Chapter 145
"ကြေးနီ အကြွေစေ့..."
စီမံခန့်ခွဲရေး ဗျူရိုတွင် ထိုအရာများ များစွာရှိပြီး ၅ခုမှာ ဖူလီက ယခုလေးတင်ပင် နေရာကူးပြောင်းရေး အရည်ချင်းဖြင့် ယူလိုက်ခြင်းဖြစ်ပေသည်။
"ကျေးဇူးပါ..."
ဆံပင်ရှည်နှင့် မိန်းကလေးက 'ဧကရာဇ်ငါးဦး အကြွေစေ့များ' ဒဏ္ဍာရီကို ကြားဖူးထား၍ ထိုကြေးနီအကြွေ၅စေ့က အစစ်ဖြစ်စေ အတုဖြစ်စေ သူမက ထိုသူ၏ ကြင်နာသော ရည်ရွယ်ချက်ကို အလွန်ကျေးဇူးတင်ပါပေသည်။ ကြည့်ရသည်မှာ ထိုသူသည်လည်း သူမကဲ့သို့ ထို'ခရီးသည်'များက မူမမှန်သည်ကို အာရုံခံမိပုံရပေသည်။
သူမက 'ဧကရာဇ်ငါးဦး အကြွေစေ့များ'ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်ရာ ရထားက နှေးကွေးကာ ရပ်ဆိုင်းသွားလေသည်။ ဖူလီက သူမဆီသို့ လှည့်လိုက်သည်။
"ငါနဲ့ လိုက်ခဲ့..."
သူမ၏ သာမန် အကျင့်နှင့်ဆိုပါက သူမက မရင်းနှီးသော အမျိုးသားတစ်ဦးကို နားထောင်မည် မဟုတ်ပါပေ။ သို့သော် သူမက တခြားသူပြောသည်အား မသိစိတ်အရ လိုက်လုပ်ခဲ့ပေသည်။ ဖြစ်နိုင်သည်မှာ ယနေ့လေထုမှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေခြင်း သို့မဟုတ်ပါက ဤအမျိုးသားငယ်မှာ ချောမောကာ ယုံကြည်ရဟန် ပေါက်နေသောကြောင့် ဖြစ်နိုင်ပေသည်။
သူတို့နှစ်ဦးစလုံးမှာ တံခါးဆီသို့ လျှောက်သွားရာ ခရီးသည်များမှာထကာ သူတို့ကို တားဆီးလိုနေကြောင်းကို မိန်းကလေးက သဘောပေါက်သွားလေသည်။ သူမက ပါးစပ်ကို ဖုံးထားပြီးသာ အော်ချင်စိတ်ကို ထိန်းချုပ်ထားရပေသည်။
ဖူလီက မိန်းကလေးကို ထူလိုက်ပြီးနောက် သူတို့က ရထားအပြင်သို့ ရောက်သွားလေသည်။ မိန်းကလေးက နောက်လှည့်ကြည့်လိုက်သည်။ ရထားမှာ တဖြည်းဖြည်း စတင်ရွေ့လျားနေပြီး ဖြစ်သည်။ သူမနှင့်အတူရှိနေသည့် ဝတုတ်တုတ်အမျိုးသမီးမှာလည်း ပြတင်းပေါက်တွင် ရပ်နေပြီး သူတို့ ထွက်သွားခြင်းကြောင့် မကျေမချမ်း ဖြစ်နေဟန် ရပေသည်။
"သူ- သူမက..."
"စိတ်မပူပါနဲ့... သူတို့က သူတို့ မိသားစုတွေဆီပြန်သွားလည်ဖို့ အိမ်ပြန်နေကြတာပါ..."
ဖူလီက မိန်းကလေးကို ပြုံးပြလိုက်သည်။
"သူတို့က လူသားတွေကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်မပေးပါဘူး..."
"အဲ့ဟာတွေကလည်း... သူတို့မိသားစုတွေဆီ သွားလည်ဖို့ လိုတယ်လား..."
