Chapter 159
အနမ်း
ဖူလီက တောင်ပေါ်မှ မထွက်လာမီတွင် အလွန်စွမ်းအားကြီးလှသော မဟာမိစ္ဆာများနှင့် အတူတကွ ကျင့်ကြံခဲ့သောကြောင့် သူ့ကျင့်ကြံဆင့်က အလွန်နက်နဲနေရခြင်းဖြစ်သည်ဟု ကျင့်ကြံရေးလောကတွင် ကောလဟာလများ ရှိသည်။ ယခင်က ထိုအကြောင်းကိုကြားသည့်အခါ သူ နှာခေါင်းရှုံ့မိသော်လည်း ကျင့်ကြံရေးလောကမှ မိစ္ဆာများမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများဖြစ်၍ ထိုကဲ့သို့ မဟုတ်မမှန်သည့် ကောလဟာလများကို လျှောက်ပြောကြမည် မဟုတ်ပေ။
သို့သော် ယနေ့မှစ၍ သူ ထိုသို့တွေးတော့မည် မဟုတ်ပေ။ ဖူလီက ဒုတိယမျိုးဆက်လူချမ်းသာ ဖြစ်ရုံသာမက အားလုံးက သူ့ရှေ့တွင် ဒူးထောက်ပြီး ဒယ်ဒီဟုပါခေါ်ရမည့်ပုံမျိုး ဖြစ်သည်။
ပြတင်းပေါက်အပြင်ဘက်မှ ရံဖန်ရံခါတွင် အခြားလူများ မီးရှူးပန်းများ ပစ်ဖောက်သည့် တဖျောက်ဖျောက်အသံများကြားရသည်။ ခရုစုပ်ငှက်က အိပ်ရာပေါ်လှဲချလိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။
ဖူလီနှင့်ကျွမ်းချင်တို့ ပြန်ရောက်ချိန်တွင် သူတို့က နှစ်သစ်ကူးပွဲတော်၏ အနောက်ပိုင်းကို အနည်းငယ်သာကြည့်လိုက်ရသည်။ ၁၂နာရီထိုးခါနီးသည်နှင့် ခန်းကူက မီးရှူးမီးပန်း အပုံလိုက်ကြီးကို သယ်ထုတ်လာသည်။
" လွင့်မျောနန်းတော်ကိုသွားပြီး မီးရှူးပန်းဖောက်ကြမယ်လေ..."
လွင့်မျောနန်းတော်၏အတွင်းဘက်တွင် အရံအတားတစ်ခုရှိပြီး မြေပြင်နှင့် အလွန်ဝေးကွာလှသည်။ သို့ဖြစ်၍ သူတို့ထိုနေရာတွင် မီးရှူးပန်းဖောက်မည်ဆိုပါက လူသားများလည်း မြင်တွေ့နိုင်မည် မဟုတ်ပေ။
ဖူလီကလည်း မီးရှူးပန်းများကိုင်ထားသည့် ခန်းကူနောက်မှ လိုက်လာပြီးနောက် မိစ္ဆာလေးကောင်က အတူတကွ ပျံသန်းလာကြသည်။
" ပိုကြည့်ကောင်းအောင် ငါတို့ဘယ်လိုလုပ်ကြမလဲ..."
" ချထားလိုက် ကျွန်တော်လုပ်ပေးမယ်..."
" ငါက ကိုယ့်ဘာသာလုပ်ချင်တာ..."
ဖုန်းလွေ့ကျုံးက ကျောက်တုံးလှေကားထစ်ပေါ်တွင် လက်ပိုက်ရပ်နေပြီး ကျွမ်းချင်ဘက်ကို လှည့်ပြောလိုက်သည်။
" ဒီနှစ်ယောက်က ဘာတွေလုပ်နေကြမှန်းကို မသိဘူး..."
