အပိုင်း ၁၅၃
Viewers 38k

Chapter 153
စိုးရိမ်နေတဲ့ မိစ္ဆာ



ပိုစ့်မှ ထွက်လိုက်ပြီးနောက်၊ ထိပ်ဆုံးစာမျက်နှာတွင် သေးငယ်သော မီးတောက် အီမိုဂျီနှင့် 'လွှမ်းမိုးနိုင်တဲ့ ဥက္ကဋ္ဌနဲ့ သူ၏လက်ထောက်အကြောင်း တစ်ချို့သောအရာများ' ဟူသော ခေါင်းစဉ်တပ်ထားသည့် ပို့စ်တစ်ခုကို တွေ့လိုက်သည်။ သူက ၎င်းကို ချောမွေ့စွာ နှိပ်လိုက်ရာ ပရဟိတပွဲညတွင် သူနှင့် ကျွမ်းချင် တွဲရိုက်ထားသည့် ဓာတ်ပုံကို ချက်ချင်းတွေ့လိုက်ရသည်။

ကျွမ်းချင်သည် သူ့ခေါင်းကိုစောင်းကာ တစ်စုံတစ်ခုကို ကြည့်ပြီး သူ့ဆီသို့ လှည့်လာလေသည်။

အတွင်း၌ ဓာတ်ပုံအများအပြားရှိနေပေသည်။ ၄င်းဓာတ်ပုံများမှာ သူနှင့် ကျွမ်းချင် ငါးရောင်းနေသည့် ဓာတ်ပုံများ၊ ပန်ဒါနားရွက်များနဲ့ တိရစ္ဆာန်ရုံကို လျှောက်သွားနေသည့် နောက်ကျောဓာတ်ပုံများ၊ ကားထဲတွင် ထိုင်နေသည့် ဓာတ်ပုံများ၊ စူပါမားကတ်တွင် လျှောက်ကြည့်နေသည်ကို ဘေးက ရိုက်ထားသည့် ဓာတ်ပုံများ ဖြစ်ပေသည်။

မနက်ဖြန်ရဲ့ တနင်္ဂနွေနေ့ : ငါ့နဲ့ သူငယ်ချင်းက ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ပေမယ့် အကုန်လုံးကို လျှို့ဝှက်ရိုက်ထားတာမို့ ဘေးနဲ့နောက်ကနေ ရိုက်ထားတဲ့ ဓာတ်ပုံနှစ်ပုံပဲ တင်နိုင်တယ်... ဒါပေမယ့် ဥက္ကဌက သူ့လက်ထောက်လေးကို အသေချစ်တာနော်... လက်ထောက်ကလေးကလည်း တွေ့သမျှအကုန် ကောက်ယူသွားတာကို ဥက္ကဋ္ဌက နောက်ကနေ လှည်းကို နာနာခံခံလေး တွန်းလိုက်နေတာ... လက်ထောက်ကလေးက မုန့်တွေဝယ်ပြီး လှည်းပြည့်သွားတော့ ဥက္ကဋ္ဌက နောက်လှည်းကိုယူပြီး စင်ပေါ်ရှိ တဲ့ပစ္စည်းအားလုံးကို လှည်းထဲ ထည့်ပစ်လိုက်တာ...  တကယ်ကို ချောပြီး စဥ်းစားပေးတတ်တဲ့လူပဲ...

အရိုက်မခံရတဲ့ သော်သော်လေး : အဲ့မြင်ကွင်းကို မြင်လိုက်တဲ့ အပေါ်ထပ်ကလူကို တကယ် မနာလိုဘူး... ဥက္ကဌ နဲ့ လက်ထောက်ကလေးက ဓာတ်ပုံထဲကလိုပဲ အပြင်မှာ တကယ်ချောလား...

မနက်ဖြန်ရဲ့ တနင်္ဂနွေနေ့ : အသေချောတာ ပုံတွေထဲကထက်တောင် ပိုကြည့်ကောင်းတယ်... လည်ပင်းအောက်က အကုန် ခြေထောက်တွေချည်းပါပဲ... သူတို့နှစ်ယောက်လုံး ဘယ်လိုတောင် ချောလဲဆို ငါနဲ့ ငါ့အဖော်က အသက်ရှူတောင် မဝလုနီးပါးပဲ... နင်တို့ကို လျှို့ဝှက်ချက်လေးတစ်ခုပြောပြမယ်... ဥက္ကဋ္ဌက ငွေရှင်းတော့ ကောင်တာမှာ ထီးလေးတစ်ဗူးပါ ယူသွားတယ်... ငါက နောက်မှသူတို့ကို ချောင်းကြည့်ဖို့သွားလိုက်တာ... အဲဒါက ဗူးကြီးသိလား... ဥက္ကဌနဲ့ သူ့လက်ထောက်လေးရဲ့ ဆက်ဆံရေးက အရမ်း~အရမ်းကို~ကောင်းနေပုံပဲ~