အမျိုးသမီး၏ တုန်ယင်နေခြင်းက မရပ်တန့်သွားပါပေ။ သူမက ဖူလီပေးသော ဧကရာဇ် ငါးဦး အကြွေစေ့များကို တင်းတင်းဆုပ်ထားသည်မှာ ထို့သို့ပြုလုပ်ခြင်းက ပို၍စိတ်အေးသည်ဟု ခံစားရသကဲ့သို့ပင်။
"ဒါပေါ့... လူတိုင်းက နှစ်သစ်ကူးပွဲတော်လို နေ့မျိုးမှာ အလည်အပတ် သွားကြမှာလေ..."
မိန်းကလေး၏ စိတ်မပါခြင်းကို အခွင့်ကောင်းယူကာ ဖူလီက လက်တစ်ဖက်ကို လေထဲတွင် ဝေ့ယမ်းလိုက်ရာ ဘူတာရုံထဲရှိ မြူခိုးများက ပျောက်ကွယ်သွားလေသည်။ အရာရာမှာ သာမန်ပြန်ဖြစ်လာပုံရပေသည်။
မိန်းကလေးသည်လည်း အလွန်ဆိုးဝါးစွာ မတုန်ယင်နေတော့ပါချေ။ သူမက ဖူလီကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
"အချောလေး... နင်က ဆရာကြီးတစ်ယောက်လား..."
"ငါက အဲ့လို ကိစ္စတွေကို ကောင်းကောင်းနားမလည်ဘူး... ပြီးတော့ ငါက ကိစ္စလေးတစ်ခုနှစ်ခုလောက်ပဲ ဗဟုသုတရှိနေတာပါ..."
ဖူလီက လိမ်နေခြင်းမဟုတ်ပါပေ။ သူက အမှန်တကယ်ပင် လူသားများ၏ သရဲနှင်ခြင်း နည်းလမ်းများကို နားမလည်ပါပေ။ ယောင်ကျင့်ကြံသူများအတွက်မူ အကြမ်းဖက်ခွန်အားမှာ အဆောင်များနှင့် ချိတ်စည်းများ စသည်တို့ထက် များစွာ ထိရောက်ပေသည်။
မိန်းကလေးမှာ ဖူလီက လျှို့ဝှက်ချက်ကို ထုတ်ပြောရန် အဆင်မပြေဟုတွေးတော၍ ရှက်ရွံ့စွာ ထပ်မမေးတော့ပါချေ။ ဘူတာရုံထဲမှ လျှောက်ထွက်လာပြီးနောက် သူမက ဖုန်းကို ထုတ်လိုက်သည်။
"အချောလေး... ဒီနေ့ ငါ့ကို သေချာကူညီပေးထားတာ... နောက်ပိုင်း အခွင့်ကြုံရင် ထမင်းတစ်နပ်လောက် လိုက်ကျွေးလို့ရမလား... wechat အပ်ရအောင်..."
"ဖူလီ..."
မိန်းကလေးက နောက်လှည့်လိုက်ရာ ခြေတံရှည်ရှည်နှင့် ချောမောလှသော အမျိုးသားတစ်ဦးကို မြင်လိုက်သည်။ ထိုသူမှာ အနက်ရောင်အင်္ကျီရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး အလွန်ကျက်သရေရှိလှသော ဟန်ပန်ဖြင့် လျှောက်လာလေသည်။ သူ့မျက်နှာသည်သာလျှင် အမူအရာမဲ့နေ၍ သူက အလွန် ချဉ်းကပ်ရခက်သည့်ဟန် ရပေသည်။
သူမဘေးမှ အစ်ကိုချောချောလေးက ထိုသူ၏ ဘေးမှ ယှဉ်လျှောက်သွားသည့်အချိန်မှသာလျှင် မိန်းကလေးက ထိုသူမှာ သူနှင့်ခရီးအတူသွားခဲ့သော အစ်ကိုချောလေးအား လာကြိုသည်ကို သဘောပေါက်သွားလေသည်။
ထိုသူနှစ်ဦးအား အနောက်မှ ကြည့်ကာ မိန်းကလေးက သူမ၏ လက်ဖဝါးများကို လေဖြင့်မှုတ်လိုက်ပြီး သူမ၏ ဖုန်းနှင့် ဧကရာဇ် ငါးဦး အကြွေစေ့များကို သူမ၏ အိတ်ကပ်သို့ ထည့်လိုက်သည်။ တစ်စုံတစ်ဦးအား ထမင်းတစ်နပ်ကျွေးရန် ပိုက်ဆံမှာ ကုန်မည် မဟုတ်တော့ပါပေ။ ယနေ့ည၏ သာမန်မဟုတ်ခြင်းကြောင့် သူမက မျှော်လင့်ချက်စီမံကိန်းကို ပိုက်ဆံအနည်းငယ် လှူဖြစ်မည် ဖြစ်ပေသည်။
'ငွေကြေးကုန်တာက ဘေးရန်တွေကို တားဆီးပေးတယ်'ဆိုတဲ့ စကားပုံကောင်းတစ်ခု ရှိတယ်မလား..
