🐰Chapter 150🐉
နားလည်မှုလွဲခြင်း
ဖူလီသည် သူ့အကြီးအကဲများ အထူးပြုလုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး တစ်ပတ် လှည့်ကြည့်လိုက်ရာ ကျွမ်းချင်သည်လည်း သူ့အဝတ်အစားများကို လဲထားသည်ကို တွေ့လိုက်ရသည်။ သူက ပြတင်းပေါက်နားတွင် ရပ်ကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ ဘုရင်ကန်းလေ့က ဦးလေးဖုန်းနှင့် ထပ်မံငြင်းခုံနေပေသည်။ ယခင်က စာကလေးငှက်မှာ ဘုရင် ၏တောင်ပေါ်ရှိ ကိရိယာတန်ဆာပလာများကို ပြုပြင်ရာတွင် မကြာခဏ ကူညီပေးတတ်ပေသည်။ အဆုံးတွင် သူတို့က ပြန်လည် မွမ်းမံလုပ်ဆောင်နေချိန်၍ စကားများရန်ကာ အဆုံးသတ်သွားတတ်သည်။ ဖူလီက ၄င်းကို အသားကျနေပြီ ဖြစ်သည်။
"ငါတို့ အခုတောင်ပေါ်ကနေ ဆင်းမှာလား"
ကျွမ်းချင်သည် ဖူလီက ပြတင်းပေါက်ကို မှီ၍ ဖုန်းလွေ့ကျုံးနှင့် ခန်းကူတို့ကို ကြည့်နေသည်ကို တွေ့လိုက်သည်။ သူက သူ့၏ အကြီးအကဲနှစ်ယောက်နှင့်လမ်းခွဲရမည်ကို သည်းမခံနိုင်သည်ကို သိရာ ကျွမ်းချင်က ဆိုလိုက်သည်။
"ဒီနေ့နေ့လည် မင်း အားလပ်ရက်ယူဖို့ ငါခွင့်ပြုတယ်၊ ငါအမြန်သတင်းပို့လိုက်မယ်"
"မင်းကို ငါဘယ်လိုလုပ် တစ်ယောက်တည်း ပြန်ခွင့်ပြုရမှာလဲ... ငါတို့က ကောင်းချီးတွေနဲ့ ပခုံးထမ်းရတဲ့ စိန်ခေါ်မှုတွေကို အတူတူ မျှဝေဖို့ သဘောတူထားတယ်လေ”
ဖူလီက ခေါင်းခါသည်။
“ဒါက ဒီနှစ်ရဲ့ အလုပ်နောက်ဆုံးနေ့လေ... အလုပ်မပြီးမချင်း ငါ မင်းကို အဖော်လုပ်ပေးမယ် အဲ့လိုမှမဟုတ်ရင် ငါက ဘယ်လိုအစ်ကိုမျိုး ဖြစ်သွားမလဲ..."
ဖူလီက သူ့အကြီးအကဲနှစ်ယောက်ကို သူတို့က အလုပ်သွားပြီဟု အသံကူးပြောင်းခြင်းမှ တစ်ဆင့် ပြောလိုက်ပြီးနောက် ကျွမ်းချင်၏ လက်မောင်းကို ဆွဲကာ လွင့်မျောနန်းတော်မှ ထွက်လာပြီး ကျွမ်းချင်၏ကားဆီသို့ ထွက်သွားပေသည်။
"သွား... သွား... သွား... အလုပ်ကို မြန်မြန် သွားရအောင်... ပြီးသွားရင် ငါတို့ အားလပ်ရက် ရောက်တော့မယ်..."