အောက်မှတ်ချက်များသည် မည်သူက Top မည်သူက bottomလဲ၊ တစ်ညကို ဘယ်နှစ်ခါလုပ်သလဲနဲ့ တစ်ကြိမ်ကို ဘယ်လောက်ကြာသလဲဆိုသည့် ခေါင်းစဉ်ကို ဆွေးနွေးနေပြီးဖြစ်လေသည်။ ဖူလီက ဝဘ်စာမျက်နှာကို တိတ်တဆိတ် ပိတ်လိုက်သည်။ သူက လူသားများကို ဘဝ၏ ညီညွတ်မျှတသော လေ့ကျင့်ခန်းကြီးကို ဤမျှလောက် စိတ်ဝင်စားမည်ဟု မမျှော်လင့်ထားပါပေ။

ကျွမ်းချင်က နဂါးမျိုးနွယ်လေ... ဘယ်လိုလုပ်ပြီး တစ်ည ခုနစ််ခါနဲ့ တစ်ခါကို တစ်မိနစ်ပဲ ဖြစ်နိုင်မှလဲ...  ဒီလူသားတွေဟာ တကယ်ကို မသိနားမလည်တာပဲ...

"ဖူလီ...” 

တံခါးခေါက်သံများ ထွက်ပေါ်လာသည်။ ဖူလီက သူ့ဖုန်းကို အိတ်ကပ်ထဲသို့ အမြန်ထည့်လိုက်သည်။ သူလက်တစ်ချက်ယမ်းလိုက်ရာ အခန်းတံခါးပွင့်လာလေသည်။  

"ဘာဖြစ်လို့လဲ..."

“ဘာမှမဖြစ်ပါဘူး”
ကျွမ်းချင်က စားပွဲဘေးတွင် ထိုင်လိုက်သည်။  
"အခန်းထဲမှာ တစ်ယောက်တည်းနေရတာ ပျင်းလာလို့..."

“ဒါဆို မင်းကို လမ်းလျှောက်ဖို့ ခေါ်သွားပေးမယ်...” 

ဖူလီက ထရပ်လိုက်သည်။ သူသည် လွန်ခဲ့သည့်တစ်မိနစ်က ကျွမ်းချင်၏ မျိုးပွားစွမ်းရည်ကို မည်ကဲ့သို့ စဉ်းစားနေပုံနှင့် ပတ်သက်၍ အနည်းငယ် ရှက်ရွံ့သည်ဟု ခံစားရပေသည်။

ကျွမ်းချင်က သူ တစ်ခုခုဖြစ်နေသည်ကို သတိထားမိသော်လည်း သူ့ကို ထုတ်မပြောခဲ့ပါပေ။  

"မင်း အဆင်မပြေ ဖြစ်နေလား..."

“မဟုတ်ဘူး... မဟုတ်ဘူး...” ဖူလီက ခေတ္တရပ်လိုက်သည်။  

"ဘာပဲဖြစ်ဖြစ် ငါတို့က သူငယ်ချင်းတွေပဲ..."

ကျွမ်းချင်က ညင်သာစွာ ပြုံးလိုက်သည်။  
"အင်း... အရေးကြီးဆုံး သူငယ်ချင်းတွေ ဟုတ်တယ်မလား..."

ဖူလီက ခေါင်းညိတ်လိုက်သည်။  
“ဟုတ်တယ်...”

.....

ခန်းကူသည် နတ်ဘုရား မီးတောက်ခန်းမအဝင်ဝရှိ လှေကားထစ်များပေါ်တွင် ထိုင်ချလိုက်ပြီး ဖုန်းလွေ့ကျိုးကို စိတ်ရှုပ်ထွေးနေသည့်အကြည့်ဖြင့် မေးလိုက်သည်။ 

"ဒါက ရှောင်လီနဲ့ ရှောင်ကျွမ်းတို့ ခြံဝန်းကို ပတ်နေတာ သုံးကြိမ် ဒါမှမဟုတ် လေးကြိမ်တောင် ရှိနေပြီ... သူတို့ကို ရပ်ခိုင်းပြီး တစ်ခုခုစားခိုင်းရမလား..."

