Chapter 160
အဆုံးမဲ့သင်ယူမှု
ကျွမ်းချင်နှင့် ဖူလီ၏ နှစ်သစ်ကူးမှာ ပျော်ရွှင်ပီတိဖြစ်မှုများဖြင့် ကုန်ဆုံးခဲ့သော်လည်း စီမံခန့်ခွဲရေးဗျူရိုမှ အခြားလူများမှာမူ သူတို့၏ ဂိုဏ်းတူများနှင့် သူငယ်ချင်းများထံမှ စပ်စပ်စုစု မေးခွန်းပေါင်းများစွာကို တောင့်ခံပြီး ဖြတ်သန်းခဲ့ရပေသည်။
ဥပမာအားဖြင့် " နဂါးဧကရာဇ်ကျွမ်းနဲ့ ဖူကျင့်ကြံသူတို့က တကယ်ကြီး တွဲနေကြတာလား " ၊ " သူက ရွှေနဂါးမျိုးနွယ်ရဲ့ နောက်ဆုံးလက်ကျန်နဂါးတစ်ကောင် ဖြစ်နေတာကို ယုန်ထီးမိစ္ဆာတစ်ကောင်နဲ့ တွဲနေတယ်ဆိုတော့ တခြားရေသတ္တဝါမိစ္ဆာတွေက လက်ခံကြတယ်လား " အစရှိသည့် မေးခွန်းများဖြစ်သည်။
၎င်းက ကျွမ်းချင်အတွက် တရားမျှတမှုမရှိဟု တွေးနေကြသည့် မိစ္ဆာများစွာရှိသည်။ အချိန်အတော်အတန်ကြာအောင် ခံစားခဲ့ရပြီး ခက်ခက်ခဲခဲဖြင့် အတိဒုက္ခကြီးတစ်ခုကို ဖြတ်ကျော်ကာ နဂါးဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် ကျွမ်းချင်က ရေနေသတ္တဝါမျိုးနွယ်စုအားလုံး၏ လေးစားကိုးကွယ်မှုကို ရရှိခဲ့ပြီးဖြစ်သည်။ သို့သော် အဆုံးတွင် သူက ယုန်ထီးမိစ္ဆာတစ်ကောင်နှင့်သာ အတူတူရှိရန် ဆုံးဖြတ်လိုက်သည်။
တခြားရေနေသတ္တဝါမျိုးနွယ်တွေက လက်ခံနိုင်ပါ့မလား...
ကျွမ်းချင် နဂါးဧကရာဇ်မဖြစ်မီအချိန် ဖူလီနှင့် ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း မထုတ်ဖော်ချိန်ကပင် သူတို့နှစ်ယောက် အတူရှိနေပါက ကောင်းမည်ဟု ကျင့်ကြံသူအားလုံးက ထင်ခဲ့ကြသည်။ သို့ရာတွင် ကျွမ်းချင် နဂါးဧကရာဇ်ဖြစ်လာပြီး ဖူလီနှင့် ဆက်ဆံရေးကို အတည်ပြုလိုက်သည့်အခါ သူများကိစ္စ ကြားဝင်စွက်ဖက်လိုသော မိစ္ဆာများက ဟိုဟိုသည်သည် ပြောလာကြသည်။ ဖူလီ၏ နောက်ခံအင်အားက မသေမချာဖြစ်၍ ရေနေသတ္တဝါမျိုးနွယ်များ၏ ဧကရာဇ်နှင့်မထိုက်တန်ဟု ပြောကြသူများလည်းရှိကာ ကျွမ်းချင်၏လုပ်ရပ်က ရေနေသတ္တဝါမျိုးနွယ်များအတွက် စိတ်ပျက်စရာဖြစ်သည်ဟု ဆိုကြသူများလည်းရှိသည်။
သူတို့က ပျင်းရိငြီးငွေ့သောကြောင့် အချိန်ဖြုန်းရန် အတင်းပြောစရာကိစ္စ ရှာကြခြင်းလည်း ဖြစ်နိုင်သည်။
