🐰Chapter 143🐉
ရေနေသတ္တဝါမျိုးနွယ်တို့၏ ဧကရာဇ်
နောက်ကျိနေသည့် ပင်လယ်လေးခုမှာ ထိုအချိန်တွင် တိတ်ဆိတ်သွားကာ ပင်လယ်မျက်နှာပြင်ပေါ်ရှိ လေပြင်းများနှင့် လှိုင်းများက ရုတ်ခြည်း ရပ်တန့်သွားလေသည်။ ၄င်းမှာ မှန်တစ်ချပ်၏ တည်ငြိမ်နေသော မျက်နှာပြင်ကဲ့သို့ စိတ်မအေးဖွယ် တိတ်ဆိတ်မှု ဖြစ်ပေသည်။
ကျင့်ကြံခြင်းအလယ်ရှိ ယောင်ကျင့်ကြံသူများက မျက်လုံးများ ဖွင့်လိုက်ကြသည်။ တရားထိုင်နေသော ကျင့်ကြံသူများက အာရုံစိုက်ကာ နားထောင်နေကြသည်။ လူတိုင်းက ကမ္ဘာကြီး၏ ဝိညာဉ် ချီဓာတ်မှာ တစ်ခုခုပြောင်းလဲသွားသည်ကို အာရုံခံနိုင်ပေသည်။ ၄င်းမှာ တစ်စုံတစ်ခုက ပေါ်ထွက်လာလုဆဲဆဲ ဖြစ်သော်လည်း တစ်စုံတစ်ခုက ပျက်စီးလုဆဲဆဲ ဖြစ်သည်ဟု ခံစားရစေသည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းက ဆံချည်တစ်မျှင်သာ ကွာခြားပေသည်။
ဌာနအကြီးအကဲများအားလုံးက သူတို့ရှေ့တွင် မရေမတွက်နိုင်သော ဖန်သားပြင် များစွာဖြင့် အတူတကွ ထိုင်နေကာ ငြိမ်သက်ကာ လှိုင်းမဲ့နေသော ပင်လယ်မျက်နှာပြင်ကို လေးနက်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။
လူတိုင်းက စောင့်မျှော်နေကြပေသည်။
နောက်ဆုံး ရလာဒ်ကို စောင့်မျှော်နေခြင်းပင်။
ရွှေနဂါး နန်းတော်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော ရေနေသတ္တဝါများက အရံအတားပြင်ပတွင် ဒူးထောက်ကာ ရွှေနဂါး မျိုးနွယ်စု၏ နဂါးဘုရင် နိုးထလာရန် စောင့်မျှော်နေကြပေသည်။
ကျွမ်းချင်၏ လက်ထဲမှ ဓားက ပို၍ လျင်မြန်စွာ လှုပ်ရှားလာပြီး အမုန်းတရားများကို ခုတ်ဖြတ်ကာ စိတ်မအေးချမ်းမှုကို အဆုံးသတ်နေပေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ် ချီဓာတ်က သိသိသာသာ ချောမွေ့လာသည်မှာ လောကကြီးတစ်ခုလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ပင်။ သူ လက်မလျော့သရွေ့ သူက သူ့၏ သတိတရားပင်လယ်ကို ငြိမ်းချမ်းရေး နယ်မြေတစ်ခုအဖြစ် ပြန်ပြောင်းနိုင်ပေသည်။
"နဂါးလေးကျွမ်း..."
သူ့ရှေ့မှ ပုံရိပ်ယောင်က ဖူလီအသွင်ယူလိုက်ပြီး သူ့၏ ဖြူဖျော့နေသော မျက်နှာမှာ တည်ကြည်မှုများဖြင့် ပြည့်နေလေသည်။
"မင်း ငါ့ကို သတ်တော့မှာလား..."
ကျွမ်းချင်၏ ဓားထိပ်က အနည်းငယ် တုန်ယင်သွားသည်။ ဖူလီ၏ သွင်ပြင်များက ပို၍ ညှိုးလျလာပေသည်။
"ငါနဲ့ မြန်မြန် ထွက်သွားရအောင်... ငါမင်းကို ခေါ်ထုတ်သွားပေးမယ်..."
"မင်းဒီကို ဘာလာလုပ်တာလဲ..."
"ငါမင်းကို လာကယ်တာလေ..."
ဖူလီက ဒေါသတကြီး ဆိုလိုက်သည်။
"မင်းက ချီဓာတ်ဖောက်ပြန်မှုဖြစ်သွားတာ မသိသေးဘူးလား..."
