Ch 1
Viewers 2

🐰 Chapter 1



“ဒီပဲပင်ပေါက်လေးက ဘယ်ကရောက်လာတာလဲ...”


မော့ရှုလင်က ပါးလွှာသော အဝတ်အစားကို ဝတ်ဆင်ထားလျက် ခြံဝန်းရှေ့တွင် နှစ်နာရီကြာအောင် စောင့်ဆိုင်းနေခဲ့သည်။ ထိုသို့သော အေးစက်စက် စကားတစ်ခွန်းကို နားထောင်ရန် ခပ်ပါးပါးကျနေသောနှင်းက ဒူးအထိ ရောက်လာသည်အထိ စောင့်ဆိုင်းနေခဲ့ရလေသည်။


အနီရောင်ဝတ်စုံဝတ်ထားသည့် အရပ်မြင့်ပြီး လှပသောလူတစ်ဦးက မော့ရှုလင်ကို အလောတကြီး ဖြတ်ကျော်သွားလေသည်။


သူက ပုံမှန်အတိုင်း လမ်းလျှောက်သော်လည်း ထိုအနီရောင်ဝတ်စုံဝတ်ထားသည့် လူက နူးညံ့ဖြူဖွေးသော နှင်းများအပေါ်တွင် နင်းလျှောက်ချိန်၌ ခြေရာတစ်စုံတစ်ရာပင် မကျန်ခဲ့ပေ။ ၎င်းက သူ၏ကျင့်ကြံဆင့် မြင့်မားသည်ကို မြင်သာစေလေသည်။‌


ထိုအနီရောင်ဝတ်ထားသည့်လူက လျန်ကျီဂိုဏ်းရှိ အကြီးအကဲများအနက်မှ တစ်ယောက်ဖြစ်ပြီး သူလာရောက်တွေ့ဆုံသည့် ယုန်မိစ္ဆာ ပိုင်ယွီမင်ဖြစ်သည်။


မော့ရှုလင်က နှစ်နာရီကြာအောင် စောင့်ခဲ့ရသော်လည်း ပိုင်ယွီမင်က သူ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။


ပိုင်ယွီမင်က ကျိုးပဲ့နေသော တံခါးကို တွန်းဖွင့်ပြီး ပျက်စီးယိုယွင်းနေသော ခြံဝန်းထဲသို့ တည့်တည့်မတ်မတ် ဝင်သွားလေသည်။


ခြံဝန်းတံခါးတွင် ဝါးနှင့်သက်ကယ်များ စုပုံနေသဖြင့် ဟောင်းနွမ်းပျက်စီးနေပုံရ၏။ တံခါးက မူလကတည်းက နှင်းထူထပ်မှုကြောင့် ကျိုးနေခဲ့ပြီး ထိုအနီရောင်ဝတ်စုံနှင့်လူ တွန်းလိုက်ချိန်၌ ခြံဝန်းတံခါးက နှစ်ချက်တုန်ခါပြီး နှင်းများပေါ်သို့ လဲကျသွားလေသည်။


ပြိုကျသွားသော တံခါးက လူနှစ်ဦးကို ပိုင်းခြားထားသည့် ကောင်းကင်နှင့် တူနေ၏။ မော့ရှုလင်က တဖြည်းဖြည်း ဝေးကွာသွားသော အနီရောင်ပုံရိပ်ကို စိုက်ကြည့်ကာ လက်နှစ်ဖက်ကို ဆုပ်ထားလိုက်လေသည်။


မော့ရှုလင်၏ ခေါင်းနှင့်ပခုံးများတွင် ထူထပ်သော နှင်းများဖြင့် ဖုံးလွှမ်းနေပြီး နှင်းလူနှင့်တူနေလေသည်။ ထိုမျှော်လင့်ချက်ရောင်ခြည်သာမရှိလျှင် ဤသည်းထန်သော နှင်းများအောက်တွင် နှစ်နာရီကြာ ဒုက္ခခံပြီး စောင့်ဆိုင်းနေမည်မဟုတ်ပေ။


မော့ရှုလင်၏ မျက်လုံးများထဲတွင် အမုန်းတရားမရှိဘဲ ပျော်ဝင်ရန် ခက်ခဲနေသော ဝမ်းနည်းမှုသာ ရှိလေသည်။


သူ၏အတိတ်ဘဝတွင် ဝိညာဉ်ဇစ်မြစ် ဒဏ်ရာရမည့် ကံကြမ္မာကို သူ မလွတ်မြောက်နိုင်ခဲ့ပေ။ ယခု ပြန်လည်မွေးဖွားလာချိန်တွင် သူက နေထိုင်ရန် နေရာလေးတစ်ခုသာ လိုချင်ခဲ့သော်လည်း အသက်ရှင်နေထိုင်ခြင်းကလည်း ခက်ခဲသည့်အရာ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


