Ch 6
Viewers 567

🐰 Chapter 6



ပိုင်ယွီမင်က သွေးစွန်းနေသော လက်ကိုင်ပဝါကို သန့်စင်ခြင်းမန္တန်ဖြင့် သန့်စင်လိုက်ပြီးနောက် လက်ကိုင်ပဝါက ချက်ချင်း သန့်ရှင်းသွားလေသည်။ 


ပိုင်ယွီမင်က လက်ကိုင်ပဝါတွင် သွေးများစွန်းထင်းခဲ့သည်ကို သိသော်လည်း သေသေချာချာ ခေါက်သိမ်းပြီး သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်လေ၏။ သူက ပိုက်ဆံကို မဖြုန်းတီးနိုင်သူ ဖြစ်သဖြင့် အရင်းအမြစ်များကို ချွေတာချင်လေသည်။


ပိုင်ယွီမင်က စုတ်ပြတ်နေသော လက်ကိုင်ပဝါလေးကိုပင် ဤကဲ့သို့ တန်ဖိုးထားနေသည်ကို မြင်ချိန်၌ မော့ရှုလင်မှာ အနည်းငယ် အားနာသွားလေသည်။ ဤကဲ့သို့ ဆင်းရဲသော အကြီးအကဲမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ 


သို့ရာတွင် မော့ရှုလင်က ပိုင်ယွီမင်ကို အထင်သေးမည့်အစား သူ၏အပြုအမူကို အသိအမှတ်ပြုလိုက်လေသည်။ အရှက်တရားမရှိလျှင်ပင် ရိုးသားမှန်ကန်နေသမျှ ကာလပတ်လုံး မည်မျှပင် ဆင်းရဲနေစေကာမူ လူများကို သတ်ဖြတ်လုယက်နေသော မိစ္ဆာကျင့်ကြံသူများထက် အဆပေါင်းရာချီ သာလွန်လေသည်။


မော့ရှုလင်၏ ကြောင်အနေသော မျက်နှာကို မြင်ချိန်တွင် ပိုင်ယွီမင်က မော့ရှုလင်၏ခေါင်းကို ပုတ်လိုက်၏။ 

"မသိရင်လည်း ကိစ္စမရှိပါဘူး...ငါတို့ လမ်းမေးကြည့်ကြတာပေါ့..." 


ပိုင်ယွီမင်က အကြီးအကဲတစ်ဦးဖြစ်သော်လည်း ဤကမ္ဘာသို့ ရောက်လာသည်မှာ တစ်နှစ်ခန့်သာ ရှိသေး၏။ ဤကမ္ဘာကြီးက ပျင်းရိဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း အပြင်ထွက်ချိန်တွင် အချိန်မရွေး အသတ်ခံရနိုင်ခြေရှိလေသည်။ 


ဇာတ်ကောင်၏အကျင့်စရိုက်မှ သွေဖည်ခြင်းကို ရှောင်ရှားရန်နှင့် အသက်အန္တရာယ်ရှိသော အခြေအနေများကို ရှောင်ရှားရန် ပိုင်ယွီမင်က တတ်နိုင်သမျှ အပြင်မထွက်ဘဲ တောင်ထိပ်တွင်သာ ပုန်းအောင်းနေလေသည်။


အချိန်ကြာလာသည်နှင့်အမျှ ဤကဲ့သို့ ဖြစ်လာခြင်းဖြစ်၏။ လစဉ်ထောက်ပံ့ကြေးပေးသည့် နေ့မှလွဲပြီး သူက တစ်နေ့လုံးလှဲနေကာ ဝတ္ထုဖတ်နေလေ့ရှိသည်။ စာမဖတ်ချင်သည့် အချိန်တွင် သိုင်းပညာကို လေ့လာပြီး ကျင့်ကြံနည်းအသစ်အချို့ကို လေ့လာတတ်လေသည်။ 


