အပိုင်း ၁၅၅
Viewers 38k

Chapter 155
နျန်


ပိုးချည်များသဖွယ် နှစ်လိုဖွယ်ကောင်းလှသည့် ဆောင်းမြူနှင့် မိုးများက အေးစက်ကာ ရောယှက်နေပေသည်။ အသက်တစ်ချက်ရှုလိုက်သည်နှင့် အနည်းငယ် အေးစက်မှုက နှလုံးသားထဲထိတိုင်အောင် ထိုးဖောက်သွားမည် ဖြစ်ပေသည်။ 

ကျွမ်းချင်မှာ သူ့ပါးစပ်ထဲမှ ထိုစကားလုံးများ ထွက်သွားသည်နှင့် အနည်းငယ် နောင်တရနေပေသည်။ မည်သည့်မိစ္ဆာကိုမဆို သူတို့၏ မျိုးနွယ်မှာ သာမန်အတိုင်း မျိုးမပွားနိုင်သည့်အကြောင်း တိုက်ရိုက်ပြောခြင်းက အမြဲလိုလိုပင် သေချာပေါက် ဒေါသထွက်စေသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

ဖူလီက ကျွမ်းချင်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်မှာ ကျွမ်းချင်က ထိုကဲ့သို့အရာမျိုးကို တွေးတောမည်ဟု မထင်သည့်ပုံရပေသည်။ သူက ကြောင်ငေးကြည့်ကာ အဆက်မပြတ်ခုန်ပေါက်နေသော ယုန်လေးကို ဖိထားရန်အတွက် သူ့ ရင်ဘတ်ကို ထိလိုက်လေသည်။ 

"ဒါပေမဲ့ ငါက မိစ္ဆာမတစ်ယောက်နဲ့ ဟို့လေးတစ်ကောင်မွေးဖို့ ရည်ရွယ်ချက် တစ်ခါမှ မရှိခဲ့ပါဘူး..."

ရောင်ပြန်မြူတောင်ပေါ်မှ အကြီးအကဲများက သူ့ကို ပျိုးထောင်ရန်အတွက် စွမ်းအင်မည်မျှကို အသုံးပြုခဲ့ရသည်ကို တွေးကြည့်ရုံနှင့်ပင် ဖူလီအတွက် ကလေးများကို ပျိုးထောင်ရသည်မှာ အလွန်ကြောက်စရာကိစ္စတစ်ခုဖြစ်သည်ဟု ခံစားရစေသည်။ အထူးဖြင့် သူ့ကဲ့သို့ လူများအတွက်ပင်။ 

"မင်းက မိစ္ဆာမတစ်ယောက်နဲ့ ဟို့လေးတစ်ကောင် မွေးဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် မိစ္ဆာထီးတစ်ကောင်နဲ့ တွဲဖို့ တွေးလို့ရတယ်... အဲ့မိစ္ဆာထီးက တခြားမိစ္ဆာတွေ ဒါမှမဟုတ် လူသားတွေနဲ့ မပြတ်မသားဆက်ဆံရေးတွေ မရှိတဲ့အပြင် မင်းကိုလည်း လျှို့ဝှက်ကြံစည်နေတာမျိုး မဟုတ်ပဲ ချက်ပြုတ်နိုင်၊ တိုက်ခိုက်နိုင်၊ ကားတွေ အိမ်တွေရှိပြီး လူသားလောကမှာ ရာထူးရှိရင် အကောင်းဆုံးပဲ... "

ကျွမ်းချင်၏ မျက်နှာက တည်ကြည်နေပေသည်။ 
"ပြီးတော့ ကြည့်လည်းကောင်းရမယ်..."

ဖူလီ တိတ်ဆိတ်နေကာ သူ့မျက်လုံးများက ပြူးကျယ်နေလေသည်။ သို့သော် သူ့၏ ဘယ်ဖက်ရင်ဘတ်ထဲမှ ယုန်က ငြိမ်သက်မသွားပဲ ထိုအစား ပို၍ပင် အရှိန်ပြင်းပြင်း စတင်ခုန်ပေါက်လာပေသည်။

"ဥပမာဆိုရင်..."

