Ch 3
Viewers 1

🐰 Chapter 3



မော့ရှုလင်မှာ ဤကဲ့သို့ ရှစ်စွမ်းမျိုးက မည်သည့်နေရာကိုမှ သွားချင်မည်မဟုတ်ကြောင်း သိသဖြင့် လက်ဖက်ရည်ပြင်ရန်အတွက် မီးဖိုချောင်ဘက်သို့သွားရန် ဆုံးဖြတ်လိုက်၏။


မီးဘေးကာကွယ်ရန်အတွက် မီးဖိုချောင်ကို အဓိကခန်းမဆောင်နှင့် ခွဲခြားထားပြီး တိရစ္ဆာန်များရန်မှ ကာကွယ်ရန် အိမ်ကို အနည်းငယ် မြှင့်ထားလေသည်။ မော့ရှုလင်က အမိုးပါသည့် အပြင်ဘက်စင်္ကြံမှ မီးဖိုချောင်သို့ တိုက်ရိုက်မသွားနိုင်သဖြင့် ဒူးအထိနက်သည့် နှင်းများကိုဖြတ်ပြီး ခြေလျင်လျှောက်သွားရန် လိုအပ်လေသည်။


မီးဖိုချောင်ထဲဝင်ရသည်က အလွန်ဒုက္ခများသော်လည်း ပိုင်ယွီမင်ထံမှ မျက်နှာသာရရန်အတွက် ကျင့်ဝတ်ထုံးတမ်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။


နှင်းကျနေသည်မှာ ရပ်သွားပြီးနောက် တစ်နေရာလုံးက အဖြူရောင်နှင်းများဖြင့် ဖုံးအုပ်နေသဖြင့် တောင်ထိပ်၏ရှုခင်းက လန်းဆန်းသန့်စင်နေကာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး ၎င်း၏ပိုင်ရှင်နှင့် ဆင်တူနေလေသည်။ ထိုနောက်…


နူးညံ့ဖြူဖွေးသည့် ခြေထောက်များကို စဉ်းစားမိချိန်တွင် နှိင်းယှဉ်ကြည့်ပါက တောင်ပေါ်ရှိ နှင်းဖြူဖြူများပင်လျှင် အရောင်မှိန်သွားသည်ဟု မော့ရှုလင်က ခံစားလိုက်ရလေသည်။


ထိုနူးညံ့ဖြူဖွေးသည့် ခြေထောက်များက မှတ်ဉာဏ်ထဲတွင် စွဲကျန်နေသဖြင့် မော့ရှုလင်က စိတ်ရှုပ်ထွေးနေလေသည်။ သူ့စိတ်ထဲရှိ ဤရှုပ်ထွေးသော ပုံရိပ်များအား မည်ကဲ့သို့ မေ့ပစ်ရမည်ကို မသိခဲ့ပေ။


အသက်ဆယ်နှစ်သာ ရှိသေးသည့် မော့ရှုလင်က နောက်ဆုံး၌ မီးဖိုချောင်တံခါးကို ဖွင့်လိုက်ချိန်တွင် မီးဖိုချောင်က ဗလာဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။


မီးဖိုချောင်ထဲတွင် ဖုန်မှုန့်များက လက်သည်းတစ်ဝက်စာခန့် ထူနေပြီး ထင်း၊ ဆန်၊ ဆီ၊ ဆားကဲ့သို့ နေ့စဉ်သုံးပစ္စည်းများက လုံးဝမရှိပေ။ သံချေးတက်နေသော အိုးများနှင့် မီးဖိုချောင်သုံးဓားများသာ ရှိ၏။ စဉ်းတီတုံးတွင်လည်း မှိုများပေါက်နေပြီး ချက်ပြုတ်ရန် မသုံးသည်သာမက သန့်ရှင်းရေးပင် မလုပ်သည်မှာ ကြာနေပုံပေါ်လေသည်။ မီးဖိုချောင်တံခါးကို တစ်နှစ်ပတ်လုံး ဖွင့်ထားသဖြင့် အလင်းများက အထဲသို့ ထိုးဖောက်ဝင်နေကာ အနည်းငယ် နွေးထွေးနေလေသည်။


မီးဖိုချောင်ထဲသို့ ဝင်သွားချိန်တွင် မဟာယနအဆင့် အကြီးအကဲများက စားသောက်ရန်မလိုသည်ကို နားလည်လိုက်၏။ ထို့ကြောင့် မီးဖိုချောင်က ဤကဲ့သို လျစ်လျူရှုခံထားရသည်မှာ ကျိုးကြောင်းဆီလျော်လေသည်။


