Chapter 164
အတိတ်သိမြင်ကြေးမုံ
လွင့်မျောနန်းတော်၏ အပြင်ဘက်တွင် ပိုင်ဇယ်က တင်းကြပ်စွာပိတ်ထားသည့် နန်းတော်တံခါးများကို ကြည့်လိုက်သည်။ သူ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်မိပေသည်။
" နှစ် ၂၀၀၀တောင်ရှိခဲ့ပြီ... ဒါပေမဲ့ မင်းအတွက် ထားထားခဲ့တဲ့ ရွှေရောင်လွင့်မျောနန်းတော်ကို ဒီနှစ်တွေထဲ သုံးလိုက်ရတာပေါ့လေ..."
ဖူလီက နန်းတော်တံခါးမှ အရံအတားကိုဖယ်ပြီး ပိုင်ဇယ်ကိုဦးဆောင်ကာ အတွင်းသို့ ဝင်သွားလိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင် ဖုန်းလွေ့ကျုံးနှင့် ခန်းကူတို့က ပိုင်ဇယ်ကိုမြင်သည်နှင့် အလွန်စိတ်လှုပ်ရှားသွားကြသည်။ သူတို့နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသောကြောင့် ဖူလီက သူတို့ကို ရှောင်ပေးရန် ပြင်လိုက်သည်။
ဖူလီ ပင်မတံခါးမှ ထွက်သွားတော့မည့်အချိန်တွင် ဖုန်းလွေ့ကျုံး မေးလိုက်သံကို မပီမသကြားလိုက်သည်။
" မင်း ဘာတွေဖြစ်ခဲ့တာလဲ..."
သူက စိုးရိမ်တကြီးဖြင့် မေးနေခြင်းဖြစ်သည်။ ဖူလီ နားထောင်တော့မည့်အချိန်တွင် အသံအားလုံး ပျောက်ကွယ်သွားသည်။
သူတို့က ငါ မကြားစေချင်တာ တစ်ခုခု ပြောနေကြတာများလား...
ဖူလီ အထဲပြန်ဝင်မည်အပြုတွင် အရံအတားတစ်ခု ပေါ်လာပြီး သူ့ကို အထဲဝင်မရအောင် ကာဆီးထားသည်။ သူ အရံအတားကိုမှီထိုင်နေလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရာသီဥတုက အလွန်မကောင်းလှပဲ နှင်းကျလုမတတ် သို့မဟုတ် မိုးရွာလုဆဲဆဲ အခြေအနေဟု ထင်ရသည်။
သူ အချိန်မည်မျှ ကြာသည်မျှအောင် ကောင်းကင်ကိုစိုက်ကြည့်နေမိပြီး ရုတ်တရက် ဖုန်းသံမြည်လာသည်။ ၎င်းက သူ မကြာသေးမီကမှ ထည့်ထားသော messaging appဖြစ်သည်။ ၎င်းက video call ခေါ်နိုင်သည့်အပြင် conversation များကိုသာမက ပုံပေါင်းစုံကို forward နိုင်သည်။ ဖူလီက ယခုနောက်ပိုင်း ထိုappကို သဘောကျနေမိသည်။
ကျွမ်းချင်က သူ့ကို မက်ဆေ့ပို့လိုက်ခြင်းဖြစ်သည်။ သူ ကိတ်မုန့်ဆိုင်တွင် ယုန်ပေါက်စလေးပုံစံ ကိတ်မုန့်ကို တွေ့ခဲ့သောကြောင့် ဖူလီ့ကို ဓာတ်ပုံရိုက်ပို့လိုက်ခြင်းဖြစ်သည်။ ကိတ်မုန့်ပေါ်မှ ယုန်လေးမှာ မြင်သူတိုင်း မထိဘဲ မနေနိုင်လောက်သည်အထိ ချစ်စရာကောင်းလှသည်။ ဓာတ်ပုံကို ခဏကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ဖူလီ့စိတ်အခြေအနေ ပြန်ကောင်းသွားသည်။
ကိတ်မုန့်ဆိုင်တွင်မူ သေသပ်ကျနစွာ ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်က စင်ပေါ်မှ ကာတွန်းပုံစံကိတ်မုန့်လေးကို ငယ်ရွယ်သည့် ကျောင်းသူလေးသဖွယ် ဓာတ်ပုံရိုက်နေသည်ကိုတွေ့သည့် ဝန်ထမ်းလေးစိတ်ထဲ ဤသို့တွေးလိုက်သည်။
လက်တွေ့ဘဝက gap moeက ဒီလိုပုံစံထင်တယ်...
