Ch 5
Viewers 0

🐰 Chapter 5



ပြောရမည်ဆိုလျှင် မော့ရှုလင်အနေဖြင့် ပိုင်ယွီမင်၏ အခန်းထဲသို့ ဝင်ဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်မဟုတ်ပေ။ 


ပိုင်ယွီမင်နှင့် ခေါင်းဖြူမိစ္ဆာ ပူးပေါင်းနေသည်ဟု ထင်သဖြင့် သက်သေရှာရန်အတွက် ပိုင်ယွီမင်၏ အခန်းထဲသို့ အကြိမ်ကြိမ် ခိုးဝင်ခဲ့ဖူးလေသည်။ သို့ရာတွင် သူ့အခန်းက သံသယဖြစ်ဖွယ် တစ်စုံတစ်ရာမရှိဘဲ သာမန်အိပ်ခန်းတစ်ခန်းသာ ဖြစ်လေသည်။


ပိုင်ယွီမင်သည် လူသားမျိုးနွယ်၏ ခွဲခြားဆက်ဆံမှုကို အချိန်အတော်ကြာ ခံခဲ့ရသောကြောင့် ဖြစ်နိုင်၏။ သူသည် မိစ္ဆာကျင့်ကြံသူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပေ။ ပရိဘောဂအားလုံး၌ လူသားများ၏ အရိပ်အယောင်သာရှိပြီး မိစ္ဆာငွေ့အသက်များ လုံးဝမရှိပေ။ 


ထို့ကြောင့် မော့ရှုလင်အနေဖြင့် ပိုင်ယွီမင်၏ အခန်းထဲသို့ နောက်တစ်ကြိမ်ဝင်ရာတွင် စူးစမ်းလိုစိတ်များစွာ မရှိတော့ပေ။ တပည့်ကောင်းတစ်ယောက်ကဲ့သို့သာ ဟန်ဆောင်ပြီး မည်သည့်အမူအရာမျှ မပြသခဲ့ပေ။


သို့ရာတွင် မော့ရှုလင် မှားသွားခဲ့လေသည်။ 


အိမ်၏ အခြားနေရာများနှင့် လုံးဝကွဲပြားနေသော ပိုင်ယွီမင်၏အိပ်ခန်းသို့ ဝင်ပြီးနောက် မော့ရှုလင်မှာ အံ့သြကြောင်အသွားလေသည်။ 


ဒီအိပ်ခန်းက တကယ့်ကို ယုန်သိုက်ပဲ...


အခန်းထဲတွင် ပရိဘောဂများ မရှိပေ။ အိပ်ရာကလည်း သေးငယ်သော မြက်အသိုက်တစ်ခုသာ ဖြစ်လေသည်။ မြက်အသိုက်မှာ တစ်ပေခန့်ကျယ်ဝန်းပြီး ယုန်တစ်ကောင်စာသာ ဆန့်လေသည်။ ယုန်သိုက်ဘေးတွင် အဆင့်သုံးဆင့်ပါသော စင်လေးတစ်ခုရှိ၏။ ပထမအဆင့်တွင် ဂျုံကောက်ရိုးဖျော်ရည်တစ်ခွက်၊ ဒုတိယအဆင့်တွင် လတ်လတ်ဆတ်ဆတ် မုန်လာဥနီနှစ်လုံးနှင့် တတိယအဆင့်တွင် အသီးခြောက်များနှင့် ဟင်းသီးဟင်းရွက်များပါသော ပန်းကန်လေးတစ်လုံး ရှိလေသည်။ 


မုန်လာဥနီကို အကြိမ်ပေါင်းများစွာ ကိုက်ထားပုံရပြီး ၎င်းမှာ လူသားတစ်ယောက်၏ သွားရာမဟုတ်ပေ။ မြက်အသိုက်ဘေးရှိ ကြမ်းပြင်ပေါ်တွင် အစွန်းအထင်းများ ရှိနေသဖြင့် မူလက ဖျော်ရည်ကို ထိုနေရာတွင် ထားထားပုံရလေသည်။ မြက်အသိုက်ထဲတွင်လည်း ဘီစကစ် အစအနများ ရှိနေပြီး အခန်းထဲသို့ သူ မကြာခဏ ဝင်ခဲ့လျှင် သူ၏ရှစ်စွမ်းက ဝတ္ထုဖတ်ပြီး ဘီစကစ်စားနေသည်ကို မြင်ရနိုင်လေသည်။ 


