Ch 7
Viewers 572

🐰 Chapter 7



သို့ရာတွင်  ဘေးပတ်ဝန်းကျင်၌ ရပ်ကြည့်နေကြသည့်လူများ ရှိနေပြီး သူ့တပည့်လေးကလည်း ကြောက်ရွံ့စွာဖြင့် သူ့ဝတ်ရုံကို ဆုပ်ကိုင်ထားကာ ပိုင်ယွီမင်ကိုယ်တိုင်ကလည်း ခါးချိတ်တံဆိပ်အား မည်သည့်နေရာ၌ သွားယူရမည်ကို မသိပေ။ ရှန့်ကွမ်းကျူးချင်၏ ဖားယားနေမှုက သူ့အား မီးပုံပေါ် တင်ခံထားရသကဲ့သို့ ဖြစ်နေသည်ကို သိသော်လည်း ပိုင်ယွီမင်မှာ အံကြိတ်လျက် ထိုအဖိုးကြီးနောက်သို့ လိုက်သွားရလေသည်။


လူတိုင်းက မျက်နှာသာရချင်ကြသူများ ဖြစ်သဖြင့် အချို့စကားများကို သီးသန့် အေးအေးဆေးဆေး ပြောသင့်လေသည်။ 


ရှန့်ကွမ်းကျူးချင်မှာ အကြီးအကဲပေါင်းများစွာအနက်မှ တောင်ထိပ်သခင်တစ်ယောက် ဖြစ်လာသူဖြစ်သဖြင့် စိတ်ထဲရှိသမျှကို မျက်နှာပေါ်တွင် ဖော်ပြတတ်သည့် ယုန်မိစ္ဆာလေး ပိုင်ယွီမင်အား မည်သို့ကိုင်တွယ်ရမည်ကို သိလေသည်။


ရှန့်ကွမ်းကျူးချင်မှာ လိုအင်ဆန္ဒများ ကင်းမဲ့နေသည့် ပိုင်ယွီမင်နှင့် မတူပေ။ သူက ပိုင်ယွီမင်အား တတိယထပ်ရှိ ဝရံတာလက်ရန်းနားသို့ ခေါ်သွားလေသည်။ ပိုင်ယွီမင်က အောက်ထပ်တွင် သွားလာနေကြသည့် လူများကို ကြည့်လိုက်၏။ အတွင်းတပည့်နှင့် အပြင်တပည့် အချို့မှာ သူတို့အား တစ်ခါတရံတွင် မော့ကြည့်နေကြလေသည်။


ပိုင်ယွီမင်၏ စကားများက ရင်ထဲတွင်သာ တစ်စို့နေပြီး လည်ချောင်းဝသို့ ရောက်မလာနိုင်ခဲ့ပေ။


ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်နှင့် မော့ရှုလင်အား ဝရံတာတွင် နေရာချထားပေးပြီးနောက် အောက်ထပ်ရှိ ကိစ္စများကို ဆောင်ရွက်ရန် သူ၏တပည့်တစ်ဦးကို စေလွှတ်လိုက်လေသည်။ ထို့နောက် ပိုင်ယွီမင်အား မည်သည်ကိုမျှ စိတ်မပူဘဲ အေးအေးဆေးဆေးနေရန် ပြောလေ၏။ 


ပိုင်ယွီမင်မှာ သူ၏ယုန်မွေးအား အလဲအလှယ်အနေဖြင့် မည်သို့ပေးရမည်ကို တွေးတောလျက် လက်ဖက်ရည်ကိုသာ သောက်နေတော့သည်။


အတိတ်ဘဝတွင် မော့ရှုလင်က မိစ္ဆာဧကရာဇ်ဖြစ်လာနိုင်ခဲ့သဖြင့် ဤမျှရိုးရှင်းသော လုပ်ထုံးလုပ်နည်းကို နားမလည်ဘဲမနေပေ။ သို့ရာတွင် ဤယုန်မိစ္ဆာပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်၏ စကားအနည်းငယ်ဖြင့် စိတ်ယိုင်သွားသည့်အထိ အလွန်ပင်ပျော့ညံ့နေမည်ဟု မထင်ထားခဲ့ပေ။ 


