Chapter 163
ကျွမ်းချင်က အားလုံးဖယ်ပေးထားသည့် လမ်းလေးထဲမှ ဖြတ်လျှောက်လာပြီးနောက် ရုတ်ချည်းရပ်တန့်သွားသည်။ ပိုင်ဇယ်၏နောက်တွင်ရှိနေသော ဖူလီ့ကိုကြည့်ကာ သူ ပိုင်ဇယ့်ကို ရိုသေစွာ ပြုံးပြလိုက်သည်။
" စီနီယာပိုင် မင်္ဂလာပါ..."
" မင်္ဂလာပါ ..."
မင်္ဂလာသားရဲဖြစ်သည့်ပိုင်ဇယ်က သူတော်ကောင်းတရားနှင့် ခရမ်းရောင်ချီဓာတ်ပေါများသည့် သက်ရှိများကို အလွန်နှစ်သက်ပေသည်။ သူ နေထိုင်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ကျွမ်းချင်ကဲ့သို့ ရွှေရောင်သူတော်ကောင်းတရားအလင်းများ ပိုင်ဆိုင်ပြီး တစ်ကိုယ်လုံး သက်ဦးဆံပိုင်ဘုရင်တစ်ပါး၏ ခရမ်းရောင်ချီဓာတ်မျိုး လွှမ်းခြုံထားသည့်သက်ရှိမျိုးကို များများပြားပြား မတွေ့ခဲ့ဖူးပေ။ သို့ဖြစ်၍ သူက ကျွမ်းချင်ကို ပထမဆုံး တွေ့သည့်အချိန်မှာပင်နှစ်သက်သဘောကျသွားမိသည်။
ပြီးတော့...
ပိုင်ဇယ်၏ အမူအရာက သိသိသာသာပြောင်းလဲသွားသော်လည်း။ သူအမြန်ဖုံးကွယ်လိုက်သည်။
ဖူလီက ပိုင်ဇယ့်နောက်မှ ထွက်လာသည်။ သူ ကျွမ်းချင်၏ အင်္ကျီစကိုဆွဲကာ ပိုင်ဇယ့်ကို ပြောပြလိုက်သည်။
" ဒါက ကျွန်တော့်ရဲ့ အနာဂတ်တာအိုလက်တွဲဖော် ကျွမ်းချင်ပါ..."
ဖူလီ့စကားများကို ကြားသည့်အခါ ပိုင်ဇယ့်အမူအရာက သိသိသာသာ ထူးဆန်းသွားသည်။ အချိန်အတန်ကြာပြီးမှ သူ ခေါင်းတဆတ်ဆတ်ညိတ်တော့သည်။
" ကောင်းတယ် အရမ်းကောင်းတယ်..."
ဘေးနားတွင် စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသော စီမံခန့်ခွဲရေးဗျူရို၏ဝန်ထမ်းများ အံ့အားသင့်သွားကြသည်။
ဖူကောရဲ့ အကြီးအကဲတွေက စကားပြောရဆိုရ လွယ်လိုက်တာ... သူတို့တွေက နက်နဲတဲ့ ကျင့်ကြံဆင့်နဲ့ ရှားပါးရတနာတွေ ပိုင်ထားတာတောင်မှ ဖူလီက မိစ္ဆာအထီးတစ်ယောက်ကို လက်တွဲဖော်အဖြစ်ရွေးထားတာကို အလွယ်တကူ လက်ခံတယ်ပေါ့လေ... သူတို့က ဖူလီ့ကို အဲ့လောက်တောင် ချစ်ကြတာလား...
" ရှောင်လီရဲ့ တာအိုလက်တွဲဖော်က ဒီလောက် အလျင်စလိုရောက်လာမယ်လို့ မထင်ထားမိဘူး... ဒီနှစ်တွေထဲ ငါ ပစ္စည်းကောင်းတွေတောင် မစုဆောင်းထားရသေးဘူး..."
ပိုင်ဇယ်က သူ့ချမ့်ခွန်းအိတ်ထဲမှ ပစ္စည်းများကို မွှေနှောက်ရှာဖွေနေပြီးသည့်နောက်တွင် စာအုပ်များထည့်ထားသည့် ဘူးတစ်ဘူးကို ထုတ်လာသည်။
" ဒီထဲမှာ နဂါးပြာရဲ့ ကျင့်ကြံရေးအပေါ် ထိုးထွင်းသိမြင်မှုတွေနဲ့ တာအိုစည်းမျဉ်းတွေပါတယ်... ယူထားလိုက်ပါ မင်း ပျင်းရင် ဖတ်လို့ရတာပေါ့..."
