အပိုင်း ၁၄၈
Viewers 38k

Chapter 148



ခြေသံများ ကြားသောအခါ ခန်းကူမှာ မီးဖိုရှေ့တွင် တင်ပုလ္လင်ချိတ်ကာ ထိုင်နေပြီး စိတ်ပါလက်ပါ ဖိုထိုးနေလေသည်။ ချီသရုပ်မှန်ကိုပင်မခွဲပဲ သူက တိုက်ရိုက်ဆိုလိုက်သည်။

"မြန်မြန် မီးဖိုကို မီးနှစ်ချက်လောက် မှုတ်လိုက်ဦး... မင်းရဲ့ စစ်မှန်မီးတောက်နဲ့ သွန်းလုပ်ထားတဲ့ မှော်ကိရိယာတွေက ပိုပြီးကောင်းတယ်..."

ဖုန်းလွေ့ကျုံး၏ တုံ့ပြန်သံကို မကြားရသောကြောင့် သူ နောက်လှည့်ကြည့်လိုက်သည်။ သူ့လက်ထဲမှ မှော်ယပ်တောင်မှာ ကြမ်းပြင်ပေါ်သို့ အသံကျယ်ကြီးတစ်ခုဖြင့် ပြုတ်ကျသွားလေသည်။ 

"ရှောင်-ရှောင်လီ..."

သူက ကြမ်းပြင်မှ ကုန်းထလိုက်ပြီး သူ့ကိုယ်ပေါ်မှ ဖုန်များကို တက်ကြွစွာ သုတ်လိုက်သည်။ အဆုံးတွင် သူသုတ်လေလေ ပို၍ ညစ်ပတ်လာလေလေဖြစ်ပေသည်။ စိတ်ပျက်သွားပြီးနောက် သူက ပို၍ သန့်ရှင်းကာ အသက်ဝင်သည့် သွင်ပြင်ပေါက်စေရန် သူ့ကိုယ်ပေါ်သို့ သန့်ရှင်းရေးစွမ်းရည်တစ်ခု အသုံးပြုလိုက်သည်။

အဆုံးမရှိ ထစ်အနေပြီးနောက် ခန်းကူမှာ နောက်ဆုံးတွင် စကားတစ်ခွန်းကို ညစ်ထုတ်လိုက်လေသည်။ 
"မင်းစားပြီးပြီလား... ငါ မင်းစားဖို့ နည်းနည်း လုပ်ပေးမယ်..."

ထိုအခိုက်တန့်တွင် လေထုမှာ သိပ်သည်းလာသည်။ ဖူလီ၏ အကြည့်များက ခြေလက်များကို မည်သည့်နေရာသို့ ထားရမည်ကို မသိသော ခန်းကူပေါ်တွင် မြဲမြဲ ရှိနေလေသည်။ ဖူလီက ဖျစ်ညစ်ကာပြုံးလိုက်လေသည်။ 

ခန်းကူက ကြောင်ငေးကြည့်နေပြီး သူ့၏ရိုးရှင်းကာ ရိုးသားသော မျက်နှာက စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေလေသည်။ သို့သော် သူက ဖူလီပျော်ရွှင်စွာ ပြုံးနေသည်ကို မြင်သောအခါ သူ့ခေါင်းနောက်ကို ထိလိုက်ပြီး ပြုံးလိုက်သည်။ 

"မတွေ့တာကြာပြီ ဘုရင်ကန်းလေ့..."

ဖူလီက ခန်းကူဆီသို့လျှောက်သွားကာ လက်ဆန့်လိုက်ပြီး သူ့ကို ဖက်ထားလိုက်သည်။ သူ့ချမ့်ခွန်းအိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်ပြီး သူက ခန်းကူအား ကမ်းပေးလိုက်သည်။ 

"ဦးလေးအတွက်..."