ပိုင်ယွီမင်၏ဘဝက ရိုးရှင်းသော်လည်း သူက အလွန်သဘောကျလေ၏။ 


မည်သူ၏ လွှမ်းမိုးမှုကိုမှ မခံရဘဲ သူလုပ်ချင်သည့်ကိစ္စများကို လုပ်နိုင်သည့်အပြင် နေထိုင်စားသောက်ရန်အတွက် စိုးရိမ်စရာမလိုဘဲ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူရုံဖြင့် ဗိုက်ပြည့်လေသည်။ ထို့အပြင် လစဉ်ထောက်ပံ့ကြေးများကိုလည်း ရရှိနိုင်သေး၏။ 


ဘဝက အလွန်လှပသဖြင့် ပိုင်ယွီမင်က လျန်ကျီဂိုဏ်းမှ ထွက်သွားရန် ဆန္ဒမရှိပေ။


မော့ရှုလင်ကမူ လမ်းကို သိလေ၏။ 


ယခင်က လျန်ကျီဂိုဏ်းအတွင်းတွင် ခေါင်းဖြူမိစ္ဆာကို လိုက်လံရှာဖွေခဲ့ဖူးလေသည်။ လျန်ကျီဂိုဏ်းရှိ အဓိကအဆောက်အအုံများသာမက အကြီးအကဲများ သွားလာတတ်သည့် နေရာများကိုပင် မော့ရှုလင်က ကောင်းစွာ သိလေသည်။ 


သို့ရာတွင် ယခုအချိန်၌ သူက ဆယ်နှစ်သားကောင်လေးတစ်ယောက်သာ ဖြစ်သဖြင့် ထိုကဲ့သို့ စကားများကို မပြောနိုင်ပေ။


မော့ရှုလင်က တစ်ခဏခန့် စဉ်းစားပြီးနောက် သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်၏။ 

"တပည့်တွေ အဆင်ပြေဖို့အတွက် လျန်ကျီဂိုဏ်းက ကိစ္စတော်တော်များများကို တောင်ထိပ်တစ်ခုတည်းမှာပဲ ဖြေရှင်းလို့ရတယ်လို့ ကြားဖူးပါတယ်... ခါးချိတ်တံဆိပ်ပြား ထုတ်ပေးတဲ့နေရာက လစဉ်ထောက်ပံ့ကြေးထုတ်တဲ့ နေရာနားမှာပဲ ရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်..." 


၎င်းမှာ မှန်၏။ မည်သည့်ဂိုဏ်းတွင်ဖြစ်စေ ကျင့်ကြံဆင့်နိမ့်သော တပည့်များ၏ အရေအတွက်မှာ အများဆုံးဖြစ်လေသည်။ ချီသန့်စင်ခြင်းအဆင့်တွင် သူတို့က ဓားဖြင့် မပျံသန်းနိုင်ကြပေ။


အကြီးအကဲများက တပည့်များကို လက်ခံပြီးနောက် သူတို့၏ ကိစ္စကြီးငယ်ကို တပည့်များကသာ လုပ်ဆောင်ပေးရလေသည်။ အလုပ်လုပ်ရာတွင် နှေးကွေးနေခြင်းနှင့် အမှားအယွင်းဖြစ်ခြင်းများကို ရှောင်ရှားရန်အတွက် အသုံးများသော အဖွဲ့အစည်းများကို ချန်ဝူတောင်ထိပ် သို့မဟုတ် ၎င်း၏ အနီးအနားတွင်သာ ပြုလုပ်ထားလေ့ရှိသည်။


"ဖြစ်နိုင်တယ်... ဒါဆို သွားကြတာပေါ့..." 


ပိုင်ယွီမင်က စိတ်ဝိညာဉ်လှေကို မမောင်းနှင်မီ ချီးကျူးစကား ပြောလိုက်လေ၏။ 

"မင်းက တကယ့်ကို လည်တဲ့ကလေးလေးပဲ..." 


