Ch 2
Viewers 4

🐰 Chapter 2



မော့ရှုလင်က ထိတ်လန့်သွားသော်လည်း ဖန်ကွမ်းရှစ်က မျက်ခုံးပင့်လိုက်၏။


မော့ရှုလင်နှင့် ပိုင်ယွီမင်က သိကျွမ်းဖူးသည်ဟု ဖန်ကွမ်းရှစ်က တွေးလိုက်သဖြင့် ပိုင်ယွီမင်ကျေနပ်အောင် အမြန်ပြောလိုက်လေသည်။

“ယွဲ့ဒယ်အကြီးအကဲကို ဖြေကြားပါတယ်... ဒီကလေးက ဖေးယွင်တောင်ကြားသခင်ရဲ့သား မော့ရှုလင်ပါ... သူ့အဖေမော့လင်က မိစ္ဆာတွေကို သုတ်သင်တဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်ပြီးတော့ လျန်ကျီဂိုဏ်းချုပ်ဟောင်းနဲ့လည်း ရင်းနှီးပါတယ်... ဒါပေမဲ့ ပြုံးနေတဲ့ခေါင်းဖြူလို့ခေါ်တဲ့ မိစ္ဆာတစ်ကောင်ကြောင့်  ဖေးယွင်တောင်ကြားက ပျက်စီးခဲ့ရပါတယ်... ကျွန်တော်တို့ ကယ်ဆယ်ဖို့ သွားတဲ့အချိန်မှာတော့ နောက်ကျသွားပါပြီ... မော့ရှုလင်က ကပ်ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် သူ့ရဲ့ ဝိညာဉ်ဇစ်မြစ်ကတော့ မိစ္ဆာစွမ်းအင်ကြောင့် ဒဏ်ရာရခဲ့တယ်... ဂိုဏ်းချုပ်က လူတိုင်း ကန့်ကွက်နေတာကို လျစ်လျူရှုပြီးတော့ သူ့ကို ဂိုဏ်းထဲမှာ ခိုလှုံခွင့်ပေးခဲ့တာပါ...”


မော့ရှုလင်က မျက်မှောင်ကြုတ်လိုက်သော်လည်း မငြင်းဆန်ခဲ့ပေ။


ဤလူက အခြေအနေကိုကြည့်ပြီး ပြောင်းလဲတတ်ကာ အမှားအမှန်ကို ပြောင်းပြန်လှန်နိုင်သူဖြစ်ပြီး အဓိပ္ပာယ်မရှိသည်များကို ပြောရာ၌ သူ၏ကျွမ်းကျင်မှုက အလွန်မြင့်မားလေသည်။


ဖေးယွင်တောင်ကြား ပျက်စီးခဲ့ရခြင်းက လျန်ကျီဂိုဏ်း၏ လျစ်လျူရှုမှုကြောင့်ဖြစ်သည်။ ထိုအချိန်က ဖေးယွင်တောင်ကြားရှိ တောင်ပေါ်တွင် ပုန်းအောင်းနေသည့် မိစ္ဆာကျင့်ကြံသူတစ်ယောက်က သေမျိုးများကို အသုံးပြုကာ ကျင့်ကြံဆင့်တိုးမြှင့်ရန် ပြုလုပ်နေသည်ကို တွေ့ခဲ့လေသည်။ သူတို့က လျန်ကျီဂိုဏ်းထံ အကူအညီတောင်းခဲ့သော်လည်း လျန်ကျီဂိုဏ်းရောက်လာချိန်က နောက်ကျခဲ့သဖြင့် ထိုမိစ္ဆာကျင့်ကြံသူကြောင့် တောင်ကြားတစ်ခုလုံး သေကြေပျက်စီးခဲ့ရလေသည်။ သူ့မိသားစုများ သေဆုံးသည့်ညတွင် ထိုမိစ္ဆာကျင့်ကြံသူက သူတို့၏ဝိညာဉ်များကို ဝိညာဉ်ချုပ်မီးအိမ်များထဲတွင် ပိတ်လှောင်ထားခဲ့လေသည်။


ကျင့်ကြံရေးလောကတွင် မြစ်ချောင်းနှင့် တောင်များက ကျယ်ပြန့်ပြီး မိစ္ဆာကျင့်ကြံသူများက နေရာအနှံ့တွင် ရှိလေသည်။ ထို့ကြောင့် နေ့တိုင်း မငြိမ်မသက်မှုများ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး အသက်ပေါင်းများစွာ ဆုံးရှုံးနေလေ၏၏။