ကျွမ်းချင်က အေးစက်စွာ ရယ်မောလိုက်သည်။
"ဒါပေမဲ့ မင်းက သူမဟုတ်ဘူး..."
သူက ဓားကိုမြှောက်လိုက်ရာ စက္ကန့်ပိုင်း အတွင်းမှာပင် သူ့ရှေ့မှ 'ဖူလီ'သည် ခေါင်းဖြတ်ခံလိုက်ရပြီး သဲလွန်စ မကျန်ပဲ ပျောက်ကွယ်သွားလေသည်။
"သူက ဒီလိုအမြင်အမှားမျိုး ပြမှာမဟုတ်ဘူး..."
ဓားကို တရွတ်တိုက်ဆွဲသွားကာ ကျွမ်းချင်က လမ်းကြောင်းတစ်လျောက်လျှောက်သွားလိုက်ပြီး သူ့၏ စိတ်ဝိညာဉ်ပင်လယ်၏ အပြင်သို့ ထွက်သွားလေသည်။ အလွန်တောက်ပသော အလင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူက မျက်လုံးဖွင့်လိုက်သောအခါ သူတို့ကြားတွင် အကွာအဝေးမရှိသည့် အဖြူရောင် ဟို့တစ်ယောက်နှင့် တွေ့လေသည်။
ခုဏက သူ့ကိုယ်ထဲမှာ ရှိနေတဲ့ အနီရောင် ဝိညာဉ်ချီဓာတ်က ဖူလီရဲ့နတ်ဘုရားသတိတရားနဲ့ ဝိညာဉ် ချီဓာတ်လား...
သို့သော် သူ့၏ သွေးသားများ ပြန်လည် မွေးဖွားလာရသည့် ခံစားချက်က မကောင်းမွန်သဖြင့် သူက ဤအခြေအနေတွင် အများအပြားတွေးတောနေရန် စိတ်မအေးနေပါပေ။
အဆုံးမရှိ ဝိညာဉ် ချီဓာတ်များက သူ့ကိုယ်ထဲသို့ စီးဝင်လာသည်။ သူ့အရိုးနှင့် သွေးများက နည်းနည်းစီ ကြီးထွားလာပြီး သူက အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာပေသည်။
နတ်ဘုရား အလင်းခြောက်ရောင်မှာ သူ့ကို လှည့်ပတ်နေပြီး သူ့၏ နဂါးခန္ဓာက ပြန်လည် ဖြစ်တည်လာသည်ကို အာရုံခံမိပုံရ၍ ကျွမ်းချင်ဆီသို့ အလျင်အမြန် တိုးဝင်သွားလေသည်။
ထို့နောက် ဖူလီ မျက်လုံးဖွင့်လိုက်သောအခါ သူ့ခြေထောက်များက ပျော့ခွေလုနီးနီးဖြစ်ကာ သူ့အား အမွေပွ ဘောလုံးတစ်လုံးကဲ့သို့ လိမ့်သွားစေသည်။
ရွှေရောင် အမြီး၊ ရွှေရောင် လက်သည်း ခြေသည်းများ၊ ရွှေရောင် ခန္ဓာကိုယ်၊ ရွှေရောင် ကြေးခွံများ စသည်ဖြင့် ရွှေရောင် အလင်းက ကျွမ်းချင်ပတ်လည်တွင် လည်ပတ်နေကာ တဖြည်းဖြည်းနှင့် သူ့၏ နဂါးချိုများကို ရစ်ပတ်လိုက်သည်။ သူ့၏ ယခင် နှစ်ခွဦးချိုမှာ ရုတ်တရက် ချွန်ထက်စွာ ကျယ်ပြန့်လာပြီး ခမ်းနားလှသော ရွှေရောင်နဂါးချိုတစ်စုံအဖြစ် ပြောင်းသွားလေသည်။
ရွှေနဂါးက ဟိန်းသံရှည်ကြီးတစ်ခုထုတ်လွှတ်လိုက်ပြီး ကောင်းချီးပေးသည့် မိုးများက ကမ္ဘာပေါ်သို့ ရွာသွန်းလာပေသည်။
ရွှေနဂါး၏ အသွင်ပြောင်းလဲခြင်းက အောင်မြင်သွားပေသည်။
ငါးအုပ်များက ပျော်ရွှင် ငိုကြွေးကာ ပင်လယ်လေးခုမှ ခုန်ထွက်လာကြသည်။ သစ်ကိုင်းများပေါ်တွင် နားနေသော ငှက်များက ပေါ့ပါးကာ ကျက်သရေရှိသော အကများ ကနေကြသည်။ တိရစ္ဆာန်များ အားလုံးက ခစားဒူးထောက်လာကြလေသည်။ ရွှေရောင် ရစ်ငှက်များက အာရုံတက်ကို ရှေ့ပြေးကြေညာကာ နေမင်းက အရှေ့အရပ်မှ မြင့်တက်လာပြီး အနီရောင် မင်္ဂလာ တိမ်တိုက်များက ဝင်ရိုးစွန်းတစ်ခုလုံးအား အနီရောင်ခြယ်ထားပေသည်။
"နဂါး ဧကရာဇ်..."
