Chapter 162
ပိုင်ဇယ်
ခွန်းဖမ်က လူသားလောကရှိ အင်မော်တယ်များအကြောင်း ရေးသားထားသည့် ဝတ္ထုများကို တွေးမိလိုက်သည်။ အဓိကဇာတ်လိုက်အားလုံးက လောကကြီး၏ ကယ်တင်ရှင် သို့မဟုတ် အသန်မာဆုံးလူ မဖြစ်လာမီအချိန်တွင် အတိဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ရတတ်ပေသည်။
" ဒါလည်း ကောင်းတာပါပဲ..."
" မင်းက မကောင်းဆိုးဝါးသားရဲဆိုတော့ လူသားလောကရဲ့ သက်ရှိတွေ သေတဲ့ရှင်တဲ့ကိစ္စက မင်းနဲ့ မဆိုင်ဘူးလို့ မကြာမကြာပြောဖူးတယ်မလား..."
ကုန်းဖုက အပြံးမမည်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
" ဘာလို့ အခုမှ စိုးရိမ်နေတာလဲ..."
" ငါ ဒီတိုင်းပဲ ကြုံရာမေးခွန်းတစ်ခုတစ်လေတောင် မေးလို့မရဘူးလား..."
ခွန်းဖမ်၏ ပါးပြင်က အနည်းငယ်နီရဲသွားသည်။ သူ ခေါင်းလှည့်ပြီး ပြောလိုက်သည်။
" သူတို့ သေသေရှင်ရှင် ဘယ်သူဂရုစိုက်လို့လဲ..."
" အိုး အဲ့လိုမျိုးလား..."
ကုန်းဖုက ဝတ်ကျေတန်းကျေပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" အဲဒါက ဘယ်လိုအမူအရာမျိုးလဲ...ငါ အဲ့လိုပဲတွေးတယ်ဆိုတာ ပြောပြနေတာလေ..."
ခွန်းဖမ်က စကားပြောနေရာမှ ရုတ်ချည်းရပ်တန့်သွားပြီး အနံ့ခံလိုက်ကာ တအံ့တဩဖြင့် ပြောလိုက်သည်။
" ပိုင်ဇယ်ရဲ့အနံ့ပါလား..."
" ပိုင်ဇယ်လား..."
ကုန်းဖု မတ်တပ်ထရပ်လိုက်သည်။ သူ့လက်ပေါ်မှ လက်ဖက်ရည်များက ကြမ်းပြင်ပေါ် မှောက်ကျသွား၍ ကော်ဇောက စိုရွှဲသွားသည်။
" မင်း အနံ့ခံတာမှားနေတာ မဟုတ်ဘူးလား..."
" မဖြစ်နိုင်ဘူး...အဲ့ ရွံစရာကောင်းတဲ့အကောင် ရေမွှေးဆွတ်ထားတယ်ဆိုရင်တောင် ငါအနံ့ခံနိုင်တယ်..."
ခွန်းဖမ် အပြင်ထွက်သွားသည်။
" နေဦး..."
ကုန်းဖု သူ့ကို တားမြစ်လိုက်သည်။
" ဘာလုပ်မလို့လဲ..."
ခွန်းဖမ်၏ မျက်နှာထက်တွင် ဒေါသထွက်သည့် အရိပ်အယောင်များကို မြင်နေရသည်။
" မင်း ဘာသွားလုပ်မှာလဲ... စီမံခန့်ခွဲရေးဗျူရိုမှာ ပိုင်ဇယ်နဲ့ တိုက်မလို့လား..."
ကုန်းဖုက မေးငေါ့ပြလိုက်သည်။
" ကျွမ်းချင်နဲ့ဖူလီက စိတ်မဆိုးတတ်တဲ့သူတွေလို့များ ထင်နေလား မင်း သူတို့ကို ပင်လယ်ပြင်မှာ ပထမဆုံးတွေ့တုန်းကတောင် သရေအနေအထားလောက်ဖြစ်အောင်ပဲ တိုက်နိုင်ခဲ့တာနော် အခု..."
တစ်ယောက်က ရေနေသတ္တဝါမျိုးနွယ်များ၏ ဧကရာဇ်ဖြစ်သလို အခြားတစ်ယောက်က ကောင်းကင်နှင့်ကမ္ဘာမြေချီဓာတ်များမှ ဖြစ်တည်လာသည့် ဟို့ တစ်ကောင်ဖြစ်ကာ ဟင်္သာပြဒါးငှက်ကလည်း သူ့ကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသည်။ အကယ်၍ ခွန်းဖမ်က ထိုဂျူနီယာနှစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိပါက သေလုမျောပါးဖြစ်သည်အထိ အရိုက်ခံရနိုင်သည်။
" ငါ သူနဲ့ မတိုက်ပါဘူး ဒါပေမဲ့ တစ်ချက်လောက်သွားကြည့်ရုံပဲဆိုရင်တော့ အဆင်ပြေတယ်မလား..."