လူသားအသွင်ကို ပြောင်းလဲနိုင်သည်မှာ အချိန်အတော်အတန်ကြာပြီဖြစ်သော မိစ္ဆာများမှာ လူသားတို့၏ အကျင့်ဆိုးများဖြစ်သည့် လောဘ၊ တဏှာ၊ မနာလိုမှုနှင့် စကားများမှု အစရှ်ိသည်တို့ ကူးစက်လာကြသည်။
ဖူလီက မူလတွင် ကျွမ်းချင်ကို အထင်သေးခဲ့သော်လည်း ကျွမ်းချင်က အတိဒုက္ခကိုကျော်ဖြတ်ပြီးရေနေသတ္တဝါမျိုးနွယ်များ၏ ဧကရာဇ်ဖြစ်လာချိန်တွင် ကျွမ်းချင်နှင့် အတူရှိနေရန် ဆုံးဖြတ် လိုက်သည်ဟူသော စကားများက ကျင့်ကြံရေးလောကဖိုရမ်ထဲတွင် ပေါ်လာသည်။ ထိုလူများကိုအကြောင်းပြုကာ အချို့မိစ္ဆာများကလည်း ဖူလီနှင့်ကျွမ်းချင်ကို ဦးတည်တိုက်ခိုက်သည့် စာပိုဒ်များကို ရေးလာကြသည်။
သူတို့ ရုံးပြန်တက်ရသည့် ပထမဆုံးနေ့တွင် စီမံခန့်ခွဲရေးဗျူရိုမှလူများမှာ ခန္ဓာကိုယ်ကသာ ရုံးတွင်ရှိပြီး စိတ်က အခြားနေရာ ရောက်နေကြသည်။ ကျန်းခယ့်က ခိုးကြောင်ခိုးဝှက်ဖြင့် သူ့ဖုန်းထုတ်ပြီး ဖိုရမ်ကို ကြည့်နေသည်။
" အဲဒီမိစ္ဆာတွေက ခေါင်းမကောင်းကြတာများလား..."
ဖုန်းကိုကြည့်နေပြီး မကြာမီအချိန်မှာပင် ရှူးရှူးရှဲရှဲဖြင့် ဒေါသထွက်လာ၍ အိပ်ငိုက်နေသည့် အခြားလုပ်ဖော်ကိုင်ဖက်များ ထိတ်လန့်ကုန်ကြသည်။
" ဘာဖြစ်တာလဲ..."
ကျန်းခယ့် စိတ်တိုနေသည်ကို မြင်သောအခါ ရှုယွမ်က စနောက်လိုက်သည်။
" ရာသီလာချိန် ရောက်နေလို့လား..."
" ဘာရာသီလာတာလဲ... ကျင့်ကြံသူဖိုရမ်ပေါ်မှာ အဓိပ္ပါယ်မရှိတာတွေ ပြောနေကြတယ်...
ကျန်းခယ့်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ဖြေလိုက်သည်။
" ဘော့စ်နဲ့ ဖူကောတို့ တွဲနေတဲ့ကိစ္စက သူတို့ အမှိုက်လိုစကားတွေ ပြောဖို့မှ မဟုတ်တာ..."
သူ ချက်ချင်း ကွန်ပျူတာဖွင့်ပြီး ကီးဘုတ်ကို တတောက်တောက်ရိုက်ကာ တစ်ဖက်လူနှင့် ရန်စဖြစ်တော့သည်။
" သူတို့ IP addressက နိုင်ငံခြားကပဲ..."
ရှုယွမ်က IP addressကို စစ်ဆေးနေသည်။
" ကြည့်ရတာ အဲဒိီယောင်ကျင့်ကြံသူက လည်တော့လည်တဲ့ပုံပဲ... ဒီလို အခြေအမြစ်မရှိတာတွေပြောဖို့ VPNခံထားတယ်ပေါ့လေ... ငါတို့ ဒီကိစ္စကို ထပ်စုံစမ်းချင်ရင် ကွန်ပျူတာကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ခေါ်မှရမယ် ငါမလုပ်တတ်ဘူး..."