ကျွမ်းချင်က တိတ်ဆိတ်နေဆဲဖြစ်သည်။ သူ၏အကြည့်များက ဆော့ကစားနေသည့် ဖူလီ့အပေါ်တွင်သာ ရှိနေသည်။
" ဘယ်လိုတောင် အလိုလိုက်ခံထားရတဲ့ ကလေးလဲ... တောင်ပေါ်က မိစ္ဆာအိုကြီးတွေက သူ့ကို အလိုလိုက်တာနဲ့ပဲ နှစ်လေးထောင်ကျော်နေလာပြီးတာတောင်မှ အရွယ်ရောက်တဲ့ မိစ္ဆာတစ်ကောင်ရဲ့ ပုံရိပ် မဖြစ်လာသေးဘူး... တကယ်ကို စိတ်ပူစရာပဲ..."
ဖုန့်လွေ့ကျုံးက ဖူလီ့ကို အပြစ်တင်ဟန်ဖြင့် ပြောနေသော်လည်း သူ့စိတ်ထဲမှ အတွေးက ဆန့်ကျင်ဘက်ဖြစ်သည်။
" ဒီလိုမျိုး အလိုလိုက်ခံထားရတဲ့ကလေးကို သည်းခံရတာ မင်းအတွက် ခက်ခဲမှာပဲ..."
ကျွမ်းချင် ခေါင်းခါလိုက်သည်။
" အဲ့လိုမဟုတ်ပါဘူး ဖူလီက လိမ္မာပါတယ်..."
ဖုန့်လွေ့ကျုံးက စကားထပ်ပြောလိုသော်လည်း ကျွမ်းချင်၏ ရိုးသားကာ လေးနက်တည်ကြည်သော အမူအရာကို မြင်တွေ့လိုက်ရ၍ ရယ်နေလိုက်သည်။ သူ တစ်ဖက်သို့လှည့်ကာ မီးရှူးပန်းများကို စီနေသည့် ဖူလီနှင့် ခန်းကူကိုကြည့်ပြီး ခပ်ဟဟ ပြုံးလိုက်မိသည်။
" ကလေးဆန်လိုက်တာ..."
" ဦးလေးဖုန်း မြန်မြန်လာခဲ့ ဒီမှာအများကြီး ရှိသေးတယ်..."
ဖူလီက ဖုန့်လွေ့ကျုံးကို လက်ယက်ခေါ်လိုက်သည်။
" အိုင်း... လာပြီ..."
ဖုန့်လွေ့ကျုံးက ဖူလီ့နားကို ခပ်သုတ်သုတ်လျှောက်သွားပြီး သူ့ထံမှ မီးရှူးပန်းများကို ယူလိုက်သည်။
ကျွမ်းချင်က အင်္ကျီလက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
တကယ်ပါပဲ ဂျူနီယာဆိုတာ စီနီယာတွေအတိုင်း ဖြစ်လာတာပဲလေ... သူတို့နှစ်ယောက်ကလည်း ဖူလီနဲ့ သိပ်မကွာပါဘူး...
" ဒီဟာ ပေးလို့မရဘူး ကျွန်တော် နဂါးလေးကျွမ်းနဲ့ကစားဖို့ သိမ်းထားမလို့..."
" ချစ်သူရှိတာနဲ့ အဖေကို မေ့သွားပြီ... မင်းကို ပျိုးထောင်ခဲ့ရတာ အလကားပဲ..."
" ဦးလေးဖုန်းက အများကြီးယူထားတာလေ... ကျွန်တော်တို့မိသားစုရဲ့ နဂါးလေးအတွက် နည်းနည်းတော့ ချန်ထားဦးမှပေါ့..."
ဖူလီက မီးရှုးပန်းများနှင့် ဗျောက်အိုးများကို ဖွက်ထားပြီး ထွက်ပြေးသွားတော့သည်။ ဖုန်းလွေ့ကျုံး သူ့နောက်ကို ခြေနှစ်လှမ်းခန့်လိုက်ပြီးသည့်အခါ ခန်းကူက ရယ်နေဆဲဖြစ်၍ တစ်ဖက်သို့လှည့်ပြီး ဆဲရေးလိုက်သည်။
" ရယ် ရယ် ... မင်းတို့တွေ ဒီယုန်စုတ်လေးကို ဘယ်လောက်တောင် အလိုလိုက်ထားလဲ ကြည့်ကြဦး..."