ဖုန်းလွေ့ကျုံးက ၄င်းကို ဘေးမှ သတိထားမိလေသည်။ ၄င်းမှာ သူတို့စားနေစဉ်၌ လူသားက ဖူလီကို ပေးလိုက်သော အရာဖြစ်လေသည်။ 

"အေး..."

ခန်းကူက သေတ္တာဝိုင်းလေးကို ပျော်ရွှင်စွာ လက်ခံလိုက်သည်။ ၄င်းကို နေရာအနှံ့ ထိပြီးမှသာလျှင် သူက မေးလိုက်သည်။

"ဒါက ဘာလဲ..."

"လူသား စာဖိုမှူးချက်ထားတဲ့ စပါးငါးစေ့ ထမင်း..."

ဖူလီက အပူခံဘူးကို အဖုံးဖွင့်လိုက်သည်။ အထဲရှိ စပါးငါးစေ့ ထမင်းမှာ အငွေ့များ ထနေဆဲ ဖြစ်လေသည်။ 

"ခေတ်သစ် စပါးငါးစေ့ထမင်းက အရင်အတိုင်း ချက်တာမဟုတ်ဘူး... ဒါပေမဲ့ အရမ်း အရသာရှိတယ်... မြည်းကြည့်..."

ဖုန်းလွေ့ကျုံးက ကြောင်ငေး ကြည့်နေလေသည်။ သူက ဖူလီမှာ ခန်းကူကို စပါးငါးစေ့ထမင်း တစ်ဘူး အထူးယူဆောင်လာပေးမည်ဟု မမျှော်လင့်ထားပါပေ။ အတိတ်တွင် မိစ္ဆာလေးများစွာနှင့် လူသားများက အကာအရံများတည်ဆောက်ကာ ခန်းကူကို အဆောင်များ ပေးအပ်ကြသည်။ စပါးငါးစေ့ ထမင်းမှလွဲ၍ ခန်းကူမှာ တခြား အဆောင်များကို စိတ်မဝင်စားပါပေ။ သို့သော် ထိုမိစ္ဆာလေးများနှင့် လူသားများက ၄င်းကို မသိကြပဲ ကျွဲနွားများ၊ ဆိတ်များ၊ ဝက်များ စသည်တို့ကို ခမ်းနားသည်ဟု ယူဆကြပေသည်။ 

နောက်ပိုင်းတွင် သူတို့က ရောင်ပြန်မြူတောင်ပေါ်တွင် သီးသန့် နေထိုင်ပြီးနောက် လူသားလောကမှ အဆောင်များမရတော့ပါပေ။ ခန်းကူသည်လည်း စပါးငါးစေ့ထမင်းကဲ့သို့ သာမန်အစားအသောက်မျိုးကို မစားတော့ပါချေ။ ဖူလီငယ်စဉ်က တောင်အကြီးအကဲများကို သူ့အား ပုံပြင်များပြောပြရန် ပူဆာလေ့ရှိပေသည်။ လူတိုင်းက သူတို့၏ သူတို့၏ သရုပ်မှန်ကို ဖုံးကွယ်လိုကြသော်လည်း တစ်ချိန်တည်းမှာပင် ကလေးငယ်ကို ပုံပြင်ပြောပြလိုကြသည်။ အချိန်ကြာလာသည့်အခါ ဖူလီက သူတို့၏ ဆန္ဒကို သိလာပေသည်။ 

နှစ်တွေအများကြီး ကြာသွားတာတောင် ဖူလီက ဒီလို ဆန္ဒလေးကို မှတ်မိနေမယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ...