ဖေးယွင်တောင်ကြားတွင် လူတစ်ရာခန့်သာရှိပြီး လူတစ်ဝက်ကျော်က သေမျိုးများဖြစ်သဖြင့် ဂိုဏ်းငယ်လေးတစ်ခုနှင့်ပင် မယှဉ်နိုင်ပေ။ ဖေးယွင်တောင်ကြားက အလွန်အားနည်းပြီး လျန်ကျီဂိုဏ်းအနေဖြင့် နှမြောတသဖြစ်ရန် မည်သည့်အရာမှ မရှိသည်ကိုသာ အပြစ်တင်နိုင်လေ၏။ ထိုအကြောင်းပြချက်ကြောင့် လျန်ကျီဂိုဏ်းက သူတို့အား အရေးမပေးခဲ့ခြင်းဖြစ်သည်။


သို့ရာတွင် ပြုံးရယ်နေသည့် ခေါင်းဖြူမိစ္ဆာက ချောမွတ်နေသည့် ငါးတစ်ကောင်က ပိုက်ကွန်ထဲမှ လွတ်မြောက်သွားသကဲ့သို့ လွတ်မြောက်သွားခဲ့၏။ ထိုမိစ္ဆာ မသေသေးလျှင် သူက အနာဂတ်၌ ကျိန်းသေပေါက် လက်စားချေမည်ဖြစ်သည်။


ထွက်ပြေးရှောင်တိမ်းနေခြင်းက သူ့ကို ပိုပြီးဒုက္ခရောက်စေရုံသာ ရှိသည်။ မော့ရှုလင်က လျန်ကျီဂိုဏ်းကို မည်မျှပင် ရွံရှာစက်ဆုပ်နေစေကာမူ ဤနေရာတွင် သူနေရဦးမည်ဖြစ်၏။ သူက ယခုအချိန်တွင် ဆယ်နှစ်သာရှိသေးပြီး ဝိညာဉ်ဇစ်မြစ်များကလည်း ပျက်စီးသွားလေသည်။ ဤဂိုဏ်းထဲတွင်နေခြင်းက သူ့အတွက် တစ်ခုတည်းသော အသက်ရှင်လမ်းဖြစ်သည်။


သူ့မိဘများကို အသက်ရှင်မည်ဟု ကတိပေးထားသဖြင့် လွယ်လွယ် မသေသင့်ပေ။ 


ပိုင်ယွီမင်က ရင်းနှီးနေသော ဇာတ်ကြောင်း၏ ၉၀% ကို ယုံကြည်သော်လည်း စာရွက်တစ်ရွက်ကိုယူကာ မော့ရှုလင်အား သူ့နာမည်ကို ရေးခိုင်းလိုက်၏။


မော့ရှုလင်မှာ ပိုင်ယွီမင်က သူ့နာမည်ကို မည်သည့်အတွက်ကြောင့် ဤမျှစိတ်ဝင်စားနေသည်ကို မသိခဲ့ပေ။ သူ့ဘိုးဘေးများက ပိုင်ယွီမင်နှင့် ရင်းနှီးမှုရှိခဲ့သည်မှာ ဖြစ်နိုင်၏။ ထိုရင်းနှီးမှုကြောင့် ပိုင်ယွီမင်က သူ့အား လက်ခံရန် မျှော်လင့်နေခဲ့လေသည်။ 


အတိတ်ဘဝတွင် ပိုင်ယွီမင်က လိုအင်ဆန္ဒမရှိသည့် မိစ္ဆာကောင်းတစ်ယောက်ဖြစ်သည်ကို သူသိခဲ့၏။ သူက ဂိုဏ်းချုပ်နှစ်ဆက်ကို များစွာ အထောက်အကူပေးခဲ့လေသည်။ သူ၏ကျင့်ကြံဆင့်များ တိုးတက်လာချိန်တွင် ဘဝအတွေ့အကြုံများ ရရှိစေရန်အတွက် တပည့်များကို အခွင့်အရေးပေးပြီး တိတ်တဆိတ်နေရန် ဆုံးဖြတ်ခဲ့လေသည်။ 


သူက ကောင်းမွန်သောသဘာဝနှင့် ပေါ့ပါးသော အကျင့်စရိုက်ရှိသော်လည်း မိစ္ဆာဖြစ်သည့်အတွက် ခွဲခြားဆက်ဆံခံရကာ ခေါင်းဖြူမိစ္ဆာနှင့် ပူးပေါင်းနေသည်ဟု အစွပ်စွဲခံခဲ့ရလေသည်။


ထို့ကြောင့် ပြန်လည်မွေးဖွားပြီးနောက်တွင် မော့ရှုလင်က ယုန်မိစ္ဆာကို ဖေးယွင်တောင်ကြားသို့ပို့ရန် ဂိုဏ်းချုပ်ကို လမ်းညွှန်ခဲ့ပြီး သံသယရှိသူအဖြစ် ထားရှိချင်ခဲ့လေသည်။ ထို့နောက် ပိုင်ယွီမင်ကို ဂိုဏ်းချုပ်က မျက်စိထောက်ကြည့်နေရန်အတွက် မော့ရှုလင်က သူ့အနားတွင် အစေခံအဖြစ်နေရန် ဆုံးဖြတ်ခဲ့လေသည်။ 


