အပိုင်း ၁၆၁
Viewers 38k

Chapter 161
လူသစ်


ဖိုရမ်ပေါ်မှ ထူးထူးခြားခြားစည်ကားနေမှုက ဆာဗာတစ်ခုလုံးကိုပါ freezeလုနီးပါး ဖြစ်သွားစေသည်။ ပြန်ကြားရေးဌာနက ဆာဗာကို အမြန်ပြန်တင်ပေးလိုက်မည့်အချိန်တွင် 'စွမ်းအားကြီးယုန်' ဟူသောအကောင့်တစ်ခုက တင်လိုက်သည့် postမှာ တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။

စွမ်းအားကြီးယုန် : ငါ ဒီဖိုရမ်ပေါ် ခုမှ ပထမဆုံးရောက်တာ ဒါပေမဲ့ အခုခေတ်ဂျူနီယာတွေရဲ့ မျက်လုံးထဲမှာ စွမ်းအား၊ အဆင့်အတန်းနဲ့ ဂု‌ဏ်သတင်းဆိုတာတွေပဲ ရှိနေမယ်လို့ မထင်ထားမိဘူး... ငါ တော်တော်လေး စိတ်မချမ်းမသာဖြစ်မိတယ်... မင်းတို့ရဲ့နှလုံးသားတွေကို ပိုပြီးသန့်စင်အောင် မထားနိုင်ကြဘူးလား...

ပန်ဒါအမြီး : ....

" ဒီဖူလီက သူတော်ကောင်းယောင်ဆောင်တဲ့ commentရေးပြီး ဘာလုပ်တာလဲ... ‌ဒီက ယောင်ကျင့်ကြံသူတွေ သူ့ကိုဆဲနေတာနဲ့တင် မလုံလောက်သေးဘူးလား..."

ပေါက်စီလုံး : သူက ငတုံးလား... ငါတို့ရဲ့နှလုံးသားတွေကိုတောင် ပိုသန့်စင်အောင် လုပ်ခိုင်းနေသေးတယ်... ကိုယ်တိုင်က အရမ်းသန့်စင်နေတယ်ဆိုရင် တောင်ပေါ်မှာ ပြန်သွားနေလေ အင်တာနက်ပေါ် တက်မလာနဲ့... ပွင့်ပွင့်လင်းလင်းနဲ့ပဲ ဝန်ခံလိုက်စမ်းပါ... အိတ်ထဲမှာ ငွေတစ်ပြားမှ မရှိဘူးဆိုရင်ရော နှလုံးသားကို သန့်စင်အောင် ထားနိုင်ဦးမယ်တဲ့လား... 

ကြောင်ဘုရင် : ပို့စ်ပိုင်ရှင်ရေ... ဒီမိစ္ဆာတွေနဲ့ ကိုယ့်ကိုကိုယ် တစ်တန်းတည်းဖြစ်အောင် အဆင့်မနိမ့်လိုက်ပါနဲ့... သူတို့က လူသားတွေ တိုးတက်လာတာနဲ့အတူ မျက်စိတွေကန်းကုန်ကြတာ...

ဝက်သား‌ပြားပေါ်က အနက်ရောင်မှို : အပေါ်ထပ်က ကြောင်မိစ္ဆာ ဘေးဖယ်နေစမ်းပါ... တိုးတက်လာတဲ့ အကြောင်းတွေကို သိပ်ပြောမနေပါနဲ့ဦး ဒီပို့စ်ပိုင်ရှင်က ဒီလိုမျိုး ငွေနဲ့ အဆင့်အတန်းတွေ အကြောင်းပြောတယ်ဆိုတော့ မင်းမှာရော အဲဒါတွေ ရှိလို့လား...

ရိက္ခာတွေ ယူလာစရာမလိုဘူး : ပို့စ်ပိုင်ရှင်ရဲ့နာမည်နဲ့ သူ ငွေအကြောင်းပြောလိုက်တဲ့ပုံအရဆိုရင်တော့ ခေါင်းဆောင်ကျွမ်း နဂါးဧကရာဇ်ဖြစ်ပြီးမှ သူနဲ့ တွဲသွားတဲ့ ကျင့်ကြံသူဖူလီတော့ မဟုတ်လောက်ဘူးထင်တယ်...