မိုးပြာနဂါးမျိုးနွယ် ခေါင်းဆောင်က အရှေ့ပင်လယ်ကို ငေးကြည့်နေလေသည်။သူက မြေပြင်တွင် ဒူးထောက်ကာ လေးလေးနက်နက် အရိုအသေပေးပြီး နဂါးအသွင်းပြောင်းကာ အရှေ့ပင်လယ်ဆီသို့ အလျင်အမြန် ကူးခတ်သွားလေသည်။
တခြားသော မိုးပြာနဂါးများက ဖိအားလှိုင်းများကို ခံစားရပြီး စိတ်ပါလက်ပါဖြင့် ဒူးထောက် ခစားကြသည်။
ဌာနအစည်းအဝေး ခန်းမထဲတွင် ဆံပင်ဖြူနှင့် ခေါင်းဆောင်များက စိတ်ခံစားမှုအပြည့်ဖြင့် လက်ခုပ်တီးကာ ကလေးများသဖွယ် စိတ်လှုပ်ရှားနေကြပေသည်။
တစ်ညလုံး စောင့်ကြည့်နေရသည့် စီမံခန့်ခွဲရေးဗျူရို၏ ဝန်ထမ်းများက ပျော်ရွှင်စွာငိုကြွေးပြီး တစ်ဦးနှင့် တစ်ဦး ပွေ့ဖက်နေကြလေသည်။
ပြင်ပလောကကြီးမှာ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော်လည်း ရွှေနဂါးနန်းတော်မှာ အထူးတိတ်ဆိတ်နေပေသည်။ ဖူလီက ခေါင်းမော့ကာ သူ့ရှေ့မှ တောက်ပနေသော ရွှေနဂါးကြီးကို ကြည့်လိုက်သည်။ သူက နဂါး၏ နှာခေါင်းကို ထိရန်အတွက် ဖြူဖွေးဖွေး အမွေးပွပွ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ရွှေနဂါးက ခေါင်းငုံ့ကာ သူ့နှာခေါင်းကို ရှေ့တိုးပေးလာလေသည်။
ဖူလီက သူ့နှာခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သူ့အသံမှာ အထူးနွေးထွေးကာ ဂုဏ်ယူဝင့်ကြွားနေသည်မှာ သူ့ကလေးအား ချီးကျူးနေသည့် မိဘတစ်ဦးကဲ့သို့ပင်။
"မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ..."
သူက အမွေးမရှိ၊ ချောမွေ့ကာ ချော်ကျိကျိ သတ္တဝါများကို မကြိုက်သလို နဂါးမျိုးနွယ်မှာ သူအမုန်းဆုံး သုံးခုထဲတွင် ပါပေသည်။ သို့သော် ဤအချိန်တွင် သူက နဂါးမျိုးနွယ်ကို မနှစ်မျို့ရခြင်းမှာ သူတို့၌ အမွေးမရှိခြင်းကြောင့်သာမဟုတ်ပဲ သူတို့က အလွန်ရုပ်ဆိုးသောကြောင့်လည်း ဖြစ်သည်ဟု ခံစားလိုက်ရပေသည်။
သူ့ရှေ့မှ ရွှေနဂါးမှာ အလွန်လှပပေသည်။ နေအလင်းများ စုစည်းကာ သူ့ကိုယ်ပေါ်မှ ကြေးခွံများ ဖြစ်ပေါ်လာဟန် ရပေသည်။ ၄င်းမှာ ဖူလီအကြည့်မလွှဲနိုင်သော အလှတစ်ခုဖြစ်ပေသည်။
ကမ္ဘာပေါ်က သက်ရှိတွေအားလုံးက လှတဲ့ဘက်ခြမ်းရှိတဲ့ပုံပဲ... အဲ့ဒါတွေကို မမြင်တာက သူပဲနေမှာ...
