အပိုင်း ၁၆၅
Viewers 38k

Chapter 165
အတိတ်မှ ပတ်သက်ဆက်နွယ်မှုများ



ပေါ်လျန် သူ၏ ပန်းချီကားချပ်အားလုံးကို မီးရှို့ပစ်ခဲ့သည်။ မြေအောက်လောကမှ လူအားလုံးက သူ ရူးနှမ်းသွားခဲ့ပြီဟု တွေးနေကြသည်

" တကယ်လို့ မင်းရောငါရော နှစ်ယောက်လုံးမိစ္ဆာဖြစ်ခဲ့ရင်... တကယ်လို့ မင်းရောငါရောနှစ်ယောက်လုံးမိစ္ဆာမဖြစ်ခဲ့ဘူးဆိုရင်..."

သန့်ရှင်းသပ်ရပ်သည့် ပိုးဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ပေါ်လျန်က နိုင်ဟယ့်တံတားကိုဖြတ်ပြီး မုန့်ပေါ်ထံ သွားခဲ့သည်။

" အရှင် သေသေချာချာစဉ်းစားပြီးပါပြီလား... တကယ်လို့ အခုချိန်မှ ပြန်လည်မွေးဖွားမယ်ဆိုရင် အရှင်က သနား၏ရာကောင်းပြီး ရိုးရှင်းလွန်းတဲ့ ဘဝနဲ့ပဲ နေရတော့မှာပါ..."

ပေါ်လျန် ခေါင်းခါလိုက်သည်။ မုန့်ပေါ်၏လက်ထဲမှ စွပ်ပြုတ်ပန်းကန်ကိုယူပြီး တစ်ကျိုက်တည်းသောက်လိုက်သည်။ သွေးမျက်ရည်များက အရောင်အဆင်းနှင့် အရသာမဲ့သည့် စွပ်ပြုတ်ထဲ စီးဝင်သွားပြီး စွပ်ပြုတ်၏အရောင်နှင့် ပေါင်းစပ်သွားသည်။ 

" ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ကို လျှောက်လှမ်းလိုက်ပြီဆိုရင် အရှင့်ရဲ့ အရင်ဘဝနဲ့ ဒီဘဝက မတူညီတဲ့ လမ်းနှစ်ခု ဖြစ်သွားပါပြီ..."

ပိုးဝတ်ရုံရှည်ဝတ်ထားသော အမျိုးသားက ပြန်လည်မွေးဖွားခြင်းရေကန်ထဲ မိန်းမောစွာဖြင့် ခုန်ချသွားသည်။ သူ၏ဝိညာဉ်က ရေကန်ထဲတွင် ပျောက်ကွယ်သွားသော်လည်း သူတစ်ချက်မှ နောက်ပြန်မလှည့်ခဲ့ပေ။

အတိတ်သိမြင်ကြေးမုံက ပုံရိပ်များကို ဆက်လက်ပြသတော့မည့်အချိန်တွင် ကြေးမုံ၏ကိုယ်ထည်က ကြောက်မခန်းလိလိ ဝိညာဉ်စွမ်းအားကို မခံနိုင်တော့သည့်သဖွယ် ပြင်းပြင်းထန်ထန်လှုပ်ခါလာသည်။ ခြံဝင်းထဲတွင် ယခု ပြသနေသည့်နေရာက နန်းတော်တစ်ခု၏ မှုန်တိမှုန်ဝါးပုံစံမျိုး ဖြစ်နေသည်။ သို့သော် ဤပုံရိပ် ပေါ်လာချိန်မှာပင် အတိတ်သိမြင်ကြေးမုံ၏ သက်ရောက်မှုက ပျောက်ဆုံးသွားပြီး ထိုမြင်ကွင်းက လုံးဝပျောက်ကွယ်သွားသည်။ 

ဖုန်းလွေ့ကျုံးက ထိုမြင်ကွင်းပျောက်ကွယ်သွားသောကြောင့် စိတ်ပျက်သွားသော်လည်း သက်ပြင်းခိုးချလိုက်မိသည်။ ရှောင်လီ၏ လက်ရှိချစ်သူက ရှောင်လီကို အတိတ်က ချစ်ကြိုက်ခဲ့သည့်လူသားအား မြင်နေရခြင်းက အနည်းငယ် မသင့်တော်လှပေ။ သူ အတိတ်သိမြင်ကြေးမုံကို ပိုင်ဇယ်ထံသို့ ပြန်ပေးလိုက်ပြီး ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။

