Chapter 158
ဂုဏ်ပြုပါတယ်
နှစ်နာရီမှာ အလွန်ကြာသော်လည်း အလွန်တိုတောင်းပေသည်။ နာရီလက်တံက ၈သို့ ရောက်ခါနီးတွင် ချူးယီက အများထိုင်ခုံမှ ထရပ်လိုက်ပြီး အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
" ကျွန်မက ဒီနှစ်အတွက် လူသားတွေကို နှစ်သစ်ကို ကြိုဆိုဖို့ အဖော်လုပ်ပေးနိုင်မှာ မဟုတ်ဘူး..."
ဖူလီက သူ၏ ချမ့်ခွန်းအိတ်ထဲမှ ဆေးတောင့်တစ်ခုကိုထုတ်ကာ ချူးယီကို ပေးလိုက်သည်။
"ငါ့မှာ ဝိညာဉ်သိပ်သည်းဆေးတောင့်ရှိတယ်... မင်းဒါစားပြီးရင် နည်းနည်းထပ်ပြီး အချိန်ဆွဲထားလို့ ရရင် ရမှာပေါ့..."
"မလိုတော့ပါဘူး..."
ချူးယီက ခေါင်းခါကာ ပြုံးလိုက်သည်။
"ဒီနိုင်ငံက အရမ်းကြီးပြီး ကျွန်မကြည့်ချင်တာတွေလည်း အများကြီးပဲ... ဒါပေမဲ့ ဒီနိုင်ငံထဲမှာ အစာရေစာ ငတ်တာနဲ့ ဖရိုဖရဲ ဖြစ်တာတွေ မရှိတော့ဘူးဆိုတာသိရတော့ ကျွန်မကောင်းကောင်း အနားယူနိုင်ပါပြီ... နောက်နှစ်ကို စောင့်နေမယ်... နောက်နှစ် ကျွန်မပေါ်လာရင် တခြားနေရာတွေကို လျှောက်လည်ဖို့ အဖော်လုပ်ပေးနိုင်တယ်မလား..."
ကျွမ်းချင်က တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
ဖူလီက ကျွမ်းချင် ဗီလာ၏လိပ်စာကို ရွတ်ပြလိုက်သည်။
"ငါတို့က ဒီမှာနေတာ... နောက်နှစ် မင်းနိုးလာရင် ငါတို့ကို လာရှာလိုက်..."
ချူးယီက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူမနိုးလာခဲ့ပါက...
"နဂါးသခင်နဲ့ ကျင့်ကြံသူလေးတို့က ဆက်ဆံရေး ကောင်းတာပဲ..."
ချူးယီက သူမ၏ လက်ဖဝါးကို ဖြန့်လိုက်သည်။ ရေခဲကဲ့သို့ အလင်းပေါက်နေသည့် ပစ္စည်းတစ်ခုက သူမလက်ထဲတွင် ရှိနေလေသည်။
"ဒါကနွေဦးကျောက်စိမ်းတဲ့... လူသားတွေရဲ့ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှုကနေ ပေါ်လာတဲ့ အရုပ်တစ်ခု... ဒါက သိပ်အသုံးမဝင်ပေမဲ့ တော်တော်လေးကြည့်ကောင်းတယ်..."
သူမက နွေဦးကျောက်စိမ်းကို ဖူလီလက်ထဲသို့ ထည့်လိုက်ပြီး သူ့အား ချစ်စဖွယ် မျက်တောင်မခတ်ပဲ ကြည့်လိုက်သည်။
"ဒါက ကျွန်မကို မုန့်ကျွေးလို့ လက်ဆောင်ပြန်ပေးတာပါ..."
ထိုအခိုက်တွင် ဖူလီက သူမကိုယ်ထဲ၌ နွေဦး၏ အသက်ဝင်မှုနှင့် အသက်ခွန်အားကို မြင်လိုက်ပေသည်။
ဖူလီက ဤလက်ဆောင်ကို လက်ခံသင့်လားဆိုသည်ကို မသိတော့ပဲ ကျွမ်းချင်ကိုလှမ်းကြည့်လိုက်သည်။ ကျွမ်းချင်က ဖူလီကို ခေါင်းအသာညိတ်ပြလိုက်သည်။
"ကျေးဇူးပါ..."