ကျွမ်းချင်၏ တောက်ပနေသော မျက်လုံးများက ဖူလီကို စိုက်ကြည့်နေလေသည်။ သူ့မျက်နှာပေါ်မှ အမူအရာက ပို၍ တည်ကြည်လာကာ သာမန်ထက်ပင် လေးနက်လာပေသည်။ 

"ငါပေါ့..."

"ဟမ်..."

ဖူလီမှာ သူက ကောင်းကင်ဘုံစည်းမျဉ်း၏ အချစ်ဆုံးသားလေးဖြစ်မည်ဟု ခံစားလိုက်ရသည်။ သူက ကျွမ်းချင်အပေါ်တွင် ထုတ်မပြောရသေးသည့် ရည်ရွယ်ချက်အနည်းငယ်သာ ရှိနေသေးသော်လည်း မေးခွန်းထဲရှိ လူသားက ဖွင့်ပြောရန် လက်ဦးမှု ယူလာခဲ့ပေသည်။ သူက ဖူလီအတွက် ကိစ္စများကို ခက်ခဲအောင် မလုပ်ခဲ့ပါပေ။ 

ဖူလီ၏ ကြောင်အနေသော သွင်ပြင်ကို မြင်ကာ ကျွမ်းချင်က သူ့နှုတ်ခမ်းထောင့်များကို တင်းတင်းစေ့လိုက်သည်။ 

"ငါအဲ့ဒါကို သေသေချာချာ တွေးကြည့်ပြီးပြီ... ငါကလွဲရင် မိစ္ဆာလောကထဲက ဘယ်သူကမှ မင်းနဲ့ အတူရှိနေဖို့ မထိုက်တန်ဘူး..."

ဖူလီက ကျွမ်းချင်၏ အတ္တပေမဝါဒအကြောင်းကို သူအဘယ့်ကြောင့် မသိခဲ့သည်အား တိတ်တဆိတ် သိလိုနေပေသည်။ 

"မင်က လောလောဆယ် ငါနဲ့ အတူမရှိချင်လည်း ရတယ်... ငါ နည်းနည်းလောက်ကြာမှ မင်းကို ထပ်မေးမယ်..."

ကျွမ်းချင်မှာ မျက်နှာပြောင်သော စကားများကို ပြောရသည်ကို အသားမကျပါပေ။ သူ့ပါးများနှင့် နားရွက်ထိပ်များက အနည်းငယ် အနီရောင်ပြောင်းနေပေသည်။ ထိုသို့ဆိုလျှင်ပင် သူက ၄င်းကို ပြောကို ပြောရပေမည်။ ထိုသို့ ပြုလုပ်ခြင်းကသာလျှင် သူက ဖူလီနှင့်အတူ ဆက်ရှိနေရန်နှင့် ဖူလီ၏ အနာဂတ်တွင် ပါဝင်ရန် အကြောင်းပြချက်တစ်ခု ရှိလာမည် ဖြစ်ပေသည်။

"မင်း သဘောမတူမချင်းပေါ့..."

ဖူလီ၏ မှတ်ဉာဏ်များထဲတွင် ကျွမ်းချင်မှာ သူ့၏ တခြားသော လုပ်ဖော်ကိုင်ဖက်များကဲ့သို့ အပျော်အပါးမမက်သည့် စကားနည်းကာ မာနကြီးသော နဂါးငယ်တစ်ကောင်ဖြစ်ပေသည်။ သူက စီမံခန့်ခွဲရေးဗျူရို၏ ပြယုဂ်ဖြစ်ကာ တည်ငြိမ်ပြီး စဉ်းစားဆင်ခြင်တတ်ပြီး ရဲရင့်ကာ  ခံစားချက်ပိုင်းဆိုင်ရာ အားနည်းချက်မရှိပါပေ။

"ကောင်းပြီလေ..."