" ဘာကို ထပ်စုံစမ်းမလို့လဲ..."
ဖူလီက ဝိညာဉ်သစ်သီးများထည့်ထားသည့်အထုပ်ကိုကိုင်၍ ရုံးခန်းထဲ ဝင်လာသည်။ သူ့လုပ်ဖော်ကိုင်ဖက်များနှင့် အတူတူစားရန် ခန်းကူက ထည့်ပေးလိုက်ခြင်းဖြစ်သည်။
" အရင်နှစ်က မှုခင်းမှတ်တမ်းတွေကို စုံစမ်းမလို့ပါ..."
ရှုယွမ်က webpageကို ချက်ချင်းပိတ်လိုက်သည်။
" ဖူကော နောက်ဆုံးတော့ ဘော့စ်နဲ့အတူတူ ထာဝရ ပျော်ပျော်ရွှင်ရွှင်နေနိုင်သွားပြီပေါ့ ဂုဏ်ပြုပါတယ်..."
" ကျေးဇူးတင်ပါတယ်..."
ဖူလီက ဝမ်းသာအားရစွာဖြင့်ပြုံးပြီး အားလုံးကို ဝိညာဉ်သစ်သီးများ ဝေပေးလိုက်သည်။ ထို့နောက် သူ့ဖုန်းကိုထုတ်ကာ ကျန်းခယ့်ကို မေးခွန်းတစ်ခု မေးလိုက်သည်။
" ကျန်းခယ့် မင်းအရင်နှစ်ကပြောတော့ ငါတို့ ကျင့်ကြံရေးလောကမှာ ဖိုရမ်တစ်ခု ရှိတယ်ဆို... အဲဒါ ငါဘယ်လို ဝင်ရမလဲ..."
" အာ..."
ကျန်းခယ့် လန့်သွားသည်။ သူ့လုပ်ဖော်ကိုင်ဖက်အားလုံးက စိုက်ကြည့်နေသည်ကို မြင်သောအခါ သူ လိပ်ပြာမလုံစွာဖြင့် ပြန်ပြောလိုက်သည်။
" ဒီနေ့တာ့ ဝင်လို့မရလောက်ဘူးထင်တယ်... ဖိုရမ်က ဆာဗာပြင်နေတယ်ဆိုတော့ log in ဝင်မရလောက်ဘူး..."
" အိုး သဘောပေါက်ပြီ..."
ဖူလီက ဤကိစ္စကို စိတ်ထဲမထားပဲ သူ့ဖုန်းကို စားပွဲပေါ် တင်ထားလိုက်သည်။
ကျန်းခယ့်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များက သက်ပြင်းခိုးချလိုက်ကြသည်။
" လက်လွှဲရမယ့် web dataတွေများ ရှိမလားလို့ ပြန်ကြားရေးရေးဌာကို သွားလိုက်ဦးမယ်..."
ရှုယွမ်က မတ်တပ်ထရပ်လိုက်ပြီး ပြန်ကြားရေးဌာနကို မလိုလားအပ်သည့်ပို့စ်များ သွားဖျက်ခိုင်းရန် ပြင်နေသည်။
" ငါလည်းလိုက်မယ်..."
ဖူလီက သူ့ချမ့်ခွန်းအိတ်ထဲမှ သစ်သီးထုပ်တစ်ထုပ်ကို ထပ်မံထုတ်လာသည်။
" ငါလည်း သူတို့ကို သစ်သီးတွေ သွားပေးမလို့လေ..."
အားလုံးက ရှုယွမ်ကို အလန့်တကြား လှည့်ကြည့်လိုက်ကြသည်။
သူ မပြောဘဲ ထသွားလိုက်ရမှာကို...
ရှုယွမ် : .....
ဖူကောက ယနေ့တွင် အလွန်စိတ်ကောင်းဝင်နေပြီး သစ်သီးများ ဝေခွဲပေးနေမည်ဟု သူမ မထင်ထားခဲ့ပေ။
" ဖူလီ..."