"အဲ့လူသားမိန်းကလေးက မင်းကို အရမ်း အကောင်းမြင်နေတာပဲ..."
ကျွမ်းချင်က ဖူလီကို ကားတံခါးဖွင့်ပေးလိုက်သည်။
"အဲ့ဒါက ငါ့မှာ ကြိုက်ချင်စရာ ရုပ်ကလေး ရှိနေလို့နေမှာပေါ့..."
ဖူလီက ခါးပတ်ပတ်လိုက်ပြီး ဂရုမစိုက်ပဲ မေးလိုက်သည်။
"ငါတို့ မနက်ဖြန်အလုပ်ပြီးရင် နားရက်ယူလို့ရလား..."
ကျွမ်းချင်က ဖူလီမျက်နှာကို ကြည့်ကာ နားလည်ရခက်သော ရယ်သံတစ်ခု ပေးလိုက်လေသည်။
"အင်း... အဲ့ဒါက တော်တော်လေး ကြိုက်ချင်စရာကောင်းပါတယ်..."
"ဟမ်..."
ဖူလီက နားမလည်ပါပေ။
သူ ဘာကိုဆိုလိုတာလဲ...
"မနက်ဖြန် ကိစ္စကြီးကြီးမားမား မဖြစ်ရင် ငါတို့ မနက်ဖြန်အလုပ်ပြီးရင် ၇ရက်နေ့ အပြီးအထိ နားရက်ယူလို့ရတယ်..."
ကျွမ်းချင်က ကားစက်နှိုးလိုက်သည်။ အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက် သူက ဆိုလိုက်သည်။
"လူသားတွေရဲ့ သက်တမ်းက အတော်လေးတိုတယ်..."
"မင်းပြောတာမှန်တယ်... သာမန်လူသားတွေက နှစ်၁၀၀ ဝန်းကျင်လောက်ပဲ သက်တမ်းရှိတာ... ငါတို့ယောင်ကျင်ကြံသူတွေအတွက်ဆိုရင် အဲ့ဒါက တကယ်ကို တော်တော်လေး တိုတာ..."
"အဲ့ဒါကြောင့် မင်းက လူသားတွေနဲ့ ဝေးဝေးနေရမယ်... တကယ်လို့ မင်းက... အချစ်ကို ခံစားလာရပြီဆိုရင်တောင် သူတို့က မင်းနဲ့ မသင့်တော်ဘူး..."
"နဂါးလေးကျွမ်း... မင်းက အသွင်ပြောင်းလဲတာအောင်မြင်ပြီး သိပ်မကြာခင်မှာတင် အဲ့လိုကိစ္စတွေ စပြီး တွေးလာမယ်လို့ မထင်ထားဘူး..."
ဖူလီက ကျွတ်သပ်လိုက်သည်။
"ငါက လူသားတွေကို စိတ်ဝင်စားရင် လွန်ခဲ့တဲ့ နှစ်၂၀၀၀လောက်ကို ပြောင်းနေပြီးနေမှာပေါ့... ဘာလို့ အခုထိ စောင့်နေစရာလိုမှာလဲ..."