ခန်းကူက သူ၏ကျိန်ဆဲမှုက အနည်းငယ်လွဲမှားနေသည်ဟု ထင်လိုက်၍ မကျေမနပ်ဖြင့် ပြောလိုက်သည်။
" အဲဒီနှစ်တွေတုန်းက ဖူလီနဲ့ ဘယ်သူနဲ့ နေ့တိုင်းကစားနေလို့ ဓားသိုင်းသင်ဖို့တောင် မေ့နေရတာလဲ..."
ထိုစကားများကြောင့် ဖုန်းလွေ့ကျုံး နင်သွားသည်။ သူ နှာမှုတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ဖူလီက အကြီးအကဲနှစ်ယောက် စကားများနေကြသည်ကို စိတ်ထဲမထားပေ။ သူက နှလုံးသားမဲ့စွာဖြင့် ဗျောက်အိုးများကို ကျွမ်းချင်၏လက်ထဲထည့်ပေးပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ငါတို့နှစ်ယောက် နောက်မှ ခိုးဆော့လို့ရပြီ..."
ကျွမ်းချင်က ကလေးများသာ မီးရှူးပန်းများဖြင့် ကစားသည်ဟု အမြဲတစေ တွေးခဲ့မိသော်လည်း ဖူလီက သူ့အတွက် ၎င်းတို့ကို လုယူလာပေးသည်ကို မြင်လိုက်သောအခါ ထိုကစားစရာများက ရုတ်တရက် စိတ်ဝင်စားစရာ ကောင်းလာသည်။
" ကောင်းပြီလေ..."
" ဘုရင်ကြီး သူတို့ကို လွှတ်လိုက်တော့..."
ဖူလီက ခြေဖျားထောက်ပြီး ခန်းကူကို ပြောလိုက်သည်။
" ၁၂နာရီထိုးနေပြီ..."
" ဟမ့်... ငါပဲလွှတ်လိုက်မယ်..."
ဖုန်းလွေ့ကျုံးက လေတစ်ရှိုက်မှုတ်ထုတ်လိုက်သည့်အခါ မီးပန်းများက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။ အရောင်တောက်ပနေသည့် မီးပန်းများက ကောင်းကင်ယံသို့ ရောက်ရှိသွားသည်။ ၎င်းက အလွန်လှပပြီး အိမ်မက်ဆန်သော မြင်ကွင်းတစ်မျိုးဖြစ်သည်။
" ပျော်ရွှင်စရာနှစ်သစ်ပါ..."
ဖူလီက ကျွမ်းချင်၏လည်ပင်းကို ဖက်လိုက်သည်။
" ပျော်ရွှင်စရာနှစ်သစ်ပါ..."
ကျွမ်းခင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ဖူလီ့ကို ပြန်ဖက်ထားလိုက်သည်။
ဤနှစ်သစ်က အလွန်လှပပေသည်။ အလွန်လှပ၍ အိမ်မက်တစ်ခုဟုပင် ထင်ရသည်။
ဖုန်းလွေ့ကျုံးက ကောင်းကင်ယံမှ မီးရှူးပန်းများကိုကြည့်ကာ စိတ်ထဲတွင် ကိစ္စတစ်ခုကို ရုတ်ချည်းတွေးတောမိသွားသည်။
" မင်း အဲဒီမီးရှူးပန်းတွေ ဘယ်က ရလာတာလဲ..."
" မီးပန်းနဲ့ ဗျောက်အိုးတွေထုတ်တဲ့ စက်ရုံကပေါ့... ငါ နာမည်ကောင်းရှိတဲ့ မီးပန်းစက်ရုံကနေယူလာတာ အရည်အသွေးကိုတော့ စိတ်ပူမနေနဲ့..."
" မင်း ဘယ်သူမှ မသိအောင်ယူလာပြီး လူသားတွေကို ပိုက်ဆံမပေးခဲ့ဘူးလား..."
ခန်းကူ : ...
