Chapter 156
ပေါက်စီပေါင်းခြင်းက ပြီးဆုံးသွားလေပြီ။ ခန်းကူက ပေါင်းအိုးအဖုံးကို ဖွင့်လိုက်ရာ ဖူလီနှင့် ဖုန်းလွေ့ကျုံးက လျှောက်လာလေသည်။ ပေါင်းပြီးနောက် မူလက ရုပ်ဆိုးနေသော နဂါးနှင့် ဖုန်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖောင်းကားလာကာ ပို၍ပင် ရုပ်ဆိုးလာပေသည်။
ခြားနားချက်မှာ ကျွမ်းချင်ယခင်က ဖိထားသော ယုန်မှာ နဂါးခေါင်းပေါ်တွင် အသက်ဝင်သော ဟန်ဖြင့် ထိုင်နေကာ ယုန်တစ်ကောင်က နဂါး၏ ခွန်အားကို ငှားနေသည့် သွင်ပြင်အတိုင်း အတိအကျ ဖြစ်နေပေသည်။
"ကျက်သွားပြီ..."
ခန်းကူက ပေါက်စီလေးများကို ထိကာ ပေါင်းအိုးကို ဘေးတွင် ချထားလိုက်သည်။
"ဘေးမှာ ထားလိုက်..."
ထိုနှစ်ဦးက မီးဖိုချောင်ထဲတွင် အကူအညီမရပါပေ။ သူတို့ အစအဆုံး လုပ်သည်မှာ ဖရိုဖရဲ ပြုလုပ်ခြင်းသာဖြစ်သည်။
ဖူလီက နဂါးနှင့် ယုန်ကို ကောက်လိုက်ပြီး ဖုန်းလွေ့ကျုံးကို ပြောလိုက်သည်။
"ဒါတွေက ကျွန်တော်နဲ့ နဂါးလေးကျွမ်းရဲ့ ဟာတွေ..."
ထို့နောက် သူက ဝက်ကလေးကိုလည်း ယူလိုက်သည်။
"ဒါက ဘုရင်အတွက်..."
ဖုန်းလွေ့ကျုံးက သူ့ကို လျစ်လျူရှုလိုက်သည်။ သူက အငွေ့တစ်ထောင်းထောင်းထနေသော ဖုန်းဟွမ်ပေါက်စီအပူကို ယူပြီး ကိုက်လိုက်သည်။ ရုပ်ဆိုးသော ဖုန်းဟွမ်က ၄င်း၏ တောင်ပံတစ်ဝက်ကို တစ်ကြိမ်တည်း ပျောက်ဆုံးသွားလေသည်။
"နဂါးလေးကျွမ်း... လာခဲ့... မင်းအတွက်..."
ဖူလီက နဂါးဦးချိုနှစ်ခုကို နုတ်လိုက်ပြီး ကျွမ်းချင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
"နဂါးချို စားလိုက်... နဂါးချို စားလိုက်... မင်းက နဂါးလောကထဲမှာ အလှဆုံးနဂါးဖြစ်လာလိမ့်မယ်..."
ယခုတွင် နဂါးမျိုးနွယ်ထဲ၌ စုစုပေါင်း နဂါးအကောင်ရေ ၅၀ကျော်သာ ရှိပေသည်။
အလှဆုံးဖြစ်လာဖို့ အရမ်းခက်နေလို့လား...
ဖူလီလက်ထဲမှ နဂါးချိုပေါက်စီများကို ကြည့်ကာ ကျွမ်းချင်က ခေါင်းငုံ့ပြီး စားလိုက်ကာ ဖူလီလက်များကို မတော်တဆ ထိလိုက်သည်။ ဖူလီက ကျွမ်းချင်၏ နှုတ်ခမ်းထောင့်နီနီများကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ ကျွမ်းချင်၏ အကြည့်က ဖူလီ၏ လက်ချောင်းထိပ်ပေါ်တွင်သာ မြဲမြဲ ကျန်နေပေသည်။ သူသည်လည်း တိတ်ဆိတ်နေလေသည်။
"ရှောင်ကျွမ်း... ဆီက အကျက်လွန်တော့မယ်..."