ကံကောင်းစွာဖြင့် မော့ရှုလင်၏ သိုလှောင်အိတ်ထဲ၌ ပစ္စည်းများ ကျန်နေသေး၏။


သူက လက်ဖက်ရည်ခွက်များ၊ ပန်းကန်များ၊ လက်ဖက်ခြောက်အိတ်များနှင့် စိတ်ဝိညာဉ်ရေကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။ မော့ရှုလင်က မီးဖိုချောင်ထဲရှိ မည်သည့်အချိန်ကတည်းက ရှိနေသည်ကိုမသိသည့် ထင်းများကိုသုံးပြီး လက်ဖက်ရည်ပြုလုပ်ရန် စိတ်ဝိညာဉ်ရေကို ကျိုလိုက်သည်။


မော့ရှုလင်က လက်ဖက်ရည်နှပ်ပြီးနောက် ကျန်ရှိနေသည့် ရေများကို ထပ်ကျိုထားလိုက်၏။ ရေနွေးကြမ်းသောက်ပြီး ကိုယ့်ကိုယ်ကိုယ် နွေးထွေးအောင်နေရန် တွေးလိုက်ပေသည်။


မော့ရှုလင်က နှပ်ထားသည့် လက်ဖက်ရည်ကိုယူပြီး အဓိကခန်းမသို့ ပြန်သွားလိုက်လေသည်။


ပိုင်ယွီမင်က ဇိမ်ယူပြီး ဝတ္ထုကို ဆက်ဖတ်နေဆဲဖြစ်၏။ သူ့ခန္ဓာကိုယ်ကို ဘောလုံးကဲ့သို့ ကွေးထားပြီး ခေါင်းက ထိုင်ခုံကိုမှီထားချက် ခြေထောက်များကိုကွေးကာ လက်တင်ခုံပေါ်တွင် တင်ထားလေသည်။ သူက အစောက ဝတ္ထုကို ဖတ်ပြီးသွားပုံပေါ်ပြီး ယခုဝတ္ထုအမည်မှာ 'တစ္ဆေဘုရင်က သစ်တော်ပန်းနတ်သမီးကို လက်ထပ်ခြင်း' ဖြစ်သည်။ ဇာတ်ကြောင်းက အလွန်ပြင်းထန်ပြီး ကျောချမ်းဖွယ် ကောင်းနေပုံပေါ်လေသည်။


ပိုင်ယွီမင် လက်တင်ခုံကို ချိတ်ထားရန် ခြေချောင်းများကို ကွေးထားပြီး ဝတ္ထုစာအုပ်ကို ကိုင်ထားသည့် လက်များက တောင့်တင်းနေကာ စာအုပ်အဖုံးတွင် အရာများကျန်နေသည့်အထိ ဆုပ်ကိုင်ထားလေသည်။ အကြောင်းအရာက အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းနေပုံ ပေါ်လေ၏။ သူ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကိုကိုက်ကာ အသက်အောင့်ထားပြီး စာသားများကို စူးစိုက်ကြည့်နေလေသည်။ သူက ကြောက်ရွံ့နေပုံပေါ်သော်လည်း စာအုပ်ကို မချချင်ပေ။


မော့ရှုလင်က လက်ဖက်ရည်ကို ကိုင်ထားပြီး စောင့်နေရုံသာ တတ်နိုင်လေသည်။


တစ်ခဏကြာတွင် ပိုင်ယွီမင်က စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဇာတ်ကြောင်းကို ဖတ်ပြီးသွားပြီး နောက်အပိုင်းသို့ ရောက်သွားလေသည်။ သူက ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်ပြီး တစ်ကိုယ်လုံးက ပြေလျော့သွားလေသည်။ မူလက လက်တင်ခုံပေါ်တွင် ချိတ်ထားသည့် ခြေထောက်များက ခန္ဓာကိုယ် ပြေလျော့သွားသည်နှင့် ဖြည်းဖြည်းချင်း ပြန်လည်ဆန့်တန်းသွားပြီး မူလက ပျင်းရိနေသည့် ဟန်ပန်အမူအရာသို့ ပြန်ရောက်သွားလေသည်။ ထိုခြေထောက်များက လေထဲတွင် တစ်ဖန် လှုပ်ယမ်းနေလေ၏။


သူက စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် ဇာတ်လမ်းကို စဉ်းစားနေသကဲ့သို့ဖြစ်ပြီး ဘေးတွင်ရပ်နေသော မော့ရှုလင်ကို သတိမထားမိခဲ့ပေ။ 


မဟာယနအဆင့် ကျင့်ကြံသူများက အမှန်ပင် သတိမရှိကြပေ။ ပိုင်ယွီမင်က အလွယ်တကူ အကွက်ချခံခဲ့ရသည်မှာ အံ့ဩစရာ မရှိတော့ပေ။ မော့ရှုလင်အနေဖြင့် ပိုင်ယွီမင်ကို ဆရာသခင်အဖြစ် သတ်မှတ်ပြီး နာရီဝက်အတွင်းမှာပင် ပိုင်ယွီမင်က သတိလက်လွတ်နေတတ်သည်ကို သိလိုက်ရလေသည်။