ထိုလူက ဓာတ်ပုံရိုက်ပြီးနောက် သူတို့ကို လှမ်းကြည့်လိုက်ချိန်တွင် ဝန်ထမ်းလေးက သူ့ပုံပန်းသွင်ပြင်ကြောင့် အသက်ရှုမှားမတတ် ဖြစ်သွားရသည်။ ထိုလူက အလွန်ချောမောခံ့ညားသည့်အပြင် သူ့ပုံစံကိုလည်း အနည်းငယ်ရင်းနှီးနေသည်။
" ကြိုဆိုပါတယ်..."
ဝန်ထမ်းက အမြန်ပြုံးလိုက်ပြီး ယခုမှ ရောက်လာသည့် ဈေးဝယ်အသစ်ကို ကြိုဆိုလိုက်သည်။
" ဟိုစင်ပေါ်က ကာတွန်းကိတ်လိုမျိုး အသစ်စက်စက် ဖုတ်ထားတဲ့ ကိတ်များ ရှိဦးမလား..."
သူမ အသိစိတ်ဝင်လာသည့်အခါ လူချောလေးက သူမအနားသို့ လျှောက်လာပြီဖြစ်သည်။
" ဟုတ် ဟုတ် ရှိပါတယ်... ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ..."
ဝန်ထမ်းက နေ့လည်ခင်းကမှ ဖုတ်ထားသည့်ကိတ်ကို ထုတ်လာပြီး ဘူးဖြင့် သေချာထည့်ပေးလိုက်သည်။
" ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... စုစုပေါင်း ၉၈ယွမ် ကျပါတယ်..."
ထိုလူက ယွမ်တစ်ရာတန် ထုတ်ပေးလိုက်ပြီ သူမထံမှ ပြန်အမ်းငွေကိုယူကာ ကိတ်မုတ့်ကိုယူပြီး အပြင်ပြန်ထွက်သွားသည်။ ဝန်ထမ်းလေးက စပ်စုစွာဖြင့် အပြင်ဘက်ကိုကြည့်လိုက်သည့်အခါ ထိုလူက ဘေးတွင်ရပ်ထားသည့် ဇိမ်ခံကားအကောင်းစားကြီးထဲ ဝင်သွားသည်ကို မြင်လိုက်ရသည်။
ထိုကားကိုမြင်သည့်အခါမှသာ ဝန်ထမ်းလေး၏ ပြန်အမှတ်ရသွားသည်။
အဲဒါ ဥက္ကဌကျွမ်း မဟုတ်ဘူးလား... သူ့ညီမက ဥက္ကဌကျွမ်းနဲ့ လက်ထောက်လေးတို့က ဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ နေ့တိုင်းပြောနေတာ... သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာသိတုန်းက သူ့ညီမ တော်တော် ပျော်နေခဲ့တာပဲ...
သို့ရာတွင် သူမအမြင်တွင်မူ စုံတွဲတစ်တွဲ၏ လိင်အမျိုးအစားက မည်သို့ပင်ဖြစ်စေကာမူ အထူးဆက်ဆံခြင်းမခံရသင့်ဟု ထင်နေသည်။ အချစ်တွင် မည်သည့်လိင်အမျိုးအစားပင်ဖြစ်စေ တန်းတူဆက်ဆံခံရသင့်သည်ဟု တွေးနေမိသည်။
ဥက္ကဌကျွမ်းလို အောင်မြင်နေတဲ့လူမျိုးက ဒီလိုကလေးဆန်တဲ့အပြုအမူတွေ လုပ်နေတာ မထူးဆန်းတော့ပါဘူး... ကြည့်ရတာ သူ့ချစ်သူကိုပြဖို့ ဓာတ်ပုံရိုက်နေတာထင်တယ်... သူက လူကောင်းတစ်ယောက်ပဲ...
တစ်ခါတစ်လေကျ လောကကြီးမှာ ငွေက အရေးကြီးဆုံးမဟုတ်ဘဲ ခံစားချက်တွေကပဲ အဓိကကျတာထင်တယ်...
သူမ ပစ္စည်းများစီနေလျက် အပြင်ဘက်မှ တဖြည်းဖြည်းမောင်းထွက်သွားသည့်ကားကို အပြုံးလေးဖြင့် ကြည့်နေမိသည်။
ထာဝရချစ်သူတွေဖြစ်ရတာ တော်တော်ကောင်းမှာပဲ...
.....