ဖူလီက နွေဦးကျောက်စိမ်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ထရပ်လိုက်သည်။
"ငါမင်းကို အိမ်ပြန်ပို့ပေးမယ်... နောက်နှစ်မှာ ငါတို့အိမ်ရဲ့ ဧည့်သည်ဖြစ်ဖို့ ကြိုဆိုပါတယ်..."
ချူးယိီ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်နေပြီး ဖြစ်သည်။ သူမခန္ဓာကိုယ်အား ဖြတ်သန်းသွားသည့် လူအချို့ပင် ရှိပြီး မည်သူကမှ သူမကို မမြင်နိုင်သော်လည်း သူတို့က နွေဦးရောက်ရှိလာသည်ကို သိရှိကြပေသည်။
ချူးယီမှာ သူမ အိမ်ပြန်နေသည်မဟုတ်ခြင်းကို သိပေသည်။ သူမက ဝိညာဉ် ချီဓာတ်မလုံလောက်ခြင်းကြောင့် အိပ်ပျော်သွားခြင်းသာဖြစ်သည်။ သို့သော် ဤနူးညံ့သော နည်းလမ်းက သူမကို အပျော်လွန်သွားစေပေသည်။
"ဟုတ်ပြီ.... ကျွန်မ အခွင့်အရေးရရင် လာခဲ့ပါ့မယ်... အခု အိမ်ပြန်နေတာလေးပဲဆိုတော့ ကျွန်မကို လိုက်ပို့စရာမလိုပါဘူး..."
သူမ၏ ပုံရိပ်က ပို၍ မှိန်ဖျော့လာပေသည်။ မိနစ်အနည်းငယ်ထက် မကြာမီတွင် ဝေဝါးဝါး အဖြူအမဲအရိပ်လေးတစ်ခုသာ ကျန်တော့ပေသည်။ ဖူလီက သူမပြုံးနေသည်ကို မြင်လိုက်ပေသည်။
"နဂါးဘုရင်... အဲ့နှစ်က ကျွန်မ ရှင့် တွေ့တုန်းက တစ်ယောက်တည်းပါ... နဂါးဘုရင်ကို ဒီနေ့အခြေအနေအတိုင်း တွေ့ရတာ တကယ်ကို ကံတရားပဲ... နောက်နှစ် သခင်နှစ်ယောက်ကို တွေ့ရင် ဆောင်းတွင်း ကောက်ရိတ်ပြီး နွေဦးပန်းတွေ ပွင့်တဲ့အချိန်ရောက်လောက်ပြီ..."
နွေဦးနတ်ဘုရားက အပြီးတိုင် ပျောက်ကွယ်သွားလေသည်။ ပျော်မြူးနေသော လူအုပ်ကြားထဲတွင် သူမရောက်ရှိလာပြီး တိတ်တဆိတ်ထွက်ခွာသွားသည်ကို မည်သူမှ မသိလိုက်ပေ။
"နှင်းထပ်ကျလာပြန်ပြီ..."
ကလေးတစ်ဦးက အော်လိုက်သည်။ ဖူလီက ခေါင်းမော့လိုက်သည်။ နှင့်ပွင့်များက အသံမထွက်ပဲ မရပ်မနား လွင့်ကျလာလေသည်။
"သွားစို့..."
ကျွမ်းချင်က ဖူလီကို ကြည့်လိုက်သည်။
"ဘယ်လဲ..."
ဖူလီက ထိုနေရာတွင် ကြောင်ကြည့်နေပြီး သူ့အကြည့်မှာ ငေးငိုင်နေပေသည်။
"မင်း နှစ်သစ်ကူး ပျော်ပွဲကို ကြည့်ချင်တယ်မလား..."
ကျွမ်းချင်က သူ့လက်ကို ကိုင်လိုက်သည်။
"အခုက ၈နာရီပဲ ရှိသေးတာ... ကြည့်စရာအချိန်တွေ အများကြီး ကျန်ပါသေးတယ်..."
ဖူလီ၏အသံမှာ အနည်းငယ် ဝမ်းနည်းနေပေသည်။
"ဒါပေမဲ့ ငါချက်ချင်းကြီး မပြန်ချင်သေးဘူး..."