ခွန်းဖမ်က ခပ်သုတ်သုတ်ထွက်သွားသည်။ ဤတစ်ကြိမ်တွင်မူ ကုန်းဖုက သူ့ကိုမတားတော့ပေ။ သူတို့နှစ်ယောက်အကြားမှ မိတ်ဆွေဆက်ဆံရေးကြောင့်သာ ခွန်းဖမ်ကို သတိပေးလိုက်ခြင်း ဖြစ်သော်လည်း ခွန်းဖမ် နားထောင်သည် နားမထောင်သည်က ကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်။
.....
" ချန်လုံဇီဝနည်းပညာကုမ္ပဏီတဲ့လား..."
လူတစ်ယောက်က ဝင်ပေါက်မှ အရောင်တလက်လက်တောက်နေသည့် ဆိုင်းဘုတ်ကြီးကိုကြည့်ကာ ပြောလိုက်သည်။ သာမန်လူတစ်ယောက်အတွက်မူ ဤနေရာက နိုင်ငံတစ်ဝန်း နာမည်ကြီးသော လုံခြုံရေးတင်းကြပ်သည့် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု ဖြစ်ပေသည်။ သို့သော် ဤလူအတွက်မူ ထူထပ်နေသည့် မိစ္ဆာချီဓာတ်များနှင့် နေရာအစီအရင်များ အလွှာအထပ်ထပ်ရှိနေသည့် နေရာမျိုးဖြစ်သည်။ ဝင်ပေါက်မှ လုံခြုံရေးဝန်ထမ်းများကပင် ရေနေသတ္တဝါမျိုးနွယ်မှ ယောင်ကျင့်ကြံသူဖြစ်ကြောင်း သူသိလိုက်သည်။
" မင်္ဂလာပါ လူကြီးမင်း... ဘယ်သူ့ကို လာရှာတာလဲလို့များ မေးလို့ရမလား..."
မူရင်းပုံစံက ငါးပုတ်သင်ဝါဖြစ်သည့် လုံခြုံရေးအစောင့်က ဂိတ်မှထွတ်လာပြီး သူ့မျက်နှာထက်တွင် ဖော်ရွှေသည့်အပြုံးဖြင့် ပြုံးပြနေသည်။
ရေပုတ်သင်ဝါက ကျင့်ကြံဆင့် မမြင့်လှသော်လည်း လူသားများ အလွန်အကျွံငါးဖမ်းမှုတို့ကြောင့် ရေပုတ်သင်ဝါငါးများက အရေအတွက် အလွန်ရှားပါးနေပြီဖြစ်သည်။ ထိုသို့သော အခက်အခဲများစွာအကြားတွင် လူသားအသွင်ဖြစ်အောင် ကျင့်ကြံနိုင်သော ရေပုတ်သင်ဝါကို စီမံခန့်ခွဲရေးဗျူရိုက လုံခြုံရေးဝန်ထမ်းအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။ စီမံခန့်ခွဲရေးဗျူရို၏ သူ့အပေါ် ဂရုစိုက်မှုကို ရေပုတ်သင်ဝါက အလွန်ကျေးဇူးတင်လှသောကြောင့် အလုပ်တွင် အားကိုးရပြီး တာဝန်ကျေရုံသာမက အမြဲတမ်း အပြုံးလေးဖြင့် နေလေ့ရှိသူဖြစ်သည်။ စီမံခန့်ခွဲရေးဗျူရိုက သူ့ကို မကြာခဏချီးကျူးခြင်းကြောင့် အခြား လုံခြုံရေးဝန်ထမ်းများထံမှလည်း မနာလိုခံရလေ့ရှိသည်။
" မင်္ဂလာပါ... အနှောင့်အယှက်ပေးမိတာ အားနာပါတယ်..."
ထိုလူက သူ့အစွမ်းဖြင့် ဖန်တီးထားသော ရွှေကိုင်းမျက်မှန်ကို နှာတံပေါ် ပင့်တင်လိုက်သည်။
" ဖူလီ ဒီနေရာမှာ ရှိလားဆိုတာ သိလို့ရမလား..."