" ပေါ်လျန်က ရှောင်လီကို အဲ့လိုတွေးမယ်လို့ ဘယ်သူထင်မိမှာလဲ... ရှောင်လီက အဲ့တုန်းက အရွယ်ရောက်စ ကလေးပဲ ရှိသေးတာလေ..."

လေထုအနေအထားက အနည်းငယ် ထူးဆန်းနေသည်။ ဖူလီက အပြစ်မကင်းစွာဖြင့် ကျွမ်းချင်ကို ခိုးကြည့်လိုက်သည်။ သူက မကောင်းသည့်ကိစ္စ ပြုလုပ်ထားခြင်း မဟုတ်သော်လည်း ယခုအချိန်တွင် ကျွမ်းချင်ကို စေ့စေ့မကြည့်ရဲ ဖြစ်နေသည်။

" အဲဒီပေါ်လျန်က ဘာအဖြစ် ပြန်မွေးဖွားလာတာလဲ..."
ကျွမ်းချင်က ဖူလီ့လက်ကိုကိုင်ပြီး ပိုင်ဖယ့်ကိုမေးလိုက်သည်။

ပိုင်ဇယ်က ခေါင်းခါလိုက်သည်။
" သူက သူ့ဇာတာခွင်ကို ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်တာ... ငါလည်းမသိတော့ဘူး..."

" ဦးလေးပိုင် တောင်မှ မသိဘူးလား..."
ကျွမ်းချင်၏ အမူအရာက အလွန်တည်ငြိမ်နေသည်။

ပိုင်ဇယ်သူနှင့် အကြည့်ချင်းဆုံလိုက်သည့်အခါ ကျွမ်းချင်က သူ၏ခွန်အားများ ယုတ်လျော့သွားခြင်းကို မှန်းဆနိုင်သွားကြောင်း သိလိုက်သည်။

" ဟုတ်တယ် ငါလည်း မသိဘူး..."

" သူက ပြန်လည်မွေးဖွားလာပြီဆိုမှတော့ ဘယ်သူဖြစ်တယ်ဆိုတာ အရေးမကြီးတော့ပါဘူး... သူ ငါ့ကို မေ့သွားပြီလေ အဲဒါ မကောင်းဘူးလား..."
ဖူလီ အလေးအနက်ထားပြောလိုက်သည်။ 

ထိုယင်းချိုင်များပြောသည်က မှန်ကန်ပေသည်။ ပြန်လည်မွေးဖွားမှုလမ်းကြောင်းပေါ် ခြေချပြီးသည်နှင့် ယခင်ဘဝနှင့် ယခုဘဝက ခြားနားသောလမ်းတစ်ခု ဖြစ်သွားရသည်။ 
ကြိုတင်မှန်းဆထားတဲ့ ရလဒ်တစ်ခုကို ဘာလို့ကြည့်တော့မှာလဲ... ပေါ်လျန် ပြန်လည်မွေးဖွားပြီးတဲ့နောက် ဘယ်လိုအခက်အခဲတွေ ကြုံရမယ်ဆိုတာ သူ မသိသလို ပြောင်းလဲလို့လည်း မရဘူးလေ... ‌ကုန်လွန်သွားတဲ့အချိန်တွေကို နောက်ပြန်လှည့်လို့ မရဘူး... ပေါ်လျန် ဘယ်နှကြိမ်တောင် ပြန်လည်မွေးဖွားပြီးပြီဆိုတာလည်း မသိနိုင်ဝောာ့ဘူးလေ... သူက သူတော်ကောင်းတရားနဲ့ ခရမ်းရောင်ချီဓာတ်ရှိတာဆိုဝောာ့ အဆုံးမှာတော့ သူ့ရဲ့ဇာတာခွင် ဖျက်ဆီးခံလိုက်ရတယ်ဆိုရင်တောင် ကပ်ဘေးတွေကို ကျော်ဖြတ်ပြီး အရှင်သခင်တစ်ယောက် ဖြစ်လာနိုင်တာပဲ... 