ကျွမ်းချင်မှာ ဆွဲဆောင်မှုအရာတွင် နဂါးမျိုးနွယ်၏ ထိပ်ပိုင်းမှာ ရှိသည်မှာ သေချာပေသည်။
"လာခဲ့..."
ကျွမ်းချင်က သူသည် မည်သိုသော ကမ္ဘာမြေ အက်ကွဲစေလောက်သည့် အရာကိုမှ ပြုလုပ်ထားသည်ဟု မခံစားရပဲ ဖူလီကို သူခေါင်းပေါ်သို့တင်ကာ အလုပ်ချိန်မီအောင် ခေါ်သွားရန် အသင့်ရှိနေပေသည်။
သို့သော် သူရွှေနဂါးနန်းတော်မှ ထွက်လာသောအခါ နဂါးများနှင့် ရေနေသတ္တဝါယောင်ကျင့်ကြံသူများ အပြုံလိုက်က နန်းတော် အရံအတား၏ ပြင်ပတွင် ဒူးထောက်နေသည်ကို တွေ့ရာ သူက တိတ်ဆိတ်သွားလေသည်။
ဘောလုံးတစ်လုံးကဲ့သို့ ဝတုတ်နေသော ခွေးဖြူလေးတစ်ကောင်က ရွှေနဂါး၏ ခေါင်းပေါ်တွင် ထိုင်နေသည်ကို မြင်ရာ ရွှေနဂါး၏ သွင်ပြင်ကို စောင့်မျှော်နေကြသော နဂါးများနှင့် ရေနေမိစ္ဆာများသည်လည်း တိတ်ဆိတ်သွားလေသည်။
သူတို့၏ စိတ်ကူးများထဲတွင် နဂါးဧကရာဇ်မှာ ရွှေအလင်းနှင့် မင်္ဂလာတိမ်တိုက်များပေါ်သို့ နင်းဖြတ်ကာ ထွက်ပေါ်လာပြီး သူတို့၏ ခစားမှုကို ဂုဏ်သိက္ခာအပြည့်နှင့် ခံယူမည်ဟူ၍ ဖြစ်သည်။
သူက ခွေးဝတုတ်တစ်ကောင်ကို ခေါင်းပေါ်တင်ပြီး သာမန်ကာလျှံကာ အေးအေးဆေးဆေး ကူးထွက်မလာသင့်ဘူးလေ...
" အားလုံး ဘာလုပ်နေတာလဲ..."
ကျွမ်းချင်က လူသားအသွင်ပြောင်းလိုက်သည်။ သူက ဝတ်နေကျအနောက်တိုင်းဝတ်စုံနှင့် နက်တိုင်ကို ဝတ်ဆင်ထားကာ အထက်တန်းလွှာအမျိုးသားတစ်ဦးသဖွယ် ဝတ်ဆင်ထားဆဲဖြစ်သည်။ သူ လက်ထဲတွင် သယ်ထားသော ခွေးဝတုတ်က သူ့၏ အေးစက်ကာ မာနကြီးသော ပုံရိပ်ကို တစ်ဝက်နီးနီး လျော့ချလိုက်ခြင်းသာရှိပေသည်။
"အောင်အောင်မြင်မြင် အသွင်ပြောင်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ် နဂါးဧကရာဇ်ကြီး..."