ရှန့်ကွမ်းကျူးချင်က ရုပ်ရည်ချောမောသော်လည်း သူ့စိတ်ထဲတွင် လှည့်ကွက်များစွာ ရှိသည်ကို သိလေသည်။ စိမ်းလန်းသော ဝါးပင်ကဲ့သို့ အပြင်ပန်းက ဖြောင့်မတ်ပြီး အဆစ်အပိုင်းများ ထင်ရှားသော်လည်း မြေကြီးအောက်တွင် အမြစ်များက ရှုပ်ထွေးနေလေသည်။ ရှန့်ကွမ်းကျူးချင်၏ နယ်မြေထဲသို့ အခြေချမိသည်နှင့် သူ့လက်ခုပ်ထဲမှ လွတ်မြောက်ရန် မလွယ်ကူပေ။


မော့ရှုလင်က ယခင်ဘဝတွင် ရှန့်ကွမ်းကျူးချင်ကြောင့် အလွန်ပင် ဒုက္ခရောက်ခဲ့ဖူးလေသည်။ 


သို့ရာတွင် လူတိုင်းက ကိုယ့်လမ်းကိုယ်သာ လျှောက်နေကြပြီး သဘောထားကွဲလွဲမှုများမှာ ပုဂ္ဂိုလ်ရေးရာ မုန်းတီးမှုများမဟုတ်ပေ။ အနည်းဆုံး ရှန့်ကွမ်းကျူးချင်က ယဉ်ကျေးသူဖြစ်သဖြင့် မော့ရှုလင်က သူ့ကို စိတ်ထဲမထားပေ။ 


သို့သော် ပိုင်ယွီမင်၏ခန္ဓာကိုယ်တွင် ရှန့်ကွမ်းကျူးချင်ကဲ့သို့ လူမျိုး၏ အာရုံစိုက်မှုကို ရလောက်အောင်အထိ မည်သည့်အရာများ ရှိနေသည်ကို မော့ရှုလင်က နားမလည်နိုင် ဖြစ်နေလေသည်။ 


ယခင်ဘဝ၌ ပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်ကဲ့သို့ လူမျိုး၏ အကူအညီကိုရခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်မှာ အလွန်ပင် လွယ်ကူမည်ဖြစ်သည်။ ရှန့်ကွမ်းကျူးချင်က တောင်ထိပ်သခင် တစ်ယောက်ဖြစ်သဖြင့် ပိုင်ယွီမင်က အမှန်တကယ် အပြစ်ကျူးလွန်ခဲ့လျှင်ပင် ရှန့်ကွမ်းကျူးချင်က ရှေ့ထွက်ပြီး ပိုင်ယွီမင်အတွက် အာမခံပေးလျှင် ယုန်သားမွေးပဝါ အလုပ်ခံရမည့် ကံကြမ္မာကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ 


ဖြစ်နိုင်သည်မှာ အစောပိုင်းတွင် ပိုင်ယွီမင်နှင့် ရှန့်ကွမ်းကျူးချင်က အဆင်ပြေခဲ့ပြီး နောက်ပိုင်းမှ ဆက်ဆံရေး တင်းမာသွားခြင်းလည်း ဖြစ်နိုင်လေသည်။


မော့ရှုလင်က ထိုအကြောင်းကို မစဉ်းစားနိုင်တော့သဖြင့်  မြစ်ရေကို တစ်ခဏခန့် စီးဆင်းခွင့်ပေးလိုက်လေသည်။ အချိန်ကသာ သူ့ကို အဖြေပေးလိမ့်မည်ဖြစ်၏။ 


ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်ကို လက်ဖက်ရည်နှင့် မုန့်များ တည်ခင်းပေးပြီး စကားဖောင်ဖွဲ့နေသော်လည်း ပိုင်ယွီမင်အား မည်သည့်အရာကိုမျှ ကိုယ်တိုင်လုပ်ခွင့်မပြုပေ။ 


သူက အလဲအလှယ်ကိစ္စကိုလည်း မပြောဘဲ ပိုင်ယွီမင်အပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကောင်းပြနေလေသည်။ ယုန်မိစ္ဆာလေးက ပျာယာခတ်နေပြီး မည်သို့ငြင်းပယ်ရမည်ကို မသိသည့် အမူအရာဖြစ်နေသဖြင့် ရှန့်ကွမ်းကျူးချင်မှာ ကျေနပ်နေလေသည်။


ပြောရမည်ဆိုလျှင် သူကလည်း ကျင့်ကြံရေးလောကမှ လူများကဲ့သို့ပင် ဤယုန်မိစ္ဆာပိုင်ယွီမင်ကို ရှောင်ခဲ့ဖူးလေသည်။ 