ဖူလီက ပေါ်လျန်ကို ကယ်တင်ပေးခဲ့ခြင်းမှာ တစ်ဖက်လူ၏ ကိုယ့်ကျင့်တရားကောင်းသော ချီဓာတ်ကြောင့်ဖြစ်ပြီး ထိုသို့သောလူကို တောနက်ထဲတွင် မပျောက်ကွယ်သွားစေလိုသောကြောင့် ဖြစ်သည်။ ရောင်ပြန်မြူတောင်ပေါ် နေထိုင်ခဲ့သည့် နေ့ရက်များတွင် ပေါ်လျန်နှင့်သူက အဆင်ပြေပြေနှင့် ပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်။ သူက ပေါ်လျန်ကို စာအုပ်များစွာပေးခဲ့ပြီး နာမကျန်းဖြစ်မှုများကို ကုသပေးခဲ့ကာ ပေါ်လျန်က သူ့ကို အချိန်ကာလတစ်ခုအထိ အဖော်ပြုပေးခဲ့လေသည်။ သို့ဖြစ်၍ သူတို့နှစ်ယောက်လုံး တစ်ယောက်အပေါ်တစ်ယောက် အကြွေးတင်မနေပေ။ 

ပေါ်လျန်က သူ့အပေါ် ထိုသို့သောအတွေးမျိုးရှိသည်ကို သူ သတိမပြုမိရုံသာဖြစ်သည်။ 

" မင်းတို့ အလုပ်သွားမလို့ မဟုတ်ဘူးလား ဘာလို့ပြန်ဝင်လာကြတာလဲ..."
ခန်းကူက စကားလမ်းကြောင်းလွှဲလိုက်သည်။

" ဦးလေးပိုင်နဲ့ ဦးလေးခန်းကူတို့ ယောင်အစည်းအရုံးမှာ စာရင်းမသွင်းရသေးလို့ ကျွန်တော်နဲ့ နဂါးလေးကျွမ်း ဦးလေးတို့ကို ပြန်လာခေါ်ကြတာ... လူသား မှတ်ပုံတင်ကတ်တစ်ခုရှိရင် လူသားလောကမှာ ခရီးသွားရတာ ပိုအဆင်ပြေတယ်..."

" မလောပါနဲ့ မလောပါနဲ့... နှစ်ရက်လောက်နေမှသွားလည်း ဘာမှသိပ်မကွာပါဘူး..."
ဤသို့နေရခက်သည့် ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပြီးသည့်နောက်တွင် ပိုင်ဇယ်က ဂျူနီယာနှစ်ယောက်နှင့်အတူ အပြင်ထွက်ရန် ရှက်လွန်းနေသည်။

" ဒါဆိုလည်းရတယ်လေ ကျွန်တော်နဲ့ကျွမ်းချင် အလုပ်သွားတော့မယ်..."
ဖူလီက ကျွမ်းချင်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
" သွားကြမယ်..."

ကျွမ်းချင်က ဖူလီ့နောက်မှ တိတ်တဆိတ်လိုက်သွားသည်။ သူတို့ တံခါးနားရောက်သည့်အခါ အကြီးအကဲသုံးယောက်ကို လှမ်းကြည့်လိုက်ချိန်တွင် သူတို့ကို ညင်သာစွာ ပြန်ပြုံးပြနေသည်ကို မြင်လိုက်ရသည်။

ဂျူနီယာနှစ်ယောက် ထွက်သွားပြီးသည့်အခါ ခန်းကူက သူ့အင်္ကျီလက်ကိုခေါက်တင်ပြီး ဖုန်းလွေ့ကျုံးကို ရိုက်နှက်မတတ်ဖြစ်သွားသည်။ 
" ကြည့်စမ်း ကြည့်စမ်း ကြည့်စမ်း... မင်း အသည်းအသန်တွေ ကြည့်ချင်နေလို့ ကျွမ်းချင်က ဒါတွေမြင်သွားရပြီ... သူ ရှောင်လီကို စိတ်ကုန်သွားရင် ဘယ်လိုလုပ်မလဲ..."