ဖူလီက မျက်လုံးမှိတ်သည်အထိ ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။ 

ကျွမ်းချင်က ကြောင်ငေးကြည့်နေကာ ဖူလီမှာ သူ့ကို အနာဂတ်တွင် ဆက်လက် တောင်းဆိုနေရန် ပြောသည်လား သို့မဟုတ်ပါက... သူနှင့်အတူရှိရန် သဘောတူလိုက်သည်လားကို ခေတ္တမျှ မသေမချာ ဖြစ်နေလေသည်။

ကျွမ်းချင်က ထိုနေရာတွင် ကြောင်တောင်တောင်နှင့် ထိုင်နေသည်ကိုမြင်ရာ ဖူလီက လက်တစ်ဖက်ဆန့်၍ သူ့နဖူးကို ပုတ်လိုက်လေသည်။ 

"ငါတို့ ဒီနေ့ ၁၂လ ရာသီခွင် ပေါက်စီတွေ လုပ်ဖို့ သဘောတူထားတယ်မလား..."

"အင်း..."

ကျွမ်းချင်က တဖြည်းဖြည်းနှင့် အသိပြန်ဝင်လာကာ ဖူလီက သူ့အား မီးဖိုချောင် အဝအထိ ဆွဲခေါ်လာသည်ကို သဘောပေါက်သွားလေသည်။ သူ့၏ ချို့ယွင်းချက်မရှိသည့် အင်္ကျီလက်များက ဖူလီ၏ ဆုပ်ကိုင်ထားမှုကြောင့် တွန့်နေပြီး တန်ဖိုးကြီးထုတ်ကုန်တစ်ခု၏ အသွင် ကင်းမဲ့နေပေသည်။

"ဖူလီ... မင်းက..."

ကျွမ်းချင်က ဖူလီကို သူက သူတို့ အတူရှိနေရန် သဘောတူလိုက်သည်လားဆိုသည်ကို မေးလိုသော်လည်း ဖုန်းလွေ့ကျုံးနှင့် ခန်းကူက မီးဖိုချောင် တံခါးဝတွင် ထိုင်နေသည်ကို မြင်သောအခါ သူ့၏ စကားလုံးများကို မျိုချလိုက်သည်။ 

ထိုအကြီးအကဲနှစ်ဦးက သူ ဖူလီအပေါ်တွင် ထိုကဲ့သို့ ရည်ရွယ်ချက်များ ထားရှိထားသည်ကို သိပါက သူတို့သည် သူ့အား လွင့်မျောနန်းတော်၏ ပြင်ပဟိုဟိုဒီဒီသို့ လွှတ်ပစ်ကာ လွင့်မျောနန်းတော်နားသို့ ကပ်ရန် ခွင့်ပြုတော့မည် မဟုတ်ပါပေ။ 

သူ့နှလုံးသားထဲမှ တိုးဝှေ့နေသော ခံစားချက်များကို သည်းခံကာ မနက်စာပြင်လိုက်သည်။ မိစ္ဆာလေးဦးက အတူတကွ ထိုင်လိုက်သည်။ စကားမများသည့် ကျွမ်းချင်မှ လွဲ၍ ဖူလီ၊ ဖုန်းလွေ့ကျုံးနှင့် ခန်းကူတို့က သူတို့ နေ့လည်စာနှင့် ညစာကို ဘာစားမည်အား စိတ်အားထက်သန်စွာ ဆွေးနွေးနေပေသည်။ 

"ရှောင်လီ... မင်း ဘာစားချင်လဲ... ငါလုပ်ပေးမယ်..."
ခန်းကူမှာ သူ့၏ ဟင်းချက်စွမ်းရည်တွင် ဆန်းကြယ်သော ယုံကြည်ချက်တစ်ခု ရှိပေသည်။

"ဘုရင်က ဒီလို ကိစ္စလေးတွေကို ဘယ်လိုလုပ်ပြီး လုပ်ရမှာလဲ... ကျွမ်းချင် ဟင်းချက်တာက အတော်လေး ကောင်းပြီး သူက ဂျူနီယာလေ..  သူဟင်းချက်တာက ပိုသင့်တော်ပါတယ်..."