နဂါးမျိုးနွယ်၏ ခေါင်းဆောင်များမှာ နဂါးဘုရင်ဟု အပြင်လောက၏ လေးလေးစားစား အမည်တပ်ခြင်းကို ခံထားရသော်လည်း ဤအခိုက်အတန့်တွင် သူတို့အားလုံးက ကျွမ်းချင်ကို လေးစားမှု ပြလိုကြပေသည်။
နဂါးမျိုးနွယ်မှာ နဂါးဧကရာဇ်တစ်ဦး မရှိခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ မည်သူကမှ လူသားတစ်ပိုင်း နဂါးတစ်ပိုင်းဖြစ်သော ကျွမ်းချင်ကို အောင်အောင်မြင်မြင် အသွင်ပြောင်းပြီးနောက် နဂါးမျိုးနွယ်၏ ပြိုင်ဘက်ကင်း အမွေကို ရရှိကာ နဂါးဧကရာဇ်၏ ဖိအားကို ပိုင်ဆိုင်မည်ဟု မမျှော်လင့်ထားပါပေ။
သူ့၏ ဝိညာဉ်ချီဓာတ်များအားလုံးကို ကျွမ်းချင်အား ပေးလိုက်ရသည့် ဖူလီမှာ အလွန်ပင်ပန်းနေ၍ တစ်လက်မခန့် ရွေ့လျားခြင်း မပြုလုပ်နိုင်တော့ပဲ လူအများအပြား ဒူးထောက်နေသည်ကို ကြည့်ကာ သူ့၏ မိစ္ဆာနားလည်မှုက တစ်ခုခု လွှဲမှားနေသည်ဟု ခံစားလိုက်ရပေသည်။ သူသည် မနေ့ညကပင် ကျွမ်းချင်မှာ ချိုလှလှလေးများမထွက်လာပဲ တခြားနဂါးများ၏ လှောင်ပြောင်ခြင်း ခံရမည်ကို စိတ်ပူနေခဲ့သော်လည်း ယခုသူတို့ထွက်လာသည့်အခါ ထိုနဂါးများက ကျွမ်းချင်ရှေ့တွင် တိုက်ရိုက် ဒူးထောက်နေကြသည်။
"မင်းတို့ နဂါးမျိုးနွယ်မှာက နဂါးတစ်ကောင် အသွင်ပြောင်းတာ အောင်မြင်ရင် လူတိုင်းက ဂါရဝပြုရမယ်လို့ စည်းကမ်းရှိတာလား..."
ဖူလီ၏ ရှေ့ခြေများက ကျွမ်းချင်၏ ပခုံးပေါ်တွင် ရှိနေပေသည်။ သူက နူးညံ့စွာ ဆိုလိုက်သည်။
"မင်းတို့ နဂါးမျိုးနွယ်ရဲ့ စည်းကမ်းတွေက တကယ်ပဲ အတော်လေး သမားရိုးကျ မဟုတ်တာပဲ..."
ကျွမ်းချင်၏ ခေါင်းမှာ နဂါးမျိုးနွယ်၏ အမွေနှင့် သက်ဆိုင်သည့် မှတ်ဉာဏ်အများအပြားနှင့် ပြည့်သိပ်နေပြီး ၄င်းတို့အားလုံးကို ရှင်းထုတ်ရန် အချိန်မရှိခဲ့ပါပေ။ ဖူလီ၏ စကားများကို ကြားပြီးနောက် သူက ခေါင်းညိတ်ကာ သူ့ခံစားချက်က အနည်းငယ် ထူးဆန်းသွားလေသည်။
သူက ဖူလီပြောသမျှကို လက်ခံမည် ဖြစ်သည်။
"လူတိုင်းပဲ... ကျေးဇူးပြုပြီး ပြန်ကြပါ..."
ကျွမ်းချင်က ဖူလီပို၍ သက်သောင့်သက်သာ အနားယူနိုင်ရန် သူ့လက်၏ အနေအထားကို ပြင်ဆင်လိုက်သည်။
"ကျွန်တော် ကျွမ်းချင်က ဒီနေ့ မျိုးနွယ်အားလုံးရဲ့ မျက်နှာသာပေးမှုကို နှလုံးသားထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားပါမယ်..."
"ကျွန်တော်မျိုးတို့က ဒီလိုချီးကျူးပေးဖို့ မထိုက်တန်ပါဘူး..."
ကျွမ်းချင်နှင့် ယခင် မကျေနပ်မှုများရှိသော နဂါးများ၏ မျက်နှာထက်တွင် ခါးသက်သက် အပြုံးများ ပေါ်လာလေသည်။
"ကျွန်တော်မျိုးတို့ရဲ့ နားဝေတိမ်တောင် နည်းလမ်းတွေက အရှင့်ကို ငယ်ဘဝတုန်းက အများကြီး ခံစားခဲ့ရစေတယ်... ကျွန်တော်တို့ နှလုံးသားတွေက အရှက်တရားတွေနဲ့ ပြည့်နေတာပါ... ဘယ်က မျက်နှာသာပေးမှုကို ပြောဝံ့မှာပါလဲ..."
"အရင်တုန်းက ဖြစ်ခဲ့တာတွေက ပြီးခဲ့ပါပြီ... ထပ်ပြီး ပြန်ပြောနေစရာ မလိုပါဘူး... လူတိုင်းက စီမံခန့်ခွဲရေး ဗျူရိုရဲ့ စည်းမျဉ်းတွေကို လိုက်နာနေသရွေ့ ကျွန်တော် စိတ်မကျေနပ်စရာ မရှိပါဘူး..."