နဂါးပြာရဲ့ ကျင့်ကြံရေးနည်းလမ်းတွေလား...
ခွန်းဖမ်၏မျက်နှာက ရှုံ့မဲ့သွားသည်။
ဒီအရှက်မဲ့တဲ့ ပိုင်ဇယ်ဆိုတဲ့ကောင်က နတ်ဘုရားသားရဲ နဂါးပြာရဲ့ ကျင့်ကြံရေးနည်းလမ်းတွေကို တကယ်ဖွက်ထားတာပေါ့...
" ကျွန်တော် ဒါတွေကို ဘယ်လို..."
ကျွမ်းချင်က စိတ်ရှုပ်ထွေးလွယ်သည့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူက နဂါးပြာ၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားပြီးဖြစ်၍ ဘူးထဲတွင်ပါဝင်သည့် ကျင့်ကြံရေးနည်းလမ်းများက မည်မျှတန်ဖိုးကြီးကြောင်းသိသည်။
" ယူထားလိုက်ပါ..."
ပိုင်ဇယ်က ပြုံးလိုက်သည်။
" မင်းက ရှောင်လီလေးရဲ့ တာအိုလက်တွဲဖော်ဆိုတော့ ငါတို့မိသားစုဝင် ဖြစ်သွားပြီလေ... မိသားစုဝင်တွေကြားမှာ နှမျောစရာအကြောင်းတွေ မရှိပါဘူး..."
သူ၏ ကော့ညွတ်စွာပြုံးနေသည့် မျက်လုံးများက မှေးကျဉ်းသွားသည်။
" မင်း ဖူလီရဲ့ တာအိုလက်တွဲဖော် မဖြစ်ချင်လို့လား..."
" ဒီဂျူနီယာက အဲ့လိုသဘောနဲ့ပြောတာ မဟုတ်ပါဘူး..."
ကျွမ်းချင်က အခိုင်အမာ ပြန်ပြောလိုက်သည်။
" အခု မင်းတို့က ကံကြမ္မာချင်း ချည်နှောင်လိုက်ပြီပေါ့လေ..."
ပိုင်ဇယ်က သစ်သားဘူးကို ကျွမ်းချင်၏လက်ထဲ ထည့်ပေးလိုက်ပြီး ဖူလီ့ဘက်လှည့်ကာ ပြောလိုက်သည်။
" ဒီနေရာမှာ တစ်ချိန်လုံးရပ်ပြီး စကားပြောနေတာ မသင့်တော်ဘူး... ရှောင်လီ မင်းရဲ့ ခရီးပန်းလာတဲ့ဦးလေးကို နားဖို့ခေါ်သွားပါဦး..."
" စီနီယာပိုင် ကျေးဇူးပြုပြီးကြွပါ..."
" မင်းက ဖူလီရဲ့ ဝာာအိုလက်တွဲဖော်ပဲ... ငါ့ကို သူခေါ်သလို ဦးလေးပိုင်လို့ပဲ ခေါ်လေ..."
" ဟုတ်ကဲ့ပါ ဦးလေးပိုင်..."
ခွန်းဖမ်က သူ့မေးစေ့ကိုပွတ်ပြီး ပိုင်ဇယ်ကို မျက်ခုံးများ တွန့်ချိုးပြီး ကြည့်နေသည်။
ဒီပိုင်ဇယ်ဆိုတဲ့ကောင်က တော်တော်လေး သူတော်ကောင်းယောင်ဆောင်တတ်တာပဲ... သူက အပေါ်ယံမှာတော့ သိမ်မွေ့ပြီး တခြားလူတွေနဲ့ အဆင်ပြေဟန်ဆောင်နေပေမယ့် တကယ်တော့ အရမ်းကြေးများတာ... နှစ်တစ်ရာကြာပြီးရင်တောင် သူ သဘောကျတဲ့ မိစ္ဆာတစ်ကောင် ရှာတွေ့ဖို့ လွယ်တာမဟုတ်ဘူး...
ဒါပေမဲ့ အခုကျတော့ ကျွမ်းချင်ကို သူ့သားအရင်းလိုမျိုး ဆက်ဆံနေပါလား... သူ တကယ်ပဲ ကျွမ်းချင်ကို သဘောကျလို့များလား...
မဟုတ်သေးဘူး မဟုတ်သေးဘူး... ဒါက လုံးဝကို ပိုင်ဇယ်ရဲ့ပုံစံမဟုတ်ဘူး...