ဖုန်းလွေ့ကျုံးသည် မွမ်းမံခြင်းမီးဖို၏ တံခါးကိုပိတ်ပြီး ခန်းကူ ဆီသို့ လျှောက်သွားသည်။ သူက ငုတ်တုတ်ထိုင်ချကာ ခဏလောက် ကြည့်လိုက်သည်။  

"မင်း... ငါတို့ရဲ့ ရှောင်လီက ရှောင်ကျွမ်းကို နည်းနည်း တွယ်ကပ်နေတယ်လို့ ခံစားရလား... သူ့မှာ ရှောင်ကျွမ်းကို ရည်ရွယ်ထားတာတွေ ရှိနေလား..."

"ရှောင်လီက အသက် လေးထောင်ကျော်နေပြီ... မိစ္ဆာတစ်ယောက်ကို သဘောကျတာက သူ့အတွက် ပုံမှန်ပါပဲ... ရှောင်ကျွမ်းမှာ နက်နဲတဲ့ ကျင့်ကြံခြင်း၊ ဖြောင့်မှန်သော သဘောသဘာဝနဲ့ တုန်လှုပ်စရာ သူတော်ကောင်းတရားတွေ ရှိတယ်... လီလေးက သူ့ရဲ့ တာအိုတွဲဖက်ဖြစ်လာရင် တစ်ဝက်လောက်ကတော့ မဆိုးပါဘူး...” 

ခန်းကူက ကျွမ်းချင်ကို ခဏတာ အာရုံစူးစိုက်မှုဖြင့် စိုက်ကြည့်နေလိုက်သည်။ သူက ရုတ်တရက် အသက်ရှူသံများ လေးလံလာပေသည်။  

"ဖူလီအတွက် ပိုင်ဇယ် လုပ်ခဲ့တဲ့ ဟောကိန်းကို မင်းမှတ်မိသေးလား..."

ဖုန်းလွေ့ကျုံးက တုံ့ဆိုင်းသွားသည်။  
"မင်းဆိုလိုတာက - ရွှေရောင်ရေက ကံကောင်းခြင်းအဖြစ် ပြောင်းလဲသွားပြီး သူတော်ကောင်းတရားက အရှေ့ကလာတယ် ဆိုတာလား"

ခန်းကူက ပြင်းထန်စွာ ခေါင်းညိတ်ပြလိုက်သည်။  
"ရှောင်ကျွမ်းက ရွှေနဂါးဖြစ်ပြီး ယခုဆို ရေနေသတ္တဝါတွေရဲ့ ဧကရာဇ်ဖြစ်လာပြီ... ရွှေနဂါးနန်းတော်က အရှေ့ပင်လယ်မှာ ရှိတာ သူက ရှောင်လီ အသက်ရှင်ကျန်ရစ်ဖို့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်...”

မင်္ဂလာသားရဲကြီးနှစ်ကောင်၏ အကြည့်များသည် ဆုံသွားကြပြီး အချင်းချင်း၏ မျက်လုံးများတွင် ပီတိဖြာနေသည်ကို တွေ့နေရပေသည်။

ဖူလီက ကျူးယွဲ့ကို ပင်လယ်ထဲတွင် တွေ့ခဲ့သည်ဟု ပြောထားသော်လည်း ယနေ့ထိတိုင် သူမက ပေါ်လာမည့် ဆန္ဒမရှိခဲ့ပါပေ။ ခန်းကူနှင့် ဖုန်းလွေ့ကျုံးသည် ပိုင်ဇယ်၏ ဟောကိန်းအရ ကျူးယွဲ့သည် ဖူလီ၏ တစ်ခုတည်းသော လွတ်မြောက်ရန် အခွင့်အရေးကို ရှာဖွေရန် ပင်လယ်ထဲသို့ သွားခဲ့ကြောင်း သံသယရှိပေသည်။ သူတို့က ထိုဟောကိန်းသည် အချို့သော အရာဝတ္ထု သို့မဟုတ် မှော်ကိရိယာကို ရည်ညွှန်းသည်ဟု အမြဲတမ်း ယူဆထားသော်လည်း ထိုစကားလုံးဆယ်လုံးသည် မှော်ကိရိယာကိုမဟုတ်ဘဲ လူသားတစ်ဦး သို့မဟုတ် မိစ္ဆာတစ်ဦးကို ရည်ညွှန်းသည်ဟူသော ဖြစ်နိုင်ချေကို မစဉ်းစားမိပါချေ။

"ပိုင်ဇယ်သာ အသက်ရှင်နေသေးရင်..."