လူသားတစ်ယောက်၏ စိတ်နှလုံးက ပင်ကိုကောင်းမြတ်လေသည်။ ရွေးချယ်ခွင့်ရှိခဲ့လျှင် မော့ရှုလင်က သွေးနှင့်အပြစ်များ ဖုံးလွှမ်းနေသော မိစ္ဆာတစ်ကောင် ဖြစ်ရမည့်အစား တစ်သက်လုံး အစေခံတစ်ယောက်အဖြစ် နေထိုင်ရမည်ကို ပိုနှစ်သက်မည်ဖြစ်သည်။


ဒါပေမဲ့ ဒီလိုရွေးချယ်ခွင့်ကို ငါ ဘယ်ကရမှာလဲ...


ပိုင်ယွီမင်၏ ခွင့်ပြုချက်မရှိဘဲ မော့ရှုလင်က ခြံဝန်းထဲသို့ မဝင်ရဲသဖြင့် ခေါင်းငုံ့ကာ ဆက်လက်စောင့်ဆိုင်းနေလေသည်။ သို့ရာတွင် သူ့နှလုံးသားက လေအေးထဲတွင် နှင်းများကြောင့် တိုက်စားခံရသော ဤတံခါးကဲ့သို့ပင် မျှော်လင့်ချက်များက တဖြည်းဖြည်း ပျောက်ဆုံးလာလေသည်။


နောက်ထပ် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဖန်ကွမ်းရှစ်က နက်ရှိုင်းသော ခြေရာများကို ချန်ရစ်လျက် တောင်ပေါ်သို့ လျှောက်လာလေသည်။


တောင်ခြေမှ တောင်ထိပ်အထိ အကွာအဝေးက အတူတူဖြစ်သော်လည်း အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပိုင်ယွီမင်က သူ့ကိုယ်ပေါ်တွင် နှင်းတစ်စက်မှမကျဘဲ လမ်းလျှောက်နိုင်ခဲ့လေသည်။ ဖန်ကွမ်းရှစ်က ကြံ့ခိုင်သောခန္ဓာကိုယ်ရှိသော်လည်း သူက ချွေးများထွက်ပြီး မောဟိုက်နေလေသည်။


မဟာယနအဆင့်နှင့် ကျင်းတန်းအဆင့်ကြားရှိ ကွာခြားချက်က အမှန်ပင် ကြီးမားလေသည်။


ထို့ကြောင့် ပိုင်ယွီမင်၏ နာမည်ဂုဏ်သတင်းက မည်မျှပင် မယုံကြည်ရစေကာမူ ဟောင်းနွမ်းစုတ်ပြတ်နေသောအိမ်တွင် နေထိုင်လျှင်ပင် သူ့ကို မည်သူကမှ မထီမဲ့မြင် မလုပ်ရဲပေ။


“အိုက်ယား... ဒီနှစ် နှင်းကျတာက အရမ်းပြင်းတာပဲ... တံခါးတောင်ကျိုးသွားပြီ...” 

ဖန်ကွမ်းရှစ်က ပြိုကျနေသော တံခါးကို မြင်ချိန်တွင် အံ့အားသင့်သွားလေသည်။ သို့သော် သူက ပြန်လည်ပြုပြင်ရန် အချိန်မရှိသဖြင့် နှင်းများဖုံးနေသော ခြံဝန်းထဲသို့ ဝင်သွားလေ၏။


ဤခြံဝန်းတွင် ခြံစည်းရိုးမရှိသည်မှာ သိသာလေသည်။ အနည်းငယ်မျှသာ ပတ်သွားရန်လိုသော်လည်း ဖန်ကွမ်းရှစ်က သူသက်သာရန်အတွက် ကျိုးပဲ့နေသော တံခါးကို နင်းသွားလေသည်။


မော့ရှုလင်က မလှုပ်မယှက် ရပ်နေသည်ကို မြင်ချိန်တွင် ဖန်ကွမ်းရှစ်က ပြောလိုက်၏။ 

“ဘာတွေ ငိုင်နေတာလဲ... မြန်မြန်ထ... ငါ့နောက်ကလိုက်ခဲ့...”