မော့ရှုလင်က နှုတ်ခမ်းထောင့်ကို တွန့်လိုက်သော်လည်း ပြုံးမပြခဲ့ပေ။ 


သူ၏အတိတ်ဘဝတွင် မိစ္ဆာသခင်ဖြစ်ခဲ့သည်ကို တွေးမိပြီး ယခုကဲ့သို့ ယုန်မိစ္ဆာငယ်လေးတစ်ကောင်၏ ‘လည်တဲ့ကလေးလေး’ဟု ခေါ်ဆိုခြင်းကို ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ ဤယုန်သားရဲဝိညာဉ်လေးက အမှန်ပင် ရဲတင်းလွန်းလေ၏။


ပိုင်ယွီမင်က စိတ်ဝိညာဉ်ကျောက်တုံးများ ပေးသည့်နေရာကို ရင်းနှီးသဖြင့် လှစ်ခနဲ အမြန်ပျံသန်းသွားလေသည်။ 


ချန်ဝူတောင်ထိပ်ကို အတွင်းဂိုဏ်းနှင့် အပြင်ဂိုဏ်းကြားတွင် တည်ထားသဖြင့် အတွင်းတပည့်နှင့် အပြင်တပည့်များအားလုံးက လွတ်လပ်စွာ ဝင်ထွက်နိုင်လေသည်။ လျန်ကျီဂိုဏ်းက ပိုမိုကြီးမားလာသည်နှင့်အမျှ တောင်ထိပ်တွင် လူမထူထပ်စေရန် အခြားသော တောင်ထိပ်လေးခုကို တာဝန်ခွဲဝေယူရန် ထပ်မံထည့်သွင်းခဲ့လေသည်။


အပြင်ဂိုဏ်းရှိ တပည့်များက အကြီးအကဲများနှင့် မကြာခဏ တွေ့ဆုံရသည့် အကြောင်းအရင်းတစ်ခုလည်း ရှိသေးလေသည်။


အတွင်းတပည့်များတွင် သူတို့ကို သင်ကြားပေးသည့် ရှစ်စွမ်းရှိပြီး ကျင့်ကြံရန်အတွက် သူတို့၏ ရှစ်စွမ်းနောက်သို့ လိုက်ရလေသည်။ ထိုအတွင်းတပည့်များ၏ အရေအတွက်မှာ အလွန်နည်းပါးပြီး လူအင်အားလိုအပ်ချက် ရှိတတ်လေသည်။ 


အပြင်တပည့်များတွင် ပုံမှန်အတန်းများရှိပြီး သင်ခန်းစာများကို အကြီးအကဲများထံမှ သင်ကြားရလေ၏။


အပြင်တပည့်များက အရင်းအမြစ်ခွဲဝေမှု၌ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ရရှိသော်လည်း သူတို့၏အဓိကဝင်ငွေမှာ ဂိုဏ်း၏တာဝန်များကို လက်ခံဆောင်ရွက်ပေးခြင်းမှ ဖြစ်လေသည်။ ပိုမိုကောင်းမွန်သော ဘဝကို ရရှိရန်အတွက် အပြင်တပည့်များက အကြီးအကဲများရှေ့တွင် မျက်နှာရစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြပြီး အကြီးအကဲများက သူတို့ကို တပည့်အဖြစ် ထပ်မံလက်ခံရန် တောင်းဆိုကြလေသည်။


မော့ရှုလင်က အတိတ်ဘဝတွင် ဝိညာဉ်ဇစ်မြစ်များ ဖျက်ဆီးခံခဲ့ရသဖြင့် ထိုနည်းလမ်းကို မတွေးခဲ့မိပေ။ သို့ရာတွင် အကြီးအကဲများက ခြွင်းချက်အနေဖြင့် တပည့်လက်ခံသည့် ကိစ္စများကို ကြားဖူးလေသည်။


ယခုအချိန်တွင် ထိုအပြင်တပည့်များက ခေါင်းမော့ကာ မနာလိုစိတ်၊ ရည်မှန်းချက်ကြီးသော စိတ်များဖြင့် ကြည့်နေကြလေသည်။ သူတို့က သူ၏ရှစ်စွမ်းကိုမဟုတ်ဘဲ ဓားဖြင့်ပျံသန်းနိုင်သည့် အခြားကျင့်ကြံသူများအား ကြည့်နေခြင်း ဖြစ်နိုင်သည်ကို သိသော်လည်း မော့ရှုလင်က အမှတ်တမဲ့ဖြင့် ပိုင်ယွီမင်၏ ဝတ်ရုံအနားကို ဆွဲကိုင်ထားလိုက်လေသည်။


