Ch 4
Viewers 3

🐰 Chapter 4



မော့ရှုလင်က မီးဖိုချောင်ထဲရှိ ကျန်နေသေးသော ရေနွေးများကို ယူရန်အတွက် ဒူးအထိနက်သော နှင်းများကို တစ်ဖန်ဖြတ်သွားရလေသည်။ အေးစိမ့်နေသော ရာသီဥတုထဲတွင် ခေါက်တုံ့ခေါက်ပြန် သွားနေစဉ် မော့ရှုလင်က ရေနွေးတစ်ခွက် ထပ်သောက်နိုင်ရန် အမှန်ပင် မျှော်လင့်နေ၏။


သူက အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ရသဖြင့် နှင်းများက ဘေးဘက်သို့ရွေ့သွားပြီး သူလျှောက်ရန် လမ်းတစ်ခုကို ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေလေသည်။


အိမ်က သေးငယ်ပြီး ပျက်စီးယိုယွင်းနေသော်လည်း သူလုပ်ရန် အလုပ်များစွာရှိလေသည်။ သန့်ရှင်းရေးလုပ်ရန်၊ ပရိဘောဂများကို ပြန်လည်ပြုပြင်ရန်၊ ခေါင်မိုးကိုဖာထေးရန်၊ နှင်းများကို လှည်းကျင်းရန်၊ မြင်နေသမျှ အားလုံးကိုလုပ်ရန် လိုအပ်လေသည်။


မော့ရှုလင်က လျှောက်ပတ်ကြည့်ပြီးနောက် ပိုင်ယွီမင်က အမှန်တကယ်ပင် ပျင်းရိသည်ကို တွေ့လိုက်ရလေသည်။


အိမ်ထဲရှိ အသုံးများသော အခန်းများက အမှန်တကယ် သန့်ရှင်းနေ၏။ ပိုင်ယွီမင်က ဖုန်နှင့် အညစ်အကြေးများကို သန့်ရှင်းရန် မန္တန်သုံးထားသော်လည်း ထောင့်နေရာများတွင် မီးဖိုချောင်ကဲ့သို့ လက်မဝက်ခန့်ထူသော ဖုန်များနှင့် ပင့်ကူအိမ်မျှင်များ ရှိနေဆဲဖြစ်လေသည်။ အိမ်ထဲရှိအခန်းများက မြေအောက်ခန်းကဲ့သို့ အေးစက်နေပြီး တိရစ္ဆာန်များနှင့် ရေစိမ့်ဝင်ခြင်းများကို ကာကွယ်ရန် အိမ်ကိုအနည်းငယ် မြှင့်ထားလေ၏။


မော့ရှုလင်က နောင်တွင် မနက်တိုင်း သန့်ရှင်းရေးလုပ်ရန် ကြံရွယ်လိုက်သည်။ နေသာလျှင် ခေါင်မိုးပြင်ပြီး အိမ်ထဲသို့ နှင်းများမဝင်လာရန် ပတ်ဝန်းကျင်ရှိ နှင်းအနည်းငယ်ကို တူးထုတ်မည်ဖြစ်သည်။ ဤအရာများအားလုံးကို လုပ်ခြင်းမှာ တပည့်ကောင်းတစ်ယောက်နှင့် တူစေရန်ဖြစ်လေသည်။


အလုပ်များအားလုံးလုပ်ပြီးနောက် ကျန်အချိန်များက အားလပ်သဖြင့် သူ လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်လေသည်။ မော့ရှုလင်က ယွဲ့ရွှယ်တောင်ထိပ်ရှိ ကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်များကိုသုံးကာ သူ၏ဝိညာဉ်ဇစ်မြစ်ကို အားဖြည့်ရန် စိတ်ဝိညာဉ်စွမ်းအင်များကို စုဆောင်းလေသည်။ 


မော့ရှုလင်၏ ဝိညာဉ်ဇစ်မြစ်က မိစ္ဆာစွမ်းအားကြောင့် ဒဏ်ရာရခဲ့သော်လည်း အပြည့်အဝ ပျက်စီးသွားခြင်း မဟုတ်ပေ။ မိစ္ဆာစွမ်းအားကို သန့်စင်ရန် အချို့သော ရိုးရှင်းသည့် မန္တန်များကို အသုံးပြုနိုင်သေး၏။ 