ခန်းကူက သူ့ကို အသံတိုးတိုးနှင့် သတိပေးလိုက်သည်။
ကျွမ်းချင်က အသိပြန်ဝင်လာသည်။ သူက ဖူလီကို ပြောလိုက်သည်။
"သွားပြီး အရင်ဆော့နှင့်လေ... မင်း အဝတ်တွေ ဆီစင်ပြီး ညစ်ပတ်သွားမယ်..."
ဖူလီက ခေါင်းညိတ်ကာ သူ့ကို ညင်သာစွာ ဆိုလိုက်သည်။
"အဲ့ဒါဆိုရင် ငါအပြင်မှာ ဖုန်းဆော့နေမယ်နော်... မင်းအတွက် ယုန်ပေါက်စီလေး ချန်ထားခဲ့မယ်..."
ကျွမ်းချင်က ညင်သာစွာ ရယ်လိုက်သည်။
"ဟုတ်ပြီ..."
ဖူလီက မီးဖိုချောင် တံခါးဆီသို့ ဦးချိုမပါသည့် နဂါးပေါက်စီဖြင့် လျောက်လာပြီး ထိုင်ချလိုက်သည်။ ပေါက်စီကို တမြုံ့မြုံ့စားကာ သူက ဖုန်းကို ထုတ်လိုက်ပြီး ဖိုရမ်စာမျက်နှာကို နှိပ်လိုက်သည်။
သူ့ပိုစ့်အောက်မှ နေရာမှာ သူနှင့် ကျွမ်းချင်ကို တွဲရန် တောင်းဆိုနေကြသည့် အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များဖြင့် ပြည့်နှက်နေကာ မှတ်ချက်စုစုပေါင်း ၅၀၀၀ပင် ကျော်နေလေပြီ။ ဖိုရမ် စီစစ်သူသည်ပင် သူ့အား 'ထာဝရ စည်းလုံးမှု'အီမိုဂျီတစ်ခု ပို့လာပေသည်။
ဖူလီက ဗီဒီယို၊ gifsနှင့် ဓာတ်ပုံအချို့ကို သူ့ဖုန်းထဲတွင် သိမ်းထားလိုက်ပြီးနောက် အောက်အထိ တိုက်ရိုက် ဆွဲချလိုက်သည်။ မျှော်လင့်တကြီး စောင့်နေကြသော အင်တာနက်အသုံးပြုသူများအကြားတွင် သူက ပိုစ့်ကို ပြန်ဖြေလိုက်သည်။
စွမ်းအားကြီးယုန် : စိတ်ပူပေးကြတဲ့ လူတိုင်းကို ကျေးဇူးပါ... ငါတို့ အခု တွဲနေကြပြီ...
ထိုပြန်စာပို့ပြီးနောက် သူက ဖုန်းကို အိတ်ကပ်ထဲသို့ထည့်လိုက်ပြီး အမြီးအပါအဝင် နဂါးတစ်ကောင်လုံးကို အပြတ်ရှင်းပစ်လိုက်သည်။
ပန်းကလေး : ငလူး... OPက တကယ်ကြီး လက်ထောက်လေးလား...
ရသာဆိုး ဂဏန်း : သမိုင်းဝင် အခိုက်အတန့်တွေကို မျက်မြင်တွေ့ရဖို့ အချိန်ရောက်ပြီဟေ့...
နှုတ်ဆက်ပါတယ် လမင်းကြီး : ဒီOPက လက်ထောက်လေး အယောင်ဆောင်ပြီး လူတိုင်းကို လှည့်စားဖို့ ဒီပြန်စာကို ပို့လာတယ်လို့ ဘယ်သူမှ သံသယ မဝင်ဘူးလား...