ပိုင်ယွီမင်က သူ့ခါးထက် အနည်းငယ်သာ မြင့်သည့် မော့ရှုလင်ကို ကြည့်ပြီး မော့ရှုလင်က လူစိမ်းများကြားတွင် ကြောက်နေသည်ဟုထင်ကာ ပြုံးပြလိုက်၏။ 

"မကြောက်နဲ့... သူတို့အားလုံးက မင်းရဲ့ရှစ်ရှုန်းရှစ်တိတွေပါပဲ... မင်းကို အနိုင်မကျင့်ကြပါဘူး..."


မူလတွင် မော့ရှုလင်က ကလေးတစ်ယောက်ကဲ့သို့ ပြုမူချင်နေခြင်းဖြစ်သဖြင့် မော့ကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းများက ချက်ချင်း သနားစဖွယ်ဖြစ်လာကာ ကြောက်ရွံ့နေသော လေသံဖြင့် ပြောလိုက်လေသည်။ 

"ရှစ်စွမ်းမှာ တခြားတပည့်တွေ ရှိလာခဲ့ရင် ကျွန်တော့်ကို မလိုချင်တော့ဘူးလား..."


မော့ရှုလင်၏ရင်ထဲတွင် မသက်မသာ ဖြစ်နေလေသည်။ 


သူ့အနေဖြင့် ပိုင်ယွီမင်က တပည့်အသစ်များ လက်ခံခြင်းကို မတားဆီးနိုင်ပေ။ သို့ရာတွင် ပိုင်ယွီမင်ထံ၌ တပည့်အသစ်များ ရှိလာလျှင် သူ၏အခြေအနေက ပိုပြီးအခက်တွေ့လာမည်မှာ သေချာလေသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." 

ပိုင်ယွီမင်က မော့ရှုလင်၏ခေါင်းကို ပုတ်ပေးလိုက်၏။ 

"စိတ်မပူပါနဲ့... ငါက လူသားတွေသုံးတဲ့ မန္တန်တွေကို မသိဘူး... တပည့်အသစ် လက်ခံလိုက်တာက အန္တရာယ်များတယ်..."


ပိုင်ယွီမင်က အလွန်သတိထားတတ်လေသည်။ 


မော့ရှုလင်ကို လက်ခံခဲ့ခြင်းကလည်း မော့ရှုလင်၏ ဝိညာဉ်ဇစ်မြစ်များက ပျက်စီးသွားသောကြောင့် ဖြစ်လေသည်။ မူရင်းဇာတ်ကြောင်းအရ မော့ရှုလင်ထံတွင် လမ်းတစ်လမ်းသာရှိပြီး ၎င်းမှာ မိစ္ဆာဖြစ်လာရန် ဖြစ်လေသည်။ ကျင့်ကြံရေးလမ်းစဉ်ထဲသို့ မဝင်ရောက်နိုင်သော တပည့်အတွက် ပိုင်ယွီမင်က ထိုရှုပ်ထွေးသော ကျင့်ကြံနည်းများကို သင်ကြားပေးရန် မလိုပင်။


ပိုင်ယွီမင်က တပည့်များကို အမှန်ပင် လက်မခံချင်ပေ။ သူက မော့ရှုလင်၏ မျက်နှာသာပေးမှုကိုသာ ရယူလိုခြင်းဖြစ်ပြီး နောင်တွင် ခေါင်းဖြူမိစ္ဆာ၏ စွပ်စွဲလုပ်ကြံမှုကို ခံရချိန်တွင် မော့ရှုလင်က သူ့ကို ကူညီနိုင်ရန်နှင့် အသတ်ခံရပြီး ယုန်သားမွေးပဝါ ဖြစ်လာမည့် ကံကြမ္မာမှ ရှောင်ရှားနိုင်ရန် ဖြစ်လေသည်။ 