ခန်းကူက နတ်ဘုရား ခန်းမဝင်ပေါက်ရှိ လှေကားထစ်များပေါ်တွင် ထိုင်ချကာ နေ့လယ်စာဘူးကို ကိုင်ပြီး စပါးငါးစေ့ ထမင်းကို စားသောက်နေလေသည်။ ဖုန်းလွေ့ကျုံးနှင့် ကျွမ်းချင်တို့က ဤနန်းတော်ထဲရှိ တစ်နေရာသို့ ပျောက်သွားပြီး ဖြစ်သည်။ 

ဖူလီမေးချင်သော မေးခွန်းများ အလွန်များသော်လည်း ဘုရင်ကန်းလေ့က နေ့လယ်စာဘူးထဲမှ ထမင်းအားလုံးကို အားရပါးရစားသောက်နေသည်ကို မြင်ရာ သူကဆိုလိုက်သည်။

"ဘုရင်ကန်းလေ့ ကြိုက်ရင် နောက်တစ်ခါ ထပ်ပြီး ဝယ်လာခဲ့မယ်..."

ခန်းကူက နေ့လယ်စာဘူးကို အဖုံးပြန်ဖုံးထားလိုက်သည်။ ဖူလီက အာရုံမစိုက်နေသော အချိန်တစ်ခုကို အခွင့်ကောင်းယူကာ သူက နေ့လယ်စာဘူးကို သူ့ချမ့်ခွန်းအိတ်ထဲသို့ တိတ်တဆိတ် ထည့်ဝှက်လိုက်သည်။ ဤသည်မှာ သူတို့မိသားစု၏ ကလေးငယ်က သူ့အတွက် အထူးယူဆောင်လာသည့် တစ်စုံတစ်ခုဖြစ်ရာ သူက ကောင်းကောင်း သိမ်းထားရပေမည်။ 

တောင်ပေါ်မှ လေပြင်းများက ခန်းကူဝတ်ထားသော အင်္ကျီလက်ကျ ဝတ်ရုံကို ပြင်းပြင်းထန် ထန်တိုက်ခတ်နေပြီး နက်ရှိုင်းလှ၍ အရိုးပင်မြင်နေရသော ဒဏ်ရာများကို ပြသလိုက်သည်။ ဖူလီက သူ့ဒူးကို ဖက်ကာ သူ့ဆီသို့ ခေါင်းစောင်းလိုက်သည်။

"ဒီနှစ်တွေမှာ ဘယ်ရောက်နေတာလဲ..."

အတွင်း အမြုတေဒဏ်ရာတစ်ခုကြောင့် ကုစားမရနိုင်သော ဒဏ်ရာများ မဟုတ်ပါက မိစ္ဆာတစ်ဦး၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများ အလွယ်တကူ မကျန်ခဲ့နိုင်ပါပေ။ ထိုအချိန်က နဂါးလေးကျွမ်းပေါ်ရှိ ဒဏ်ရာကဲ့သို့ပင်။ ဘုရင်ကန်းလေ့၏ လက်မောင်းပေါ်မှ ဒဏ်ရာက အတူတူ ဖြစ်ပေသည်။ 

"ထူးထူးခြားခြား ဘယ်နေရာမှတော့ မဟုတ်ဘူး... ငါက အလွယ်တကူ ထွက်လာလို့ မရတာပဲ ရှိတာပါ..."

ခန်းကူက သူ့၏ တိုတိုတုတ်တုတ်အဖြေကို ထုတ်ပြောလိုက်သည်။ သူ့အကြည့်က ရှေ့နောက် ရွေ့နေကာ ဖူလီကို အာရုံမစိုက်ဝံ့ပါပေ။ 

"သိမ်မကြာသေးခင်က ကျွန်တော် အစ်မကျူးယွဲ့နဲ့ တွေ့ခဲ့တယ်... သူက အဲ့နှစ်က ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်ကို မပြောပြချင်ဘူး..."

ဖူလီက ခပ်ဖွဖွ ရယ်လိုက်သည်။
"ဦးလေးတို့အကုန်လုံးက ဒါကို ကျွန်တော်အတွက် လုပ်နေတယ်ဆိုတာတော့ သိပါတယ်... အဲဒါကြောင့်လဲ ဦးလေးတို့ အသက်ရှင်နေသေးတယ်ဆိုတာ သိတာနဲ့တင် ကျွန်တော် အရမ်းပျော်တယ်..."