သူ ထိုသို့တွေးတောနေလျက်ဖြင့် သူတို့နောက်ကို လိုက်သွားလိုက်သည်။
" ရှောင်လီ..."
အခြားကျင့်ကြံသူများနှင့် အဝေးသို့ရောက်သည့်အခါ ပိုင်ဇယ်က မျက်မှန်ချွတ်လိုက်သည်။ သူ၏ ကူကယ်ရာမဲ့ပြီး နာကျင်နေသည့် အမူအရာကို ချောမောခံ့ညားသည့်မျက်နှာဖြင့် ပေါင်းစပ်လိုက်သည့်အခါ သူက ကမ္ဘာကြီးကို အပိုင်းပိုင်းအစစဖြစ်စေသည့် ပြစ်မှုမျိုးကို ကျူးလွန်ထားလျှင်ပင် မြင်ရသူ၏ နှလုံးသားက ပျော့ပျောင်းသွားနိုင်ပေသည်။
" တကယ်တော့ ငါ ရှင်းပြစရာကိစ္စတွေ ရှိသေးတယ်..."
" ဦးလေးက ပိုင်ဇယ်ဖြစ်နေပေမယ့် ကျွန်တော်က ဆိတ်ဖြူကြီးလို့ အထင်လွဲနေတာကို ရှင်းပြမလို့လား..."
ဖူလီက သူ့ဘေးတွင် ထိုင်ချလိုက်ပြီး သူ၏အပြုအမူနှင့် အလိုက်သင့်နေရန် ငြင်းဆန်လိုက်သည်။
" ဒီကိစ္စက... ဘယ်သူမှတော့ အဲ့လိုလုပ်ချင်စိတ် မရှိခဲ့ပါဘူး..."
ပိုင်ဇယ်၏ အပြုံးများက ပိုမိုသိမ်မွေ့လာသည်။
" ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီနေရာမှာ အဆင်ပြေပြေနေနိုင်တာကို မြင်ရရုံနဲ့တင် ငါ စိတ်ချလက်ချ နေနိုင်ပါပြီ..."
သူက ကျွမ်းချင်ပေးသည့် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး သူ့အင်္ကျီအောက်မှ ဆွေးမြေ့နေသည့် ဒဏ်ရာများကို ပြလိုက်သည်။
" ဦးလေးပိုင်... လက်မောင်းပေါ်က ဒဏ်ရာတွေက ဘယ်လိုဖြစ်တာလဲ..."
ဖူလီက ဤသို့သောဒဏ်ရာမျိုးကို ခန်းကူပေါ်တွင်လည်း မြင်တွေ့ခဲ့ပေသည်။
" ဒါ ဘာမှ မဟုတ်ပါဘူး... နည်းနည်းလောက်ကြာရင် ပျောက်သွားမှာ..."
ပိုင်ဇယ်က ပြုံးပြလိုက်သည်။
" ကျွန်တော့်ကို ထပ်လိမ်ပြန်ပြီ... ဦးလေးရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ဘာလို့ ဒီဒဏ်ရာတွေ မြန်မြန်မပျောက်ရတာလဲ..."
ဖူလီက အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး မျက်ခုံးများပင့်၍ ပြောလိုက်သည်။
" လွန်ခဲ့တဲ့နှစ်တွေက ဒီဒဏ်ရာတွေ ရခဲ့တာလား..."
" တကယ် ဘာမှမဖြစ်ပါဘူး..."
ပိုင်ဇယ်က ဖူလီ့ခေါင်းကို ပွတ်လိုက်သည်။
" အရင် ထိုင်လိုက်ပါဦး... ပြီးတော့ မင်း ဒီနှစ်တွေအတွင်း ဘယ်လိုနေခဲ့လဲဆိုတာပြောပြ..."