ထိုလူများက လှုပ်ရှားမှုမရှိ ဆက်လက်ဒူးထောက်နေသည်ကို မြင်ရာ သူက မျက်နှာတည်ဖြင့် ဆိုလိုက်သည်။
" အားလုံးပဲ ကျေးဇူးပြုပြီး ထကြပါ... ကျွန်တော် ကျွမ်းချင်ရဲ့ အသွင်ပြောင်းလဲခြင်းက သမုဒ္ဒရာ ရေစီးကြောင်းတွေထဲမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်စေမလဲ မသိရသေးဘူး... ကျွန်တော်ကို ကူညီပြီး စောင့်ကြည့်ပေးဖို့ လူတိုင်းကို တောင်းဆိုပါရစေ..."
"ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါတယ်... အရှင်မင်းကြီးက ပြောင်းလဲမှုကို ပြီးမြောက်ခါစပဲ ရှိသေးတာ... ကောင်းကောင်း အနားယူပါဦး..."
မိုးပြာနဂါးမျိုးနွယ် ခေါင်းဆောင်က ထပ်မံ အရိုအသေပေးလိုက်လေသည်။ သူက ကျွမ်းချင်၏ လက်မောင်းထဲမှ ခွေးဖြူလေးကို တစ်ချက် ကြည့်လိုက်သည်။ ခွေး၏ သရုပ်မှန်ကို ခန့်မှန်းပြီးနောက် သူက ခွေးကိုလည်း အရိုအသေပေးလိုက်လေသည်။
"ကျွန်တော်မျိုးက မျိုးနွယ်တူတွေကို ရေအစိတ်အပိုင်းကြီး အမျိုးမျိုးကို စောင့်ကြည့်ဖို့ စီမံလိုက်ပါမယ်... အပြစ်မဲ့တဲ့ လူတွေကို သေချာပေါက် အန္တရာယ် မဖြစ်စေရပါဘူး..."
"ကျွန်တော်မျိုးတို့ အမိန့်ကို လက်ခံပါတယ်..."
တခြားသော နဂါးမျိုးနွယ်များသည်လည်း တုံ့ပြန်လိုက်ကြသည်။ ကျွမ်းချင်က နဂါးဧကရာဇ် ဖြစ်လာသည်ဟူသော အချက်က သူတို့အား အနည်းငယ် အနေရခက်စေသော်လည်း နဂါးမျိုးနွယ်မှာ ဤနှစ်ပိုင်းများတွင်ကျောထောက်နောက်ခံ မရှိခဲ့ပါပေ။ကောင်းကင်ဘုံ စည်းမျဉ်းက နားလည်ရန် ခက်ခဲလှ၍ သူတို့က နောက်ဆုံးတွင် နဂါးဧကရာဇ်တစ်ဦး ရှိနေပြီ ဖြစ်ရာ များစွာ စိတ်ချလုံခြုံသည်ဟု ခံစားရပေသည်။
ဤခံစားချက်မှာ လူတိုင်းသည် ကောင်းကင်ကြီး ပြိုကျလာမည်ဟု ခံစားရချိန်တွင် ဘီလူးကြီးတစ်ကောင် ပေါ်လာသည်နှင့် ဆင်တူပေသည်။ ထိုဘီလူးကြီးက မည်သူပင်ဖြစ်စေ သူတို့က မကြိုက်မည် မဟုတ်ပါပေ။
ဖူလီက နဂါးများနှင့် ရေနေ မိစ္ဆာများ နာနာခံခံ နောက်ဆုတ်သွားသည်ကို ကြည့်ကာ ဆိုလိုက်သည်။
"မင်းက အံ့ဖွယ်ဖြစ်လာတာပဲ နဂါးလေးကျွမ်း... မင်းက နဂါးမျိုးနွယ်ရဲ့ ဘော့စ်ဖြစ်လာတာပဲ... သူတို့က မင်းကို အရှင်မင်းကြီးလို့ခေါ်ကြတယ်..."
ကျွမ်းချင်က သူ့၏ အမွေးပွခေါင်းလေးကို ပွတ်လိုက်သည်။
"အဲ့ဒါက နာမည်ခေါ်နည်း တစ်မျိုးပါပဲ... မင်းအလေးအနက် ယူစရာမလိုပါဘူး..."