ကျွမ်းချင်၏ ခြေလှမ်းများက ရပ်တန့်သွားသည်။
"အဲ့ဒါဆို ကိုယ် မင်းနဲ့ အတူလမ်းလျှောက်ပေးမယ်..."
သူက ဖူလီလက်ကို ကိုင်ထားသည်အား မလွတ်ပါပေ။
"ကောင်းပြီ..."
ဖူလီက ခေါင်းညိတ်ပြလိုက်သည်။ သူက အနည်းငယ်ပင် ကသိကအောက်မဖြစ်ပဲ ကျွမ်းချင်လက်ကို ပြန်ကိုင်ထားလိုက်သည်။ မည်သည့်ကိစ္စတွင်မဆို ကျွမ်းချင်မှာ သူ့နဂါးလေး ဖြစ်နေပြီးဖြစ်ရာ သူတို့လက်မည်မျှပင် ကိုင်ထားပါစေ အဆင်ပြေပေသည်။
ကျွမ်းချင်က သတိမမူမိသော ဖူလီကို လှည့်ကြည့်လိုက်သည်။ သူ့မျက်ခုံးထိပ်များက အနည်းငယ် ရွေ့လျားသွားသည်။
သူလက်ကိုင်ဖို့ မငြင်းဘူးဆိုတဲ့အချက်က သူတို့ရဲ့ အထိအတွေ့ကို မဆန့်ကျင်ဘူးလို့ ဆိုလိုတာလား... သူက တစ်နေ့ကျရင် သူ့ရဲ့ တာအိုတွဲဖက် ဖြစ်လာမယ်လို့ ဆိုလိုတာလား...
"ခေါင်းပေါ်မှာ နှင်းတွေ ဖုံးနေပြီး... ငါတို့ ဆံပင်တွေ ဖြူသွားတဲ့အထိ..."
မိန်းကလေးတစ်ဦးက ေကာင်လေးတစ်ယောက် သူမအတွက် ကိုင်ထားသော ထီးကို တွန်းထုတ်လိုက်သည်။
"ထီးမသုံးပဲနေကြစို့..."
"နှင်းမကျရင်တောင် ငါတို့က ဆံပင်တွေ ဖြူတဲ့အထိ အတူရှိနေမှာ... ဒါပေမဲ့ မင်းဖျားရင် ငါစိတ်ပူရတယ်..."
ကောင်လေးက သူမကို ထီးအမြန်ဆောင်းပေးလိုက်သည်။ အသံတိုးတိုးဖြင့် သူက သူ့ကောင်မလေးကို ဆိုလိုက်သည်။
"ဘေးက အစ်ကိုကြီးနှစ်ယောက်ကို သွားကြည့်မနေနဲ့... သူတို့က သန်မာဖျတ်လတ်ပြီး အအေးဒဏ်ကို ခံနိုင်တယ်..."
ဘေးမှ အစ်ကိုကြီးနှစ်ယောက် ဖြစ်သည့် ဖူလီနှင့် ကျွမ်းချင် : ...
"သူတို့က တွဲနေတာလား..."
မိန်းကလေးက အသံတိုးလိုက်သည်။
"ဒါပေမဲ့ သူတို့က ကြည့်ကောင်းတဲ့အတွဲပါ..."
ကောင်လေးက သူတို့ကို လှည့်ကြည့်လိုသော်လည်း မိန်းကလေးက သူ့ခေါင်းကို ပြန်လှည့်လိုက်သည်။
"အရမ်းကြီး သွားမကြည့်နဲ့လေ... မကောင်းဘူး... သူတို့ နေရခက်သွားလိမ့်မယ်..."
"ငါက ဘယ်လိုယောက်ျားလေးတွေကများ လူ့အသိုင်းအဝိုင်းရဲ့ ဖိအားကို ဆန့်ကျင်ရဲပြီး တခြားလူတွေ ပြောမှာကို မကြောက်ပဲ လက်တွဲပြီး လျှောက်ရဲတာလဲဆိုတာ သိချင်တာပါ..."