အိပ်ခန်းထဲရှိ နေရာအနှံ့တွင် ဝတ္ထုများ၊ ဝတ္ထုများနှင့် နောက်ထပ် ဝတ္ထုများသာ ဖြစ်လေ၏။ 


များစွာသော ဝတ္ထုစာအုပ်များကို ဒူးအထိမြင့်သည်အထိ သေသေသပ်သပ် စီထားပြီး အများစုမှာ မြက်အသိုက်အနားတွင် ရှိလေသည်။ အချို့မှာ ကြောင်နှုတ်ခမ်းမွေးကဲ့သို့ အလျားလိုက်ဖြစ်နေပြီး ကျန်သော စာအုပ်များမှာ အခန်းထဲတွင် ဖရိုဖရဲ ပြန့်ကြဲနေလေ၏။ စာအုပ်တစ်အုပ်နှင့် တစ်အုပ်ကြားရှိ အကွာအဝေးမှာ လူတစ်ယောက် လမ်းလျှောက်ရန်အတွက် အဆင်မပြေသော်လည်း ယုန်လေးတစ်ကောင် သွားလာရန်အတွက်မူ အလွန်အဆင်ပြေလေသည်။ 


အခန်း၏ပိုင်ရှင်ဖြစ်သူ ပိုင်ယွီမင်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်နေလေ၏။ ကြမ်းပြင်ပေါ်တွင် စောင်တစ်ထည်ကို ဖြန့်ခင်းထားပြီး ကော်ဖီစားပွဲအသေးတစ်လုံးနှင့် ဧည့်သည်များအတွက် တည်ခင်းထားပုံရသည့် မုန့်ပန်းကန်တစ်ခုကို စားပွဲပေါ်တွင် တင်ထားလေသည်။ စားပွဲမှာ တံခါးနှင့် ယုန်သိုက်ကြားတွင် ရှိနေကာ လမ်းလျှောက်ရန်အတွက် အလွန်အဆင်မပြေပေ။ 


ပိုင်ယွီမင်က ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်မှာ ယာယီသာဖြစ်ကြောင်း သိသာလေသည်။ ယခင်က အခန်းထဲတွင် စားပွဲလေး ရှိပုံမပေါ်ပေ။ 


ပိုင်ယွီမင်၏ အဝတ်အစားများက ဖရိုဖရဲဖြစ်နေကာ ဖိနပ်လည်း မစီးထားဘဲ အနီရောင်ဝတ်ရုံအောက်တွင် ခြေထောက်များကို ကျုံ့ထားသဖြင့် ဖြူဖွေးသော အသားအရေမှာ အနည်းငယ် ပေါ်နေလေသည်။ အနက်ရောင် ဆံနွယ်များက ရေတံခွန်ကဲ့သို့ ပြန့်ကြဲကျနေပြီး ရှက်စိတ်ကြောင့် မျက်နှာမှာ ပန်းရောင်သန်းနေကာ သူ၏ မိစ္ဆာဆန်သောအသွင်အပြင်က အလွန်ပင် ဆွဲဆောင်မှု ရှိနေလေသည်။


အစောက ပိုင်ယွီမင်မှာ ယုန်အသွင်ဖြင့် ရှိနေသည်ကို မော့ရှုလင် သိလိုက်လေသည်။ အလျင်အမြန် အဝတ်အစားလဲလိုက်ရသဖြင့် ရှက်သွေးဖြာနေခြင်းဖြစ်၏။ သူထင်ထားသကဲ့သို့ ဖရိုဖရဲဖြစ်နေသော ပုံရိပ်မဟုတ်သော်လည်း ပိုင်ယွီမင်၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကြောင့် မော့ရှုလင်မှာ မတွေးသင့်သော အတွေးများ ဝင်လာလေသည်။ 


