Chapter 151
နားလည်မှုလွဲခြင်း
ဖူလီက အသားမျိုးစုံဖြင့် လှည်းကို အပြည့်အမောက် ဖြည့်လိုက်သည်။ သူတို့က နံနက်စာ မုန့်ခြောက်များနှင့်ဆီများ ထားရာနေရာသို့ ရောက်သောအခါ ဖူလီက ဟင်းချက်ဆီ တံဆိပ်မျိုးစုံကြောင့် အံ့အားသင့်သွားလေသည်။ သူက စင်ရှေ့တွင် ထိုင်ချလိုက်ပြီး ကျွမ်းချင်ကို မော့ကြည့်လိုက်သည်။
"ဘယ်ဆီက ကောင်းလဲ..."
"မင်းက ဟင်းချက်ရတာကို မကြိုက်ပါဘူး... အဲ့တော့ မင်းကိုယ်မင်း ခက်ခဲအောင် ဒီလိုမေးခွန်းမျိုး မေးမနေနဲ့..."
ကျွမ်းချင်က ဆီတစ်ပုလင်းကို ကောက်ယူလိုက်ပြီး ဈေးဝယ်လှည်းထဲသို့ ထည့်လိုက်လေသည်။
“ငါတို့ အသီးအရွက်ဝယ်စရာ မလိုဘူး... ငါ အဲ့ဒါကိုပြင်ဖို့ လွင်ပြင်ဂိုဏ်းကို ပြောထားတယ်... ငါတို့ အဲ့ဒါတွေ ယူဖို့ ညကျမှ သူတို့ဂိုဏ်းကို သွားကြမယ်..."
“ဟုတ်ပြီ...”
ဖူလီသည် ပြည့်လုနီးပါးဖြစ်နေသော လှည်းကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့ မင်း ဒီလက်ဆောင်အိတ်တွေကို ဘာလို့ ဝယ်လာတာလဲ... သိပ်အသုံးဝင်မဲ့ ပုံလဲ မပေါ်သလိုပဲ...”
ကျွမ်းချင်က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
"ငါးထောင်ထက် ပိုသုံးရင် နဂါးနဲ့ ယုန်ရုပ်အပြင် သဘာဝပိုးချည်နဲ့ လုပ်ထားတဲ့ အိပ်ယာခင်းတစ်စုံပေးမယ်လို့ ရေးထားတဲ့ စာစောင်ကို မင်းမမြင်ဘူးလား..."
“အိုး...”
ဖူလီက သဘောပေါက်သွားလေသည်။
"မင်း အဲ့လောက်အထိ ရောက်အောင် ဝယ်ချင်တာလား..."
“အင်း...”
ကျွမ်းချင်သည် ဈေးဝယ်လှည်းကို ဝိုင်နီများထားရာ နေရာသို့ တွန်းသွားလိုက်ပြီး အကောင်းဆုံးဝိုင်နီတစ်ပုလင်းကို ကောက်ယူလိုက်သည်။ သူက ဝိုင်နီ သိုလှောင်သည့် အလေ့အထမရှိသလို 80s Lafite၊ 70s Bordeaux စသည်တို့လည်း မရှိပါပေ။ မြူးကြွမှုတွင် ပါဝင်ရန် စူပါမားကတ်တွင် ပုလင်းနှစ်ပုလင်းကိုသာ ကြုံသလိုဝယ်နိုင်ပေသည်။
"နဂါးလေးကျွမ်း... မင်းက တကယ်ကို အိမ်ထောင်မှု ကိစ္စပိုင်နိုင်တာပဲ..."
ဖူလီက ကျွမ်းချင် ဝိုင်နီဝယ်သည်ကိုကြည့်ပြီး ခပ်တိုးတိုး ဆိုလိုက်သည်။
"ငါ ဝိုင်နီသောက်ရတာ မကြိုက်ဘူး..."
"ရပါတယ်..."
ကျွမ်းချင်က သူ့နားနားသို့ ကပ်ပြောလိုက်သည်။
“ငါလည်း သောက်ရတာ မကြိုက်ဘူး... လက်ရှိ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရုံတင်ပဲ...”