လွန်ခဲ့တဲ့ နှစ် ၂၀၀၀...
ကျွမ်းချင်၏ နှုတ်ခမ်းက ပို၍ပင် တင်းသွားလေသည်။
ဖူလီက သူရဲ့ လူသားအိမ်မွေးကောင်အကြောင်း ပြောနေတာလား...
"မင်းက အဲ့လူသား အိမ်မွေးကောင်ကို တော်တော်ကြိုက်တာပဲလား..."
ကျွမ်းချင်က မျက်နှာတည်ကြီးဖြင့် မေးလိုက်သည်။
"ငါ သူ့ကို အတော်လေး ကြိုက်တယ်..."
ဖူလီက ခေါင်းညိတ်လိုက်သည်။
"အမ ကျူးယွဲ့ကတောင် သူက ကြည့်ကောင်းတဲ့ လူသားမျိုးလို့ ပြောဖူးတယ်..."
ကျွမ်းချင်က တိတ်ဆိတ်နေပေသည်။
"ဒါပေမဲ့ သူဘယ်လိုပုံလဲ ငါမမှတ်မိတော့ဘူး..."
ဖူလီက မျက်မှောင်ကြုတ်ကာ ကျွမ်းချင်ကို လှည့်ကြည့်လိုက်သည်။
"ဒါပေမဲ့ သူ့ရဲ့ လူသားသွင်ပြင်က မင်းမျက်နှာ လောက်တော့ ကြည့်မကောင်းလောက်ပါဘူး..."
"မင်းက သူ့ကို အတော်လေးကြိုက်တာကို ဘာလို့ သူ့ပုံကို မမှတ်မိတာလဲ..."
ကျွမ်းချင်က ခံစားချက် အနည်းငယ် ကောင်းလာပေသည်။
"အဲ့တုန်းက ငါက လူသားတွေနဲ့ ဆက်ဆံခဲတယ်လေ... ပြီးတော့ ငါက ငါ့ရဲ့ လူသားပုံစံကိုလည်း မသုံးဘူး... အဲ့တော့ ငါ့ရဲ့ လူသားတွေရဲ့ သွင်ပြင်တွေကို ခွဲခြားနိုင်စွမ်းက မသန်မာဘူး..."
ဖူလီ၏ မျက်နှာမှာ အနည်းငယ် ရဲနေပေသည်။
"ဒါပေမဲ့ ငါ့ရဲ့ အဲ့အားနည်းချက်က ငါ့ရဲ့ သရုပ်မှန်ကို ယောင်အစည်းအရုံကို စာရင်းမသွင်းရခင်မှာတင် ပြင်ထားပြီးပြီ..."
"မင်းမမှတ်မိရင်လည်း ရပါတယ်... ဘာပဲဖြစ်ဖြစ်က သူက ပြန်မွေးဖွားလာပြီးပြီးလေ... မင်းမှတ်မိရင်တောင် သူ့အလှတရားတွေက ရှိတော့မှာ မဟုတ်ဘူး..."
အဲ့လူသားက ဖူလီရဲ့ တစ်ဦးတည်းသော အိမ်မွေးဖြစ်တော့ရော ဘာဖြစ်လဲ...
ကျွမ်းချင်က စိတ်ထဲတွင် တွေးလိုက်လေသည်။
ပိုင်ရှင်ကတောင် ဘယ်လိုပုံရှိလဲ မမှတ်မိတဲ့ အိမ်မွေးအကောင်က အရှုံးသမားပဲပေါ့...