ဤကဲ့သို့ အသွင်အပြင်မျိုးကို ရမ္မက်ကြီးသူများအနေဖြင့် ချုပ်တည်းနိုင်မည်မဟုတ်ပေ။ 


ကံကောင်းစွာဖြင့် သူ၏ ရှစ်စွမ်းမှာ တောင်ထိပ်ပေါ်တွင်သာ တစ်နေ့လုံး နေထိုင်လေသည်။ မဟုတ်လျှင် ဤကဲ့သို့ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကြောင့် ယောက်ျားမိန်းမများစွာကို မိန်းမောသွားစေမည် ဖြစ်လေသည်။


ပိုင်ယွီမင်မှာ မော့ရှုလင်က သူ၏အပြုအမူများအား မြင်နေရသည်ကို မသိဘဲ တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်လေသည်။ 

"လက်ဖက်ရည်ကို စားပွဲပေါ်မှာ တင်ထားလိုက်လေ.. မင်း... အဟမ်း... ထိုင်လေ..."

 

သူ့ရှစ်စွမ်းက လုံလောက်အောင် တည်ငြိမ်မနေသေးပေ။ 


မော့ရှုလင်က ပိုင်ယွီမင် ရှေ့တွင် ထိုင်လိုက်ပြီး သူ့ရှစ်စွမ်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်လေသည်။


ပိုင်ယွီမင်က စကားပြောရန် ပါးစပ်ကို ဟလိုက်သော်လည်း မည်သည့်အကြောင်းအရာ ပြောရမည်ကို မသိပေ။ သူ့တပည့်လေးက တိတ်ဆိတ်လွန်းလေ၏။ သို့ရာတွင် ဖေးယွင်တောင်ကြား၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် တပည့်ဖြစ်သူထံတွင် ပျော်ရွှင်သော စိတ်အခြေအနေ မရှိနိုင်သည်ကို ပိုင်ယွီမင်က နားလည်လေသည်။ ပိုင်ယွီမင်က သာမန်ရက်များတွင် သူစိမ်းများနှင့် စကားမပြောချင်ပေ။ ထို့အပြင် မော့ရှုလင်က မူရင်းဇာတ်ကြောင်းထဲတွင် ဗီလိန်ဇာတ်ကောင် မိစ္ဆာသခင်ဖြစ်သဖြင့် ပိုင်ယွီမင်က အနည်းငယ် သတိထားနေမိလေသည်။ သူ မည်မျှပင် အစွမ်းထက်စေကာမူ အလွယ်တကူ မချဉ်းကပ်ရဲပေ။


အခြားလူများ ပြောသကဲ့သို့ပင် များစွာပြောလျှင် မှားနိုင်ပြီး အနည်းငယ်ပြောလျှင်လည်း မှားနိုင်ကာ မည်သည်ကိုမှ မပြောခြင်းကပင် အမှန်ဆုံးဖြစ်လေသည်။ 


သူ စကားမပြောလျှင် မော့ရှုလင်အား ရန်စမိမည်ကို စိုးရိမ်ရန် မလိုတော့ကြောင်း တွေးလိုက်လေသည်။


လွန်ခဲ့သည့် ရက်များတွင် သူက အခန်းထဲတွင်သာ ဝတ္ထုဖတ်နေ၏။ ဝတ္ထုထဲတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး အံ့သြဖွယ်ဖြစ်သော အကြောင်းအရာများ ပါသော်လည်း အခန်းထဲတွင်သာ အောင်းနေသည်မှာ မော့ရှုလင်နှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်ကို မသိသောကြောင့် ဖြစ်လေသည်။ ကုလားအုတ်ငှက်ကဲ့သို့ အခန်းထဲတွင်သာ အောင်းနေကာ ကောင်လေးကို ရှောင်နေခဲ့လေသည်။


အချိန်အတော်ကြာ စဉ်းစားပြီးနောက် တပည့်လေးကို ရှောင်နေမိသဖြင့် လိပ်ပြာမလုံဖြစ်နေသော ပိုင်ယွီမင်က စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်လေသည်။ 

"ရှောင်ရှုရှု... ဒီရောက်နေတာ နှစ်ရက်ရှိပြီပဲ... နေသားကျပြီလား..." 