ခန်းကူ၏ ဟင်းချက်မည်ဟူသော ပြောဆိုချက်မှာ ဖူလီကို အလွန်ကြောက်လန့်စေပြီး ကျွမ်းချင်၏ လက်ကို အလျင်အမြန် ကိုင်လိုက်ကာ သူ့ကို ကြည့်လိုက်သည်။ 
"ဟုတ်တယ်မလား...  နဂါးလေးကျွမ်း..."

ဖူလီ ကြည့်လာသည့် ပုံကိုမြင်ရာ ကျွမ်းချင်က သူယခင်က ပြောဖူးသည့် သူက ဘုရင်ကန်းလေ့၏ အစားအသောက်ကို စားရသည်အား အကြောက်ဆုံးဟူသည်ကို ပြန်အမှတ်ရသွားလေသည်။ သူ့နှလုံးသားထဲမှ ခံစားချက်များကို ဖိနှိပ်ကာ ကျွမ်းချင်က ခေါင်းညိတ်ပြလိုက်သည်။ 

"ဖူလီ ပြောတာ ဟုတ်တယ်... အဲ့ဒါတွေကို ကျွန်တော်တာဝန်သာ ထားလိုက်ပါ... စီနီယာခန်းနဲ့ ဖူလီက မတွေ့တာ ကြာပြီဆိုတော့ အတူရှိနေတုန်း စကားပြောနေကြလေ... ဖူလီက ဦးလေးတို့အားလုံးအကြောင်း ကျွန်တော်ကို ခဏခဏပြောဖူးတယ်... သူက ဒီနှစ်တွေထဲမှာ ဦးလေးတို့ အကုန်လုံးကို လွမ်းနေတာ... အခု ဦးလေးတို့ ပြန်ဆုံကြပြီဆိုတော့ ဒီလိုကိစ္စလေးတွေမှာ ဘာလို့ အချိန်ဖြုန်းနေဦးမှာလဲ..."

ကျွမ်းချင်က ကြုံတောင့်ကြုံခဲ စကားအများကြီး ပြောလာကာ သူထိုသို့ လုပ်သည့်အချိန်တိုင်းတွင် ၄င်းက ဖူလီ၏ စကားလုံးများကိုသာ သံယောင်လိုက်နေခြင်းသာ ဖြစ်ပေသည်။ ဖုန်းလွေ့ကျုံးနှင့် ကန်းဖူတို့ နှစ်ယောက်စလုံးမှာ ထို့အကြောင်းကြောင့် ရှက်ရွံ့နေပေသည်။ 
သူတို့ မိသားစုကလေးက သူတို့ဘေးက လူကို အနိုင်ကျင့်ပြီး ဘာလုပ်တာလဲ...

"ရှောင်ကျွမ်း... ဒီကလေးက ငယ်ငယ်ကတည်းက ငါတို့ အလိုလိုက်တာခံခဲ့ရတာ... သူ့ကို နေရာတကာ အလျော့မပေးနဲ့နော်..."

ဖုန်းလွေ့ကျုံးက ဖူလီ မျက်လုံးမပေါ်သည်အထိ ပြုလိုက်သည်ကို ကြည့်လိုက်လေသည်။ 

"သူက အလိုလိုက်ခံရလေလေ အားနည်းလာလေလေ ဖြစ်လာမှာ..."

"မဟုတ်ပါဘူး... ဖူလီက အရမ်းကောင်းပါတယ်..."
ကျွမ်းချင်က ဆိုလိုက်သည်။

"သူက ဗျူရိုမှာဆို ကျွန်တော်ကို အများကြီး ကူညီပေးပြီး အကျင့်စရိုက်လည်း ကောင်းတယ်... ဗျူရိုထဲက ကျင့်ကြံသူတွေ အကုန်လုံး သူ့ကို အရမ်းချစ်ကြတယ်..."