ခန်းကူက သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ဖို့ ရုန်းကန်ရင်း သက်ပြင်းချလိုက်သည်။  
"သူသာ အသက်ရှင်နေသေးရင် ရှောင်ကျွမ်းက ဖူလီရဲ့ တစ်ခုတည်းသော အသက်ရှင်ခွင့် ဟုတ်မဟုတ် သေချာပေါက် ပြောပြနိုင်မှာ..."

ထိုအချိန်တွင် သူတို့သည် အရပ်ရပ်သို့ ထွက်ပြေးခဲ့ကြပြီး ကမ္ဘာပေါ်ရှိ နေရာအမျိုးမျိုးတွင် ဖိနှိပ်ချုပ်ချယ်မှုခံရသည်နှင့် အဆုံးသတ်ခဲ့သည်။ မည်သူက အသက်ရှင်နေပြီး မည်သူက သေဆုံးသွားပြီဆိုသည်ကို ဘယ်သူမှ မသိကြပါပေ။ ရောင်ပြန် မြူတောင်ပေါ်ရှိ ယောင်ကျင့်ကြံသူ အများအပြားတွင် ၎င်းတို့လေးဦးသာ အသက်ရှင်ကြောင်း သေချာပေသည်။

"တကယ်လို့ ရှောင်ကျွမ်းက ဟောကိန်းမှာ ပြောထားတဲ့ အသက်ရှင်ကျန်ရစ်မည့်အခွင့်အရေးသာဖြစ်ဆိုရင် သူ ဒီကိစ္စကို မသိမှဖြစ်မယ်..." 

ဖုန်းလွေ့ကျုံးက ပြောလိုက်သည်။  
"သူ့ကံကြမ္မာကြောင့် သူနဲ့ ရှောင်လီ အတူတူနေချင်တယ်လို့ ထင်နေရင် ဘယ်လိုလုပ်မလဲ..."

"ဒါပေမယ့် ငါတို့က အထူးသဖြင့် သူ့ရဲ့ ကံကြမ္မာကြောင့်ကို ရှောင်ဖူနဲ့ တာအိုတွဲဖက်တွေ ဖြစ်လာမယ်လို့ စဉ်းစားတာလေ..." 

ခန်းကူက ခေါင်းကုတ်လိုက်သည်။  
"ရှောင်လီနဲ့ ရှောင်ကျွမ်းက တာအိုတွဲဖက်တွေဖြစ်လာရင် သူတို့က တစ်လှေတည်းစီးရမှာ ရှောင်ကျွမ်းရဲ့ အကျင့်သီလနဲ့ဆိုရင် သူက ရှောင်လီကို ကောင်းကင်ဘုံ စည်းမျဥ်းကနေ သေချာပေါက် ကာကွယ်ပေးနိုင်လောက်တယ်...”

"အဲ့ဒါကြောင့် မင်းပါးစပ်ကို တင်းတင်းစေ့ထားဖို့ သတိရရမယ်..." 

ဖုန်းလွေ့ကျုံးက ခန်းကူကို စိုက်ကြည့်ရင်း ထိုဝက်ခေါင်းက အရာတွေကို ရှုပ်ထွေးသွားစေမည်ကို စိုးရိမ်နေပေသည်။  

"လူသား ဇာတ်လမ်းတွေထဲက ယောက်ျားတွေနဲ့ မိန်းမတွေက ကောင်းကင်နဲ့မြေကြီး ဇောက်ထိုးကျလာတဲ့အထိ ဘယ်လိုမျိုး ရန်ဖြစ်ပြီး အဆုံးသတ်သွားလဲ မင်းမမြင်ဘူးလား..."

'မင်းကငါ့ကို အသုံးချချင်နေတာပဲ... မင်းကို မုန်းတယ်...' ဆိုတာမျိုး တစ်ခုခုပေါ့...

'မင်းက ငါ့ကို လုံးဝမချစ်ပဲ... ငါ့ပိုက်ဆံ ဒါမှမဟုတ် ကိုယ်ခန္ဓာကိုပဲ ချစ်တာပဲ... မင်းကို မုန်းတယ်...' ဆိုတာမျိုးလေ...