' ရိက္ခာတွေ ယူလာစရာမလိုဘူး ' ဟူသော အကောင့်ပိုင်ရှင်၏စကားကို ဖူလီ့ကို ဆဲဆိုခဲ့ကြသည့် မိစ္ဆာအများစုက သဘောတူကြသည်။ ထိုပို့စ်တွင် commentပေါင်း ရာချီသွားပြီး အများစုမှာမူ ဖူလီ၏ အရှက်မဲ့မှုကို အပြစ်တင် ရန်စကြသည်များနှင့် အကျိုးအမြတ်ရရန် ဖြူစင်ချင်ယောင်ဆောင်ခြင်း အစရှိသည့်အကြောင်းများကို ပြောနေကြခြင်းဖြစ်သည်။ ထိုလူများ ကျိန်ဆဲနေကြသော်လည်း သူတို့က ကျွမ်းချင်ဘက်မှ မတရားခံရသည်ကို တာဝန်ယူပေးနေသည်ဟု စိတ်ထဲ ထင်နေကြသည်။ 

ပေါက်စီလုံး : မင်းက ခေါင်းဆောင်ကျွမ်းရဲ့ကြွယ်ဝမှုတွေကြောင့် သူနဲ့တွဲတာမဟုတ်ဘူးဆိုရင် သက်သေပြစရာ ဘာရှိလဲ...

' စွမ်းအားကြီးယုန် ' က အကြိမ်ရာပေါင်းများစွာ ဆဲဆိုခံရပြီးသည့်နောက်တွင် ကျင့်ကြံသူဖိုရမ်၌ နောက်တစ်ကြိမ်ပြန်ပေါ်လာသည်။ 

စွမ်းအားကြီးယုန် : ဘာကြွယ်ဝမှုလဲ... မင်းပြောချင်တာ မှော်ပစ္စည်းတွေလား၊ ဆေးလုံးလား ဒါမှမဟုတ် တခြား အဖိုးတန်ပစ္စည်းတွေလား...

ဝက်သား‌ပြားပေါ်က အနက်ရောင်မှို : မင်း အဲဒါတွေ ထုတ်ပြနိုင်လို့လား...

စွမ်းအားကြီးယုန် : မင်းတို့ပြောနေကြတာ ဒီဟာတွေကိုလား...

စွမ်းအားကြီးယုန်က မှော်ရတနာများ၊ မှော်လက်နက် ၁၈မျိုး၊ လွင့်မျောနေသည့်လှေများနှင့် မှော်အဝတ်အစားများ အစရှိသည်တို့၏ဓာတ်ပုံများကို တင်လိုက်သည်။

စွမ်းအားကြီးယုန် : ငါ့မှာ တခြားမှော်ပစ္စည်းတွေ အများကြီးရှိသေးတယ် တော်တော်များများက သုံးရအဆင်မပြေလို့ လွှင့်ပစ်လိုက်ပြီ...

အင်တာနက် အသုံးပြုသူများ :  .....

ထို့နောက် သူက မရေမတွက်န်ိုင်သည့် ဆေးပုလင်းပုံများကို တင်လိုက်သည်။ 

စွမ်းအားကြီးယုန် : ကျင့်ကြံရေးလမ်းကြောင်းမှာ ကိုယ့်ရဲ့ ‌ကိုယ်ကျင့်တရားနဲ့ နှလုံးသားကို နည်းမှန်လမ်းမှန်နဲ့ ကျင့်ကြံဖို့က အရေးကြီးဆုံးပဲ... သန်မာတဲ့ ကျင့်ကြံရေးရလာအောင် ဆေးလုံးတွေကို မှီခိုတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး... ဒီဆေးလုံးတွေကို လုံးဝမထိဘဲ ငါ့ရဲ့ချမ့်ခွန်းအိတ်ထဲထည့်ထားတာ နှစ်ထောင်ကျော်နေပြီ...

မကြာမီအချိန်တွင် ရတနာများနှင့် ရွှေများ၏ပုံကို တင်လိုက်သည်။ ရွှေ၊ ငွေနှင့် ရတနာပေါင်းများစွာက ဓာတ်ပုံထဲတွင် တောင်ပုံရာပုံဖြစ်ကာ အရောင်တလက်လက်တောက်ပနေသည်။ 

ထိုပို့စ်တွင် ရှိနေကြသော ကျင့်ကြံသူများမှာ ဆွံ့အကုန်ကြသည်။ တစ်ခဏတာခန့် မည်သူမှ ထိုပို့စ်တွင် စာမပြန်ရဲကြတော့ပေ။ 

ပန်ဒါအမြီး : ငါ မင်းတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်... လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ငါဒဏ်ရာရသွားလို့ ကျင့်ကြံသူဖူလီက ငါ့ကို ချီဓာတ်ဖြည့်ဆေးတစ်လုံး ပစ်ပေးလိုက်တယ်... အဲ့ဆေးကို မျိုချလိုက်တဲ့အချိန် ငါ့စိတ်ထဲ ဘယ်လိုဖြစ်သွားလဲသိကြလား...