မိစ္ဆာစွမ်းအားများကို မသန့်စင်လျှင် ဤဘဝ၌ အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် ခက်ခဲရုံသာဖြစ်သည်။


ဝိညာဉ်ဇစ်မြစ်အနီးရှိ မိစ္ဆာစွမ်းအားများကို သန့်စင်ရန်မှာ မလွယ်ကူပေ။ မဟုတ်လျှင် လောက၌ လမ်းမှန်ကျင့်ကြံသူနှင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူမှာ များစွာရှိနေမည်မဟုတ်ပေ။ အချို့လူများက မိမိဆန္ဒအလျောက် မိစ္ဆာဖြစ်လာရန် မွေ့လျော်သော်လည်း အများစုက မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများကြောင့် ဒဏ်ရာရပြီး ဘဝကိုအဆုံးမသတ်ချင်သော ဆင်းရဲသားများဖြစ်လေသည်။


ယခင်ဘဝတွင် မော့ရှုလင်က မိစ္ဆာသခင်တစ်ယောက်ဖြစ်ပြီး မိစ္ဆာလမ်းစဉ်ကျင့်ကြံနည်းမျိုးစုံကို မြင်ဖူးသဖြင့် မိစ္ဆာလမ်းစဉ်ကျင့်ကြံနည်းမှာ သတ်ဖြတ်ခြင်းကိုသာ ရည်ရွယ်ခြင်းမဟုတ်ပေ။ 


ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ဘယ်သူကများ ဂုဏ်သတင်းမကောင်းတဲ့ မိစ္ဆာတစ်ကောင်ဖြစ်ချင်မှာလဲ…


ဖေးယွင်တောင်ကြားက ဆင်းရဲသော်လည်း သူ့အဖေက စည်းကမ်းကြီးသူဖြစ်သည်။ သူ  မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားသည်ကို သူ့အဖေသိလျှင် အလွန်ဒေါသထွက်ပြီး ဝိညာဉ်ချုပ်မီးအိမ်ထဲမှပင် ပြန်ထွက်လာမည်ကို စိုးရိမ်လေသည်။


မော့ရှုလင်က သူ့မိဘများအကြောင်းကို တွေးမိပြီး သက်ပြင်းချလိုက်လေသည်။


သူ့မိဘများက သူ့အား ဂိုဏ်းကြီးတစ်ခုတွင် အတွင်းတပည့်တစ်ယောက် ဖြစ်လာစေရန်အတွက် အဆက်အသွယ်ရှာနေသည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်တွင် ကံအားလျော်စွာဖြင့် လျန်ကျီဂိုဏ်းရှိ အကြီးအကဲတစ်ယောက်၏ အတွင်းတပည့် ဖြစ်လာခဲ့လေသည်။ 


ငါ့မိဘတွေ ပျော်နေလောက်လား… 


သို့ရာတွင် ဖေးယွင်တောင်ကြားရှိ အသံများနှင့် လဲလှယ်ခဲ့ရသော သွေးကြွေးကို မေ့မထားနိုင်ပေ။ 


သူ့စိတ်ထဲတွင် သွေးထွက်သံယိုမြင်ကွင်းက တစ်ဖန် ပေါ်ပေါက်လာလေ၏။ မော့ရှုလင်က ၎င်းကို အမှန်ပင် မုန်းတီးလေသည်။ လက်သီးကို ဆုပ်လိုက်ပြီး လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်သွားသော်လည်း သူ့ရင်ထဲရှိ နာကျင်မှုကို မမီနိုင်ပေ။


"အား... ဒီတစ္ဆေဘုရင်က ဘာဖြစ်လို့ ဒီလောက်တောင် မိုက်တာလဲ... ငါ ကွေးသွားတော့မှာပဲ..."