ဖုန်းလွေ့ကျုံးက ခေါင်းခါလိုက်သည်။ အမှန်ပင် အလှအပမှာ ကြည့်ရှုသူ၏ မျက်လုံးထဲတွင် တည်ရှိပေသည်။ အကြီးအကဲများ အနေဖြင့် သူတို့မှာ ဖူလီ ပိုင်ဆိုင်ထားသော အားနည်းချက်များနှင့် အားသာချက်များကို သူတို့နှလုံးသားထဲတွင် အလွန်ရှင်းလင်းပေသည်။ သူတို့ အစားအသောက်စစားသည့် အချိန်မှစ၍ ဖူလီက အတွေးမရှိပဲ စားသောက်ကာ အရူးတစ်ယောက်သဖွယ် ပြုံးနေစဉ်တွင် ကျွမ်းချင်က ရံဖန်ရံခါ ဖူလီကို တိတ်တဆိတ် လှမ်းကြည့်နေသည်ကို သူတို့က သိပေသည်။ 

ဖူလီက သူတို့ မိသားစု၏ ကလေးမဟုတ်ပါက ခေါ်ထုတ်ကာ ရိုက်လိုက်မည် ဖြစ်ပေသည်။ သို့သော် သူတို့က သူတို့ မိသားစု၏ ကလေးကို ချစ်ခင်၍ မျက်လုံးတစ်ဖက် မှိတ်ထားရန်သာ တတ်နိုင်ပေသည်။ 

စားသောက်ပြီးနောက် ခန်းကူက မီးဖိုချောင်ထဲတွင် ကူညီရန် နေခဲ့၍ ဖူလီမှာလည်း နေခဲ့သည်မှ လွဲ၍ ရွေးချယ်စရာမရှိတော့ပဲ ဖုန်းလွေ့ကျုံးနှင့်အတူ ထောင့်တွင် ဂျုံနယ်နေပေသည်။

"ဆယ့်နှစ်လမှာ "ဖုန်း" မရှိဘူး..."
ဖူလီက တိတ်တဆိတ် ဖုန်းဟွမ်တစ်ခု နယ်နေသော ဖုန်းလွေ့ကျုံးကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကြက်တစ်ကောင်တည်းပေါ့..."

"ကြက်တစ်ကောင်က ဖုန်းဟွမ်တစ်ကောင်လောက် ကြည့်ကောင်းလို့လား..."

ဖုန်းလွေ့ကျုံးက တုတ်တစ်ချောင်းဖြင့် ဖုန်း၏ မျက်လုံးများကို ပြုလုပ်နေပြီးနောက် ဂျုံအမြှောင်းလေးတစ်ခုပြုလုပ်ကာ အမြီးတွင် ကပ်လိုက်ပြီး သူ့လက်ထဲမှ ဖုန်းဟွမ်ကို တတ်နိုင်သမျှ အသက်ဝင်စေရန် ရည်ရွယ်နေပေသည်။ ဖူလီ၏ မျက်လုံးထဲတွင်မူ ၄င်းမှာ အမြီးတွင် ကြက်သွန်မြိတ်ကြီးတစ်ခုနှင့် ငန်းဝတုတ်တစ်ကောင်သာ ဖြစ်လေသည်။ 

ဖူလီက အခြားသူများထက် သာအောင်မလုပ်ပါပေ။ သူ တစ်ချိန်က မုန်းရသည့် နဂါးကို စတင်ပြုလုပ်လိုက်သော်လည်း သူ့အကြိုက်မှာ ရွှေနဂါးအတွက်သာ ဖြစ်သည်ကို ပြသရန်အတွက် တခြားသော နဂါးများမှာ ပေါ့တန်တန်သာ ကျန်ရစ်ခဲ့ပြီး သူက အထူးသဖြင့် ပြောင်းဂျုံနှင့် နဂါး၏ ခန္ဓာကိုယ်ကို ပြုလုပ်ရန် ရွေးချယ်လိုက်သည်။