ကျွမ်းချင်က မည်သည့်အချိန်ကမှန်းမသိ တံခါးအပြင်ဘက်တွင် ရပ်နေသည်။
" က်ိုယ်နဲ့ ခဏလိုက်ခဲ့ဦး..."
" ဪ လာပြီ..."
ဖူလီက သစ်သီးများကို ရှုယွမ်၏လက်ထဲ ထိုးထည့်လိုက်သည်။
" ဒါဆိုရင် ငါ့ကိုကူပြီး သူတို့ကို ပေးပေးပါဦး..."
" ရတယ် ရတယ်..."
ရှုယွမ်က ကတိုက်ကရိုက်ပင် သဘောတူလိုက်သည်။ ယခုအချိန်တွင် သူ့အစား သစ်သီးများ ဝေပေးရခြင်းမဟုတ်ဘဲ သူမအိတ်စိုက်ပြီး ဝယ်ပေးရမည်ဆိုလျှင်လည်း ငြင်းလိမ့်မည် မဟုတ်ပေ။
ကျွမ်းချင် ရှုယွမ်ကို တစ်ချက်ကြည့်လိုက်သည်။
" ပြန်ကြားရေးဌာနမှာ ကိစ္စတစ်ခုခုရှိတယ်ဆိုရင် မြန်မြန်ပဲကိုင်တွယ်လိုက်... သဘောပေါက်လား..."
" သဘောပေါက်ပါတယ်...သဘောပေါက်ပါတယ်...သဘောပေါက်ပါတယ်..."
ရှုယွမ် အသည်းအသန် ခေါင်းညိတ်ပြလိုက်သည်။ ဘော့စ်ကလည်း ဖိုရမ်ပေါ်မှာ ပြောနေကြတဲ့ကိစ္စတွေကို သိတဲ့ပုံပဲ... ဖူကောတစ်ယောက်တည်း အမှောင်ထဲ ရောက်နေတာပေါ့လေ..
" ခဏလေးနေဦး..."
ဖူလီက သူ့ဖုန်းကို မယူလာရသေးသည်ကို သတိရသွား၍ တစ်ဖက်သို့လှည့်ကာ ဖုန်းကို ပြန်သွားယူသည်။ ထိုအချိန်တွင် ကျန်းခယ့်ကို မတော်တဆ တိုက်မိသွား၍ ကျန်းခယ့်၏ဖုန်းက ကြမ်းပေါ်ကျသွားသည်။
" တောင်းပန်ပါတယ်..."
ဖူလီက ဆောင့်ကြောင့်ထိုင်ပြီး ဖုန်းကို ကောက်ပေးနေချိန်တွင် ဖန်သားပြင်ပေါ်မှ စကားလုံးအချို့ကို မြင်လိုက်သည်။
ငါ ဒီတိုင်းကြည့်မနေနိုင်တော့ဘူး : အဲဒီ ဖူလီဆိုတဲ့မိစ္ဆာက မာနကြီးတဲ့အပြင် အကျင့်လည်းကောင်းပုံမရဘူး... စီမံခန့်ခွဲရေးဗျူရိုက တခြားဝန်ထမ်းတွေက တော့ သူနဲ့တူတူ အလုပ်တွဲလုပ်နေရတာ တစ်ဘဝစာ ကံဆိုးမှုကြီးပဲ...
အရိပ် : သူက ခေါင်းဆောင်ကျွမ်းရဲ့ နဂါးဧကရာဇ်ဆိုတဲ့ ဂုဏ်ပုဒ်ကို အခွင့်အရေးယူပြီး စိတ်မရှည်တော့ပဲ ဖိုရမ်ပေါ် ဝင်လိုက်တာက တစ်လောကလုံးကို သူနဲ့ ခေါင်းဆောင်ကျွမ်းက တွဲနေပါတယ်ဆိုပြီး ကြေညာလိုက်သလိုပဲပေါ့...