ကောင်လေးက ခပ်ဖွဖွ ဆိုလိုက်သည်။ သူက သူ့ကောင်မလေးစိတ်ဆိုးမည်ကို စိုးရိမ်၍လား သို့မဟုတ် ကျွမ်းချင်နှင့် ဖူလီကို အနေရမခက်စေချင်၍လားကိုတော့ မသိပါပေ။
သူတို့ပြောနေသည့် အသံမှာ အလွန်တိုးသော်လည်း သူတို့က သူတို့နောက်မှ အစ်ကိုနှစ်ဦးက လူသားများမဟုတ်ကာ မိစ္ဆာများဖြစ်၍ သာမန်လူများထက် ကြားနိုင်စွမ်း ပိုကောင်းသည်ကို သူတို့ မသိကြပေ။
ဖူလီက ထိုအတွဲကို ကြည့်ကာ အလေးအနက်တွေးလိုက်သည်။ သူနှင့် နဂါးလေးကျွမ်းမှာ သဘာဝ စုံတွဲများနှင့် တူပုံရပြီး သူတို့က အပြင်တွင် သာမန်ကာလျှံကာ လမ်းလျှောက်လျှင်ပင် သူတို့အား လိုက်ဖက်သောအတွဲဟု ဆိုကြသူများ ရှိနေပေသည်။
သို့သော် ကျွမ်းချင်က ကျင့်ကြံခြင်း မြင့်ပြီး ယနေ့ရာသီဥတုက အေးနေသော်လည်း သူ့လက်ဖဝါးမှ ချွေးများထွက်နေဆဲဖြစ်သည်။
ဒါက သူ့ရဲ့ အောင်မြင်တဲ့ ပုံစံပြောင်းမှုက အရမ်းတိုလို့ သူ့ကိုယ်ထဲက ဝိညာဥ်ချီဓာတ်က နည်းနည်း မတည်ငြိမ်သေးလို့များလား...
"အား..."
မိန်းကလေးတစ်ဦးက ရုတ်တရက် ဘေးမှ လူအုပ်ဆီမှ အော်လိုက်သည်။
"ဥက္ကဌကျွမ်းနဲ့ လက်ထောက်လေး..."
"ဘယ်မှာလဲ..."
သူမ၏ အဖော်များက တစ်ယောက်ပြီးတစ်ယောက် နောက်လှည့်ကြည့်လာပေသည်။ ကျွမ်းချင်နှင့် ဖူလီကို မြင်ပြီးနောက် သူတို့က ပါးစပ်များကို အုပ်ကာ သူတို့၏ မျက်လုံးများကို မယုံနိုင် ဖြစ်နေလေသည်။
လူချမ်းသာတွေကလည်း ချိန်းတွေ့ရင် သူတို့လို အပြင်မှာ လျှောက်သွားတယ်လား...
အော်လိုက်သည့်မိန်းကလေးမှာ သူမ၏ အပြုအမူက မည်မျှ ရိုင်းစိုင်းသည်ကို သတိဝင်သွားပြီး ဖူလီနှင့် ကျွမ်းချင်ကို မျက်နှာပူစွာ တောင်းပန်လိုက်သည်။
"တောင်း-တောင်းပန်ပါတယ်နော်..."
"ရပါတယ်..."
ဖူလီက အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်သည်။
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ..."
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ..."
မျက်နှာပူနေသော မိန်းကလေးက ဖူလီက သူမကို အပြစ်မတင်သည်ကိုမြင်ရာ ထစ်ထစ်အအဆိုလိုက်သည်။
"အစ်ကိုနဲ့ ဥက္ကဌကျွမ်းလဲ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်..."
"ဆုတောင်းပေးတာ ကျေးဇူးပါ..."
ဖူလီက မိန်းကလေး၏ အပြုအမူကို သဘောကျသွားပေသည်။
"ဒါက..."
ဖူလီ၏ ခပ်အေးအေးစိတ်ထားက မိန်းကလေး၏ သတ္တိကို တိုးလာစေပြီး သူမက အင်တာနက်အသုံးပြုသူအများအပြားမေးလိုနေသော မေးခွန်းကို လူကိုယ်တိုင် မေးလိုက်ပေသည်။
"အစ်ကိုနဲ့ ဥက္ကဌကျွမ်းက တကယ်ကြီး တွဲနေတာလား..."