နေ့ခင်းဘက် အလုပ်ဆင်းချိန်၌ ဂိုဏ်းများမှ ဝန်ထမ်းအများအပြားသည် အိမ်ပြန်ရန် ခွင့်တင်ထားပြီး ဖြစ်ကြလေသည်။ သာမန်အားဖြင့် အလွန်တင်းကြပ်သည့် ကျွမ်းချင်မှာ ဤတစ်ကြိမ်တွင် စကားပြောရ ပိုလွယ်ကူပြီး ထွက်ခွာခွင့်တောင်းခံသမျှကို လက်ခံပေးခဲ့သည်။
သူတို့သည် ယခုတွင် ယောင်လောကပြန်လည်ထူထောင်ရေးကို မြှင့်တင်နေသောကြောင့် မြေအောက်တွင် အကျဉ်းချထားသော မိစ္ဆာရာဇ၀တ်သားများသည် စီမံခန့်ခွဲရေးဗျူရိုမှ ဖြန့်ဝေထားသော နှစ်သစ်လက်ဆောင်အိတ်များကို လက်ခံရရှိမည်ဖြစ်သည်။ ဤအိတ်များတွင် ဖရဲစေ့များ၊ ဘီစကွတ်များ၊ ချိုချဉ်စသည်များအပြင် တခြားဘာမှမပါသော်လည်း ဖူလီနှင့် စုန့်ယွီက အိတ်များကို ဝေပေးသောအခါ မိစ္ဆာရာဇဝတ်သားများက နွေးထွေးစွာ ကြိုဆိုနေဆဲဖြစ်သည်။
"ဖူကော... အစ်ကိုက နှစ်သစ်ကူး ပွဲတော်ကို ကျွမ်းချင်နဲ့အတူ ဖြတ်သန်းမှာလား..."
စုန့်ယွီသည် ဖူလီ၏ အဝတ်အစားများပေါ်ရှိ ရှုပ်ထွေးသောပုံစံများနှင့် အကာအကွယ် ကန့်သတ်ချက်များကို သတိပြုမိပေသည်။ ချွေးစေးများက သူ့ခန္ဓာကိုယ်မှ တသွင်သွင် စီးကျလာသည်။
ဒီလောက်အစွမ်းထက်တဲ့ အင်္ကျီကို ဘယ်ယောင်ကျင့်ကြံသူက လုပ်ထားတာလဲ...
“အင်း... ဒါပေါ့ ငါက သူနဲ့အတူရှိမှာလေ..”
ဖူလီက ခေါင်းညိတ်ပြလိုက်သည်။
"သူက အဲဒီရေနေ မိစ္ဆာကျင့်ကြံသူတွေနဲ့ ဆက်ဆံရေး မကောင်းဘူးလေ... ငါ သူ့ကို သေချာပေါက် အဖော်ပြုပေးရမှာပေါ့..."
"အစ်ကိုတို့ဆက်ဆံရေးက အရမ်းကောင်းတာပဲ..."
စုန့်ယွီကအနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။ ဖူလီ သူ့အမွေးများ ကောင်းကင်တွင် ပြည့်သွားသည်အထိ ရိုက်နှက်ခဲ့သည့်အချိန်က ဖူလီနှင့် ကျွမ်းချင်တို့မှာ တွဲသွားမည်ဟု မထင်ထားခဲ့မိပါပေ။
"ဒါပေမယ့် အစ်ကိုနဲ့ ကျွမ်းချင်က ဒီလောက်ကောင်းတဲ့ဆက်ဆံရေးရှိတာကို ဘာလို့ တာအိုပေါင်းစည်းအခမ်းအနားတစ်ခု လုပ်ပြီး သူ့ကို အခြေအနေတစ်ခုမပေးတာလဲ..."
"တာအို ပေါင်းစည်းအခမ်းအနား..."
ဖူလီက သူနားကြား မှားသွားသည်ဟု တွေးကာ စုန့်ယွီကို လှည့်ကြည့်လိုက်ပေသည်။
"တာအို ပေါင်းစည်းအခမ်းအနားကို ဘာလို့ ကျင်းပရမှာလဲ"
"အစ်ကိုတို့ တွဲနေတယ်ဆိုတာကို ကျင့်ကြံရေးလောကတစ်ခုလုံးက သိပေမယ့် အစ်ကိုက တာဝန်မယူချင်သေးဘူး... အစ်ကို ကျွမ်းချင်ကို ဘယ်နေရာမှာရပ်နေစေချင်တာလဲ..."