ကျွမ်းချင်၏ အောင်မြင်သော အသွင်ပြောင်းလဲမှုအပြီးတွင် သူ့၏ နဂါးခန္ဓာတစ်ဝက်မှာ ဖူလီ မြင်ရသည့် ရေနေသတ္တဝါတို့၏ ဧကရာဇ်၏ ခန္ဓာကိုယ် အမှန်အဖြစ် တိုးတက်သွားပြီ ဖြစ်လေသည်။ ရွှေနဂါး၏ ခွန်အားနှင့် ခမ်းနားမှုကို ပြသရန်အတွက် သူက ပြောင်းဂျုံတစ်ဝက်ကို တိုက်ရိုက်ယူလိုက်သည်။

နဂါးဦးချိုများက ကြည့်ကောင်းရပေမည်။ နဂါး မုတ်ဆိတ်သည်လည်း ကျက်သရေရှိကာ အပြည့်ဖြစ်ပြီး နှာခေါင်းကြီးကြီးကို အနည်းငယ် လက်တွေ့ကျမှုနည်းအောင် ပြုလုပ်နိုင်ပေသည်။ အဓိက နေရာမှာ နဂါး၏ ဆန်းကြယ်သော ကွေ့ကောက်သည့် ပုံစံနှင့် ၄င်း၏ လှပသော ရွှေရောင် ကြေးခွံများ ဖြစ်ပေသည်။

"အိုး... ရှောင်လီ... အဲ့ ငါးရှဉ့်က မဆိုးဘူးပဲ..."

ပေါင်းအိုးများကို ပြန်သိမ်းရန် လာသော ခန်းကူက တစ်ချက်ကြည့်ကာ သူ့၏ အသိစိတ်ကို ချိုးနှိမ်ကာ သူ့ကို ချီးကျူးလိုက်သည်။
"ထင်ရှားတယ်၊ အသက်ဝင်တယ်၊ တက်ကြွတယ် ပြီးတော့ စွဲမက်စရာကောင်းတယ်..."

ဖူလီက သူနဂါးကြေးခွံဖော်ရန်အတွက် သုံးနေသော ဓားကို ပစ်ချလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်က နဂါးတစ်ကောင် လုပ်နေတာလေ..."

"အဲ့ဒါက..."
ခန်းကူက နှစ်စက္ကန့်ခန့် ကြောင်သွားလေသည်။ 
"အဲ့ဒါက အသက်ဝင်နေတုန်းပါပဲ..."

'အသက်ဝင်သည်'ဆိုသည်မှလွဲ၍ သူ့၌ တခြား ချီးကျူးစရာ စကားလုံးတစ်ခုမှ မကျန်တော့ပါပေ။ 

ဖူလီနှင့် ဖုန်းလွေ့ကျုံး ပြုလုပ်ထားသည့် နဂါးနှင့် ဖုန်းဟွမ်မှာ ပေါင်းအိုးတစ်ဝက်နီးပါး နေရာယူကာ တခြားသော ရာသီခွင်များက ပေါင်းအိုး၏ အခြားတစ်ဝက်တွင် သနားစဖွယ် ကျုံ့ဝင်နေကာ တည်ရှိနေသည်ဟူသော အသိပင် လုံးဝ ပျောက်ဆုံးနေပေသည်။ 

ခန်းကူက ပေါင်းအိုးကို အိုးဆီသို့ ယူသွားပြီး ကျွမ်းချင်ကို မေးလိုက်သည်။

"ငါတို့ ပြင်စရာလိုတာ ကျန်သေးလား..."

"သိပ်မကျန်တော့ဘူး..."

ကျွမ်းချင်က ပေါင်းအိုး၏ အဖုံးကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ သူက ထောင့်တွင် ကပ်နေသော ယုန်ကို ချောမွေ့စွာကောက်လိုက်ပြီး ရွှေနဂါး၏ ခေါင်းဘေးတွင် ထားလိုက်ကာ အဖုံးကို အမူအရာမဲ့ ပြန်ဖုံးထားလိုက်သည်။ 

ခန်းကူ : ...

ဒီနေ့ခေတ် လူငယ်မိစ္ဆာတွေက တကယ်ကို ပိုပိုပြီး နားလည်ရခက်လာကြတာပဲ...