ကြောင်ဘုရင် : လူချမ်းသာဆီက အကျိုးအမြတ်ရခဲ့တဲ့ အပေါ်ထပ်ကလူ ကျေးဇူးပြုပြီး မကြွားပါနဲ့...

ဝက်သား‌ပြားပေါ်က အနက်ရောင်မှို : မဖြစ်နိုင်ဘူး ဒါက အတုတွေပဲ... ဟိုတယ်မှာ ခဏလောက်ပဲ လုံခြုံရေးအစောင့်လုပ်ခဲ့ဖူးတဲ့မိစ္ဆာက ဒီလိုပစ္စည်းကောင်းတွေ ရှိနေမယ်တဲ့လား... ငါမယုံနိုင်ဘူး...

အသက်တစ်ရာ မြွေအိုကြီး : ယုံချင်ယုံ၊ မယုံချင်နေလေ... ချမ်းသာတဲ့လူကလည်း လောကကြီးထဲထွက်လာပြီး ဘဝအတွေ့အကြုံတွေ ယူလို့မရဘူးတဲ့လား...

လိမ္မော်သီးတွေက အရမ်းချိုတယ် : ကျင့်ကြံသူဖူလီရေ... ကျွန်တော့်ကို ချီဓာတ်ဖြည့်ဆေးလေး တစ်လုံးလောက်ပဲပေးပါလား... ကျွန်တော် ဗီလာမှာ ဥယျာဉ်မှူး လာလုပ်ပေးမယ်လေ...

ဖရဲသီးတွေက ဖရဲသီးမဟုတ်ဘူး : ဖူလီကျင့်ကြံသူရေ ကျေးဇူးပြုပြီး ကျွန်တော့်ကို အလုပ်ခေါ်ပါလား ကျွန်တော် သန့်ရှင်းရေး ကောင်းကောင်းလုပ်တတ်တယ်...

မူလက ဆဲဆိုထားသည့် စကားများဖြင့် ပြည့်နေသောပို့စ်မှာ ဖူလီ၏ ချမ်းသာကြွယ်ဝမှုများကို ထုတ်ဖော်ပြသပြီးသည့်နောက်တွင် အားလုံးက ရွှေပေါင်ဖက်နေသည့်နေရာအဖြစ် ပြောင်းလဲသွားသည်။

" အားလုံးက အရှက်မရှိ၊ သူရဲဘောကြောင်တဲ့ ကောင်တွေချည်းပဲ... သူတို့ ခုနတုန်းကတော့ ငါ့ထက်ဆိုးအောင် ဆဲနေကြပြီး မျက်တောင်တစ်ခတ်အတွင်းမှာ ဖူလီ့ကို ပေါင်သွားဖက်နေကြတယ် အရှက်မဲ့လိုက်တာ..."

ကျန်းချမ့်က လှေကားထစ်များပေါ်တွင် ထိုင်နေလျက် ဖုန်းကိုငုံ့ကြည့်ကာ ဆဲရေးနေသည်။ 

" ဖူလီက ကျွမ်းချင်ရဲ့ ပစ္စည်းတွေထုတ်လာပြီး ကြွားနေတာလားဆိုတာ ဘယ်သူသိမှာလဲ...ဖာ့ခ်ပဲ သူကတော့ ယုန်တစ်ကောင် ဖြစ်ထိုက်ပါပေတယ်... " 

" နှောင့်ယှက်မိတာ အားနာပါတယ်..."

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ခပ်ချောချောလူတစ်ယောက်က ကျန်းချမ့်ထံသို့ လျှောက်လာသည်။ 

" ကျွန်တော် အခုမှ တောင်ပေါ်က ဆင်းလာတာပါ... ခုနက ဖူလီဆိုတဲ့နာမည်ကို ပြောလိုက်တာ ကြားမိသလိုပဲ..."

" မင်းက ဘယ်သူလဲ..."