ဝိုင်နီ ထားရာနေရာကို ကျော်လာပြီးနောက် သူတို့က ဒေသထွက် ဝိုင်အမှတ်တံဆိပ် အမျိုးမျိုးကို ရောင်းချသည့် နေရာသို့ ရောက်လာကြသည်။ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတို့က ပစ္စည်းများကို ရွေးနေကြသည်။ တွန်းလှည်းကြီးတစ်ခုကို တွန်းနေသော ကောင်လေးက စျေးအကြီးဆုံးဝိုင်ကို ဝယ်ချင်နေသော်လည်း ကောင်မလေးက စိတ်ဝင်စားဟန် မရပါပေ။
"နင် ပစ္စည်းတွေ အများကြီးဝယ်ပြီးပြီ... ဘာလို့ ဝိုင်ပါ ဝယ်မှာလဲ... ပိုက်ဆံမဖြုန်းပါနဲ့... ငါ့အဖေက ဝိုင်သိပ်မကြိုက်ဘူး...”
“ဒါက လူကြီးတွေကို ကန်တော့ဖို့ အိမ်ကို ပထမဆုံးအကြိမ် သွားရတာလေ... နည်းနည်းလေးမှ ပေါ့ဆလို့ မဖြစ်ဘူး...”
ကောင်လေးက မိန်းကလေး၏ ဦးခေါင်းထိပ်ကို ညင်သာစွာ နမ်းလိုက်သည်။
"အချိန်ရောက်လာလို့ သူတို့က အချစ်ကို ကိုယ်နဲ့ လက်ထပ်ခွင့်မပြုရင် ဘယ်လိုလုပ်မလဲ... အရင်တစ်ခေါက်က သဘာဝပိုးချည် စောင်ကို ဝယ်ချင်တယ်လို့ ပြောဖူးတယ်မလား... ကိုယ်တို့ ငါးထောင်အထိ ရောက်ရင် စူပါမားကက်က သုံးတာနဲ့ တန်အောင်ပေးမှာပါ...”
“ရှင်ကတော့ တကယ်ပါပဲ…”
ရှက်ရွံ့နေသော်လည်း ဒေါသထွက်နေသည့် မိန်းကလေးက ကောင်လေးကို ခပ်ဖွဖွထုလိုက်လေသည်။ သူမက ခေါင်းမော့လိုက်ရာကို ကျွမ်းချင်နှင့် ဖူလီကို တွေ့သွားပြီး သူမ၏ မျက်နှာက ပို၍ပင် နီရဲလာပေသည်။
ဖူလီ : ...
သူက သူ့ဈေးဝယ်လှည်းထဲကို ကြည့်ကာ ထိုအတွဲနှစ်ယောက်၏ ဈေးဝယ်လှည်းထဲရှိ အရာများကို လှမ်းကြည့်လိုက်သည်။ သူက သူနှင့် ကျွမ်းချင်တို့၏ ကောလဟာလများကို ထူးထူးခြားခြား တွေးမိသွားလေသည်။
သူတို့က အမှန်ပင်... သူတို့ လက်တွဲဖော်၏ မိဘများနှင့် တွေ့သည့်အခါဖြစ်သည့် လူသားများရဲ့ သဘောထားနှင့် ဆင်တူနေပုံရပေသည်။
"ဒီဝိုင်ဝယ်ချင်လို့လား..."
ကျွမ်းချင်က အသံတိုးတိုးဖြင့် မေးလာသည်။
ဖူလီက ခေါင်းခါပြလိုက်သည်။
"အိမ်မှာ နှစ်ထောင်ချီ အချဉ်ဖောက်ထားတဲ့ ဝိုင်တွေအများကြီးရှိတယ်... ဒီဝိုင်က မကောင်းဘူး..."
"ဟုတ်ပြီ..."
ကျွမ်းချင်က ဖူလီ တစ်ခုခုထူးဆန်းနေသည်ကို သတိမထားမိသကဲ့သို့ ဖူလီအား အဆာပြေမုန့်များ ရှိရာနေရာသို့ ခေါ်သွားလိုက်သည်။
“မင်း စားချင်တာ တစ်ခုခုရှိလား ကြည့်လိုက်လေ...”