ကျွမ်းချင်၏ လက်ဖဝါးက တောင့်တင်းသွားသည်။ သူက ဖူလီကိုလှည့်ကြည့်လိုက်သည်။ သူ့အမူအရာမှာ ကျောက်တုံးသဖွယ် တောင့်တင်းနေပေသည်။
ဖူလီက သူနှင့် ကျွမ်းချင် လက်တွဲထားသည်ကို မြှောက်ပြလိုက်သည်။
"ဟုတ်တယ်... ငါတို့က တွဲနေကြတာ..."
"ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်ကွယ်..."
လမ်းတစ်လျှောက်မှ ဆိုင်လေးတစ်ခုမှ ခေတ်နောက်ကျနေသော သီချင်းတစ်ပုဒ်ကို ဟောင်းနွမ်းနေသောအသံစနစ်ဖြင့် ဖွင့်ထားလေသည်။ အသံမှာ အလွန် ပဲ့တင်ထက်နေပြီး ပြင်းပြင်းထန်ထန် တုန်ခါနေ၍ ကျွမ်းချင်၏ နားများပင် အူလာပေသည်။
"ဆောင်းကုန်တော့မယ်... တကယ့်ကို သတင်းကောင်းပဲ..."
သူတစ်ခုခုကို အထင်လွဲနေတာလား...
"အေးစက်တဲ့ နှင်းတွေ အရည်ပျော်ပြီး ဇီးပင်တွေလည်း ပွင့်တော့မယ်..."
ကျွမ်းချင်က မျက်တောင်ခတ်လိုက်သည်။ အေးစက်သော နှင်းပွင့်များက သူ့မျက်လုံးထဲတွင် မျောလွင့်နေပေသည်။ ၄င်းက အနည်းငယ်နာကျင်ပြီး ပူလောင်နေသော ခံစားချက် အနည်းငယ်ကို ပေးနေပေသည်။
"ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်... ဂုဏ်ပြုပါတယ်ကွယ်... ဂုဏ်ပြုပါတယ်ကွယ်..."
သူကိုင်ထားသော လက်မှာ နွေးထွေးကာ ကြမ်းတမ်းပေသည်။
ဒါက... အစစ်တော့ ဟုတ်တယ်... မဟုတ်လား...
ကျွမ်းချင်က ဖူလီကို ကြောင်ကြည့်လိုက်သည်။ သူ့၏ အာရုံမစိုက်နိုင်သော အခြေအနေတွင် မရင်းနှီးသော လူသားမိန်းကလေးတစ်ဦးက သူ့ကို ဂုဏ်ပြုပေးနေသည်ကို ကြားလိုက်ပေသည်။
သူက တစ်ခုခု ပြောလိုက်တဲ့ ပုံပဲ... သူဘာပြောလိုက်တာပါလိမ့်...
"ကျေးဇူးပါ..."
သူကိုယ်တိုင်လည်း ဘယ်သူ့ကို ကျေးဇူးတင်နေတာလဲဆိုတာ မသိတော့ဘူး..
....
" မင်းက ငါ့ရဲ့နဂါးလေးဖြစ်နေပြီကို ငါနဲ့တူတူရှိနေတဲ့အချိန် စိတ်လွင့်နေတာလား..."
ကျွမ်းချင် ထိုနေရာတွင် ကြောင်အစွာရပ်နေသည်ကို သတိပြုမိသောကြောင့် ဖူလီက သူ့အင်္ကျီစကို သခင်လေးတစ်ယောက်သဖွယ် ဆွဲလိုက်သည်။
" သွားကြမယ်လေ..."
ကျွမ်းချင်က ဖူလီ့ကို ငေးငိုင်ကြည့်နေမိသည်။
" သွားကြစို့ သွားကြစို့..."
ဖူလီက ကျွမ်းချင်ကို လက်မောင်းမှ ဆွဲခေါ်သွားပြီး မိန်းကလေးများကို လက်ပြလိုက်သည်။
မိန်းကလေးများက သူတို့မျက်နှာများကိုအုပ်ပြီး ပြုံးနေကြသည်။ ရဲတင်းသော မိန်းကလေးတစ်ယောက်က သတ္တိရှိရှိဖြင့် အော်ပြောလိုက်သည်။
" ဥက္ကဌကျွမ်းနဲ့ လက်ထောက်ဖူတို့ရဲ့ အိုမင်းတဲ့အထိ ချစ်ခင်နိုင်ပြီး ရာစုနှစ်တွေ ကြာတဲ့အထိ ပျော်ပျော်ရွှင်ရွှင်နေရမှာပါ..."