ငါ ဒီတိုင်းကြည့်မနေနိုင်တော့ဘူး : သနားစရာကောင်းတဲ့ ခေါင်းဆောင်ကျွမ်းက နဂါးကောင်းလေးဆိုပေမယ့် ဒီလိုမိစ္ဆာတစ်ကောင်ရဲ့ အညာမိနေရတယ်လို့...
" ဖူကော ဒါက..."
ဖူလီက ကျန်းခယ့်ကို ဖုန်းပြန်ပေးလိုက်သည်။
" အင်တာနက်ပေါ်မှာက အခြေအမြစ်မရှိတာတွေပဲ ပြောနေကြတာ... ဒါတွေကို စိတ်ထဲမထားနဲ့နော်..."
အင်တာနက်ပေါ်မှ commentများက ဖူလီနှင့် ကျွမ်းချင်၏အကြားမှ ဆက်ဆံရေးကို ထိခိုက်စေမည်စိုး၍ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" ဖူကောနဲ့ ဘော့စ်တို့က အဆင်ပြေနေကြတာပဲကို... ဘော့စ်နဲ့ ဖူကောက ဘယ်လိုလူမျိုးဆိုတာ ကျွန်တော်တို့အားလုံး သိနေတာပဲလေ... ဒီလိုမျိုး အွန်လိုင်းပေါ်က စကားတွေကြောင့် စိတ်ညစ်မခံပါနဲ့..."
ဖူလီက မျက်ခုံးအနည်းငယ် တွန့်သွားမိသည်။ သူ ခေါင်းမော့လျက် သူ့ထံ လျှောက်လာနေသည့် ကျွမ်းချင်ကို လှမ်းကြည့်လိုက်သည်။ ကျွမ်းချင်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာကို မတွေ့ရပေ။ ဖူလီက လေးနက်စွာဖြင့် ပြောလိုက်သည်။
" ဒီလူတွေက ငါမင်းကို အပိုင်သိမ်းထားလို့ မနာလိုနေကြတာထင်တယ် ဟုတ်လား..."
အမ် ဘယ်သူက ဘယ်သူ့ကို အပိုင်သိမ်းတာ...
အခြားသော လုပ်ဖော်ကိုင်ဖက်များမှာ ရင်ထဲတွင် လှိုင်းထန်နေကြသော်လည်း သူတို့မျက်နှာများက နေမင်းကြီး တောက်ပနေသည့်သဖွယ် ပြုံးနေကြသည်။
အာ... တကယ်ကို မထင်ထားမိဘူးပဲ... ကြည့်ရတာ ခမ်းနားထည်ဝါပြီး အရှိန်အဝါကြီးတဲ့ ဘော့စ်က တကယ်တော့...
ဪ အချစ်ဆိုတာ ဒါမျိုးပါလား... ဘယ်လောက်တောင်ခမ်းနားပြီး စိတ်ကူးယဉ်ဆန်တာလဲ... နဂါးဧကရာဇ်တစ်ယောက်လုံးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ယုန်လေးဆီမှာ ပုံအပ်ထားရတဲ့အထိ မေတ္တာကြီးမားလိုက်တာ... သူတို့နှလုံးသားတွေကလည်း တစ်ခုတည်းဖြစ်သွားပြီပဲ အံ့ဩစရာကောင်းလိုက်တာ...
" သူတို့အားလုံးက ပျင်းစရာကောင်းတဲ့လူသားတွေပဲ.. . အာရုံစိုက်နေစရာ မလိုဘူး..."
ကျွမ်းချင်က ဘေးနားတွင် စိတ်ဝင်တစားနားထောင်ရန် နားရွက်ထောင်နေကြသည့် လုပ်ဖော်ကိုင်ဖက်များကို တစ်ချက်ကြည့်လိုက်သည်။ ဖူလီ့ကို သူ့ရုံးခန်းထဲ ခေါ်လာလိုက်ပြီးနောက် တံခါးပိတ်နေလျက်ဖြင့် ပြောလိုက်သည်။
" အွန်လိုင်းက comment တွေကို ကိုယ်ဒီနေ့ ရှင်းထားလိုက်မယ်... ဒါက ရေးကြီးခွင်ကျယ်ကိစ္စလည်း မဟုတ်ပါဘူး... ညကျ ဘာစားချင်လဲဆိုတာပဲ စဉ်းစားထားလိုက်..."