သူ လိပ်ပြာမလုံစွာဖြင့် မေးစေ့ကို ပွတ်လိုက်သည်။
" ငါ့မှာ ပိုက်ဆံမရှိဘူးလေ... ဒါပေမဲ့ အဲ့က သူဌေးရဲ့အိမ်ထဲမှာ ရွှေပဲစေ့တစ်ထုပ်တော့ ထားခဲ့ပေးတယ်... ဒါနဲ့ဆိုရင်တော့ မီးပန်းဖိုးတွေပေးဖို့ လောက်မှာပါ..."
ဖုန်းလွေ့ကျုံး : ...
နှစ်သစ်၏ ပထမဆုံးနေ့ရက်တွင် နှစ်သစ်ကူးပွဲတော်အကြောင်း ပြောဆိုနေကြသည့် သတင်းများဖြင့်သာ အင်တာနက်ပေါ်တွင် ပြည့်နေသည်။ ထိုအချိန်တွင် သတင်းတစ်ခုက မြောက်များစွာသော အင်တာနက်အသုံးပြုသူများအကြား အာရုံ စိုက်စရာ ဖြစ်သွားခဲ့သည်။
< လန့်စရာပဲ... မီးရှူးပန်းစက်ရုံတစ်ခုက ယွမ် ၅သောင်း တန်ဖိုးလောက်ရှိတဲ့ မီးရှူးပန်းတွေ ပျောက်သွားခဲ့ပေမယ့် စက်ရုံပိုင်ရှင်ရဲ့အိမ်က ခုံပေါ်မှာ ယွမ်၅သောင်းတန်ဖိုးထက်ပိုတဲ့ ရွှေရောင်ပဲစေ့အိတ်တစ်အိတ်ကို တွေ့ခဲ့တယ်တဲ့ >
< ယွမ် ၅သောင်းလောက်ပဲရှိတဲ့ မီးရှူးပန်းတွေကို ငါးသိန်းဖိုးလောက်နဲ့ လဲသွားတဲ့ သူရဲကောင်းရဲ့ ရည်ရွယ်ချက်က ဘာပါလိမ့် >
< လျှို့ဝှက်ဆန်းကြယ်တဲ့ သူခိုးတစ်ယောက်က တစ်ညတည်းမှာပဲ မရေမတွက်နိုင်တဲ့ မီးရှုးပန်းတွေကို ခိုးသွားပြီးတော့ ရွှေပဲစေ့တစ်အိတ် ချန်ထားခဲ့ပါတယ်... ရဲတွေဘက်ကတော့ လောလောဆယ် တရားခံကို ခြေရာခံလိုက်ဖို့ ခက်ခဲနေတယ်လို့ ပြောထားပါတယ် >
ထိုသတင်းများကို မြင်သည့်အခါ အင်တာနက်အသုံးပြုသူအများစုက ဤကဲ့သို့သော သူခိုးမျိုးက သူတို့အိမ်ထဲကိုဝင်ပြီး တစ်ညတွင်းချင်း ချမ်းသာသွားအောင် ပြုလုပ်ပေးရန် မျှော်လင့်နေကြသည်။
ထိုစက်ရုံပိုင်ရှင်က ချမ်းသာမှုနတ်ဘုရားနှင့် ဆုံတွေ့ခဲ့ရပြီး နှစ်သစ်ဖြစ်သော နဂါးနှစ်တွင်လည်း ကြွယ်ဝချမ်းသာလာနိုင်မည်ဟု ဆိုနေကြသည်။
ကျွမ်းချင်က ဖုန်းထဲမှ သတင်းများကို ကြည့်နေပြီးနောက် ဧည့်ခန်းထဲတွင် ခွေးသွေးဇာတ်လမ်းတွဲ ကြည့်နေကြသည့် မိစ္ဆာသုံးကောင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက ဌာနတစ်ခုကို စာပြန်လိုက်သည်။
[ ကျွန်တော်လည်း သေချာမသိဘူး... လူချမ်းသာတစ်ယောက်က ပျင်းနေလို့ လုပ်တာမျိုးလည်း ဖြစ်ရင် ဖြစ်မှာပေါ့... မီးရှူးပန်းစက်ရုံပိုင်ရှင်ကလည်း ဒီကိစ္စကို အမှုမဖွင့်တဲ့အပြင် တစ်ဖက်ကလည်း မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ ရေးကြီးခွင်ကျယ် မလုပ်တာလည်း ကောင်းပါတယ်... ]
ကျွမ်းချင်က ရေဆေးထားသည့် သစ်သီးများကို ဘေးနားမှစားပွဲပေါ်တင်လိုက်သည့်အခါ ဖူလီ သူ့ကိုလှမ်းကြည့်နေသည်ကို သတိပြုလိုက်မိသည်။
" တီဗီဆက်ကြည့်နေလေ ကိုယ် ထမင်းသွားချက်လိုက်ဦးမယ်..."