ကျင့်ကြံရေးလောကရှိ အဆင့်အတန်းမြင့်မားသော ကျင့်ကြံသူအများစုမှာ သူတို့၏ ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်ကြပြီး မိစ္ဆာကျင့်ကြံသူများနှင့် မပတ်သက်လိုကြပေ။ 


ဤသည်မှာ လွန်ခဲ့သော တစ်နှစ်ခန့်အထိသာ ဖြစ်လေသည်။


ပိုင်ယွီမင်က လမ်းမှားတတ်သည်။ လမ်းညွှန်အမှတ်အသားများမရှိသည့် ကျင့်ကြံရေးလောကတွင် သွားလာရသည်မှာ သူ့အတွက် ပိုပြီးဆိုးဝါးလေ၏။ 


အထူးသဖြင့် ဓားဖြင့် မည်သို့ပျံရမည်ကို မသိသော ပိုင်ယွီမင်က ကျင့်ကြံရေးလောကသို့ ပထမဆုံးရောက်ရှိချိန်တွင် သူက ယွဲ့ရွှယ်တောင်ကြားသို့ ရောက်ရှိနေသည်ကိုပင် မသိခဲ့ပေ။ 


ထို့ကြောင့် ပိုင်ယွီမင်က ခြေကျင်ဖြင့်သာ တောင်အောက်သို့ ဆင်းခဲ့ရလေသည်။


လျန်ကျီဂိုဏ်းတွင် အထူးသတ်မှတ်ချက် တစ်ခုရှိ၏။ တောင်ထိပ်ကို တောင်ထိပ်သခင်က ပိုင်ဆိုင်သော်လည်း တောင်တစ်ခုနှင့်တစ်ခုကို ဆက်သွယ်ထားသည့် တောင်ခြေများမှာ လျန်ကျီဂိုဏ်း၏ အများပိုင်နယ်မြေဖြစ်လေသည်။


ရှန့်ကွမ်းကျူးချင်က ဂိုဏ်း၏တောင်ထိပ်သခင် ဖြစ်လာသည်မှာ သုံးနှစ်ခန့်သာ ရှိသေးပြီး အလုပ်လုပ်ရန် အလွန်တက်ကြွနေချိန် ဖြစ်လေသည်။ ထို့ကြောင့် ဂိုဏ်း၏အများပိုင်နယ်မြေတွင် အမျိုးသားတစ်ယောက်က လမ်းပျောက်နေသည်ကို မြင်ချိန်တွင် သူက ကူညီပေးရန် ဆုံးဖြတ်ခဲ့၏။ 


ထိုအခါမှသာ ပိုင်ယွီမင်ထံတွင် ကျင့်ကြံမှုဆိုင်ရာ ပြဿနာရှိနေပြီး မှတ်ဉာဏ်များ ဝေဝါးနေသည်ကို သိခဲ့ရသည်။ ဤသည်က အလွန်ကြီးမားသော ကိစ္စမဟုတ်ပေ။ ကျင့်ကြံရေးလမ်းစဉ်တွင် အတားအဆီးများစွာရှိပြီး ကျင့်ကြံနည်း မှားယွင်းမှုများအပြင် မသန့်စင်ရသေးသည့် စိတ်ဝိညာဉ်အသီးများကို စားမိပြီး ရူးသွပ်သွားသော တပည့်များပင် ရှိတတ်လေသည်။


ရှန့်ကွမ်းကျူးချင်က သံသယရှိနေသော်လည်း ကျင့်ကြံဆင့်ကို မသိရသည့် ပိုင်ယွီမင်အား ကူညီပေးရန် ရွေးချယ်ခဲ့လေသည်။ 


သို့ရာတွင် ပိုင်ယွီမင်မှာ မိစ္ဆာဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ ရှန့်ကွမ်းကျူးချင်က နောင်တရသွားသော်လည်း သူက ကူညီမည်ဟု ပြောထားခဲ့သဖြင့် ပိုင်ယွီမင်ကို သူ့တောင်ထိပ်သို့ တတ်နိုင်သမျှ မြန်မြန်ပြန်ပို့ပေးရန် လုပ်လိုက်လေသည်။ 


ပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်နှင့် စကားပြောပြီးနောက် သူက သူဖတ်ဖူးသည့် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းလာခဲ့သည်ကို တဖြည်းဖြည်း နားလည်လာခဲ့လေသည်။ ရှန့်ကွမ်းကျူးချင်မှာ ပိုင်ယွီမင်က ဝေဝါးသော မှတ်ဉာဏ်များကြားမှ လျန်ကျီဂိုဏ်း၏ လျှို့ဝှက်ချက်များစွာကို ပြောနိုင်သည်ကို တွေ့ချိန်တွင် သံသယများကို လျှော့ချလိုက်ပြီး ပိုင်ယွီမင်ထံတွင် ကျင့်ကြံမှုဆိုင်ရာ ပြဿနာရှိနေသည်ဟု ယုံကြည်သွားလေသည်။ 


ပိုင်ယွီမင်ကလည်း ဤကမ္ဘာတွင် ချောချောမွေ့မွေ့ဖြင့် အခြေချနိုင်ပြီး ဝိညာဉ်အလဲခံရသည့်ကိစ္စအား သိသွားမည်ကို မစိုးရိမ်တော့ပေ။ 


ပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်ကို ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်အချို့ပေးရန် ဆုံးဖြတ်ခဲ့လေသည်။


ရှန့်ကွမ်းကျူးချင်က ချန်ဝူတောင်ထိပ်သခင်ဖြစ်သဖြင့် သာမန်ပစ္စည်းများကို စိတ်မဝင်စားပေ။ ပိုင်ယွီမင်ကို ကူညီခဲ့သည်ကလည်း အားစိုက်ထုတ်ရန် မလိုသည့်ကိစ္စဖြစ်သဖြင့် ပိုင်ယွီမင်၏စေတနာကို လက်ခံပြီး ထိုနေရာ၌ပင် သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်ရန် ရည်ရွယ်ခဲ့လေသည်။ 


သို့ရာတွင် သိုလှောင်အိတ်ကို ဖွင့်ကြည့်ချိန်၌ သူထင်ထားသည့် ရတနာနှင့် မှော်လက်နက်များကို မတွေ့ရဘဲ အထဲတွင် အမွေးလုံးတစ်ဆုပ်ကိုသာ တွေ့လိုက်ရလေသည်။


ပိုင်ယွီမင်က ကောင်းမွန်သော လက်ဆောင်ကို မစဉ်းစားတတ်သဖြင့် သူ့အမွေးများကို အဖိုးမဖြတ်နိုင်သော ရတနာများဟု ဆုံးဖြတ်ကာ အမွေးအနည်းငယ်ကိုရိတ်ပြီး ရှန့်ကွမ်းကျူးချင်ကို ပေးခဲ့ခြင်းဖြစ်သည်။


၎င်းက တစ်စင်တီမီတာခန့်ရှိသော အမွေးလုံးလေးဖြစ်ပြီး ထိုအမွေးများကို မရှုပ်ထွေးစေရန် သေတ္တာလေးထဲ၌ ထည့်ထားလေသည်။ 


သေတ္တာကိုကိုင်ထားသည့် ရှန့်ကွမ်းကျူးချင်က အမွေးလုံးကို မြင်လိုက်ရချိန်တွင် အလွန်အံ့ဩသွားပြီး ဤလက်ဆောင်က အလွန်တန်ဖိုးရှိသဖြင့် သူလက်မခံဝံ့ကြောင်း ပြောခဲ့လေသည်။ 


ပိုင်ယွီမင်မှာ ၎င်းက သူ၏ကိုယ်ပိုင်အမွေးများဖြစ်သဖြင့် ပိုက်ဆံမကုန်ကြောင်းနှင့် နောင်တွင်လည်း ရှန့်ကွမ်းကျူးချင်၏ အကူအညီအား လိုအပ်နိုင်သည်ကို ရှက်ရွံ့စွာဖြင့် ပြောမှသာ ရှန့်ကွမ်းကျူးချင်က လက်ခံခဲ့လေသည်။


သို့ရာတွင် ထိုအချိန်မှစပြီး ရှန့်ကွမ်းကျူးချင်က ပိုင်ယွီမင်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေခဲ့လေသည်။ သူက ပိုင်ယွီမင်၏ ယုန်နားရွက်များကို ဆွဲကိုင်ပြီး သူ့အား များစွာကျေးဇူးတင်အောင်လုပ်ကာ ကိုယ်ပေါ်ရှိ ယုန်မွေးအားလုံးကို ရိတ်ယူချင်နေသကဲ့သို့ ဖြစ်လေသည်။ 