စုန့်ယွီက အံ့အားသင့်သွားလေသည်။ ဖူကောသည် အများအားဖြင့် လူသားလောက၏ တစ်လင်တစ်မယားစနစ်အား အတန်ပင် ထောက်ခံလေ့ရှိပြီး လူတိုင်းသည် မိစ္ဆာဖြစ်စေ လူသားဖြစ်စေ ကျင့်ဝတ်နှင့်တာဝန်ယူမှုရှိရမည် ဟုပင်ပြောခဲ့ဖူးပေသည်။
သူက တစ်ခါလောက် ပတ်သတ်တာကို တာဝန်မယူပေးဘူးလို့ ဘယ်သူက ထင်ထားမှာလဲ...
သူက ဖူကောကို အဲ့လောက် ကြောင်သူတော်ဆန်တဲ့ မိစ္ဆာဖြစ်လိမ့်မယ်လို့ တကယ် မထင်ထားဘူး....
ဖူလီ : ...
ဒီကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခုခုက သိပ်မူမမှန်နေဘူး.... သူ ကိစ္စတွေကို ကောင်းကောင်း ဖြေရှင်းပေးရမယ်...
"မင်းဒီမှာ ဘာရပ်လုပ်နေတာလဲ"
ကျွမ်းချင်က အမူအရာမဲ့ လမ်းလျှောက်လာလေသည်။
"လက်ဆောင်အိတ်တွေ ပေးပြီးပြီလား..."
စုန့်ယွိီက ခေါင်းကို အလျင်စလို ခါယမ်းနေစဉ်၌ ဖူလီ ကငြိမ်နေသည်။
"သူတို့က ဝေနေတုန်းမှာ မင်းက အေးအေးဆေးဆေး စကားစမြည်ပြောဖို့ အချိန်ရှိတယ်လား"
ကျွမ်းချင်သည် ဖူလီ၏လက်မှ အိတ်ကို ယူလိုက်သည်။
"သွားရအောင်… ငါမင်းကို အဖော်လုပ်ပေးမယ်..."
ဖူလီ ကျွမ်းချင်ကို တစ်ချက် ခိုးကြည့်လိုက်သည်။
သူတို့နှစ်ယောက်က အရမ်း သာမန်ပဲ မဟုတ်ဘူးလား... အပြင်က ကောလဟာလတွေက ဘယ်က ရောက်လာတာလဲ...
"ဘာကြည့်နေတာလဲ"
ကျွမ်းချင်သည် အကျဉ်းခန်း၏ ပြတင်းပေါက်ကိုဖွင့်ကာ သကြားလုံးများနှင့် ဘီစကွတ်များပါသည့် အိတ်ကို ကမ်းပေးလိုက်သည်။ တံခါးနောက်ကွယ်မှ ယောင်ကျင့်ကြံသူသည် အိတ်ကို လက်ခံလိုက်သည်။ ပြတင်းပေါက်ကို မှီထားသည့် ယောင်ကျင့်ကြံသူသည် ကျွမ်းချင်နှင့် ဖူလီတို့ကို တစ်ချက်ကြည််လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
"ဒါတွေက နဂါးဧကရာဇ်နဲ့ ဖူကျင့်ကြံသူဆီက ချိုချဉ်တွေလား... မင်းတို့နှစ်ယောက် ထာဝရစည်းလုံးပြီး ဘဝတစ်လျှောက်လုံး ပျော်ရွှင်ပါစေလို့ ဆု သေချာတောင်းပေးလိုက်ပါတယ်..."
ထိုစကားပြီးနောက် ယောင်ကျင့်ကြံသူက အိတ်ကိုကောက်ကာ အဝေးသို့ ပျော်ရွှင်စွာ ပြေးသွားလေသည်။
ဖူလီ : ...
အကျဉ်းချခံထားရတဲ့ မိစ္ဆာ ရာဇ၀တ်သားတွေတောင် ဒီကောလဟာလကို သိကြတာလား...
