အပိုင်း ၁၄၂
Viewers 38k

🐰Chapter 142🐉
အသွင်ပြောင်းမှု



ဖူလီက ရွှေနဂါးနန်းတော်၏ အရံအတားကို ကျော်ဖြတ်ပြီး ကျွမ်းချင်ကို အနောက်ဘက်ခန်းမဆောင်ထဲ ခေါ်လာခဲ့လိုက်သည်။ ကျွမ်းချင်က တံခါးကိုကျော်ဖြတ်လိုက်သည်နှင့် လူသားပုံစံကို မထိန်းထားနိုင်တော့ဘဲ ဧရာမရွှေနဂါးကြီးအဖြစ် ပြောင်းလဲသွားသည်။ 

အသွင်ပြောင်းနေစဉ် အချိန်တွင်းတွင် အလွန်နာကျင်ခံစားရပေသည်။ ကျွမ်းချင်က နဂါးဟိန်းသံများဖြင့် အဆက်မပြတ်အော်ဟစ်နေပြီး သူ့ခေါင်းနှင့်အမြီးများဖြင့် နံရံကို ရိုက်နေသည်။ မကြာမီအချိန်တွင် သူ့ကိုယ်တွင်းမှ သွေးများစိမ့်ထွက်လာသည်။ 

ကျွမ်းချင်၏ရွှေရောင်နဂါးခန္ဓာကိုယ်တွင် သွေးစက်များ စွန်းထင်းလာသည်ကိုကြည့်ကာ ဖူလီ၏နှလုံးသားထဲတွင် တင်းကြပ်သောခံစားချက်တစ်မျိုး ဖြစ်ပေါ်လာသည်။  သူ၏ အသက်ရှုသံများ မမှန်မကန်ဖြစ်လာသည်မှာ လူသားများပြောသည့် 'နှလုံးရောဂါ' ရနေသည့်အတိုင်း ဖြစ်နေသည်။ ကျွမ်းချင်က နံရံကို နောက်တစ်ကြိမ် ဝင်ဆောင့်တော့မည်အား မြင်သောအခါ သူ စဉ်းစားတွေးတောမနေတော့ဘဲ နံရံရှေ့တွင် သွားရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က  ပျော့ပျောင်းနူးညံ့သောကြောင့် အကယ်၍ ကျွမ်းချင် သူ့ကိုဝင်တိုက်ပစ်ပါက သူ၏ နဂါးဦးချိုများ မကျိုးသွားနိုင်ပေ။ 

နဂါးများအတွက်မူ သူတို့၏ဦးချိုက ကျက်သရေနှင့် ဂုဏ်ယူဝံ့ကြွားဖွယ်ရာဖြစ်သည်။ နံရံဖြင့် အဆက်မပြတ် ဝင်ဆောင့်နေပါက ကျွမ်းချင် ဦးချိုမဲ့နဂါးဖြစ်သွားမည်ကို သူ စိုးရိမ်နေမိသည်။ 

နာကျင်မှုကြောင့် သွေးနီရောင်ပြောင်းလဲသွားသည့် ရွှေနဂါးကြီး၏ မျက်ဝန်းများက ကျိုးကြောင်းဆင်ခြင်မှုကင်းမဲ့ပြီး သူ မည်သည့်အရာများကို ဝင်တိုက်နေမိကြောင်း မသိနိုင်တော့ပေ။ သို့ရာတွင် သူ ဖူလီ့ကို ဝင်တိုက်မိတော့မည့်အချိန်၌  သူ့ကိုယ်သူ အင်အားသုံးပြီး ထိန်းချုပ်ထားလိုက်သည်။ သူ၏ အားနည်းဖျော့တော့နေသည့်အသံက ပြတ်တောင်းပြတ်တောင်းဖြင့် ထွက်ပေါ်လာသည်။

" ဖူ... ဖူလီ အမြန်... ထွက်သွားတော့..."

" မကြောက်ပါနဲ့..."

