အပိုင်း ၁၄၄
Viewers 38k

Chapter 144
ကန့်ကွက်ချက် ရှိလား


စိတ်လှုပ်ရှားနေသော စီမံခန့်ခွဲရေးဗျူရို၏ ဝန်ထမ်းများက ကျွမ်းချင်ကို တွေ့သောအခါ ကျွမ်းချင်က သူ့ဘယ်လက်တွင် ခွေးဖြူတစ်ကောင်ကို သယ်ထားပြီး သူ့ညာလက်ထဲတွင် ကိုင်ထားသော ပေါက်စီများကို တစ်တိတိ စားနေပေသည်။ ခွေးဖြူမှာ ၄င်း၏ ရှေ့ခြေနှစ်ချောင်းကို သူ့ပခုံးပေါ်တွင် တင်ထားပြီး အငွေ့ထနေသော ပေါက်စီတစ်လုံးကိုလည်း ကိုင်ထားပ‌၍ အမြီးယမ်းကာ မြုံ့နေပေသည်။ အနီးနားမှ မိန်းကလေးတစ်ချို့က သူတို့၏ ဓာတ်ပုံများကို တိတ်တဆိတ် ခိုးရိုက်နေကြလေသည်။ 

ထိုမြင်ကွင်းကို မြင်ပြီးနောက် လူတိုင်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေသော စိတ်လှုပ်ရှားမှုက မျက်တောင်တစ်ခတ်အတွင်းမှာပင် ပျောက်ကွယ်သွားသည်မှာ အပ်ဖြင့် အထိုးခံလိုက်ရသော ဘောလုံးတစ်ခုကဲ့သို့ပင်။

သူတို့၏ စိတ်လှုပ်ရှားမှုထဲရှိ ခံစားချက်များက ပျောက်ဆုံးသွားသော်လည်း နောက်ထပ်ရောက်လာသည်မှာ လုံခြုံရေးခံစားချက်တစ်ခုဖြစ်ပေသည်။ သူတို့၏ ဘော့စ်က မည်မျှ သန်မာလာပါစေ သူတို့ကို မစွန့်ပစ်ဟူသော လုံခြုံရေး ခံစားချက်ပင် ဖြစ်ပေသည်။ လူတိုင်းက မနက်စောစောတွင် ဖြစ်သွားသည့် အတက်အကျများကို သိရှိထားပြီး ဗဟုသုတအနည်းငယ်ရှိသော လူသည်ပင် မည်သည်ကို ဆိုလိုသည်အား သိမည် ဖြစ်ပေသည်။

"မင်းတို့အားလုံး ဒီမှာ ဘာရပ်လုပ်နေတာလဲ..."

ကျွမ်းချင်က သူ့လက်ထဲမှ ပေါက်စီကို တစ်ကိုက်ကိုက်လိုက်သည်။ 

"မင်းတို့ အလုပ်မလုပ်လို့ လစာဖြတ်ခံထိချင်နေတာလား..."

ထိုအချိန်မှသာ လူတိုင်းက သူတို့၏ သတိပြန်ဝင်ကာ နောက်ပြန်မလှည့်ပဲ စီမံခန့်ခွဲရေး ဗျုရိုဆီသို့ ပြေးသွားကြလေသည်။ 

ဘယ်သူက လစာအနုတ်ခံချင်မှာလဲ...

ဖူလီက သူ့ပေါက်စီကို စားသောက်ပြီးနောက် ကျွမ်းချင်၏ ပုခုံးပေါ်သို့ ခေါင်းတင်ထားလေသည်။
"ငါဒီနေ့ နေ့တစ်ဝက် ဖျားနာခွင့်ယူပြီး နည်းနည်း အိပ်မယ်..."

"အဲ့ဒါဆိုလဲ အိပ်လေ..."