ပိုင်ယွီမင်၏ အခန်းထဲမှ ထွက်လာသော အသံက မော့ရှုလင်၏ အတွေးများကို ကြားဖြတ်လိုက်လေသည်။ 


မော့ရှုလင် “.......”


“ဘုရားရေ... တိုက်ပွဲတွေ လာတော့မယ်... မိစ္ဆာသခင်က ချောနေသမျှတော့ ငါ လက်ခံနိုင်တယ်...”


 á€Ąá€žá€śá€€ အလွန်ကျယ်လောင်နေသဖြင့် သူ့စိတ်ထဲရှိ ဆိုးရွားသော ခံစားချက်များအားလုံးက ပျောက်ကွယ်သွားလေသည်။ မော့ရှုလင်က မိစ္ဆာသခင်ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ထိတ်လန့်သွားပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်ကာ အခန်းကို သန့်ရှင်းရေး စတင်လုပ်လိုက်လေသည်။


ရက်အနည်းငယ်ကြာပြီးနောက် မော့ရှုလင်က ယွဲ့ရွယ်တောင်ထိပ်ရှိ နေ့ရက်များကို ကျင့်သားရလာလေသည်။


မနက်တွင် သူက စောစောထပြီး အိမ်အတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ကာ အပြင်ဘက် စင်္ကြံလမ်းတွင်ရှိသော နှင်းများကို ရှင်းလင်းလေသည်။


ယွဲ့ရွယ်တောင်ထိပ်တွင် တစ်ခါတစ်ရံ နှင်းများကျတတ်၏။ တောင်၏ အခြားတစ်ဖက်တွင် နှင်းပြိုမှုများ ရှိသော်လည်း သက်ကယ်အိမ်ကို အနည်းငယ်သာ သက်ရောက်ခဲ့လေသည်။


အစပိုင်းတွင် မော့ရှုလင်က အချိန်ကိုချွေတာရန် ကြိုးစားသော်လည်း ပိုင်ယွီမင်၏ အသံများကို ကြားနေရလေ၏။ ထိုအသံများမှာ... 


“ဇာတ်လိုက်မကို ဒီထက်ပိုပြီး မနှိပ်စက်ပါနဲ့တော့...”


“အား... ဗီလိန်ကသူပဲ...”


“ဒီလိုမလုပ်ပါနဲ့ မိစ္ဆာသခင်ရယ်..." 


စသည့် အဓိပ္ပာယ်မရှိသော စကားများ ဖြစ်လေသည်။ 


ပိုင်ယွီမင် အပြင်မထွက်ချိန်တွင် မော့ရှုလင်၏ဘဝက တစ်ယောက်တည်းနေရသည့် ဘဝနှင့် မကွာခြားပေ။


မော့ရှုလင်မှာ သူ ပြန်လည်မမွေးဖွားမီက အချိန်များကို သတိရနေလေသည်။ သူ၏စိတ်ဝိညာဉ်က သွေးများ ဖုံးလွှမ်းနေသော မိစ္ဆာသခင်တစ်ယောက် ဖြစ်လေ၏။ သူ့မိဘများ၏ သေဆုံးမှုကို လက်ခံနိုင်သော်လည်း မြေအောက်ခန်းထဲတွင် ပိတ်မိနေသော ဝိညာဉ်များကဲ့သို့ ဝမ်းနည်းပူဆွေး မနေချင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ မလွှတ်ချနိုင်ဘဲ ပိုပြီး မသက်မသာ ဖြစ်လာခဲ့လေသည်။


သူ၏အတိတ်ဘဝ၌ အသက်ရှင်သန်နိုင်ရန်အတွက် မော့ရှုလင်က စိတ်ဝိညာဉ်ကျောက်တုံးများ ရရန် နေ့နေ့ညည ရှာဖွေနေခဲ့ရလေသည်။ အေးအေးဆေးဆေး နေထိုင်ရန် အချိန်မရှိခဲ့ပေ။ 