ပိုင်ဇယ်က တစ်ဖက်လူ၏ ယုံကြည်မှုကိုရရန် ဒဏ်ရာအနာတရဖြစ်ထားသည်များကို ပြသသည့် လှည့်ကွက်ကိုသုံးလိုက်သည်ကို မြင်သောအခါ ကျွမ်းချင်က ဖူလီ၏ အတွေးမျှင်တန်းများကို မဖျက်ဆီးမိတော့ပေ။ သူ ခေါင်းငုံ့ကာ လက်ဖက်ရည် သောက်နေလိုက်သည်။ ဤသို့သော အခြေအနေမျိုးတွင် မည်သည့်အရာကိုမဆို မမြင်ဟန်ဆောင်နေခြင်းက ပိုကောင်းပေသည်။
ဖူလီ လူသားလောကသို့ ရောက်ရှိလာပြီးချိန်တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ကြားသည့်အခါ ပိုင်ဇယ်က ကျွမ်းချင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျွမ်းချင်နှင့် အကြည့်ချင်းဆုံသွားသော်လည်း သူ့အပြုံးကို တည်ငြိမ်စွာဖြင့် ထိန်းသိမ်းထားပြီး ခိုးကြည့်သည်ကို မိသွားခြင်းကြောင့် ရှက်ရွံ့ခြင်းနှင့် လိပ်ပြာမလုံခြင်းမျိုးလည်း မဖြစ်ပေ။
ကပ်ဘေးနတ်ဘုရားက မိုးကြိုးကြောင့် သေလုမျောပါးဖြစ်သွားသည့်အကြောင်း ဖူလီ ပြောပြနေချိန်တွင် ပိုင်ဇယ်က ရုတ်တရက် ထမေးလိုက်သည်။
" ဒီနှစ်မှာ မင်္ဂလာရှိတဲ့ရက် ဘယ်နှရက်ရှိလဲ... မင်းနဲ့ ကျွမ်းချင်တို့ ဘယ်နေ့မှာ တာအိုပေါင်းစည်းအခမ်းအနား လုပ်မှာလဲ..."
ဖူလီ : " အဲ..."
ကြည့်ရတာ ကျင့်ကြံရေးလောက က အကြီးအကဲတွေတောင်မှ လက်ထပ်ဖို့ကို အတင်းဖိအားပေးတတ်ကြတာ ပါပဲလား...
" ဘာတွေ 'အဲ' နေတာလဲ... မင်းက ကျွမ်းချင်ထက် နှစ် ၂၀၀၀လောက် ပိုကြီးပြီးတော့ မင်းတို့ကြားက ဆက်ဆံရေးကလည်း အဆင်ပြေနေတာပဲ... မင်းတို့တွေ တာအိုပေါင်းစည်း အခမ်းအနားတောင် မလုပ်တော့ဘဲ ဒီလိုပဲ နေကြမှာလား..."
ထိုစကားလုံးများက သူနှင့် အနည်းငယ် ရင်းနှီးနေသည်ဟု ဖူလီခံစားလိုက်ရသည်။
သိပ်မကြာခင်က တစ်နေရာရာမှာ ကြားခဲ့ဖူးသလိုပဲ...
" ရောင်ပြန်မြူတောင်က မိစ္ဆာတွေက စိတ်ခံစားချက်နဲ့ တာဝန်သိစိတ်ကို အလေးပေးကြတယ်... စွန့်ပစ်ထားတာတို့ အပျော်သဘောနဲ့ ဆော့ကစားတာမျိုးကို ကျိန်းသေပေါက် ခွင့်မပြုဘူးနော်..."
ပိုင်ဇယ်က ကျွမ်းချင်ကို လှည့်ကြည့်လိုက်သည်။
" တူလေး မင်းရော ဘယ်လိုထင်လဲ..."
ကျွမ်းချင် တစ်စက္ကန့်ခန့် ငြိမ်သက်သွားသည်။ ဖူလီ၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ ပြောလိုက်သည်။
" အားလုံးက ဖူလီ့ဆန္ဒအတိုင်းပါပဲ... ကျွန်တော့်မှာကလည်း အကြီးအကဲတွေ မရှိဘူးဆိုတော့ အားလုံးအဆင်ပြေပါတယ်..."
" ငါ မင်းတို့နှစ်ယောက်လုံးကို မနက်ဖြန်ကျ တာအိုပေါင်းစည်းအခမ်းအနားလုပ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ..."
" ဖူလီ မငြင်းဘူးဆိုရင်တော့ ကျွန်တော်လည်း ဆန္ဒရှိပါတယ်..."
ပိုင်ဇယ်က ကျွမ်းချင်ကို စူးစူးရဲရဲကြည့်နေလိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
" ငါ မင်းတို့ကို နောက်နေတာပါ... ဖူလီက ငါ့ရဲ့ တစ်ဦတည်းသော တူလေးလေ... မင်းတို့ရဲ့ တာအိုပေါင်းစည်း အခမ်းအနားကို ဖြစ်ကတတ်ဆန်းလုပ်လို့ ဘယ်ဖြစ်မလဲ... မနက်ဖြန်လုပ်မယ်ဆို အရမ်းလောလွန်းတာပေါ့..."