ပိုင်ယွီမင်ခေါ်လိုက်သော နာမည်ကြောင့် မော့ရှုလင်က ကြောင်အသွားပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ ပြောလိုက်လေသည်။ 

"ရှစ်စွမ်းကို ပြန်ဖြေပါတယ်... ဒီတပည့် နေသားကျနေပါပြီ..." 


အခန်းထဲမှ ထွက်လာသော ပိုင်ယွီမင်၏ အဓိပ္ပာယ်မရှိသည့် စကားများကို တစ်ခါတစ်ရံ ကြားရသည်မှလွဲ၍ သူ့ဘဝက အလွန်ပင် ကောင်းမွန်လေသည်။ အခန်း၏ အသံလုံစနစ်က ဆိုးရွားသော်လည်း အရေးကြီးသော ကိစ္စမှာ သူ၏ဘဝတည်ငြိမ်မှုဖြစ်လေ၏။


သူ့တပည့်လေးက ရှက်ရွံ့စွာဖြင့် စကားပြောရန် ကြိုးစားနေသော်လည်း ရပ်လိုက်သည်ကို မြင်ချိန်တွင် ပိုင်ယွီမင်မှာ မော့ရှုလင်က သူခေါ်သည့် နာမည်ကြောင့် အဆင်မပြေဖြစ်သွားသည်ဟု တွေးလိုက်ကာ ထပ်ပြောလိုက်၏။ 

"ငါက စာဖတ်ရတာ အရမ်းဝါသနာပါတယ်… တပည့်လေးနဲ့ နာမည်တူတဲ့ ဝတ္ထုတစ်ပုဒ်ရှိလို့ ခံစားချက်တွေ ပေါက်ကွဲထွက်လာတာပါ..." 


ပိုင်ယွီမင်မှာ သူက ဗီလိန်၏ အထင်ကြီးမှု ရရှိအောင် ကြိုးစားရာတွင် အတွေ့အကြုံ အလွန်နည်းသည်ဟု ခံစားလိုက်ရသဖြင့် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် လက်ဖက်ရည်ကို မော့သောက်လိုက်၏။


ပိုင်ယွီမင် လက်ဖက်ရည်ကို မော့သောက်ရန် ပြင်လိုက်စဉ်တွင် မော့ရှုလင်က သက်ပြင်းချကာ ပြောလိုက်လေသည်။ 

"နှစ်ရက်မဟုတ်ပါဘူး... ကိုးရက်ရှိပါပြီ..." 


သူ့တပည့်ပြောသည်ကို ကြားချိန်တွင် ပိုင်ယွီမင်၏ ပါးစပ်ထဲမှ လက်ဖက်ရည်များက ပြန်ထွက်လာလုနီးပါး ဖြစ်သွားပြီး သူ့လေသံထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလေ၏။ 

"ဘာရယ်... ကိုးရက်တောင် ရှိသွားပြီလား... ဒီလောက်မြန်တာလား..."


မော့ရှုလင်က ခေါင်းညိတ်ပြလိုက်လေသည်။ သို့ရာတွင် ဝတ္ထုစာအုပ်များ ပြည့်နေသည့် အိပ်ခန်းကို မြင်ချိန်တွင် ပိုင်ယွီမင်က မည်သည့်အတွက်ကြောင့် အချိန်ကို မသိရသည်ကို နားလည်သွားလေသည်။ ဤယုန်က မည်ကဲ့သို့  မဟာယနအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်ကို မသိတော့ပေ။ သူ့ရှစ်စွမ်းက အမှန်ပင် လူတစ်ယောက်မဟုတ်ပေ။