နှုတ်ဆက်ပါတယ်လမင်းကြီး ဟုခေါ်သော အင်တာနက်အသုံးပြုသူ၏ မှတ်ချက်မှာ လူအများ၏ ထောက်ခံခြင်းကို ရရှိသွားသည်။ သူတို့အတွက်မူ အရာများက မတိုက်ဆိုင်နိုင်ပါပေ။ နေဗားရင်းပိုစ့်က နာမည်ကြီးသွားသော အချိန်တွင် ဤပိုစ့်၌ ထပ်တူညီသော အသေးစိတ်အချက်ကလေးများစွာ ပေါ်လာပေသည်။
လက်ထောက်လေးနဲ့ ဥက္ကဌကျွမ်းတို့လို အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ဘေးမှာ လူမရှားပါဘူး... သူတို့က ဘယ်လိုလုပ်ပြီး အွန်လိုင်းပေါ်လာတင်မှာလဲ...
သို့သော် အင်တာနက်အသုံးပြုသူများက ထိုပိုစ့်၏ စစ်မှန်မှုကို သိပ်၍ ဂရုမစိုက်ကြတော့ပါပေ။ သူတို့က သူတို့စိတ်ကူးထဲရှိ ချိုမြိန်သော အချစ်ဇာတ်လမ်းလေးဆီသို့ ရွေ့လျားကာ ပလက်ဖောင်းများစွာကို သွားရောက်ကာ ထိုပိုစ့်ကို အားပေးနေပေသည်။ ထို့ကြောင့် များစွာသော အင်တာနက်အသုံးပြုသူများ၏ အာရုံစိုက်မှုကို ရရှိသွားကာ ဖိုရမ်၏ ဆာဗာကို ရပ်ဆိုင်းသွားစေပေသည်။
"ငလူးပဲ... သူတို့နှစ်ယောက်က တကယ်ကြီး တွဲသွားတာလား..."
ခရုစုပ်ငှက်သည် တစ်နေ့လုံး မအိတ်ပဲ ဖုန်းသုံးနေလေသည်။ သူက သူတို့'တွဲနေပြီ'ဆိုသည့် OP၏ ပြန်စာကို မြင်သောအခါ ဖုန်းကို လွင့်ပစ်လုနီးနီး ဖြစ်သွားလေသည်။
အင်တာနက်အသုံးပြုသူအများအပြားက ဤကိစ္စကို ဖျော်ဖြေရေးအနေဖြင့် ယူဆကြသော်လည်း ဤသည်က တစ်စုံတစ်ယောက်က နောက်ပြောင်နေသည်မဟုတ်သည်ကို သူသိပေသည်။ ထိုပိုစ့်တင်သူက ဖူလီ ဖြစ်နိုင်ချေ ၈၀ သို့မဟုတ် ၉၀ ရာခိုင်နှုန်းအထိ ရှိပေသည်။
ထိုမိစ္ဆာများကို သတ်သည့်အချိန်က ကျွမ်းချင်၏ ရက်စက်မှုကို တွေးမိပြီးနောက် ခရုစုပ်ငှက်၏ ပခုံးများက မတုန်ယင်ပဲ မနေနိုင်တော့ပါချေ။ သူက ကျွမ်းချင်တစ်နေ့နေ့တွင် စိတ်အခြေအနေမကောင်းပါက ယုန်ဖူလီကို တစ်လုပ်တည်းဖြင့် မျိုချလိုက်မည်ကို အမှန်ပင် စိုးရိမ်လှပေသည်။
သူ့၏ ခြောက်သွေ့ကာ ပင်ပန်းနေသော မျက်လုံးများကို ပွတ်ကာ သူက အိပ်ရာထဲမှ ထွက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ တွန်းဖွင့်လိုက်သည်။ လေအေးများနှင့် ရောယှက်နေသည့် နှင်းပွင့်များက အခန်းထဲသို့ တိုးဝင်လာသည်။ သူက ပြတင်းပေါက်များကို အလျင်အမြန် ပိတ်လိုက်သည်။
ကျွမ်းချင်နှင့် ဖူလီတို့ ချိန်းတွေ့ပါက သူတို့ ပေါ့ပေါ့ပါးပါးပေးသည့် လက်ဆောင်များက ဗီလာများနှင့် ကျောက်မျက်ရတနာများ ဖြစ်သည်။ တစ်ခြားတစ်ဖက်တွင် သူသည် စတုရန်းမီတာ ၇၀ပင်မရှိသည့် အိမ်အစုတ်ကလေးတွင် နေရသည်။ ငှက်လောက၏ နိုင်ငံရတနာဖြစ်သည့် သူက ယုန်တစ်ကောင်သဖွယ်ပင် ယောင်ချာချာမလုပ်နိုင်ပါပေ။ နားထောင်သူများကို ပူဆွေးစေကာ ကြည့်ရှုသူများကို မျက်ရည်ကျစေနိုင်သည့် ကိစ္စရပ်တစ်ခုပင် ဖြစ်ပေသည်။
သူက အတွေးလွန်နေစဥ် ထူထဲသော မိစ္ဆာချီဖြင့် အနီရောင်အရိပ်တစ်ခုက သူ့ပြတင်းပေါက်မှ ဖြတ်သွားလေသည်။
"အဲ့ဒါ ဘာကြီးလဲ..."