ကျူးယွဲ့မှာ အသက်ရှင်နေသေးသည်ကို သိပြီးနောက် ခန်းကူ၏ မျက်နှာထက်တွင် ပျော်ရွှင်မှု အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သို့သော် သူ့နှလုံးသားက ဖူလီမည်သို့ ပြုံးနေသည်ကိုမြင်ရာ ထပ်မံနာကျင်လာပေသည်။ ထိုနှစ်က အရှေ့ပင်လယ်မှ ဖူလီကို ကောက်ယူလာခဲ့သည်မှာ သူတို့ဖြစ်ပေသည်။ ဖူလီသည် ထိုအချိန်က သေးသေးလေးသာဖြစ်ကာ အမွေးထွက်ခါစ ကြွက်ကလေးနှင့် တူပေသည်။ သို့သော် သူ့ငိုသံများက အလွန်စူးရှလှသဖြင့် လီတစ်ရာ အချင်းဝက်အတွင်းရှိ သက်ရှိများအားလုံးကို လန့်ပြေးသွားစေသည်။ 

သူသာမက လောင်ရှင်းက သူက ကြွက်လည်းမဟုတ် ယုန်လည်း မဟုတ်သည်ကို သိသော်လည်း အသစ်စက်စက်မွေးလာသည့် မိစ္ဆာသားရဲတစ်ကောင်က ကောင်းကင်နှင့် မြေကြီးက ပေးသည့် အခွင့်အရေးကို ပိုင်ဆိုင်ထားပေသည်။ 

မိစ္ဆာသားရဲငယ်လေးမှာ ကျောက်တုံးမာတစ်ခုပေါ်တွင် ခြေကားယားလက်ကားယား လှဲနေကာ ကျယ်လောင်စွာ အော်ဟစ်နေသော်လည်း ၄င်းက သူ့ကို မြင်သည့် အခိုက်အတန့်တွင် ငိုသံများ ချက်ချင်း တိတ်သွားပြီး ၄င်း၏ ခြေတံတိုလေးများဖြင့် သူဆီသို့ လေးဘက်ကုန်းလာလေသည်။ အဆုံးတွင် ခြေလှမ်းတိုင်းမှာ လိမ့်ကျခြင်း သုံးခုဖြင့် ရောက်လာလေသည်။ ၄င်းက အချိန်အကြာကြီး ကုန်သွားသည့်တိုင် ဝေးဝေးသို့ မရောက်ပါချေ။ 

ခန်းကူက သူနှင့် ရှောင်ရှင်းတို့သည် ထိုအချိန်၌ နောက်လှည့်ကာ အခြေအနေကို မူတည်ပြီး ထွက်သွားသင့်သည်ဟု သူ့နှလုံးသားထဲတွင် နားလည်ပေသည်။ သို့သော် မိစ္ဆာသားရဲလေးက ၄င်း၏ ဘဝက သူ့အပေါ်မှီတည်နေသကဲ့သို့ လေးဘက်ထောက်လာနေသည်ကို မြင်သောအခါ သူ့နှလုံးသားမှာ ရှင်းမပြတတ်အောင် နူးညံ့သွားလေသည်။ သူက အမွေးတိုင်တစ်တိုင်စာအတွင်း ထိုမိစ္ဆာလေးသာ သူ့ဆီသို့ လေးဘက်ထောက်လာပါက သူ့ကို အိမ်ခေါ်သွားမည်ဟု စိတ်ဆုံးဖြတ်လိုက်လေသည်။

အမွေးတိုင် တစ်တိုင်ထွန်းခန့်ကြာပြီးပြီးနောက် မိစ္ဆာသာရဲလေးမှာ အကွာအဝေး သုံးပုံတစ်ပုံသာ ရောက်သေးပေသည်။ မိစ္ဆာသားရဲလေး၏ ခြေလက်လေးဘက်မှာ ပွတ်တိုက်မှုကြောင့် သွေးထွက်နေသည်ကို ကြည့်ကာ ခန်းကူက စိတ်ပြောင်းသွားလေသည်။ 