ထိုမိန်းကလေးက အော်ပြောပြီးသည်နှင့် ရှက်သွားသောကြောင့် သူ့သူငယ်ချင်းနောက်တွင် ဝင်ပုန်းနေလိုက်သည်။ မမျှော်လင့်ထားသည်မှာ အစမှအဆုံးတိုင်အောင် စကားတစ်ခွန်းမီ မပြောခဲ့သည့် တစ်သီးတစ်သန့် နတ်ဘုရား ဥက္ကဌကျွမ်းက ရုတ်တရက် ရပ်တန့်သွားပြီး သူတို့ကိုလှည့်ကြည့်လိုက်သည်။
ထိုမိန်းကလေးက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ငါ အော်တာ အရမ်းကျယ်သွားလို့ ဥက္ကဌကျွမ်း မပျော်မရွှင်ဖြစ်သွားတာများလား...
" မင်းရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါတို့က ရာစုနှစ်တစ်ခုတည်းမဟုတ်ဘဲ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ အတူတူရှိသွားဦးမှာပါ..."
ကျွမ်းချင်က မတုန်မလှုပ်ဖြစ်နေရာမှ ခြေသွက်လက်သွက်လူအဖြစ် ပြောင်းလဲသွားသည်။ သူလက်တစ်ဖက်ကို ဖူလီ့ပခုံးပေါ် တင်လိုက်ပြီးနောက် နှင်းများကျဆင်းနေသည့် အလယ်တွင် လူအုပ်ကြားထဲ ဝင်ရောက်သွားသည်။
မိန်းကလေးများကို သူတို့ပါးစပ်များကို အုပ်ထားပြီး စူးစူးရှရှ အော်ဟစ်နေကြသည်။
" ကျွမ်းချင် ခုနတုန်းက တကယ်အတည်ကြီး ပြောသွားတာပဲ..."
" ဟုတ်တယ်နော် သူနဲ့ လက်ထောက်လေးဖူလီက နှစ်ထောင်ပေါင်းများစွာကြာအောင် နေနိုင်မှာလည်း မဟုတ်ပဲနဲ့..."
" ဥက္ကဌကျွမ်းက သူ့လက်ထောက်လေးနဲ့ ဘဝဆက်တိုင်း အတူတူရှိနေချင်တယ်လို့ ပြောချင်တာလားမှ မသိတာ..."
" အမလေး အချိုတွေ စားရလွန်းလို့သေပြီ...အချိုတွေ စားရလွန်းလို့သေပြီ..."
ဖိုရမ်ပေါ်တွင်မူ အင်တာနက်အသုံးပြုသူတစ်ယောက်က ကျွမ်းချင်နှင့်ဖူလီတို့ ပြည်သူ့ရင်ပြင်တွင် လက်ကိုင်ထားသည့် ဓာတ်ပုံကိုရိုက်တင်ထားလိုက်သည်။ ထို့အပြင် ဓာတ်ပုံဆရာက ကျွမ်းကျင်သူတစ်ယောက်ဖြစ်၍ ထိုဓာတ်ပုံက အနုပညာဆန်နေရုံသာမက စိတ်ကူးယဉ်ဆန်မှုများဖြင့်လည်း ပြည့်နေသည်။
နှင်းထူထူများက မြေပြင်တွင် ကျဆင်းနေပြီး နောက်ခံတွင်လည်း လူအုပ်ကြီး ရှိနေသည်။ လက်ကိုင်ထားသည့် အမျိုးသားနှစ်ယောက်က အခြားလူများမရှိဘဲ သူတို့နှစ်ယောက်တည်း ကိုယ်ပိုင်လောကလေးကို ဖန်တီးနေပုံရသည်။
တိမ်တိုက်လေး : အခုက နှစ်သစ်ဆိုပေမယ့် နှစ်သစ်ကူးပွဲတော်ကိုကြည့်ရတာ သိပ်ပြီး စိတ်ဝင်စားစရာမကောင်းလို့ ဖိုရမ်ပေါ်တက်လာပြီး ခွေးစာစားနေရတာပဲ ငါ့ဦးနှောက်ကလည် မကောင်းတော့ဘူးထင်တယ်...