ဖူလီက ခေါင်းငုံ့ပြီး လျှောက်ကြည့်လိုက်သည်။ စင်၏ ထိပ်ဆုံးတွင် တင်ထားသည့် ချောကလက်ဘူးအနည်းငယ်ကို ယူပြီးနောက် စင်နောက်တွင် သူတို့၏ ဖုန်းများကိုင်ထားသည့် လူသားမိန်းကလေးအချို့ကို တွေ့လိုက်ပေသည်။
မိန်းကလေးများ၏ အကြည့်များက ဖူလီနှင့် ဆုံသွားပြီး သူတို့က နေရခက်သော အမူအရာများဖြင့် ဖုန်းများကို နောက်ကျောတွင် ဝှက်ထားကြလေသည်။
ဖူလီက သူတို့၏ လုပ်ရပ်များကို ဂရုမစိုက်ပါပေ။ သူက သူတို့ကို ပြုံးပြပြီး ချောကလက်ဘူးများကို စျေးဝယ်လှည်းထဲသို့ ထည့်ကာ စိုးရိမ်သော မျက်နှာဖြင့် ဆိုလိုက်သည်။
"ပြည့်သွားပြီ..."
"ဒီမှာ အရင်စောင့်ဦး...”
ကျွမ်းချင်သည် ပြည့်နေသော ဈေးဝယ်လှည်းကို ဖူလီလက်ထဲသို့ ထည့်ကာ ခြေတံရှည်များဖြင့် ခပ်သွက်သွက် လျှောက်သွားကာ လှည်းအလွတ်နောက်တစ်ခုကို တွန်းလာပြီး ဖူလီစိတ်ဝင်စားလောက်မည့် မုန့်များအားလုံးကို စင်ပေါ်မှ လှည်းထဲသို့ ထည့်လိုက်သည်။
"ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီး ဝယ်စရာရှိသေးလား ကြည့်ကြတာပေါ့..."
"အင်း"
ဖူလီက ခေါင်းညိတ်ပြပြီး ကျွမ်းချင်၏နောက်မှ လိုက်လာကာ ချက်ပြုတ်ပြီးသား အစားအသောက်များ ထားရာဘက်ကို ဦးတည်သွားလိုက်သည်။
သူတို့နှစ်ဦး ခပ်လှမ်းလှမ်းသို့ ရောက်သွားသည့်အချိန်မှသာ မိန်းကလေးများက သူတို့၏ မျက်နှာများကို ကာလိုက်ပြီး ခပ်တိုးတိုးဆိုလိုက်သည်။
“ဥက္ကဌကျွမ်းက သူ့မိသားစုရဲ့ လက်ထောက်လေးနဲ့ စူပါမားကက်ကို ဈေးဝယ်ဖို့ မမျှော်လင့်ဘဲ ရောက်လာတာ... ဘယ်လောက်တောင် ချိုမြန်ပြီးစဥ်းစားပေးတတ်လိုက်သလဲ... ဥက္ကဋ္ဌကျွမ်းက မုန့်တွေကို စင်ပေါ်ကနေ လှည်းထဲထည့်လိုက်တုန်းက အရမ်းချောတာပဲ...”
"လက်ထောက်လေးက ပြုံးလိုက်ရင် အရမ်းနူးညံ့တဲ့ပုံ ပေါက်တယ်... သူက ငါတို့ ဓာတ်ပုံခိုးရိုက်နေတာတွေ့တာတောင် အပြစ်တင်မသွားဘူး..."