အမွှေးတိုင် နှစ်တိုင်ထွန်းခန့်ကြာပြီးနောက် မိစ္ဆာသားရဲလေးက နောက်ဆုံးတွင် တစ်ဝက်သို့ ရောက်လာပေသည်။ 

အမွှေးတိုင် သုံးတိုင်ထွန်းခန့်ကြာပြီးနောက် ခန်းကူက မိစ္ဆာသားရဲလေးကို မြေပြင်မှ ထူကာ ချီထားလိုက်လေသည်။ 

မည်သို့ပင် ဆိုစေ ၄င်းသေဆုံးနိုင်ခြေမှာ ဆယ်ပုံရှစ်ပုံ သို့မဟုတ် ဆယ်ပုံကိုးပုံရှိပေသည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ၄င်းက သူတို့နှင့် နှစ်အနည်းငယ်သာ နေနိုင်ပေမည်။ 

ခန်းကူက ထိုအချိန်က သူကောက်ယူခဲ့သော အရာကို မသိပါပေ။ မိစ္ဆာသားရဲလေးသည်လည်း သူ့ကို မည်သူက ခေါ်ဆောင်သွားသည်ကို မသိပါပေ။ 

"ရှောင်လီ... ဒီနှစ်တွေ အတွင်းမှာ ငါတို့က မင်းကို မလိမ်ခဲ့သင့်ဘူး..."

ခန်းဖူက ဖူလီ၏ ခေါင်းကို ညင်သာသော အမူအရာဖြင့် ပွတ်ပေးလိုက်သည်။

"မင်းက နှလုံးသားကိုးခုအတိဒုက္ခကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းလာခဲ့ပြီ... အဲ့တော့မင်းက ယုန်တစ်ကောင်မဟုတ်ပဲ ကောင်းကင်ဘုံနဲ့ မြေကြီးက ပျိုးထောင် မွေးဖွားပေးခဲ့တဲ့ မိစ္ဆာသားရဲတစ်ကောင်ဆိုတာ သိပြီးပြီနေမယ်..."

"ကောင်းကင်နဲ့ မြေကြီးမဟုတ်ပါဘူး... ကျွန်တော်ကို ပျိုးထောင်ခဲ့တာ ဦးလေးတို့ အားလုံးပါ..."

ဖူလီက မျက်လုံး မှေးကာ ပြုံးလိုက်သည်။
"ဦးလေးတို့ အားလုံးသာမရှိရင် ကျွန်တော် ရှိလာမှာ မဟုတ်ပါဘူး..."

ခန်းကူ၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ့နှလုံးသားက အိုင်တစ်ခုအဖြစ် အရည်ပျော်သွားလေသည်။ ဤသည်မှာ သူတို့ ပျိုးထောင်ခဲ့သော ချစ်စဖွယ်ကောင်းပြီး ညင်သာသည့် ကလေးငယ်လေး ဖြစ်ပေသည်။ 

"အဲ့နှစ်က..."

..........


"အဲ့နှစ်တုန်းက ခန်းကူ သူ့ကိုခေါ်လာတုန်းက ရှောင်လီက ဟို့တစ်ယောက်ဆိုတာ သူမသိခဲ့ဘူး..."

ဖုန်းလွေ့ကျုံးမှာ စိတ်ဝိညာ‌ဥ်စမ်းချောင်းဘေးတွင် ထိုင်နေပေသည်။ သူက ကျွမ်းချင်ကို စိတ်ဝိညာဥ်လက်ဘက်ရည်တစ်ခွက် ထည့်ပေးလိုက်သည်။

"လွင့်မျောနန်းတော်ပေါ်မှာ ကန့်သတ်ပုံစံ ၄၉ခုရှိတယ်... ကန့်သတ်ပုံစံတွေအကုန်လုံး အသက်ဝင်လာရင် ကောင်းကင်ဘုံ စည်းမျဥ်းကို ခဏတာ လှည့်စားနိုင်မယ်..."