ယခုအချိန်တွင် အခြေကျသွားသော်လည်း ပျင်းရိသဖြင့် စိတ်ရှုပ်ထွေးနေလေ၏။ 


မော့ရှုလင်က နေ့ဘက်တွင် မည်သည်မှ မပြောင်းလဲသော်လည်း ညဘက်တွင် မိဘများအကြောင်းကို အမြဲတမ်း အိပ်မက်မက်လေသည်။ နောက်ပိုင်းတွင် သူ့အခန်းထဲ၌ အမွှေးတိုင်အိမ်ငယ်တစ်ခု လုပ်ပြီး ဖေးယွင်တောင်ကြားအတွက် နေ့တိုင်း အမွှေးတိုင်ထွန်းညှိပေးခဲ့လေသည်။ ထိုအချိန်မှသာ သူ့စိတ်က အနည်းငယ် သက်သာရာ ရသွားလေ၏။


မော့ရှုလင်မှာ သူ့မိဘများ၏ စိတ်ဝိညာဉ်က ရှိနေသေးပြီး သူ့အား အကူအညီတောင်းနေလျှင် မည်ကဲ့သို့ လုပ်ရမည်ကို စိတ်ကူးခဲ့ဖူး၏။ 


သို့ရာတွင် ထိုအကြောင်းကို သူ မတွေးဝံ့ပေ။


သူ၏ဝိညာဉ်ဇစ်မြစ်က ဒဏ်ရာရသွားသဖြင့် လက်စားချေရန်မပြောနှင့်၊ ကျင့်ကြံရန်ပင် မရနိုင်သေးပေ။  မိစ္ဆာလမ်းစဉ်ကို ရွေးချယ်လိုက်ပါကလည်း သူ့မိဘများကို ကယ်တင်နိုင်လျှင်ပင် သူက ဆိုးသွမ်းသည့် သားတစ်ယောက်ဖြစ်သဖြင့် မိဘများက သဘောကျမည်မဟုတ်ပေ။ ဆုံးဖြတ်ချက် နှစ်ခုလုံးက မှားယွင်းနေသည်ဟု ခံစားနေရ၏။


ရက်အနည်းငယ်ကြာပြီးနောက် ပြိုကျနေသည့် ခြံတံခါးကို နှင်းများက လုံးဝဖုံးလွှမ်းသွားပြီး ယိုယွင်းနေသည့် သက်ကယ်အိမ်လေးကသာ ခေါင်းမာမာဖြင့် နှင်းထုများကြားတွင် ကျန်ခဲ့လေသည်။


စင်္ကြံကို လှည်းကျင်းနေသည့် မော့ရှုလင်က ၎င်းကိုမြင်ချိန်တွင် ဘဝ၏ အတွေ့အကြုံကို ခံစားလိုက်ရလေသည်။


ဤသက်ကယ်အိမ်လေးက သူ့ကဲ့သို့ နိမ့်ကျသော်လည်း လေများနှင်းများကြားတွင် ရုန်းကန်နေရလေ၏။ သူ့အသက်အားကယ်တင်ရန် တစ်မိသားစုလုံး၏ အသက်များကို စွန့်လွှတ်ခဲ့ရသည်။ ဤသက်ကယ်အိမ်လေးကလည်း ဝါးပြားများအပေါ် မှီခိုပြီး ရှင်သန်ရန် လေအေးများကို တောင့်ခံနေရလေ၏။


ရုတ်တရက် တိတ်ဆိတ်နေသည့် ယွဲ့ရွှယ်တောင်ထိပ်ပေါ်တွင် အရှက်ရဖွယ် အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် ပိုင်ယွီမင်၏ အခန်းထဲမှ ကျိန်ဆဲသံများကို ကြားလိုက်ရလေ၏။


“ဒီဇာတ်လိုက်ကောင်က ဘာဖြစ်နေတာလဲ... သူ့ရှစ်စွမ်းကို လှည့်စားပြီး သူ့ဘိုးဘေးကို ဖျက်ဆီးပစ်တာ... အဲ့ဒါကြောင့် သွေးကြောတွေ ပျက်စီးသွားတာပဲ... ဒီလိုလူမျိုးက ရှစ်စွမ်းနဲ့ ဗီလိန်ကြားမှာ ဘာများကွာခြားနေလို့လဲ... ဇာတ်လိုက်က နောင်မှာ နာမည်ကောင်းပြန်ရအောင် ကြိုးစားရင်တောင် အသုံးဝင်မှာ မဟုတ်တော့ဘူး... မဖြစ်ဘူး မဖြစ်ဘူး... ငါ စာရေးသူကို စာပို့ရမယ်... ဒေါသထွက်လွန်းလို့ ဓားတစ်ချောင်းလောက် ပို့ပေးချင်နေပြီ...”