'ပိုင်ရှင်က အလွန်ပေါ့တန်သည်'ဟူသော ဖြစ်နိုင်ခြေကိုမူ ကျွမ်းချင်က မသိစိတ်မှ ထုတ်ထားလိုက်ပေသည်။
အမှားသည် အမြဲတမ်း တခြားသူများနှင့် တည်ရှိရမည် ဖြစ်သည်။ အမှားက သူ့လူများနှင့် တည်ရှိနေသည်မှာ မဖြစ်နိုင်ပါပေ။
နဂါးများအားလုံးမှ လူသားတို့နှင့် အနီးကပ်ဆုံးဖြစ်သည့် ဤနဂါးဧကရာဇ်မှာ 'နားဝေတိမ်တောင် ဧကရာဇ်'ဟူသော လူသားဘုရင်ခေတ်၏ ချို့ယွင်းချက်ကို ရရှိထားပြီး ဖြစ်နိုင်ပေသည်။
ရိုးရာလ ၁၂လမြောက်၏ ၂၉ရက် လပြည့်နေ့ဖြစ်သည့် အလုပ်နောက်ဆုံးရက်တွင် လူအချို့သာ အလုပ်လုပ်ရန် ခံစားချက်ရှိနေပြီး အများစုမှာ ပိတ်ရက်ယူရန်သာ စောင့်နေကြပေသည်။ အစိုးရရုံးတွင် လူတိုင်းက သူတို့နှစ်သစ်ကို မည်သို့ ဖြတ်သန်းမည်နှင့် မည်သည့် နှစ်သစ်ကူး ကုန်ပစ္စည်းများ ဝယ်မည်ကို ဆွေးနွေးနေကြပေသည်။
လက်ရှိ ကျင့်ကြံသူအများစုမှာ ဂိုဏ်းများနှင့် ရင်းနှီးသော အမျိုးများ ရှိကြ၍ သူတို့က နှစ်သစ်ကူးကို ဆင်နွှဲသောအခါ အသက်ဝင်မှု ကင်းမဲ့နေခြင်း မရှိမည်မှာ သေချာပေသည်။ ဖူလီသာလျှင် သူ့ခုံပေါ်တွင် ပျင်းရိကာ သူတို့၏ တက်ကြွသောအသံများကို နားထောင်နေပေသည်။
အဘယ့်ကြောင့်ဆိုသော် သူ့တွင် ဂိုဏ်းမရှိ၊ ဆွေမျိုးသားချင်းမရှိ၊ အကြီးအကဲမရှိခြင်းကြောင့်ဖြစ်သည်။ သူ့အတွက်မူ ဤနှစ်အတွက် ထူးခြားသည့်အရာ မရှိပါပေ။
"ပြဿနာရှိတယ်... တက်ကြွလွန်းနေတဲ့ မိစ္ဆာတစ်ယောက်က ဘော့စ်နဲ့ ဖူကောက လာဘ်ယူတယ်လို့ တိုင်စာတစ်စောင် အီးမေးပို့လာတယ်... သူက အဲ့အဖြစ်အပျက်ကို ထောက်ပံ့ပေးဖို့ ဓာတ်ပုံတစ်ပုံတောင် ပေးထားသေးတယ်..."
ချူးယွီက ကြီးကြပ်ရေး ရုံးခွဲမှ ဖုန်းတစ်ခုကို လက်ခံကာ ဖူလီဆီသို့ လှည့်လိုက်သည်။
"အောက်ထပ်မှာ ကျွန်တော်တို့ကို ရှင်းပြဖို့ တောင်းဆိုနေကြတဲ့ မိစ္ဆာတစ်ချို့ရှိနေတယ်..."
"အာ..."
လူတိုင်းက ကြောင်ငေးကြည့်ကာ သူတို့၏ ခေါင်းများက ဖူလီဆီသို့ ချက်ချင်း လှည့်သွားကြသည်။ သူတို့ထဲမှ မည်သူကမှ ထိုကဲ့သို့ အရာတစ်ခုက ဖြစ်နိုင်သည်ဟု မထင်ပါပေ။
ဖူလီက အောက်ထပ်ရှိ ဧည့်ကြိုခန်းသို့ ဆင်းသွားရာ ကျွမ်းချင်က ရောက်နေပြီး ဖြစ်သည်။ ထိုနေရာတွင် မိစ္ဆာတစ်ချို့ထိုင်နေကြပြီး စီမံခန့်ခွဲရေး ဗျူရိုမှ လာဘ်စားသည်နှင့် ကျင့်ကြံခြင်း လောက၏ ယုံကြည်မှုကို သစ္စာဖောက်သည် စသည်တို့အား ပြောဆိုကာ စားပွဲများကို ရိုက်ကာ ထိုင်ခုံများကို ကန်ကျောက်နေပေသည်။
သူက သက်သေအဖြစ် ပြထားသော ဓာတ်ပုံတစ်ပုံကို ကောက်ကာ ကြည့်လိုက်သည်။
ဒါက ဦးလေးဖုန်း သူတို့ကို ယောင်အစည်းအရုံးအပြင်မှာ ချမ့်ခွန်းအိတ်တွေ ပေးတုန်းက ရိုက်ထားတာလား...