ထိုတစ်ညလုံး နှင်းများကျဆင်းနေခဲ့သည်။ ဖူလီ နောက်နေ့မနက် အိပ်ရာနိုးလာချိန်တွင် ပြတင်းပေါက်ဘောင်ကိုမှီ၍ ငေးငိုင်နေမိသည်။ ဘေးအခန်းတွင်နေသောကျွမ်းချင်က သူ့ပုံစံကိုမြင်သည့်အခါ ပြတင်းပေါက်နားသို့ ရောက်လာသည်။
" ဘာဖြစ်လို့လဲ..."
" ဘာမှမဖြစ်ပါဘူး..."
ဖူလီ ပြတင်းပေါက်နားမှ ထခုန်လိုက်သည်။
" အလုပ်သွားတော့မလို့လား..."
ကျွမ်းချင် ခေါင်းညိတ်ပြလိုက်သည်။ သူတို့ ခြံဝင်းထဲရောက်လာချိန်တွင် ခန်းကူ၊ ဖုန်းလွေ့ကျုံးနှင့် ပိုင်ဇယ်တို့က ကျောက်တုံးစားပွဲပေါ်ထိုင်ပြီး တရုတ်ကျားကွက်ဂိမ်း ကစားနေကြသည်။ ဖူလီတို့ ထွက်လာသည့်အခါတွင်လည်း သူတို့ ခေါင်းမော့မကြည့်ကြပေ။
သူတို့ ယမန်နေ့ညမှ ယနေ့မနက်အထိ တစ်ညလုံး ကစားနေခဲ့ကြခြင်းဖြစ်သည်။
" ဘုရင်ကန်းလေ့၊ ဦးလေးဖုန်း၊ ဦးလေးပိုင်... ကျွန်တော်တို့ အလုပ်သွားတော့မယ်..."
" သွားကြ သွားကြ..."
ဖုန်းလွေ့ကျုံးက သူတို့ကလေးများ ကျောင်းသွားတော့မည်ကိုစောင့်ဆိုင်းနေသည့် မိဘပုံစံဖြင့် လက်ပြရုံသာ ပြလိုက်သည်။
ဖူလီ : ...
မိသားစု အချစ်ဆိုတာ ဒါမျိုးလား... တရုတ်ကျားကွက်တစ်ဘူးနဲ့တောင် မယှဉ်နိုင်ဘူးပေါ့လေ...
" ခန်းကူ မင်း နေရာမှားချပြန်ပြီ..."
ဖုန်းလွေ့ကျုံးက ခန်းကူ၏လက်ကိုဖိလိုက်သည်။
" အလယ်ကနေ အဲ့လိုခုန်သွားရတာမဟုတ်ဘူးလေ စည်းကမ်းတွေ ပြန်ဖတ်ဦး..."
" ငါ အစတည်းက ဒီနားမှာလေ..."
" အဓိပ္ပါယ်မရှိတာတွေ..."
" အတိတ်သိမြင်ကြေးမုံကို ထုတ်လိုက်စမ်း..."
ဖုန်းလွေ့ကျုံး ပိုင်ဇယ့်ကိုပြောလိုက်သည်။
" ဒီ အရှက်မရှိတဲ့ လူလိမ်ကောင်ကို ငါရအောင် ဖော်ထုတ်ပစ်မယ်..."
ပိုင်ဇယ်က ယောင်လောကတွင် တန်ဖိုးအကြီးဆုံးရတနာဖြစ်သည့် အတိတ်သိမြင်ကြေးမုံကို ထုတ်လိုက်သော်လည်း ၎င်းကိုသုံးမည့် ရည်ရွယ်ချက်မှာ လွန်ခဲ့သော စက္ကန့်သုံးဆယ်ခန့်က ကျားကွက်နေရာချမှုကို ကြည့်ရန်ဖြစ်သည်။ ယခင်က အတိတ်သိမြင်ကြေးမုံကို သေလုမျောပါးလိုချင်နေကြသည့် ယောင်ကျင့်ကြံသူများ သိပါက သူတို့အားလုံး ဒေါသထွက်လွန်း၍ မျက်လုံးများ နီရဲလာနိုင်သည်။
" မင်း ညစ်ထားတယ်ဆိုတာ အသေအချာပဲ..."
ဖုန်းလွေ့ကျုံးက အတိတ်သိမြင်ကြေးမုံကိုကြည့်ပြီးနောက် သရော်ဟန်ဖြင့် ပြောလိုက်သည်။
" မင်းရဲ့ ရိုးသားဖြောင့်မတ်တဲ့ပုံစံမျိုးနဲ့ ဒီလို အရှက်မရှိတဲ့ နှလုံးသားမျိုး ရှိမယ်မထင်ထားဘူး..."