မူရင်းဇာတ်ကြောင်းကို မပြောင်းလဲနိုင်လျှင်လည်း ပိုင်ယွီမင်က ပစ္စည်းများကို ထုပ်ပိုးလျက် မော့ရှုလင်နောက်သို့ လိုက်သွားကာ မိစ္ဆာလောကတွင် နေထိုင်သွားချင်လေသည်။


မည်သို့ပင်ဆိုစေကာမူ သူက သေရမည်ဖြစ်သည်။ နာမည်ပင်မရှိသော အမြောက်စာဇာတ်ကောင်များအတွက် ပိုင်ယွီမင်က အနှောင့်အယှက်သာ ဖြစ်သဖြင့် သူတို့အားလုံးကို သူ၏သူခိုးသင်္ဘောပေါ်သို့ ခေါ်မတင်နိုင်ပေ။

[T/N - သူခိုးသင်္ဘောဆိုတာကလေ တင်စားပြီးပြောလိုက်တာပါ... ဘယ်အချိန်မြုပ်နိုင်မှန်းမသိ ဘယ်အချိန်မိသွားမှန်းမသိတဲ့ သင်္ဘောလို့ပြောတာပါ... သူက ဘယ်အချိန်သေရမယ်မှန်းမသိလို့ တခြားလူတွေကို သူနဲ့အတူတူလိုက်သေဖို့ ခေါ်မထားချင်ဘူးလို့ ပြောတာပါ...]


မော့ရှုလင်က ဝမ်းနည်းနေသကဲ့သို့ ဟန်ဆောင်လျက် ခေါင်းညိတ်ပြလိုက်လေသည်။ သူက ရံဖန်ရံခါတွင် ဝိုင်းစက်နေသော မျက်ဝန်းများဖြင့် သူ့ရှစ်စွမ်းကို မော့ကြည့်ကာ ပိုင်ယွီမင် ထွက်ပြေးသွားမည်ကို စိုးရိမ်နေသကဲ့သို့ သူ့လက်ကလေးများက သူ့ရှစ်စွမ်း၏ ဝတ်ရုံစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။


ပိုင်ယွီမင်က သူတို့နှစ်ယောက် ပိုမိုနီးကပ်စေရန် မော့ရှုလင်၏ ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး သူ့အနေဖြင့် တပည့်အသစ် ထပ်မံလက်ခံလိုခြင်း မရှိသည်ကို သက်သေပြလိုက်လေသည်။


အပြင်တပည့်များက မော့ရှုလင်ကို ပိုင်ယွီမင်က ဤကဲ့သို့ ကာကွယ်ပေးနေသည်ကို မြင်ချိန်တွင် ပိုင်ယွီမင်က တပည့်အသစ် လက်ခံမည့် အခွင့်အရေးမှာ အလွန်နည်းပါးကြောင်း နားလည်သွားကြပြီး ချက်ချင်းပင် ဖားနေခြင်းများကို ရပ်လိုက်ကြလေသည်။


သူတို့က ဂိုဏ်း၏စည်းကမ်းချက်များအရ ဝိညာဉ်လှေပေါ်မှ ဆင်းလိုက်ပြီး ဝိညာဉ်လှေကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။


ခြေထောက်များက မြေပြင်ပေါ်သို့ ရောက်သွားချိန်တွင် အပေါ်မှ ငုံ့ကြည့်စဉ်က သေးငယ်သည်ဟု ထင်ရသောအပင်များနှင့် အဆောက်အအုံများက ပိုမိုကြီးမားလာလေသည်။ 


ဤကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအားများနှင့် မန္တန်များရှိ၏။ သိုင်းပညာ၏ အရှိန်အဝါကို ပိုမိုကြီးမားစေရန် သစ်ပင်များကို မြင့်မားပြီး ထူထပ်အောင် ပြုလုပ်ထားလေသည်။ 


အဆောက်အအုံများက အနည်းငယ် ပိုကောင်း၏။ တရုတ်အိမ်များ၏ တည်ဆောက်ပုံများအရ အများအားဖြင့် အဆောက်အအုံတစ်ခုတွင် သုံးထပ်၊ လေးထပ် သို့မဟုတ် ငါးထပ်ရှိပြီး သစ်ပင်များ၏အမြင့်ထက် များစွာပိုနိမ့်လေသည်။ 