ဆွဲဆောင်မှုရှိတဲ့ မှော်ဆရာမလေး : ပို့စ်ပိုင်ရှင်က ဓာတ်ပုံကို တော်တော်လေးလှအောင် ရိုက်ထားတာပဲ... ငါတို့လည်း ဒီနေ့ရင်ပြင်မှာ ဥက္ကဌကျွမ်းနဲ့ သူ့ရဲ့လက်ထောက်လေးကို တွေ့ခဲ့တယ်... သူတို့ကြားထဲက ဆက်ဆံရေးက တော်တော်ကောင်းတာ အခုမှ တွဲနေကြောင်း ကြေညာလိုက်တဲ့ တခြားအတွဲတွေလိုမျိုး မဟုတ်ဘူး...
ဂဏန်းက အရသာမကောင်းဘူး : သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာ တစ်လောကလုံးသိတယ် လက်ထောက်လေးကပဲ မသိတာ... အခု လက်ထောက်လေးက သဘောပေါက်သွားပြီဆိုတော့ ဥက္ကဌကျွမ်း ဘယ်လောက်တောင် ပျော်နေလိုက်မလဲ...
တိမ်တိုက်လေး : လက်ထောက်လေး ဒီပို့စ်ကိုတင်ထားတယ်ဆိုတာ ဥက္ကဌကျွမ်းသိလား... တကယ်လို့ သူသိတယ်ဆိုရင် forum moderatorကို ဒီပို့စ် ဖျက်ခိုင်းမလား မသိဘူးနော်...
ဂဏန်းက အရသာမကောင်းဘူး : .....
ဆွဲဆောင်မှုရှိတဲ့ မှော်ဆရာမလေး : .....
ပန်ဒါအမြီး : သူ သိလား မသိလားဆိုတာ ကိစ္စမရှိပါဘူး... သူနဲ့ လက်ထောက်လေးဖူ အတူတူရှိနေတယ်ဆိုတဲ့ ဒီလိုပို့စ်မျိုးကိုတော့ သူက forum moderatorကို မဖျက်ခိုင်းလောက်ပါဘူး...
ဆွဲဆောင်မှုရှိတဲ့ မှော်ဆရာမလေး : အပေါ်ထပ်ကလူပြောတာ အရမ်းမှန်တယ်... သူက ဥက္ကဌကျွမ်း မဟုတ်တဲ့အပြင် သူ့ကိုလည်း မသိပဲနဲ့ ဥက္ကဌကျွမ်းက ပို့စ်ကို ဖျက်ခိုင်းမယ် မဖျက်ခိုင်းဘူးတွေနဲ့ ဘာတွေလျှောက်ပြောနေတာလဲ...
" လောင်ဇီက ကျွမ်းချင်ကို သိရုံမကဘူး ဖူလီ့ကိုလည်း သိတယ်ကွ..."
ခရုစုပ်ငှက်က သူ့ဖုန်းကို အိပ်ရာပေါ် ပစ်ချလိုက်သည်။ ထို့နောက် ညအိပ်ဝတ်စုံကိုချွတ်ပြီး ဒဏ်ရာရထားသည့်ရင်ဘတ်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် တစ်ချိန်က ဒဏ်ရာရခဲ့သည့် အရိပ်အယောင်ပင် မမြင်တွေ့ရတော့ပေ။
ဖူလီက တောင်ပေါ်မှ မထွက်လာမီတွင် အလွန်စွမ်းအားကြီးလှသော မဟာမိစ္ဆာများနှင့် အတူတကွ ကျင့်ကြံခဲ့သောကြောင့် သူ့ကျင့်ကြံဆင့်က အလွန်နက်နဲနေရခြင်းဖြစ်သည်ဟု ကျင့်ကြံရေးလောကတွင် ကောလဟာလများ ရှိသည်။ ယခင်က ထိုအကြောင်းကိုကြားသည့်အခါ သူ နှာခေါင်းရှုံ့မိသော်လည်း ကျင့်ကြံရေးလောကမှ မိစ္ဆာများမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများဖြစ်၍ ထိုကဲ့သို့ မဟုတ်မမှန်သည့် ကောလဟာလများကို လျှောက်ပြောကြမည် မဟုတ်ပေ။