ကျွမ်းချင်က သူမစားရသေးသော ပေါက်စီကို ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ပြီး သူ့အား လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဖူလီက အိပ်ပျော်သွားပြီ ဖြစ်လေသည်။ ဖူလီမှာ မနေ့ညက သူအောင်အောင်မြင်မြင် အသွင်ပြောင်းသည်ကို ကူညီရန်အတွက် သူ့၏ ဝိညာဉ်ချီဓာတ်များ အားလုံး ကုန်ဆုံးသွားပြီ ဖြစ်လေသည်။ သူက အနည်းငယ်သာ ပိုကြာသွားပါက ဖူလီ၏ ကျင့်ကြံခြင်းက ဆုတ်ယုတ်သွားမည် ဖြစ်ပေသည်။

တစ်ခါတစ်ရံတွင် ဖူလီလုပ်သော အရာများက သူ့အား သည်းမခံနိုင်ကာ အနည်းငယ် ဒေါသဖြစ်စေပေသည်။ သူ့လက်ထဲမှ ကောင်လေးက ထိုနည်းဖြင့် မုန်းစရာကောင်းပေသည်။

ကျွမ်းချင်၏ ကံတရားမှာ လူမျိုးစု၏ ကံတရားနှင့် အကြွင်းမဲ့ ချည်နှောင်ထား၍ သူ့၏ အောင်မြင်သော အသွင်ပြောင်းမှု ပြီးနောက် ကောင်းကင်မှ ကောင်းချီးပေးသည့် မိုးများ ကျဆင်းလာကာ သတ္တဝါအားလုံးကို ကျက်သရေဖြင့် သွန်းလောင်းပေးလေသည်။ တိုင်းပြည်၏ ကံတရားသည်ပင် ရှင်းမပြနိုင်အောင် အနည်းငယ် တိုးတက်လာပေသည်။ ဥပမာ အနေဖြင့် သုတေသနဌာန A၏ စမ်းသပ်မှု အောင်မြင်သွားခြင်း၊ သိပ္ပံအသင်းအဖွဲ့Bက စီမံကိန်းတစ်ခုတွင် တစ်ခုသောအခက်အခဲကို ကျော်လွှားနိုင်ခြင်း၊ သိပ္ပံသုတေသနစင်တာ Cက ဆေးထုတ်ကုန်တစ်ခုကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခြင်းတို့ ဖြစ်ပေသည်။ တိုင်းပြည်ထဲရှိ ရေများထဲတွင် ညစ်ညမ်းမှုအဆင့်ကို လျော့ချနိုင်ခြင်းတစ်ခုပင် ရှိပေသည်။ 

အမျိုးမျိုးသော ဌာနများက ချက်ချင်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။ သူတို့က စီမံခန့်ခွဲရေး ဗျူရိုအား 'သိပ္ပံ အခကြေးငွေ'ဟူသော အမည်ဖြင့် ငွေပမာဏတစ်ခု ခွဲပေးသည်သာမက ကျွမ်းချင်ကို အိမ်တစ်လုံးနှင့် ကားတစ်စီးပင် ဆုချပေသည်။ ကျွမ်းချင်နှင့် ရင်းနှီးသော ဌာနခေါင်းဆောင်များအားလုံးသည်လည်း ရက်ရောသော လက်ဆောင်များ ပို့ပေးကြသည်။ 

ဤတိုင်းပြည်၏ လူသားများအတွက်မူ နဂါးများက အမြဲတမ်းပင် ကံကောင်းခြင်းနှင့် ကာကွယ်မှု၏ သင်္ကေတဖြစ်ခဲ့ပေသည်။ သို့ဖြစ်၍ လက်ဆောင်ပေးသော လူတိုင်းက ထိုသို့ ပြုလုပ်လိုကြပြီး ဝမ်းသာပီတိဖြင့် ပြုလုပ်ကြပေသည်။ 

ကျင့်ကြံခြင်းလောကရှိ အဓိက ဂိုဏ်းချုပ်များအားလုံးနှင့် များစွာသော နာမည်ကျော် ယောင်ကျင့်ကြံသူများက ရက်ရောလှသော လက်ဆောင်များ ပြင်ဆင်ကာ လူသားလောက၏ လက်ဆောင်များ ဖြန့်ဖြူးပြီးသည်မတိုင်ခင်အထိ ကျွမ်းချင်ကို ပုဂ္ဂိုလ်ရေးအရ ဖုန်းခေါ်လာကြပေသည်။ ယခုတွင် ကျွမ်းချင်မှာ ရေနေသတ္တဝါမျိုးနွယ်များ၏ ဧကရာဇ် ဖြစ်နေပြီး ကမ္ဘာပေါ်ရှိ ရေ၏ အရေးကြီးမှုမှာ ပြောစရာမလိုပါပေ။ သို့ဖြစ်၍ မည်သူကမှ အသက်ရှင်နေရသည်မှာ အလွန်ကောင်းလွန်းနေသည်ဟု မခံစားရ၍ ရေနေသတ္တဝါမျိုးနွယ်ဧကရာဇ်ကို ရန်မစချင်ကြပါပေ။ 