ရေပုတ်သင်ဝါက ထိုလူ ဖူလီ့ကိုရှာကြောင်းသိသည်နှင့် အလျင်အမြမ် ခေါင်းညိတ်ပြလိုက်သည်။
" ရှိပါတယ် ဒီဘက်က လူကြီးမင်းက ဘယ်သူလဲဆိုတာများ ကျွန်တော်သိခွင့်ရှိမလား..."
" ငါက သူ့ဦးလေးပါ ရှေ့နာမည်က ' ပိုင် ' ပါ... သူနဲ့ တွေ့လို့များ ရမလား..."
ထိုအခါမှသာ ဤရုပ်ချောချောလူက ယောင်ကျင့်ကြံသူဖြစ်ကြောင်း ရေပုတ်သင်ဝါ သဘောပေါက်သွားသည်။ သူ စကားပြောစက်ထုတ်ပြီး ထိုလူကို ပြုံးပြလိုက်သည်။
" ပိုင် ကျင့်ကြံသူ... ကျေးဇူးပြုပြီး ခဏလေးစောင့်ပေးပါ... ကျွန်တော် အရှေ့ကောင်တာကို ဆက်သွယ်ပေးပါ့မယ်..."
" ရပါတယ် အလုပ်ရှုပ်သွားရပြီ..."
ဖူလီက ဆိုဖာပေါ် ကွေးကောက်ထိုင်ကာ ဖိုရမ်ပေါ်တွင် သူ့ကို ခေါင်းကိုင်ဖခင်ဖြစ်စေချင်နေသူများ၏ commentများကို ဖတ်နေသည်။ ခဏအကြာတွင် သူ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
" အခုခေတ် မိစ္ဆာငယ်လေးတွေများ အိန္ဒြေကို မရှိကြတော့ဘူး..."
" အင်း ကိုယ်ကလည်း မိစ္ဆာငယ်လေးဆိုတော့ မင်းကို မြေးတွေ မြေးမလေးတွေ မွေးစားခွင့် မပြုနိုင်သေးဘူး..."
ကျွမ်းချင်က ဖူလီ အင်တာနက်ပေါ်တင်ထားသည့် ပုံများကို ကြည့်နေသည်။ ဖူလီ ပြသထားသည့်ပစ္စည်းများက အလွန်တန်ဖိုးကြီးသည့် ကစားစရာအျားမဟုတ်ကြောင်း သိလိုက်သည့်အခါ ဖူလီ့ကို လွှတ်ပေးထားလိုက်သည်။
ခဏအကြာတွင် ဖူလီ၏ ဖုန်းမြည်လာသည်။ ဖုန်းကိုင်ပြီးသည့်နောက်တွင် ဖူလီ၏အမူအရာက အနည်းငယ်ထူးဆန်းသွားသည်ကို ကျွမ်းချင် သတိထားမိသွားသည်။
" ဘာဖြစ်လို့လဲ..."
" အရှေ့ဘက်ကောင်တာက ဖုန်းဆက်တာ... ရှေ့နာမည် 'ပိုင်' နဲ့ ငါ့ဦးလေးဆိုတဲ့သူက ငါ့ကို လာရှာတယ်တဲ့..."
ဖူလီ ဆိုဖာပေါ်မှ ခုန်ထကာ ရေရွတ်လိုက်သည်။
" ငါ မင်းကိုပြောပြဖူးတဲ့ ဦးလေးဆိတ်ဖြူကြီးကို မှတ်မိလား... သူ့ ရှေ့နာမည်ကလည်း ပိုင် ပဲ..."
" ငါ သွားကြည့်လိုက်ဦးမယ်..."
ဖူလီက ထိုစကားတစ်ခွန်းပြောပြီးသည်နှင့် အပြင်ကို ပြေးထွက်သွားသည်။ သူ အလျင်စလိုပြေးထွက်သွားသောကြောင့် ကျွမ်းချင်၏တံခါးနားမှ ပန်းအိုးကိုပင် တိုက်မိသွားသည်။
" ပိုင်ဇယ်..."
ကျွမ်းချင်ကလည်း ကွဲသွားသည့်ပန်းအိုးကို တစ်ချက်ကြည့်ပြီးနောက် ဖူလီ့နောက်ကို ပြေးလိုက်သွားသည်။
" လူကြီးမင်းပိုင် အရှေ့ဘက်ကောင်တာက အတည်ပြုလိုက်ပြီဆိုတော့ ဝင်သွားလို့ရပါပြီ..."