" မင်းရော အဲ့လို မထင်ဘူးလား ဖူလီ..."
ဖူလီက ခဏတွေးလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် ဒီကိစ္စက ပေါ့ပေါ့တန်တန်လုပ်လို့တော့ မရဘူး..."
အဲ့တော့ သူ ကျွမ်းချင်နဲ့အတူ တာအိုပေါင်းစည်း အခမ်းအနားလုပ်မယ်ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုတာလဲ...
.....
ဘန်း...
ခွန်းဖမ်က တံခါးကို အပြင်ဘက်မှ ဆောင့်တွန်းဖွင့်လိုက်ပြီး လေးလံနေသည့် အမူအရာဖြင့် ဝင်လာသည်။ ပုံမှန်အချိန်တွင် ပျင်းရိပျင်းတွဲဖြင့် နေဝတ်သောခွန်းဖမ်က ပြုံးရယ်နေခြင်း မရှိသည့်အချိန်တွင် သူက သာမန်ယောင်ကျင့်ကြံသူမဟုတ်ပဲ ရှေးဟောင်းမဟာမိစ္ဆာဖြစ်ကြောင်း အားလုံးကို ပြန်လည်အမှတ်ရသွားအောင် ပြုလုပ်နေသည်နှင့် တူသည်။
ပိုင်ဇယ်က မျက်ခုံးအနည်းငယ်တွန့်ချိုးလိုက်သည်။ သူ့လက်ကိုယမ်းလိုက်ပြီးနောက် ဂျူနီယာနှစ်ယောက်ကို ဘေးနားတွင်ရပ်နေရန် အချက်ပြလိုက်သည်။
" ခွန်းဖမ် မင်း ဘာဖြစ်ချင်လို့လဲ..."
" အဲဒီနှစ်က ဘာဖြစ်ခဲ့တာလဲ..."
ခွန်းဖမ်က ပိုင်ဇယ်၏ ရှေ့တည့်တည့်ကို ရောက်လာသည်။
" အဲ့တုန်းက မရေမတွက်နိုင်အောင်များတဲ့ မဟာမိစ္ဆာတွေ ခြေရာလက်ရာတောင် မကျန်ဘဲ ပျောက်သွားခဲ့ပြီး ရှေးခေတ်တည်းက ရှိနေခဲ့တဲ့ ယောင်ကျင့်ကြံသူတွေဆိုလည်း တချို့က အိပ်ပျော်သွားကြတယ်၊ တချို့က ချိပ်ပိတ်ခံရတယ်၊ တချို့တွေ သေသွားကြတယ်... အဲဒါက တကယ်ပဲ..."
" မင်း ခန့်မှန်းနိုင်တယ် ဆိုမှဝောာ့ ဘာလို့ ငါ့ကို လာမေးနေသေးတာလဲ..."
ပိုင်ဇယ်က သူ့ကို ဘေးနားတွင် ထိုင်ခိုင်းလိုက်သည်။
" ဘာလို့ အရမ်းတွေ ကြမ်းတမ်းနေတာလဲ... ပြောစရာတစ်ခုခုရှိရင် သေချာထိုင်ပြောလေ..."
ခွန်းဖမ်က ထိုင်လိုက်မိပြီးမှ အသိစိတ်ပြန်ကပ်သွားသည်။
သူ ဘာလို့ ပိုင်ဇယ့်စကားကိုနားထောင်ပြီး ထိုင်လိုက်ရတာလဲ... ဒါ ဘယ်လိုတောင် ရှက်စရာကောင်းတာလဲ... ဒါပေမဲ့ ထိုင်လိုက်ပြီးပြီဆိုတော့ ပြန်ထလိုက်မယ်ဆို ပိုရှက်စရာကောင်းသွားမှာ...
" ဟုတ်ပါပြီ မင်းက မဟာအရှင်သခင်ဆိုတော့ ကိုယ့်ရဲ့ အပြုအမူတွေကို ဟန်ဆောင်ပန်ဆောင် လုပ်နေစရာ မလိုပါဘူး..."
ပိုင်ဇယ်က မေးငေါ့လိုက်သည်။
" သေချာထိုင်စမ်းပါ..."
ဖူလီက ကျွမ်းချင်ကို သူ့ဘေးနားဆွဲခေါ်ပြီး ထိုင်ခိုင်းလိုက်သည်။ သူ၏ ချမ့်ခွန်းအိတ်ထဲမှ သစ်သီးပန်းကန် တစ်ပန်းကန်ကိုထုတ်ပြီး သူနှင့် ကျွမ်းချင်အကြားတွင် ချထားလိုက်သည်။
" သူတို့ စကားပြောတာ နားထောင်ရင်း စားရအောင်..."