" ငါ အမြင်မှားသွားလို့ပါ..."
ခန်းကူက ဖုန်းလွေ့ကျုံးနှင့် စကားအချေအတင်များပြီးသော်လည်း ဝန်ခံရန် ငြင်းဆန်နေသည်။
" ငါ မင်းနဲ့ရန်ဖြစ်ဖို့ စိတ်မပါဘူး..."
ဖုန်းလွေ့ကျုံးက ဆက်ကစားနေသည်။ သူ ပိုင်ဇယ့်ကို အတိတ်သိမြင်ကြေးမုံ ပြန်ပေးတော့မည့်အချိန်တွင် တစ်ခုခုကို တွေးမိသွားပုံရသည်။
" ကြည့်ရတာ ရှောင်လီက အဲ့နှစ်တုန်းကလူကို ဝဋ်ကြွေးရှိနေတာလားမသိဘူး..."
" လူတစ်ယောက်သေတယ်ဆိုတာ မီးအိမ် မီးငြိမ်းသွားသလိုမျိုးပဲ... ဝဋ်ကြွေးကြေသွားပြီလို့ သတ်မှတ်နိုင်တယ်လေ..."
ခန်းကူက ခေါင်းခါလိုက်သည်။
" အကြွေးတင်တယ်ဆိုတဲ့ အရာမျိုး မရှိပါဘူး..."
" ဒါပေမဲ့ သူ့မှာ သက်ဦးဆံပိုင်ဘုရင်တစ်ယောက်ရဲ့ ကံကြမ္မာမျိုး ရှိနေခဲ့တာ... သာမန်လူတစ်ယောက်နဲ့ မတူဘူးလေ..."
ဖုန်းလွေ့ကျုံးက အလေးအနက်ပြောလိုက်သည်။
ခန်းကူ မျက်ခုံးများတွန့်ချိုးလိုက်သည်။
" နှစ် ၂၀၀၀လောက်တောင်ရှိပြီ... ငါတို့ပြောနေတဲ့သုက ဘယ်နှခါတောင် လူပြန်ဝင်စားပြီးပြီလဲမသိဘူး.. ငါတို့ အဲ့ဝဋ်ကြွေးအတွက် ဘာနဲ့ပြန်ပေးဆပ်ရမှာလဲ ငါတို့က လူသားလောကရဲ့ ' မြွေဖြူဒဏ္ဍာရီ' ရုပ်ရှင်ရိုက်နေတယ်များ ထင်နေလား..."
ဖုန်းလွေ့ကျုံးက အတိတ်သိမြင်ကြေးမုံကို လက်ညှိုးထိုးပြလိုက်သည်။
" ဒါသုံးပြီး ကြည့်ကြမယ်လေ..."
အတိတ်သိမြင်ကြေးမုံက ပိုင်ဇယ်၏ ကိုယ်ပိုင် သွေးအဆီအနှစ်နှင့် သူ၏ အချိန် နှစ်ပေါင်း၄၉၀၀ကို အသုံးပြု၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းက အနာဂတ်ကို မဟောနိုင်သော်လည်း လောကကြီးပေါ်ရှိ သက်ရှိအားလုံး၏ အတိတ်အကြောင်းကို သိနိုင်ပေသည်။
အတိတ်တွင်မူ ဤပစ္စည်းက ပိုင်ဇယ်အတွက် တန်ဖိုးနည်းသည့် ကစားစရာ အရုပ်တစ်ရုပ်ထက် မပိုပေ။ သို့ရာတွင် သူ ဝိညာဉ်ချီဓာတ်မရှိသော ကျယ်ပြန့်လှသည့် ကန္တာရထဲတွင် ချိပ်ပိတ်ခံရပြီး မိုင်ထောင်ချီအကွာအဝေးအထိ မည်သည့်သတ္တဝါကိုမှ မမြင်ခဲ့ရစဉ် အချိန်ကမူ ဤကြေးမုံက နှစ် ၂၀၀၀ခန့် ညှင်းပန်းနှိပ်စက်ခံရမှုကို တောင့်ခံစေနိုင်သည့် အရာတစ်ခု ဖြစ်ခဲ့သည်။