အမျိုးမျိုးသော ဂိုဏ်းချုပ်များက ကျွမ်းချင်က လူသားလောကတွင် မည်သည့်နေရာတွင် နေထိုင်သည်ကို သိသော်လည်း ထိုဂိုဏ်းချုပ်များ သူ့အားခေါ်ဆိုလာသောအခါ သူ့အိမ်ထဲတွင် ဖူလီမှလွဲ၍ မည်သည့် မိစ္ဆာနှင့် လူသားမှ မရှိသည်ကို သဘောပေါက်သွားလေသည်။ သူတို့၏ ခံစားချက်က ရှုပ်ထွေးသွားပေသည်။ 

ကျွမ်းချင်နှင့် မိစ္ဆာဖူလီတို့ကြားတွင် လေးနက်မှု အနည်းငယ်ရှိသည်ကို ကြားပေသည်။ သူတို့က ၄င်းကို ကောလဟာလဟု ယူဆခဲ့သော်လည်း ထိုသူနှစ်ဦးက အမှန်တကယ်ပင် အတူနေထိုင်နေကြပေသည်။ 

ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကျောက်ရှို့နှင့် လွင်ပြင်ဂိုဏ်း၏ ဂိုဏ်းချုပ်ထျန်းဖန်တို့က မိတ်ဆွေဟောင်းများဖြစ်ကြ၍ သူတို့နှစ်ဦးက ကျွမ်းချင်ကို လက်ဆောင်ပေးသောအခါ အတူသွားရန် စီစဉ်ထားကြသည်။ 

သူတို့၏ ထိုင်ခုံဆီမှ နံရံပေါ်ရှိ ကျောက်မျက်များ စီချယ်ထားသော ရှုခင်းကို ကြည့်ကာ ကျွမ်းချင်ဘေးမှ ဖူလီကို လှမ်းကြည့်လိုက်ကြသည်။ နေရခက်သော်လည်း ယဉ်ကျေးသော အပြုံးတစ်ခုက သူတို့မျက်နှာထက်တွင် ချိတ်ဆွဲထားလေသည်။ 

ကျွမ်းချင်သည်လည်း စကားများသော ပုံစံမဟုတ်ပေသည်။ ကံကောင်းစွာဖြင့် ဖူလီမှာ ပို၍ လွယ်ကူသော အကျင့်စရိုက်ရှိ၍ လေထုက အရမ်းမဆိုးဝါးပါပေ။ 

နောက်ပိုင်းတွင် ဂိုဏ်းချုပ်နှစ်ဦးက ထပ်ပြီး ထိုင်မနေနိုင်တော့ပဲ ထကာ ပြန်သွားကြလေသည်။ ကျွမ်းချင်က ထရပ်ကာ သူတို့ကို တံခါးဝအထိ လိုက်နှုတ်ဆက်လိုက်သည်။ 

"အပြင်မှာ နှင်းကျပြီး လေပြင်းတယ် ဂရုစိုက်ကြပါ..."

"ကျွန်တော်တို့ကို လိုက်ပို့စရာမလိုပါဘူး ခေါင်းဆောင် ကျွမ်း..."