လှုပ်ယမ်းနေသည့် ခြေထောက်များကို မြင်ချိန်တွင် မော့ရှုလင်က သက်ပြင်းချလိုက်၏။ ထို့နောက် သူက ပိုင်ယွီမင်ရှေ့တွင် ဒူးထောက်လိုက်ပြီး အရိုအသေပေးကာ လက်ဖက်ရည်ကို လှမ်းပေးလိုက်၏။

“ဒီတပည့်ကို လက်ခံပေးတဲ့အတွက် ရှစ်စွမ်းကို ကျေးဇူးတင်ပါတယ်... ရှစ်စွမ်း လက်ဖက်ရည် သောက်ပါဦး...”


ပိုင်ယွီမင်က လက်ဖက်ရည်ကို တစ်ချက်ကြည့်ပြီးနောက် မော့ရှုလင်၏ မှိုင်တွေနေသော မျက်ဝန်းများကို ကြည့်လိုက်၏။ သူ တစ်ယောက်တည်း မဟုတ်တော့ဘဲ တပည့်တစ်ယောက် ရောက်လာသည်ကို သတိရသွားလေသည်။

“အင်း... ငါ့တပည့်က လက်ဖက်ရည်သောက်ဖို့ ပေးတယ်ဆိုမှတော့ ငါ သောက်လိုက်မယ်...”


ထို့နောက် ပိုင်ယွီမင်က ဝတ္ထုစာအုပ်ကို ချလိုက်ပြီး ဖိနပ်များကို နင်းလိုက်၏။ အနီရောင်ဝတ်ရုံက သူ့ခြေထောက်များကို ဖုံးအုပ်ထားပြီး ခြေမလေးနှစ်ချောင်းမှာ ရှက်တတ်သော နူးနူးညံ့ညံ့ ကြာဖူးလေးက ချောင်းကြည့်နေကဲ့သို့ ထွက်ပေါ်နေသဖြင့် အလွန်ပင် ချစ်စရာကောင်းနေလေသည်။


၎င်းကို မော့ရှုလင်က မြင်ပြီးနောက် သူ့မျက်နှာက နီရဲသွားလေ၏။ သူက ယခုအချိန်တွင် ကလေးတစ်ယောက်သာ ဖြစ်သဖြင့် မရှိသင့်သည့် အတွေးများ မရှိပေ။ သူ့ရှစ်စွမ်းက အလေးအနက်ရှိသည့် လူတစ်ယောက်မဟုတ်ဘဲ  သူ့ကိုယ်သူ အရှက်ခွဲနေသည်ဟုသာ ခံစားနေရလေသည်။ သူက အမှန်တကယ်ပင် ယုန်မိစ္ဆာဖြစ်ပြီး မိစ္ဆာနှင့်တူသည့် အပြုအမူများရှိ၏။ အခုအချိန်တွင် သူက လူသားအသွင်နှင့် ရှိနေလျှင်ပင် လူတစ်ယောက်၌ ရှိသင့်သည့် ယဉ်ကျေးမှု၊ တရားမျှတမှုနှင့် ရှက်ကြောက်မှုများ မရှိပေ။ မော့ရှုလင်က ရှက်ရွံ့နေပြီး ပြန်လည်မွေးဖွားပြီးနောက် သူ့စကားများနှင့် လုပ်ရပ်များကို ပြုပြင်သင့်သည်ဟု ခံစားလိုက်ရလေသည်။


ပိုင်ယွီမင်က မော့ရှုလင်လုပ်ထားသော လက်ဖက်ရည်ကို ယူလိုက်သည်။ အနံ့က မွှေးကြိုင်ပြီး အပူချိန်ကလည်း အသင့်အတင့်ဖြစ်၏။ အကောင်းဆုံး စိတ်ဝိညာဉ်လက်ဖက်ရည် မဟုတ်သော်လည်း သေမျိုးများကြားတွင် ကောင်းမွန်သည့် လက်ဖက်ရည်ဖြစ်လေသည်။


“မဆိုးပါဘူး... လက်ဖက်ရည်ကောင်းပဲ...” 