ရေပုတ်သင်ဝါက ထိုလူကို ဝင်ခွင့်ပြုလိုက်သည်။
" ကျေးဇူးအများကြီးတင်ပါတယ်..."
ထိုလူက သူ့အင်္ကျီအိတ်ကပ်ထဲ ရှာဖွေလိုက်ပြီးနောက် ဆေး၂လုံးကိုထုတ်ကာ ရေပုတ်သင်ဝါ၏လက်ထဲ ထည့်ပေးလိုက်သည်။
" ဒါတွေယူထားလိုက်ပါ ပျင်းရင်စားလို့ရတယ်..."
အသက်ရှည်ဆေး ၂လုံးကိုကိုင်ထားသော ရေပုတ်သင်ဝါ၏ ခြေထောက်များက ပျော့ခွေလုမတတ် ဖြစ်သွားသည်။
" လူ လူကြီးမင်းပိုင် ဒီဆေးတွေက တန်ဖိုးကြီးလွန်းပါတယ်... ကျွန်တော် လက်မခံနိုင်ပါဘူး..."
" ဒီလိုကစားစရာတွေက ဘာများတန်ဖိုးကြီးမှာလဲ..."
ထိုလူက လက်ကာပြပြီး ထွက်သွားသည်။
ထိုလူက ဖူလီ၏ အကြီးအကဲဖြစ်ကြောင်း ရေပုတ်သင်ဝါက တစ်ရာ ရာခိုင်နှုန်း သေချာသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဖူလီ၏ အကြီးအကဲများမှလွဲ၍ ကျင့်ကြံရေးလောကတွင် ငွေကို ဤမျှ ရက်ရက်ရောရောသုံးစွဲတတ်သူ မရှိပေ။
ချင်ရှုနှင့် ဝေ့စန်းကျင့်ကြံသူတို့ကလည်း ဖူလီနှင့်အတူ အလုပ်သွားလုပ်စဉ်တွင် ဖူလီ၏အကြီးအကဲနှင့်ဆုံတွေ့ခဲ့၍ ရတနာထုပ်တစ်ထုပ်စီ ရရှိခဲ့သည်ဟု ပြောကြပေသည်။ ထိုသတင်းက စီမံခန့်ခွဲရေးဗျူရိုအတွင်း နေရာတစ်လက်မ မကျန် ပျံ့နှံ့နေပြီဖြစ်သည်။
သူလည်း ဒီလိုပစ္စည်းကောင်းတွေ ရလိမ့်မယ်လို့ ဘယ်ထင်ထားမိမှာလဲ...
ထိုလူက ယောင်ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သော စီမံခန့်ခွဲရေးဗျူရို၏ အရံအတားအတွင်း ဝင်ရောက်လိုက်ချိန်တွင် မြက်ခင်းပေါ်တွင် ကစားနေကြသော မိစ္ဆာငယ်လေးများနှင့် လူသားကျင့်ကြံသူများက မိစ္ဆာငယ်လေးများကို ချော့မြူစကားနေကြသည့်မြင်ကွင်းကို တွေ့လိုက်ရသည်။ ဂျင်ဆင်းမိစ္ဆာလေးက လူသားကျင့်ကြံသူတစ်ယောက်၏ ဂုတ်ပေါ်တက်စီးနေသည်ကိုပါ သူ မြင်လိုက်ရသည်။
ဒါက လူသားနဲ့ မိစ္ဆာကျင့်ကြံသူတွေရဲ့ လက်ရှိအခြေအနေလား...
" ပိုင်ဇယ်... တကယ်ပဲ မင်းကိုးး..."
ထိုလူက သူရှိရာသို့ တည့်တည့်ပြေးလာသူကို မျက်ခုံးပင့်ကြည့်လိုက်သည်။
" အိုး ခွန်းဖမ်ပါလား... မင်း အရံအတားထဲက ထွက်လာနိုင်ပြီပေါ့လေ..."
ခွန်းဖမ် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ မိစ္ဆာငယ်လေးအချို့က မဝံမရဲဖြင့် ထောင့်တွင် ဝင်ပုန်းနေကြသည်။ သူတို့ပုံစံက ခိုးနားထောင်လိုသော်လည်း နားမထောင်ရသည့်ပုံ ဖြစ်နေသည်။ သူ မျက်ခုံးများတွန့်ချိုးလျက် ပိုင်ဇယ်ကို ကြည့်လိုက်သည်။
" ဘာအရံအတားလဲ... မင်း မပေါ်လာတာဖြင့် နှစ်ပေါင်းများစွာကြာပြီလေ... အခုမှ ဘာကိစ္စနဲ့ ရုတ်တရက်ကြီး ရောက်လာရတာလဲ..."