ကျွမ်းချင်၏ နှလုံးသားထဲတွင် ခပ်ဖျော့ဖျော့ ခန့်မှန်းချက်တစ်ခု ရှိပေသည်။ ထိုမဟာမိစ္ဆာများ လွင့်မျောနန်းတော်ကို ပြုလုပ်ခဲ့သည့်အချိန်က ဖူလီက လူသားကမ္ဘာသို့ သွားနိုင်ရန် ပြုလုပ်ခဲ့သည် မဖြစ်နိုင်ပါပေ။ သို့သော် သူ့က... ကောင်းကင်ဘုံ စည်းမျဉ်းကိုရှောင်နိုင်ရန် ကူညီပေးချင်၍ ဖြစ်နိုင်ပေသည်။ 

သူတို့က ဘာလို့ ကောင်းကင်ဘုံ စည်းမျဉ်းက ဖူလီကို အလွတ်မပေးဘူးလို့ ထင်ကြတာလဲ... 

ကျွမ်းချင်၏ သံသယများကို သတိမူမိသကဲ့သို့ ဖုန်းလွေ့ကျုံးက ဆိုလိုက်သည်။ 

"ဟို့ဆိုတာက ကောင်းကင်ဘုံနှင့် မြေကြီး မွေးဖွား ပျိုးထောင်ပေးခဲ့တဲ့ မိစ္ဆာသားရဲတစ်ကောင်လေ... သူ့ဝိညာဥ်က ကောင်းကင်ဘုံနဲ့ မြေကြီးရဲ့ ဝိညာဉ် ချီဓာတ်၊ ခံစားချက် ၇မျိုးနဲ့ တောင့်တမှု ၆ခုတို့ထဲမှာ ဖြစ်ပေါ်လာတာ... သူက ကောင်းကင်ဘုံနဲ့ မြေကြီးဆီက အခွင့်အရေးတစ်ခုကို ဖြတ်သန်းပြီး ပုံစံယူပြီးမှပဲ အမှန်တကယ် မွေးလာပြီလို့ ယူဆလို့ရတာ... ခန်းကူက ရှောင်လီကို ရောင်ပြန်မြူတောင်ပေါ်ကို ခေါ်လာတုန်းက ကောင်းကင်နဲ့ မြေကြီးနဲ့ဆိုင်တဲ့ ကိစ္စတွေအားလုံးအကြောင်းသိတဲ့ ပိုင်ဇယ်က ငါတို့ကို ပွင့်ပွင့်လင်းလင်းပြောတာက ဖူလီက ဘီလူးတစ်ယောက်ရဲ့ ချီကို သဘာဝအတိုင်း ပိုင်ထားပြီး တစ်နေနေ့ကျရင် လောကထဲမှာ ကပ်ဘေးတွေနဲ့ ဖရိုဖရဲဖြစ်မှုတွေ ဖြစ်စေမယ်တဲ့... အဲ့လိုဆိုရင် ငါတို့က သူ့အကူအညီနဲ့ ကောင်းကင်ဘုံစည်းမျဉ်းကို ရှောင်နိုင်မှာ..."

ကျွမ်းချင်၏ အမူအရာမှာ အနည်းငယ် မကျေမနပ်ဖြစ်နေလေသည်။ 
"အဲ့တော့ ဦးလေးတို့အားလုံးက သူ့ကို လိမ်ထားတာပေါ့..."

"ဟုတ်တယ်..."