ပိုင်ယွီမင်က ချီးကျူးလိုက်၏။


ပိုင်ယွီမင်က သူ့တပည့်ကို စိတ်ပျက်အောင် မလုပ်သင့်ကြောင်း ခံစားရသဖြင့် နှစ်ငုံခန့်သောက်ပြီးနောက် ထပ်သောက်လိုက်သည်။


ဘဝနှစ်ခုကို ကြုံတွေ့ဖူးသော မော့ရှုလင်က သူ့ရှစ်စွမ်းနှင့်အတူ လက်ဖက်ရည်သောက်သည့် ဤမြင်ကွင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ခြင်းဖြစ်လေသည်။ ပိုင်ယွီမင်က လက်ဖက်ရည်သောက်ပြီးနောက် နှုတ်ခမ်းကို လျှာနှင့် သပ်လိုက်သည်ကို မော့ရှုလင် မြင်လိုက်ရ၏။ သူက လက်ဖက်ရည်ကို ကြိုက်သည်မှာ သိသာလေသည်။


လိမ္မာယဉ်ကျေးသည့် တပည့်တစ်ယောက်၏ ပုံရိပ်ကို ထိန်းထားရန်အတွက် မော့ရှုလင်က ဂရုတစိုက် မေးလိုက်၏။

“ရှစ်စွမ်း... နောက်ထပ် သောက်ချင်သေးလား…”


ပိုင်ယွီမင်က ကြောင်အသွား၏။ မူလတွင် သူက သူ့တပည့်ကို မျက်နှာသာပေးချင်ရုံသာဖြစ်သော်လည်း ဤတပည့်က သူ လက်ဖက်ရည်ကြိုက်သည်ဟု ထင်သွားမည်ကို မသိလိုက်ပေ။ သို့ရာတွင် တပည့်လေး၏ အပြစ်ကင်းစင်သော မျက်ဝန်းများကိုကြည့်ပြီး သူ ငြင်းဆန်လိုက်လျှင် အရှက်ရသွားမည်ဖြစ်သဖြင့် ပြန်ဖြေလိုက်၏။

“ကောင်းပြီ... ဒါဆိုလည်း နောက်တစ်ခွက် ထပ်ထည့်လိုက်ပါ...”


အသိဉာဏ်ရှိပြီး စဉ်းစားတတ်သည့် တပည့်ဖြစ်သူ မော့ရှုလင်က ဒူးအထိနက်သော နှင်းများကို ဖြတ်ပြီး မီးဖိုချောင်သို့သွားကာ လက်ဖက်ရည် နောက်တစ်ခွက်ကို ထပ်ကြိုလိုက်ရလေသည်။ 


သို့သော်လည်း ပိုင်ယွီမင်က အစားအသောက်ကို မဖြုန်းတီးတတ်သော လူတစ်ယောက်ဖြစ်၏။ ဤလက်ဖက်ရည်ခွက်တွင် အဖြူအပြာဖြင့် ဆေးခြယ်ထားသော အဖုံးရှိပြီး လက်ဖဝါးထက် အနည်းငယ်ပိုကြီးလေသည်။ လက်ဖက်ရည်ကို စောင့်နေပြီးနောက် ပိုင်ယွီမင်က သင်ခန်းစာယူရန် မေ့လျော့သွားပြီး နောက်ထပ် လက်ဖက်ရည်ခွက်ကို နှစ်ငုံသုံးငုံဖြင့် အပြီးသောက်လိုက်လေသည်။


မော့ရှုလင် “........”


မော့ရှုလင်မှာ ပိုင်ယွီမင်က လက်ဖက်ရည်ကို အလွန်ကြိုက်သည်ဟု တွေးလိုက်ပြီး ထပ်မေးလိုက်၏။

“ရှစ်စွမ်း ထပ်လိုချင်သေးလား…”


သဘောပေါက်သွားသည့် ပိုင်ယွီမင် “........”


တပည့်လေး၏ သတိထားနေသည့် မျက်ဝန်းနက်နက်များကို မြင်ချိန်တွင် ပိုင်ယွီမင်က သူ့တပည့် စိတ်ဆိုးသွားမည်ကို စိုးရိမ်သဖြင့် မငြင်းပယ်နိုင်တော့ဘဲ အံကြိတ်ကာ ထပ်ပြောလိုက်လေသည်။

“ဒါဆိုလည်း ထပ်လုပ်ပေးပါဦး...”


ဒီလိုချစ်စရာကောင်းတဲ့ တပည့်လေးရဲ့ နှလုံးသားကို ငါ ဘယ်လိုလုပ် နာကျင်အောင် လုပ်နိုင်မှာလဲ... 


ငါ့တပည့် ဖျော်ပေးတဲ့ လက်ဖက်ရည်ကို သောက်ရမယ်... 


ငါ့တပည့်ပြောတာကို သဘောတူရမယ်...