ဖူလီက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝိညာဉ်ချီဓာတ်ကို လှည့်ပတ်စေလိုက်ပြီး ရွှေနဂါးကြီး၏ ဦးခေါင်းထက်တွင် လက်တစ်ဖက်တင်လိုက်သည်။
 
" ညီအစ်ကိုကောင်းတွေက ဘဝရဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေကို အတူတူဝေမျှကြတယ်... မင်း ဒါကို ကျော်ဖြတ်နိုင်ပြီးတော့ နဂါးမျိုးနွယ်စုရဲ့ အခံ့ညားဆုံးနဂါးတစ်ကောင် ဖြစ်လာနိုင်မယ်လို့ ငါယုံကြည်တယ်..."

ကျွမ်းချင်၏ ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်မှုကြောင့် တွန့်လိမ်နေသည်။သူ့ကိုယ်ပေါ်မှ အရိုးနှင့် ကြေးခွံတိုင်းက အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး ပြန်လည်ပေါင်းစပ်ကာ ‌တဖြည်းဖြည်းချင်း အသစ်ပြန်လည်ဖြစ်ပေါ်လာသည်။ သူ အသက် ၅၀၀ပြည့်ချိန်က ပထမဆုံး အသွင်ပြောင်းလဲခဲ့သည်ကို သူ ပြန်လည်သတိရသွားမိသည်။ ထိုအချိန်က သူ နာကျင်မှုကြောကင့် ဘေးပတ်ဝန်းကျင်ကို ဝင်ဆောင့်မိသောကြောင့် သစ်ပင်များစွာ လဲကျပျက်စီးခဲ့ကာ ထွက်လာသည့်သွေးများကလည်း တောင်ထိပ်တစ်ခုလုံးကို နီရဲသွားစေခဲ့သည်။ ထိုစဉ်အချိန်က သူ မတောင့်ခံနိုင်ဟု တွေးခဲ့သော်လည်း ဖြတ်ကျော်နိုင်ခဲ့ပေသည်။ သူ့ထံတွင် ဝိညာဉ်ရေအိုင်၊ ဝိညာဉ်ဆေးဝါးနှင့် သူ့ခန္ဓာကိုယ်တွင် ဝိညာဉ်ချီဓာတ်များလှည့်ပတ်နိုင်အောင် ကူညီပေးမည့် မျိုးနွယ်တူများ မရှိခဲ့သော်လည်း သူ ကြိုးစားရှင်သန်ခဲ့သည်။

သူ၏ ဒုတိယအသွင်ပြောင်းမှုက ပထမအကြိမ်ထက်ပို၍ နာကျင်သည်။ ထိုအချိန်က နှစ် ၁၂၀၀ ပြည့်ခဲ့ပြီဖြစ်၍ သူ့ကိုယ်ပေါ်မှ စီးကျလာသောသွေးက မြစ်တစ်ခုလုံးကိုပင် နီရဲသွားစေခဲ့သည်။ 

ဒါပေမဲ့ သူရှင်သန်ခဲ့တော့ရော ဘာဖြစ်လဲ... ဘယ်သူကမှ သူ အသက်ရှင်ဖို့ မမျှော်လင့်ထားသလို သူ သေသေရှင်ရှင် ဂရုစိုက်တဲ့လူလည်း မရှိခဲ့ဘူး...

ကျွမ်းချင်၏ အသိစိတ်များက ဝေဝါးလာသည်။ယနေ့က မည်သည့်ရက်ဖြစ်သည်ကိုပင် သူမေ့လုဆဲဆဲဖြစ်လာသည်။ သူ့စိတ်ထဲတွင် နာကျင်မှုများသာရှိသည်။

အဆုံးမဲ့တဲ့ နာကျင်မှုတွေ...