မော့ရှုလင်က စိတ်ကို ငြိမ်ငြိမ်ထားပြီး မူလကတည်းက ယိုယွင်းနေသည့် ခြံဝန်းတံခါးကို မနင်းမိစေရန် ဂရုတစိုက် ရှောင်ရှားကာ ဝင်လာလိုက်သည်။


မော့ရှုလင်က အလွန်နှေးကွေးစွာ လမ်းလျှောက်နေလေသည်။ သူ၏ကိုယ်လက်အင်္ဂါများက အေးခဲနေပြီး ခြေလှမ်းတိုင်းတွင် နှင်းများကို သူ့နောက်သို့ လိုက်ပါလာစေရန် ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေ၏။ နှင်းများက အလွန်နက်ရှိုင်းလာသည်ကို ပြောရန်ပင်မလိုပေ။ မော့ရှုလင်တွင် ကိုယ်ခန္ဓာအကာအကွယ်ပစ္စည်းမရှိပါက ပိုင်ယွီမင်ကို စောင့်ဆိုင်းနေရန် မဆိုနှင့်၊ ဤနှင်းများထဲတွင် အေးခဲကာ သေဆုံးနေလောက်ပြီဖြစ်သည်။


ဖန်ကွမ်းရှစ်က လိမ္မာပါးနပ်သူတစ်ဦးဖြစ်၏။ သူက အိမ်ထဲသို့ ဦးစွာရောက်နေပြီး ပိုင်ယွီမင် ကျေနပ်စေရန် အသံတိုးတိုးဖြင့် ပြောဆိုနေလေသည်။


အခန်းက အပြင်ဘက် ရာသီဥတုကဲ့သို့ပင် အေးစက်နေလေသည်။


အိမ်ထဲတွင် ထိုင်ခုံတစ်လုံး၊ ကုလားထိုင်ဟောင်းနှစ်လုံးနှင့် ယခင်ဂိုဏ်းချုပ်ထံမှ ရရှိထားသော လက်ရေးလှပန်းချီတစ်ခုသာ ရှိလေသည်။ အိမ်၏အတွင်းပိုင်းက ခြံဝန်းတံခါးကဲ့သို့ပင် ယိုယွင်းပျက်စီးနေလေသည်။ ဂုဏ်သိက္ခာရှိသော လျန်ကျီဂိုဏ်း၏ အကြီးအကဲတစ်ယောက်အနေဖြင့် ဤကဲ့သို့နေထိုင်ခြင်းက အမှန်တကယ်ပင် ရှားပါးလေ၏။


အိမ်ပိုင်ရှင်ဖြစ်သူ ပိုင်ယွီမင်က ထိုယိုယွင်းနေသော အိမ်ကို ရှက်ရွံ့ခြင်းမရှိဘဲ တစ်ခုတည်းသော ထိုင်ခုံပေါ်တွင် ထိုင်ကာ အခြားသူ၏ သူ့အားကျေနပ်အောင် ပြောဆိုနေခြင်းကို ပျင်းရိစွာ နားထောင်နေလေသည်။


ကျယ်ဝန်းသောလက်ပေါက်ရှိသည့် အနီရောင်ဝတ်စုံက သူ၏သွယ်လျသောခါးကို ဖုံးအုပ်ထားပြီး မှင်နက်ရောင်ရှိသောဆံပင်က ရေတံခွန်ကဲ့သို့ ဖြာဆင်းနေကာ သူ၏ နှင်းကဲ့သို့ ဖြူဖွေးသောအသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။ သူ့မျက်ဝန်းထဲမှ အရိပ်အယောင်များက မိစ္ဆာနှင့်တူသော်လည်း ရိုင်းစိုင်းနေခြင်းမရှိချေ။ သူက မည်သည့်ဟန်ပန်မှမပါဘဲ လမ်းလျှောက်ကာ မည်သည့်အမူအရာမှမရှိဘဲ ထိုင်ပြီး လွတ်လပ်ပေါ့ပါးသောစရိုက် ရှိလေသည်။ ၎င်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုရှိပြီး တလေးတစားပုံစံရှိသော လျန်ကျီဂိုဏ်းရှိ အမတတစ်ယောက်၏ ဟန်ပန်အမူအရာနှင့် အတော်လေး ကွာခြားနေလေသည်။


သူက တစ်ဂိုဏ်းလုံးမှ ပစ်ပယ်ခံထားရသော ယုန်မိစ္ဆာပိုင်ယွီမင် ဖြစ်ထိုက်လေ၏။ သူ၏ လုပ်ဆောင်ပုံများက သူ့နာမည်နှင့် ထိုက်တန်လေသည်။


မော့ရှုလင်က ထိုအကြောင်းကို တွေးတောပြီး ခေါင်းကိုက်ခဲ့ရသော်လည်း သူ လုပ်နိုင်သည့် အရာမရှိခဲ့ပေ။