ဖုန်းလွေ့ကျုံးက ခါးသက်စွာ ပြုံးလိုက်သည်။ 
"မွေးကင်းစ ဟို့က နားလည်ရခက်ပြီး မာနကြီးတယ်... ပြီးတော့ သူက ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဟို့လေ... အဲ့ဒါကြောင့် သူက သူ့မျိုးနွယ်ဆီက ဘာအမွေမှ မရှိဘူး... ငါတို့က သူ့ကို သာမန်ယုန်တစ်ကောင်လို့ပဲ ယုံအောင်လုပ်ပြီး ငါတို့က သာမန်ယောင်ကျင့်ကြံသူတွေလို့ ယုံစေခဲ့တာ... သူ့ရဲ့ မှားယွင်း နားလည်တာကို မီခိုပြီး ငါတို့က ကောင်းကင်ဘုံ စည်းမျဉ်းရဲ့ မျက်လုံးတွေကနေ ပုန်းနေခဲ့တာ..."

ကျွမ်းချင်မှာ အနည်းငယ် ဒေါသထွက်သွားသည်။ 
မရေမတွက်နိုင်တဲ့ သက်ရှိ မျိုးစုံရဲ့ ကိုးကွယ်ခံခဲ့ရတဲ့ အဲ့ဘဝင်မြင့်နေတဲ့ မင်္ဂလာသားရဲတွေက တကယ်တော့ ဖူလီကို အဲ့လို အတွေးတွေနဲ့ ပျိုးထောင်ခဲ့တာလား...

"ကျွန်တော့်ကို အဲ့ဒါကို ဘာလို့ပြောပြတာလဲ..."
ကျွမ်းချင်၏မျက်နှာမှာ တင်းမာနေပေသည်။ 
"ကျွန်တော် ဖူလီကို ပြောလိုက်မှာ မကြောက်ဘူးလား..."

"ပြောစရာလဲ သိပ်မရှိပါဘူး... ငါတို့က ရှောင်လီကို နည်းနည်းပိုပြီး စင်စင်ကြယ်ကြယ်နဲ့ ကြင်ကြင်နာနာ ပျိုးထောင်ခဲ့တာပဲ ရှိတာ... ဒါပေမဲ့ သူက ငတုံးတစ်ယောက် မဟုတ်ဘူး... သိပ်မကြာခင်မှာပဲ သူက အဲ့နှစ်နောက်ကွယ်က အမှန်တရားကို မှန်းဆမိလာမှာပါ..."

ဖုန်းလွေ့ကျုံး၏ အပြုံးက ပို၍ နာကျင်လာပေသည်။ 

"ငါတို့က တခြားသတ္တဝါတွေဆီက အဆုံးမရှိ ခစားတာကို လက်ခံခဲ့ရပြီး ငါတို့ကို စိတ်ပါလက်ပါ ခစားပေးမဲ့ အစေခံတွေလဲ ငါတို့ဘေးမှာ အများကြီး ရှိတယ်... ငါတို့က ငါတို့ကိုယ် ငါတို့ တန်ခိုးရှင်တွေလို့ ထင်ခဲ့ပေမဲ့ မိစ္ဆာသားရဲတစ်ကောင်ကို အရင်က တစ်ခါမှ မပျိုးထောင်ဖူးဘူး... သူက သေးသေးလေးနဲ့ နူးနူးညံ့ညံ့လေး... ငါတို့က သူ့ကို ချီထားတာနဲ့တင် နာကျင်အောင် လုပ်မိမှာကို ကြောက်နေတာ... အဲ့လို ချစ်စရာကလေးလေးက ဘီလူးတစ်ကောင်အဖြစ် ပြောင်းသွားမှာကို ဘယ်လိုမှ တွေးကြည့်လို့မရခဲ့ဘူး... ငါတို့က အမြဲလိုလို မှားပြီး အာရုံခံမိတယ်လို့ထင်နေတာ..."