ကျောက်ရှို့နှင့် ထျန်ဖန်တို့က ကျွမ်းချင် သူတို့အား တံခါးဝအထိ လိူက်နှုတ်ဆက်သည်ကို မည်သို့ ခွင့်ပြုမည်နည်း။ ထို့ကြောင့်ပင် သူတို့က ထိုအခြေအနေကို အကြိမ်ကြိမ် ပြန်လည် လုပ်ဆောင်နေပေသည်။ ကျောက်ရှို့က သူ့ဂိုဏ်း၏ တပည့်မှာ ဗျူရိုထဲတွင် အဆင့်မြင့် တပည့်ဖြစ်သည်ဟူသော အချက်ကို အခြေခံကာ ဟာသတစ်ချို့ပင် ပြုလုပ်လိုက်သည်။ 

"ခေါင်းဆောင်ကျွမ်းနဲ့ ကျင့်ကြံသူ ဖူတို့က ဆက်ဆံရေး ကောင်းကြတာပဲ... တစ်နေ့နေ့ တာအိုပေါင်းစည်း အခမ်းအနားပြုလုပ်ရင် ကျွန်တော်ကျောက်က အရှက်မရှိ ဝိုင်နှစ်ခွက် ငှဲ့ပေးပါမယ်..."

ကျွမ်းချင်က မီးဖိုချောင်ထဲတွင် လက်ဘက်ရည်ခွက်များကို ဆေးနေသော ဖူလီကို လှည့်ကြည့်လိုက်သည်။ သူ့၏ အမြဲလိုလို အမူအရာမဲ့နေသော မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာလေသည်။ 

"အဲ့လိုနေ့ ရှိလာရင် ကျွန်တော်ကျွမ်းချင်က သေချာပေါက် ဖိတ်စာပို့လိုက်ပါမယ်..."

သူ့၏ အမူအရာကို ကြည့်ရုံဖြင့် ကျောက်ရှို့နှင့် ထျန်းဖန်တို့က ဤရေနေသတ္တဝါမျိုးနွယ်များ၏ ဧကရာဇ်အသစ်က ထိုကဏ္ဍတွင် ရည်ရွယ်ချက်များ သိုဝှက်ထားသည်ကို သိပေသည်။ ချက်ချင်းပင် သူတို့က မရေရာသော အပြုံးတစ်ခုကို ပြသလိုက်သည်။ သူတို့၏ ဂိုဏ်းများမှ စီစဉ်ထားသော ကားငယ်လေးများထဲသို့ ဝင်ပြီးနောက် သူတို့က ဗီလာမှ ထွက်သွားကြသည်။

"နဂါးလေးကျွမ်း..."
ဖူလီက မီးဖိုချောင်ထဲမှ လျှောက်ထွက်လာပြီးနောက် သူ့လက်များကို ရေခြောက်စေရန် လေဖြင့် မှုတ်လိုက်သည်။

"မနေ့ညက မင်းငါ့ကိုပြောတဲ့ ဇာတ်လမ်းလေ... နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲ..."

ကျွမ်းချင်က ဗီလာ၏ အဓိက တံခါးကို ပိတ်လိုက်သည်။ 
"အရင်ဆုံး ငါ့ကို အိပ်ယာပေါ်က စောင့်နေ... ငါချက်ချင်းလာခဲ့မယ်..."

"အဲ့ဒါဆိုလည်း မြန်မြန်လာခဲ့..."

ဖူလီက အပေါ်ထပ်သို့ သွားကာ နူးညံ့သော အိပ်ယာပေါ်သို့ ခုန်တက်လိုက်သည်။ သူက မူလပုံစံသို့ပြောင်းလိုက်ပြီးနောက် မလှုပ်မယှက် ပျင်းရိစွာလှဲနေလိုက်သည်။ ကျွမ်းချင်က စိတ်ဝင်စားစရာ လူသားဒဏ္ဍာရီများကို ကြားထားသည်အား သိပြီးသည့်အချိန်မှစ၍ သူက ကျွမ်းချင်၏'အိပ်ယာဝင် ပုံပြင်များ'ကို တမ်းတမ်းစွဲနေပေသည်။ 

သို့မဟုတ်ပါက သူ့၏ အောင်မြင်သော ကူးပြောင်းမှုပြီးနောက် ကျွမ်းချင်၏ သွေးက ပို၍ သန့်စင်လာသောကြောင့် ဖြစ်နိုင်ပေသည်။ ဤရက်ပိုင်းများတွင် ဖူလီက ကျွမ်းချင်ထံမှ အလွန်အရသာ ရှိသည့် ချိုမွှေးမွှေးအနံ့တစ်ခုကို ရံဖန်ရံခါ ရတတ်ပေသည်။ သူက အစပိုင်းတွင် ထိုအတွေးအား ရှက်ရွံ့နေသော်လည်း ထိုရနံ့က သူ့သွေးကြောများထဲရှိ ဝိညာဉ် ချီဓာတ်လှည့်ပတ်မှုနှုန်းကို တိုးမြှင့်လာစေနိုင်သည်ကို သဘောပေါက်ပြီးနောက် ရှက်ရွံ့ခြင်းက စိတ်ပူခြင်းအဖြစ် ပြောင်းသွားလေသည်။ 