ကျွမ်းချင် မီးဖိုချောင်ထဲ ထပ်ဝင်သွားသည့်အခါ ဖူလီက ဆိုဖာပေါ်မှ ထရပ်ကာ သခွားမွှေးသီးတစ်စိတ်ကို သွားကြားထိုးတံဖြင့်ယူပြီး မီးဖိုချောင်ထဲ လိုက်ဝင်သွားသည်။
" ကြောက်ဖို့ကောင်းလိုက်တာ..."
ဖုန်းလွေ့ကျုံး မျက်ဆံလှန်လိုက်သည်။
" အဲဒါကြောင့်မို့ ချစ်သူရသွားတာနဲ့ အကြီးအကဲတွေကိုပါ မေ့သွားတယ်လို့ပြောတာ... ကျေးဇူးမသိတတ်တဲ့ဟာလေး..."
ခန်းကူက ပြုံးလိုက်သည်။
" ကလေးတွေကြားထဲ ဆက်ဆံရေးပြေလည်နေတာ မကောင်းဘူးလား... မင်းက အဲ့ကလေး မင်းဘေးက ထွက်သွားမှာကို သဘောမကျတာမလား...မင်းက ရှောင်လီရဲ့အမေမဟုတ်ဘဲ ဦးလေးပဲဖြစ်နေတာ တော်သေးတယ် မဟုတ်ရင် အကျင့်ပုတ်တဲ့ ယောက္ခမဖြစ်လာမှာ ကျိန်းသေပေါက်ပဲ..."
ဖုန်းလွေ့ကျုံး : ...
" စကားကောင်းကောင်း မပြောတတ်ရင် ပါးစပ်ပိတ်ထားစမ်းပါ..."
.....
" နေ့လယ်စာအတွက် ဘာချက်မှာလဲ..."
ဖူလီက ကျွမ်းချင်၏ကျောပြင်ကို မှီထားပြီး သခွားမွှေးသီးကို ကျွမ်းချင်ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
" ဒါလေး တော်တော်ချိုတယ် ငါမင်းဖို့ သေချာရွေးလာတာ..."
" ကျေးဇူးပါ..."
ကျွမ်းချင်က သခွားမွှေးသီးကို စားလိုက်သည်။
" မီးဖိုချောင်ထဲမှာ ဆီတွေ မီးခိုးတွေနဲ့... ဧည့်ခန်းထဲမှာပဲ တီဗီသွားကြည့်နေလေ..."
" သူတို့တီဗီကြည့်နေတယ်ဆိုရင် ငါ့ကိုကြည့်နေချိန် မရှိဘူးလေ..."
ဖူလီက အင်္ကျီလက်များကို ခေါက်လိုက်သည်။
" ငါမင်းကို ကူလုပ်ပေးမယ်..."
ကျွမ်းချင် မီးဖိုချောင်ထဲကို တစ်ချက်ကြည့်ပြီး ဘေစင်ထဲမှ မုန်လာဥနီများကို လက်ညှိုးထိုးပြလိုက်သည်။
" ဒါဆို အဲဒါတွေဆေးလိုက်..."
" မုန်လာဥနီတွေပဲလား..."