ကျွမ်းချင်က အရွယ်ရောက်ခါစဖြစ်ကာ ရေနေသတ္တဝါများ၏ ဧကရာဇ်ဖြစ်လာခါစဖြစ်သည်ဟု တွေးတောခဲ့သော်လည်း ကျွမ်းချင်၏ ဂုဏ်သတင်းမှာ သူကိုယ်တိုင်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပေသည်။ သူ့အပြစ်မှာ ကြီးလှပေသည်။
"ဒီနေ့ခေတ် မိစ္ဆာလေးတွေက အဓိပ္ပာယ်မရှိတာတွေကို ပြောရတာကို တကယ်ကြိုက်တာပဲ..."
ဖူလီက သူ့ ချမ့်ခွန်းအိတ်ထဲမှ လက်ဆောင်သေတ္တာတစ်ခုပါသည့် နောက်ထပ်အိတ်တစ်ခုကို ယူလိုက်ပြီး အခြားအခန်းကို လျှောက်သွားလိုက်ကာ ပြတင်းပေါက်ဖွင့်လိုက်သည်။ ဤတစ်ကြိမ်တွင် ဖူလီသည် တံခါးနောက်တွင် ရပ်နေသူနှင့် ရင်းနှီးပေသည်။ ၄င်းမှာ မှတ်ပုံတင်အတုပြုလုပ်ကာ ထောင်ကျခဲ့သည့် ဦးလေးစွန်းဖြစ်လေသည်။
"ရှောင်ဖူပဲ....”
ဦးလေးစွန်းက ဖူလီ သူ့အား ပေးလာသည့် အိတ်ကြီးကို လက်ခံလိုက်သည်။ သူက ကျွမ်းချင်ကို တစ်ချက် ခိုးကြောင်ခိုးဝှက်ကြည့်ကာ ဖူလီကို အသံတိုးတိုးဖြင့်ဆိုလိုက်သည်။
"မိစ္ဆာတစ်ကောင်ကို ပုံပန်းသဏ္ဍာန်နဲ့ အကဲဖြတ်လို့မရဘူး... ရှောင်ဖူ... မင်းက ငါတို့ မိစ္ဆာလောကရဲ့ မြင့်မြတ်တဲ့ ပန်းကို ဖြိုဖျက်နိုင်ဖို့ စီစဥ်နိုင်လောက်အောင်ကို အစွမ်းထက်တာပဲ... မင်း ဘာမှပြောစရာ မလိုပါဘူး... ငါက နောက်တစ်လပြီးလို့ ထောင်ထဲက ထွက်လာရင်တဲ့အခါ ငါ မင်းနဲ့သေချာပေါက် အတူတူလာသောက်မယ်"
ဖူလီ : …
သူ ကျွမ်းချင်ကို အပြစ်ရှိဟန်ဖြင့် ပြန်ကြည့်လိုက်သည်။ ကျွမ်းချင်၏ အမူအရာမှာ သာမန်ဖြစ်နေသည်မှာ ထိုကောလာဟလများကို ဂရုမစိုက်သကဲ့သို့ပင်။ သူက တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ကံကောင်းထောက်မစွာဖြင့် ကျွမ်းချင်မှာ အကြောင်းမရှိပဲ ဒေါသထွက်တတ်သော မိစ္ဆာအမျိုးအစားမဟုတ်ပါပေ။ သို့မဟုတ်ပါက ယနေ့တွင် အနည်းငယ် အနေရခက်သွားစေနိုင်သည်။
လက်ဆောင်အိတ်များအားလုံးကို ဝေပြီးနောက် စုန့်ယွီသည် မှတ်ပုံတင်နှင့်အတူ အဝေးသို့ ထွက်ပြေးသွားလေသည်။ မိမိကိုယ်ကိုယ်ကို သတိရှိရှိနေတတ်သော မိစ္ဆာတစ်ကောင်အနေဖြင့် သူက မိမိကိုယ်ကို လူအများ၏ မီးလုံး သေချာပေါက် ဖြစ်ခွင့်ပြုမည်မဟုတ်ပါပေ။
ဖူလီက စုန့်ယွီ အဝေးသို့ ပြေးသွားသည်ကို ကြည့်ကာ စိတ်ရှုပ်ထွေးနေသည်။ သူ ဤအကြောင်းကို စောစောက သိခဲ့ပါက ထိုအချိန်က သူ့ကို ကောင်းကောင်း အနိုင်ယူခဲ့မည် ဖြစ်ပေသည်။ သူ ဒုက္ခရောက်နေသည့် အချိန်တွင် တခြားသူများထက် ပိုမြန်အောင် ထွက်ပြေးသော်လည်း သူ့ညီငယ်ဖြစ်ချင်သည်ဟု ပြောနေသေးပေသည်။
အဲ့လိုညီလေး ရှိတော့ရော သူ့မှာ ဘာအသုံးဝင်မှာလဲ....