ဟင်းသီးဟင်းရွက်များဆေးခြင်းနှင့် အသားလှီးခြင်းက နောက်ထပ် လုပ်ငန်းစဉ်များ ဖြစ်ပေသည်။ မိစ္ဆာလေးဦးမှာ နက်နဲသော ကျင့်ကြံခြင်းနှင့် ခွန်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သူတို့က ၄င်းတို့ကို လူသားများ ပြုလုပ်သည့်အတိုင်း အတိအကျပြုလုပ်ကာ ပျော်ပျော်ရွှင်ပင် ပြုလုပ်ကြပေသည်။ 

"ငါမင်းကို ကျူးယွဲ့ဆီက ဓားသိုင်းကို သေချာသင်ခိုင်းပေမဲ့ မင်းက ငါ့ကို ကစားဖို့ပဲ ဆွဲခေါ်ချင်နေတာ... မင်းလှီးထားတဲ့ အာလူးတောက်တောက်တွေကို ကြည့်ပါဦး... ဒါကို ဘယ်လိုလုပ်ပြီး တောက်တောက်စဉ်းတယ်လို့ခေါ်မှာလဲ... အဲ့ဒါတွေက အချောင်းတွေဆိုတာ အရှင်းကြီးကို..."

"အဆိုးဆုံးဖြစ်လာရင် နဂါးလေးကျွမ်းကို ကျွန်တော်အတွက် အာလူးချောင်းကြော် ကြော်ခိုင်းလိုက်မယ်... သူ့ရဲ့ အာလူးချောင်းကြော်တွေက အရသာရှိတယ်... ပြီးတော့ ကျွန်တော်နဲ့ ဆော့နေတုန်းကလည်း ပြန်လာပြီး ဓားသိုင်းသေချာသင်ဖို့ မပြောဖူးပါဘူး..."

"ငါ့ကို ပြန်ပြောနေတုန်းလား... ယုံယုံ မယုံယုံ ငါမင်းကို ရိုက်မှာနော်..."

"ကလေးတစ်ယောက်ကို အိမ်တွင်းအကြမ်းဖက်တာက အမှန်ဘူးနော်..."

"အသက် ၄၀၀၀ကျော် နေတဲ့ ကလေးလား..."

ထောင့်တွင် စကားများနေသည်ကို ကြားရာ ကျွမ်းချင်က အကြိမ်ကြိမ် ပြန်လှည့်ကြည့်လိုက်သည်။ သူက အိုးထဲမှ ဆူပွက်နေသော စွပ်ပြုတ်ကို အာရုံမစိုက်နိုင်တော့ပါချေ။ ထိုအချိန်တွင် သူ့စိတ်မှာ ဖူလီကို သူနှင့် သဘောတူရန် မည်သို့ ပြုလုပ်ရမည်ကိုသာ စိထ်ထဲရှိနေပေသည်။
ပြီးတော့ 'ကောင်းပြီလေ'ဆိုတာက သူဘာကိုဆိုလိုတာလဲ...

"သူတို့ နှစ်ယောက်ကို ဂရုစိုက်မနေနဲ့... သူတို့က လွန်ခဲ့တဲ့ ၂ရက်ကမှတွေ့ပြီး အသားမကျတာနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်နေတုန်း ရှိသေးတာ... သူတို့ အဲ့တုန်းက ရန်မဖြစ်နိုင်ဘူးလေ..."

ခန်းကူက ကျွမ်းချင်၏ ပခုံးကို ပုတ်ပေးလိုက်သည်။

"အရင်တုန်းကဆိုရင် ရောင်ပြန်မြူတောင်ပေါ်မှာ လောင်ဖုန်းက ဖူလီရဲ့ လှိုဏ်ဂူရှေ့က ထီးပင်ပေါ်မှာနေရတာကို အကြိုက်ဆုံးလေ... ဖူလီက သူ့ကို ပုံစံမပြောင်းနိုင်တဲ့ စာကလေးငှက်ကလေးလို့ထင်ပြီး သူ့ကို အသက်အရွယ်တူ ကစားဖော်လို့ မှတ်ထားတာ... သူတို့အတူတူရှိနေရင် ဆော့ရင်ဆော့ မဆော့ရင် ငြင်းခုန်နေကြတာ... ရှောင်လီရဲ့ အကျင့်တစ်ဝက်က လောင်ဖုန်းဆီကနေ ရထားတာလေ..."