သို့ရာတွင် မြင့်မားသော အဆောက်အအုံများလည်း ရှိ၏။ လျန်ကျီဂိုဏ်းတွင် အတွင်းတပည့်နှင့် အပြင်တပည့်များ ကျင့်ကြံရန်အတွက် အထပ်တစ်ရာရှိသော စမ်းသပ်မျှော်စင်တစ်ခု ရှိလေသည်။ ကောင်းကင်ထိ မြင့်မားသော အဆောက်အအုံကို မြင်လိုက်ရချိန်တွင် ပိုင်ယွီမင်က အံ့အားသင့်သွားလေ၏။ သူ့စိတ်ထဲတွင် အမျိုးသားဇာတ်လိုက်က ထိုမြင့်မားသော မျှော်စင်ပေါ်တွင် တိုက်ခိုက်နေသည့်မြင်ကွင်းကို မြင်ယောင်ကြည့်မိပြီး ချက်ချင်း တက်ကြွလာလေသည်။ 


သို့ရာတွင် မော့ရှုလင်၏ ဝိညာဉ်ဇစ်မြစ်များက ပျက်စီးနေပြီး သူကလည်း အပြင်ကိစ္စများကို ဂရုမစိုက်သဖြင့် ဤမျှော်စင်နှင့် တွေ့ကြုံရမည့်ကံကို လွဲချော်ရန် ဖြစ်လာခဲ့လေသည်။


အေးချမ်းသော ဆောင်းရာသီ ဖြစ်သော်လည်း ချန်ဝူတောင်ထိပ်ရှိ အဆောက်အအုံများတွင် နှင်းအနည်းငယ်သာ ရှိလေသည်။ ချန်ဝူတောင်ထိပ်တွင် နှင်းမကျစေရန် အထူးသတ်မှတ်ထားခြင်း မရှိသော်လည်း ချန်ဝူတောင်ထိပ်ကို စီမံခန့်ခွဲသည့် တောင်ထိပ်သခင်အသစ်က အဖြူရောင် သို့မဟုတ် အေးမြသော ရာသီဥတုကို မနှစ်သက်သဖြင့် အထူးအစီအရင်တစ်ခု ပြုလုပ်ကာ တောင်ထိပ်ပေါ်သို့ နှင်းမကျစေရန် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ 


ကိုယ်ရေးကိုယ်တာ နှစ်သက်မှုကို မစဉ်းစားလျှင်ပင် ချန်ဝူတောင်ထိပ်သခင်အသစ်၏ လုပ်ရပ်က တပည့်များစွာ၏ ထောက်ခံမှုကို ရရှိခဲ့လေသည်။ အပူချိန်က နွေးထွေးနေပြီး နှင်းများမရှိသဖြင့် လမ်းလျှောက်ရသည်မှာ များစွာပိုပြီး လွယ်ကူလေသည်။


တပည့်အသစ်များက စိတ်ဝိညာဉ်ကျောက်တုံးကို ပထမဆုံးအကြိမ် လက်ခံရရှိမည် ဖြစ်သဖြင့် မော့ရှုလင်ကဲ့သို့ စိတ်ဝိညာဉ်ကျောက်တုံး မရသေးသည့်တပည့်များက ပူပန်နေကြလေသည်။


ယနေ့တွင် အဖြူအမဲတပည့်ဝတ်စုံများကို ဆင်တူဝတ်ထားသည့် တပည့်များစွာက ချန်ဝူတောင်ထိပ်တွင် ရှိနေကြသဖြင့် ဈေးကဲ့သို့ ဆူညံနေကြလေသည်။


ပိုင်ယွီမင်က အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် ဆံနွယ်များက ထင်ရှားနေကာ တပည့်ဝတ်စုံကို ဝတ်မထားသည့် တပည့်တစ်ဦးနှင့်အတူ ရှိနေလေသည်။ သူက စည်းကမ်းကြီးသော လျန်ကျီဂိုဏ်း၏ပုံစံနှင့် အလွန်ပင် ကွဲပြားနေလေသည်။ 