ကျွမ်းချင်ရဲ့ လက်ရှိ ကြံ့ခိုင်မှုအနေနဲ့ဆိုရင် သူက ယောင်ကျင့်ကြံသူတွေအတွက် ဆွဲဆောင်မှု အကြီးကြီးဖြစ်နေတာမဟုတ်ဘူးလား...

နဂါးတစ်ကောင်၏ အစိတ်အပိုင်းတိုင်းက ရတနာဖြစ်ပေသည်။
မိစ္ဆာတစ်ချို့က သူတို့ရဲ့ ကျင့်ကြံခြင်းတိုးလာအောင် ကျွမ်းချင်ကို စားချင်ရင် ဘယ်လိုလုပ်မလဲ... 

သူက မူလတွင် မျက်နှာပြောင်ကာ ကျွမ်းချင်ချက်သော အစားအသောက်အတွက် သူနဲ့အတူနေနေခြင်း ဖြစ်လေသည်။ သို့သော် သူက ယခုထွက်သွားရမည်အား စိတ်မအေးတော့ပါပေ။ သူရှိနေပါက ကျွမ်းချင်က တိုက်ခိုက်ရာတွင် အကူအညီရနိုင်ပေသည်။ 

ကျွမ်းချင်က သစ်သီးပန်းကန်ကို ဆေးလိုက်ပြီးနောက် ပြတင်းပေါက် အပြင်မှ ခိုးကြောင်ခိုးဝှက်လုပ်နေသော အရိပ်အား အေးစက်သော အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။

"ထွက်သွားစမ်း..."

အရိပ်က အလန့်တကြားနှင့် သဲလွန်စတစ်ခုပင် မချန်ပဲ ပျောက်ကွယ်သွားလေသည်။ 

ကျွမ်းချင်မှာ မကြာမီက ဧည့်သည်အများအပြားကြောင့် ဗီလာပြင်ပရှိ အရံအတားကို ဖယ်ရှားထားသည်ဖြစ်ရာ ဗီလာပြင်ပတွင် အမည်မသိ သတ္တဝါများစွာက လှည့်လည် သွားလာနေကြပေသည်။

အိပ်ယာပေါ်တွင် လှဲနေသော ဖူလီက ပြတင်းပေါက်ဆီသို့ ခေါင်းလှည့်လိုက်သည်။ ပြတင်းပေါက် ပြင်ပတွင် မလိုမုန်းတီးနေသော မျက်နှာထားဖြင့် လှည့်နေသော မကောင်းဆိုးဝါးဝိညာဉ် တစ်ကောင်ရှိပေသည်။ ဖူလီ၏ နားများ တစ်ချက်ခါလိုက်ရာ ပြတင်းပေါက် အပြင်မှ မကောင်းဆိုးဝါး ဝိညာဉ်က စူးစူးရှရှအော်ဟစ်ကာ ၄င်း၏ ဝိညာဉ်က အက်ကွဲသွားပြီး အမှန်တကယ်သေဆုံးနေသော သရဲတစ်ကောင်အဖြစ် ပြောင်းသွားလေသည်။ 

၄င်းကိုမြင်ရာ ထောင့်ပေါင်းစုံတွင် ပုန်းနေကြသော တခြားဧည့်သည်များက နောက်လှည့်ကာ လွင့်သွားကြလေတော့သည်။ လမ်းတစ်လျှောက်တွင် သူတို့က မြေအောက်ကမ္ဘာမှ ယင်းချိုင်စစ်တပ်ဖြင့် တိုးလေသည်။ ထို့နောက်တွင် သရဲများ၏ အော်ဟစ်သံများနှင့် ငိုကြွေးသံများထပ်မံ ပေါ်လာပြန်လေသည်။

"ခေါင်းဆောင်က အရမ်းတော်တာပဲ... ဒီမှာ ပုန်းနေတာက တကယ်ကြီး မြေအောက်ကမ္ဘာရဲ့ ဝရမ်းပြေးတွေကို ဖမ်းမိစေတာပဲ..."