ယခုတစ်ကြိမ် ရှန့်ကွမ်းကျူးချင်နှင့် တည့်တည့်တိုးချိန်တွင် အိတ်ထဲတွင် ပါလာသည့် အလိုအလျောက်ကျွတ်သော ယုန်မွေးများမှာ သူ့ကိုပေးရန် မလုံလောက်ကြောင်း ခံစားလိုက်ရလေသည်။


သူ့ယုန်မွေးများအား မကာကွယ်နိုင်တော့သည်ကို သိသော်လည်း ပိုင်ယွီမင်က ဝရံတာတွင် သက်တောင့်သက်သာ ထိုင်နေလျက် သူ့ကိစ္စများအား ကူညီပေးရန် ရှန့်ကွမ်းကျူးချင်ကို စောင့်နေကာ လတ်လတ်ဆတ်ဆတ် နှပ်ထားသည့် ဝိညာဉ်လက်ဖက်ရည်ကို သောက်နေလေသည်။ ခံစားချက်က အလွန်လန်းဆန်းလေ၏။


ချမ်းသာသူများ၏ဘဝက အလွန်ပင် ပျင်းရိဖွယ်ကောင်းလေသည်။


မကြာမီတွင် ရှန့်ကွမ်းကျူးချင်၏တပည့်က မော့ရှုလင်၏ ခါးချိတ်တံဆိပ်ပြားနှင့် ယခုလအတွက် မော့ရှုလင်ရရှိမည့် အရင်းအမြစ်များကို ယူလာလေသည်။ 

“တပည့်တွေက တစ်လကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး၊ အလယ်အလတ်အဆင့် ပိကုဆေးလုံးတစ်လုံးနဲ့ အဆင့်နိမ့် စိတ်ဝိညာဉ်ဆေးရည် သုံးပုလင်းကို ရရှိနိုင်ပါတယ်... မော့ရှစ်တိ ရတာက အရေအတွက် နည်းနည်းပါပဲ... ဒီသိုလှောင်အိတ်နဲ့ အထဲမှာပါတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ လက်နက်တွေ၊ အစားအစာတွေနဲ့ အဝတ်အစားတွေကတော့ မော့ရှစ်တိအတွက် ကျွန်တော့်ရဲ့ ရှစ်စွမ်းပေးတဲ့ နှုတ်ဆက်လက်ဆောင်ပါ... ပြီးတော့ ယွဲ့ရွှယ်တောင်ကြားမှာ အေးနေတာမလို့ မော့ရှစ်တိက ဒီပစ္စည်းတွေကို လက်ခံပေးပါဦး..."


ရှန့်ကွမ်းကျူးချင်၏ တတိယတပည့်က ကိစ္စများကို အမြဲတမ်း စနစ်တကျ လုပ်ဆောင်တတ်လေသည်။


ရှန့်ကွမ်းကျူးချင်က လက်ဆောင်ပေးရန် မပြောသော်လည်း ပိုင်ယွီမင်ထံမှ မျက်နှာသာရရန် မြှောက်ပင့်နေသည်ကို ခန့်မှန်းနိုင်လေသည်။ ထို့နောက် မော့ရှုလင်၏ အဝတ်အစားများကို ကြည့်ပြီး ရှစ်စွမ်းအသစ် ပိုင်ယွီမင်က တပည့်တစ်ယောက်အား မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်ကို မသိသည်မှာ ထင်ရှားသဖြင့် ပိုင်ယွီမင်၏ စည်းကမ်းမဲ့သော အကျင့်စရိုက်ကို ပေါ်လွင်စေလေသည်။ 


ယဲ့ချင်းလင်က ပိုင်ယွီမင်ကို စိတ်ကျေနပ်အောင် ပြုလုပ်ချင်လျှင် ပိုင်ယွီမင် သတိမထားမိသည့်နေရာများကို ဖြည့်ဆည်းပေးရန် လိုအပ်လေသည်။


မော့ရှုလင်က အံ့ဩသွားလေ၏။ ထိုသူ ပြင်ဆင်ပေးထားသည့် အရာများမှာ ယခုအချိန်တွင် သူလိုအပ်နေသည့် အရာများ ဖြစ်လေသည်။ 