စိတ်ထဲတွင် သိုဝှက်ထားသည့် အတွေးများရှိသော အပြင်တပည့်များ ရှိသော်လည်း ပိုင်ယွီမင်၏ စွဲမက်ဖွယ်ကောင်းသော အသွင်အပြင်ကိုမြင်ပြီး နောက်ဆုတ်သွားကြသည့် အတွင်းတပည့်များက ပိုများလေသည်။


ပိုင်ယွီမင်က မြေပြင်ပေါ်သို့ ဆင်းပြီးနောက် တစ်စုံတစ်ယောက်ကို မေးမြန်းရန် စဉ်းစားနေသော်လည်း သူက ရေပြင်ကို ဖြတ်တောက်သည့် ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေမည်ကို မသိခဲ့ပေ။ သူသွားသည့် နေရာတိုင်းတွင် လူများက အလိုအလျောက် ဘေးနှစ်ဖက်သို့ ကပ်သွားကြလေ၏။ သူတို့က အလွန် ယဉ်ကျေးနေသည်လား သို့မဟုတ် သူ့အသွင်အပြင်ကြောင့် ကြောက်ရွံ့နေကြသည်လားကို သူ မသိပေ။


ပိုင်ယွီမင်က ချက်ချင်းပင် အာရုံစိုက်ခံလိုက်ရလေသည်။ 


အစိမ်းပုပ်ရောင်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ခေါက်ယပ်တောင်ကို ကိုင်ထားလျက် ခန်းမဆောင်ထဲမှ အလျင်စလို ထွက်လာလေသည်။ သူ၏မျက်နှာပေါ်တွင် တောက်ပနေသော အပြုံးတစ်ခုရှိနေပြီး ဝါးပင်ကဲ့သို့ လန်းဆန်းခန့်ညားသော အသွင်အပြင်ဖြင့် ပိုင်ယွီမင်အနားသို့ ရောက်လာလေသည်။ 


သူက ပိုင်ယွီမင်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။

"ချန်ဝူတောင်ထိပ်သခင် ကျူးချင်က အကြီးအကဲပိုင်ကို နှုတ်ဆက်ပါတယ်..."


ပိုင်ယွီမင်က အိမ်တွင် ဆင်းရဲသော်လည်း သူ့ကို ဂိုဏ်းချုပ်ဟောင်း၏ဇနီးက အလွန်သဘောကျကာ တိုက်ပွဲများစွာကို အတူတူဆင်နွှဲဖူးလေသည်။ သူ၏ကျင့်ကြံဆင့်မှာ ဂိုဏ်းအတွင်းရှိ ထိပ်တန်းအယောက် ၂၀ တွင် ပါဝင်ပြီး ယခုလက်ရှိ ဂိုဏ်းချုပ်ပင်လျှင် သူ့ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံရလေသည်။ ထို့ကြောင့် ပိုင်ယွီမင်က ချန်ဝူတောင်ထိပ်သခင်၏ အရိုအသေပေးမှုကို ခံယူရန် အပြည့်အဝ ထိုက်တန်လေသည်။ 


ပတ်ဝန်းကျင်ရှိ တပည့်များမှာ ပိုင်ယွီမင်က အကြီးအကဲတစ်ဦးဖြစ်ကြောင်း သိသော်လည်း ထိုကဲ့သို့ အဆင့်အတန်းမျိုး ရှိနေကာ ချန်ဝူတောင်ထိပ်သခင်ကပင်လျှင် ဤကဲ့သို့ ယဉ်ကျေးရသည်ကို မသိခဲ့ကြပေ။


"အင်း..."

ပိုင်ယွီမင်က လက်ယမ်းလိုက်ပြီး ရှန့်ကွမ်းကျူးချင်ကို မတ်တတ်ရပ်ရန် လက်ဟန်ပြလိုက်သည်။


“အကြီးအကဲပိုင် တစ်ခုခုခိုင်းစရာရှိလို့လား... အကြီးအကဲပိုင်ကို ကူညီခွင့်ရရင် ကျွန်တော် ဝမ်းသာမိမှာပါ..."