ပြီးတော့ 'မင်းငါ့ကိုမချစ်ပဲ... တစ်စုံတစ်ယောက်နဲ့တူနေတဲ့ ဒီမျက်နှာလေးကိုပဲ ချစ်တာ... မင်းကို မုန်းတယ်...' ဆိုတာမျိုးတွေပေါ့...

ထိုလူသားများသည် ချစ်ကြ မုန်းကြသော်လည်း နောက်ဆုံးတွင် ရင်ကြားစေ့ကာ တစ်ဖန်ပြန်လည်ပေါင်းစည်းနိုင်သေးသည်။ သူတို့မိသားစု၏ ရှောင်လီသည် ဟိုဟိုဒီဒီတွင် ဤကဲ့သို့ မုန်းတီးခံရခြင်းကို မခံနိုင်ပါပေ။ 

ကောင်းကင်ဘုံစည်းမျဥ်းက သူတို့ ဟိုဟိုဒီဒီ အမုန်းခံနေတုန်း ဘာမှမဟုတ်တာလေးကနေ ပြဿနာရှာလာရင်ရော.... အဲ့ဒါဆို သူတို့ ဘာလုပ်သင့်လဲ...

"ဒါပေမယ့် အခု အရေးကြီးဆုံးမေးခွန်းက ရှောင်ကျွမ်းက လိုလိုလားလားနဲ့ ရှောင်လီရဲ့ တာအိုလက်တွဲဖော်ဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ..." 

ခန်းကူ၏မျက်နှာတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ 

"ရှောင်ကျွမ်းကို ရှောင်လီနဲ့ အတူရှိနေဖို့ အတင်းအကြပ်လုပ်ဖို့အတွက် ငါတို့ရဲ့ အတွေ့အကြုံရှိပြီး မြင့်မားတဲ့ ကျင့်ကြံခြင်းကို အားကိုးလို့ မရဘူး လေ... ဟုတ်တယ်မလား..."

ဖုန်းလွေ့ကျုံး : ...

သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တစ်ပြိုက်နက်တည်း သက်ပြင်းတစ်ချက်ချလိုက်ပေသည်။

ဒီကိစ္စက သူတို့ မိစ္ဆာတွေကို သေအောင် စိတ်ပူစေတာပဲ...

....

ညစာမှာ စူပါမားကတ်မှ ချက်ပြီးသား အစားသောက်များနှင့် ကျွမ်းချင်အတူထားထားသော ဟင်းပွဲများစွာသာ ဖြစ်ပေသည်။ လူသားလောကတွင် အချိန်အတန်ကြာအောင် နေပြီးနောက် ဖူလီမှာ တစ်နေ့တွင် ထမင်းသုံးနပ်စားသည့် အကျင့်ကို မွေးမြူထားပြီး ဖြစ်သည်။ ဖုန်းလွေ့ကျုံးနှင့် ခန်းကူတို့သည်လည်း ဖူလီနှင့် စားပွဲတစ်ခုတည်း အတူစားရ၍ ပျော်ရွှင်နေသည်ဖြစ်ရာ လေထုမှာ အစားအသောက်တစ်ခုလုံးနှင့် လိုက်ဖက်ညီနေပေသည်။

တိမ်နှင့် မြူများက တောင်ပတ်လည်တွင် ဝိုင်းရံနေသည်။ ခန်းကူက ခန်းမ၏ ဝင်ပေါက်သို့ ထိုင်ခုံလေးတစ်ခုကို ရွေ့ကာ ထိုင်လိုက်ပြီး အနက်ရောင်ကောင်းကင်ကို ငေးကြည့်နေသည်။ သူက အင်္ကျီလက်ထဲမှ အသီးတစ်လုံးကို ထုတ်လိုက်ပြီး ဖြည်းဖြည်းချင်းစားနေလိုက်သည်။ 

"ဘုရင်..."
ဖူလီက ထိုင်ခုံတစ်ခု ယူလာပြီး ခန်းကူနားတွင် ထိုင်လိုက်သည်။ 

"ညကြီးကို ဘာလို့ ဒီနားမှာ ထိုင်နေတာလဲ..."

"ကောင်းကင်ကြီးကို ကြည့်နေတာ..."
ခန်းကူက ကောင်းကင်ကို ညွှန်ပြလိုက်သည်။ 

"မင်းက ဘာလို့ ရှောင်ကျွမ်းနဲ့ သွားမဆော့တာလဲ.. "

"ကျွန်တော်တို့က အလုပ်မှာ တစ်ချိန်လုံး အတူရှိနေကြတာ... ဘာဆော့စရာရှိလဲ..."