မိန်းကလေးများက သူတို့၏ ဖုန်းထဲက ဗီဒီယိုများနှင့် ဓာတ်ပုံများကို ကြည့်လိုက်ကြသည်။ တစ်ဖက်တွင်မူ သူတို့က ဤဗီဒီယိုများကို မျှဝေခြင်းသည် ကျွမ်းချင်နှင့် ဖူလီတို့ကို ဒုက္ခရောက်စေမည်အား စိုးရိမ်နေသော်လည်း တခြားတစ်ဖက်တွင်မူ သူတို့စားခဲ့သော ခွေးစာများကို လူတိုင်းနှင့် မျှဝေလိုကြပေသည်။ သူတို့၏ နှလုံးသားထဲတွင် စစ်ပွဲတစ်ခု လက်တွေ့ ဖြစ်ပွားနေပေသည်။
လျှို့ဝှက်ချက်ကို ထုတ်မပြောနိုင်ခြင်းသည် နှိပ်စက်ညှဉ်းပန်းမှုတစ်ခုဖြစ်လေသည်။
သူတို့ နှစ်ဦးသည် ပစ္စည်းများ အလွန်အများအပြားဝယ်ခဲ့ကြသည်။ အရောင်းစာရေးသည် ကုန်ကျစရိတ်ကို မပြောပြမီတွင် ဘားကုဒ်အမြောက်အများကို တသီတတန်းကြီး စကင်န်ဖတ်လိုက်ရသည်။
“စုစုပေါင်း ၄၉၅၆ ယွမ်ကျပါတယ်... အားပေးမှုကို ကျေးဇူးတင်ပါတယ်...”
“၄၄ ယွမ်လိုနေသေးတာလား...”
ကျွမ်းချင်သည် သူ့ဖုန်းကို ထုတ်ကာ ခဏရပ်လိုက်သည်။ သူ့အကြည့်များက ဘေးနားရှိ စင်သေးသေးသေးလေးများကို လှမ်းကြည့်လိုက်သည်။ စျေးနှုန်း ၆၈ ယွမ်ဟု အမှတ်အသားပြုထားသော စတော်ဘယ်ရီအရသာ ပီကေတစ်ဗူးကို ရှာတွေ့သောအခါ သူက ထိုဗူးကို ချောချောမွေ့မွေ့ ယူလိုက်သည်။
"ဒါပါ ထည့်လိုက်..."
“ဟုတ်...”
ငွေကိုင်က ပီကေပေါ်ရှိ ဘားကုဒ်ကို စကင်န်ဖတ်ရင်း ပြုံးပြလိုက်သည်။
"ငွေချေပြီးရင် ဖြတ်ပိုင်းကို ညာဖက်က လက်ဆောင် ပေးတဲ့နေရာကို ယူသွားပြီး လက်ဆောင်တွေ ထုတ်လိုက်ပါနော်..."
"ကျေးဇူးပါ..."
ကျွမ်းချင်က သူ့ဖုန်းကိုသုံးကာ ငွေချေလိုက်ပြီး အရွယ်အစားစုံ စျေးဝယ်အိတ်များကို ကောက်ယူကာ ဖူလီနှင့်အတူ ငွေပေးချေရာ နေရာမှ ထွက်လာခဲ့သည်။
လက်ဆောင်မျိုးစုံကို လက်ခံရရှိပြီးနောက် သူတို့က စျေးဝယ်အိတ်များဖြင့် ပြွတ်သိပ်နေပေသည်။ သူတို့က စူပါမားကတ်မှ ထွက်လာသောအခါ ဖူလီက အနီးနားရှိ ဆိုင်တစ်ဆိုင်တွင် ဖွင့်ထားသော သီချင်းတစ်ပုဒ်ကို ကြားလိုက်သည်။ အမျိုးသမီးတစ်ဦးက 'ဘယ်လက်မှာကြက်တစ်ကောင်၊ ညာလက်မှာ ဘဲတစ်ကောင်နှင့် နောက်ကျောမှာ အရုပ်ကြီးတစ်ရုပ်' ဆိုသည်တို့ကို ရွှင်မြူးစွာသီဆိုနေလေသည်။ သူက ကျွမ်းချင်ကိုဆိုလိုက်သည်။
"သူဆိုနေတာက ငါတို့ရဲ့ အခု ပုံစံနဲ့ ဆင်တူမနေဘူးလား..."
"သူမက ဘယ်မိသားစုရဲ့ချွေးမလဲ... အိုး... သူမက အရမ်းအလုပ်များသလို လမ်းလျှောက်နေတယ်..."