ကျန်းချမ့်က သူ့ဖုန်းကို အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ ဤသို့သော နွေးထွေးချိုသာသည့် အပြုံးဖြင့် လူတစ်ယောက်က ပြုံးရယ်လျက် သူ့ရှေ့တွင် ရပ်နေချိန်၌ အဓိပ္ပါယ်ဖွင့်ဆို၍မရသော အကြောင်းပြချက်အချို့ကြောင့် သူ၏ရိုင်းပျမှုများကို ပြောဆိုရန် ရှက်သွားမိသည်။ကျန်းချန့်က လှေကားထစ်ပေါ်တွင် ထရပ်လိုက်ပြီး သူ့ဘောင်းဘီမှ ဖုန်များကိုသုတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" မင်း ဖူလီကို သိတာလား..."

ထိုလူက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 

" ဒါဆိုရင် မင်းက သူနဲ့ မွေးရပ်မြေအတူတူပဲလား..."

ကျန်းချမ့်က မေးငေါ့ပြီး နှာမှုတ်လိုက်သည်။ 

" ဖူလီက ဘယ်မွေးရပ်မြေကဆိုတာ ဘယ်သူများသိလို့လဲ... သူက  ရေနေသတ္တဝါမျိုးနွယ်က နဂါးဧကရာဇ်ကို တွယ်ကပ်ပြီးတော့ ဖိုရမ်ပေါ်မှာ ကြွားလုံးထုတ်နေတယ်လေ... လောကကြီးအကြောင်း ဘာမှသိပ်မသိဘဲ ကျေးလက်က ရောက်လာတဲ့သူက ဘာလို့များ ကြွားစရာပစ္စည်းတွေ ဒီလောက်များနေတာလဲ... သူ့ကိုစုံလုံကန်းပြီး
 မျက်နှာသာပေးနေတဲ့ နဂါးဧကရာဇ်ကိုပဲ မှီခိုနေတာ ဖြစ်မှာပေါ့..."

" သူ ဘာတွေကြွားနေလို့လဲ..."
တစ်ဖက်လူ၏ သိမ်မွေ့ညင်သာသော မျက်နှာထက်တွင် စပ်စုလိုသည့် အမူအရာမျိုး ပေါ်လာသည်။ 

" ကြည့်လိုက်လေ..."

ကျန်းချမ့်က သူ့ဖုန်းကိုထုတ်ပြလိုက်သည့်အခါ တစ်ဖက်လူက ဖုန်းနှင့် အသားမကျသေးပုံဖြင့် မျက်နှာပြင်ကိုမထိကြည့်ဘဲ ငေးရုံသာ ငေးကြည့်နေသည်။

" မင်းနေတဲ့တောင်က ဘယ်လောက်တောင် ချွတ်ခြုံကျနေလို့ ဖုန်းကိုတောင် မမြင်ဖူးရတာလဲ..."

ကျန်းချမ့်က ဖုန်းကိုထိပြီး ဓာတ်ပုံထဲမှအရာများကို ထိုလူ သေသေချာချာမြင်ရစေရန် ပြလိုက်သည်။

" မြင်လား ‌ဒါကို ဖုန်းလို့ခေါ်တယ်... နောက်ဆုံးထွက်မော်ဒယ်ဆို ယွမ်ကိုးထောင်လောက်ကျတယ်... မင်း မြင်ရင်တောင် ဝယ်နိုင်မှာမဟုတ်ဘူး..."

" ဒါဆိုရင် အခု ဖူလီဘယ်မှာရှိလဲဆိုတာ မင်း မသိဘူးလား..."

ထိုလူက ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အရိပ်အမြွက်အချို့ကို မြင်လိုက်ရသည်။ 

" ကျင့်ကြံရေးလောကရဲ့ စီမံခန့်ခွဲရေးဗျူရိုမှာများလား..."

ကျန်းချမ့်က သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီးနောက် သရော်လိုက်သည်။ 

" တောင်ပေါ်ကဆင်းလာတဲ့သူ ပီသပါပေတယ်... မိစ္ဆာတစ်ကောင်က အကောင်ကြီးကြီးတစ်ယောက်ကို ဖမ်းမိသွားတာနဲ့ တစ်တောင်လုံးက ငွေကို ငါးမျှားသလိုရှာဖို့ ရောက်လာတော့တာပဲ..."