ဖူလီက ခန်းကူနောက်ကျောတွင် လက်တင်ထားလိုက်သည်။

"ဦးလေးဖုန်းကတော့ သူ့ကို ပစ္စည်းတွေ ဘယ်လို မွမ်းမံရမလဲ သင်ပေးချင်လို့ နတ်ဘုရားမီးတောက်ခန်းမကို ခေါ်သွားတယ်..."

ဖူလီအတွက်မူ ကျွမ်းချင်မှာ မွေးရာပါ ပါရမီမြင့်သော ယောင်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူက အကြီးအကဲများထံမှ လမ်းညွှန်မှု မရခဲ့သဖြင့် သူ၏ ပါရမီကို ထုတ်ပြရန် အခွင့်အရေးမရခဲ့ ခြင်းသာဖြစ်ပေသည်။ ကျွမ်းချင်မှာ သူ့ကဲ့သို့ ရောင်ပြန်မြူတောင်၏ အကြီးအကဲများထံမှ လမ်းညွှန်မှုကို ရရှိပါက သူ့၏ အနာဂတ် အလားအလာမှာ သူ့ထက် ပိုကောင်းမည်မှာ အသေအချာဖြစ်ပေသည်။ 

သူ့၏ မွမ်းမံခြင်းစွမ်းရည်မှာ သာမန်မျှသာဖြစ်ပြီး ဆေးဖော်စပ်ခြင်းတွင် ပို၍ပင် သာမန်ကျကာ သူ့၏ အစီအရင်နှင့် ပုံစံများက ကျော်ဖြတ်နိုင်လုလုသာဖြစ်ပြီး သားရဲယဉ်ပါးစေခြင်းမှာ သူ့အတွက် တစ်ခုမှ နားမလည်စရာပါပင်။ 

"ရှောင်ကျွမ်းရဲ့ သဘာဝ ပါရမီက အတော်လေး မြင့်တယ်..."

ခန်းကူမှာ ကျွမ်းချင်အပေါ်တွင် အလွန်ကောင်းမွန်သော ထင်မြင်ချက်ရှိပေသည်။ ဖူလီက ကျွမ်းချင်အပေါ်တွင် ချစ်ရေးချစ်ရာ ခံစားချက်များ ရှိနေသည်ကို တွေးမိရာ သူက ကျွမ်းချင်ကို ပို၍ပင် ချီးကျူးကာ ဖူလီကို ပျော်အောင်လုပ်ပေးချင်လာပေသည်။ 

"အနာဂတ်မှာ မင်းတို့ ဘာအစီအစဉ်တွေ ရှိလဲ..."

"ဘာအစီအစဉ်လဲ..."
ဖူလီက တွေးလိုက်လေသည်။ 

"ကျွန်တော်က အရင်ဆုံး လူသားလောကမှာ ဘွဲ့ယူပြီး အခွင့်အရေးရလာရင် အစိုးရဝန်ထမ်းတစ်ယောက်လုပ်မှာ..."

"မင်းက လူသားလောကမှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ချင်တာလား..."

သူတို့ မိသားစု၏ ကလေးမှာ ထိုကဲ့သို့ အကြံတစ်ခုရှိသည်ဟူသော အတွေးက ခန်းကူစိတ်ထဲတွင် မည်သည့်အခါမှ မရှိခဲ့ပါပေ။ 

"အဲ့ဒါအပြင် အခုလောလောဆယ်တော့ ဘာလုပ်ရမလဲ မသိပါဘူး..."

ဖူလီက ခန်းကူကို သူနိုးလာပြီးနောက် ကြည့်ခဲ့သည့် သတင်းနှင့် သူ စီမံခန့်ခွဲရေး ဗျူရိုသို့ ဝင်ရောက်ပြီးနောက် ကြုံခဲ့ရသည့် စိတ်ဝင်စားစရာ ကိစ္စများအကြောင်းကို ပြောပြလိုက်သည်။ 

"ကျွန်တော်က ကျွန်တော်ရဲ့ အိမ်မွေးအကောင်လေးက ကြီးပွားတိုးတက်လာတဲ့ လူသားလောကကို ကောင်းကောင်းကြည့်ဖို့ ကူညီပေးချင်တယ်..."