ဖူလီက ဓာတ်ပုံကို ကောက်လိုက်သည်အားမြင်ရာ ဆဲရေးနေသော ယောင့်ကျင့်ကြံသူများက ယုံကြည်ချက်ပိုရှိသွားသကဲ့သို့ ပို၍ ကြမ်းတမ်းလာပေသည်။
"စီမံခန့်ခွဲရေးဗျူရိုက ဒီနှစ်တွေထဲမှာ ငါတို့ကိုကျ ဟိုဟာ ဒီဟာလုပ်ဖို့တောင်းဆိုနေပြီး ငါတို့လုပ်တာဆိုလို့ ပိုက်ဆံအိတ်လေးတစ်ခု ခိုးမိတာကို ငါတို့ကို စီမံချင်နေတာ..."
ကြွက်မိစ္ဆာ၏ မျက်လုံးများက ဘယ်ညာရွှေ့လျားနေသော်လည်း သူပြောသော စကားများက အလွန်ဒေါသထွက်နေသော သွင်ပြင်ဖြင့် ဆိုနေခြင်း ဖြစ်ပေသည်။
"ဒါပေမဲ့ မင်းတို့ကကျ ထွက်ပြီး ခိုးစရာတောင်မလိုဘူး... ဘယ်မိစ္ဆာကမဆို မင်းတို့ကို လက်ဆောင်တွေပေးနေတော့ မင်းတို့တွေအတွက် စိတ်ပူစရာ မရှိဘူးပေါ့..."
"ဟုတ်တယ်... ငါမြင်လိုက်တဲ့ ပုံအရ သူတို့က မြွေတွေ ကြွက်တွေနဲ့ပဲရှိနေတာ... ငါတို့လို သာမန်မိစ္ဆာတွေကို ဘာမှ အရေးတယူ မလုပ်ပေးဘူး..."
တခြားသော မိစ္ဆာတစ်ကောင်က ထပ်ဆိုလာသည်။
ကြွက်မိစ္ဆာက မျက်လုံး လှန်လိုက်လေသည်။
"မင်းဘယ်သူ့ကို ကျိန်ဆဲနေတာလဲ... ဘယ်သူက မြွေနဲ့ ရှိနေတာလဲ..."
"မှားသွားတာ... မှားသွားတာ..."
တခြားသော မိစ္ဆာက နေရခက်စွာ ပြုံးလိုက်သည်။
ဒီတစ်ယောက်က ကြွက်မိစ္ဆာဆိုတာကို သူဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ...
ယောင်အစည်းအရုံး၏ တာဝန်ကျလူက နေရခက်သော အမူအရာဖြင့် ထိုင်နေလေသည်။
ကျွမ်းချင်ရဲ့ သရုပ်မှန်နဲ့ ရာထူးအရဆိုရင် သူက ရွှေ၊ငွေ၊ ပုလဲနဲ့ ဘာပဲဖြစ်ဖြစ် ချို့တဲ့နေတာ ဘယ်လိုလုပ်ပြီး ရှိမှာလဲ... သဘာဝအရလည်း သူက လာဘ်ပေးတာကို လက်မခံပါဘူး...