သိပ်သည်းသည့် မိစ္ဆာချီ လှိုင်းက ခရုစုပ်ငှက်ကို မသိစိတ်မှ အသက်ရှုအောင့်ထားစေလိုက်ပေသည်။ သူ့စိတ်ထဲတွင် စိတ်မအေးမှုတစ်ခု ရှိနေပေသည်။ ဗျူရို၏ လမ်းညွှန်ချက်များအရ ယောင့်ကျင့်ကြံသူများက လူသားလောကတွင် အလွန်ပြင်းထန်သော မိစ္ဆာချီကို ထုတ်၍မရပါပေ။ သူတို့ကို စီမံခန့်ခွဲရေး ဗျူရိုမှ တွေ့ရှိပါက အပြစ်ပေးခံရမည်ဖြစ်သည်။
သူကပြတင်းပေါက်ကို ခိုးကြောင်ခိုးဝှက် ဖွင့်ကြည့်လိုက်သည်။ လေထဲတွင် မိစ္ဆာချီအကြွင်းအကျန်များမှလွဲ၍ တခြားသော မြင်နိုင်သည့် ယောင်ကျင့်ကြံသူတစ်ယောက် ဖြတ်သန်းသွားသည့် လမ်းကြောင်းများ မရှိပါပေ။
"ဘာပဲဖြစ်ဖြစ် အဲ့ဒါက စီမံခန့်ခွဲရေး ဗျူရိုရဲ့ ပြဿနာပဲလေ... ငါက ဘာတွေကို စိတ်ပူနေတာလဲ..."
ခရုစုပ်ငှက်ကက အိပ်ရာဆီသို့ ပြန်လာကာ ဂိမ်းဆော့ရန်အတွက် ဖုန်းကို ကောက်ကိုင်လိုက်သည်။ သို့သော် သူစပြီးသည်နှင့် သုံးပွဲဆက်တိုက် ရှုံးသွားလေသည်။
"ထားလိုက်ပါတော့... ငါဒါကို စီမံခန့်ခွဲရေး ဗျုရိုကို သတင်းပို့တာ ပိုကောင်းမယ်..."