“အဲ့ဒီစကားတွေက…”
ဖူလီ၏လက်ချောင်းများက သူ့အင်္ကျီပေါ်တွင် ပြေးလွှားနေပေသည်။
"သူတို့ ပြောတာကြားလား..."
"အင်း"
ကျွမ်းချင်က နောက်လှည့်ကာ လှေကားပေါ်တက်လိုက်ပေသည်။ ဖူလီက သူ့နောက်ကို အလျင်အမြန် လိုက်လာခဲ့သည်။
"ဒီကောလဟာလတွေက နည်းနည်းလွန်နေတယ်ထင်တယ်နော်..."
ဖူလီသည် ကျွမ်းချင်ရပ်တန့်သွားသည်ကိုမြင်ပြီး အလျင်အမြန် ဆိုလိုက်သည်။
"ဒါပေမယ့် ဒီမိစ္ဆာလေးတွေက အဲဒါကို ဒီအတိုင်းလျှောက်ဖြန့်နေတာပါ... စိတ်ထဲ အရမ်း မထားနဲ့..."
"ငါ စိတ်ထဲမထားပါဘူး"
ကျွမ်းချင်က သူ့ဆီသို့ ခေါင်းလှည့်လာလေသည်။
"မင်း အဲဒါကို အတည်ကြီး ယူနေလို့လား..."
“မဟုတ်ပါဘူး...”
ဖူလီက အလျင်စလို ခေါင်းခါလိုက်သည်။
"ဟင်း...”
ကျွမ်းချင်က မပြတ်မသား နှာမှုတ်သံတစ်ခု ပြုလိုက်ပေသည်။
"မင်းက စိတ်မ၀င်စားဘူးဆိုမှတော့ ငါလည်း စိတ်ထဲမထားပါဘူး... အဲ့အကြောင်းကို ဘာလို့ ပြောနေသေးတာလဲ..."
"ငါက မင်းမပျော်မှာကို ငါစိုးရိမ်လို့ပါ…"
စီနီယာတစ်ယောက်အနေဖြင့် ဖူလီသည် အရာများကို အနည်းငယ် လေးလေးနက်နက် စဉ်းစားသင့်သည်ဟု ခံစားမိပေသည်။
"နှစ်သစ်ရောက်တော့မှာလေ... မင်းစိတ်မပျော်ရင် မကောင်းဘူး..."
"မင်းအတွေးလွန်နေတာပါ... ငါက အရမ်းပျော်နေပါတယ်..."
ကျွမ်းချင်က တင်းမာသောမျက်နှာဖြင့် ဆိုလိုက်သည်။
"ပြီးတော့ ငါ မင်းနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်”
ဖူလီက ကျွမ်းချင်ကို ဆွဲထူလိုက်သည်။
"နှစ်သစ်ကူးအကြိုနေ့ကို မင်းအိမ်မှာ မကုန်ဆုံးတော့ဘူးဆိုရင်ရော ဘယ်လိုလဲ"
ကျွမ်းချင်က သူ့လက်မောင်းကို ဆုပ်ကိုင်ထားသည့်လက်ကို ငုံ့ကြည့်လိုက်သည်။ သူက စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားလေသည်။ သူ ခေါင်းကို မော့ကြည့်လိုက်သောအခါ သူ့အမူအရာက တည်ငြိမ်နေလေသည်။
“ဟုတ်ပြီလေ...”