သူ့နှလုံးသားထဲမှ အသံတစ်သံက သူ အဘယ့်ကြောင့် တောင့်ခံထားရကြောင်း မေးလာသည်။ သူ အသက်ရှင်သန်နိုင်ခဲ့လျှင်ပင် သူ၏နေ့ရက်များကို မကောင်းဆိုးဝါးမိစ္ဆာများ၏ အမဲလိုက်ခံရခြင်းဖြင့် ဆက်လက်ရှင်သန်နေရမည်ဖြစ်သည်။ သူတို့အားလုံးက သူ့အသားကိုစားပြီး သွေးကိုသောက်ကာ အရိုးများကို ဆွဲထုတ်ပစ်မည်ဖြစ်သည်။ 
ဘယ်သူကများ သူ အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်လာနိုင်တာကို မျှော်လင့်နေမယ်တဲ့လဲ...

" နဂါးလေးကျွမ်း..."

ကျွမ်းချင်၏ နာကျင်စွာအော်ဟစ်သံများက တဖြည်းဖြည်းအားနည်းလာသည်ကို သတိပြုမိသည့်အခါ သူ့စိတ်ထဲတွင် 'မကောင်းတော့ဘူး' ဟု တွေးလိုက်မိသည်။ ကျွမ်းချင်က ငယ်ရွယ်စဉ်အချိန်တည်းက နဂါးမျိုးနွယ်စု၏ နည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ခံခဲ့ရခြင်းမျိုး မရှိပေ။ သူ၏ ကျင့်ကြံဆင့်က အခြားနဂါးများထက် မြင့်သော်လည်း သူ ကလေးဘဝတွင် အခြားနဂါးများထံမှ အနိုင်ကျင့်ခံခဲ့ရသော အမာရွတ်များနှင့် လူသားလောကတွင် ဒဏ်ရာအနာတရ ရခဲ့သည်များက သူ့ကိုယ်ပေါ်တွင် ဖုံးကွယ်ထားသည့် အမာရွတ်များအဖြစ် ရှိနေဆဲဖြစ်သည်။ ယခုအခါတွင်လည်း ရုတ်ချည်းအသွင်ပြောင်းလဲသည့် အနေအထားကို ရောက်ရှိသွားသောကြောင့် သူ့ခန္ဓာကိုယ်က တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ 

ဒီနဂါးလေးက...

ဖူလီက ‌ပြောင်ချောချောသတ္တဝါများကို အလွန်မုန်းတီးလှသည်။ သူတို့က နဂါးဖြစ်စေ မြွေဖြစ်စေ အားလုံးကို သူမုန်းတီးသည်။ သို့ရာတွင် ဤရွှေနဂါးကမူ ထူးခြားပေသည်။ သူက ပြောင်ချောချောသတ္တဝါမျိုးဖြစ်နေသော်လည်း ဖူလီ မမုန်းမိပေ။

ဖူလီက သူ့ကို မသေစေချင်ပေ။ သူ၏ အသွင်ပြောင်းမှုကို အောင်မြင်သွားစေလိုပြီး တောက်ပသည့် ရွှေနဂါးကြေးခွံများ၊ ခမ်းနားထည်ဝါသည့် နဂါးဦးချိုများဖြင့် အရွယ်ရောက်လာစေလိုသည်။ ထိုအခါမှသာ သူငယ်စဉ်က အနိုင်ကျင့်ခဲ့သော နဂါးများက ကျွမ်းချင်၏ တည်ရှိနေမှုကြောင့် သိမ်ငယ်နေရပြီး သူတို့တစ်ဘဝလုံး ခေါင်းမော့နိုင်တော့မည်မဟုတ်ပေ။ 

ဖူလီက သူ၏ရွှေရောင်မျက်ဆံများကို ဖွင့်လိုက်သည်။ သူ ခေါင်းငုံ့လိုကိပြီး သူ့နှဖူးနှင့် ရွှေနဂါး၏နှဖူးကို ထိလိုက်သည်။