တစ္ဆေသတင်းပို့သူတစ်ဦးက လီရှုကို အထင်တကြီး ကြည့်ကာ မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင်ကိုချည်နှောင်ရန် သူတို့၏ ဝိညာဉ်ပိတ်လှောင် ချိန်းကြိုးကို အသုံးပြုလိုက်သည်။ 

လီရှုက မီးခိုးမှုတ်ထုတ်လိုက်ကာ သူ့အကြည့်က လေးနက်လာသည်။ 

"အထဲကလူမှာ ဝိညာဉ် ချီဓာတ်ကြွယ်ဝတယ်... နားမလည်တဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေအတွက်က အဲ့ဒါက ဆွဲဆောင်မှု အကြီးကြီးတစ်ခုပဲ..."

ထို့အပြင် ဦးနှောက်မရှိသော မကောင်းဆိုးဝါး ဝိညာဉ်များသာလျှင် ထိုကဲ့သို့ အရာမျိုး ပြုလုပ်ဝံ့ပေသည်။ ယောင်ကျင့်ကြံသူများက မည်မျှ ပါးနပ်သည်ကို ကြည့်ပါ။ ကျင့်ကြံခြင်းမြင့်သူများက ယဉ်ကျေးစွာ လက်ဆောင်များပို့ပေးပြီး ကျင့်ကြံခြင်း နိမ့်သူများကအဝေးရှိ သူတို့၏ ပုန်းကွယ်ရာနေရာမှ အရိုအသေးပေးကြသည်မှာ ထိုတစ္ဆေငတုံးများနှင့် လုံးဝ မတူပါပေ။ 

ထားလိုက်ပါ... သူတို့သာ ဉာဏ်ကောင်းရင် မြေအောက်ကမ္ဘာရဲ့ မှတ်တမ်းတွေထဲက အပြစ်သားတွေကို ဘယ်လိုလုပ်ပြီး ဖမ်းမိတော့မှာလဲ...

ကံမကောင်းသည်မှာ သူတို့က အခြေခံအားဖြင့် ဖမ်းနိုင်သော မကောင်းဆိုးဝါး ဝိညာဉ်များကို ဖမ်းထားပြီးပြီ ဖြစ်လေသည်။ လွတ်လပ်သော ငါးစာဖြစ်သည့် ကျွမ်းချင်၏ ဂုဏ်သတင်းမှာ မြေအောက်ကမ္ဘာတွင် ပျံ့နှံ့နေပြီး ဖြစ်နိုင်လေသည်။ 
ကျွမ်းချင်လောက်ကောင်းတဲ့ နောက်ထပ်ငါးစာကို ဘယ်ကနေ ရှာရမလဲဆိုတာ ဘယ်သူသိမှာလဲ...

.....

ကျင့်ကြံခြင်းလောကမှာ ကျွမ်းချင်နဂါးဧကရာဇ်ဖြစ်လာခြင်းကြောင့် အတန်ကြာအောင် ရုတ်ရုတ်သဲသဲဖြစ်နေလေသည်။ နှစ်သစ်ကူးခါနီးပြီး လူတိုင်းက နှစ်သစ်အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်သည့်အချိန်ရောက်သည့်အခါမှသာ စိတ်အားထက်သန်မှုက တဖြည်းဖြည်း လျော့နည်းလာကြပေသည်။ နှစ်သစ်ကူးနီးလာသည့် ရက်အနည်းငယ်မှာ မြို့တော်၏ ခရီသွားအများဆုံးအချိန်ဖြစ်ကာ လူသားတို့၏ လှုပ်ရှားမှုအများအပြားကို တွေ့ရသည့် အချိန်လည်း ဖြစ်ပေသည်။ ထိုအချိန်ကာလရောက်လာသည့်အခါတိုင်းတွင် အမျိုးမျိုးသော အဓိကအဖွဲ့အစည်းများက အလွန်အလုပ်ရှုပ်နေသည်သာမကပဲ စီမံခန့်ခွဲရေး ဗျူရိုသည်ပင် ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် လူ့အသိုင်းအဝိုင်းကို လက်စားချေကာ သူတို့၏ အတွင်းပိုင်း အမြုတေကို ပေါက်ကွဲစေပြီး တစ်နိုင်ငံလုံးရှိ လေဆိပ်များ၊ ကားမှတ်တိုင်များနှင့် ဘူတာရုံများတွင် လူများကို စောင့်ကြည့်ရပေသည်။ 