ပြီးတော့ ၁၀ နှစ်သားတစ်ယောက်က သာမန်ယုန်နဲ့ ယုန်မိစ္ဆာကြားက ကွာခြားချက်ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ… ပိုင်ယွီမင်ကလွဲပြီး ဘယ်ယုန်က မိစ္ဆာတွေကို သတ်နိုင်မှာမလို့လဲ...


လိမ္မာပါးနပ်သည့် ဖန်ကွမ်းရှစ်က ပိုင်ယွီမင်ကို တွေ့ပြီးနောက် ကျေးဇူးပြန်ဆပ်သည့်ကိစ္စကို လုံးဝမပြောဘဲ မော့ရှုလင်ကိုယ်တိုင်ပြောရန် စောင့်နေခဲ့လေသည်။


ပျက်စီးနေတဲ့ ဝိညာဉ်ဇစ်မြစ်ပိုင်ရှင် အမှိုက်က ကျေးဇူးဆပ်ချင်နေတာ.. ဒါက အပြစ်ပေးခံရဖို့ လမ်းရှာနေတာပဲ မဟုတ်ဘူးလား...


အခြားမိသားစုကို ပြောင်းပြီးနောက် ဖျားနာအားနည်းသော ကလေးတစ်ယောက်က ရုတ်တရက် တံခါးဝကို ရောက်လာပြီး ဘိုးဘေးများ၏ကျေးဇူးကို ဆပ်ချင်သည်ဟုပြောလျှင် မည်သူမဆို၏ ပထမဆုံးအတွေးက ထိုဝန်ထုပ်ဝန်ပိုးကို မောင်းထုတ်ရန်သာ ဖြစ်သည်။ နေထိုင်စားသောက်စရာကို ပေးရမည့်အပြင် သူတို့က မကျင့်ကြံနိုင်ဘဲ နှစ်အနည်းငယ်အတွင်း သေဆုံးမည်ဖြစ်သည်။ ဤသည်က ကျေးဇူးဆပ်သည်မဟုတ်ဘဲ လက်စားချေသည်မှာ သိသာလေသည်။


ဖန်ကွမ်းရှစ်က တစ်စုံတစ်ခုကို တွေးလိုက်ပြီး ဂိုဏ်းချုပ်နှင့် ဤကလေး၏ ဆက်ဆံရေးကိုအသုံးပြုကာ ဤကလေးက ဂိုဏ်းချုပ်ခေါ်လာသူဖြစ်သဖြင့် ပိုင်ယွီမင်အနေဖြင့် ဂိုဏ်းချုပ်ကို မျက်နှာသာပေးရန် အရိပ်အမြွက်ပြလိုက်သည်။ နောက်ဆုံးတွင် ပိုင်ယွီမင်က လိုက်လျောပြီး ဤဝန်ထုပ်ဝန်ပိုးကို လက်ခံထားမည်ဟု သူထင်ခဲ့၏။


သို့ရာတွင် ပိုင်ယွီမင်က ဂိုဏ်းချုပ်ကိုပင် မျက်နှာသာမပေးသည်ကို တွေ့လိုက်ရပြီးနောက် ဖန်ကွမ်းရှစ်က ဆက်မပြောတော့ပေ။


သို့ရာတွင် ဖေးယွင်တောင်ကြားနှင့် ပိုင်ယွီမင်ကြား၌ ဆက်ဆံရေးရှိသည်ဟု မထင်ခဲ့ပေ။ မော့ရှုလင်၏ နာမည်ကို ကြားပြီးနောက် ပိုင်ယွီမင်၏ အမူအရာက ပြောင်းလဲသွားလေသည်။ သူတို့နှစ်ယောက်လုံးက ပိုင်ယွီမင်မှာ ဝိညာဉ်ကူးပြောင်းလာသည်ကို မသိပေ။ ပိုင်ယွီမင်က မော့ရှုလင်၏ နာမည်ကြောင့်သာ အံ့ဩသွားခြင်းဖြစ်သည်။


‘မော့ရှုလင်’ ဟူသည့် စာလုံးသုံးလုံးကို စာရွက်ပေါ်၌ သပ်သပ်ရပ်ရပ် ရေးထားလေသည်။


ပိုင်ယွီမင်က စာရွက်ပေါ်ရှိ စာလုံးသုံးလုံးကို ကြည့်ကာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များရှိနေသည့် မော့ရှုလင်ကို ကြည့်လိုက်လိုက်ပြီး သူ့နှလုံးသားက ပြင်းထန်သည့် ခံစားချက်များဖြင့် ပြည့်နှက်သွားလေသည်။