လူနှစ်ယောက်မှာ ကြက်တစ်ကောင်က ဘဲတစ်ကောင်ကို စကားပြောနေသကဲ့သို့ လက်ဖက်ရည်ကို တစ်ခွက်ပြီး တစ်ခွက် သောက်နေကြလေသည်။ ၇ခွက် ၈ခွက်ခန့် သောက်ပြီးနောက် ပိုင်ယွီမင်၏ ဗိုက်က ဖောင်းလာသည့်အထိ ပြည့်အင့်လာပြီး တစ်ခဏကြာတွင် အကြောင်းကိစ္စတစ်ခုကို စဉ်းစားမိလိုက်လေသည်။


[T/N - ကြက်တစ်ကောင်က ဘဲတစ်ကောင်ကို စကားပြောတယ်ဆိုတာကလေ တစ်ယောက်နဲ့တစ်ယောက် ဘာပြောနေမှန်းနားမလည်ပေမဲ့ စကားဆက်ပြောနေတာကို ပြောတာပါ…]


“ဒါနဲ့ ရှစ်စွမ်း တစ်ယောက်အနေနဲ့ ငါ မင်းကို ပေးစရာရှိတယ်...”


အခန်းထဲတွင် စားပွဲမရှိသဖြင့် ပိုင်ယွီမင်က လက်ဖက်ရည်ခွက်များကို ကုလားထိုင်ပေါ်တွင် တင်ထားလေသည်။ နောက်ဆုံးတွင် လက်ဖက်ရည်ခွက်များအား ဘေးဘက်သို့ ချလိုက်သည်ကို မြင်ချိန်တွင် နှစ်ယောက်လုံး၏ ရင်ထဲ၌ စိတ်သက်သာရာ သွားကြလေသည်။ 


နောက်ဆုံးတော့ လက်ဖက်ရည်တွေ ထပ်မရှိတော့ဘူး...


နောက်ဆုံးတော့ လက်ဖက်ရည်တွေ ထပ်မရှိတော့ဘူး...


ပိုင်ယွီမင်က သိုလှောင်အိတ်ကို ထုတ်ကာ အထဲသို့ ကြည့်ပြီး ပစ္စည်းများကို ရှာဖွေနေလေသည်။ သို့ရာတွင် သူ ရှာဖွေလေလေ မျက်မှောင်ကြုတ်လေလေဖြစ်၏။ 


လေထုက ရုတ်တရက် ကသိကအောက် ဖြစ်သွားလေသည်။ 


ပိုင်ယွီမင်၏ မျက်နှာကို မြင်ချိန်တွင် မော့ရှုလင်က တင်းမာမှုကို ဖြေလျှော့ရန်အတွက် အမြန်ပြောလိုက်၏။

“ရှစ်စွမ်း ပိုက်ဆံဖြုန်းဖို့ မလိုပါဘူး... ဒီတပည့်ရဲ့ ဝိညာဉ်ဇစ်မြစ်က ဒဏ်ရာရထားတာမလို့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ကျင့်ကြံလို့ မရပါဘူး... အဲ့ဒါကြောင့် ဒီတပည့်အတွက်တော့ စိတ်ဝိညာဉ်ကျောက်တုံးက သာမာန်ပိုက်ဆံနဲ့ အတူတူပါပဲ... လက်နက်တွေက တပည့်အတွက် ပိုလို့တောင် အသုံးမဝင်ပါဘူး... ရှစ်စွမ်းအနေနဲ့ ဒီတပည့်ကို လက်ခံလိုက်တာကတင်ပဲ ဒီတပည့်အတွက် ကောင်းချီးတစ်ခုပါ.. ရှစ်စွမ်းကို ကျေးဇူးတင်ပါတယ်... ဒီပစ္စည်းတွေကို တပည့်ဆီမှာ အမှိုက်အဖြစ် သိမ်းထားမယ့်အတူတူ ရှစ်စွမ်းလက်ထဲမှာပဲ သိမ်းထားတာက ပိုကောင်းပါတယ်...”


မော့ရှုလင်က အနည်းငယ် ချဲ့ကားပြောလိုက်၏။ 


သူ၏ဝိညာဉ်ဇစ်မြစ်က အမှန်ပင် ပျက်စီးသွားသော်လည်း သူ၏ ချီသန့်စင်ခြင်းအဆင့်ရှိသော ကျင့်ကြံဆင့်က ကျန်ရှိသေးလေသည်။ မိစ္ဆာစွမ်းအင်၏ လွှမ်းမိုးမှုကြောင့် သူ့ကျင့်ကြံဆင့်က အတားအဆီးများကို မကျော်ဖြတ်နိုင်ပေ။ သူ၏ဝိညာဉ်ဇစ်မြစ်က လုံးဝပျက်စီးသွားခဲ့လျှင် အတိတ်ဘဝ၌ မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံနိုင်မည်မဟုတ်ပေ။ 


မော့ရှုလင်က ဤကဲ့သို့ ပြောလိုက်ရခြင်းမှာ ပိုင်ယွီမင်ကို အရှက်မရစေချင်သောကြောင့် ဖြစ်လေသည်။


ပိုင်ယွီမင်က သူ့အား အတွင်းတပည့်ဟူသည့် ရာထူးကိုပေးပြီး နေရာထိုင်ခင်းပေးခဲ့၏။ ဤမျှနှင့်ပင် မော့ရှုလင်က အလွန်ကျေနပ်နေလေသည်။


“အမှန်ပဲ...”