သေချာသည်မှာ ကြိုးစားအားထုတ်မှုက အထုံပါရမီကို မယှဉ်နိုင်ပေ။ 


ကျင့်ကြံရေးလောကတွင် အထုံပါရမီရှိသူကို ပိုပြီးမျက်နှာသာပေးကာ ကံတရားက ဒုတိယဖြစ်လေသည်။ ဝီရိယရှိခြင်းက ပိုပြီး မြန်ဆန်စေရုံသာ ဖြစ်လေ၏။ ဝီရိယရှိခြင်းက ကျင့်ကြံမှုကို မမြန်ဆန်စေလျှင် ကြိုးစားအားထုတ်မှုမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်လေသည်။


ပိုင်ယွီမင်က တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်စလို မေးလိုက်၏။ 

"ဒီနေ့က ဘယ်နှရက်နေ့လဲ..."


"လဆန်းတစ်ရက်နေ့ပါ..."


ပိုင်ယွီမင်က ချက်ချင်း စိတ်လှုပ်ရှားသွားပြီး သူ့အသံထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။ 

"ကောင်းလိုက်တာ... ထောက်ပံ့ကြေးရမယ့် အချိန်ပဲ... ဝတ္ထုစာအုပ်အသစ်တွေ ဝယ်လို့ရပြီ..."


မောရှုလင် “.........”


ငါလည်းပဲ လစဉ်ထောက်ပံ့ကြေးရဖို့ ဒီကိုလာခဲ့တာဆိုပေမဲ့ ပိုင်ယွီမင်က ရှစ်စွမ်းတစ်ယောက်အနေနဲ့ အရမ်းကို ပွင့်လင်းလွန်းမနေဘူးလား... ပြီးတော့ ဒီလေသံ ဒီအမူအရာက အရမ်းပျော်နေပုံပေါက်ပြီး တပည့်တစ်ယောက်ထက်တောင် ဂနာမငြိမ် ဖြစ်နေတယ်...


သေချာသည်မှာ ပိုင်ယွီမင်ထံတွင် ယခင်က မော့ရှုလင်ထင်ထားသကဲ့သို့ မရိုးဖြောင့်သည့် စိတ်ထားမျိုး မရှိပေ။


"ငါပိုက်ဆံသွားယူလိုက်ဦးမယ်... မင်း ဒီမှာပဲနေခဲ့... ငါ မြန်မြန်ပြန်လာခဲ့မယ်..." 

ပိုင်ယွီမင်က စကားကို အလျင်စလိုပြောပြီး ဖိနပ်စီးကာ အပြင်သို့ အမြန်ပြေးထွက်သွားလေသည်။


မော့ရှုလင် ပြန်မတုံ့ပြန်နိုင်သေးမီတွင် ပိုင်ယွီမင်က အပြင်သို့ ရောက်သွားလေသည်။ အပြင်ဘက်သို့ ကြည့်လိုက်ချိန်တွင် ပိုင်ယွီမင်၏ အရိပ်အယောင်ပင် မရှိတော့ချေ။ သူ့ရှစ်စွမ်းမှာ ဓားပျံဖြင့် ပျံသန်းသွားပြီး တိမ်တိုက်များကြားတွင် ပျောက်ကွယ်သွားလေသည်။


သူက အမှန်ပင် စွမ်းအားကြီးသော မဟာယနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။


နေရာတွင်သာ ကျန်ခဲ့သော မော့ရှုလင်မှာ သက်ပြင်းကို မျိုချ၍လည်းမရ ပြန်ထုတ်၍လည်း မရနိုင်တော့ပေ။


ယနေ့ စာရင်းမသွင်းလျှင် တစ်လစာ ထောက်ပံ့ငွေကို ဆုံးရှုံးရမည်ဖြစ်၏။ ထိုသို့တွေးပြီးနောက် မော့ရှုလင်မှာ ဒေါသထွက်သွားလေသည်။ သို့ရာတွင် သူ့ရှစ်စွမ်းက ထွက်သွားပြီဖြစ်သဖြင့် သူ မည်သည်ကိုမျှ မလုပ်နိုင်တော့ပေ။