ထိုစကားများကို ကြားသည့်အခါ တစ်ဖက်လူက ညင်သာစွာပြုံးလိုက်သည်။

" မင်းက ကျင့်ကြံဆင့်နိမ့်တဲ့ ‌မိစ္ဆာလေးတစ်ကောင်ပဲကို ပစ်ပစ်နှစ်နှစ်ဝေဖန်တတ်တဲ့ ပါးစပ်မျိုးရှိတာပဲ... ငါ့ရဲ့ အသွင်အစစ်နဲ့ ကျင့်ကြံဆင့်ကို မသိဘဲနဲ့တောင် အတ္တကြီးပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောရဲတယ်ပေါ့... ကြည့်ရတာ လက်ရှိကျင့်ကြံရေးလောကကြီးက တော်တော်အေးချမ်းနေတဲ့ပုံပဲ..."

ထိုလူက သူ့ကိုပြဿနာရှာတော့မည်ဟု တွေးမိသွားသည့်အခါ ကျန်းချမ့်က အမြန်ပြောလိုက်သည်။

" မင်း စိတ်လိုက်မာန်ပါလုပ်မယ်တော့ မကြံနဲ့နော်... လက်ရှိကျင့်ကြံရေးလောက က ‌အေးချမ်းနေပြီး အကြမ်းဖက်တာကို တားမြစ်ထားတယ်... တကယ်လို့ မင်းငါ့ကို တစ်ခုခုလုပ်မယ်ဆိုရင် စီမံခန့်ခွဲရေးဗျူရိုကို တိုင်လိုက်တာနဲ့ မင်းကို လာဖမ်းကြလိမ့်မယ်..."

" မင်းခုနကပြော‌ဝောာ့ ဖူလီက စီမံခန့်ခွဲရေးဗျူရိုမှာဆို... အခုကတော့ မင်းတိုင်လိုက်တာနဲ့ သူတို့က မင်းကို လာကူညီမယ်တဲ့..."

ထိုလူက သူ့လက်နှစ်ဖက်ကို အင်္ကျီထဲထည့်လိုက်သည်။
" ဒီလိုအပြုအမူမျိုးက တကယ်မဆီလျော်ဘူး..."

သူ့လက်မကို ဆန့်ထုတ်ကာ ကျန်းချမ့်၏ နှဖူးကို အသာထိလိုက်သည်။ ကျန်းချမ့်က ခုခံချိန်ပင် မရလိုက်ဘဲ လက်သုံးချောင်းအရွယ်ရှိသော ပိုးဟပ်တစ်ကောင်အဖြစ် ပြောင်းလဲသွားပေသည်။

'" ဒီလိုအကောင်သေးသေးလေးက လူတစ်ယောက်အသွင်ယူနိုင်အောင် ကျင့်ကြံဖို့ဆိုတာ လွယ်ခဲ့မှာတော့ မဟုတ်ဘူး... ဒါပေမဲ့ မင်းက လူတစ်ယောက်ဖြစ်လာအောင် ကျင့်ကြံပြီးတာတောင်မှ တာအိုနှလုံးသားမရှိဘူးဆိုရင် ဘာသုံးစားလို့ရမှာလဲ..."

ထိုလူက သူ့လက်ချောင်းများကို သန့်ရှင်းရေးလုပ်ရန် ပိုးထည်စတစ်စ ထုတ်လိုက်သည်။ 

" မင်းရဲ့ မူရင်းပုံစံနဲ့ပဲ ခုနစ်ရက်လောက်နေပြီး ကျင့်ကြံရတဲ့ မူလရင်းမြစ်အကြောင်းရင်းကို ကောင်းကောင်းပြန်တွေးနေ..."

ထိုပိုးထည်စလေးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီးသည်နှင့် ထိုလူက လှည့်ထွက်သွားသည်။ သူ ခြေလှမ်းအနည်းငယ်ခန့် လျှောက်သွားပြီးချိန်မှာပင် မိန်းကလေးအချို့၏ အော်သံစူးစူးများကို ကြားလိုက်ရသည်။

" ပိုးဟပ်ကြီး..."

" မြန်မြန်သတ်လိုက်လေ..."

" သူ ရေဆိုးပိုက်ထဲ ဝင်သွားပြီ..."

.....

စီမံခန့်ခွဲရေးဗျူရိုတွင်မူ အများပိုင် အလုပ်နေရာက ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။

" ဖူကောက အရမ်းမိုက်တာ‌ပဲ..."