ကံကြမ္မာက ဤကဲ့သို့ နောက်ပြောင်ပြီး စာအုပ်ထဲရှိ အဆိုးဆုံးဗီလိန်ကို သူ့အနားသို့ လွှတ်လိုက်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။


မော့ရှုလင်က မူလပိုင်ယွီမင် မတရားစွပ်စွဲခံရချိန်တွင် တိုက်ရိုက်ပတ်သက်မှု မရှိခဲ့သော်လည်း အမှန်တရားကိုသိသည့် တစ်ဦးတည်းသောလူက မော့ရှုလင်ဖြစ်သည်။


မူရင်းဇာတ်ကြောင်းတွင် ပိုင်ယွီမင်ကို မတရားစွပ်စွဲခဲ့သည့်မိစ္ဆာက အပြုံးခေါင်းဖြူမိစ္ဆာဖြစ်သည်။ မော့ရှုလင်က သူ့မိသားစုများ သတ်ဖြတ်ခံရသည်ကို လက်စားချေရန်အတွက်  အပြုံးခေါင်းဖြူမိစ္ဆာအကြောင်းကို ရှာဖွေခဲ့လေသည်။ ခေါင်းဖြူမိစ္ဆာက လျန်ကျီဂိုဏ်းရှိ အတွင်းလူနှင့် မည်ကဲ့သို့ဆက်သွယ်ပြီး ပိုင်ယွီမင်ကို မည်ကဲ့သို့ မတရားစွပ်စွဲသည်ကို သိခဲ့ပြီး အခြားအဖြစ်အပျက်များကိုလည်း သိခဲ့၏။ မော့ရှုလင်က အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်သော်လည်း ထိုအချက်အလက်များကို ပိုင်ယွီမင်အား ကူညီရန်အသုံးမပြုခဲ့ဘဲ အမျိုးသားဇာတ်လိုက်ထံမှ ထွက်ပြေးရန် အခွင့်အရေးအဖြစ် အသုံးချခဲ့လေသည်။


သို့ရာတွင် မူရင်းဇာတ်ကြောင်းထဲ၌ မော့ရှုလင်က ပိုင်ယွီမင်ကို ဆရာသခင်အဖြစ် ဂါရဝပြုတင်မြှောက်ခြင်း မပါဝင်ခဲ့ချေ။


မဟုတ်လျှင် မူလပိုင်ယွီမင် မတရားစွပ်စွဲခံရချိန်၌ မော့ရှုလင်က ခံစားချက်မရှိဘဲ နေမည်မဟုတ်ပေ။ နောက်ပိုင်းတွင် သူက ပိုင်ယွီမင်၏ နာမည်ကိုပင်သုံးပြီး ဇာတ်လိုက်၏ ဂုဏ်သိက္ခာကို လှောင်ပြောင်ခဲ့လေသည်။


နောက်တစ်ခဏ၌ ပိုင်ယွီမင်က ရုတ်တရက် နားလည်သွားလေသည်။


ဒါပဲ...


ဗီလိန်ရဲ့ ဝိညာဉ်ဇစ်မြစ် ပျက်စီးသွားပြီးအချိန်မှာ သူက စိတ်ဓာတ်ကျပြီး ပိုင်ယွီမင်ရဲ့ တောင်ထိပ်မှာ ခိုလှုံဖို့ ကြိုးစားခဲ့ပေမဲ့ ပိုင်ယွီမင်က ငြင်းပယ်ခဲ့တယ်... အဲ့ဒါကြောင့် အရမ်းရှက်ပြီး ဒေါသထွက်သွားတဲ့ မော့ရှုလင်က ပိုင်ယွီမင် မတရားစွပ်စွဲခံရတာကို လျစ်လျူရှုခဲ့တာဖြစ်မယ်...


ငါသာ မော့ရှုလင်ကို လက်ခံလိုက်မယ်ဆိုရင် ငါက အဆိုးဝါးဆုံးဗီလိန်ရဲ့ ဆရာ ဖြစ်လာမှာမလား...


နောက်ပိုင်းမှာ ငါက မော့ရှုလင်ကို ပညာသင်ပေးမယ် လေ့ကျင့်ပေးမယ်... ဗီလိန်က မိစ္ဆာလမ်းစဉ်ကို ရောက်သွားရင်တောင်... အဲ့လိုဆိုရင်တောင် မော့ရှုလင်က ငါမတရားခံရတာကို လျစ်လျူရှုမှာမဟုတ်ဘူး... ဒါဆိုရင် ငါ ဒီအခြေအနေကနေ လွတ်မြောက်သွားတော့မှာမလား...