" ဒီမှာ မြေပဲတွေလည်းရှိတယ်..."
ဖူလီက မြေပဲများနှင့်အတူ သူနှင့် ကျွမ်းချင်အတွက် ဝိညာဉ်အဆီအနှစ် နှစ်ပုလင်းကို ထုတ်လိုက်သည်။
ခွန်းဖမ်၏ အလွန်ခံ့ညားထည်ဝါသော ဟန်ပန်က မြေပဲများ တဂျွတ်ဂျွတ်ဝါးနေသံကြားသည်နှင့် တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားသည်။ သူ စိတ်မကြည်မလင်ဖြင့် ဖူလီ့ကို လက်ကာပြလိုက်သည်။
" မင်း အပြင်မှာသွားစားလို့ မရဘူးလား... ဒီမှာ အနှောင့်အယှက်ဖြစ်နေပြီလေ..."
" အိုး..."
ဖူလီ့ ပါးစပ်ထဲတွင် မြေပဲများဖြင့်ပြည့်နေပြီး သူ့မျက်နှာလေးတွင်လည်း အပြစ်ကင်းစင်မှုများ ရှိနေသည်။
" ပြီးတော့ မင်းးး..."
ခွန်းဖမ်က ကျွမ်းချင်ဘက်လှည့်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
" မင်းရဲ့ အရင်တုန်းက တည်ငြိမ်ရင့်ကျက်မှုတွေက ဘယ်လိုလုပ် အလဟဿ ဖြစ်သွားတာလဲ... မင်း ဖူလီ့ဆီကနေ ဘာတွေသင်လိုက်ရလို့ ဒီလိုဖြစ်သွားတာလဲ..."
ကျွမ်းချင်က သူ့ကို မျက်နှာသေကြီးဖြင့် ကြည့်နေသည်။ သူက တိတ်ဆိတ်စွာဖြင့် ဖူလီ့ကို မြေပဲခွံများ ခွာပေးပြီး လက်ထဲထည့်ပေးနေသည်။
" ထားလိုက်ပါတော့..."
ခွန်းဖမ်က စိတ်ပျက်လက်ပျက်ဖြင့် ပခုံးတွန့်လိုက်သည်။
" လူသားတွေက ကိုယ်နဲ့ အနေနီးတဲ့လူတွေရဲ့ အကျင့်တွေ ကူးသွားတတ်တယ်လို့ပြောတာ အံ့ဩစရာမဟုတ်တော့ပါဘူး... မင်းကို ဒီယုန်လေးက အကျင့်ပျက်အောင် လုပ်လိုက်တာပဲ..."
" မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ... ငါတို့မိသားစုရဲ့ ရှောင်လီက လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းတယ်... သူက ဘာကိစ္စနဲ့ တခြားလူတွေကို အကျင့်ပျက်အောင် လုပ်မှာလဲ..."
ပိုင်ဇယ်က ခွန်းဖမ်၏အောက်မှ ခုံပုလေးကို ကန်လိုက်သည်။
" ငါတို့မိသားစုရဲ့ ကလေးကို မကောင်းပြောရင် သေအောင်ရိုက်ပစ်မယ်..."
" အသက်က နှစ်လေးထောင်တောင် ရှိနေပြီကို သူက ကလေးတဲ့လား..."
ခွန်းဖမ်က သရော်လိုက်ပြီးနောက် ရုတ်တရက် ထမေးလိုက်သည်။
" ဖူလီက ဒီနှစ် ဘယ်နှနှစ်ပြည့်မှာလဲ..."
" အဲဒါ မင်းသောက်ပူပါလား..."
ပိုင်ဇယ်က မျက်ခုံးများ တွန့်ချိုးလိုက်သည်။
" ငါ ပင်လယ်ထဲကနေ ထွက်လာချိန်က ကမ်းခြေမှာတင် မင်းတို့ရဲ့ အသေအကြေထိုးနှက်တာ ခံရသေးတယ်လေ ပြီးတော့မှ ပင်လယ်ထဲ ပြန်ချိပ်ပိတ်ခံလိုက်ရတာ... အဲ့အချိန်က လောကကြီးတစ်ခုလုံးကိုတောင် တုန်သွားလောက်တဲ့ ငိုသံကြီး ကြားလိုက်ရတယ်..."