ကျန်းခယ့်က ခုံပေါ်မှီပြီး ဖူလီ၏ ချမ်းသာကြွယ်ဝမှုကို ကြွားဝါထားသည့် ဓာတ်ပုံများကိုကြည့်နေသည်။ 

" ဖူကောက ဘော့စ်ရဲ့ပေါင်ကိုဖက်တယ်ဆိုတာ ဘာပြောတာလဲ... တကယ်ဝောာ့ ဘော့စ်ကမှ ဖူကောရဲ့ပေါင်ကို ဖက်နေရတာလေ..."

သူ မတ်တပ်ရပ်လိုက်ပြီး အခြားလုပ်ဖော်ကိုင်ဖက်များကို မေးလိုက်သည်။ 

" ကျန်တဲ့သူတွေရော အဲ့လိုမထင်ကြဘူးလား..."

ကံဆိုးသည်မှာ သူ၏အခြားလုပ်ဖော်ကိုင်ဖက်များက  ဖူလီ၏ ချမ်းသာကြွယ်ဝမှုထဲတွင်နစ်မြုပ်နေဆဲဖြစ်၍ ကျန်းခယ့်၏စကားများကို အာရုံမစိုက်နိုင်ပေ။ 

" ချမ်းသာတဲ့မိစ္ဆာတွေရဲ့လောကကို ငါ နားမလည်နိုင်တော့ဘူး..."

ချောင်းယွင်က တုန်ယင်သွားပြီး သူမလက်ထဲရှိ ထန်မင်းဆက်ဧကရာဇ် အသုံးပြုခဲ့သော လက်ဖက်ရည်ခွက်က တုန်ယင်သွားသည်။ 

" ဖူကောမှာ ပစ္စည်းကောင်းတွေအများကြီးရှိမှန်းတော့ သိပါတယ် ဒါပေမဲ့ ဒီလောက်များမယ်လို့ မထင်ခဲ့မိဘူး..."

" အားလုံးပဲ..."

ဟွမ်ဟို့က စီမံခန့်ခွဲရေးဗျူရိုသို့ ဖူလီနှင့် တစ်ချိန်တည်းတွင်ရောက်ခဲ့သော်လည်း သူ၏ ပျင်းရိသောအကျင့်နှင့် လူသိများသည့် ဂိုဏ်းတစ်ခုသို့ မဝင်ရသေးသည့်အတွက် ဝန်ထမ်းသစ်များအကြားတွင် သူက မထင်မရှားဖြစ်နေသည်။ 

" ဖူကောက သာမန်ယုန်မိစ္ဆာတစ်ကောင် မဟုတ်လောက်ဘူးလို့ မတွေးမိကြဘူးလား..."

ကပ်ဘေးနတ်ဘုရားကို အနိုင်ယူခဲ့ပြီး ခွန်းဖမ်နဲ့ ကြာကြာတိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ရှေးဟောင်းမိစ္ဆာစုန့်ယွီကို အမွေးတွေကျွတ်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တဲ့သူက သာမန်ယုန်မိစ္ဆာတစ်ကောင် ဟုတ်ပါ့မလား... ပြီးတော့ သူ့မှာ ရတနာတွေလည်း အများကြီးရှိတဲ့အပြင် ရက်ရောတဲ့ အကြီးအကဲတွေလည်း ရှိနေတယ်... ဘယ်နေရာကများ ရိုးရှင်းနေလို့လဲ...

ခွန်းဖမ်၏နာမည်က ယောင်လောကတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ပဲ့တင်ထပ်ခဲ့သည်။ ယနေ့တိုင်အောင် သူ့နာမည်က ယောင်ကျင့်ကြံသူများကို တုန်လှုပ်သွားစေနိုင်သည်။ သို့သော်လည်း သူက စီမံခန့်ခွဲရေးဗျူရိုတွင် နာခံစွာဖြင့် ဆက်နေနေသည်။ စုန့်ယွီက ပို၍ တည့်တိုးဆန်သည်။ သူက ကျင့်ကြံရေးလောကတစ်ခုလုံးရှေ့တွင် ဖူလီ့ကို 'ဘော့စ်' ဟု ခေါ်ခဲ့သည်။ ထို့အပြင် နတ်ဘုရားသားရဲ နဂါးပြာ၏သားဖြစ်သော ကုန်းဖုကလည်း ဖူလီနှင့် အလွန်ရင်းနှီးပေသည်။ အောက်ထပ်တွင်နေထိုင်သည့် ခေါင်းသုံးလုံးမျိုးနွယ်လူသားများကလည်း ဖူလီတစ်ယောက်တည်းနှင့်သာ ရင်းနှီးကြခြင်းဖြစ်သည်။ 

ဒီလို တိုက်ဆိုင်မှုမျိုးက ဘယ်မှာရှိနိုင်လို့လဲ...