မော့ရှုလင်မှာ အလွန်ဒေါသထွက်နေပြီး လက်ဖက်ရည်ခွက်များကို ကိုင်လျက် တိတ်တဆိတ် အပြင်သို့ ထွက်လာခဲ့လေသည်။ သူ တံခါးပိတ်ပြီး လှည့်လိုက်ချိန်တွင် မည်သည့်အချိန်က ပြန်ရောက်လာသည်ကို မသိရသည့် ပိုင်ယွီမင်ကို မြင်ကာ လန့်သွားလေသည်။ 


မော့ရှုလင်ထံတွင် နှစ်ဘဝစာ အတွေ့အကြုံရှိသော်လည်း သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားလေ၏။ လက်ဖက်ရည်ဗန်းကို ကိုင်ထားသည့်လက်မှာလည်း တုန်ယင်သွားပြီး လက်ဖက်ရည်ခွက်များက တိုက်မိကာ ပန်းကန်ပြားက စောင်းသွားသဖြင့် လက်ဖက်ရည်ခွက်တစ်ခွက်က အောက်သို့ ပြုတ်ကျသွားလေသည်။


ပိုင်ယွီမင်က မန္တန်တစ်ခုဖြင့် လက်ဖက်ရည်ခွက်ကို အောက်မကျအောင် ထိန်းလိုက်ပြီး သက်ပြင်းချလိုက်လေ၏။

"မင်း ဘာဖြစ်လို့ ဒီလောက်တောင် ပေါ့ဆရတာလဲ..."


မော့ရှုလင် "....."


နားထောင်ကြည့်ကြပါဦး... ဒါက လူပြောတဲ့စကားလား... 


ဘယ်သူက ပေါ့ဆတာလဲ... 


ဘယ်သူကရော ဒီလိုမျိုး ရုတ်တရက်ကြီး ပြေးထွက်သွားလို့လဲ... 


ဘယ်သူကရော တိတ်တိတ်လေး ပြန်လာပြီး ငါ့နောက်မှာ လာရပ်နေမှာလဲ... 


မော့ရှုလင်က အမှန်ပင် ဒေါသထွက်နေသော်လည်း ပိုင်ယွီမင်က ရှစ်စွမ်းဖြစ်ပြီး သူက တပည့်သာ ဖြစ်လေသည်။ မည်မျှပင် ဒေါသထွက်နေစေကာမူ သည်းခံရမည်ဖြစ်၏။ သူ့ရှစ်စွမ်းက အကြောင်းပြချက်မရှိ ပြဿနာရှာလွန်းလေသည်။


"ရှစ်စွမ်းဆုံးမတာ မှန်ပါတယ်..." 

မော့ရှုလင်က အပြုံးတစ်ခုကို အားယူပြုံးပြလိုက်လေသည်။ 


ပိုင်ယွီမင်က သူ့တပည့်ကို ဆုံးမရန် ပြန်လာခြင်းမဟုတ်သဖြင့် တိုက်ရိုက်မေးလိုက်လေသည်။ 

"မင်းမှာ ပိုက်ဆံနဲ့ လိုတာတွေရှိလား... ငါ မင်းကို တောင်အောက်ခေါ်သွားပေးမယ်... အတူတူသွားကြတာပေါ့..."


ယခုအချိန်တွင် မော့ရှုလင်က ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးသဖြင့် ဓားဖြင့် မပျံနိုင်သေးပေ။ နှင်းများကလည်း ထူထပ်နေသဖြင့် မော့ရှုလင်အတွက် တောင်အောက်သို့ ခြေကျင်ဆင်းရန် မလွယ်ကူပေ။ 


"ဟုတ်ကဲ့..." 

မော့ရှုလင်က ပြုံးပြီး ခေါင်းညိတ်လိုက်သော်လည်း သူစကားမဆုံးမီ ပိုင်ယွီမင်က ဖြတ်ပြောလိုက်လေသည်။ 


"ဒါဆို မြန်မြန်တက်... ငါခေါ်သွားမယ်..."