မော့ရှုလင် “….”


ပိုင်ယွီမင် မနေ့ညက မအိပ်ရသေးတဲ့ပုံ ပေါက်နေတာက ဝတ္ထုဖတ်နေတာပဲ...


သူ တောင်ထိပ်ပေါ်သို့ ရောက်နေသည်မှာ ရက်များစွာ ကြာပြီဖြစ်သော်လည်း ပိုင်ယွီမင်ထံမှ ထွက်လာသည့် အသံများနှင့် အသားမကျနိုင်သေးပေ။


ပိုင်ယွီမင်မှာ သူ့အခန်းက အသံလုံသည်ဟု ထင်နေ၏။ ထို့ကြောင့် သူက မော့ရှုလင်ရှိသည်ကို ဂရုမစိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ယနေ့ကဲ့သို့ အေးစက်စက် ရာသီဥတုတွင် ငှက်များနှင့်ပိုးမွှားများ မရှိသည့် ယွဲ့ရွှယ်တောင်ထိပ်က အလွန်ပင် တိတ်ဆိတ်လေသည်။ ထို့အပြင် သူ၏ကျင့်ကြံဆင့်က ချီသန့်စင်ခြင်း အဆင့်(၇)ရှိသဖြင့် အိပ်ခန်းထဲတွင် ရှိနေလျှင်ပင် ပိုင်ယွီမင်၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သေးလေသည်။


တစ်ည၌ သူက ပိုင်ယွီမင်၏ အားရပါးရရယ်သံကို ကြားလိုက်ရ၏။ ထိုရယ်သံက မော့ရှုလင်ကို အိပ်မက်ဆိုးထဲမှ ဆွဲထုတ်လိုက်ပြီး နောက်ဆုံးတွင် သူ ပြန်အိပ်နိုင်ခဲ့သော်လည်း သူ့အိပ်မက်ထဲ၌ ပိုင်ယွီမင်၏ ရယ်သံသာ ကျန်ရစ်ခဲ့လေသည်။


ထိုပြဿနာလေးမှလွဲပြီး ပိုင်ယွီမင်က အဆင်ပြေလေသည်။


မည်သို့ပင်ဆိုစေကာမူ ပိုင်ယွီမင်က ပြီးခဲ့သည့်ရက်များအတွင်း အိမ်ထဲမှပင် မထွက်သဖြင့် သူ အပြစ်ရှာချင်လျှင်ပင် မရှာနိုင်ပေ။


သက်ကယ်အိမ်က အလွန်မကြီးသဖြင့် မော့ရှုလင်က ပြီးခဲ့သည့်ရက်များအတွင်း ရှင်းလင်းနိုင်သည့် အရာအားလုံးကို ရှင်းလင်းခဲ့ပြီးဖြစ်သည်။ အိမ်က အလွန်ဟောင်းနွမ်းပြီး ပျက်စီးနေသဖြင့် လက်သမားသာ ပြင်ဆင်နိုင်သည့် နေရာများစွာ ရှိသေးလေသည်။


သို့ရာတွင် တောင်ထိပ်ပေါ်ရှိ နေအိမ်ကို ပိုင်ရှင်ကိုယ်တိုင် ငွေပေးချေရပြီး သူနှစ်သက်သည့်အတိုင်း ဆောက်ထားခြင်းဖြစ်သည်။