ပြီးတော့ မော့ရှုလင်က လုံးဝ နှလုံးသားမရှိတဲ့လူမဟုတ်ဘူး... ဖေးယွင်တောင်ကြား ပျက်စီးပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့အချိန်မှာ အားကိုးရာမဲ့နေတဲ့ မော့ရှုလင်က အဓိပ္ပာယ်မဲ့တဲ့ သူ့ဘဝကို စွန့်လွှတ်ဖို့တွေးဖူးတယ်... ဒါပေမဲ့ ဂိုဏ်းအပြင်ဘက်မှာ အနိုင်ကျင့်ခံခဲ့ရပြီး မတော်တဆ မိစ္ဆာလမ်းစဉ်ပေါ်ကို ရောက်သွားတာကြောင့် ဒီကောင်လေးဟာ ရက်စက်တဲ့ မိစ္ဆာသခင်အဖြစ် ပြောင်းလဲသွားခဲ့တာ...


အိုက်ယား...  လူတိုင်းက အနာဂတ်မှာ အမျိုးသားဇာတ်လိုက်ရဲ့ သတ်ဖြတ်တာကို ခံရမယ့်အတူတူ ဒီမှာပဲနေပြီး ထမင်းတစ်နပ်လောက် စားကြတာပေါ့...


ထိုသို့တွေးပြီးနောက် ပိုင်ယွီမင်က ချောင်းဟန့်လိုက်ကာ ဂရုမစိုက်သည့် အမူအရာဖြင့် ပြောလိုက်၏။

“ငါ့ခြံတံခါးကို ပိတ်ဖို့အတွက် တံခါးစောင့်လိုနေတာ အခုမှသတိရတယ်….”


ခြံတံခါးပိတ်ဖို့လား...


ဖန်ကွမ်းရှစ်နှင့် မော့ရှုလင်က နှင်းများဖုံးလုနီးပါးဖြစ်နေသည့် ခြံဝန်းထဲရှိ ကျိုးပဲ့နေသော တံခါးကို မသိစိတ်အလျောက် တွေးမိလိုက်ကြ၏။


“မင်း... မင်း ငါ့ရဲ့ အတွင်းတပည့်အဖြစ် နေလို့ရတယ်....” 

ပိုင်ယွီမင်က ပြောလိုက်၏။


မော့ရှုလင်က ‘အတွင်းတပည့်’ ဟူသည့် စကားကို ကြားချိန်တွင် အလွန်ပျော်ရွှင်သွားပြီး ချက်ချင်း ဒူးထောက်ကာ ဦးညွှတ်လိုက်၏။

“ကျေးဇူးတင်ပါတယ်... အကြီးအကဲ...”


ဖန်ကွမ်းရှစ်မှာ သံပရာသီးစားလိုက်ရသကဲ့သို့ ချဉ်စူးသွားလေ၏။ သို့ရာတွင် ပိုင်ယွီမင်က မော့ရှုလင်၏ နာမည်သုံးလုံးကို မြင်ပြီးမှ  လက်ခံခဲ့သည်ကို သတိရမိချိန်တွင် သူတို့နှစ်ယောက်က ယခင်ကတည်းက သိကျွမ်းခဲ့ကြသည်ဟု တွေးမိသွားပြီး သူ့စိတ်က တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။


ပိုင်ယွီမင်က သူ့လက်ချောင်းများကို လှုပ်ရှားကာ ပြောလိုက်သည်။ 

“မင်း ငါ့ကို ဘယ်လိုခေါ်သင့်လဲ..”


မော့ရှုလင်က မည်သို့ပြောရမည်ကို မသိတော့ပေ။


ဖန်ကွမ်းရှစ်က ဉာဏ်ကောင်းသဖြင့် ပိုင်ယွီမင်ဆိုလိုသည်ကို နားလည်လိုက်ပြီး အလျင်အမြန် ပြောလိုက်၏။ 

“မြန်မြန်... မင်းရဲ့ရှစ်စွမ်းကို ကျေးဇူးတင်လိုက်...”


မော့ရှုလင်က ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်သည်။ 

“ကျေးဇူးတင်ပါတယ် ရှစ်စွမ်း...”