သူက နဂါးပုံစံ ထပ်မံ ပြောင်းလိုက်ပြီး ဖူလီကို ခေါင်းပေါ်တင်ကာ အရှေ့ပင်လယ်ထဲမှ ကူးထွက်လာလေသည်။
ဖုန်းလွေ့ကျုံးက ပြတင်းပေါက်တစ်ခုရှေ့တွင်ထိုင်ကာ ဝင်ရိုးစွန်းသို့ ကြောင်ကြည့်နေလေသည်။ သူက ချမ့်ခွန်းအိတ်များကို လက်ဆောင်ပေးရာတွင် လက်ဆောင်အမှားပေးအပ်ကာ အရပ်လေးမျက်နှာ၏ မြင့်မြတ်သားရဲများထဲမှ တစ်ကောင်ဖြစ်သည့် နဂါးပြာဦးချိုကို ပြောင်းလဲခြင်း မပြီးမြောက်သေးသည့် နဂါးတစ်ကောင်အား ပေးလိုက်မိပေသည်။ ဤသည်က အတန်ပင် ခက်ခဲသော အခြေအနေတစ်ခုပင်ဖြစ်သည်။
ထိုနဂါးချိုတွင် နဂါးပြာ၏ အမွေတစ်စိတ်တစ်ပိုင်း ပါနေပေသည်။ ထိုနဂါးလေးများ၏ လက်ရှိလုပ်နိုင်စွမ်းနှင့်ဆိုပါက သူတို့က ထိုကဲ့သို့ အစွမ်းထက် အမွေကို လက်ခံနိုင်စရာ နည်းလမ်းမရှိပါပေ။ ရလာဒ်မှာ ပေါက်ကွဲမှုကြောင့် သေဆုံးခြင်း မဟုတ်ပါက ၄င်း၏ သတိတရား ပင်လယ် ဖရိုဖရဲဖြစ်ပြီးနောက် ကျိုးကြောင်း သတိတရားများအားလုံးပျောက်ဆုံးသွားသည့် နဂါးအရူးတစ်ကောင်သာ ဖြစ်နိုင်ပေသည်။
"မင်းမှာ ဝက်ဦးနှောက်ပဲ ရှိတယ်..."
သူ့နောက်မလှမ်းမကမ်းတွင် ထိုင်နေသော အမျိုးသားက စားပွဲကို ရိုက်ချလိုက်ကာ ဆဲရေးလိုက်သည်။
"အဲ့ဒါ ရှောင်လီရဲ့ သူငယ်ချင်းဟ... သူတစ်ခုခုဖြစ်ရင် မင်းတော့ သူဒီဘဝမှာ မင်းကို ခွင့်လွတ်ပေးဖို့ ဆုတောင်းနေတာပိုကောင်းမယ်..."
ဖုန်းလွေ့ကျုံးမှာ ခေါင်းမဖော်ရဲသည်အထိ အဆူခံနေရပေသည်။ သူက ထို့ကဲ့သို့ အမှားမျိုး ပြုလုပ်မိသည်ကို မယုံရဲပါပေ။
သူလက်ဆောင်ပေးတုန်းက ဖူလီကို ကြည့်ဖို့ပဲ အရမ်းအာရုံစိုက်နေပြီး သူဘာပေးလိုက်မိလဲဆိုတာ သတိမထားမိတော့တာများလား...
"ငါ့ကို ကြိုက်သလောက် ဆဲပါ... ဒါပေမဲ့ ဘာလို့ကိုယ့်ဘာသာကို ဆဲနေတာလဲ..."
ဖုန်းလွေ့ကျုံးကအသံတိုးတိုးဖြင့် မေးလိုက်သည်။
ထိုစကားလုံးများကြောင့် အလွန်ဒေါသထွက်သွားရာ အမျိုးသားက လက်တစ်ဖက်ဖြင့် စားပွဲကို ထပ်မံ ရိုက်ချလိုက်ပြန်သည်။
"ငါက အဲ့နဂါး သူ့ရဲ့ အသွင်ပြောင်းလဲမှုဖြစ်တာကို ကူညီပေးရမယ်..."
"မင်းအသက်မရှင်ချင်တော့ဘူးလား... အဲ့လို အတိဒုက္ခအကြီးကြီးကို ခက်ခက်ခဲခဲနဲ့ ရှောင်ပြီးတော့မှ အဲ့ဒါရဲ့ အာရုံစိုက်တာကို ထပ်ဆွဲဆောင်ပြီး မင်းစိတ်မကျေနပ်သေးခင်မှာ မင်းအသက်ကို ဆွဲယူသွားစေချင်နေတာလား..."