ဖူလီ့ကိုကြည့်နေသော ခွန်းဖမ်၏အကြည့်က အန္တရာယ်များလာသည်။
" အဲ့အချိန်တုန်းက ငါအိပ်ပျော်နေတာ ဒါပေမဲ့ အဲ့ကလေးကြောင့် နိုးသွားပြီးတော့ အပြင်ထွက်လာပြီး ဘယ်သူငိုနေတာလဲ ကြည့်မလို့လုပ်တဲ့အချိန် ငါ့ကို မင်းတို့တွေဖမ်းသွားပြီး ချိပ်ပိတ်လိုက်တာပဲ..."
ဖူလီက ကျွမ်းချင်အနားကို တိုးလိုက်သည်။ ကျွမ်းချင်က ရှေ့အနည်းငယ်တိုးလိုက်ပြီး ဖူလီ့ကို ခွန်းဖမ်မကြည့်အောင် ပိတ်ထားလိုက်သည်။
ခွန်းဖမ် : ...
ဒီလို ပုပ်သိုးနေတဲ့ လူ့လောကကြီးမှာ ငါ ဆက်မနေနိုင်တော့ဘူးထင်တယ်...
ခွန်းဖမ်က ဟမ့်ခနဲ အသံပြုပြီး ထရပ်လိုက်သည်။
" မင်းတို့ မိစ္ဆာတစ်မိသားစုလုံး ငါ့ကိုအနိုင်ကျင့်နေကြတာပဲ..."
" ငါတို့တွေက မိသားစုဆိုတာတော့ မင်းသိသေးတာပဲ... တကယ်လို့ ငါတို့က မင်းကို အနိုင်မကျင့်ဘူးဆိုရင် မင်းက မင်းဘာသာမင်း အနိုင်ကျင့်မှာလား..."
ပိုင်ဇယ်က ပြုံးပြီး လက်ယမ်းပြလိုက်သည်။
" မင်း ထွက်သွားသင့်တာ ကြာရောပေါ့... ဘာလို့ ဒီမှာနေပြီး ငါတို့ရဲ့စကားဝိုင်းကို နှောင့်နှေးအောင် လုပ်နေတာလဲ..."
ခွန်းဖမ် : .....
ဒီသောက်ကျင့်မကောင်းတဲ့ မိစ္ဆာကတော့..
ခွန်းဖမ်က ကြီးကျယ်ခံ့ညားစွာ ရောက်လာခဲ့သော်လည်း ဒေါသထွက်လွန်း၍ တံခါးကို ဘန်းခနဲပိတ်ပြီး ပြန်ထွက်သွားခဲ့သည်။
" အများပိုင်ပစ္စည်းကို ဖျက်ဆီးတဲ့အတွက် လျော်ကြေးပေးရမှာနော်..."
ဖူလီက တီးတိုးပြောလိုက်သည်။
" ယုန်စုတ်လေး... ငါ လွန်ခဲ့တဲ့ နှစ်လေးထောင်က အကြွေးကို ဒါနဲ့ပဲ ချေလိုက်ပြီ..."
ခွန်းဖမ်က စင်္ကြန်လမ်းမှ ဒေါသတကြီး လှမ်းအော်လိုက်သည်။
စီမံခန့်ခွဲရေးဗျူရိုမှ အခြားမိစ္ဆာများက ခွန်းဖမ် ဒေါသထွက်နေကြောင်း သိသည်နှင့် သိချင်စိတ်ကို ချိုးနှိမ်ပြီး သူတို့ရုံးထဲ အမြန်ပြေးဝင်သွားကြသည်။
အသက်အန္တရယ်နှင့် ရင်ဆိုင်ရပါက စပ်စုချင်စိတ်က အရေးမကြီးတော့ပေ။
" ခွန်းဖမ်ရဲ့ စရိုက်က အဲ့လိုပဲ တစ်ခါတစ်လေကျ အရမ်းဒေါသကြီးတတ်တယ်... ဒါပေမဲ့ သူကအရမ်းဆိုးဝါးတာတော့ မဟုတ်ပါဘူး..."