သို့သော် အခက်အခဲမှာ ဤလူများတွင် သက်သေအဖြစ် ဓာတ်ပုံများ ဗီဒီယိုများ ရှိနေခြင်း ဖြစ်ပေသည်။ သူက လက်ရှိတွင် မည်သို့ တုံ့ပြန်သင့်သည်ကို မသိ၍ တိတ်တဆိတ်စောင့်နေပေသည်။
ကိစ္စတစ်ခုလုံးမှာ မသင်္ကာစရာကောင်းလှပေသည်။
ကျွမ်းချင်၏ လက်ရှိရာထူးနှင့်ဆိုပါက မိစ္ဆာလေးများက မည်သို့ စီမံခန့်ခွဲရေး ဗျူရို၏ ဂုဏ်သတင်းကို ဖျက်ဆီးဝံ့မည်နည်း။
စီမံခန့်ခွဲရေး ဗျူရို၏ ဂုဏ်သတင်းကို ဖျက်ဆီးခြင်းက ကျင့်ကြံခြင်းလောကတစ်ခုလုံးအတွက် အကြိုးမရှိသည်မှာ သေချာပေသည်။ ထိခိုက်သူများမှာ စီမံခန့်ခွဲရေး ဗျူရို၏ အထက်တန်းလွှာများ မဟုတ်ပဲ ယောင်လောက၏ အနိမ့်ဆုံးနေရာရှိ မိစ္ဆာလေးများ ဖြစ်ပေသည်။
သူ ခေါင်းမော့ကာ ကျွမ်းချင်ကို ကြည့်လိုက်သည်။ ထိုသူ၏ အမူအရာမှာ သာမန်ပင်ဖြစ်သည်။ ထိုမိစ္ဆာလေးများ၏ အော်ဟစ်သံများက သူ့ကို ဒေါသမထွက်စေပါပေ။
ဖူလီက ကျွမ်းချင်ဘေးတွင် ထိုင်လိုက်သည်။ သူ့အတွေးထဲတွင် ဤမိစ္ဆာလေးများ၏ ကျင့်ကြံခြင်း အခြေခံအရ သူတို့ မသိလိုက်ပဲ သူတို့၏ ဓာတ်ပုံရိုက်နိုင်ရန် မဖြစ်နိုင်ပါပေ။
"ငါကြားတာ တစ်ယောက်ယောက်က ငါ့တူကို လာဘ်ယူလို့ တိုင်တယ်ဆို..."
အမျိုးသားတစ်ဦးက စီမံခန့်ခွဲရေး ဗျူရို၏ ဧည့်ကြိုအခန်းတံခါးကို ကန်ဖွင့်လိုက်သည်။
"ဦးလေးတစ်ယောက်အနေနဲ့ ငါက ငါ့ကိုယ်ပိုင်မိသားစုရဲ့ ဂျူနီယာလေးကို မုန့်ဖိုးပေးလို့မရဘူးလား..."
ထိုအမျိုးသားက အလွန်ကြည့်ကောင်းပေသည်။ ထိုအခိုက်တွင် သူကခေါင်းမော့ကာ သူ့၏ ထောင်လွှားသော အကြည့်က ရှိနေသော မိစ္ဆာအများစုကို ဂရုမစိုက်ဟု ကြေညာနေဟန် ရပေသည်။ သူ့မျက်လုံးထဲတွက် ဖူလီကို မျက်နှာချင်းဆိုင်ကာ စားပွဲကို ရိုက်နေသော မိစ္ဆာအများအပြားမှာ အမှိုက်ထက် မပိုပါပေ။
"ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်... ပြီးတော့ ငါ့ဂျူနီယာအပေါ်မှာ ငါသုံးချင်သလောက်သုံးမယ်... မင်းတို့မှာ ကန့်ကွက်ချင်တာရှိရင် ပြော ငါသေချာနားထောင်နေတယ်...ဟမ်..."
ဤအမျိုးသား ပေါ်လာသော ကြမ်းတမ်းသည့် နည်းလမ်းမှာ လူတိုင်း၏ မျက်လုံးများကို သူ့အပေါ်ကျသွားစေပေသည်။
တူလား...