ပြန်လည်မွေးဖွားပြီးနောက်တွင် မော့ရှုလင်က ဝိညာဉ်ဇစ်မြစ်ထိခိုက်မည့် ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ယခုအချိန်တွင် သူ့အတွက် အခွင့်အရေးတစ်ခု ရရှိခဲ့၏။ ဂိုဏ်းထဲတွင် ဆက်လက်နေလိုပါက ဤကဲ့သို့သော ဆရာသခင်တစ်ဦး၏ လက်အောက်တွင် နေထိုင်ရမည်ဖြစ်သည်။


ဤသည်က သူ အသက်ရှင်ရန် နောက်ဆုံးနည်းလမ်းဖြစ်သည်။ အကယ်၍ သူက ဂိုဏ်းအပြင်သို့ မောင်းထုတ်ခံရလျှင်…


ယခင်က ဂိုဏ်းအပြင်ဘက်တွင် ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို တွေးတောပြီးနောက် မော့ရှုလင်က ခေါင်းငုံ့လိုက်ကာ ပိုင်ယွီမင်ကို သူ့အား ခြွင်းချက်အနေဖြင့် တပည့်အဖြစ် လက်ခံရန် အပြင်းအထန် တောင်းဆိုလိုက်လေသည်။


မော့ရှုလင်က အရိုအသေပေးပြီးနောက် ဖန်ကွမ်းရှစ်က ပိုင်ယွီမင်ကို ပြုံးပြီး ပြောလိုက်၏။ 

“ယွဲ့ဒယ်အကြီးအကဲကို ဖြေကြားပါတယ်... ဒီကလေးက လမ်းကြုံလို့ ကယ်တင်ထားတဲ့ ကလေးပါ...”


“မလုပ်နဲ့... မလုပ်နဲ့...” 

ပိုင်ယွီမင်က ဖန်ကွမ်းရှစ်၏ စကားကို ဖြတ်ပြောလိုက်သည်။ 

“ငါက မိစ္ဆာကျင့်ကြံသူ... လူသားကျင့်ကြံနည်းတွေကို ငါ မကျင့်ကြံဘူး.. ငါက သူ့ကို ဘာသင်ပေးနိုင်မှာမလို့လဲ... ယုန်ဖြစ်လာဖို့လား...”


ပိုင်ယွီမင်က ဤတပည့်ကို လက်မခံချင်ပေ။ ယမန်နေ့က အမျိုးသားဇာတ်လိုက်က လျန်ကျီဂိုဏ်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်ကို သူသိလိုက်ရသဖြင့် ချက်ချင်းပင် သူ့ပစ္စည်းများကို ထုတ်ပိုးပြီး ထွက်ပြေးချင်နေလေသည်။


သို့ရာတွင် ကျင့်ကြံရေးလောကက မည်မျှပင် ကြီးမားစေကာမူ အမျိုးသားဇာတ်လိုက်၏ အရောင်အဝါထက် မကြီးမားနိုင်ပေ။ ထို့အပြင် သူက လျန်ကျီဂိုဏ်းမှ အကြီးအကဲတစ်ယောက်ဖြစ်သဖြင့် ဂိုဏ်းသတင်းအနည်းငယ် ရှိလေသည်။ ပြီးပြည့်စုံသော နည်းလမ်းမရမီ ပိုင်ယွီမင်က ဆုံးဖြတ်ချက်များကို အလျင်စလို မလုပ်ရဲပေ။


မူရင်းဇာတ်ကြောင်းတွင် ပိုင်ယွီမင်ကို မိစ္ဆာများက အဓမ္မကျင့်ကာ မတရားစွပ်စွဲပြီးနောက် အမျိုးသားဇာတ်လိုက်က သူ့ကို သတ်ပစ်ကာ ယုန်သားမွေးပဝါတစ်ခု ပြုလုပ်ခဲ့လေသည်။ ထိုပဝါကို အမျိုးသမီးဇာတ်လိုက်အား ပေးခဲ့၏။ အကြောင်းမူကား ယုန်သားမွေးပဝါက ကောင်းမွန်သော အသုံးအဆောင်ပစ္စည်းဖြစ်ပြီး အမျိုးသားဇာတ်လိုက်ကိုယ်တိုင် ပြုလုပ်ထားသဖြင့် အမျိုးသမီးဇာတ်လိုက်က နေ့တိုင်း လည်ပင်းတွင် ဝတ်ဆင်ခဲ့လေသည်။