ဖူလီတာဝန်ကျသော နေရာမှာ မြို့တော်၏ အကြီးဆုံး ဘူတာရုံကြီး ဖြစ်လေသည်။ သူက လူအုပ်ကို ဖြတ်သန်းကာ အိတ်အရွယ်အစားမျိုးစုံ ဆွဲထားသော လူများကို ကြည့်ကာ လူသားဟူသော အသက်ပုံစံများအတွက် လေးစားမှုအဆင့်တစ်ခု ရှိနေပေသည်။ 

လူများမှာ အလွန်ပြည့်ကြပ်နေသော်လည်း ယာဉ်များဆီသို့ တိုးကြပ်ဝင်နေဆဲဖြစ်သည်။ ၄င်းက အံ့ဖွယ်ပင် ဖြစ်ပေသည်။ 

ဖူလီက ထိုနေရာကို သုံးလေးရက်ကြာအောင် စောင့်ကြည့်နေသော်လည်း ခိုးစီးကာ အလကားခရီးသွားလိုသော မိစ္ဆာလေးအနည်းငယ်ကို တွေ့သည်မှလွဲ၍ လူ့အသိုင်းအဝိုင်းကို လက်စားချေလိုသော မည်သည့် မိစ္ဆာကိုမှ မဖမ်းမိပါပေ။ ထိုမိစ္ဆာလေးများက သာမန် ကျင့်ကြံခြင်း ရှိပြီး အလွန်မဖူလုံ၍ သယ်ပို့စရိတ်သက်သာစေရန် သူတို့၏ မူလပုံစံများဖြင့် ကားအမိုးများ သို့မဟုတ် သိုလှောင်ရေး အခန်းများထဲတွင် ကပ်လိုက်ကြပေသည်။

ထိုမိစ္ဆာလေးများက အလွန်သန့်စင်သော အော်ရာရှိကြ၍ ဖူလီက သူတို့၏ အပြုအမူကို မျက်စိတစ်ဖက်ပိတ်ကာ သူတို့အလကား ခိုးစီးသည်ကို ခွင့်ပြုပေးထားပေသည်။ 

နှစ်ကုန်နီးလာလေလေ မြို့တော်ထဲတွင် လူနည်းလာလေလေဖြစ်ပေသည်။ ရိုးရာ ၁၂လမြောက်၏ ၂၈ရက်နေ့တွင် ဖူလီက ရုံးဆင်းပြီး စီမံခန့်ခွဲရေး ဗျူရိုဆီသို့ ရထားနှင့် ပြန်လာခဲ့သည်။ ရထားမှာ နေရာ လစ်လပ်ပြီး ရထားတွဲထဲ၌ သူနှင့် မိန်းကလေး ၂ဦးသာ ခရီးသည်အဖြစ် ရှိနေပေသည်။ 

သူနှင့် နီးကပ်သော အမျိုးသမီး ခရီးသည်မှာ ပခုံးကျော်သည့် ဆံပင်ရှည်ရှိပေသည်။ သူမက အလွန်လှပသည်ဟု မယူဆနိုင်သော်လည်း အလွန်ဖြူဖွေးသော အသားအရေရှိပေသည်။ တခြားသော အမျိုးသမီးခရီးသည်မှာ ခေါင်းငုံ့ကာ သူမ၏ သွင်ပြင်ကို အများမြင်ခြင်းမှ ဖုန်းကွယ်ထားပြီး အနည်းငယ် ဝဖြိုးသော သွင်ပြင်ရှိပေသည်။