မင်္ဂလာသားရဲဖြစ်သော သူ၏ သက်တမ်းက အလွန်ရှည်ကြာလှသည်။ သူက ပင်လယ်ရေများ ဝန်းရံနေသည့်တောင်ကို မြင်ခဲ့ပြီး၊ နက်ရှိုင်းလှသည့်ပင်လယ်က တောင်အဖြစ်ပြောင်းလဲသွားခြင်း၊ မြေပြိုခြင်း၊ မြေကြီးများ အက်ကွဲထွက်သွားခြင်း၊ အဆုံးမဲ့မြေပြင်များက နှစ်ပိုင်းကွဲသွားခြင်းတို့ကို ကြုံတွေ့ခဲ့ရဖူးပေသည်။
ကမ္ဘာကြီး၏ အသွင်ပြောင်းလဲမှု၊ သေခြင်းရှင်ခြင်း၊ မျိုးစိတ်တစ်ခု မျိုးသုဉ်းပျောက်ကွယ်သွားပါက မျိုးစိတ်အသစ်တစ်ခု ထပ်မံပေါ်ထွက်လာခြင်း အစရှိသဖြင့် မပြီးဆုံးသော စက်ဝန်းများကို မြင်တွေ့ခဲ့ရသည်။
ဗုဒ္ဓ၏ အဆုံးအမများကို နားမလည်နိုင်တော့သည့် တိုးတက်လာသော ခေတ်တစ်ခုကို ရောက်ရှိလာခြင်းမှာ နတ်ဘုရားများနှင့် မိစ္ဆာများ၏ခေတ် အဆုံးသတ်ပြီဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ မူလတွင်မူ သူ့ခန္ဓာကိုယ် ယိုယွင်းပျက်စီးသွားမည်ကို တည်ငြိမ်စွာဖြင့် လက်ခံရန် တွေးထားခဲ့သော်လည်း အဆုံးမဲ့ကန္တာရထဲတွင် ချိပ်ပိတ်ခံခဲ့ရပြီးသည်အခါမှသာ သူ့ဆန္ဒက ထိုသို့မဟုတ်ကြောင်း သိခဲ့ရသည်။
မည်သူကမှ တိတ်ဆိတ်စွာဖြင့် မသေဆုံးသွားချင်သကဲ့သို့ သက်ရှိများစွာ၏ ကိုးကွယ်ခြင်းခံရသည့် မင်္ဂလာသားရဲကလည်း ချွင်းချက်မဟုတ်ပေ။ ဤသို့ အပြောင်းအလဲကြီး ဖြစ်ပေါ်ခဲ့သည့်အခါမှသာ သူက သူစိတ်ကူးနေခဲ့သည့်အတိုင်း မဖြစ်ချင်ကြောင်း သိခဲ့သည်။
" မင်း ပေါ်လျန် ပြန်ဝင်စားတဲ့သူကို ရှာချင်လို့လား..."
ပိုင်ဇယ်က စားပွဲထက်မှ အတိတ်သိမြင်ကြေးမုံကို ကြည့်လိုက်သည်။
" ပေါ်လျန်ရဲ့ ကံကြမ္မာက သာမန်မဟုတ်ဘူး... အတိတ်သိမြင်ကြေးမုံက အရာအားလုံးကို မရှာနိုင်မှာတော့ စိုးရိမ်မိတယ်..."
" ကြိုးစားကြည့်တာတော့ ဘာမှမဖြစ်လောက်ပါဘူး..."
ဖုန်းလွေ့ကျုံးက ကြေးမုံလက်ကိုင်တွင် ဝိညာဉ်ချီဓာတ်ကို စုဝေးလိုက်ပြီး ပေါ်လျန်၏ နာမည်နဲ့ ဇာတာခွင်ကို ကြေးမုံပေါ် ရေးလိုက်သည်။ တစ်ခဏတွင်းချင်းတွင် ဝိညာဉ်ချီဓာတ်များ မြင့်တက်လာကာ မှန်က အလွန်တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာသည်။ လေပြင်းများ တိုက်ခတ်လာပြီး ကြေးမုံက သူတို့မျက်စိရှေ့တွင် လက်တွေ့ဆန်လွန်းသည့် မြင်ကွင်းများကို မီးမောင်းထိုးပြသကဲ့သို့ ပေါ်လာသည်။
" တံတားကနေ တံတား၊ လမ်းကနေ လမ်း၊ သေသွားတဲ့ဝိညာဉ်တွေက ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရတော့ဘူး..."