ပိုင်ဇယ် တံခါးကိုထိလိုက်သည့်အခါ အရံအတားတစ်ခုက အခန်းထဲချက်ချင်း လှည့်ပတ်သွားသည်။ သူ အရံအတားချလိုက်သည်ကိုကြည့်ပြီး ဖူလီက သူ အရေးတကြီးပြောစရာရှိသည်ဟု ထင်လိုက်မိသည်။ သို့ရာတွင် ပိုင်ဇယ်၏နှုတ်မှထွက်လာသည့် ပထမဆုံးအကြောင်းမှာ -
" နောက်လ ရှစ်ရက်နေ့က မဆိုးဘူး... ဒြပ်စင်ငါးခုလုံးလည်း သင့်တော်တယ် အဲ့နေ့မှာ တာအိုပေါင်းစည်း အခမ်းအနား လုပ်မယ်ဆိုရင်ရော..."
ဖူလီက ဖြတ်ပြောလိုက်သည်။
" ဦးလေးပိုင်... ကျွန်တော် ပြောဖို့မေ့နေတာ ဘုရင်ကန်းလေ့နဲ့ ဦးလေးဖုန်းတို့က တောင်ပေါ်က လွင့်မျောနန်းတော်မှာ ရောက်နေကြတယ်... ကျွန်တော်လိုက်ပို့ရမလား..."
ပိုင်ဇယ်၏မျက်နှာထက်တွင် ဝမ်းနည်းသွားသည့် အမူအရာတစ်မျိုး ဖြစ်သွားပြီး မတ်တပ်ရပ်လိုက်သည်။
" သူတို့ အဆင်ပြေကြရဲ့လား..."
" သူတို့အားလုံး အဆင်ပြေပါတယ်... သူတို့တွေ လွင့်မျောနန်းတော်မှာပဲနေပြီး အပြင်သိပ်မထွက်ကြတာပဲရှိတာ..."
" ဒါဆိုရင်လည်း..."
ပိုင်ဇယ်က ကျွမ်းချင်ကို တစ်ချက်ကြည့်လိုက်သည်။
" ငါ သူတို့ဆီ အရင်သွားလိုက်ဦးမယ်..."
" ကျွန်တော်လိုက်ပို့မယ်လေ..."
ဖူလီက အားပါးတရပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျွမ်းချင်ဘက်ကို လှည့်လာသည်။
" နဂါးလေးကျွမ်း..."
" အရင်ပြန်နှင့်လိုက်ပါ..."
ကျွမ်းချင်က မြေပဲခွံများကို အမှိုက်ပုံးထဲ ထည့်နေသည်။
" နောက်မှ ဘာစားချင်တယ်ဆိုတာ ကိုယ့်ကို မက်ဆေ့ပို့လိုက်လေ... ကိုယ် အလုပ်ဆင်းရင် ဝယ်လာခဲ့မယ်..."
" ဟုတ်ပြီလေ..."
ဖူလီက နာခံစွာဖြင့် ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ဆန့်ကာ ကျွမ်းချင်ကို ဖက်လိုက်သည်။
" ဒါဆို စောစောပြန်လာနော်..."
ကျွမ်းချင်က ဖူလီ သူ့ရုံးခန်းထဲတွင်ချွတ်ထားသည့် ဂျာကင်ကို ပေးလိုက်ပြီးနောက် ပိုင်ဇယ့်ဘက်ကိုလှည့်ပြောလိုက်သည်။
" တကယ်လို့ ဦးလေးပိုင် တစ်ခုခုစားချင်တယ်ဆိုရင် ဖူလီ့ကို ဖုန်းဆက်ခိုင်းလိုက်ပါ..."
ပိုင်ဇယ် ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပါပြီ..."
ကျွမ်းချင်က သူတို့နှစ်ယောက်ကို ရုံးခန်းအပြင်သို့ လိုက်ပို့ပြီးနောက် ခုံတွင်ထိုင်ချလိုက်သည်။ ပိုင်ဇယ်နှင့်ပတ်သက်ပြီး အနည်းငယ်ထူးဆန်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။
အရာအားလုံးကိုသိတဲ့ ပိုင်ဇယ်က ဘာလို့ ဖုန်းလွေ့ကျုံးနဲ့ ခန်းကူတို့ အသက်ရှင် မရှင်ကို မသိရတာလဲ... သူက ဖူလီ့ကိုတောင် သူတို့ဆီ ခေါ်သွားခိုင်းနေသေးတယ်...
အကယ်၍ ပိုင်ဇယ်၏ ကိုယ်ပေါ်မှ မင်္ဂလာချီဓာတ်ကို အတုအပ ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း မသိပါက သူ့ရုံးခန်းထဲ လာသွားခဲ့သည်မှာ ပိုင်ဇယ်အစစ် ဟုတ်မဟုတ်ကိုပင် သူ သံသယဝင်နိုင်သည်။
.....