သူက ဖူလီ၏လက်ကို ခါချကာ နောက်လှည့်ပြီး ထွက်သွားလေသည်။
"အဲ့ဒါဆို အလုပ်ပြီးရင် အစားအသောက်တွေကို လွင့်မျောနန်းတော်ထဲ ရွှေ့ရအောင်..."
"ဖူလီ...”
ကျွမ်းချင် ဖူလီဘက်သို့ လှည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားလေသည်။ သူ ဖူလီကို ပြုံးပြလိုက်သည့် အပြုံးမှာ အလွန်ယဉ်ကျေးပေသည်။
"နှစ်သစ်ကို ငါ့နေရာမှာ ကုန်ဆုံးတာကို ငါကန့်ကွက်မှာ မဟုတ်ဘူး... ဒါပေမယ့် ငါဝယ်ထားတဲ့ စားစရာတွေကိုပါ လိုချင်သေးရင်တော့ မင်းငါ့ကို အနိုင်ကျင့်ဖို့ မင်းအသက်အရွယ်ကို အသုံးချနေတာ မဟုတ်လား"
ဖူလီ အံ့အားသင့်သွားလေသည်။ ကျွမ်းချင်က အဘယ့်ကြောင့် ထိုသို့သောစကားကို ပြောခဲ့သည်ကို သူနားမလည်ပါပေ။
"ငါ နှစ်သစ်ကို မင်းနဲ့ အတူ လွင့်မျောနန်းတော်မှာ ဖြတ်သန်းချင်တယ်... အိမ်မှာ စားစရာတွေ အများကြီး ထားခဲ့ရင် သိုးသွားမှာပဲမလား...”
ကျွမ်းချင်က ဖူလီကို ငေးကြည့်လိုက်ကာ အတန်ကြာပြီးနောက် သူက ရုတ်တရက် ရယ်မောလိုက်သည်။ သူက ဖူလီထံသို့ လျှောက်သွားကာ ရှေ့သို့ အနည်းငယ်ကိုင်းလိုက်သည်။ သူနှင့် ဖူလီကြားရှိ အကွာအဝေးမှာ နီးကပ်လှ၍ တစ်ဖက်လူ၏ အသက်ရှုခြင်းကိုပင် ခံစားနေရသည်။
"ငါ ရူးနေပြီထင်တယ်... မင်းလို ငတုံးတစ်ယောက်က အဲ့လောက် အများကြီး နားလည်ဖို့ ငါဘယ်လိုလုပ်ပြီး မျှော်လင့်နေမိတာလဲ..."
"နဂါးလေးကျွမ်း... မင်းက ငါ့ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေသလိုပဲနော်"
ဖူလီသည် ကျွမ်းချင်နှင့် နီးနီးကပ်ကပ်ရှိနေသည်ကို အသားကျနေ၍ ကျွမ်းချင်က ရုတ်တရက် အနားကပ်လာသည်ကိုပင် သူက ရှောင်တိမ်းခြင်း မပြုလိုက်ပါပေ။ ထိုအစား သူက ရင်းရင်းနှီးနှီး လက်ဆန့်ကာ ကျွမ်းချင်၏ နဖူးကို ပုတ်လိုက်သည်။
"အရိုင်းအစိုင်းလေး... ဘယ်သူက ငတုံးလဲ..."
ကျွမ်းချင်က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ သူက ဖူလီ၏ နံဘေးသို့ သွားကာ ပခုံးချင်းယှဉ် လျှောက်လိုက်သည်။
"သွားကြစို့..."
"ဘယ်ကို..."