ထို့နောက် အမျိုးသားဇာတ်လိုက်က ကျင့်ကြံသူများစွာကို ဦးဆောင်ကာ မိစ္ဆာမျိုးနွယ်ကို ဖျက်ဆီးခဲ့လေသည်။ နောက်ပိုင်းတွင် မိစ္ဆာသခင်မော့ရှုလင်က ပိုင်ယွီမင် အစွပ်စွဲခံခဲ့ရကြောင်း အမှန်တရားကို ပြောပြခဲ့၏။ အမျိုးသားဇာတ်လိုက်မှာ သူက အပြစ်မဲ့သူတစ်ဦးအား သတ်မိခဲ့သည်ကို မထင်ထားသဖြင့် တုန်လှုပ်သွားလေသည်။ မော့ရှုလင်ကလည်း ၎င်းကိုအခွင့်ကောင်းယူပြီး ထွက်ပြေးခဲ့လေသည်။


စာအုပ်တစ်အုပ်လုံးတွင် ပိုင်ယွီမင်၏ တစ်ခုတည်းသော ပါဝင်သည့်အခန်းကဏ္ဍက သတ်ဖြတ်ခံရခြင်းဖြစ်ပြီး နောက်ဆက်တွဲအပိုင်းများတွင် ယုန်သားမွေးပဝါ၊ ယုန်သားမွေးပဝါနှင့် ထပ်မံပြီး ယုန်သားမွေးပဝါအဖြစ်သာ ဖြစ်သည်။


သူက အမြောက်စာဇာတ်ကောင်ဖြစ်နေသည်မှာ အံ့ဩဖွယ်ရာဖြစ်သည်။


သို့ရာတွင် အမျိုးသားဇာတ်လိုက်က ယခုအချိန်၌ ရှစ်နှစ်သာ ရှိသေးသည်။ ထို့အပြင် သူက ချီသန့်စင်ခြင်းအဆင့်ရှိသော ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ မသေမျိုး ကျင့်ကြံသူများကို သတ်နိုင်သော ကောင်းကင်ဘုံကို ဆန့်ကျင်သည့် အမျိုးသားဇာတ်လိုက်ဖြစ်လာရန် နှစ်ပေါင်းရာချီ လိုသေးသဖြင့် ပိုင်ယွီမင်က နေမထိထိုင်မသာ ဖြစ်နေသော်လည်း များစွာစိုးရိမ်နေခြင်း မရှိပေ။


ထို့အပြင် ပိုင်ယွီမင်က ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး သူ၏ကံကြမ္မာကို ပြောင်းလဲနိုင် မပြောင်းလဲမနိုင်ကို စစ်ဆေးချင်လေသည်။


အမှန်တွင် ပိုင်ယွီမင်က ဤတစ်နှစ်အတွင်း၌ စုတ်ပြတ်နေသော တဲအိမ်တွင် စာဖတ်လျက် နေထိုင်ခဲ့ရသော်လည်း သူ့ဘဝက အလွန်ပြည့်စုံနေခဲ့လေသည်။ သူ့အနေဖြင့် လောကကြီးကို လှည့်လှည်နေရန် မလိုအပ်သဖြင့် ဤဘဝကို ထားခဲ့သည်က အဓိပ္ပာယ်မရှိပေ။


သူက မဟာယနအဆင့် အကြီးအကဲတစ်ဦးဖြစ်၏။ သို့ရာတွင် သူ၏ယုန်မွေးက ရတနာများပြုလုပ်ရန် ကောင်းမွန်သော ကုန်ကြမ်းဖြစ်သည်။ သူက ပျက်စီးနေသော နှလုံးသားနှင့် ကြုံတွေ့ချိန်တွင် အကျိုးဆက်များက ဆိုးရွားလိမ့်မည်ဖြစ်၏။


လျန်ကျီဂိုဏ်းတွင်မူ မတူပေ။ ပိုင်ယွီမင်၏ အကြိုက်ဆုံးဇာတ်ကောင်က ဂိုဏ်းချုပ်ဟောင်း၏ဇနီးဖြစ်၏။ ပိုင်ယွီမင်က လူသားအသွင်အဖြစ် ပြောင်းလဲပြီးချိန်တွင် ဂိုဏ်းချုပ်ဟောင်းက ပိုင်ယွီမင်အား လစ်လပ်နေသည့် အကြီးအကဲနေရာကို ပေးခဲ့လေ၏။ လူသားမျိုးနွယ်က မိစ္ဆာမျိုးနွယ်အပေါ်   á€á€˝á€˛á€á€źá€Źá€¸á€†á€€á€şá€†á€śá€™á€žá€Żá€™á€ťá€Źá€¸ ရှိနေသေးသော်လည်း ဂိုဏ်းချုပ်ဟောင်း၏ ဇနီးက ခိုင်မာပြတ်သားသော အကျင့်စရိုက်ရှိသူဖြစ်ပြီး အလွန်လေးစားခံရသဖြင့် ပိုင်ယွီမင်၏ ယုန်မိစ္ဆာဟူသော အဆင့်အတန်းက မြင့်တက်လာခဲ့လေသည်။