"ငါတို့က အဲ့ဒါကို နေ့တိုင်းတွေးပြီး အဲ့ရက်တွေတိုင်းမှာ အာရုံခံနေတာ... ငါတို့က ထပ်ခါထပ်ခါ အာရုံခံပေမဲ့ အဲ့ကလေးလေးရဲ့ အသက်ရှင်နိုင်ခြေကို အာရုံခံမိဖို့ ကျရှုံးခဲ့တာတင်မကပဲ ငါတို့ရဲ့ စိတ်ခံစားချက်တွေကိုလည်း အာရုံခံဖို့ ကျရှုံးခဲ့တယ်... ကလေးငယ်လေးကို ပျိုးထောင်တာက အားစိုက်ထုတ်မှု အများကြီးနဲ့ ခံစားချက်အများကြီး လိုတယ်... ငါတို့ မိသားစုရဲ့ ကလေးက အရာတိုင်းက ကောင်းမွန်တယ်...  သူက ဘီလူးတစ်ကောင်ဖြစ်လာနိုင်ခြေ ရှိရင်တောင် အဲ့ဒါ သူ့အမှားဖြစ်မှာ မဟုတ်ဘူး..."

ဖုန်းလွေ့ကျုံးက သက်ပြင်းချလိုက်သည်။ သူက ကျိုးကြောင်းမဆီလျော်သည်များ ပြောဆိုနေလျှင်ပင် သူ၌ ယုံကြည်လောက်ဖွယ် အနှစ်သာရနှင့် ယုံကြည်ချက် ရှိနေပေသည်။ 

"ငါတို့က သူ့အတွက် ကံတရားတွေ မရေမတွက်နိုင်အောင် အာရုံခံခဲ့တယ်... အာရုံခံပေးတာ ပိုင်ဇယ်ဆိုရင်တောင် ဖူလီရဲ့ အဆုံးသတ်က... လူသားလောကကို ဖရိုဖရဲဖြစ်စေပြီး ကောင်းကင်ဘုံစည်းမျဉ်းရဲ့ အပြစ်ဒဏ်အောက်ကို ကျရောက်မှာပဲ..."

"မဖြစ်နိုင်တာ..."
ကျွမ်းချင်က ဖုန်းလွေ့ကျုံးကို ကြားဖြတ်ဆိုလိုက်သည်။

"နိုင်ငံဝန်ထမ်းဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားတဲ့... ဦးလေးတို့အားလုံးဆီကေန လူသားတွေကို ခင်မင်အောင် သင်ပေးခံထားရတဲ့ သူ့လိုလူမျိုးက ဘယ်လိုလုပ်ပြီး လူသားလောကကို ဖရိုဖရဲ ဖြစ်စေနိုင်မှာလဲ..."

ဖုန်းလွေ့ကျုံးက ဤတည်ငြိမ်သော ဂျူနီယာက ဒေါသထွက်ကာ စိတ်မအေးဟန် ပြသနေသည်ကို ကြည့်ပြီး သူ့နှလုံးသားထဲတွင် နောက်ဆုံး စိုးရိမ်မှုက လုံးဝ ပျောက်ကွယ်သွားလေသည်။ 

"ဘာလို့လဲဆိုတော့ သူ့ကံတရားက ပြောင်းလဲသွားပြီ..."

ကျွမ်းချင်က မျက်မှောင်ကြုတ်လိုက်သည်။ 
ရောင်ပြန်မြူတောင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ဖူလီရဲ့ ကံတရားပြောင်းလဲတာနဲ့ ဘာဆိုင်လို့လဲ...

"ဖူလီရဲ့ ကံတရားက တောင်ခြေက အဲ့လူသားကို ကယ်လိုက်ကတည်းက စပြောင်းသွားတာ..."

ဖုန်းလွေ့ကျုံးက ကျွမ်းချင်ကို စိတ်ရှုပ်ထွေးသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ 

"ဖြစ်နိုင်တာကတော့ အဲ့ဒါက ကောင်းကင်ဘုံ စည်းမျဉ်းက ဖူလီကို ပေးတဲ့ ရှင်သန်နိုင်ဖို့ အခွင့်အရေးပဲ..."

ကျွမ်းချင်မှာ ကြောင်အသွားလေသည်။ 
"ဦးလေးဆိုလိုတာက ဖူလီပြောတဲ့ အဲ့လူသားအိမ်မွေး ကောင်လား..."