သို့ရာတွင် မော့ရှုလင်က ချက်ချင်းလက်မခံဘဲ ပိုင်ယွီမင်ကို မော့ကြည့်လိုက်၏။ ပစ္စည်းများကို လက်ခံရန် သူက ပိုင်ယွီမင်၏ ခွင့်ပြုချက်ကို လိုအပ်လေသည်။ 


ပိုင်ယွီမင်မှာ ရှန့်ကွမ်းကျူးချင်၏ လူများက ဤကဲ့သို့ ဂရုတစိုက် ပြင်ဆင်ပေးထားမည်ကို မထင်ထားခဲ့ပေ။ 


ယဲ့ချင်းလင်သာ မပြောလျှင် မော့ရှုလင်အတွက် နွေးထွေးသည့်ပစ္စည်းများ ယူပေးရန် မစဉ်းစားမိခဲ့ပေ။ သူ့တပည့်က ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးသည့် ကလေးတစ်ယောက် ဖြစ်သဖြင့် အအေးဒဏ်ခံနိုင်ရန် ပစ္စည်းများ ဝယ်ပေးသင့်လေသည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်ယွီမင်အနေဖြင့် သူ့တပည့်လေးကို ပိုပြီးဂရုစိုက်ပေးရန် လိုအပ်လေ၏။


ပိုင်ယွီမင်က ခေါင််းညိတ်ပြကာ ပစ္စည်းများကို လက်ခံရန် မော့ရှုလင်ကို အချက်ပြလိုက်သည်။


"ကျေးဇူးတင်ပါတယ် ရှစ်ရှုန်း..."

မော့ရှုလင်က ပိုင်ယွီမင်၏ ခွင့်ပြုချက်ဖြင့် ယဲ့ချင်းလင်ပေးသည့် ပစ္စည်းများကို တရိုတသေ လက်ခံလိုက်လေသည်။ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ချိန်တွင် ယဲ့ချင်းလင်ပြောသကဲ့သို့ ဖြစ်သည်ကို တွေ့ရလေသည်။ ထို့အပြင် ယဲ့ချင်းလင်ပြောသည်ထက် ပိုမိုများပြားပြီး ပိုမိုကောင်းမွန်နေလေသည်။


ရှန့်ကွမ်းကျူးချင်က သူ့ရှစ်စွမ်းအား အလွန်ပင် မျက်နှာသာပေးပုံပေါ်လေသည်။


ပိုင်ယွီမင်က ကောင်းမွန်သည့် နောက်ခံတစ်ခု ဖြစ်ပုံပေါ်လေ၏။ 


မော့ရှုလင်က သိုလှောင်အိတ်ထဲကို စစ်ဆေးကြည့်ချိန်တွင် သူ့မျက်ဝန်းထဲ၌ မည်သည့်လှုပ်ရှားမှုမှမရှိဘဲ သူ့အမူအရာက တည်ငြိမ်နေလေသည်။


ယဲ့ချင်းလင်က အံ့အားသင့်သွားလေ၏။ သူကိုယ်တိုင် ပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ ထည့်ခဲ့သဖြင့် အထဲတွင် မည်မျှကောင်းမွန်သည့်ပစ္စည်းများ ပါဝင်သည်ကို သိလေသည်။ မော့ရှုလင်၏ နောက်ခံကို အစောက စုံစမ်းထားခဲ့သဖြင့် မော့ရှုလင်က ဝေးလံသည့်တောင်ကြားတစ်ခုမှ တောင်ထိပ်သခင်၏သားဖြစ်ပြီး သူ့မိဘများက မော့ရှုလင်ကို စိတ်ဝိညာဉ်ပစ္စည်းများအား ခွဲခြမ်းစိတ်ဖြာသည့် အသိပညာကို သင်ကြားပေးခဲ့ကြောင်း သိလေသည်။ 


ဆရာနှင့် တပည့်က တူညီကြလေ၏။ 


ပိုင်ယွီမင်ကဲ့သို့ ထူးခြားသော ရှစ်စွမ်းရှိသည့် တပည့်ဖြစ်သူက ပြင်ပပစ္စည်းများကြောင့် စိတ်လှုပ်ရှားမှုမရှိသည်မှာ ပုံမှန်ဖြစ်နိုင်လေသည်။