အနီရောင်နှင့် ရွှေရောင်အလင်းရောင်က တစ်ခဏတွင်းချင်း အတူတကွယှက်နွယ်သွားကြသည်။


အသွင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကြောင့် နာကျင်ခံစားနေရသော်လည်း ပြောင်းလဲမှုတိုင်းက ခန္ဓာကိုယ်ကို သန်မာစေကာ ပြီးပြည့်စုံခြင်းကို တိုးမြှင့်ပေးမည် ဖြစ်သည်။ လက်ရှိတွင် သက်ရှိများအားလုံး၏ ခေါင်းဆောင်ဖြစ်သည့် လူသားများသည်ပင် အရွယ်ရောက်သည်ဟု မယူဆနိုင်ခင်၌ ကြီးသွားများထွက်လာခြင်းနှင့် လူပျိုဖော်ဝင်ချိန်များကို ကြုံတွေ့ခဲ့ရပေသည်။ 

ယောင်ကျင့်ကြံသူများကလည်း မခြားနားပါပေ။ တိရိစ္ဆာန်များက သန်မာရှားပါးလေလေ သူတို့၏ ပြောင်းလဲခြင်းက ပို၍ နာကျင်လေလေဖြစ်ပေသည်။ ဤသည်က ကမ္ဘာပေါ်ရှိ သက်ရှိများအားလုံး၏ စည်းမျဉ်းဖြစ်ပေသည်။ ဤစည်းမျဉ်းကို လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော အသက်ပုံစံမှာ နယ်ပယ်ခြောက်ခုကို ကျော်လွန်ကာ မွေးဖွားလာသူများနှင့် ကောင်းကင်နှင့် မြေကြီး၏ ပျိုးထောင်ခြင်းခံရသူများဖြစ်ပေသည်။ ဖူလီနှင့် ခွန်းဖမ်တို့မှာ ထိုဘဝပုံစံများ၏ ဥပမာများ ဖြစ်ပေသည်။ 

သို့သော် နယ်ပယ်ခြောက်ခုကို ကျော်လွန်ကာ မွေးဖွားလာသော အသက်ပုံစံများမှာ ၄င်းတို့၏ ကိုယ်ပိုင် ကပ်ဘေးများ ရှိပေသည်။ သူတို့က အတိဒုက္ခတစ်ခုကိုသာ ကျဆုံးခဲ့ပါက သူတို့၏ ကိုယ်ခန္ဓာက ပျက်စီးကာ တာအိုက ပြန့်ကျဲပြီး သူတို့က ဝိညာဉ် ချီဓာတ်အဖြစ် ပြောင်းလဲသွားကာ ကမ္ဘာမြေကြီး၏ မြေဩဇာဖြစ်သွားမည် ဖြစ်ပေသည်။ 

သို့ဖြစ်၍ အသက်ရှင်သည့် မည်သူမှ အလွယ်တကူမရပါပေ။ မည်သူကမှ မည်သူ့ထက် ပို၍ မမြင့်မြတ်ပါပေ။ 

အစွမ်းထက် ဝိညာဉ်ချီဓာတ်က ဖူလီ၏ နဖူးမှတစ်ဆင့် ကျွမ်းချင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ သူ့၏ အက်ကွဲနေသော အကြောများနှင့် ကျိုးနေသော အရိုးများကို ထပ်ခါထပ်ခါ ကူညီပေးနေသည်။ သူတို့၏ ဝိညာဉ် ချီဓာတ်က အတူတကွ ပေါင်းစပ်သွားသည်။ မည်သည့်ဘက်ကမှ တစ်ခြားဘက်ကို မတွန်းကန်သည်သာမက သူတို့က အလွန် လိုက်လျောညီထွေဖြစ်ကာ တစ်ခုတည်းဟုပင် ထင်ရပေသည်။ 

ကျွမ်းချင်၏ သတိတရားက သူ့၏ သတိတရားပင်လယ်ထဲတွင် ရပ်နေကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သွေးများနှင့် စိုရွှဲနေပြီး မကျေမချမ်းမှုများ ပြည့်နေသော စကားလုံးများက သူ့နားထဲတွင် မြည်ဟီးနေသည်။ 

"နိမ့်ကျတဲ့ လူသား... မင်းက ရွှေနဂါးမျိုးနွယ်ရဲ့ အမွေကို လက်ခံဖို့ ဘာအရည်အချင်းတွေရှိလို့လဲ... ငါတို့ နဂါးမျိုးနွယ်မှာ မင်းလို သွေးနှော မရှိဘူး..."