ပိုင်ယွီမင်က သူ့တပည့်ကိုပေးရန် ပစ္စည်းတစ်ခု ရှာတွေ့ခဲ့ပြီး သိုလှောင်အိတ်ထဲမှ ယုန်မွေးတစ်မွေးကို ထုတ်ယူရန် ဆုံးဖြတ်လိုက်၏။ သူ့ပါးများက အနည်းငယ် နီမြန်းနေလေသည်။ 


ဤသည်က ယမန်နှစ်တွင် ကျွတ်သွားခဲ့သည့် သူ၏ယုန်မွေးဖြစ်၏။ ယုန်မွေးကို တိုက်ရိုက်ရိတ်ထားခြင်း မဟုတ်သော်လည်း ရောင်းလျှင် ပိုက်ဆံရနိုင်လေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုခုကို တပည့်အား ပေးခြင်းက အနည်းငယ် ထူးဆန်းနေလေသည်။


မော့ရှုလင်မှာ ၎င်းက ပိုင်ယွီမင်၏ ယုန်မွေးဖြစ်ကြောင်း မသိပေ။ အအေးဒဏ်ကို ကာကွယ်ရန်အတွက် ဂွမ်းထည်တစ်မျိုးမျိုးဟုသာ ထင်ခဲ့လေသည်။


ထိုအမွေးလုံးလေးကို မြင်ချိန်တွင် စိတ်ထဲ၌ ဖြတ်ပြေးသွားသော မိစ္ဆာသန်းချီ ရှိနေပုံပေါ်လေသည်။


[T/N - စိတ်ထဲမှာ မကျေမနပ်ပြောတာကို ပြောတာပါ…]


ငါ ဘာမှမပြောဘူးဆိုရင် ပိုင်ယွီမင်က ငါ့ကို တကယ်ကြီး အမွေးလုံး ပေးချင်နေတာလား…


ဆရာသခင်တစ်ယောက်အနေဖြင့် သူတို့၏ တပည့်ကို အမွေးတစ်ဆုပ်ပေးသည်က အလွန်ပင် ရယ်စရာကောင်းနေ၏။ ထို့အပြင် အရေအတွက်ကလည်း နည်းလေသည်။ လက်ချောင်းထိပ်တစ်ခုစာမျှပင် မကြီးပေ။ သူ၏ရှစ်စွမ်းက အမှန်ပင် ဆင်းရဲခြင်းနတ်ဘုရား ဖြစ်လေ၏။


မော့ရှုလင်က သူ့ဘဝနှစ်ခု၌ ကြီးမားသော လေမုန်တိုင်းများကို ဖြတ်ကျော်ခဲ့ဖူးသည်ဟု ထင်သော်လည်း ကောင်းကင်အပြင်တွင် ကောင်းကင်တစ်ခုနှင့် လောကကြီး၏ အပြင်ဘက်တွင် လူများရှိနေသေးမည်ကို မထင်ထားခဲ့ပေ။ ပိုင်ယွီမင်က လောကရှိ ဆရာသခင်များအနက် အမှန်ပင် ဉာဏ်ကြီးရှင် ဖြစ်လေသည်။


[T/N - ‘ကောင်းကင်အပြင်တွင် ကောင်းကင်တစ်ခုနှင့် လောကကြီး၏ အပြင်ဘက်တွင် လူများရှိနေသေးတယ်’ ဆိုတာကလေ လောကမှာ ကိုယ့်ထက်သာတဲ့လူတွေ ရှိနေသေးတာကို ပြောတာပါ]


ပိုင်ယွီမင်က သူ့ထံတွင် ပေးရန်ကောင်းသည့် ပစ္စည်းမရှိကြောင်း ခံစားလိုက်ရသဖြင့် သိုလှောင်အိတ်ထဲမှ ဝတ္ထုစာအုပ်အချို့ကို ယူကာ မော့ရှုလင်ကို ပေးလိုက်သည်။

“တောင်ပေါ်မှာ နှင်းတွေအပြည့်ပဲဆိုတော့ မင်း ဘာမှလုပ်စရာမလိုသေးဘူး... ဒီနေရာကို တစ်ခါတစ်လေ ထိန်းသိမ်းဖို့ပဲ လိုတယ်...”