သို့ရာတွင် ယဲ့ချင်းလင်က မော့ရှုလင်တည်ငြိမ်နေရသည့် အကြောင်းပြချက်ကို မစဉ်းစားနိုင်ခဲ့ပေ။ အမှန်တွင် မော့ရှုလင်က စိတ်ဝိညာဉ်လက်နက်များနှင့် မိစ္ဆာလက်နက်များစွာကို မြင်ဖူးထားသည့် မိစ္ဆာဧကရာဇ်တစ်ယောက် ဖြစ်ခဲ့သဖြင့် ဤကဲ့သို့ ပစ္စည်းများအပေါ် ခံစားချက်မရှိခြင်း ဖြစ်လေသည်။


မော့ရှုလင်က ပစ္စည်းများကို စစ်ကြည့်လိုက်ပြီးနောက် သူလိုအပ်သည့် ပစ္စည်းတစ်ခု မပါသေးသည်ကို တွေ့သဖြင့် အမြန်ပင် ဦးညွတ်ကာ မေးလိုက်လေသည်။

"ရှစ်ရှုန်း... ကျွန်တော့်ရဲ့ တပည့်ဝတ်စုံကို ဘယ်နေရာမှာ ထုတ်ရမှာပါလဲ..."


ယဲ့ချင်းလင်က မော့ရှုလင်၏ တည်ငြိမ်မှုကို အံ့ဩနေခဲ့သဖြင့် စကားမဆုံးသေးသည်ကို သတိရသွားကာ အမြန်ပြောလိုက်လေသည်။

"ဒီနှစ် တပည့်အသစ်တွေ အများကြီးဝင်တာမလို့ တပည့်ဝတ်စုံတွေက မလုံလောက်သေးဘူး... မော့ရှစ်တိ အလျင်လိုနေတယ်ဆိုရင် ဒီနေ့ပဲ အောက်ထပ်မှာ ကိုယ်တိုင်း သွားပေးလို့ရတယ်... စာရင်းသွင်းထားတဲ့ တပည့်အမှတ်စဉ်ကို အရင်ပေးလိုက်ပါ... အဲ့ဒါဆိုရင် အကြာကြီး စောင့်စရာမလိုဘူး..."


တပည့်ဝတ်စုံက သာမန်အဝတ်အစားမဟုတ်ပေ။ ၎င်းတွင် အခြေခံအစီအရင်များ ထည့်သွင်းထားပြီး ဆောင်းတွင်းအအေးဒဏ်နှင့် နွေရာသီ၏အပူဒဏ်ကို ခံနိုင်ရုံသာမက သာမာန်လူများ၏ရန်မှလည်း ကာကွယ်ပေးနိုင်သဖြင့် အလွန်ပင် အသုံးဝင်လေသည်။


မော့ရှုလင်က ယဲ့ချင်းလင်ကို တစ်ဖန်ကျေးဇူးတင်လိုက်ပြီးနောက် မူလနေရာတွင် ပြန်ထိုင်လိုက်လေသည်။ 


ရှန့်ကွမ်းကျူးချင်က သူ့တပည့်ကို ပြန်ရန် လက်ဟန်ပြလိုက်ပြီးနောက် ယဲ့ချင်းလင်က ဦးညွတ်ကာ ထွက်သွားလေသည်။


မကြာမီတွင် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားလေ၏။ မော့ရှုလင်က ပိုင်ယွီမင်ထွက်ခွာရန် စောင့်နေစဉ်တွင် ရှန့်ကွမ်းကျူးချင်ကလည်း အပေးအယူအတွက် စောင့်နေလေသည်။ 


ပိုင်ယွီမင်က တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် သိုလှောင်အိတ်ထဲမှ အဖြူရောင်အမွေးတစ်ဆုပ်ကို ထုတ်ပေးလိုက်လေသည်။


မော့ရှုလင်၏ မျက်ဝန်းများက လှုပ်ရှားသွား၏။ 


ဒါက ငါ့ကို ပိုင်ယွီမင်ပေးခဲ့တဲ့ လက်ဆောင်မလား... အခု သူက ဒီဟာကို ရှန့်ကွမ်းကျူးချင်ကို ပေးချင်နေတာလား...


ရှန့်ကွမ်းကျူးချင်က ဒါကိုမြင်ပြီးရင် ရှက်ပြီးဒေါသထွက်သွားမှာကို သူ မစိုးရိမ်ဘူးလား…


🐰🐰🐰