ဖူလီ ခေါင်းခါလိုက်သည်။
" မဟုတ်ဘူး... ငါအခု ငါ့ရဲ့ပိုင်ဆိုင်မှုတွေကို အရမ်းကြွားချင်နေပြီ..."
" ဘာကြီး..."
ကျွမ်းချင်က သူ နားကြားလွဲသွားသည်ဟု ထင်လိုက်မိသည်။
" င့ါဆီမှာရှိတဲ့ပစ္စည်းတွေက ကျင့်ကြံရေးလောကမှာဆိုရင် အရမ်းရှားတယ်လို့ မင်းပဲပြောတာမလား... သူတို့က ငါ့လိုတိုက်ခိုက်ရေးစွမ်းရည် မကောင်းတဲ့အပြင် ၊ ငါ့လိုမျိုး ရှားပါးရတနာတွေလည်း မရှိဘူးမလား... ငါ့မှာရှိတဲ့ ကြည့်ကောင်းတဲ့ချစ်သူလည်း သူတို့မှာ မရှိကြဘူးမလား... အဲဒါကြောင့် ငါဘယ်လောက်ချမ်းသာတယ်ဆိုတာ ကြွားလိုက်ရင် ဒေါသထွက်လွန်းလို့ သေသွားလောက်တယ်..."
ကျွမ်းချင် : ...
ဖူလီ၏ ရွှင်ပြလန်းဆန်းသောအကြည့်ကို မြင်လိုက်ရသည့်အခါ သူ ခေါင်းအသာညိတ်လိုက်သည်။
" မင်း ပျော်သလိုလုပ်လေ..."
" ဒါဆိုရင် ကျင့်ကြံသူဖိုရမ်ကို ငါဘယ်လို log in ဝင်ရမလဲ ပြောပါဦး..."
ဖူလီက စွမ်းအင်အပြည့်ဖြင့် ကျွမ်းချင်၏လက်ထဲ ဖုန်းထည့်ပေးလိုက်သည်။
သူ့ရဲ့ ဘယ်နားကများ ဖိုရမ်က လူတွေရဲ့ comment ကြောင့် စိတ်ဓာတ်ကျသွားပုံ ပေါက်နေလို့လဲ...
" websiteကိုဖွင့် ပြီးရင် ဝိညာဉ်ချီဓာတ်ကိုသုံးလိုက်..."
ဖူလီ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသောအခါ ကျွမ်းချင်က အလျှော့ပေးလိုက်ပြီး ဖူလီ ဖိုရမ်ထဲဝင်နိုင်ရန် နည်းလမ်းအတိအကျကို ပြောပြလိုက်သည်။
" ကျေးဇူးတင်ပါတယ် အချစ်လေး..."
နည်းလမ်းကို နားလည်သွားသည်နှင့် ဖူလီက ကျွမ်းချင်၏ပါးကို ဖျတ်ခနဲနမ်းလိုက်ပြီး ခုံပေါ်တွင် ကွေး၍ထိုင်ကာ ဖုန်းကလိနေလိုက်သည်။
ကျွမ်းချင် သူ့မေးစေ့ကို ပွတ်လိုက်သည်။ ထို့နောက် သူ့ဖိုရမ်အကောင့်ထဲ log inဝင်ပြီး ကျိန်ဆဲနေသည့် commentအများဆုံးရှိသည့် ပို့စ်အောက်တွင် commentရေးလိုက်သည်။
ကျွမ်းချင် : ငါက ပိုက်ဆံယူရမယ့်အစား သူ့အတွက် ငွေသုံးရတာကို ပိုသဘောကျတယ်... စိုးရိမ်ပေးတာတွေအတွက် ကျေးဇူးတင်ပါတယ် ငါတို့နှစ်ယောက်လည်း အဆင်ပြေနေပါတယ်...