ခရုစုပ်ငှက်က ဂိမ်းထဲမှ ထွက်ကာ ဗျူရို၏ hotline ကို ခေါ်လိုက်သည်။
မည်သည့်အချိန်ပင် ဖြစ်ပါစေ ဗျူရိုတွင် တာဝန်ကျနေသော ယောင်ကျင့်ကြံသူများ အမြဲလိုလိုရှိပေသည်။ နွေးထွေးသော နှလုံးသားရှိသည့် မိစ္ဆာ၏ ခေါ်ဆိုမှုကို လက်ခံပြီးနောက် သူတို့က ချက်ချင်းပင် မိစ္ဆာအဖွဲ့များ၏ အကြီးအကဲအသီးသီးများကို ချက်ချင်းသတင်းပို့လိုက်ပြီး မိစ္ဆာလောက၏ ပလက်ဖောင်းပေါ်တွင် သတင်းဖြန့်လိုက်လေသည်။
စီမံခန့်ခွဲရေးဗျူရိုက မကြာခဏပင် သတိပေး စာများ ပေးပို့လေ့ရှိသော်လည်း အဖြစ်အပျက်တိုင်းကို ဗျူရိုမှ အချိန်တိုအတွင်း ဖြေရှင်းပေးသည်။။သို့မဟုတ်ပါက ၄င်းမှာ မှားယွင်းသတင်းပို့မှုတစ်ခုသာဖြစ်ပေသည်။ သို့ဖြစ်၍ ဤသတင်းကို ရရှိသော ကျင့်ကြံသူများက သူတို့၏ ခမ်းနားသော နေ့လည်စာကို ပျော်ရွှင်စွာ စားသုံးနေကြပြီး ထိုကိစ္စကို အလေးအနက် မယူပါပေ။
သတင်းပေးအလုပ်သမားများက ပတ်ဝန်းကျင်ကို စုံစမ်းကာ အနီးနားမှ စောင့်ကြည့်ကင်မရာများကို ရရှိခဲ့သော်လည်း ခရုစုပ်ငှက်ပြောသည့် မသင်္ကာစရာ မိစ္ဆာတစ်ကောင်မှ မတွေ့ပါပေ။ သို့ဖြစ်၍ စီမံခန့်ခွဲရေး ဗျူရိုက ဤကိစ္စကို မှားယွင်းသတင်းပေးမှုအဖြစ် သတ်မှတ်လိုက်ကြသည်။
ခရုစုပ်ငှက်က စီမံခန့်ခွဲရေး ဗျုူရိုမှ လူများ မည်သည်ကိုမှ ရှာမတွေ့ပဲ ရောက်လာသည်ကို မြင်သောအခါ သူအမြင်မှားသည်ဟု တွေးလိုက်ပေသည်။ သို့သော် ကောင်းကင်က မှောင်မဲလာလုဆဲ အချိန်တွင် အပြင်မှ လူသားအော်သံများနှင့် ကလေးငိုသံကို ကြားလိုက်ရပေသည်။
သူက သေးငယ်ကာ အိုဟောင်းသော ပတ်ဝန်းကျင်တွင် နေထိုင်ပေသည်။ အိမ်များက အလွန်မကောင်းသော်လည်း ဤနေရာတွင် နေထိုင်သူက မနည်းပါပေ။ သူက ပြတင်းပေါက်ကို အလျင်အမြန် ဖွင့်လိုက်ပြီး ခြင်္သေ့တစ်ကောင်နှင့် တစ်ဝက်ဆင်တူသည့် ယုတ်မာသည့်ဟန် ပေါက်သော မကောင်းဆိုးဝါးတစ်ကောင်က ကလေးနှစ်ယောက်ဆီသို့ ခုန်အုပ်နေသည်ကို မြင်လိုက်ပေသည်။ သူက အထိတ်တလန့်ဖြစ်သွားကာ ပြတင်းပေါက်မှ ခုန်ထွက်ကာ အော်ဟစ်လိုက်သည်။
"မိစ္ဆာကောင်... အဲ့ကလေးနှစ်ယောက်ကို လွတ်လိုက်..."