ဖူလီက သူ့ပခုံးပေါ်တွင် တင်ထားသည့် ကျွမ်းချင်၏ လက်ကို ခံစားမိကာ တစ်ဖက်လူ၏ လက်ကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။
"လူကြီးတွေနဲ့ အတူစားရင် အစားအသောက်တွေ ပိုပြီးပြင်ထားရမယ်လေ…”
ကျွမ်းချင်က ဖူလီကို ဦးဆောင် ခေါ်သွားလိုက်သည်။
"သူတို့က လူသားလောကကို မရောက်ဖြစ်တာ နှစ်အတော်ကြာနေပြီ... အဲ့တော့ လူတွေရဲ့ စားကောင်းသောက်ဖွယ်တွေကို စိတ်ဝင်စားလောက်တယ်... စူပါမားကတ်ကို သွားပြီး နည်းနည်းလောက် ထပ်ပြင်ထားရအောင်..."
"ငါတို့အလုပ် မလုပ်တော့ဘူးလား..."
ဖူလီသည် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ အလုပ်ဆင်းရန် မိနစ်လေးဆယ်ကျော်ကျော်လိုသေးပေသည်။
ကျွမ်းချင်က မျက်ခုံးပင့်လိုက်သည်။
"ခေါင်းဆောင်တစ်ယောက်အနေနဲ့... ငါလည်း တစ်ခါတစ်လေ နောက်ကျမှရောက်ပြီး စောစောပြန်ပါတယ်..."
ထိုသို့ဆိုကာ သူက ဖူလီကို မြေအောက်ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲမှ ဆွဲခေါ်လာလေသည်။
“အသက်ငယ်တာ ကောင်းတယ်…”
ခွန်းဖမ်က ဂျူနီယာနှစ်ယောက် ပင်မတံခါးမှ ပခုံးချင်းယှဉ်ကာ လျှောက်ထွက်လာသည်ကို လက်ရမ်းကိုမီကာ ကြည့်နေပေသည်။ သူက ကုန်းဖုကို ဆိုလိုက်သည်။
“သဘာဝရန်သူတွေတောင် အတူနေလို့ရတယ်... ဒါက အချစ်ကနေ မွေးဖွားလာတဲ့ ဒဏ္ဍာရီဆန်ဆန် အံ့ဖွယ်တစ်ခုများလား...”
နှလုံးသားကိုးပါးအတိဒုက္ခကို ဖြတ်ကျော်ပြီးနောက် ဖူလီသည် သူ၏ မဟာသားရဲ ဟို့အဖြစ်သို့ တိုးတက်ခြင်းကို ပြီးမြောက်သွားလေသည်။ ဟို့၏ အစားအစာမှာ ကွဲပြားသော်လည်း နဂါးသားမှာ ဟို့အတွက် အဓိက အာဟာရဖြစ်သင့်ပေသည်။ ဖူလီက ကျွမ်းချင်နှင့် နေ့တိုင်း အတူရှိနေသော်လည်း အရသာရှိသောအစားအစာ၏ သွေးဆောင်မှုကို အမှန်တကယ်ပင် သည်းခံနိုင်ပေသည်။ သူ့၏ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက အမှန်တကယ်ပင် သာမန် မိစ္ဆာများနှင့် နှိုင်းယှဉ်၍မရနိုင်ပါပေ။
ကုန်းဖုက ပြုံးလိုက်သည်။
“ဒါက ဘဝရဲ့ အံ့ဖွယ်ပဲ...”
ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာအပြောင်းအလဲများက သူ့အား စိတ်ခံစားချက် အထူးကောင်းမွန်အောင် ပြုလုပ်ပေးရန် မည်သည့်အခါမှ မကျရှုံးခဲ့ပါပေ။ သူတို့ကို ရှောင်နေကြသည့် ဝန်ထမ်းများကို လှည့်ကြည့်လိုက်ကာ သူက ခွန်းဖမ်ကို ဆိုလိုက်သည်။
“ပြန်အိပ်ရအောင်...”