ဖူလီ သဘောမကျဖြစ်မိသွားသည်။ မုန်လာဥနီများကို ရေထဲနှစ်ပြီး ပြင်းထန်စွာ တိုက်ချွတ်ဆေးကြောနေသောကြောင့် သနားစရာကောင်းသည့် မုန်လာဥနီလေးများမှာ လက်မောင်းတစ်ဖက်၊ ခြေထောက်တစ်ဖက် သို့မဟုတ် အပေါ်ယံလွှာများ ပျောက်ကုန်တော့သည်။
" ဆေးပြီးပြီ..."
ဖူလီက လက်မှရေများကို ခါလိုက်သည်။
" ငါ လစန္ဒာပေါင်းကူးဟိုတယ်မှာ အလုပ်လုပ်တုန်းကဆိုရင် ... လူသားအဖိုးအိုတစ်ယောက်က ကိုယ်သဘောကျတဲ့သူကို ချော့ဖို့ ချက်ပြုတ်နည်း သင်ထားရမယ်လို့ ပြောဖူးတယ်..."
သူက ဝမ်းမြောက်ဝမ်းသာဖြင့် ပြုံးလိုက်သည်။
" အခု ငါ့မှာ မင်းရှိနေပြီဆိုတော့ အဲ့အကြောင်းတွေးစရာ မလိုတော့ဘူး..."
ကျွမ်းချင်က ခြင်းတောင်းထဲမှ သနားစရာ မုန်လာဥနီလေးများကိုကြည့်ပြီး နှစ်စက္ကန့်ခန့် ငြိမ်သက်သွားသည်။
" အင်း ဒီတိုင်းက ပိုကောင်းပါတယ်..."
" ဒီကိုလာပါဦး..."
ဖူလီက ရေစိုနေသည့် လက်နှစ်ဖက်ကို ဖြန့်ကားထားလိုက်သည်။
ကျွမ်းချင်က သူ့လက်များ ဆီပေနေ၍ ဖူလီ့အင်္ကျီများကို ပေသွားမည်စိုးသောကြောင့် လက်နှစ်ဖက်ကို အနောက်တွင်ထားထားပြီး ဖူလီ့ရှေ့ကို ကိုင်းလိုက်သည်။
မွ...
နွေးထွေးနူးညံ့သောနှုတ်ခမ်းများက သူ့ကို ခဏထိသွားပြီးနောက် အမြန်ဖယ်ခွာသွားသည်။
ကျွမ်းချင်က မည်သို့မှ မတုံ့ပြန်နိုင်ဖြစ်သွားပြီး ထိုနေရာတွင် ကျောက်ရုပ်သဖွယ် ငေးငိုင်နေသည်။
" ဟင်းအိုး ဟင်းအိုး..."
ဖူလီက ဒယ်အိုးကို လက်ညှိုးထိုးပြလိုက်ချိန်တွင် သူ့လက်ပေါ်မှ ရေများက ဒယ်အိုးထဲစင်သွား၍ ဆီပူများပေါက်ပြီး သူ့လက်ပေါ် လာစင်တော့သည်။ သူ ကတိုက်ကရိုက်ဖြင့် နောက်နှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။
ကျွမ်းချင်က ဂတ်စ်ကို ပျာယာခတ်စွာဖြင့်ပိတ်လိုက်ပြီးနောက် သူ့လက်ကို အေပရွန်ဖြင့် သုတ်လိုက်သည်။
" အပူလောင်သွားသေးလား..."
" ရတယ် ရတယ် ဘာမှမဖြစ်ဘူး... ငါက နှစ်ပေါင်းများစွာ ကျင့်ကြံလာတာ ဒီလောက်ဆီပူလောင်တာလေးကို မကြောက်ပါဘူး..."
ဖူလီက အေးအေးလူလူပင် သူ့လက်ခုံကို ထိလိုက်သည်။
" ဒါပေမဲ့ ဆီပူတွေလာစင်တဲ့အသံက နည်းနည်းတော့ ကြောက်စရာကောင်းတယ်..."