" ချိပ်ပိတ်ထားခဲ့တဲ့ အရံအတားကို ပြောတာလေ..."
ပိုင်ဇယ်က ပြုံးလိုက်သည်။
" သမုဒ္ဒရာကြမ်းပြင်မှာ နှစ်ပေါင်း ၄၂၀၀လောက် ချိပ်ပိတ်ခံလိုက်ရတော့ မင်းရဲ့မှတ်ဉာဏ်တွေပါ မကောင်းတော့တာများလား..."
ခိုးနားထောင်နေကြသည့် မိစ္ဆာလေးများက ရုတ်ချည်းသဘောပေါက်သွားကြသည်။
ကြည့်ရတာ လူကြီးမင်းခွန်းဖမ်က သမုဒ္ဒရာအောက်ခြေမှာ အိပ်စက်နေခဲ့တာ မဟုတ်ပဲ တခြားမဟာမိစ္ဆာရဲ့ ချိပ်ပိတ်ခံခဲ့ရတာပေါ့လေ...
" ဦးလေးခွန်းဖမ်... မိစ္ဆာကောင်းတွေက မလိမ်ဘူးလို့ သားမေမေက ပြောတယ်..."
ဦးခေါင်းထက်တွင် ချိုပိစိလေးများ ထွက်နေသည့် နွားမိစ္ဆာငယ်လေးက ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ခွန်းဖမ်ရှိရာကို လျှောက်လာသည်။
" ဒါပေမဲ့ ဦးဦးက သားရဲ့သူငယ်ချင်းဆိုတော့ သား ဦးဦးကို မချစ်ပဲဝောာ့မနေနိုင်ပါဘူး..."
" ငါ မင်းကို ကျေးဇူးတင်ရမှာပေါ့ ဟုတ်လား နွားပေါက်လေး..."
ခွန်းဖမ်က မိစ္ဆာငယ်လေးကိုချီပြီး ဘေးနားတွင် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည့် မိစ္ဆာတစ်ကောင်၏လက်ထဲ ထည့်ပေးလိုက်သည်။
" မဟာမိစ္ဆာတွေ စကားပြောနေရင် မိစ္ဆာလေးတွေ ဝင်မနှောင့်ယှက်ရဘူး..."
ခွန်းဖမ်မှာ သူ နှစ်ပေါင်းလေးထောင်ကျော် ချိပ်ပိတ်ခံထားခဲ့ရသည့်အကြောင်း ပေါ်သွားခဲ့၍ အနည်းငယ် ဒေါသထွက်နေပေသည်။ အကယ်၍ ပင်လယ်ထဲမှ ထွက်လာချိန်တွင် ပိုင်ဇယ်နှင့် ပထမဆုံးတွေ့ခဲ့မည်ဆိုပါက အသေအကြေတိုက်ခိုက်နေပြီဖြစ်သည်။ သို့ရာတွင် ကောင်းကင်ဘုံစည်းမျဉ်းက ကပ်ဘေးနတ်ဘုရားကို မိုးကြိုးဖြင့် သေအောင်ပစ်လိုက်ချိန်၌ ထိုအဖြစ်အပျက်၏နောက်ကွယ်မှ အမှန်တရားကို ခပ်ရေးရေး သိမြင်လာသည်။ ပိုင်ဇယ်နှင့် အခြားလူများ ထိုနှစ်က ပြဿနာရှာခဲ့သည်များက သူ့အသက်ကို ကယ်တင်ရန် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
ထိုအတွေးကြောင့် ပိုင်ဇယ်ကို နောက်တစ်ကြိမ် ထပ်တွေ့ချိန်၌ အနည်းငယ် နေရခက်သွားမိသည်။ သူ့ကို ချက်ချင်း ဒေါသထွက်ရမည်လား ကျေးဇူးတင်ရမည်လားကိုပင် မသိတော့ပေ။
" မင်းတို့အားလုံး ဘာလို့ ဒီမှာလာစုနေကြတာလဲ..."