"ပေါ်လျန်လို့ ခေါ်တဲ့ လူလား..."

ခန်းကူမှာ ပေါ်လျန်ဟု အမည်ရသော လူသားကို မည်သည့်အခါမှ မမေ့ခဲ့ပါပေ။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ဆယ်ဘဝတိုင်တိုင် သူတော်ကောင်းတရားနှင့် ပြည့်စုံသော လူတစ်ဦးဖြစ်ခဲ့သည့် တစ်စုံတစ်ယောက်၏ ရွှေရောင် သူတော်ကောင်းတရား တောက်ပခြင်းနှင့် ဧကရာဇ်တစ်ပါး၏ ခရမ်းရောင်ချီဓာတ်ရှိပေသည်။ ရှောင်လီ၏ မွေးဇာတာမှာ သူ့ကို ကယ်တင်ပြီးနောက် ပြောင်းလဲမှုတစ်ခု ဖြစ်သွားလေသည်။ 

ဆယ်ဘဝတိုင်တိုင် သူတော်ကောင်းတရားနှင့် ပြည့်စုံသော လူတစ်ဦး၊ သုံးဘဝကြာ ဧကရာဇ် ဖြစ်လာမည့် လူတစ်ဦး...
ထိုကဲ့သို့ ကံတရားနှင့် လူသားတစ်ဦးအတွက်မူ သူက လူသားလောကတွင် နတ်ရုပ်တစ်ရုပ်ပင် မကိုးကွယ်လျှင်ပင် သူတော်ကောင်းတရားနှင့် ပြည့်စုံကာ ဩဇာကြီးမားသော လူတစ်ဦးအဖြစ် ပြန်လည် မွေးဖွားလာမည် ဖြစ်ပေသည်။ ကံမကောင်းသည်မှာ ထိုကဲ့သို့ ကံတရားနှင့် လူသားတစ်ဦးမှာ အလွန် ထူးခြားလွန်းနေပေသည်။ သူက ပေါ်လျန်၏ ကံတရားလမ်းကြောင်းကို အာရုံမခံနိုင်ပါပေ။

"အင်း..."
ဖူလီက ခေါင်းညိတ်ပြလိုက်သည်။ 
"သူက ကျွန်တော့်ကို လူသားလောကအကြောင်း အများကြီး ပြောပြခဲ့တာ... လက်ရှိ လူသားလောကက သူပြောခဲ့ဖူးတာနဲ့ မတူတော့ပေမဲ့ အဲ့တာက အရမ်း စိတ်ဝင်စားစရာကောင်းနေတုန်းပဲ..."

"နှစ်တွေတောင် အတော်ကြာသွားပြီ... မင်းသူ့ကို သတိရသေးတာ အံ့ဩစရာပဲ..."

ခန်းကူ၏ မှတ်ဉာဏ်များထဲတွင် ပေါ်လျန်မှာ မြင့်မြတ်ခြင်း၏ ပါရမီထူးရှိသော လူတစ်ဦးဖြစ်ပေသည်။ သူရောင်ပြန်မြူတောင်သို့ ရောက်လာပြီးနောက် သူတို့က ယောင်ကျင့်ကြံသူများ ဖြစ်နေ၍ တည်ငြိမ်အေးချမ်းမှုများ ပျောက်မသွားသကဲ့သို့ တောင်ထဲရှိ ရွှေ၊ ငွေနှင့် ရတနာများကို တွေ့ပြီးနောက်တွင်လည်း သူ့နှလုံးသားထဲတွင် လောဘတက်မလာပါပေ။ 

ရည်မွန်သော ကိုယ်နှုတ်အမူအရာ၊ သာမန်မဟုတ်သော ဟန်ပန်တို့မှာ ခန်းကူ၏ ပေါ်လျန်အပေါ် အကဲဖြတ်မှုပင် ဖြစ်သည်။

လူသားများက သက်တမ်းတိုသည်မှာ နှမြောစရာကောင်းလှပေသည်။ သို့မဟုတ် ၄င်းမှာ ကောင်းကင်ဘုံမှ ကြိုတင်သတ်မှတ်ထားသော ကံတရားဖြစ်နိုင်လေသည်။ ပေါ်လျန် ရောင်ပြန်မြူတောင်ပေါ်တွင် စတင်နေထိုင်ပြီးနောက် နှစ်အနည်းငယ်အကြာတွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် အားနည်းလာပေသည်။ မည်သည့် ဆေးမှ အကျိုးမသက်ရောက်ပါပေ။ သူသေဆုံးပြီးနောက် ရှောင်လီက ဝမ်းနည်းမှုကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပေသည်။ 