"ဘာပဲဖြစ်ဖြစ် နဂါးနန်းတော်မှာ ဟိုးအရင်ကတည်းက မင်းအတွက် နေရာမရှိဘူး... ဘာလို့ ငါ့ဗိုက်ထဲလာပြီး နန်းတော်တစ်ခုလုံးကနေ ထွက်ပြေးနေရတဲ့ နာကျင်မှုကို မရှောင်တာလဲ..."

"ငါက မင်း အင်္ကျီလက်ထဲမှာ အမြဲတမ်း ဝှက်ဖဲတစ်ခု ရှိနေတာကို မုန်းတယ်... မင်းလိုလူမျိုးနဲ့ ဘယ်သူက သူငယ်ချင်း ဖြစ်ချင်မှာလဲ..."

"မင်းက အဲ့လောက်တော်နေရင် ဘာလို့ သူ့ကို မကယ်လဲ... ဘာလို့ မင်းမသေတာလဲ..."

"ငါ့အချစ်က ကမ္ဘာကြီး ကယ်တင်ဖို့ အရည်အချင်းရှိပေမဲ့ ကိုယ်တော် ကမ္ဘာပေါ်က လူတိုင်းကို ငါ့အချစ်ကိုပဲ သိစေချင်ပြီး ကိုယ်တော့်ကို မသိစေချင်ဘူး... ဒီနေ့ကစပြီး ကျွမ်းချင်ဆိုတဲ့လူက သမိုင်းစာအုပ်တွေမှာ ရှိမှာ မဟုတ်ဘူး..."

"မင်းက နှလုံးသားမရှိတဲ့ ယောက်ျားတစ်ယောက်ပဲ ငါ မင်းကို သေသွားစေချင်တယ်..."

"မင်း ဘာလို့ မသေတာလဲ..."

"ဘာလို့မသေတာလဲ..."

ကျွမ်းချင်က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ အမုန်းတရားများဖြင့် ပြည့်နေသော မျက်နှာများကို ကြည့်လိုက်သည်။

"ငါက ဘာလို့သေရမှာလဲ..."

သူ အသက်ရှင်ချင်ပေသည်။ သူက မည်မျှပင် သွေးများ ဖြိုင်ဖြိုင်ကျနေပါစေ၊ မည်မျှပင် ခက်ခဲမှုများ ကြုံရပါစေ ကောင်းကောင်းနေထိုင်ရပေမည်။ အသက်ရှင်ခြင်းကသာ သူ့ကို ထပ်တွေ့နိုင်ပြီး လူများနှင့် ထပ်တွေ့ခြင်းကသာ ထိုတုံးအသော မိစ္ဆာကို ထပ်မံတွေ့ဆုံနိုင်မည် ဖြစ်ပေသည်။ 

အသက်ရှင်ခြင်းက အလွန်ကောင်းပေသည်။ 

ကျင့်ကြံခြင်းလောကထဲရှိ မျိုးဆက်တိုင်းသည် ရှေ့မျိုးဆက်ကို မနှိုင်းယှဉ်နိုင်ပါပေ။ သူ့လက်အောက်မှ လုပ်ဖော်ကိုင်ဖက်များအားလုံးမှာ တိကျမှုနှင့် အရည်အချင်းတွင် ချို့တဲ့ပြီး သူနိုးလာရန်စောင့်နေကာ သူနှင့်အတူ စားသောက်ရန်၊ ငြင်းခုံရန် စောင့်နေသော မိစ္ဆာတစ်ဦးရှိနေဆဲဖြစ်လေသည်။ 

"ငါအသက်ရှင်ချင်တယ်... ငါသေချာပေါက် အသက်ရှင်ရမယ်..."