ကျန်းခယ့် ဖိုင်များကို သယ်လာချိန်တွင် ကျင့်ကြံသူများစွာက ဝင်ပေါက်တွင် စုဝေးနေသည်ကို မြင်လိုက်ရသည်။ အခြားယောင်ကျင့်ကြံသူများ၏ရှေ့တွင် ပေါ်လာခဲလှသည့် ခွန်းဖမ်သည်ပင် လှေကားထစ်များပေါ် ရပ်နေသည်။ သူ၏ စပ်စုချင်စိတ်ကို မီးမြှိုက်လိုက်သကဲ့သို့ ဖြစ်သွားကာ လည်ပင်စောင်းပြီး လှမ်းကြည့်လိုက်မိသည်။
လူသားများ၏ ပင်ကိုဗီဇထဲတွင် စပ်စုခြင်းဟူသောအရာက နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေသည်။ ကျင့်ကြံရေးလမ်းစဉ်တွင် ခြေချထားသည့်လူများကလည်း ခြွင်းချက်မရှိပေ။ ကျန်းခယ့်က ဤသို့သောလူများ၏ ဥပမာဖြစ်သည်။
" ခေါင်းဆောင်ကျွမ်း..."
အရှေ့ကောင်တာမှ ပန်းချီကားမိစ္ဆာက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ရှေ့နာမည် 'ပိုင်' နဲ့ လူတစ်ယောက်က ကျင့်ကြံသူဖူလီကို လာရှာပါတယ်... ဒါပေမဲ့ လူကြီးမင်းခွန်းဖမ်က လူကြီးမင်းပိုင်ကို သိနေတဲ့ပုံပဲ... ပြီးတော့..."
အမျိုးသမီးမိစ္ဆာက အသံတိုးလိုက်သည်။
" လူကြီးမင်းပိုင်ပြောတာတော့ လူကြီးမင်းခွန်းဖမ်က သမုဒ္ဒရာကြမ်းပြင်မှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲတာ မဟုတ်ဘဲ ချိပ်ပိတ်ခံခဲ့ရတာပါတဲ့..."
" တကယ်ကြီးလား..."
ကျန်းခယ့် ချက်ချင်းပင် လန့်သွားရသည်။ ရှေ့နာမည် 'ပိုင်' နှင့်လူက ခွန်းဖမ်ကို ထိုသို့တည့်တိုးပြောရဲသည်ဖြစ်ရာ ထိုလူကလည်း အလွန်စွမ်းအားကြီးသူတစ်ယောက် ဖြစ်ပေမည်ဟု ဆိုလိုပေသည်။ သို့ရာတွင် သူက ဖူကောကိုသိသည့်လူဖြစ်နေသည်။
ဒီကိစ္စတွေကြားထဲမှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာများလား...
လှေကားထစ်များတွင် မတ်တပ်ရပ်နေသည့် ခွန်းဖမ်က ရုတ်တရက် ကျန်းခယ့်နှင့် ထိုအမျိုးသမီးမိစ္ဆာကို လှမ်းကြည့်လိုက်သည်။
" မင်းတို့နှစ်ယောက် ဘာတွေပြောနေတယ်ဆိုတာ ငါ မကြားဘူးလို့များ ထင်နေတာလား..."
ကျန်းခယ့်နှင့် အမျိုးသမီးမိစ္ဆာ : ...
" မင်းက ငါတို့မတွေ့ဖြစ်တဲ့ နှစ်လေးထောင်အတွင်း အရမ်းကို စွာလာတာပဲ... မင်းနဲ့ အသက် သုညအလုံးရေ တော်တော်ကွာတဲ့ ဂျူနီယာလေးတွေကိုတောင် အော်ငေါက်နေပြီ..."
ပိုင်ဇယ်ကလည်း လှေကားထစ်များပေါ် တက်လာသည်။
" ထားလိုက်ပါတော့ ထားလိုက်ပါတော့... ငါက ငါတို့မိသားစုက ကလေးကိုရှာဖို့ အလျင်လိုနေတယ် မင်းနဲ့ အဓိပ္ပါယ်မရှိတာတွေ မပြောချင်ဘူး..."
" မင်းတို့မိသားစုရဲ့ ကလေးတဲ့လား... ဘာကလေးလဲ..."
ခွန်းဖမ်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူ့ရင်ထဲတွင် ခံစားချက်တစ်မျိုး ဖြစ်သွားသည်။
" ဦးလေးပိုင်..."
ဖူလီက အမြန်ပြေးထွက်လာသည်။ ပိုင်ဇယ်ကိုမြင်သည်နှင့် တအံ့တဩဖြင့် အော်လိုက်ပြီး ယုန်တစ်ကောင်သဖွယ် ခုန်ဆွခုန်ဆွနှင့် ပိုင်ဇယ်၏ ရှေ့တည့်တည့်ကို ခုန်လာလိုက်သည်။
" တကယ်ပဲ ဦးလေးကိုးးး..."
" မင်းတောင် တော်တော်လေး အရွယ်ရောက်လာပြီပဲ..."