အချို့လူများက ဇိမ်ခံအိမ်များတွင် နေရသည်ကိုကြိုက်ပြီး အချို့က ဂူထဲတွင် နေရသည်ကို ကြိုက်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်က ပိုင်ယွီမင်ကို အိမ်ပြင်ရန်အတွက် ထပ်ပြီး ပိုက်ဆံပေးမည် မဟုတ်ပေ။ ဖန်ကွမ်းရှစ်က အကျိုးအမြတ်ရရန် စိတ်ဝင်စားခဲ့သော်လည်း ပိုင်ယွီမင်က မည်သည်ကိုမှ မပြောသဖြင့် သူက ပိုင်ယွီမင်၏ အိတ်ထဲမှပိုက်ဆံကို တိုက်ရိုက်ထုတ်မပေးနိုင်ပေ။


သန့်ရှင်းစင်ကြယ်သည့် မျက်နှာရှိပြီး သူ့တပည့်အတွက် ဝတ္ထုစာအုပ်တစ်အုပ်သာ ပေးနိုင်သည့် ပိုင်ယွီမင်ထံတွင် အိမ်ပြုပြင်ရန်အတွက် ပိုက်ဆံမရှိသည်က မထူးဆန်းပေ။ မော့ရှုလင်က ဆင်းရဲသည့် ရှစ်စွမ်းကို အသုံးဝင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ပိုင်ယွီမင်က အကြီးအကဲရာထူးကို မဆုံးရှုံးသရွေ့  အတွင်းတပည့်ဟူသည့် နာမည်ကိုသုံးပြီး နေ့ရက်များကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းကာ ပိုက်ဆံအနည်းငယ် စုဆောင်းနိုင်လေသည်။


အခုအချိန်တွင် တောင်ပေါ်၌ နှင်းများဖုံးလွှမ်းနေသဖြင့် ထင်းခုတ်ကာ ပျက်စီးနေသည့်အိမ်ကို ပြင်ဆင်ရန် အဆင်မပြေပေ။ ယခုလက်ရှိ အခြေအနေကို ထိန်းသိမ်းထားရုံသာ တတ်နိုင်လေ၏။


နောက်နှစ် နွေဦးရောက်ချိန်တွင်  ခြံတံခါးနှင့် ခြံစည်းရိုးကို ပြင်ဆင်မည်ဖြစ်သည်။ အအေးဒဏ်ခံနိုင်သည့် ပန်းပင်များနှင့် သစ်ပင်များကို စိုက်ပျိုးသည်က အကောင်းဆုံးဖြစ်၏။ နောက်နှစ်ဆောင်းရာသီတွင် ကန်စွန်းဥပင် မစားနိုင်သည်အထိ ခြောက်ကပ်နေမည် မဟုတ်တော့ပေ။


မော့ရှုလင်က နောက်နှစ်ဆောင်းရာသီတွင် ဖြစ်လာမည့် စိုးရိမ်ပူပန်ဖွယ်ရာ ကိစ္စများကို တွေးလိုက်ချိန်တွင် စိတ်လှုပ်ရှားသွားလေသည်။


သူ့အတိတ်ဘဝ၌ မိစ္ဆာကျင့်ကြံသူကို လက်စားချေပြီးနောက် တစ်နေ့လုံး နန်းတော်ထဲတွင် သောက်စားမူးယစ်နေခဲ့လေသည်။ ထိုအချိန်တွင် မော့ရှုလင်က နောက်နေ့အထိ အသက်ရှင်နိုင်၊ မရှင်နိုင်ကိုပင် ဂရုမစိုက်ခဲ့ဘဲ လမ်းလျှောက်နေသည့် လူသေတစ်ယောက်နှင့် တူနေခဲ့လေသည်။


ယခုပြန်လည်မွေးဖွားလာချိန်တွင်လည်း သူက နောက်ကျနေဆဲ ဖြစ်လေသည်။ သက်ကြီးရွယ်အိုများ၊ အားနည်းသူများနှင့် ဖျားနာသူများက တောင်ကြားမှ ထွက်ခွာပြီး ပုန်းအောင်းနိုင်ရန် မော့ရှုလင်က အမျိုးမျိုးသော ဂိုဏ်းများထံမှ အကူအညီရရန် အစွမ်းကုန် ကြိုးစားခဲ့၏။ သူက ကပ်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း အပြုံးခေါင်းဖြူမိစ္ဆာက တောင်ကြားကို ဝန်းရံထားခဲ့သဖြင့် သူ့ဘဝက ငရဲနှင့်တူနေခဲ့လေသည်။