"တကယ်တော့ သူမက သူ့မိဘအိမ်ကို ပြန်ရောက်နေတာပဲ...”
ကျွမ်းချင်က သူ့ကို လှည့်ကြည့်လိုက်သည်။
"တူတယ်လား..."
ဖူလီ : ...
ဤနားလည်မှုလွဲခြင်းသည် ဆက်လက်ဖြစ်ပွားနေပါက သူက နဂါးလေးကျွမ်းကို အမှန်တကယ် တာဝန်ယူရမည် ဖြစ်ပေသည်။ ဤကောလဟာလများထွက်ခြင်းက နဂါးလေးကျွမ်း မိန်းမရှာရာတွင် သက်ရောက်မှုရှိသည်လားဆိုသည်ကိုလည်း သူ မသိပါပေ။ ဖူလီသည် ထိုအကြောင်းကို သေသေချာချာတွေးကြည့်ရာ ကျင့်ကြံခြင်းလောကတွင် ကျွမ်းချင်နှင့် ထိုက်တန်သော အမျိုးသမီးမိစ္ဆာတစ်ယောက်မှ မရှိနိုင်ဟု ခံစားမိပေသည်။ သူက စိတ်သက်သာရာ ရသွားသည်ကို ခံစားလိုက်ရပေသည်။ အရွယ်ရောက်ခါစ မိစ္ဆာတစ်ဦးအတွက် အရေးအကြီးဆုံးမှာ သူတို့၏ အသက်မွေးဝမ်းကြောင်းဖြစ်ပေသည်။ လက်ထပ်ရန်အတွက် အလျင်လိုနေစရာ မလိုပါပေ။
ကားနောက်ထဲသို့ အရာအားလုံး ထိုးသိပ်ထည့်ပြီးနောက် ဖူလီသည် အရှေ့ရှိ ခရီးသည် ထိုင်ခုံပေါ်သို့ သူ့ကိုယ်သူ တိုးဝှေ့ထိုင်လိုက်သည်။
"လူသားတွေက ဘာလို့ အားလပ်ရက်တွေ အများကြီး ဖန်တီးချင်တာလဲ... အဲဒါကို စိတ်ရှုပ်စရာကောင်းတယ်လို့ မထင်ကြဘူးလား..."
"အဲ့ဒါက လူသားတွေမှာ ရှိဖို့လိုတဲ့ စိတ်ခံစားချက်တစ်မျိုး ဖြစ်မှာပေါ့..."
ကျွမ်းချင်က ကားစက်နှိုးလိုက်သည်။
“လူတွေရဲ့ စိတ်ခံစားချက်တွေက အရမ်းရှုပ်ထွေးတယ်... သူတို့အတွက် အားလပ်ရက်တွေဆိုတာ စိတ်ခံစားမှုနဲ့ ပျော်ရွှင်မှုဖြစ်ပြီး အားလပ်ရက်တွေကပဲ သူတို့ရဲ့ဘဝတွေကို ပိုပြီးစိတ်ဝင်စားဖို့ကောင်းအောင် လုပ်ပေးတာလေ...”
"အဲ့ဒါကြောင့်လဲ ကျင့်ကြံခြင်းလောကက လူသားတွေရဲ့ အားလပ်ရက်တွေကို လက်ခံလာတာလေ..."
ဖူလီက သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကားပြတင်းပေါက်ကို ပိတ်လိုက်သည်။
"ဖြစ်နိုင်တာက... အချိန်အကြာကြီးနေရင် ငြီးငွေ့လာပြီး ငါတို့က လုပ်စရာတွေကို ရှာကြတယ်လေ... ကစားတဲ့နေရာမှာတော့ လူသားတွေထက် ဘယ်လူမျိုးကမှ ပိုကောင်းမှာ မဟုတ်ဘူး...”
ကျွမ်းချင်က ဖူလီကို တစ်ချက်ကြည့်လိုက်သည်။
“ထိုင်ခုံခါးပတ်ပတ်ထား...”
“အိုး...”