မကောင်းဆိုးဝါးက ၄င်း၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ခရုစုပ်ငှက်ကို လှည့်ကြည့်လိုက်သည်။ ၄င်းက ဟိန်းသံတစ်ချက် ထုတ်လွှတ်လိုက်ပြီး ဖြူဖွေးကာ သိပ်သည်းသောသွားများနှင့် အနီရဲရဲ သွားဖုံးများကို လှစ်ဟပြလိုက်သည်။ ကလေးနှစ်ဦးက ကြောက်ရွံ့ကာ ရူးသွပ်နေပြီးသည်မှာ ကြာနေပြီ ဖြစ်၍ ငိုလည်း မငိုသလို မပြေးပါပေ။
ခရုစုပ်ငှက်က သေလုနီးပါး ဖြူဖျော့နေသည့် လူကြီးနှစ်ဦးက ကလေးများဘေးတွင် နှင်းများဖုံးနေလျက်ရှိနေသည်ကို မြင်သွားသည်။
မကောင်းဆိုးဝါးမှာ ခြင်္သေ့တစ်ကောင်နှင့်တူသော အမွေးများရှိပြီး ၄င်း၏ ခေါင်းမှ အန္တရာယ်ရှိသော ချီများ ထုတ်လွတ်နေသော ချိုတစ်ခု ရှိပေသည်။ ၄င်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော သွေးစွန်းနေသော ချီများက အလွန်ထူထည်းနေ၍ ရုပ်အသွင်ပင် ဖွဲ့စည်းလုနီးနီးဖြစ်နေလေသည်။
ခရုစုပ်ငှက်က မကောင်းဆိုးဝါး၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ သူက အလောတကြီး အပြင်သို့ ထွက်လာသည်ကို အနည်းငယ် နောင်တရသွားပေသည်။
"နျန်..."
နျန်မှာ လွန်ခဲ့သည့် နှစ်နှစ်ထောင်က မွေးဖွားခဲ့သည်။ ၄င်းက နှစ်ပေါင်းများစွာ ပေါ်မလာသော်လည်း ၄င်း၏ ကြောက်ရွံ့ဖွယ် ဂုဏ်သတင်းမှာ ၄င်းသည် သာမန် ယောင်ကျင့်ကြံသူများအတွက် ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခုဖြစ်သည်ဟု ဆိုလိုနေဆဲ ဖြစ်ပေသည်။
နျန်မှာ အစားအသောက်တွင် ထူးခြားသော အကြိုက်ရှိပြီး အလွန် ဇီဇာကြောင်သည်ဟု ဆိုကြပေသည်။ ၄င်းက ထိုနှစ်တွင် အမျိုးသားတစ်ဦးကို စားလိုပါက အမျိုးသမီးတစ်ဦးကို သေချာပေါက် စားမည် မဟုတ်ပါပေ။ ၄င်းကနောက်နှစ်တွင် မွေးကင်းစကလေးတစ်ဦးကို စားလိုပါက လူကြီးတစ်ဦးကို သေချာပေါက် စားမည် မဟုတ်ပါပေ။
ခရုစုပ်ငှက်မှာ ကျင့်ကြံခြင်း နှစ်ရာအနည်းငယ်သာ ရှိသေးပေသည်။ နျန်နှင့် ရင်ဆိုင်ရသောအခါ သူက ခြေထောက်ပင် ခိုင်ခိုင်မရပ်နိုင်လုနီးပါး ဖြစ်သွားလေသည်။ သူက အားတင်းကာ ပြုံးပြလိုက်သည်။
"သခင်ကြီးနျန်... လူသားလောကကို နှစ်ရာပေါင်း အတော်ကြာအောင် ဆင်းမလာဘူးနော်... ဒီနှစ်က..."
"ထွက်သွားစမ်း..."
နျန်က ခရုစုပ်ငှက်ကို အကြည့်တစ်ချက်ပင် မပေးပဲ အမြီးတစ်ချက်ယမ်းကာ လွင့်ထုတ်ပစ်လိုက်သည်။
"ငလူး..."
ခရုစုပ်ငှက်က မြေပြင်တွင် ခြေကားယား လက်ကားယား ပြုတ်ကျကာ သွေးအန်လိုက်သည်။ သူ့အင်္ကျီလက်တစ်ချက်ယမ်းလိုက်ရာ သူ့၏ အမွေးသုံးခုက ပိုးချည်အဖြစ် ပြောင်းသွားလေသည်။ ထိတ်လန့်နေသော ကလေးနှစ်ယောက်ကို ပွေ့ချီကာ သူ့နောက်တွင် ဝှက်ထားလိုက်ပြီး ကလေးနှစ်ယောက်ကို နျန်၏ ပါးစပ်မှ ရှောင်ရှားပေးလိုက်သည်။
"မင်းတို့ ဗျူရိုကကောင်တွေအကုန်လုံး... ဘာကို မှားပြီး သတင်းပို့တာလဲ... လောင်ဇီတော့ သွားပြီ..."