မူရင်းဇာတ်ကြောင်းကို မကြည့်ဘဲ ပိုင်ယွီမင်က ဤတစ်နှစ်အတွင်း အမှန်တရားတစ်ခုကို သိရှိခဲ့လေသည်။


အေးအေးဆေးဆေး နေထိုင်စားသောက်ပြီး လစဉ် ပုံမှန်တာဝန်များကိုသာ လုပ်ဆောင်ရသည့် ဘဝတွင် နေထိုင်လိုပါက လျန်ကျီဂိုဏ်းက ပထမဦးစားပေးရွေးချယ်မှု ဖြစ်မည်မှာ သေချာလေသည်။


သို့သော် ပထမဦးစားပေးက ပထမဦးစားပေးသာဖြစ်ပြီး ပိုင်ယွီမင်က ငယ်ရွယ်သော တပည့်တစ်ဦးကို ပြုစုပျိုးထောင်နိုင်သည်ဟု မဆိုလိုပေ။ ထွက်ပြေးရန်အချိန် ရောက်လာလျှင် သူက ဤဝန်ထုပ်ဝန်ပိုးကို ခေါ်ဆောင်သွားရမည်ဖြစ်၏။ သူ ထွက်မပြေးနိုင်လျှင် ခေါင်းနှစ်လုံးဖြစ်လာပြီး ဤတပည့်က မည်သို့ပင်ဖြစ်စေ သေဆုံးရမည်ဖြစ်သည်။


ဤတပည့်က သူ့နောက်သို့ မလိုက်သင့်ပေ။


ဖန်ကွမ်းရှစ်မှာ ပိုင်ယွီမင်က စိတ်ထဲတွင် ဆုံးဖြတ်ချက်ချထားပြီးသည်ကို မသိဘဲ သူ့ကို ကျေနပ်အောင် ဆက်ပြီးပြောနေလေသည်။ 

“ယွဲ့ဒယ်အကြီးအကဲက တကယ်ပဲ နောက်တတ်တယ်နော်...”


“အကြီးအကဲက သူ့ကို ဘာမှသင်ပေးဖို့ မလိုပါဘူး... သူက အကြီးအကဲကို အလုပ်အကျွေးပြုဖို့ ဒီကိုရောက်လာတာပါ... သူ့ကို စားစရာလေး နည်းနည်းလောက် ပေးလိုက်ရုံပါပဲ... အကြီးအကဲက သူ့ကို ဂရုစိုက်ဖို့ မလိုပါဘူး...” 


ဖန်ကွမ်းရှစ်က မော့ရှုလင်ကို အကြည့်တစ်ချက်ပေးလိုက်၏။


မော့ရှုလင်က ချက်ချင်းပင် မြေပြင်ပေါ် ဒူးထောက်လိုက်ပြီး လေးစားစွာ ပြောလိုက်လေသည်။

“ဒီတပည့်ကို လက်ခံပေးဖို့ ယွဲ့ဒယ်အကြီးအကဲကို တောင်းဆိုပါတယ်... ဒီတပည့်က နွားတစ်ကောင်လို မြင်းတစ်ကောင်လို အလုပ်အကျွေးပြုပြီး မဆိုင်းမတွ သေဆုံးဖို့ ဆန္ဒရှိပါတယ်...”


ပိုင်ယွီမင်က ထိုစကားများထဲမှ အလိမ်အညာများကို နားလည်နိုင်ပြီး ဖန်ကွမ်းရှစ်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။


ပိုင်ယွီမင်က ဖော်ရွေမှုမရှိသော ယုန်မိစ္ဆာဖြစ်သော်လည်း မဟာယနအဆင့်ရှိသော သူ့ဂုဏ်သတင်းက ရှိလေသည်။ ဖန်ကွမ်းရှစ်က ကျင်းတန်းအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးသာဖြစ်သဖြင့် စိုက်ကြည့်ခံလိုက်ရပြီးနောက် သူ့နဖူးမှ ချွေးများထွက်လာပြီး ခန္ဓာကိုယ်က အားနည်းသွားလေသည်။


ပိုင်ယွီမင်က အနည်းငယ် သံသယရှိသဖြင့် မေးလိုက်၏။ 

“ဂိုဏ်းထဲမှာ လူတွေအများကြီး ရှိနေတာကို ဘာဖြစ်လို့ ငါ့ဆီရောက်လာရတာလဲ...”