ခံ့ညားသည့်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ယင်းချိုင်၏နောက်မှလိုက်လာပြီး သူ့ဘေးတွင်လည်း ဝိညာဉ်ပေါင်းများစွာ လိုက်လာသည်။ သို့ရာတွင် အခြားဝိညာဉ်များနှင့် မတူသည်မှာ သူ့ခန္ဓာကိုယ်ဘေးပတ်ပတ်လည်တွင် ဝိညာဉ်ပိတ်လှောင်ချိန်းကြိုးများ ရှိမနေသည့်အပြင် ပတ်ဝန်းကျင်မှ ဝိညာဉ်များကလည်း သူ့နားကို အလွန်မကပ်ရဲကြပေ။
" ပေါ်လျန်သေပြီးသွားဝောာ့ သူ့ကိုယင်းချိုင်က မြေအောက်လောကကို ခေါ်သွားတာပဲ..."
ခြံဝင်းတံခါးက ရုတ်ချည်းပြန်ပွင့်လာပြီး ဖူလီ လမ်းလျှောက်ဝင်လာသည်။
" ဦးလေးပိုင်..."
ဖူလီက ခြံဝင်းထဲမှ မြင်ကွင်းကိုတွေ့သောအခါ ရပ်တန့်သွားသည်။
ကြော့ရှင်းသောလူတစ်ယောက်၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျနေသည့်ပုံစံကို မထိတ်လန့်သွားရန် မဖြစ်နိုင်ပေ။ ဖူလီ့နောက်မှလိုက်လာသည့် ကျွမ်းချင်က ဖူလီ့ကို ထိုလူ မည်သူမည်ဝါဖြစ်ကြောင်း မမေးသည်မှာ သူ ခန့်မှန်းပြီးသား ဖြစ်နေသောကြောင့်ပင်။ ထိုလူကို ကြည့်လိုက်သည့်အခါ ထိုမြင်ကွင်းက အတုအယောင်ဆန်လွန်းသည်ဟူသည့် စိတ်ထင့်စရာ ခံစားချက်မျိုး ဖြစ်လာသည်။ ထိုလူက မြောက်များစွာသောလူများအကြားတွင် လျှောက်နေသည်ကို မြင်လိုက်မှသာ မည်မျှကျက်သရေရှိသူဖြစ်ကြောင်း သူ သိမြင်လိုက်ရသည်။
" ရှောင်လီ ဘာလို့ပြန်လာတာလဲ..."
ဖုန်းလွေ့ကျုံးက အတိတိသိမြင်ကြေးမုံကို သိမ်းထားလိုသော်လည်း သိသိသာသာ မလုပ်ချင်သောကြောင့် နေရခက်စွာဖြင့် ပြုံးလိုက်သည်။
" ဦးလေးတို့ ပေါ်လျန်ကို ကြည့်နေကြတာလား..."
ဖူလီက ဖုန်းလွေ့ကျုံးတွေးထားသည်ထက်ပို၍ တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။ မျက်လုံးထက်မှ မျက်ရည်များစီးကျနေသူကိုကြည့်ပြီး ဖူလီ့နှုတ်ခမ်းများ လှုပ်ရှားသွားသည်။
သူက အတိတ်သိမြင်ကြေးမုံပေါ်တွင် မြင်နေရသည့် ပေါ်လျန်ကို ကြည့်နေစဉ်တွင် သူ့ဘေးနားတွင်ရပ်နေသောကျွမ်းချင်က သူ့ကိုကြည့်နေခဲ့သည်။
ပေါ်လျန်က သေမင်းများ၏နန်းတော်သို့ ခေါ်ဆောင်သွားခံရချိန်တွင် မည်သည့်သေမင်းကမှ သူ၏ ဦးညွတ်အရိုအသေပေးမှုကို မခံယူရဲကြပေ။ ထို့အပြင် သူ့ကိုပါ အရှင်ပေါ်လျန်ဟု ရိုသေစွာခေါ်ခဲ့ကြသည်။
" အရှင်ပေါ်လျန်ရဲ့ သူတော်ကောင်းတရားက အရမ်း ထူးခြားဆန်းကြယ်လွန်းတော့ နောက်ဘဝမှာလည်း အသိဉာဏ်ပညာနဲ့ပြည့်စုံပြီး လူအများက အားကိုးရတဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာမှာပါ... အရှင်ပေါ်လျန် ဒီအချိန်ကို လက်လွှတ်မခံဘဲ လူသားလောကကို သွားပေးပါ..."
" တကယ်လို့ ငါ ပြန်လည်မွေးဖွားနိုင်ခဲ့မယ်ဆိုရင် ဒီဘဝမှာ..."
" ပြန်လည်မွေးဖွားပြီးသွားရင် ဘဝအသစ်တစ်ခုက စောင့်ကြိုနေပါတယ်... ဘဝအသစ်ဖြစ်သွားတည်းက ဒီဘဝဟာ တဒင်္ဂအဖြစ်နဲ့ ကျန်ခဲ့ပါပြီ... ဆက်ပြီးငြိတွယ်နေလို့ မရတော့ပါဘူး..."