လက်ထဲတွင် ဓားရှည်ကို ကိုင်ကာ အမုန်းမျက်နှာများကို ဓားတစ်ချက်ယမ်းလိုက်ပြီး ခုတ်ပိုင်းလိုက်လေသည်။ သူက နောက်လှည့်ကာ စိတ်ဝိညာဉ်ပင်လယ်၏ အလွန်သို့ လှမ်းကြည့်လိုက်လေသည်။ ဝိညာဉ်ချီဓာတ် ကြိုးတစ်ခုပြီးတစ်ခုက သူ့၏ စိတ်ဝိညာဉ်ပင်လယ်ကို လှည့်ပတ်နေကာ ၄င်းကို ကာကွယ်ထားပြီး ပျောက်ကွယ်သွားခြင်းမှ တားဆီးထားပေသည်။ 

သူက ထိုဝိညာဉ်ချီဓာတ်ကို အလွန်ရင်းနှီးပေသည်။ ၄င်းက ဖူလီဖြစ်ပေသည်။ 

ထိုအနီရောင် ဝိညာဉ်ချီဓာတ်များ ရောက်ရှိလာမှုက ကျွမ်းချင်ကို သူ့နှလုံးသားထဲရှိ အတားအဆီးများကို နှစ်ဆတိုး စွမ်းအားဖြင့် ချိုးဖြတ်ရန် ခွင့်ပြုပေးကာ အတွင်းမကောင်းဆိုးဝါးများ၏ သက်ရောက်မှု မရှိတော့ပါချေ။

အရှေ့ပင်လယ်တစ်ခုလုံးမှာ ဝရုန်းသုန်းကာ ဖြစ်နေလေသည်။ လုပ်ဆောင်ချက်ကို အာရုံခံမိကာ တခြားသော နဂါးမျိုးနွယ်များက သူတို့၏ နန်းတော်များထဲမှ ထွက်လာပြီး သူတို့၏ အရံအတားများ အပြင်ရှိ ပြောင်းလဲမှုများကို ငေးကြည့်နေကြလေသည်။

မျိုးနွယ်တူတစ်ယောက်ယောက်က သူတို့ရဲ့ နောက်ဆုံး ပြောင်းလဲမှုဖြစ်နေတာပဲ... ဒါပေမဲ့ ဘယ်သူက ဒီလောက် လုပ်ဆောင်ချက်တွေ အများကြီး လုပ်နိုင်တာလဲ... အဲ့ဒါက... နဂါး ဧကရာဇ်မွေးဖွာလာတဲ့ အတိုင်းပဲ...

မိုးပြာနဂါးမျိုးနွယ်၏ ခေါင်းဆောင်က အရံအတားကို ဖြတ်သန်းကာ စိတ်မအေးဖြစ်နေဟန်ရသော ရေသတ္တဝါများကို ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။ ချင်ယန်းက ထိုအရာများကို လုပ်ပြီးသည့်အချိန်မှစ၍ မိုးပြာနဂါးမျိုးနွယ်မှာ မိမိကိုယ်ကို နန်းတော်ထဲတွင် ပိတ်နှောင်ကာ မည်သည့်ပြဿနာမှ မရှာဝံ့ပါပေ။ 

သူက မည်သည့် နဂါးဂျူနီယာက ဤနောက်ဆုံး ပြောင်းလဲခြင်း အတိဒုက္ခကို ဖြစ်ပွားနေသည်ကို မသိပါပေ။ သို့သော် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ် ချီဓာတ်ထဲတွင် ပင်လယ်လေးခုစလုံး၌ ခံစားနိုင်သော ဤမျှ တိုးဝေ့မှုကို ပေးခြင်းက အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ပါက ထိုနဂါးက မည်မျှ အစွမ်းထက်မည်ကို သက်သေခံနေပေသည်။ ၄င်းက နဂါးဧကရာဇ်တစ်ဦးဖြစ်လာမည်ဟူသော ဖြစ်နိုင်ခြေတစ်ခုလဲ ရှိပေသည်။