လွန်ခဲ့သည့် နှစ်၅၀၀၀ကျော်က လောင်ဖုန်းမှာ မကောင်းဆိုးဝါးတစ်ချို့နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး သူ့၏ ကျင့်ကြံခြင်းကို အများအပြား ထိခိုက်သွားခဲ့ပေသည်။ ထိုအချိန်မှစ၍ သူက အသက်ရှင်မှုကို ပြန်လည်ရရှိရန် ငယ်ဘဝ၏ သွင်ပြင်ကို ယူထားပေသည်။ နောက်ပိုင်းတွင် ခက်ခက်ခဲခဲဖြင့် သူ့၏ကျင့်ကြံခြင်းကို ပြန်ရပြီးနောက် သူက နှာတစ်ချက်မှုတ်သည်နှင့် တောင်များနှင့် ပင်လယ်များကို ရွေ့လျားနိုင်သည့် မကောင်းဆိုးဝါးများစွာ၏ ချိတ်ပိတ်ခြင်းကို ခံရကာ သူ့၏ ငယ်ဘဝသွင်ပြင်သို့ ပြန်ရောက်သွားပေသည်။

ဖူလီမှာ လောင်ဖုန်း အသွင်ပြောင်းသည်ကို တစ်ခါမှ မမြင်ခဲ့ဖူး၍ လွန်ခဲ့သည့် ရက်အနည်းငယ် သူတို့ ပထမဆုံး တွေ့စဉ်က လောင်ဖုန်းသည် သူတို့က ရှောင်လီဖြစ်သည်ကို သိပြီး မျက်နှာပြောင်ကာ ရှောင်လီသူ့အား ဦးလေးဟု ခေါ်စေရန် စီနီယာတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ့ဆန္ဒမှာ ပြည့်ဝသွားပြီဟု ယူဆ၍ ရပေသည်။ 

ခန်းကူ ရောင်ပြန်မြူတောင်ပေါ်မှ အကြောင်းအရာများကို ပြန်ပြောသည်ကို နားထောင်လျက် ကျွမ်းချင်၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားလေသည်။

"ဖူလီက စီနီယာဖုန်းနဲ့ ဆက်ဆံရေး တော်တော်ကောင်းတာပဲ..."

"ဟုတ်တယ်..."

ခန်းကူက သက်ပြင်းချလိုက်သည်။ ဖုန်းလွေ့ကျုံးနှင့် ဖူလီတို့က ရန်ဖြစ်နေဆဲ ဖြစ်သည်ကို မြင်ရာ သူက ကျွမ်းချင်ကို အသံတိုးတိုးနှင့် ဆိုလိုက်သည်။

"ငါသူ့ကို တွေ့တဲ့နေ့တုန်းက သူ့ငါ့ကိုပြောပြတာက ဖူလီသူ့ကို ဦးလေးလို့ မခေါ်ပဲ တောင့်ခံခိုင်းတဲ့ အချက်ကြောင့်သာမဟုတ်ရင် သူက မီးငြိမ်းသွားတဲ့နေ့အထိ ကြိုးစားမှာမဟုတ်ဘူးတဲ့..."

ကျွမ်းချင်က ဟင်းသီးဟင်းရွက်များကို ရှုပ်ပွနေသော အပုံကြီးတစ်ခုအဖြစ် ပြောင်းလိုက်သည့် မိစ္ဆာနှစ်ဦးကို လှည့်ကြည့်လိုက်သည်။ သူက ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဒီအတိုင်းက တော်တော်လေး ကောင်းပါတယ်..."

"ဟုတ်တယ်... ဒီအတိုင်းက တော်တော်လေး ကောင်းတယ်..."

ခန်းကူက ခေါင်းညိတ်ပြလိုက်သည်။