" ဒီဘဝရဲ့ မှတ်ဉာဏ်တွေကို ဆက်ထိန်းထားဖို့ နည်းလမ်းရော မရှိတော့ဘူးလား..."
" မရှိပါဘူး..."
" ဒါဆိုရင် ပြန်လည်မွေးဖွားရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ... ငါ မှတ်မိချင်တဲ့အရာကိုလည်း ပြန်မမှတ်မိနိုင်တော့ဘူး... ငါ အလိုရှိတာတွေကိုလည်း မရနိုင်ဝောာ့ဘူး..."
ကျက်သရေရှိသည့် အမျိုးသားက အော်ရယ်လိုက်ပြီး သူ၏ ခါးသက်သက်ရယ်သံထဲတွင် အေးစက်မှုအချို့ ပါဝင်နေသည်။
" အသိဉာဏ်ပညာနဲ့ပြည့်စုံပြီး လူအများက အားကိုးရတဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာရင် ငါလိုချင်တဲ့အရာတွေ ရနိုင်မှာလား..."
" သက်ဦးဆံပိုင်ဘုရင်တစ်ယောက်က တိုင်းပြည်တစ်ခုလုံးမှာ အလေးစားခံရဆုံးပါ... အဲ့တော့ အလိုရှိရာကို ရနိုင်ပါတယ်..."
" ငါ့ အသက်ရှည်ရှည်နေရမှာလား...ငါအရင်ဘဝက မေတ္တာရှိခဲ့တဲ့သူကိုရော ရနိုင်မှာလား..."
" ဒါကတော့..."
" ဒါဆိုရင် ပြန်လည်မွေးဖွားရတာ ဘာအသုံးဝင်ဦးမှာလဲ..."
" အရှင်ပေါ်လျန် တကယ်လို့ ပြန်လည်မွေးဖွားချင်စိတ် မရှိဘူးဆိုရင် ကြိုတင်ရေးသားထားတဲ့ လူသားလောကရဲ့ ကံကြမ္မာကို ပြန်ပြင်ရေးရပါလိမ့်မယ်... အဲ့ကျရင် အရှင့်ရဲ့ဇာတာခွင်လည်း ကမောက်ကမဖြစ်ကုန်မှာ... ဒီလို တန်ရာတန်ကြေးမျိုးက..."
" အဲတော့ ဘာဖြစ်လဲ..."
သေမင်းများ ကူကယ်ရာမဲ့ကုန်သည်။ သို့ရာတွင် ပေါ်လျန်က သာမန်ဝိညာဉ်မဟုတ်သည့်အတွက် ရွေးချယ်စရာမရှိတော့ဘဲ သေမင်းများနန်းတော်တွင် နေခွင့်ပြုလိုက်ရသည်။
သေမင်းများက ပေါ်လျန်ကို နှစ်စဉ်နှစ်တိုင်း ဖျောင်းဖျရန် ကြိုးစားကြသည်။ အကယ်၍ မကြာမီအချိန်တွင် ပြန်လည်မွေးဖွားမည်ဆိုပါက သူ၏ ဇာတာခွင်က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်သေးသည်။ သို့သော် ပေါ်လျန်က ငြင်းဆိုခဲ့သည်။ သူ နေ့တိုင်းနေ့တိုင်း ပန်းချီဆွဲနေခဲ့ပြီး ပြဿနာမရှာဘဲ အေးချမ်းစွာ နေထိုင်ခဲ့သည်။
သူက ယုန်ပုံများစွာနှင့်အတူ ကျောက်စိမ်းခေါင်းပတ်လေးနှင့် အသက် ၁၇နှစ် ၁၈နှစ်အရွယ် လူငယ်လေးတစ်ယောက်၏ ပန်းချီပုံများစွာကို ရေးဆွဲခဲ့သည်။
သူ ဖူလီ၏ပုံကိုဆွဲနေခြင်းဖြစ်ကြောင်း ကျွမ်းချင်သိသည်။ သက်ဝင်လှုပ်ရှားနေသည့် ယုန်လေးများနှင့် လူငယ်လေး၏ပုံက ဖူလီ၏ ငယ်ဘဝပုံရိပ်များဖြစ်ကြောင်း သူသိသည်။ စုတ်ချက်တိုင်းတွင် ချစ်မြတ်နိုးခြင်း အရိပ်အငွေ့များ ပါဝင်နေသည်။ ပေါ်လျန်ဟုခေါ်သည့်လူသားက ဖူလီ့အပေါ် မေတ္တာရှိနေခဲ့ပုံပေါ်သည်။ ကျွမ်းချင် မနေနိုင်ဘဲ ဖူလီ့ဘက်ကို လှည့်ကြည့်ခဲ့သည်။
ဖူလီကရော ဒါကိုသိခဲ့လား...