ဤသည်က ကံကြမ္မာပင် ဖြစ်နိုင်၏။


သို့ရာတွင် အတိတ်ဘဝနှင့် နှိုင်းယှဉ်လျှင် နာကျင်မှုများက များစွာလျော့နည်းလေသည်။ မိစ္ဆာစွမ်းအားက သူ၏ဝိညာဉ်ဇစ်မြစ်ကို ဖျက်ဆီးပစ်သော်လည်း အတိတ်ဘဝကကဲ့သို့ မဆိုးရွားပေ။ အခုအချိန်တွင် ကျင့်ကြံဆင့်တက်ရန် ခက်ခဲနေသော်လည်း ကျင့်ကြံဆင့်ကို ချီသန့်စင်ခြင်းအဆင့်(၇)၌ ထိန်းသိမ်းထားနိုင်သေး၏။ ထို့ကြောင့် သူ လုံးဝ အင်အားမရှိသည်မဟုတ်ပေ။


ထို့အပြင် သူက ပိုင်ယွီမင်၏ အတွင်းတပည့် ဖြစ်လာပြီး ဂိုဏ်းသားများ၏ ဖိနှိပ်အနိုင်ကျင့်မှုကို ခံရန်မလိုတော့ပေ။


မော့ရှုလင်က လက်သီးဆုပ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်၏။


မည်သို့ပင်ဆိုစေကာမူ နောက်ဆုံး၌ အလင်းရောင်ကို မြင်ရပြီဖြစ်သည်။


နောက်ဆုံး၌ မျှော်လင့်ချက် ရှိပြီဖြစ်သည်။


သူက ခေါင်းလှည့်ပြီး ပိုင်ယွီမင်၏ အခန်းကို လှမ်းကြည့်လိုက်၏။


မော့ရှုလင် “…..”


ဘာလို့အသံထွက်မလာတာလဲ... ငါ ဝမ်းနည်းနေတဲ့အချိန်တိုင်းမှာ ထူးဆန်းပြီး လူပြိန်းကြိုက်တဲ့ ဇာတ်ကြောင်းတွေကို အော်ဟစ်ပြီး အနှောင့်အယှက် ပေးနေခဲ့တာလေ... ဒီယုန်ဖြူလေးက နောက်ဆုံးတော့ လိမ္မာသွားပြီပဲ...


နှစ်ရက်ကြာပြီးနောက် ပိုင်ယွီမင်၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အသံများကို စိတ်ဝိညာဉ်ကျောက်တုံး ရမည့်နေ့အထိ သည်းခံနိုင်ခဲ့လေသည်။


အိမ်ကို သန့်ရှင်းရေးလုပ်ထားသည့် မော့ရှုလင်က ပိုင်ယွီမင်ထွက်လာရန် မစောင့်နိုင်တော့ပေ။ နေက သူ့ခေါင်းပေါ်သို့ ရောက်လုနီးပါးအချိန်မှ နေ့လယ်ဘက်သို့ ရောက်လာချိန်တွင် မော့ရှုလင်၏စိတ်ထဲ၌ စိုးရိမ်လာခဲ့လေသည်။


ကျင့်ကြံသူတစ်ယောက်က တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲခန့်ကြာအောင် တံခါးပိတ်ကျင့်ကြံသည်မှာ မထူးဆန်းပေ။ လျန်ကျီဂိုဏ်းက ဂိုဏ်းကြီးဖြစ်သဖြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်လုံး နှစ်လုံးကို လိမ်ယူမည်မဟုတ်ပေ။


သို့ရာတွင် ခံစားရမည့်လူက မော့ရှုလင်ဖြစ်သည်။ စိတ်ဝိညာဉ်ကျောက်တုံးများက သူ့အပိုင်မဟုတ်သေးသည်ကို ကောင်းကောင်းနားလည်၏။ မော့ရှုလင်မှာ ဖန်ကွမ်းရှစ်က ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်မည်ကို စိုးရိမ်နေပြီး  သူ့နာမည်ကို အတွင်းတပည့်အဖြစ် အသိအမှတ် ပြုမည် မပြုမည်ကို မသေချာပေ။