ပိုင်ဇယ်က မျက်မှန်ချွတ်ပြီး ဖူလီ့ပခုံးကို ပုတ်လိုက်သည်။
" ခန္ဓာကိုယ်လည်း ပိုတောင့်လာတယ်..."
သူ့ကို ပို၍အံ့ဩသွားစေသည့်အရာမှာ ဖူလီ့ကိုယ်ပေါ်မှ အရောင်ဖျော့ဖျော့ ရွှေရောင်သူတော်ကောင်းတရားနှင့် သက်ဦးဆံပိုင်ဘုရင်တစ်ယောက်၏ ခရမ်းရောင်ချီဓာတ်မျိုးဖြစ်သည်။ ထိုနှစ်က ကောင်းကင်ဘုံစည်းမျဉ်း သူတို့ကို ပြစ်ဒဏ်ခတ်ချိန်တွင် ဖူလီနှင့် ကွဲသွားစဉ်က ဖူလီ့ထံတွင် ထိုအရာများ မရှိသေးပေ။
ဖူလီက လူသားလောက၏ မြောက်များစွာသော ဝိညာဉ်ချီဓာတ်များ၊ ခံစားချက် ခုနစ်ပါးနှင့် တောင့်တမှုခြောက်မျိုးတို့မှ ဖြစ်တည်လာခဲ့သည့် ဝိညာဉ်တစ်ခုဖြစ်သည်။ သူ၏ အစီအစဉ်မကျသော ဇာတာခွင်က နိမိတ်ဆိုများစွာဖြစ်စေ၍ ဖူလီ့ထံတွင် သူတော်ကောင်းတရားနှင့် ခရမ်းရောင်ချီဓာတ်တို့ ရှိနေသင့်သည် မဟုတ်ပေ။
လွန်ခဲ့တဲ့ နှစ် ၂၀၀၀တုန်းက ဖူလီ ဘာတွေကို ကြုံတွေ့ခဲ့လို့များ သူ့ရဲ့ဇာတာခွင်က ပြောင်းပြန်တွေ ဖြစ်ကုန်ရတာလဲ...
ကန္တာရ၏ အလယ်ဗဟိုတွင် ချိပ်ပိတ်ခံခဲ့ရပြီး နေ့စဉ်နေ့တိုင်း ပြင်းထန်သည့် နေရောင်ခြည်များကို တွေ့ကြုံခံစားခဲ့ရသောကြောင့် ပိုင်ဇယ်၏ ကောင်းကင်နှင့် ကမ္ဘာမြေအကြောင်း ကြိုတင်နိမိတ်ဖတ်နိုင်မှု စွမ်းရည်က အလွန်အမင်းအားနည်းလာပြီး စွမ်းရည်အများစုကလည်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
ဖူလီ၏ ကံကြမ္မာကို သူ့ဂမ္ဘီရနည်းဖြင့် မကြည့်နိုင်တော့ပေ။ ယခုချိန်၌ ခွန်းဖမ်၏ ဇာတာခွင်ကိုပင် သူ မကြည့်နိုင်တော့ပေ။
" ယုန်လေး... မင်းက ပိုင်ဇယ်ရဲ့ ဂျူနီယာလား..."
ဖူလီနှင့် ပိုင်ဇယ်တို့ ပျော်ရွှင်စွာဖြင့် ပြန်လည်တွေ့ဆုံကြသည်ကို မြင်သည့်အခါ ခွန်းဖမ်က အော်ပြောလိုက်သည်။
" ငါ အရင်တုန်းက မင်း ပိုင်ဇယ်ကို တွေ့ဖူးလားလို့ မေးဖူးတယ်လေ... ဘာလို့ မတွေ့ဖူးဘူးလို့ ပြန်ဖြေခဲ့တာလဲ..."
ဖူလီကဲ့သို့ "ဟို့" ကို မင်္ဂလာသားရဲဖြစ်သည့်ပိုင်ဇယ်က ပြုစုစောင့်ရှောက်ခဲ့မည်ဟု သူ မထင်ထားခဲ့ပေ ။၎င်းက ကောင်းကင်ဘုံစည်းမျဉ်း၏အောက်မှ ဟာသတစ်မျိုးဖြစ်နေသည်။
သူ့ကို ဦးလေးလို့တောင် ခေါ်နေပြီးတော့ အရင်က တစ်ခါမှ မတွေ့ဖူးဘူးလို့ ပြောတယ်ပေါ့လေ... တကယ်ကို မထင်ထားမိတာပဲ... တခြားလူတွေထက် ပိုပြီး ရိုးသားဖြူစင်တယ်လို့ထင်ရတဲ့ ဂျူနီယာလေးက လိမ်တဲ့နေရာမှာ သူများတွေထက် ဆရာကျနေတာပဲ...