မည်သည့်အရာမှ မပြောလျှင်ပင် တစ်ဖက်လူ၏ စကားက ရှင်းလင်းလေသည်။ ဂိုဏ်းချုပ်ပေးလိုက်သော တပည့်က သူ့အတွက် မသင့်လျော်ပေ။ 


သင်ကြားပေးဖို့မလိုဘဲ စားစရာပေးဖို့ပဲလိုတဲ့ ဆရာက ဘယ်လိုလုပ်ရှိမှာလဲ...


မူရင်းဇာတ်ကြောင်းတွင် ပိုင်ယွီမင်က မိစ္ဆာသခင်နှင့် ပူးပေါင်းသည်ဟု စွပ်စွဲခံခဲ့ရသည်။ ယခုအချိန်တွင် ဂိုဏ်းချုပ်က တပည့်တစ်ယောက်ပေးသဖြင့် ပိုင်ယွီမင်ကို နှစ်ခါစဉ်းစားရအောင် လုပ်နေလေ၏။


ဖန်ကွမ်းရှစ်က နဖူးမှချွေးများကို သုတ်လိုက်ကာ ဆက်လက်ပြီး ရုန်းကန်ပြောဆိုနေလေသည်။

“ဒီကလေးက နည်းနည်း အသက်ကြီးနေပြီ... ဆယ်နှစ်တောင် ရှိနေပြီ...”


“ဒီလိုဆင်ခြေမျိုး မပေးနဲ့... ဒီဂိုဏ်းထဲမှာ အသက် ၃၀ ရှိတဲ့တပည့်ကို ခေါ်ယူဖို့တောင် အလျင်လိုနေတဲ့လူတွေ ရှိနေသေးတယ်... ဒီရက်ပိုင်းအတွင်းမှာ ဂိုဏ်းက တပည့်အသစ်တွေ ခေါ်ယူခဲ့ပြီးတော့ အရက်သောက်ရတာကြိုက်တဲ့ အဘိုးကြီးက ၂၃ နှစ်အရွယ်ရှိတဲ့ တပည့်တစ်ယောက်ကို လက်ခံခဲ့တယ်...” 


ပိုင်ယွီမင်က ဖန်ကွမ်းရှစ်၏ဆင်ခြေကို အညှာအတာမရှိ ဖော်ထုတ်လိုက်လေသည်။


ကျင့်ကြံသူများက အသက်ရှည်ကြပြီး ဆယ်နှစ်ဆိုသည်မှာ မည်သည်မှ မဟုတ်ပေ။


“ဒီကလေးရဲ့ ဝိညာဉ်ဇစ်မြစ်က ဒဏ်ရာရထားလို့ပါ... ဒါကို ကုသနိုင်မှာ မဟုတ်လောက်ဘူး…”

ဖန်ကွမ်းရှစ်၏အသံက တဖြည်းဖြည်း တိုးလျလာလေသည်။


ဂိုဏ်းချုပ်က ဤကလေးကို နေစရာနေရာတစ်ခု ပေးချင်သည်သာဖြစ်သည်။ မော့ရှုလင်က အနာဂတ်တွင် ဇနီးမယားယူပြီး သားသမီးယူလိုပါက သူ့ကိုလွှတ်ပေးမည်ဖြစ်ပြီး ဤနေရာတွင်သာ နေထိုင်လိုလျှင်လည်း ဝိညာဉ်ဇစ်မြစ်များ ပျက်စီးသွားသူတစ်ယောက်အနေဖြင့် နှစ်တစ်ရာကြာအောင်ပင် အသက်မရှင်နိုင်ပေ။ မသေမျိုးကျင့်ကြံသူများက အသက်ရှည်ကြပြီး သေမျိုးများက ပုရွက်ဆိတ်များသာသာ ဖြစ်သည်။


သို့ရာတွင် ဂိုဏ်းအတွင်း၌ တပည့်များက တစ်ဦးနှင့်တစ်ဦး ပြင်းထန်စွာ ယှဉ်ပြိုင်ကြလေသည်။ အထူးသဖြင့် အပြင်တပည့်များအတွက် အဝတ်စတစ်စအတွက်ပင် ရှာဖွေရလေသည်။ ဂိုဏ်းချုပ်က သေသေချာချာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ယွဲ့ဒယ်အကြီးအကဲက ဤကလေးကိုခေါ်ထားရန် အသင့်တော်ဆုံးဟု ယူဆခဲ့လေသည်။