လူတိုင်းက ကျွမ်းချင်ကို လှမ်းကြည့်လိုက်ပြီးနောက် ကျင့်ကြံခြင်း အလွန်နက်နဲကာ ဆန်းကြယ်သော အမျိုးသားကို ကြည့်လိုက်ကြသည်။ သူတို့က ဤသည်မှာ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရပေသည်။ ကျင့်ကြံခြင်းလောကထဲရှိ လူအများစုမှာ ခေါင်းဆောင်ကျွမ်းသည် နဂါးမျိုးနွယ်၏ သွေးကို ပိုင်ဆိုင်ထားသော်လည်း သူတို့နှင့် မရင်းနှီးသည်ကို သိထားပေသည်။ ဤနှစ်များအတွင်း ခေါင်းဆောင်ကျွမ်းမှာ နဂါးမျိုးနွယ်က မှားယွင်းမှုတစ်ခု ပြုလုပ်သည်နှင့် သင့်တော်သော အပြစ်ဒဏ်ကို ပေးအပ်ကာ နေရာမှန်ထားသင့်သူများကို ထားပေသည်။ သူက သူတို့အား မည်သည့်အခါမှ မကာကွယ်ပေးသလို သူတို့၏ အမှားများကိုလည်း မဖုံးပေးပါပေ။ နဂါးမျိုးနွယ်သည်လည်း ကျွမ်းချင်နှင့် ဆက်ဆံရေး မပြေလည်ပါပေ။
အဲ့တော့ သူတို့က ကျွမ်းချင်ကို ဘယ်လိုလုပ်ပြီး တစ်ခုခုပေးရမှာလဲ...
ပြဿနာရှာနေကြသော မိစ္ဆာများစွာက စိတ်ထဲတွင် ကြောက်လာကြသော်လည်း သူတို့၏ အဟန့်ကောင်းသော အပြုအမူများကို အားတင်းကာ ဆက်လက်ပြုလုပ်နေပေသည်။
"လာဘ်ပေးတဲ့လူရော လာဘ်ယူတဲ့လူရောက အမှားပဲ... မင်းက ခေါင်းဆောင်ကျွမ်းရဲ့ ဦးလေးလို့ပြောနေတယ်... ဒါပေမဲ့ အဲ့ဒါက အမှန်လား အမှားလား ဘယ်သူကသိမှာလဲ... မင်းက အဲ့ဒါကို အပြစ်ပေါ့အောင် အမြတ်ထုတ်ချင်နေတာလဲ ဖြစ်နိုင်တာပဲ..."
"ပြီးတော့ မင်းကရော ဘာလဲ..."
အမျိုးသား၏ မျက်ခုံးတစ်ချက်ပင့်လိုက်သည်နှင့် စကားပြောနေသော ကြွက်မိစ္ဆာမှာ ကြက်သီးများ ထသွားပေသည်။ ၄င်းမှာ နှလုံးသား၏ အတွင်းဆုံးအပိုင်းသို့ ဖောက်ဝင်လာသည့် အကြောက်တရားတစ်မျိုး ဖြစ်ပေသည်။ သူ့ခြေထောက်များက တုန်ယင်လာပြီး သူက ငြင်းဆိုရန် စကားတစ်ခွန်းပင် မဆိုနိုင်ပါပေ။
အမျိုးသားက သူမည်မျှ ကြောက်လန့်နေသည်ကို မြင်ရာ လှောင်ပြောင်လိုက်သည်။
"ငါက ဖူလီရဲ့ ဦးလေး ဖုန်းလွေ့ကျုံးပဲ... ငါ ရှောင်လီနဲ့ ကွဲနေတာ နှစ်တွေကြာနေပြီးတော့ ထပ်တွေ့ရတာကိုအရမ်းပျော်နေတာ... အဲ့တော့ ငါက ငါ့ဂျူနီယာလေးကို လက်ဆောင်နည်းနည်း ပေးလိုက်တာ..."
ဖူလီက သူ့ခေါင်းကို မော့ရာ ဖုန်းလွေ့ကျုံး၏ အကြည့်နှင့် တိတ်တဆိတ် ဆုံလိုက်သည်။