" ဟားဟားဟားဟား..."
အိမ်ထဲတွင် ပုန်းနေသည့် ခရုစုပ်ငှက်က သူ့ပေါင်ကိုပုတ်ပြီး အားပါးတရ ရယ်မောလိုက်သည်။
ဒီကျွမ်းချင် အဲဒီနှစ်က မကောင်းဆိုးဝါးမိစ္ဆာတွေကို သတ်ခဲ့တုန်းကတော့ ကြမ်းတမ်းပြီးဝောာ့ အညှာအတာမဲ့နေတာ... ဒါပေမဲ့ စိတ်ခံစားချက်တွေနဲ့ ပတ်သက်ာရင်တော့ တော်တော်ကို အလေးအနက်ထားတာပဲ... သူ ဒေါသထွက်နေတဲ့စာတစ်ကြောင်းက အဲဒီ ကပ်ပါးကောင်တွေ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်အောင် လုပ်လိုက်တာပဲ...
သူ စိတ်လှုပ်ရှားသွားပြီး commentတစ်ခု ထပ်ရေးထားလိုက်သည်။
သူ ထိုcommentကို ရေးပြီးသည့်အခါမှသာ အသိစိတ်ပြန်ဝင်သွားပြီး သူ စိတ်လိုက်မာန်ပါလုပ်လိုက်မိသည်ဟု တွေးများသွားသည်။ မမျှော်လင့်ထားသည်မှာ သူ webpageကို refresh ပြန်လုပ်လိုက်ချိန်တွင် မိစ္ဆာအချို့က ကျွမ်းချင်ကို အားပေးထားသည့် commentများ ရေးထားသည်ကို တွေ့လိုက်ရသည်။
လွင်ပြင်ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများ၊ စီမံခန့်ခွဲရေးဗျူရို၏ ရာထူးကြီးပိုင်းများ၊ ချင်းရှောင်ဂိုဏ်းနှင့် ဝမ်ယွဲ့ဂိုဏ်းမှ အကြီးအကဲများကလည်း ဆက်တိုက်ပေါ်လာကြသည်။
" လူသိများတဲ့ နာမည်ကြီးဂိုဏ်းအကြီးအကဲတွေက အဲ့လောက်တောင် အားနေတာလား..."
ခရုစုပ်ငှက်က ဤပို့စ်ကို တိတ်တဆိတ် အာရုံစိုက်နေကြသည့် ကျင့်ကြံရေးလောက၏ အကောင်ကြီးကြီးများကိုကြည့်ပြီး ထိုဂိုဏ်းများ၏ အရှိန်အဝါကလည်း မသေးလှကြောင်း သိလိုက်သည်။
အရာအားလုံးက ဤသို့အဆုံးသတ်သွားတော့မည်ဟု တွေးနေစဉ်မှာပင် သူ့ကိုယ်သူ နဂါးမျိုးနွယ်မှဟူသော ကျင့်ကြံသူတစ်ယောက်က ပြောလာသည်။
နဂါးနီကြီး : မင်းတို့တွေက ဘာကောင်မို့ ငါတို့ ရေနေသတ္တဝါမျိုးနွယ်ကိုယ်စားပြုပေးပြီး ကျင့်ကြံသူဖူလီကို အထင်သေးနေရတာလဲ... မင်းတို့လို အရှက်မရှိတဲ့ကောင်တွေက ငါတို့ ရေနေသတ္တဝါမျိုးနွယ်တွေရဲ့ အမြင်ကိုရော မေးလို့လား... ဒီမှာ ငါပြောပြမယ် ငါတို့ ရေနေသတ္တဝါမျိုးနွယ်တွေအားလုံးက ခေါင်းဆောင်ကျွမ်းချင်ရဲ့ အမိန့်ကိုပဲ နာခံတယ်... သူ ဘယ်သူ့ကိုပဲကြိုက်ကြိုက် ငါတို့အားလုံး ထောက်ခံပြီး နားလည်ပေးကြမှာပဲ... ရေထဲမှာ ရွံ့ထလာအောင်လုပ်တဲ့ကောင်တွေ ထွက်သွားကြစမ်းပါ...