သူက သူ့နောက်မှ မျိုးနွယ်တူများကို ကြည့်ကာ လက်ဖြန့်လိုက်သည်။ 

နဂါးမျိုးနွယ်မှာ အတွင်းပိုင်း ပဋိပက္ခတွင် နှစ်ပေါင်းများစွာ ပါဝင် ပတ်သတ်နေပြီး အားလျော့လာပြီ ဖြစ်သည်။ ပါရမီရှင်တစ်ဦး အမှန်တကယ် ပေါ်ပေါက်လာပါက ဤသည်က နဂါးမျိုးနွယ်ကို စောင့်ရှောက်ရန် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်ပေသည်။ 

ခေါင်းဆောင်၏ လက်ထဲရှိ မိုးပြာနဂါးချိတ်စည်းထံမှ အစိမ်းရောင်အလင်းတစ်ခု ဖြာထွက်လာလေသည်။ ၄င်းက မိုးပြာနဂါး မျိုးနွယ်၏ ကောင်းချီးကို ကိုယ်စားပြုကာ သူတို့မျိုးနွယ်၏ ထိုအဖွဲ့ဝင်ကို အကူအညီ ဖြစ်စေမည် ဖြစ်ပေသည်။ 

"မျိုးနွယ်ခေါင်းဆောင်..."

ချင်ယန်းက ပင်လယ်အောက်ခြေရှိ လှုပ်ရှားမှုများကို တည်ကြည်စွာ ကြည့်လိုက်သည်။ ပုလဲများမှ အလင်းတန်းသည် သူ့မျက်နှာပေါ်တွင် လင်းလက်နေပြီး သူ့မျက်နှာကို နှိုင်းယှဉ်မရအောင် ဖြူဖျော့နေစေပေသည်။ 

"ပြီးခဲ့တဲ့ နှစ်ရာပေါင်းတစ်လျှောက်မှာ ပြောင်းလဲနိုင်တာက ကျွမ်းချင်တစ်ယောက်တည်းပဲ... သူက ကျွန်တော်တို့ မိုးပြာနဂါး မျိုးနွယ်နဲ့ ဆက်ဆံရေး မကောင်းဘူးဆိုတဲ့ အချက်ကို ထားလိုက်ဦး... သူ့ခန္ဓာကိုယ်တစ်ဝက်က လူသားတွေရဲ့ သွေးတွေဆိုတဲ့ အချက်တစ်ခုတည်းဆိုတာကိုပဲ စဉ်းစားရင် သူက ဒီပြောင်းလဲမှုကို ဖြတ်သန်းနိုင်ဖို့ မဖြစ်နိုင်ဘူး... မျိုးနွယ်စု ချိတ်စည်းထဲက စိတ်ဝိညာဉ်စွမ်းအင်ကို သူ့အတွက် ဘာလို့ ဖြုန်းတီးဖို့ လိုမှာလဲ..."

သူတို့၏ နဂါးမျိုးနွယ် စစ်စစ်များပင် နောက်ဆုံး ပြောင်းလဲမှုအတွင်း၌ ဤမျှ ကြီးမားလှသော အတက်အကျများကို ဖြစ်ပွားစေရန် မဖြစ်နိုင်သည့်တိုင် ကျွမ်းချင်မှာ လုပ်နိုင်စွမ်း ရှိပေသည်။ သို့သော် အတက်အကျမည်မျှပင် ကြီးသော်လည်း အသုံးမဝင်ပါပေ။ သူ့သွေးက သူ့အား ရှုံးနိမ့်ခြင်းသို့ ဆွဲခေါ်သွားပြီး ဖြစ်လေသည်။ နဂါးမျိုးနွယ်များက လူသားများကို အဆင့်နိမ့်သည်ဟု သတ်မှတ်ထားသောကြောင့် လူသားတစ်ဝက် နဂါးတစ်ဝက်များက နဂါးမျိုးနွယ်တွင် အဆင့်အတန်း မမြင့်မားပါပေ။ တခြား အကြောင်းပြချက်မှာ နဂါးမျိုးနွယ်၏ မှတ်တမ်းများထဲတွင် သူတို့၏ တတိယပြောင်းလဲမှုကို ဖြတ်သန်းနိုင်သည့် လူသားတစ်ဝက် နဂါးတစ်ကောင်မှ မရှိခဲ့ခြင်း ဖြစ်ပေသည်။ 