ပေါ်လျန် ပြန်လည်မမွေးဖွားဘဲ အချိန်ဆယ်နှစ်တာကို ကုန်ဆုံးခဲ့သည်။
နှစ် ၂၀... နှစ် ၄၀... အချိန်ကာလများစွာ ကုန်လွန်သွားချိန်တွင် သေမင်းများက သူ့ကို ဆက်လက်မဖျောင်းဖျတော့ဘဲ ရပ်တန့်လိုက်သည်။
" အရှင်ပေါ်လျန်ရဲ့ ဇာတာခွင်က လုံးဝပျက်စီးသွားပါပြီ... မြေအောက်လောက က အရှင့်ရဲ့ ကံကြမ္မာကို မထိန်းချုပ်နိုင်တော့ပါဘူး... အရှင် ပြန်လည်မွေးဖွားမယ့်နေ့မှာ ကိုယ်ရဲ့ ကောင်းချီးပေးခံရခြင်းတွေကို ကိုယ်တိုင်ရှာရတော့မှာပါ..."
ပေါ်လျန်က တိတ်ဆိတ်နေဆဲဖြစ်ပြီး ပိုးသားစပေါ်တွင် ကျောက်စိမ်းခေါင်းပတ်နှင့် လူငယ်လေးတစ်ယောက် သစ်ပင်ပေါ်ထိုင်နေသည့်မြင်ကွင်းကို ပန်းချီရေးဆွဲနေသည်။ လူငယ်လေးက မျက်လုံးများ ကွေးညွတ်သည်အထိ ပြုံးနေပြီး သူ၏ တောက်ပသော မျက်ဝန်းတစ်စုံက နေမင်းကြီးနှစ်စင်းနှင့် တူပေသည်။
နှစ် ၈၀ခန့် ကုန်ဆုံးသွားပြီးချိန်၌ မည်သူကမှ ပေါ်လျန့်ကို ပြန်လည်မွေးဖွားရန် မဖျောင်းဖျကြတော့ပေ။ သို့ရာတွင် သူက တစ္ဆေသတင်းပေးပို့သူထံမှ ရောင်ပြန်မြူတောင်၏ သတင်းများကို ကြားလိုက်ရသည်။ သူ သေဆုံးပြီးချိန်မှစ၍ တောင်နှင့်ပတ်သက်သည့်သတင်း ကြားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
" မိုးပြာနဂါးတွေ မကောင်းမှုလုပ်တာကို တားနေရင်း ရောင်ပြန်မြူတောင်က မိစ္ဆာတွေ သူတို့လက်ထဲပဲ ပျောက်သွားရတာ သနားစရာပဲ... တောင်ကိုလည်း မိုးပြာနဂါးတွေ ဖျက်ဆီးပစ်လိုက်ပြီ..."
" ရောင်ပြန်မြူတောင်က မိစ္ဆာတွေအကုန် သေသွားတာလား..."
" ဟုတ်တယ် သူတို့အားလုံးသေကုန်ကြပြီ တစ်ယောက်မှ အသက်မရှင်ဘူးလေ... မိုးကြိုးတစ်ချက်ကြောင့် တောင်တစ်ဝက်လောက်က လုံးဝပျောက်သွားတာ..."
သူ့စိတ်ထဲ အမြဲတမ်းရှိနေခဲ့ပြီး ချစ်ခင်မြတ်နိုးခဲ့ရသူက သေဆုံးသွားခဲ့ကာ တစ်ဖက်လူ၏ ထွက်ခွာသွားသော ဝိညာဉ်ကိုလည်း သူ မြင်တွေ့ခွင့် မရခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားများနှင့် မိစ္ဆာများက ကွဲပြားခြားနားသည့်လမ်းများကိုလျှောက်လှမ်းရန် ကံကြမ္မာဖန်နေသောကြောင့် ဖြစ်သည်။
ပေါ်လျန် သူ၏ ပန်းချီကားချပ်အားလုံးကို မီးရှို့ပစ်ခဲ့သည်။ မြေအောက်လောကမှ လူအားလုံးက သူ ရူးနှမ်းသွားခဲ့ပြီဟု တွေးနေကြသည်။