အကြီးအကဲများ၏ လစဉ်ထောက်ပံ့ကြေးများကို မကြာမီ ထုတ်ပေးမည်ဖြစ်၏။ ထိုအချိန်မှ သူ့တပည့်လေးအတွက် တစ်ခုခုဝယ်ပေးလျှင် နောက်မကျသေးကြောင်း တွေးလိုက်သည်။


ပိုင်ယွီမင်က ပိုက်ဆံစုသည့် အလေ့အကျင့်မရှိသောကြောင့် လစဉ်ထောက်ပံ့ကြေးငွေ ရရှိသည့်အချိန်တိုင်းတွင် အကုန်သုံးပစ်လေ့ရှိသည်။ ယခုအချိန်တွင် သူက အမှန်တကယ် ဆင်းရဲနေလေ၏။


မော့ရှုလင်မှာ ပိုင်ယွီမင်ပေးသည့် စာအုပ်များကို သိုင်းကျမ်းများ သို့မဟုတ် ခန္ဓာကိုယ်ကြံခိုင်ရန်အတွက် လျှို့ဝှက်ကျင့်ကြံနည်းများဟု ထင်ပြီး ပြုံးကာ ပိုင်ယွီမင်ထံမှ စာအုပ်ကို ယူလိုက်လေသည်။ 


သို့ရာတွင် စာအုပ်အဖုံးရှိ ခေါင်းစဉ်ကို မြင်ချိန်၌ သူ့အပြုံးများက တောင့်တင်းသွားလေသည်။


'အသန်မာဆုံး မိစ္ဆာနှင့် ခံစားချက်မရှိသော အမတ’ 


‘ဇနီးသည်ကို လုယူရန် ကောင်းကင်တမျှကြီးမားသော စွမ်းအား’


'ကျင့်ကြံရေးလမ်းကြောင်းသို့ ရောက်သွားသည့် သေမျိုးလယ်သမားတစ်ယောက်'


'နူးညံ့တဲ့ သမားတော်နတ်သမီးလေး... ထွက်မပြေးပါနဲ့'


'မိစ္ဆာဘုရင်ရဲ့ အချစ်တော် အမျိုးသားကိုယ်လုပ်တော်'


စာအုပ်များ၏ ခေါင်းစဉ်က အလွန်ပင် ဟိတ်ဟန်ကြီးလေသည်။ သုံးလောကကြားရှိ ဆက်ဆံရေးက တင်းမာလာပြီး ပိုင်ယွီမင်ထံတွင် မိစ္ဆာဘုရင်နှင့် ပတ်သက်သည့် အချစ်ဇာတ်လမ်းများ ရှိလေသည်။ 

အတိတ်ဘဝ၌ ပိုင်ယွီမင်က အလွယ်တကူ အကွက်ချခံလိုက်ရသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ဤစာအုပ်များကို တစ်နေကုန် ဖတ်နေပါက မဟာယနအဆင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်ကို ပျက်စီးစေနိုင်လေသည်။


သူ့စိတ်ထဲ၌ မည်မျှပင် မငြိမ်မသက် ဖြစ်စေကာမူ မော့ရှုလင်က ပိုင်ယွီမင်ပေးသည့် စာအုပ်များကို အလေးအနက် လက်ခံလိုက်ပြီး သူ့ရှစ်စွမ်းကို ကျေးဇူးတင်လိုက်လေသည်။


“အင်း... ဒါဆို မင်းနေဖို့ နေရာတစ်ခု ရှာလိုက်တော့.... တောင်ပေါ်မှာ ဘယ်သူမှ မရှိတာမို့ လွတ်လွတ်လပ်လပ် နေနိုင်တယ်... အိမ်က သေးတယ်... ငါ့မှာ လုပ်စရာတွေ အများကြီးမရှိဘူး... ငါ့ကိုယ်ငါ ဂရုစိုက်နိုင်တယ်... ဒီရက်တွေမှာ ရာသီဥတုက အရမ်းအေးနေတယ်... တောင်ပေါ်မှာ အန္တရာယ်များတာမလို့ အပြင်ကို လျှောက်သွားမနေဘဲ အထဲမှာပဲနေ... မင်း ပျင်းနေရင် ဒီဝတ္ထုတွေဖတ်ပြီး လက်ဖက်ရည် သောက်နေလိုက်... ငါ့အိပ်ခန်းက ညာဘက်မှာ ရှိတယ်... မင်း တစ်ခုခုပြောချင်တာရှိရင် ငါ့ကို လာရှာလို့ရတယ်...”


ပိုင်ယွီမင်က တစ်ခုခုမှားနေသည်ဟု လုံးဝမခံစားရဘဲ ပြောလိုက်၏။

“ဒါဆိုရင် ငါ အခန်းကို ပြန်တော့မယ်...” 


အခန်းထဲကို ပြန်ပြီး ဝတ္ထုဖတ်တာပဲ ကောင်းတယ်...