ခရုစုပ်ငှက်က စီမံခန့်ခွဲရေး ဗျူရိုကို ဖုန်းခေါ်လိုက်သည်။
"ငတုံးကောင်တွေ... နျန် ထွက်လာပြီကွ..."
နျန်၏ ဧရာမခွာကြီးက သူ့နောက်ကျောကို ဆောင့်နင်းလိုက်သည့်အချိန်တွင် သူ ဖုန်းချရန်ပင် အချိန်မရသေးပါပေ။
"ငှက်မိစ္ဆာတစ်ကောင်ကတောင် ငါအစာစားတာကို တားရဲတယ်လား..."
"ငလူးပဲ... ငတုံးကောင်... လောင်ဇီက နိုင်ငံ့ရတနာကွ... နိုင်ငံ့ရတနာ..."
ခရုစုပ်ငှက်က အနင်းခံရ၍ သွေးများအန်လိုက်သော်လည်း နိုင်ငံရတနာအဖြစ် သူ့၏ ဂုဏ်သတင်းကို ကြေညာရန် မမေ့ပါပေ။
ကံမကောင်းသည်မှာ နျန်က နိုင်ငံရတနာဆိုသည်ကို မသိပါချေ။ သူ့မျက်လုံးထဲတွင် သူ့ခြေထောက်အောက်မှ မာန်ဖီနေသော မိစ္ဆာလေးမှာ အန္တရာယ်မရှိသော ငှက်တစ်ကောင်ထက် ဘာမှမပိုပါပေ။ ထိုငှက်၏ လည်ပင်းမှာ သူပါးစပ်တစ်ခုတည်းနှင့် ချိုးလိုက်နိုင်သည့် အရာတစ်ခုဖြစ်ပေသည်။
သို့သော် သူက ခရုစုပ်ငှက်၏ လည်ပင်းကို ချိုးလုဆဲဆဲအချိန်မှာပင် ကြာပွတ်အနီရောင်တစ်ခုက သူ့လည်ပင်းကို ရစ်ပတ်လာသည်။ သူက နာကျင်စွာ အော်ဟစ်ကာ ခရုစုပ်ငှက်ကို လွတ်ပေးလိုက်သည်။
ရောက်လာသည့် လူများကို ကြည့်ကာ ခရုစုပ်ငှက်က တုံ့ဆိုင်းခြင်းမရှိဘဲ ငှက်အသွင်းပြောင်းလိုက်လေသည်။ သူ၏ နီရဲရဲ တောင်ပံများကို ခတ်ကာ သစ်ကိုင်းတစ်ခုနောက်တွင် ပုန်းနေလေသည်။
"ဘယ်မသိနားမလည်တဲ့ ဂျူနီယာက ငါ့ကို တိုက်ခိုက်ရဲတာလဲ..."
ဒေါသထွက်နေသော နျန်က ရောက်လာသော မိစ္ဆာကို လှည့်ကြည့်လိုက်သည်။
"နဂါးလား..."
ကျွမ်းချင်က ခါးစည်းကို ချွတ်ကာ လက်သုတ်ရန် အသုံးပြုလိုက်သည်။
"နျန်လား..."
"အဲ့ဒါက နျန်လား..."
ဖူလီက သဘောမတွေ့မှုဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ရုပ်ဆိုးလိုက်တာ... ကတုံးပြောင်နေတဲ့ ခြင်္သေ့တစ်ကောင်လိုပဲ..."
သူက သူ့လက်ထဲမှ ကြာပွတ်ကို ခါလိုက်သည်။
"ငါတို့ အမြန်ပြန်ရမယ်... ငါတို့ ခဏနေရင် လပြည့်ည နှစ်သစ်ကူးပွဲကို ကြည့်ရဦးမှာ..."
