည်းငယ်ရှိသည်။ နဂါးတစ်ကောင် သူတို့အနားမှ ဖြတ်သွားသည်ကို မည်သူမှ သတိမပြုမိကြပေ။ လက်ထဲတွင် အရုပ်တစ်ရုပ်ကိုင်ထားပြီး ဆံပင်များ ပခုံးပေါ် ဝဲကျနေသည့် ကလေးမလေးတစ်ယောက်က ပင်လယ်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
" ဖေဖေရေ ခွေးလေးကို မြန်မြန်ကယ်ပေးပါဦး..."
ကလေးမလေး၏ ဖခင်က တည်ငြိမ်နေသည့် ပင်လယ်ရေပြင်ကို အကြိမ်ပေါင်းများစွာကြည့်ပြီးမှ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။
" သမီးလေး ဖေဖေတော့ ဘာခွေးလေးမှ မတွေ့ဘူးနော်..."
" သူ ရေနစ်သွားတာဖြစ်မယ်..."
လေးနှစ် ငါးနှစ်အရွယ်သာရှိသေးသည့် ကလေးငယ်လေးက မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည့်အရာ အပေါ်တွင်သာ ယုံကြည်ပေသည်။ နှင်းကဲ့သို့ ဖြူဖွေးနေသည့်အမွေးဖြင့် ခွေးလေးက ပင်လယ်အောက်တွင် ရေနစ်နေမည့်ပုံကိုတွေးမိပြီး ကလေးမလေးက စိတ်မကောင်းဖြစ်ကာ မျက်ရည်ဝဲလာသည်။
မျက်ရည်စက်များက သဲပေါ်တတောက်တောက်ကျလာ၍ သဲအချို့ပင် လျင်မြန်စွာ စိုစွတ်သွားရသည်။
ကလေးမလေး၏ မိဘများက သူတို့ကလေးကို ဝမ်းမနည်းစေချင်သောကြောင့် အဖေဖြစ်သူက ကမ်းစပ်တစ်ဝိုက်တွင် တစ်ကြိမ်လိုက်ရှာသည်။ နောက်ဆုံးတွင် သူ နောက်ပြန်လှည့်လာပြီး ပြောလိုက်သည်။
" သမီးလေး အမြင်မှားတာ မဟုတ်ဘူး... ခုနတုန်းက ခွေးဖြူလေးတစ်ကောင် ပင်လယ်ထဲက ပြန်တက်လာပြီး ဟိုဘက်ကိုပြေးထွက်သွားတာ တွေ့လိုက်တယ်..."
" တကယ်လား..."
ကလေးမလေးက ဖခင်ကို နီရဲနေသည့်မျက်လုံးများဖြင့် ကြည့်နေသည်။ သူမစိတ်ထဲတွင်မူ အဖေဖြစ်သူက သူမကို လုံးဝမလိမ်ညာဟု သေချာနေသည်။
" တကယ်ပေါ့... ခွေးလေးက ရေထဲက ပြန်တက်လာပြီး ထွက်ပြေးသွားတယ်..."
ကလေးမလေး၏အဖေက အရပ်မျက်နှာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
" ဖြစ်ချင်တော့ သုက မြန်မြန်ပြေးထွက်သွားတာနဲ့ ဖေဖေသူ့ကို မမှီလိုက်ဘူး..."
" သူ ရေထဲကတက်လာနိုင်ရင် ရပါတယ်..."
ကလေးမလေးက ပျော်ရွှင်သွားပြီး သူမအဖေကိုဖက်ကာ ပါးကိုနမ်းလိုက်သည်။
ကလေးမလေး၏မိခင်က မည်းနက်နေသည့် ပင်လယ်ပြင်ကြီးကို ကြည့်နေသည်။ သူမရင်ထဲမှ ထူးဆန်းသောခံစားချက်ကို ဖိနှိပ်ထားပြီး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူမ သမီးလေးက ကျိန်းသေပေါက် အမြင်မှားခြင်း ဖြစ်နိုင်သည်။
.....