" ဒီမေးခွန်းက အရမ်းတော့ အရေးမကြီးဘူးထင်တယ်..."

ချောင်းယွင်က ဟွမ်ဟို့ကို ငတုံးတစ်ယောက်သဖွယ် ကြည့်လိုက်သည်။ 

" ဖူကောရဲ့ အသွင်အစစ်က အရေးမကြီးပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် သူက ဘော့စ်ရဲ့မိသားစုဝင်ဆိုတော့ ဘော့စ်နဲ့ တစ်တန်းတည်းပဲလေ... အဲ့တော့ သူစွမ်းအားကြီးလေ ကောင်းလေပဲ..."

ဟွမ်ဟို့ : ...

စီနီယာတွေက ဒီလောက် အေးဆေးဖြစ်နေမယ်လို့ သူ မထင်ထားမိဘူး...

.....

စီမံခန့်ခွဲရေးဗျူရ်ု၏အဆောင်တွင် ခွန်းဖမ်က ပြတင်းပေါက်ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ လက်ဖက်ရည်သောက်နေသည့် ကုန်းဖုကို ကြည့်နေသည်။ သူ့ခေါင်းကိုကုတ်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်တော့သည်။

" မင်း တစ်နေ့လုံး လက်ဖက်ရည်သောက်နေတာပဲ... ရေကို သစ်ရွက်တွေနဲ့ တည်ထားတာပဲလေ ဘာများထူးခြားနေလို့လဲ..."

" ဒီလို စိတ်ဝိညာဉ်ဆိုင်ရာ ပျော်ရွှင်မှုမျိုးကို မင်းလိုမျိုး  ဦးနှောက်မရှိဘဲ ကြွက်သားတွေပြည့်နေတဲ့ မိစ္ဆာမျိုးက ဘာနားလည်မှာလဲ..."

ကုန်းဖုက လက်ဖက်ရည်ခွက်ကို ချထားလိုက်သည်။

" ဘာတွေစိုးရိမ်နေတာလဲ..."

ခွန်းဖမ်က မျက်ခုံးများ တွန့်ချိုးလိုက်သည်။ 
" မင်း မခံစားရဘူးလား..."

ကုန်းဖုက တိတ်ဆိတ်စွာဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေလိုက်သည်။ 

" ကောင်းကင်နဲ့ ကမ္ဘာမြေက ဝိညာဉ်ချီဓာတ်တွေက ကမောက်ကမဖြစ်နေပြီးတော့ မိစ္ဆာချီဓာတ်တွေက အရပ်မျက်နှာအနှံ့မှာ မြင့်တက်လာပြီ... အိမ်မောကျနေတဲ့ မိစ္ဆာကြီးတွေ နိုးလာတော့မယ်..."

ခွန်းဖမ်၏ အမူအရာက တည်ကြည်နေပြီး လောကကြီးတစ်ခုလုံး ကမောက်ကမဖြစ်လာတော့မည်ကို မှန်းဆကြည့်နေပုံရသည်။

" မဟုတ်ဘူး..."

" ဘာလဲ..."

ခွန်းဖမ်က ကုန်းဖုကို တအံ့တဩဖြင့် ကြည့်လိုက်သည်။ နတ်ဘုရားသားရဲနဂါးပြာ၏ သားဖြစ်သောကုန်းဖု၏ ကောင်းကင်နှင့် ကမ္ဘာမြေမှ စိတ်ဝိညာဉ်ချီဓာတ်ကို အာရုံခံစားနိုင်စွမ်းက မကောင်းဆိုးဝါးသားရဲဖြစ်သည့် ခွန်းဖမ်ထက် ပိုအားကောင်းပေသည်။

သူ ဘာမှမခံစားရဘူးဆိုဝာာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

" ငါ့မှာ အဖေချန်ထားခဲ့တဲ့ နတ်ဘုရားနဂါးရဲ့ ချီဓာတ်မရှိတော့ဘူး..."