ရုတ်တရက် ရထားပေါ်ရှိ အလင်းများအားလုံးက တစ်ကြိမ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလေသည်။ ဆံပင်ရှည်နှင့် အမျိုးသမီး ခရီးသည်က မီးများကို လှမ်းကြည့်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဖူလီကို လှမ်းကြည့်လိုက်လေသည်။ သူမက အိတ်ကို ကောက်ကိုင်ကာ သူနှင့်နီးသော ထိုင်ခုံဆီသို့ရွေ့လာလေသည်။ 

ရထားတံခါးများက အလွန် လျင်မြန်စွာပွင့်လာလေသည်။ ဤဘူတာရုံတွင် လူအနည်းငယ် တက်လာပြီး ထိုသူများအားလုံးမှာ တက်ပြီးနောက် တိတ်ဆိတ်နေကြပေသည်။ လေထုမှာ အလွန်တိတ်ဆိတ်နေပေသည်။ 

"ရထားက ဒီနေ့မှ အရမ်းအကြာကြီး သွားနေတယ်လို့ မခံစားရဘူးလား..."

တိတ်ဆိတ်သော လေထုကို သည်းမခံနိုင်ရာ ဆံပင်ရှည်နှင့် မိန်းကလေးက ဖူလီဆီသို့ ရွေ့လာပြီး ညင်သာစွာ မေးလိုက်လေသည်။ 

"အင်း... လမ်းက နည်းနည်း ရှည်နေတာ..."
ဖူလီက အသံတိုးတိုးနှင့် စကားမပြောရာ သူနှင့်မျက်နှာချင်းဆိုင်နေသော လူများက သူ့အား တစ်ပြိုင်နက်တည်း လှည့်ကြည့်လာပေသည်။

ဖူလီက သူတို့ကို လျစ်လျူရှုကာ ဆံပင်ရှည်နှင့် မိန်းကလေးကို ဆိုလိုက်သည်။

"ခဏနေရင် ငါနဲ့အတူတူဆင်းလိုက်..."

မှီခိုရန် တိုင်တစ်တိုင် တွေ့သွားသကဲ့သို့ ဆံပင်ရှည်နှင့် မိန်းကလေးက အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသော လူများသည်လည်း အကြည့်များ ရုတ်သိမ်းကာ သူတို့ကို ကြည့်မနေတော့ပါပေ။ ဆံပင်ရှည်နှင့် မိန်းကလေးက သူမ၏ ဖုန်းကို ထုတ်ပြီး ကြည့်လိုက်ကာ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါနေပေသည်။ 

သူတို့နှင့် မျက်နှာချင်းဆိုင်မှ လူများက သာမန်အတိုင်း ဝတ်ဆင်ထားကာ သာမန်သွင်ပြင်များ ရှိကြသော်လည်း မည်သူကမှ ဖုန်းမသုံးနေပါပေ။ 

ရထားစီးရတာ အရမ်းပျင်းစရာကောင်းတဲ့ ကိစ္စတစ်ခုကို ဘယ်လိုလုပ်ပြီး ဖုန်းသုံးတဲ့လူ တစ်ယောက်တောင် မရှိရတာလဲ... အဲ့ဒါက အရမ်းကြောက်စရာကောင်းတယ်...

"ရထားက မကြာခင် ရပ်တော့မယ်..."

မိန်းကလေး၏ တုန်ယင်မှုက ပြင်းထန်လာကာ သူမက မျက်ရည်ပင် မထိန်းထားနိုင်သည်ကိုမြင်ရာ ဖူလီက သက်ပျင်းချလိုက်သည်။ သူက သူ့အိတ်ကပ်ထဲမှ ကြေးနီအကြွေစေ့ ငါးစေ့ကို ထုတ်လိုက်ပြီး ၄င်းတို့ကို ကြိုးဖြင့်သီကာ မိန်းကလေးကို ပေးလိုက်လေသည်။ 

"ယူလိုက်..."

"အဲ့... အဲ့ဒါက ဘာတွေလဲ..."
မိန်းကလေးက ကြေးနီအကြွေစေ့များကို လက်ခံလိုက်ပြီး ၄င်းတို့အပေါ်တွင် 'ခိုင်းယွမ် ထုန်ပေါင်'သို့မဟုတ် တစ်ခုခုရေးထားသည်ကို တွေ့လိုက်သည်။