ခေါင်းဆောင်က မျိုးနွယ်စု ချိတ်စည်းကို ပြန်မသိမ်းခဲ့ပါပေ။ သူက လေထဲတွင် ဝဲနေသော ချိတ်စည်းကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူတို့၏ နတ်ဘုရား သားရဲ နဂါးပြာ သေဆုံးပြီးသည့်အချိန်မှ စ၍ နဂါးမျိုးနွယ်မှာ ကောင်းကင်နှင့် မြေကြီး၏ နတ်ဘုရား တာအို မဖြစ်တော့ပါချေ။ ထို့အပြင် တိုက်ခိုက်မှုများပင် တစ်ဆက်တည်း ကြုံခဲ့ရပေသည်။ ပင်ကို အသိစိတ်က သူ့ကို ပြောနေသည်မှာ ကျွမ်းချင်၏ အောင်မြင်သော ပြောင်းလဲခြင်းက နဂါးမျိုးနွယ်၏ ရှင်သန်ရန် အခွင့်အရေး ဖြစ်သည်ဟုပင်။ သူက ဤရှင်သန်ရန် အခွင့်အရေးက မည်မျှသိသာလာမည်ကို မသိသော်လည်း သူ့၏ ပင်ကိုယ် အသိစိတ်အတိုင်း ပြုမူနေဆဲဖြစ်ပေသည်။

နဂါးမျိုးနွယ် အဆုံးသတ်သွားရင် မိုးပြာနဂါး ချိတ်စည်းရှိနေတာက ဘာအသုံးဝင်ဦးမှာလဲ...

အစိမ်းရောင် အလင်းတစ်ခုက ပင်လယ်ပြင်ကျယ်ကြီးကို ဖြတ်သန်းကာ ရွှေနဂါးနန်းတော်ပေါ်သို့ ကျဆင်းသွားပြီး နဖူးချင်းထိနေသော နဂါးနှင့် ယုန်ကို ရစ်ပတ်လိုက်သည်။ ရွှေနဂါး ပေါ်ရှိ ရွှေရောင်အလင်းက အနည်းငယ် အားကောင်းလာပေသည်။ 
မကြာမီတွင် အနက်ရောင်နှင့် အပြာရောင် အလင်းတန်းနှစ်ခု ပျံသန်းလာလေသည်။ 

နဂါးနီမျိုးနွယ်ခေါင်းဆောင်က ပင်လယ်ကိုကြည့်ကာ ခေါင်းမော့လိုက်သည်။ သူက နဂါးဖြူချိတ်စည်းနှင့် ခရမ်းရောင်နဂါး ချိတ်စည်းတို့သည်ပင် ပေးအပ်ခြင်းခံလိုက်ရသည်ကိုမြင်သောအခါ သူ့နောက်မှ အေးစက်သော နန်းတော်ကြီးကို ကြည့်ကာ နဂါးနီးမျိုးနွယ်၏ ချိတ်စည်းကို ပေးအပ်လိုက်သည်။ 

ထိုရွှေနဂါးက အောင်အောင်မြင်မြင် အသွင်ပြောင်းရန်နှင့် ကောင်းကင်ဘုံများ၏ အမြင့်ဆုံးအထိ ပျံသန်းရန်အတွက် သူတို့၏ ဆုတောင်းမှာ မျိုးနွယ်ချိတ်စည်းမှတစ်ဆင့် မျိုးနွယ်တူများဆီသို့ တိုးချဲ့သွားလေသည်။