ဖူလီက သူ့ထိုင်ခုံခါးပတ်ကို ပတ်လိုက်ည်။
"မင်းပြောတာ ဟုတ်တယ်... ကစားတာနဲ့ ပတ်သက်လာရင် လူသားတွေထက်သာတဲ့ သတ္တဝါဆိုတာ တကယ်ကို မရှိဘူး...”
ဗီလာသို့ပြန်ရောက်သောအခါ ကျွမ်းချင်သည် ပစ္စည်းများကို မီးဖိုချောင်နှင့်ရေခဲသေတ္တာအတွင်း၌ စီစဉ်ရန်သွားလိုက်ပြီး ဖူလီက စူပါမားကတ်မှ ဝယ်ယူခဲ့သောပစ္စည်းများကိုသေချာပြင်ဆင်ပြီး လွင့်မျောနန်းတော်သို့ ယူဆောင်လာမည့် ပစ္စည်းများကိုဆုံးဖြတ်လိုက်သည်။ မေတ္တာ လက်ဆောင်များအားလုံးနှင့် အဆာပြေမုန့် အချို့ကို ထားခဲ့လိုက်သည်။ အသားစိမ်း နှင့် ချက်ပြုတ်ထားသော အစားအစာ အားလုံးကို တစ်ပါတည်း ယူဆောင်သွားမည် ဖြစ်သည်။
“ဒီပီကေဗူးက အရမ်းကြီးတာပဲ...”
ဖူလီ ပီကေတစ်ဗူးကို တွေ့လိုက်သည်။ အိမ်မှုကိစ္စများ လုပ်ရသည်မှာ အနည်းငယ် ငြီးငွေ့လာ၍ သူက တစ်ခု ဖောက်စားရန် ပြင်လိုက်သည်။ ဘူးထဲတွင် စတုရန်းပုံ ပလပ်စတစ်အိပ်အသေးလေးများ ပါဝင်ကာ ထိုအထဲ၍ ပီကေမဟုတ်ပဲ မျိုးပွားခြင်းကို ဟန့်တားသည့် ကိရိယာတစ်ခုရှိနေပေသည်။
ဖူလီသည် ရှုပ်ထွေးသောအမူအရာဖြင့် သေးငယ်ပါးလွှာသော အိတ်များကို ဆုပ်ကိုင်လိုက်သည်။
ကျွမ်းချင်က ဘာလို့ ဒါတွေကို ဝယ်လာတာလဲ...
"နဂါးလေးကျွမ်း... မင်းဒါကို ဘာလို့ ဝယ်လာခဲ့တာလဲ..."
ယောင်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဖူလီသည် ကျန်းမာသောမိတ်လိုက်ခြင်းမှာ ထုတ်ပြောရန် အလွန်ရှက်စရာမဟုတ်ကြောင်း ခံစားရပေသည်။ သူက ကျွမ်းချင်သည် နေ့တိုင်းနီးပါး သူနှင့်အတူရှိနေသော်လည်း ကျွမ်းချင်က မည်သူနှင့်မိတ်ဖက်ရန် ဆန္ဒတစ်ခုဖြစ်လာသည်အား သူနားမလည်နိုင်ခြင်းသာ ဖြစ်ပေသည်။
ကျွမ်းချင်က သူလုပ်ထားသည့် ငရုတ်ကောင်းအချဉ်ကို သူ့၏ ချမ့်ခွန်းအိတ်ထဲတွင် ထည့်လိုက်လေသည်။ ဖူလီက သူဝယ်လာသည့် ပီကေဘူးကို ကိုင်ထားသည်ကို မြင်ရာ သူက ချောမောစွာ ဆိုလိုက်ပေသည်။
“မင်းအတွက် ဝယ်လာတာလေ... စတော်ဘယ်ရီ အရသာက မဆိုးပါဘူး...”
ဖူလီ၏လက်က အနည်းငယ်တုန်ခါသွားပေသည်။ သူက ထိုဘူးနှင့် ပလပ်စတစ်အိတ်သေးသေးလေးများကို သူ၏ ချမ့်ခွန်းအိတ်ထဲသို့ ထိုးထည့်လိုက်သည်။
နဂါးလေးကျွမ်း မိတ်လိုက်ချင်နေတဲ့ လူက သူလား...