သူ့လည်ချောင်းထဲမှတစ်ဆင့် ဝင်ရောက်သွားသည့် လက်ဖက်ရည်က အနည်းငယ် အေးစက်နေသည်။ 
" ငါက အညှ်ိုးအတေးကနေ မွေးဖွားလာခဲ့ပြီး ငါ့ခန္ဓာအစစ်က အလောင်းတစ်ခုကနေ ဖြစ်တည်လာခဲ့တာလေ... ငါက မင်္ဂလာသားရဲရဲ့ စရိုက်လက္ခဏာတွေ မရှိတော့ဘူး..."

' မင်း ထောင်ဝူနဲ့တိုက်တုန်းက မြန်မြန်အားကုန်သွားတာ မဆန်းတော့ပါဘူး..."

ခွန်းဖမ်၏ အမူအရာက အနည်းငယ်ရှုပ်ထွေးသွားသည်။ 
" မင်းက ကျင့်ကြံဆင့်မြင့်သွားလို့ မင်းရဲ့ မင်္ဂလာသားရဲချီဓာတ်ကို ငါ အာရုံမခံနိုင်တော့ဘူးလို့ စိတ်ထဲမှာ ထင်နေတာ..."

ကုန်းဖုက ခပ်ဟဟ ရယ်လိုက်သည်။ 

" ကောင်းကင်နဲ့ ကမ္ဘာမြေက ဒီတိုင်းပါပဲ... ကောင်းကင်ဘုံစည်းမျဉ်းနဲ့ ဆန့်ကျင်နေတဲ့အရာကတော့ တန်ရာတန်ကြေး ပြန်ပေးဆပ်ရတာပဲ... မဟာမိစ္ဆာတွေက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေတယ်ဆိုပေမယ့် ဒီနေရာမှာ ကျွမ်းချင်ရှိနေတာကို မမေ့ထားနဲ့ဦး..."

" နှစ် ၂၀၀၀တောင် မပြည့်သေးတဲ့ နဂါးလေးတစ်ကောင်က ဘာလုပ်နိုင်မှာမို့လဲ..."

ခွန်းဖမ်၏ မျက်လုံးထဲတွင်မူ ကျွမ်းချင်က ကျင့်ကြံဆင့်မြင့်ပြီး သူတော်ကောင်းတရားများပြားလှသော်လည်း သူက ငယ်ရွယ်နေဆဲဖြစ်သည်။

တကယ်လို့ ကပ်ဘေးကြီးတစ်ခု ဖြစ်လာခဲ့မယ်ဆိုရင် သူ တောင့်ခံနိုင်ပါ့မလား...

" ဘယ်သူသိနိုင်မှာလဲ..."

ကုန်းဖုက ပြုံးနေဆဲဖြစ်သည်။ 
" ကောင်းကင်ဘုံက ငါတို့ကို မဟာတာဝန်ကြီးတစ်ခု မအပ်နှင်းခင် ‌ဆာလောင်မွတ်သပ်မှုနဲ့ ဆင်းရဲမှုတွေဖြစ်အောင်လုပ်ပြီး ငါတို့ အသွေးအသားတွေကို နွမ်းနယ်အောင် လုပ်လိမ့်မယ်... ကျွမ်းချင်ရဲ့အဖေက ရွှေနဂါးဖြစ်ပြီးတော့ သူ့အမေက လူသားတော်ဝင်မျိုးနွယ်ကပဲ... သူ့ ခံစားခဲ့ရတဲ့ အသင်္ချေချီတဲ့ အတွေ့အကြုံတွေက သူ့ကံကြမ္မာကို ဓားသွေးကျောက်တစ်ခုလို ဖြစ်လာစေလိမ့်မယ်... ဓားသွေးကျောက်နဲ့ ခဏခဏသွေးလို့ဖြစ်တည်လာတဲ့ ချွန်ထက်တဲ့ ဓားတစ်ချောင်းက အချိန်တန်ရင် ဓားအိမ်ထဲက ထွက်လာလိမ့်မယ်..."

" ကောင်းကင်ဘုံရဲ့သားတော်တွေက ခက်ခဲကြမ်းတမ်းမှုတွေကို မရင်ဆိုင်ရဘဲ ကြီးမားတဲ့ကိစ္စတွေကို မဆောင်ရွက်နိုင်ကြဘူး..."

ကုန်းဖုက မျက်လုံးများမှေးကျဉ်းလျက် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။
" အချိန်ယူပြီး စောင့်ကြည့်ကြတာပေါ့..."