ကျူးချင်၏ စကားလုံးတိုင်းက သူ့ကိုဖားနေပြီး မျက်လုံးများက ပိုင်ယွီမင်၏ မျက်လုံးကို မကြည့်ရဲဘဲ ပိုင်ယွီမင်၏ ဝတ်ရုံကိုသာ ကြည့်နေလေသည်။ 


ပိုင်ယွီမင်က မပြောချင်ပေ။ သို့ရာတွင် ရှန့်ကွမ်းကျူးချင်က လိမ္မာပါးနပ်သဖြင့် ပိုင်ယွီမင်၏ အဝတ်အစားကို ကိုင်ထားသည့် ကလေးတစ်ယောက်ကို မြင်ကာ သိလိုက်လေသည်။


မော့ရှုလင်က သာမန်လူများ ဝတ်ဆင်သည့် ကြမ်းတမ်းသော လျှော်သားကို ဝတ်ဆင်ထားပြီး ခါးချိတ်တံဆိပ်လည်း မရှိဘဲ ပိုင်ယွီမင်၏ အနောက်တွင် ပုန်းနေလေသည်။ 


ရှန့်ကွမ်းကျူးချင်က စဉ်းစားလိုက်ပြီးနောက် ချက်ချင်း နားလည်သွားလေ၏။


ရှန့်ကွမ်းကျူးချင်က ခေါက်ယပ်တောင်ကို သိမ်းလိုက်ပြီး သူတို့နှစ်ယောက်ကို ခန်းမဆောင်အတွင်းသို့ ဝင်ရန် ကြိုဆိုလိုက်လေသည်။ 

"အကြီးအကဲပိုင်က တပည့်လေးကို စာရင်းသွင်းပေးဖို့ ခါးချိတ်တံဆိပ်ပြားရယ် စိတ်ဝိညာဉ်ကျောက်တုံးရယ် တပည့်ဝတ်စုံရယ် ယူလာပေးဖို့ ရောက်လာတာမလား... အကြီးအကဲပိုင် ကျေးဇူးပြုပြီး အထဲကိုကြွပါ..."


သူ့ခန့်မှန်းချက်က မှန်သွားသဖြင့် ပိုင်ယွီမင်က အံကြိတ်ကာ ရှန့်ကွမ်းကျူးချင်နောက်သို့ လိုက်ပြီး ခန်းမဆောင်ထဲသို့ ဝင်သွားလေသည်။ 


ရှန့်ကွမ်းကျူးချင်က အသက်နှစ်ထောင်ကျော်ဖြစ်သော်လည်း ဟဲ့ရှန်းအဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် သူ၏အသွင်အပြင်က ၂၇ နှစ်ခန့် အရွယ်ဖြစ်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ချောမောလေသည်။ သူက အမျိုးသမီးတပည့်များကြားတွင် လူကြိုက်အများဆုံးလူ ဖြစ်လေသည်။


ကြည့်နေကြသည့် တပည့်များမှာ ပိုင်ယွီမင်က တောင်ထိပ်သခင်ကိုယ်တိုင် ဖိတ်ခေါ်ရသည့် ဂုဏ်သရေရှိလူဟု ထင်နေသော်လည်း အမှန်တရားကို သိနေသည့် ပိုင်ယွီမင်က မည်သို့လုပ်ရမည်ကို မသိတော့ဘဲ ထိုပါးနပ်သော အဘိုးကြီးနောက်သို့သာ လိုက်သွားလေသည်။ 


ပိုင်ယွီမင်မှာ ရှန့်ကွမ်းကျူးချင်က သူ့အား မည်သည့်အတွက်ကြောင့် ဤမျှဖားနေသည်ကို သိသဖြင့် ကောင်းမွန်သော အမူအရာ ရှိမနေပေ။ 


ဤလူအိုကြီးက သူ၏ယုန်အမွေးကို လိုချင်နေသည်မှာ သိသာလေသည်။


🐰🐰🐰