"ဘာဖြစ်လို့လဲ..."
ကျွမ်းချင်က ဖူလီရှေ့တွင် သစ်စေ့ပန်းကန်ပြားကို ချလိုက်သည်။
“အရင်ဆုံး သစ်စေ့နည်းနည်းစားလိုက်... ငါ ခဏနေရင် အထုတ်တွေ ထုတ်တာပြီးတော့မှာ... ငါ အဲ့ဒါကို စိတ်ကူးရတာနဲ့ ကောက်ဝယ်လိုက်တာ... စတော်ဘယ်ရီအရသာကို မကြိုက်ရင် နောက်တခါကျ တခြားအရသာကို ယူကြတာပေါ့...”
“ဒါက…”
ဖူလီ ပြောစရာပျောက်ဆုံး သွားလေသည်။
"အရသာက ကိစ္စမရှိဘူး မဟုတ်လား..."
"ဒါဆို ဘာက ကိစ္စရှိလို့လဲ..."
ကျွမ်းချင်သည် ပစ္စည်းများကို ထုပ်ပိုးရန် အလုပ်များနေပြီး မည်သည့် ပီကေအရသာက ပိုကောင်းသည်ကို ဆွေးနွေးရန် ခွန်အားမရှိပါပေ။
"သစ်စေ့ နည်းနည်းထပ်စားပြီး မင်းဦးနှောက်ကို အာဟာရဖြည့်လိုက်..."
ဖူလီသည် ကျွမ်းချင်၏ အလုပ်ရှုပ်နေသော ပုံရိပ်ကို စိုက်ကြည့်နေသည်။ ဇလုံကို ဒူးပေါ်သို့တင်ကာ သူက သစ်စေ့များကို စားရင်းဖြင့် ဖုန်းကို ထုတ်လိုက်ရာ ရှုပ်ထွေးသည့် ပြဿနာမှန်သမျှကို ဖြေရှင်းပေးနိုင်သည်ဟု ဆိုနိုင်သည့် ဖိုရမ်တစ်ခုကို တွေ့လိုက်ပေသည်။
ဖူလီသည် လစန္ဒာပေါင်းကူး ဟိုတယ်တွင် လုံခြုံရေးအစောင့်အဖြစ် အလုပ်လုပ်စဉ်က သူ့၏ လုပ်ဖော်ကိုင်ဖက် ကျန်းရှန်ထံမှ ဤဖိုရမ်ကို ကြားခဲ့ပေသည်။ သူက ဤကဲ့သို့ မျက်နှာမမြင်ရသည့် ဆက်သွယ်ရေးနည်းလမ်းကို မကြိုက်သည့်အတွက် ဖိုရမ်ပေါ်တွင် သူ့အမြင်ကို တစ်ခါမှ မဖော်ပြခဲ့ဖူးပါပေ။
သူက အကောင့်တစ်ခုကို အမြန်စာရင်းသွင်းကာ စိတ်ခံစားမှုများအတွက် ဆက်သွယ်ရန်နေရာကို ရှာလိုက်သည်။
စွမ်းအားကြီးယုန် : ညီအစ်ကိုကောင်းတစ်ယောက်နဲ့ စူပါမားကတ်ကို သွားခဲ့တာ... သူက ကွန်ဒုံးတစ်ဗူးကို တိတ်တိတ်လေးလာဝယ်ပြီး ငါ့အတွက်လို့တောင် ပြောနေတယ်... ဒါကို ဘယ်လိုကိုင်တွယ်သင့်လဲ...
ညီလေး ရှောက်သီး: OP က ယောက်ျား လား...၊ မိန်းမလား...
တစ်ယောက်ယောက်က သူ့ကို အလွန်မြန်မြန် ပြန်ဖြေတာကို တွေ့လိုက်ရာ ဖူလီက သူ့လိင်အမျိုးအစားကို အမြန်ပြောပြလိုက်သည်။
"ဦးလေးဖုန်းနဲ့ ဦးလေး ခန်းက သစ်သီးယို ကြိုက်လား..."