" ပိုင်ဇယ်တဲ့လား..."
ခွန်းဖမ်၏ စူးခနဲအော်ဟစ်သံကြီးကို ကြားလိုက်ရသည့်အခါ အားလုံးက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု တွေးလိုက်နိသည်။
ကောင်းကင်နဲ့ ကမ္ဘာမြေတစ်ခွင်က လူဝင်စားဖြစ်စဉ်တွေကို တွေ့နိုင်ပြီး အနာဂတ်ကို ဟောပြောနိုင််တဲ့ နာမည်ကျော်ပိုင်ဇယ်က သူတို့ရှေ့က မတ်တပ်ရပ်နေတာတဲ့လား..
ကျန်းခယ့်က သက်ဝင်လှုပ်ရှားနေသည့် မိစ္ဆာများအကြား တိုးဝှေ့ပြီး ဝင်ကြည့်လိုက်သည်။ သူ့ဖုန်းထုတ်ပြီးသည့်နောက်တွင် သူ့လုပ်ဖော်ကိုင်ဖက်များကို မက်ဆေ့ပို့လိုက်သည်။
" အမြန်လာကြ... မင်္ဂလာသားရဲပိုင်ဇယ်ကို မြန်မြန်လာကြည့်ကြ ဒီမှာ သက်ရှိထင်ရှားကြီး ရှိနေတာနော်..."
" ခေါင်းကြီးငါး... မင်း ငါ့ကို မနိုင်တာနဲ့ပဲ ငါ့တူလေးကို အနိုင်ကျင့်ဖို့ လုပ်နေတာလား..."
ပိုင်ဇယ်က ဖူလီ့ကို သူ့နောက်ပို့လိုက်ပြီး မျက်မှန်ပြန်တပ်ကာ ခွန်းဖမ်ကို စူးစူးရဲရဲကြည့်နေသည်။
" မင်း အသံကျယ်ကြီးနဲ့ ငါတို့ကို ခြိမ်းခြောက်နေတာလား..."
" ယီးကို ခြိမ်းခြောက်လေ..."
ဖုန်းဂိမ်းများ ကစားရသည်ကိုစွဲနေသော ခွန်းဖမ်က အင်တာနက်ပေါ်မှ ဆဲရေးသည့် ဗန်းစကားများကိုပါ တတ်နေပြီဖြစ်သည်။
" ဖူလီလေး မင်းငါ့ကို အဲ့အချိန်တုန်းက ဘာပြောခဲ့လဲ..."
" အကြီးအကဲဆိတ်ဖြူကြီးက ပိုင်ဇယ်ဆိုတာ ကျွန်နော် အဲ့တုန်းက မသိခဲ့လို့ပါ..."
ဖူလီက ပိုင်ဇယ့်ပခုံးနောက်မှ ခေါင်းပြူထွက်လာပြီး အကာအကွယ်ယူထားလိုက်သည်။
" ကျွန်တော့်အပြစ် မဟုတ်ဘူးလေ..."
" မင်း ငါ့ကို ငတုံးလို့များ ထင်နေလား..."
ခွန်းဖမ်က ဒေါသတကြီးဖြင့် အော်ရယ်လိုက်သည်။
" မင်း သူတို့နဲ့ နှစ်ထောင်ချီအောင် နေလာခဲ့တာ သူတို့ဘာတွေလဲ မသိဘူးလား..."
ပိုင်ဇယ်က ဖူလီ့ကို တွန့်ဆုတ်စွာဖြင့် လှည့်ကြည့်လိုက်ပြီးနောက် ခွန်းဖမ်ကို စူးစူးရဲရဲလှမ်းကြည့်လိုက်သည်။
" မင်းကို ငတုံးလို့ထင်ရင်ရော ဘာဖြစ်လဲ..."
ခွန်းဖမ် : " မင်း..."
" အပြင်ဘက်မှာ ဘာလို့အော်နေကြတာလဲ..."
ကျွမ်းချင်၏အသံ ထွက်ပေါ်လာသည်နှင့် အပြင်ဘက်တွင် ပွဲကြည့်နေကြသည့် မိစ္ဆာငယ်လေးများက ကျွမ်းချင် အခြေအနေကို ရှင်းလင်းစွာ မြင်ရစေရန် လမ်းဖွင့်ပေးလိုက်သည်။