ပိုင်ယွီမင်က စိတ်မချရသော်လည်း ဓားဖြင့်ပျံသန်းရန်က အလွန်ကျဉ်းသည်ကို သိသဖြင့် စိတ်ဝိညာဉ်လှေလေးတစ်စင်း ထုတ်လိုက်လေသည်။ 


ပိုင်ယွီမင်က ထပ်ပြီး အလျင်လိုနေသည်ကို မြင်သဖြင့် မော့ရှုလင်က မြန်မြန်ပြောလိုက်လေသည်။ 

"ရှစ်စွမ်း... ဒီတပည့်မှာ ခါးချိတ်တံဆိပ်ပြား မရသေးပါဘူး..." 


ခါးချိတ်တံဆိပ်ပြားမရှိလျှင် တရားဝင်တပည့်တစ်ယောက် မဟုတ်သေးသဖြင့် ဂိုဏ်းဝတ်စုံနှင့် လစဉ်ထောက်ပံ့ကြေးများကို မရရှိနိုင်ပေ။


"ဟုတ်သားပဲ... မင်းအတွက် စာရင်းသွင်းပေးရဦးမယ်... မဟုတ်ရင် မင်းက အထောက်အထားမဲ့ ဖြစ်နေဦးမယ်..."


ပိုင်ယွီမင်က မော့ရှုလင်နားသို့ ရုတ်တရက် ရောက်လာပြီး လှေပေါ်သို့ တက်လိုက်လေသည်။ 

"ဒါဆို လုပ်စရာရှိတာတွေကို နေ့လယ်မတိုင်ခင် အပြီးလုပ်ရအောင်... မဟုတ်ရင် သူတို့ အလုပ်ဆင်းသွားတော့မယ်..."


မမြင်ရသည့် အားတစ်ခုက မော့ရှုလင်ကို တွန်းလိုက်သဖြင့် ထုံးတမ်းစဉ်လာများကို ဂရုမစိုက်နိုင်တော့ဘဲ လက်ဖက်ရည်ပန်းကန်ကို ကြမ်းပြင်ပေါ်တွင်ချကာ လှေပေါ်သို့ အမြန်ပြေးတက်ပြီး ပိုင်ယွီမင်၏ နောက်တွင် ရပ်လိုက်လေသည်။


ယခုအချိန်တွင် ပိုင်ယွီမင်၏ မျက်လုံးများထဲ၌ စိတ်ဝိညာဉ်ကျောက်တုံးများဖြင့်သာ အမှောင်ဖုံးနေလေ၏။ သေးငယ်သော ကိစ္စများကြောင့် ပိုင်ယွီမင်၏အချိန်ကို နှောင့်နှေးစေလျှင် ဒေါသထွက်လိမ့်မည်ဖြစ်သည်။


သို့သော် စိတ်ဝိညာဉ်လှေက ထွက်လုဆဲဆဲအချိန်တွင် ရပ်သွားလေ၏။ အားကိုးရာမဲ့နေသော မော့ရှုလင်မှာ ရပ်လိုက်သည့်အရှိန်ကြောင့် ရှေ့သို့ ယိုင်သွားပြီး သူ့နှာခေါင်းက ပိုင်ယွီမင်၏ခါးနှင့် ဆောင့်မိသွားလေသည်။ 


ပိုင်ယွီမင်၏ ခန္ဓာကိုယ်က အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ထားသည့် မဟာယနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သဖြင့် တိုက်မိချိန်တွင် သူက မနာသော်လည်း မော့ရှုလင်မှာ နာကျင်သွားပြီး နှာခေါင်းမှ သွေးများထွက်လာလေသည်။


ပိုင်ယွီမင်က မဟာယနအဆင့် ကျင့်ကြံသူဖြစ်ပြီး လှေကို ထိန်းချုပ်ထားသူလည်း ဖြစ်သဖြင့် အရှိန်ကို မခံစားရပေ။ ထို့ကြောင့် မော့ရှုလင်၏ အခြေအနေကို မြင်ချိန်တွင် မော့ရှုလင်က ဆိုးသွမ်းပြီး သေသေချာချာ ရပ်မနေသည်ဟု ထင်သွားလေသည်။ 


ပိုင်ယွီမင်က သူ့လက်ကိုင်ပဝါကို ထုတ်ပြီး ပြောလိုက်၏။ 

"အိုက်ယား... မင်း ဘယ်လောက်ပဲ ပေါ့ပေါ့ဆဆလုပ်တတ်ပါစေ... ငြိမ်ငြိမ်ရပ်ရမှာပေါ့... နောက်တစ်ခါ သတိထား... ကိုယ့်ကိုယ်ကိုယ် မထိခိုက်မိစေနဲ့..."