ခိုးယူခြင်းများကို ကာကွယ်ရန်အတွက် တံဆိပ်ပြားများ၊ တပည့်များ၏ ဝတ်စုံများနှင့် အသိအမှတ်ပြုစာရင်းများကို ကိုယ်တိုင် ယူ၍မရပေ။ သူတို့အား လက်ခံခဲ့သူက ယူပေးရမည်ဖြစ်သည်။


သူက အပြင်တပည့် ဖြစ်ခဲ့လျှင် ထိုကိစ္စကို ဖန်ကွမ်းရှစ်က တာဝန်ယူရမည်ဖြစ်ပြီး သူက အတွင်းတပည့် ဖြစ်လာလျှင် တောင်ထိပ်ရှိ ရှစ်ရှုန်းက တပည့်အသစ်ကို ခေါ်သွားပေးရမည်ဖြစ်သည်။ မော့ရှုလင်ထံတွင် အခြားရှစ်ရှုန်းများ မရှိသဖြင့် သူက ပိုင်ယွီမင်၏ တပည့်အသစ်ဖြစ်ကြောင်း သက်သေပြရန်အတွက် သူ့ကို ပိုင်ယွီမင်ကိုယ်တိုင် ခေါ်သွားရမည်ဖြစ်သည်။


ပိုင်ယွီမင်က စာဖတ်ရသည်ကိုသာ စွဲလန်းနေသဖြင့် မော့ရှုလင်က သူ့ကို မတိုက်တွန်းရဲပေ။ ယနေ့က စိတ်ဝိညာဉ်ကျောက်တုံးများ ရမည့်နေ့ဖြစ်သဖြင့် မော့ရှုလင်က သူ့အား ကောင်းမွန်သည့်ပုံရိပ်ရှိသည်ဟု ခံစားနေရလေသည်။


လက်ဖက်ရည်တစ်အိုး နှပ်ပြီးနောက် မော့ရှုလင်က စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။


မော့ရှုလင်က တံခါးကို ညင်သာစွာခေါက်ပြီး အသံတိုးတိုးနှင့် မေးလိုက်လေသည်။ 

“ရှစ်စွမ်း... ကျွန်တော် လက်ဖက်ရည် နှပ်ထားပါတယ်... ရှစ်စွမ်း မြည်းကြည့်ချင်လား...”


“ခဏလေး...”

အခန်းထံမှ ထွက်လာသော ပိုင်ယွီမင်၏ အသံက အံ့အားသင့်နေလေသည်။ ထို့နောက် အဝတ်များပွတ်တိုက်သံနှင့် ကြမ်းပြင်ပေါ်သို့ ခြေဗလာဖြင့် နင်းသံများကို ကြားလိုက်ရလေသည်။


မော့ရှုလင်၏ မျက်နှာမှာ နီရဲသွားလေ၏။

ဒီလူ အိပ်ခန်းထဲမှာ အဝတ်မပါဘဲ နေနေတာလား...


တစ်ခဏအကြာတွင် ပိုင်ယွီမင်က ပြောလိုက်၏။

“ဝင်ခဲ့...”


သူ့အသံတွင် အနည်းငယ် ထိတ်လန့်နေသည့် အရိပ်အယောင်များ ပါနေပြီး လျှို့ဝှက်ချက်များကို ရှာနေသကဲ့သို့ ဘယ်ကြည့်ညာကြည့် လုပ်နေလေသည်။


မော့ရှုလင်က လက်တစ်ဖက်နှင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်နှင့် တံခါးကိုတွန်းကာ ဂရုတစိုက် ချောင်းကြည့်လိုက်၏။  ရင်းနှီးသည့် အနီရောင်ဝတ်စုံကို မြင်မှသာ မော့ရှုလင်က သက်ပြင်းချလိုက်ပြီး တံခါးဖွင့်သည့် အပြုအမူက သဘာဝဆန်သွားလေသည်။


🐰🐰🐰