“အင်း…” 


ပိုင်ယွီမင်က ရှစ်စွမ်းဟူသည့် အခေါ်အဝေါ်အသစ်ကို နားထောင်ပြီး သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားလေ၏။ နောင်တစ်ချိန်တွင် အရေခွံခွာပြီး ယုန်သားမွေးပဝါ ပြုလုပ်ခံရမည့် အခြေအနေမှ တစ်လှမ်းပိုဝေးသွားသည်ဟု ခံစားလိုက်ရသည်။


မော့ရှုလင်က နေစရာနေရာ ရသွားသဖြင့် ဖန်ကွမ်းရှစ်က တစ်ယောက်တည်း ထွက်လာလိုက်၏။


မော့ရှုလင်က အတိတ်ဘဝတွင် မိစ္ဆာသခင် ဖြစ်ခဲ့သော်လည်း ယခုအချိန်၌ သူက တပည့်တစ်ယောက်သာဖြစ်သဖြင့် နှိမ့်ချစွာ နေရမည်ကို နားလည်လေသည်။


ပိုင်ယွီမင် ပြောရန်ပင် မလိုပေ။ မော့ရှုလင်က အစပြုကာ ဖန်ကွမ်းရှစ်ကို လိုက်ပို့လေ၏။

“ကျေးဇူးတင်ပါတယ် ဖန်ရှစ်ရှုန်း... ဒီနေ့ ရှစ်ရှုန်းရဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်...”


မော့ရှုလင်က သူ့ထံတွင်ရှိသည့် တစ်ခုတည်းသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို ဖန်ကွမ်းရှစ်အား ထုတ်ပေးလိုက်၏။


မော့ရှုလင်ထံတွင် ထူးခြားသည့်စရိုက်ရှိသော်လည်း အခြားသူများအား မည်ကဲ့သို့  ထိန်းချုပ်ရမည်ကို သေချာနားလည်လေသည်။ ယခုအချိန်တွင် ပိုင်ယွီမင်က သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပြီး ‘အတွင်းတပည့်’ဟူသည့် အထူးအခွင့်အရေးကို ပေးလိုက်၏။ သူက မည်သည့်တာဝန်မှ မယူလျှင်ပင် တစ်လတွင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ရနိုင်လေသည်။


အတွင်းတပည့်ဆိုသည်မှာ ဆရာသခင်တစ်ယောက်အနေဖြင့် နောက်ဆုံးလက်ခံသည့်တပည့် ဖြစ်လေ့ရှိပြီး တိုက်ရိုက်တပည့်များနှင့် သာမန်တပည့်များထက် အနည်းငယ် ပိုကောင်း၏။ 


ပိုင်ယွီမင်က အတွင်းတပည့်ရဲ့ အဓိပ္ပာယ်ကို မသိတာလား... မသိချင်ယောင်ဆောင်နေတာလားဆိုတာ အရေးမကြီးဘူး...  ငါကတော့ ပိုင်ယွီမင်ကို ကျေးဇူးတင်ရမှာပဲ... ငါက အတွင်းတပည့်ဆိုတဲ့ အခွင့်အရေးကို ရနေသရွေ့ ပိုင်ယွီမင်က တခြားတပည့်တစ်ယောက်ကို ထပ်ခေါ်ချင်ရင်တောင် ငါဂရုမစိုက်ဘူး...


ဖန်ကွမ်းရှစ်က ဂိုဏ်းချုပ်ကို သတင်းပြန်ပို့ရမည်ဖြစ်သည်။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကိုသုံးပြီး ဖန်ကွမ်းရှစ်၏ မနာလိုမှုကို ဖယ်ရှားနိုင်မည်ဆိုလျှင် မော့ရှုလင်အနေဖြင့် အနည်းဆုံး အနှောင့်အယှက် မပေးခံရဘဲ နေနိုင်မည်ဖြစ်ပြီး ပိုင်ယွီမင်၏ စကားအတိုင်း ခြံဝန်းတံခါးကို အဖွင့်အပိတ်လုပ်ပေးရသည့် သာမန်တပည့်တစ်ယောက်ကဲ့သို့ သဘောထားခံရမည် မဟုတ်ပေ။


တပည့်တစ်ယောက်အနေဖြင့် နောင်တစ်ချိန်တွင် သူ့ရှစ်စွမ်းအတွက် အလုပ်အကျွေး ပြုရမည်မှာ သေချာလေသည်။ ဝိညာဉ်ဇစ်မြစ် ပျက်စီးနေသူတစ်ယောက်အနေဖြင့် မည်သည့်နေရာသို့ သူသွားစေကာမူ အနိုင်ကျင့်ခံရမည်ဖြစ်သည်။ အရန်အစီအစဉ်ရှိထားသည်က ကောင်းလေသည်။


ဤအလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးက ကျေးဇူးတင်ကြောင်း ပြသသည့် လက်ဆောင်တစ်ခုသာမက ကောင်းမွန်သော အနာဂတ်ကို ဝယ်ယူခြင်းလည်း ဖြစ်သည်။