သစ်ကိုင်းပေါ်တွင် နားနေသော ခရုစုပ်ငှက်က သူ့အမွေးများကို လျက်လိုက်ပြီး အောက်မှ ချစ်ကြည်နူးနေသော စုံတွဲကို မုန်းတီးစွာ ကြည့်လိုက်ပြီး တိတ်တဆိတ် ဒေါသထွက်နေပေသည်။
"မလှုပ်နဲ့... မင်းက ပြန်ရောက်ရင် ဟင်းချက်ရဦးမှာ... လက်တွေ မညစ်ပတ်စေနဲ့..."
ဖူလီက ကြာပွတ်ကို ထုတ်ကာ နျန်ကို ရိုက်လိုက်သည်။
"ပြီးခဲ့တဲ့ နှစ်တွေတုန်းက မြို့ထဲမှာ ဗြောက်အိုးမရှိလို့ မင်းက ပြဿနာရှာဖို့ ပြေးထွက်လာတာလား..."
နျန်က အရိုက်ခံရသောအခါ ထိုစကားများကို ပို၍ပင် တုံ့ပြန်လာသည်။ သူ၏ ကြမ်းကြုတ်သော ပါးစပ်ကြီးက ပွင့်လာကာ ဖူလီကို ဟိန်းသံတစ်ခု ပေးလိုက်သည်။
"အသိဉာဏ်မရှိတဲ့ လူသား... မင်းတို့ လူသားလောကက ဗြောက်အိုးလေးလောက်က ဘယ်လိုလုပ်ပြီး ငါ့ကို ခြောက်နိုင်မှာလဲ..."
ဒေါသပုန်ထနေသော နျန်က စကားလုံးအသုံးအနှုန်းများကို ဂရုမစိုက်နိုင်တော့ပါပေ။
"နျန်က ဗြောက်အိုးတွေကို မကြောက်ဘူးလား..."
ဖူလီက ထိုကိစ္စကို အမှန်တကယ်မသိပါပေ။ သူက ကျွမ်းချင်ဆီသို့ လှည့်လိုက်သည်။
"ငါက လူသားလောကက ဒဏ္ဍာရီတွေဆီကနေ အလိမ်ခံရတာလား..."
ကျွမ်းချင် : ...
"ထားလိုက်ပါတော့... အဲ့ဒါက အရေးမကြီးပါဘူး... အဲ့လူသားတွေကို အရင်သွားကယ်လိုက်... အထဲမှာ တချို့ ကျန်နေသေးတယ်ထင်တယ်... ငါ နျန်ကို ဖမ်းလိုက်မယ်..."
နျန်တစ်ကောင်ကို တာဝန်ယူရသည်မှာ ဖူလီအတွက် မခက်ခဲပါပေ။ အသက်ရှုကြိမ်နှုန်းအနည်းငယ်အတွင်းတွင် နျန်က သူ့လက်ထဲမှ ကြာပွတ်ဖြင့် မြဲမြံစွာ အချည်ခံလိုက်ကာ ဆဲရေးသည်မှ လွဲ၍ တခြားအရာများ မလုပ်နိုင်တော့ပါပေ။
"မင်းက နဂါးတစ်ကောင်ဖြစ်တာတောင် လူသားတွေရဲ့ မကောင်းတဲ့ ဥပမာကို လိုက်နေတယ် မိစ္ဆာမျိုးနွယ်အတွက် ဒီထက်ပိုပြီး ရှက်စရာကောင်းတာ မရှိတော့ဘူး..."
နျန်က ဖူလီ သူ့ကို လျစ်လျူရှုသည်ကို တွေ့ပြီးနောက် ကျွမ်းချင်ကို ဒေါသဖြင့် ပြောဆိုနေလေသည်။
"မင်းက အဲ့လူသားကို သတ်ဖို့ ဆန္ဒရှိရင် ဒီလူသားရဲ့ အနူးညံ့ဆုံးအပိုင်းဖြစ်တဲ့ နှလုံးသားကိုပေးဖို့ သဘောတူတယ်..."