" ဒါဆို ဝေးဝေးမှာ ရပ်နေလေ..."
ကျွမ်းချင်က သူ့နှဖူးကို အသာတောက်လိုက်သည်။
" ကြော်လို့ပြီးသွားမှ ထမင်းဝိုင်းလာကူပြင်ပေးလေ..."
" အိုး..."
ဖူလီက သူ နမ်းလိုက်ရသည့်နေရာကို ထိကြည့်ပြီး သူ့နှလုံးသားထဲမှ ယုန်က ခုန်ပေါက်ပြေးလွှားနေသည်ဟု ခံစားလိုက်ရသည်။
နဂါးလေးကျွမ်းရဲ့ နှုတ်ခမ်းတွေက တော်တော်လေး နူးညံ့တာပဲ...
တီဗီဖန်သားပြင်ပေါ်တွင် ဇာတ်လိုက်မင်းသား၏အမေက ဇာတ်လိုက်မင်းသမီးကို ရှု့ထောင့်ပေါင်းစုံမှ အပြစ်တင်နေ၍ မင်းသမီးက ငိုယိုပြီး ယောက္ခမ အသိအမှတ်ပြုရန် တောင်းပန်နေသည်။
ဖုန်းလွေ့ကျုံးက တီဗီကြည့်လျက် မြေပဲခွံများခွာနေသည်။
" ငါတို့ ကျူးယွဲ့ကို ရှာကြမလား..."
" အဲ့လောက် အလျင်မလိုပါနဲ့..."
ခန်းကူ ပြုံးလိုက်ချိန်တွင် သူ့ပုံစံက ယောင်လောက၏ တောင်ပေါ်မှ ဘုရင်တစ်ယောက်၏ အရှိန်အဝါအပြည့် ဖြစ်နေသည်။
" အနည်းဆုံးတော့ ငါတို့တွေ ကျူးယွဲ့အသက်ရှင်နေတယ်ဆိုတာ သိပြီးပြီပဲ... ကျန်တာကတော့..."
ထိုနှစ်က သူတို့ ချမှတ်ခံခဲ့ရသောပြစ်ဒဏ်က သေခြင်းတရားထက်ပင် ဆိုးဝါးလှသည်။ ရောင်ပြန်မြူတောင်ပေါ်မှ မိစ္ဆာမည်မျှက ၎င်းကို တောင့်ခံနိုင်ခဲ့သည်ကို သူတို့သေချာမသိကြပေ။
" အတွေးလွန်နေတာ အကျိုးမရှိဘူး... ဒီကိစ္စကို ရှောင်လီရဲ့ရှေ့မှာ မပြောမိစေနဲ့..."
ဖုန်းလွေ့ကျုံးက မီးဖိုချောင်ကိုလှမ်းကြည့်လိုက်သည်။ ဂျူနီယာနှစ်ယောက်က အချင်းချင်း ကလူကျီစယ်နေကြသည်။
" အသက်ရှင်နေတာ တစ်ခုတည်းနဲ့တင် တခြားဟာတွေထက် ကောင်းနေပါပြီ..."
" အာလူးချောင်းလေးတွေကို ငရုတ်သီးပွနဲ့ကြော်ရတာ လွယ်သားပဲ..."
ဖူလီက အာလူးချောင်းများကို အိုးထဲထည့်ပေးနေပြီး ကျွမ်းချင်က ကြော်နေသည်။ ဖူလီက စစ်ချွမ်းငရုတ်သီးအချို့နှင့် ဓားပြားရိုက်ထားသည့်ကြက်သွန်ဖြူကို ထည့်လိုက်သည်။ ထို့နောက် ကြော်ပြီးသွားသည့် ငရုတ်သီးပွနှင့် အာလူးချောင်းများကို ပန်းကန်ပေါ် တင်လိုက်ပြီးချိန်၌ သူ့စိတ်ထဲတွင် ထိုဟင်းတစ်ပွဲလုံးကို သူကိုယ်တိုင် ချက်လိုက်သည်ဟု ခံစားနေရသည်။
" အင်း..."
ကျွမ်းချင် ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။