ဖန်ကွမ်းရှစ်က ဤကဲ့သို့ အလွယ်တကူရသည့် အကျိုးအမြတ်ကို မလိုချင်သလို ဤကလေးက ချမ်းသာဟန်ဆောင်ပြီး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထုတ်ပေးသည်ကိုလည်း မလိုချင်ခဲ့ပေ။ ဖန်ကွမ်းရှစ်က မော့ရှုလင်၏ အကြည့်နောက်သို့ လိုက်သွားပြီး နှင်းများဖုံးနေသည့် ခြံဝန်းတံခါးကို မြင်လိုက်ချိန်တွင် ကောင်လေးလိုသည့်အရာကို သိလိုက်လေသည်။


အဓိပ္ပာယ်က ရှင်း၏။ မော့ရှုလင်က ပိုင်ယွီမင် သူ့ကို အတွင်းတပည့်အဖြစ် လက်ခံလိုက်သည့် သတင်းကို ဖြန့်စေချင်သည်။ ထို့အပြင် ပိုင်ယွီမင်ကိုယ်တိုင် အတွင်းတပည့်ဟူသည့် စကားလုံးကို ပြောခဲ့ခြင်းဖြစ်သဖြင့် ဖန်ကွမ်းရှစ်က လိမ်ညာပြောခြင်းမဟုတ်ပေ။


သို့ရာတွင် မိသားစုနောက်ခံမရှိဘဲ ဖေးယွင်တောင်ကြားကဲ့သို့ ဆင်းရဲသည့်နေရာမှ ကလေးတစ်ယောက်ထံတွင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ရှိနေခြင်းကို သူ တွေးမရနိုင်ခဲ့ပေ။ ဤအချက်ကြောင့် ဖန်ကွမ်းရှစ်က မော့ရှုလင်အား အထင်ကြီးသွားလေသည်။


ဖန်ကွမ်းရှစ်က ကြီးကြပ်သူတစ်ယောက်ဖြစ်သော်လည်း ကျင်းတန်းအဆင့်တွင်သာ ရှိသေး၏။ အထက်စီးဆန်သည့် အတွင်းတပည့်များကို မပြောနှင့်၊ အပြင်တပည့်များထဲတွင်ပင် ကျင်းတန်းအဆင့် ကျင့်ကြံသူက များစွာရှိသဖြင့် ဖန်ကွမ်းရှစ်ကို အရိုအသေပေးရန်မလိုပေ။ စိတ်ဝိညာဉ်ကျောက်တုံးများကို လက်တိုလက်တောင်းခိုင်းရန် သုံးလေ့မရှိသော်လည်း အခြားသူများက သူတို့၏ ကျင့်ကြံဆင့်ကို မြှင့်တင်ရန်နှင့် လူမှုဆက်ဆံရေးကို ခိုင်မာအောင် သုံးကြလေသည်။ ထို့ကြောင့် တပည့်အများစုက တစ်လလုံးလုံး မောမာပန်းပန်းဖြင့် အလုပ်လုပ်လျှင်ပင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို မရနိုင်ကြပေ။


ယခုအချိန်တွင် မော့ရှုလင်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ပေးလေသည်။ ဖန်ကွမ်းရှစ်အနေဖြင့် မအံ့ဩသည်မှာ မဖြစ်နိုင်ပေ။ မော့ရှုလင်၏ ဝိညာဉ်ဇစ်မြစ်က ပျက်စီးသွားသဖြင့် တောင်တန်းနှင့် ကောင်းကင်အလှများကို ရှုစားကာ စားသောက်ပြီး အနားယူရုံသာ တတ်နိုင်လေသည်။ သို့သော် သူက အမှန်တကယ် အတွင်းတပည့်ဖြစ်လျှင် သူ့ရှစ်စွမ်းအတွက် တောက်တိုမယ်ရလုပ်ပေးတိုင်း မော့ရှုလင်ထံမှ စိတ်ဝိညာဉ်ကျောက်တုံးများ ရနိုင်လေသည်။


မည်သူကမှ ဝိညာဉ်ကျောက်တုံးများလွန်းသဖြင့် မကြိုက်သည်မှာ မရှိပေ။။ အကျိုးမရှိဘဲ တစ်ယောက်ကိုတစ်ယောက် မုန်းနေမည့်အစား အပြန်အလှန် အကျိုးရှိအောင် ပြုံးပြကာ မိတ်ဆွေဖွဲ့သည်က ပိုကောင်းလေသည်။ ဖန်ကွမ်းရှစ်၏ သဘောထားက ၁၈၀ ဒီဂရီ ပြောင်းလဲသွားပြီး ချက်ချင်းပင် မော့ရှုလင်ကို ပြုံးပြလိုက်လေသည်။


မော့ရှုလင်က ဝဟန်ဆောင်ရန် ကိုယ့်မျက်နှာကိုယ် ဖူးယောင်အောင် ရိုက်လိုက်သည်ကိုမူ ဖန်ကွမ်းရှစ်က မသိခဲ့ပေ။


[T/N - ဒါကလေ ချမ်းသာယောင်ဆောင်ဖို့ သူ့မှာရှိသမျှ စိတ်ဝိညာဉ်ကျောက်တုံးအားလုံးကို ပေးလိုက်တာကို ပြောတာပါ...]


အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို လက်ခံရရှိပြီးနောက် ဖန်ကွမ်းရှစ်က တည်ငြိမ်သည့် အသံဖြင့် ပြောလိုက်၏။ 

“ဘယ်နေရာရောက်ရောက် မော့ရှစ်တိက ကံကောင်းတာပဲ...  ဒါဆိုရင် ငါ ဂိုဏ်းချုပ်ကို သတင်းပို့လိုက်ဦးမယ်... မော့ရှစ်တိ စိတ်ချပါ...”

 

သူတို့နှစ်ယောက် နှုတ်ဆက်လိုက်ပြီး စိတ်ထဲတွင် ကျေနပ်နေကြလေသည်။


မော့ရှုလင်က ဖန်ကွမ်းရှစ်ကို လိုက်ပို့ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာချိန်တွင် လေထဲ၌ တွဲလောင်းချထားသည့် ဖြူဖွေးနေသော ခြေထောက်တစ်စုံကို တွေ့လိုက်ရလေသည်။


ပိုင်ယွီမင်က ဖိနပ်များကို ချွတ်ထားပြီး လူအသွင်ဖြင့် ထိုင်ခုံပေါ်တွင် မှီထိုင်နေကာ ဝတ္ထုတစ်ပုဒ်ကို ဇိမ်ခံပြီး ဖတ်နေလေ၏။ အနီရောင်အဝတ်အစားများက သူ၏ဖြူဖွေးသော အသားအရေကို ပေါ်လွင်စေပြီး သူ့ခြေထောက်များက အဖြူရောင်ကျောက်စိမ်းထက် ပိုပြီးနူးညံ့ချောမွေ့နေလေသည်။ သန့်ရှင်းပြီး ပုံစံကျသည့် ခြေသည်းလက်သည်းများက ကမာခွံများကို သပ်သပ်ရပ်ရပ် စီထားသကဲ့သို့ ဆွဲဆောင်မှုရှိနေ၏။


မော့ရှုလင်က ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသည့် ခြေထောက်များကြောင့် ရှက်သွေးဖြာသွားပြီး  ပိုင်ယွီမင်အား အရှက်မရှိသည့်မိစ္ဆာဟု တိတ်တဆိတ် ပြောလိုက်၏။ သူက ‘အမြတ်မြင့်ဆုံးအာဏာရှင် မသေမျိုးဘုရင်နှင့် ဆိုးသွမ်းသောမြေခွေးမိစ္ဆာ’ ဟုရေးထားသည့် ဝတ္ထုစာအုပ်ကိုမြင်ချိန်တွင် သူ့မျက်ဝန်းထောင့်များက မသိစိတ်အလျောက် တုန်ယင်သွားလေသည်။


အတိတ်ဘဝ၌ ပိုင်ယွီမင်ထံတွင် ဤကဲ့သို့ ဝါသနာမျိုးရှိကြောင်း မမှတ်မိပေ။ 


ဆရာသခင်တစ်ယောက်အနေနဲ့ ဒီလိုမျိုး ကြောင်တောင်တောင် လူပြိန်းကြိုက်ဝတ္ထုတွေကို ဖတ်နေတာ မရှက်ဘူးလား... 


သို့ရာတွင် ပိုင်ယွီမင်က ဆရာသခင်တစ်ယောက်တွင် ရှိသင့်သည့်ပုံစံမျိုး မရှိပေ။ သူက ဝတ္ထုစာအုပ်ကို ပိတ်ပြီး သက်ပြင်းချလိုက်၏။ 

“ဒီသုံးလောကက ဘယ်တော့များမှ ငြိမ်းချမ်းပြီး ကွဲပြားချက်တွေကြောင့် ချစ်သူတွေကို ထပ်ပြီး မခွဲတော့မှာလဲ…”


ဒီမျက်နှာကို ကြည့်လိုက်ဦး... ဝတ္ထုထဲ အတော်လေး ဈာန်ဝင်နေတဲ့ပုံပဲ...


မော့ရှုလင် “…...”


ဒါက ငါရွေးချယ်ထားတဲ့ ရှစ်စွမ်းပဲ... အဲ့ဒါကြောင့် သည်းခံရမယ်...


🐰🐰🐰