ယခုတွင် ထိုအချိန်မှ အကြောင်းအရာများကို ပြန်အမှတ်ရသွားရာ ခန်းကူက ဖူလီ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်ထက် ပိုမပျော်နိုင်တော့ပါပေ။ 
ကောင်းကင်ဘုံစည်းမျဉ်းကသာ သူ့ကို သူတို့လိုမျိုး ကမ္ဘာရဲ့ ထောင့်တစ်ခုမှာ ချိတ်ပိတ်ထားခဲ့ပြီး မအိပ်ရပဲ တစ်ရက်ပြီးတစ်ရက် အပြစ်ပေးရင် သူဘယ်လောက်တောင် နာကျင်လိုက်မလဲ...

"ကျွန်တော်က တော်ပြီး တာဝန်ယူတတ်တဲ့ ပိုင်ရှင်တစ်ယောက်ပါနော်..."

ဖူလီက သူအလုပ်လုပ်နေစဉ်တွင် တွေ့ခဲ့သော ခွေးမိစ္ဆာအကြောင်း ဆိုလိုက်သည်။ 
"ခွေးတွေဆိုရင် သူတို့ရဲ့ ပိုင်ရှင်က ကြင်ကြင်နာနာဆက်ဆံပြီး သေသွားတာတောင် သူတို့ကို မမေ့ရင် ပီတိအရမ်းဖြစ်တာ... ကျွန်တော်ရဲ့ အိမ်မွေးအကောင်လေးကလည်း အဲ့လိုတွေးရင်တွေးမှာပေါ့..."

"ရှောင်လီ လူသားတွေက ခွေးတွေနဲ့ မတူဘူး..."

ခန်းကူမှာ အမြင်ကျယ်သော မင်္ဂလာသားရဲ တစ်ကောင်ဖြစ်လျှင်ပင် လူသားများမှာ တခြားသော တိရိစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက များစွာပို၍ ရှုပ်ထွေးပေသည်။ 

"ကျွန်တော်သိပါတယ်..."
ဖူလီက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။ 
"ဒါပေမဲ့ ကျွန်တော်က ပိုင်ရှင်ကောင်းတစ်ယောက်ပါ..."

သူဘာဆိုလိုသည်ကို နားလည်ပုံရကာ ခန်းကူက ပြုံးပြလိုက်သည်။ 

"မင်းရဲ့ အပြုအမူတွေက နှလုံးသားကိုးပါးအတိဒုက္ခကို ကျော်ဖြတ်ပြီးတော့မှ ပိုပြီး ရင့်ကျက်လာတာပဲ..."

ဖူလီက ထိုစကားများကြားရာ ပြုံးရုံသာ ပြုံးလိုက်သည်။ သူက လွန်ခဲ့သည့် နှစ်၂၀၀၀ကထက်ပို၍ တည်ငြိမ်သွားပုံရသွားသည့်တိုင် သူ့မျက်လုံးထောင့်များနှင့် မျက်ခုံးစွန်းများက ကလေးဆန်သည့်ဟန် ပေါက်နေဆဲ ဖြစ်သည်။

"မင်း ဒီနှစ်တွေထဲမှာ သူ့ကို ရှာဖို့ တစ်ခါမှ မတွေးဖူးဘူးလား..."

ခန်းကူက ဘာမှမတွေးပဲ သူ့ကို စလိုက်ပေသည်။ 
"သူနဲ့ဆိုရင် လူသားလောကကို မင်းရဲ့ နားလည်နိုင်စွမ်းက တိုးလာနိုင်တယ်..."

"သူက နောက်ဘဝမှာ နောက်တစ်ယောက်ပဲလေ... အတိတ်ဆိုတာ မီးခိုလိုပဲ... သူ့ကို ဘာလို့ ရှာရမှာလဲ..."

ဖူလီက နားမလည်နိုင်ပါပေ။

"ကျွန်တော်က အဲ့နှစ်က အိမ်မွေးအကောင်အဖြစ်မွေးခဲ့တာက အဲ့နှစ်က ပေါ်လျန်လေ... သူ ဘယ်သူအနေနဲ့ ပြန်မွေးဖွားလာတာနဲ့ သူဘာပိုင်ထားလဲက ကျွန်တော်နဲ့ မဆိုင်တော့ဘူး..."