အကယ်၍ သူတို့ ဆက်လက် ရပ်နေပါက ထိုဂျူနီယာများမှာ လိပ်ပြာလွင့်သည်အထိ ကြောက်လန့်သွားမည်ဖြစ်သည်။
ခွန်းဖမ်က အဝေးရှိ ထိုသူရဲဘောကြောင်သော ဗျူရိုမှကျင့်ကြံသူများကို စိတ်ပျက်လက်ပျက် လှမ်းကြည့်လိုက်သည်။ သူက သက်ပြင်းတစ်ချက် ချကာ ခေါင်းခါလိုက်သည်။
ကျင့်ကြံရေးလောက,ကတော့ တကယ် ကံဆိုးတာပဲ...
.....
မြို့တော်တွင် သာမန်ထက် လူနည်းပါးနေသော်လည်း လမ်းမများ နှင့် လမ်းကြားများ တစ်လျှောက်ရှိ ဈေးဆိုင် အများအပြားတွင် ပွဲတော်သီချင်းများ တီးမှုတ်နေကြပြီး အနီရောင် မီးပုံးများသည်လည်း လေထဲတွင် အရှေ့အနောက် လှုပ်ယမ်းနေပေသည်။ နှစ်သစ်ကူးပွဲတော်၏ အငွေ့အသက်အချို့ ရှိနေပေသည်။
စူပါမားကတ်တွင် ဂန္ထဝင် နှစ်သစ်သီချင်းများကို ဖွင့်ထားပေသည်။ ဖူလီက စူပါမားကတ်ထဲသို့ ဝင်လိုက်သည့် အချိန်တွင် ယွမ်ငါးရာထက် ပိုသုံးပါက အနီရောင် နဂါးရုပ်လေးတစ်ခုကို ပေးကာ ယွမ် ရှစ်ရာထက် ပိုသုံးပါက နဂါးရုပ်နှင့် ယုန်ရုပ်ကို ပေးမည်ဟု ဖော်ပြထားသည့် လက်ကမ်းစာစောင် တစ်ခုကို ရရှိခဲ့သည်။ .
ထိုအချိန်မှသာလျှင် သူတို့နှစ်ဦးက ဤသည်မှာ ယုန်နှစ်ဖြစ်ကာ မနက်ဖြန်ညပြီးသည်နှင့် နဂါးနှစ်ဖြစ်မည်ကို သတိရသွားလေသည်။
စာရွက်ပေါ်မှ ဓာတ်ပုံကို ကြည့်လိုက်ရာ ဖူလီက ကျွမ်းချင်ကို ဆိုလိုက်သည်။
"ဒီအရုပ် နှစ်ရုပ်က တော်တော်ချစ်စရာကောင်းတာပဲ..."
“အင်း...”
ကျွမ်းချင်က သူ့နားထဲသို့ တိုးတိုးလေးကပ် ပြောလိုက်သည်။
"မင်းက အခု ယုန်တစ်ကောင်နဲ့ မတူတော့ပဲ samoyedခွေးတစ်ကောင်နဲ့ ပိုတူနေတာ နှမြောစရာပဲ"
"ငါ ကလေးဘဝကို ပြန်တွေးကြည့်လို့ရတယ်"
ဖူလီက ကျွမ်းချင်အား ဈေးဝယ်တွန်းလှည်းကို ထိုးပေးလိုက်သည်။
"သွားစို့... သွားစို့... သွားစို့... ငါတို့ ယွမ်ရှစ်ရာအထိ ရောက်အောင် နောက်ထပ် ပစ္စည်းနည်းနည်းထပ်ဝယ်ပြီး လက်ဆောင်ပေးနေတဲ့ နဂါးရုပ်နဲ့ ယုန်ရုပ်တွေကို ယူလို့ရတယ်...”
ကျွမ်းချင် : ...
ဒါက မေတ္တာလက်ဆောင်တွေ ရှိနေတာနဲ့ပဲ အပေးအယူလုပ်လိုက်တာလား...