အဓိကတရားခံမှာ ပိုင်ယွီမင်ဖြစ်သော်လည်း သူ့ကို ပြန်ဆူနေသဖြင့် မော့ရှုလင်က သေလုနီးပါး ဒေါသထွက်နေလေသည်။ သို့ရာတွင် ပိုင်ယွီမင်က သူ့နှာခေါင်းကို မွှေးကြိုင်သော လက်ကိုင်ပဝါဖြင့် ညင်သာစွာ သုတ်ပေးနေလေ၏။ ပိုင်ယွီမင်က သူ့နှာခေါင်းအား ဂရုတစိုက် သုတ်ပေးနေသည်ကို ကြည့်ကာ မော့ရှုလင်မှာ ဘာမှမပြောနိုင်တော့ဘဲ တိတ်တဆိတ် နေလိုက်လေသည်။


ပိုင်ယွီမင်က ယုန်မိစ္ဆာဖြစ်ပြီး သစ်သားဝိညာဉ်ဇစ်မြစ်ရှိသူ ဖြစ်သဖြင့် ကုသခြင်းမှာ သူ၏စွမ်းအားဖြစ်သည်။ နှာခေါင်းသွေးများမှာ ချက်ချင်းရပ်သွားပြီး နှာခေါင်းကလည်း မနာတော့ပေ။ 


ပိုင်ယွီမင်၏စွမ်းအားကို မြင်လိုက်ရချိန်တွင် မော့ရှုလင်၏ မျက်ဝန်းများမှာ မှောင်မိုက်သွားလေ၏။ 


သူက ထပ်ပြီး မကျင့်ကြံလိုတော့သော်လည်း လူပေါင်းများစွာ၏ အထက်တွင် နေခဲ့ဖူးသဖြင့် မိစ္ဆာသခင်အဖြစ်နေခဲ့စဉ်က ရရှိခဲ့သော အာဏာနှင့် စွမ်းအားများကို စွန့်လွှတ်ရန်မှာ အလွန်ပင် ခက်ခဲလေသည်။


သက်ကယ်အိမ်လေး၌  နေလိုသည်ဟု မည်မျှပင် ပြောစေကာမူ ရွေးချယ်စရာရှိပါက ခမ်းနားသောနေရာတွင် မနေချင်သူ မရှိပေ။


လေနှင့်နှင်းများကြောင့် ပြိုကျလုနီးပါး ယိုယွင်းနေသော အိမ်လေးထဲတွင် မည်သူကမှ နေချင်မည်မဟုတ်ပေ။


မိစ္ဆာအဖြစ် နေထိုင်ခဲ့သော နေ့ရက်များကိုတွေးကာ မော့ရှုလင်က နာကျင်မှုကိုခံစားလိုက်ရပြီး ထပ်မတွေးချင်တော့ပေ။


မော့ရှုလင်၏နှာခေါင်းမှ သွေးများရပ်သွားသည်ကို မြင်ချိန်တွင် ပိုင်ယွီမင်က သွေးစွန်းနေသော လက်ကိုင်ပဝါကို ကိုင်ထားလျက် မတ်တတ်ထရပ်ကာ မေးလိုက်လေသည်။


“ခါးချိတ်တံဆိပ်ပြားကို ဘယ်မှာယူရမလဲဆိုတာသိလား… ငါ လမ်းမသိဘူး…”


မော့ရှုလင် “…….”


ဒီနေ့က ပြီးပါတော့မလား…


🐰🐰🐰