"အဲ့ဒါဆိုရင် ရှောင်လီ ငါတို့ကိုမုန်းတာကို ဒီအတိုင်းထားလိုက်တော့မှာလား..."
အမျိုးသားက တံခါးဖွင့်ကာ ထွက်သွားလိုက်လေသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်မှ ကောင်းချီးပေးသည့်မိုးများ ကျဆင်းလာပြီး အရှေ့ဘက်မှ အရောင်စုံ နေရောင်ထွက်ပေါ်လာလေသည်။ ၄င်းမှာ ကောင်းကင်မှ ယူဆောင်လာသည့် ကံကောင်းစေသည့် နိမိတ်ဆိုသည်မှာရှင်းလင်းနေပေသည်။
အမျိုးသားက ရပ်တန့်လိုက်ပြီး မယုံနိုင်စွာဖြင့် ဆိုလိုက်သည်။
"အမွေက... အောင်မြင်သွားတာလား..."
မိုးပြာနဂါးဦးချိုက သူတို့နဲ့ အတူရှိနေခဲ့တဲ့ နှစ်၅၀၀၀ကျော်အတွင်း သူတို့က ရေစက်ပါတဲ့ နဂါးကို မတွေ့ရသေးဘူး... ဒါတောင် ဖုန်းလွေ့ကျုံးရဲ့ မတော်တဆ လက်ဆောင်က တကယ်ကြီး အောင်မြင်သွားတယ်... အဲ့ဒါက ဟာသတစ်ခုလား.
ဖုန်းလွေ့ကျုံးက သူ့လက်ကို ပြတင်းပေါက်မှ ဆန့်ထုတ်လိုက်ပြီး ပြုံးနေသော်လည်း ပြုံးမနေပါချေ။ အတန်ကြာကြီးနောက် သူက ကောင်းကင်ကို ရုတ်တရက် ညွှန်ပြကာ ဆိုလိုက်သည်။
"ငလူး... သောက်ကျိုးနည်း ကောင်းကင်ဘုံ... မင်း ငါတို့နဲ့ လာဆော့နေတာလား..."
ကောင်းကင်ဘုံမှာ သူ့အားမည်သည့် တုံ့ပြန်မှုမှ မပေးပဲ ကောင်းချီးပေးသည့် မိုးများ ဆက်လက် သွန်းဖြိုးနေသည်မှာ ရေမျိုးနွယ်များ၏ ဧကရာဇ် မွေးဖွားလာခြင်းကို ချီးမြှောက်နေသကဲ့သို့ပင်။
သို့သော် လူတိုင်း၏ အာရုံစိုက်မှုဖြစ်သည့် ရေမျိုးနွယ်တို့၏ ဧကရာဇ်မှာ လက်ရှိတွင် မနက်စာဆိုင်တစ်ခု၏ ရှေ့တွင် အဖြူရောင် ဟို့တစ်ကောင်ကို သယ်ကာ တန်းစီနေလေသည်။
ဤမနက်စာဆိုင်မှာ အလွန်ကျော်ကြားပေသည်။ ကျွမ်းချင်က ဖူလီကို သယ်ကာ လမ်းဖြတ်ကူးလာစဉ်တွင် ဖူလီက တန်းစီးနေသော လူအများကြီး ရှိနေသည်ဖြစ်ရာ အစားအသောက်က အရသာရှိလောက်မည်ဟု ဆိုလာခဲ့ပေသည်။ ရလာဒ်အနေဖြင့် ကျွမ်းချင်က အဖြူရောင်ဟို့ကို သယ်ကာ လူတန်း၏ နောက်သို့ဝင်ကာ တန်းစီနေရသည် ဖြစ်သည်။
ရေမျိုးနွယ်တွေရဲ့ ဧကရာဇ်ဖြစ်ရတာ ဘာများ အဲ့လောက် အထင်ကြီးစရာကောင်းလို့လဲ... လူသားလောကထဲက နာမည်ကြီး မနက်စာဆိုင်တစ်ခု ရောက်ရင်တော့ မနက်စာဝယ်ဖို့ တန်းစီနေရတာပါပဲ...
ကျွမ်းချင်က အိပ်ငိုက်နေသော ဖူလီကို ငုံ့ကြည့်ကာ သူ့နောက်ကျောကို ညင်သာစွာ ပွတ်ပေးလိုက်သည်။
သူ့အကြည့်မှာ နွေဦးကဲ့သို့ နွေးထွေးနေပေသည်။