ကျွမ်းချင်သည် မီးဖိုချောင်ထဲတွင် လွင်ပြင်ဂိုဏ်းမှပေးသော သစ်သီးယိုတစ်ပုလင်းကိုတွေ့ပြီး မီးဖိုချောင်တံခါးဝတွင်ရပ်ကာ ဖူလီကိုကြည့်လိုက်သည်။
"သူတို့က ဒီသစ်သီးယိုတွေကို သာမန်ပဲလို့ မထင်ရင် ငါယူလာခဲ့လိုက်မယ်..."
ဖူလီက အမှတ်တမဲ့ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းတယ်..."
ဖူလီသည် သူ့ဖုန်းနှင့်ကစားရင်း အလုပ်ရှုပ်နေသည်ကို မြင်ရာ ကျွမ်းချင်က Sokoban သို့မဟုတ် Atlantis of Jewel ကိုကစားနေသည်ဟု ထင်နေပေသည်။ ထို့ကြောင့် သူ့ကို မနှောင့်ယှက်တော့ဘဲ သူ့ဘာသာသူ ယူလာမည့်အရာများကို ဆုံးဖြတ်လိုက်သည်။
ဖူလီသည် စာမျက်နှာကို ပြန်လည် refresh လိုက်သည်။ ပို့စ်အောက်တွင် ပြန်ကြားချက် တစ်ဆယ်ကျော် ရှိနေပြီဖြစ်သည်။ သူအနည်းငယ်စိတ်လှုပ်ရှားသွားလေသည်။
လူသားအင်တာနက်အသုံးပြုသူတွေက တကယ်ကို စိတ်အားထက်သန်ကြတာပဲ...
ရသာဆိုး ကဏန်းများ :ဘာတွေးစရာရှိဦးမှာလဲ... သေချာပေါက် မင်း သူနဲ့ ပျော်ပျော်ကြီး အိပ်သင့်တာပေါ့...
ပန်းကလေး: OP အပေါ်ထပ်ကလူပြောတဲ့ ပေါက်ကရတွေကို နားမထောင်နဲ့...နင်နှင့် နင့်သူငယ်ချင်းက လိင်အတူတူလေ... သူက နင့်အပေါ်ထားတဲ့ ခံစားချက်ကို အရိပ်အမြွက်ပြောဖို့ ကွန်ဒုံးဝယ်ခဲ့တယ်... ဒါပေမယ့် နင်သူ့ကိုကြိုက်ရဲ့လား... တခြားသူတွေရဲ့ အကြည့်တွေကို ခံနိုင်ရဲ့လား...
ဖူလီက ဤအဖြေကို မြင်ပြီး တခြားသူများ၏ အကြည့်မှာ ပြဿနာမဟုတ်ဟု ခံစားရပေသည်။ ပြဿနာမှာ သူက ကျွမ်းချင်ကို ညီအစ်ကိုတစ်ယောက်သဖွယ် သဘောထားပြီး ဤညီအစ်ကိုက သူနဲ့ အတူအိပ်ချင်နေသည်ကို မမျှော်လင့်ထားတာကြောင့်ဖြစ်သည်။
ငါက တုနှိုင်းမဲ့ အချောလေး : ယောက်ျားနှစ်ယောက် အတူတူရှိနေတာကို တွေးကြည့်တာနဲ့တင် ကြက်သီးထစရာ ကောင်းတယ်...
အောက်မှ ဖြေကြားချက်များသည် 'ငါက တုနှိုင်းမဲ့ အချောလေး' ဟုခေါ်သော အင်တာနက်သုံးစွဲသူအား ဆဲဆိုနေကြပေသည်။ ဖူလီသည် ၎င်းတို့၏ ကျိန်ဆဲမှုများကို လက်ခံကြောင်း တိတ်တဆိတ် ဖော်ပြခဲ့သည်။ ခံစားချက်များမှာ ကျားမ ခွဲခြားခြင်း မရှိပါပေ။