တောင်တစ်တောင်လုံးတွင် ယုန်မိစ္ဆာတစ်ပါးသာရှိပြီး မော့ရှုလင်ကို အနိုင်ကျင့်မည့် အခြားတပည့်များ မရှိပေ။


သို့သော် တစ်ခုတည်းသော ပြဿနာမှာ ယွဲ့ဒယ်အကြီးအကဲက တစ်ခါမှ တပည့်လက်မခံဖူးခြင်းဖြစ်၏။


ပိုင်ယွီမင်က သူ့စကားကို ကြားချိန်တွင် အလွန်ဒေါသထွက်သွားပြီး ပြောလိုက်လေသည်။ 

“ဪ... ဒါဆို ငါ့ကို အမှိုက်ပုံးလို သဘောထားလို့ရတာပေါ့... ဒီလောက်များတဲ့...” 


ပြောနေစဉ်တွင် ပိုင်ယွီမင်က ကောင်လေး၏ မျက်လုံးများကို မြင်လိုက်ပြီး ရုတ်တရက် အသံတိတ်သွားခဲ့လေသည်။


ယိုယွင်းနေသော သက်ကယ်အိမ်ထဲတွင် တိတ်ဆိတ်သွားလေ၏။


ဖန်ကွမ်းရှစ်က ဤကိစ္စကို အလွန်အလေးမထားခဲ့ပေ။ သူက မော့ရှုလင်၏ ပျက်စီးသွားသော ဝိညာဉ်ဇစ်မြစ်များနှင့် ပတ်သက်ပြီး ဘာမှမလုပ်ပေ။ ယွဲ့ဒယ်အကြီးအကဲတွင် ခွန်အားရှိသော်လည်း ဂိုဏ်းထဲတွင် အာဏာနှင့်ငွေကြေး မရှိပေ။ ၎င်းတို့ နှစ်ခုလုံးက သူ့ကို ကျေနပ်အောင် မလုပ်ပေးနိုင်ပေ။ မည်သို့ပင်ဆိုစေ သူပြောစရာရှိသည်များကို ပြောပြီးပြီဖြစ်၏။ ပိုင်ယွီမင်က ဤတပည့်ကို လက်မခံချင်လျှင် ဝိညာဉ်ဇစ်မြစ်များ ပျက်စီးနေသော လူတစ်ယောက်အတွက် မဟာယနအဆင့် အကြီးအကဲကို စိတ်အနှောင့်အယှက်ပေးရန် မလိုအပ်ပေ။


တစ်ခဏကြာလျှင် မော့ရှုလင်ကို ဂိုဏ်းအပြင်သို့ သွားပစ်လိုက်ပြီး ကိစ္စကို စောစောဖြေရှင်းကာ ဂိုဏ်းချုပ်ထံ ပြန်သွားလိုက်မည်ဖြစ်သည်။


စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် ဖန်ကွမ်းရှစ်က ချက်ချင်း ဦးညွှတ်ကာ တောင်းပန်လိုက်လေသည်။ အကြီးအကဲကို တလေးတစား စကားအချို့ ပြောပြီးနောက် ဖန်ကွမ်းရှစ်က ပြောလိုက်၏။ 

“အကြီးအကဲ... ကျွန်တော့်ကို သွားခွင့်ပြုပါဦး...” 


လှည့်ထွက်သွားသော ဖန်ကွမ်းရှစ်ကို ကြည့်ကာ မော့ရှုလင်၏ နှလုံးသားက နာကျင်လာသော်လည်း မည်သည့်စကား ပြောရမည်ကို မသိတော့ပေ။ ထို့နောက် သူက မြေပြင်ပေါ်သို့ ခေါင်းကိုဆောင့်ချလိုက်ပြီး သူ့ဘဝ၏ နောက်ဆုံးခွန်အားကို အကုန်သုံးလိုက်သကဲ့သို့ စကားလုံးတိုင်းတွင် စိတ်ပျက်အားငယ်မှုများ ပါဝင်နေလေသည်။


“ဒီတပည့်မော့ရှုလင်ကို လက်ခံပေးဖို့ အကြီးအကဲကို တောင်းပန်ပါတယ်...” 


ရင်းနှီးနေသော စကားလုံးသုံးလုံးကြောင့် ပိုင်ယွီမင်က အသက်ရှူကျပ်သွားလေသည်။


“နေဦး... မင်းနာမည်က ဘာဖြစ်တယ်...” 

ပိုင်ယွီမင်က ထပ်မံအတည်ပြုရန် လိုအပ်လေသည်။


🐰🐰🐰