ဤပွဲကိုကြည့်နေကြသည့် အခြားသောကျင့်ကြံသူများ ထိတ်လန့်သွားကြသည်။
နဂါးမျိုးနွယ်စုကအခု အတွင်းထဲမှာပါ စည်းလုံးသွားတာလား... လွန်ခဲ့တဲ့ လပိုင်းလောက်က သူတို့နဂါးမျိုးနွယ်တွေ ခေါင်းဆောင်ကျွမ်း ညိုမည်းနေတဲ့အထိ ပညာပြလိုက်လို့ မူရင်းပုံစံတောင် ပြန်ပြောင်းသွားတော့မလို ဖြစ်နေခဲ့ကြတာမလား... သူတို့အခုကျမှ ဘာလို့ ခေါင်းဆောင်ကျွမ်းဘက်က ပြောပေးနေတာလဲ... ပြီးတော့ မျိုးနွယ်စုတစ်ခုလုံးက အချိန်မရွေး ခေါင်းဆောင်ကျွမ်းရဲ့အမိန့်ကိုပဲ နာခံမယ်လို့ ပြောနေသေးတယ်...
" နဂါးလေးကျွမ်း ဒီဖိုရမ်ရဲ့ပုံစံက တစ်မျိုးပဲ ငါ့ရဲ့ ဖုန်း contact နဲ့ ဘဏ်အကောင့်ပါ တောင်းနေတယ်... သူတို့ ငါ့ဖုန်းကို လုယူချင်နေတာများလား..."
ဖူလီ မျက်ဆံလှန်လိုက်သည်။
" ကိုယ်တို့က လူသားတွေနဲ့ ရောနှောနေရတာဆိုတော့ လူသားတွေသုံးတဲ့ အဓိက appတွေရဲ့ စည်းမျဉ်းအတိုင်း လိုက်လုပ်ထားရုံပါ... internal storageနဲ့ ဓာတ်ပုံအယ်လ်ဘမ်တွေ access points စရာမလိုတဲ့ ဗားရှင်းတစ်ခု ရှိနေပြီ..."
" လူသားတွေရဲ့ appတွေအားလုံးက ဒီလိုပဲ အရှက်မဲ့တာပဲလား..."
" အများစုကတော့ ဒီလိုမျိုးပဲ... ဒီထက်ပိုဆိုးတာတွေတောင်မှ ရှိသေးတယ်..."
ကျွမ်းချင်က ခဏတာ အလေးအနက်တွေးနေပြီးနောက် ပြောလိုက်သည်။
ဖူလီ ရုတ်ချည်းနားလည်သဘောပေါက်သွားသည်။
လူသားလောကမှာ သင်ယူစရာတွေက အဆုံးမရှိဘူးပဲ... ဆက်တိုက်မသင်ယူနေရင် နောက်မှာ ကျန်ရစ်ခဲ့မှာ...
ဖူလီက ခဏတွေးလိုက်ပြီးနောက် သူ့ချမ့်ခွန်းအိတ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်သည်။
အဲ့မိစ္ဆာတွေကို ရန်စဖို့ ဘယ်ပစ္စည်းကို ဓာတ်ပုံရိုက်တင်ရမလဲ...
နတ်ဘုရားအဆင့် မှော်ပစ္စည်းတွေကတော့ အရမ်းများသွားပြီထင်တယ် ဒါပေမဲ့ သူ့မှာကလည်း အဆင့်နိမ့်ပစ္စည်းတွေ မရှိဘူး...
ဆေးလုံးတွေရော...
ဒါမှမဟုတ် ရွှေ၊ ငွေနဲ့ ရတနာတွေရော...