မော့ရှုလင်က ပိုင်ယွီမင်၏ လက်ဆောင်ကို လက်ခံလိုက်ပြီးနောက် မည်သို့ ပြန်ပြောရမည်ကို မသိပေ။

ပိုင်ယွီမင်ကို မြင်ချိန်တွင် သူက အချိန်ပြည့် ပျင်းရိနေသည့် ယုန်မိစ္ဆာဖြစ်ပြီး မည်သည့်တပည့်ကိုမှ ဂရုမစိုက်သည်ကို သိလေသည်။ ကံကောင်းစွာဖြင့် သူက  ဆယ်နှစ်သားအစစ် မဟုတ်ပေ။ ဆယ်နှစ်သားအစစ်ဖြစ်ခဲ့လျှင် ပိုင်ယွီမင်ကဲ့သို့ ကြီးပြင်းလာမည် ဖြစ်၏။


ပိုင်ယွီမင်က မည်မျှပင် မယုံကြည်ရစေကာမူ အိမ်က မည်မျှပင်ပျက်စီးနေစေကာမူ ယွဲ့ရွှယ်တောင်ထိပ်က အမြဲတမ်း ကောင်းသည့်နေရာတစ်ခု ဖြစ်လေသည်။ 


အတိတ်ဘဝတွင် သူက အပြင်တပည့်တစ်ယောက်ဖြစ်ပြီး အခြားလူများထံမှ အနိုင်ကျင့်ခံရသော်လည်း ဤဘဝတွင် အတွင်းတပည့်ဟူသော ရာထူးတစ်ခုကို ရရှိခဲ့လေသည်။ 


မည်သည့်တာဝန်မှ လုပ်စရာမလိုဘဲ လစဉ် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး ရမည်ကို တွေးပြီးနောက် မော့ရှုလင်မှာ လေထုက အလွန်လန်းဆန်နေပြီး နှင်းထန်နေသော ရာသီဥတုပင်လျှင် အလွန်လှပလာသည်ဟု ခံစားလိုက်ရလေသည်။


သက်ကယ်အိမ်နှင့် ခြံဝင်းက ကွာခြားခြင်းမရှိပေ။ 


သက်ကယ်အိမ်လေးက တစ်ထပ်သာဖြစ်၏။ မြောက်ဘက်တွင် ပိုင်ယွီမင်၏အိပ်ခန်း၊ အဓိက ခန်းမဆောင်နှင့် စာကြည့်ခန်းရှိ၏။ အရှေ့ဘက်က တပည့်များနေထိုင်ရန် နေရာဖြစ်ပြီး လေးပိုင်း ပိုင်းခြားထားလေသည်။ မြောက်ဘက်ရှိအခန်းနှင့် အရှေ့ဘက်ရှိအခန်းက အပြင်ဘက်စင်္ကြံလမ်းနှင့် ဆက်ထားလေ၏။ အနောက်ဘက်တွင် မီးဖိုချောင်ရှိပြီး တောင်ဘက်တွင် ပြိုကျနေသည့် ခြံတံခါးရှိလေသည်။ ခြံဝန်းထဲတွင် လေးထောင့်ပုံဖြစ်ပုံပေါ်သည့် ခြံစည်းရိုး ရှိခဲ့ပုံရလေ၏။ ခြံစည်းရိုးက ပြိုကျသွားပြီး ပြန်လည်မပြုပြင်ရသေးသည်သာ ဖြစ်သည်။


မော့ရှုလင်က စာကြည့်ခန်းအနီးရှိ အခန်းကို ရွေးလိုက်လေသည်။ အခန်းထဲတွင် အိပ်ရာ၊ စားပွဲနှင့် ဗီရိုများ ရှိလေ၏။ မီးဖိုချောင်ကဲ့သို့ ဖုန်များရှိနေသော်လည်း သစ်သားက ခိုင်ခံ့လေသည်။ မော့ရှုလင်က စစ်ဆေးလိုက်ပြီးနောက် အဆင်ပြေသည်ဟု ခံစားရသဖြင့် သိုလှောင်အိတ်ထဲရှိ အိပ်ရာကို မထုတ်တော့ပေ။


ချွေတာစရာရှိတာ ချွေတာရမယ်... ဒီအိပ်ရာကျိုးသွားရင် နောက်တစ်ခု ရနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ...


ပိုင်ယွီမင်ပေးသည့် စာအုပ်များကို ဖတ်ရန်မှာ မဖြစ်နိုင်ပေ။ တပည့်တစ်ယောက်အနေဖြင့် မော့ရှုလင်က တပည့်တစ်ယောက် လုပ်သင့်သည်ကို လုပ်ရမည် ဖြစ်သည်။


🐰🐰🐰