" ငါ ကြည့်မယ်လို့ပြောတုန်းက မင်းလည်း စပ်စုချင်နေတာ မဟုတ်ဘူးလား... အခုမှ ငါ့ကို အပြစ်တင်တာတော့ အရှက်မရှိတာပဲ..."
ဖုန်းလွေ့ကျုံးက မကျေမနပ်ဖြစ်ပြီး ခန်းကူနှင့် စကားအခြေအတင်ဖြစ်တော့သည်။

ပိုင်ဇယ်က ဘေးနားတွင် တိတ်ဆိတ်စွာထိုင်နေသည်။ သူတို့နှစ်ယောက် စကားများပြီးသောအခါ သူ မျက်ခုံးပင့်လိုက်သည်။
" ဆက်ပြောကြဦးလေ... ငါ လူသားလောက က ဆဲတဲ့စကားလုံး နည်းနည်းကို မင်းတို့ဆီက ကြားလိုက်ရပြီ... ထပ်ကြားချင်သေးတယ်..."

ခန်းကူ : ...

ဖုန်းလွေ့ကျုံး : ...

" ဒီနှစ်တွေမှာ မင်းတို့အားလုံး ခွေးအစာအိမ်ထဲ နေခဲ့ရတာလား..."

ပိုင်ဇယ်က အတိတ်သိမြင်မှန်ကို ပြန်သိမ်းလိုက်ပြီး ကျောက်တုံးစားပွဲကို လက်တစ်ဖက်ဖြင့် ထုရိုက်လိုက်သည်။ စားပွဲက ချက်ချင်းကြေမွသွားပြီး စကျင်ကျောက်အပိုင်းအစများ မြေပေါ်လွင့်ကုန်သည်။

" မင်းတို့ ကောင်းကင်ဘုံစည်းမျဉ်း‌ရဲ့ မျက်လုံးတွေအောက်ကနေ ကံကောင်းလို့ အသက်ရှင်ခဲ့တာနဲ့ ကိုယ်ဘယ်သူဆိုတာ မေ့သွားပုံပဲ... တကယ်လို့ မင်းတို့ဘ‌ဝတွေက အရမ်းသက်တောင့်သက်သာဖြစ်နေတယ်လို့ထင်ရင် ထောင့်တစ်နေရာကိုသွားပြီး ကိုယ့်ဘာသာနှိပ်စက်နေကြ... ရှောင်လီ့ကို ဒုက္ခမရောက်စေနဲ့..."

ခန်းကူနှင့် ဖုန်းလွေ့ကျုံးက စကားမပြောရဲတော့ပေ။ ပိုင်ဇယ် စိတ်မကြည်မလင်ဖြင့် ထွက်သွားသည့်အခါမှသာ ဖုန်းလွေ့ကျုံးက အသံတိုးတိုးဖြင့် မေးလိုက်သည်။

" အတိတ်သိမြင်ကြေးမုံက သူ့ဟာမလား...တကယ်လို့ သူ သဘောမတူဘူးဆိုရင် ငါတို့သုံးလို့မရဘူးလေ..."

" မင်း စကားမပြောတော့ဘဲ ပါးစပ်ပိတ်နေလိုက်တာ ပိုကောင်းမယ်..."

ခန်းကူက သူ့ချမ့်ခွန်းအိတ်ကို ထုတ်လိုက်သည်။
" ကျွမ်းလေးက မှော်ရတနာတွေနဲ့ မှော်ဆေးလုံးတွေကို စိတ်ဝင်စားလား မဝင်စားလား ငါမသိဘူး... သူ့အတွက် ရှောင်လီကနေတစ်ဆင့် ဒီပစ္စည်းလေးတွေ ပေးခိုင်းလိုက်ရင် သူ နည်းနည်းတော့ ပျော်သွားမယ်ထင်တယ်..."

" ကျွမ်းလေးက ရှောင်လီ့ကို မှော်ရတနာတွေ ဆေးလုံးတွေကြောင့် တွဲတယ်ထင်နေတာလား..."
ဖုန်းလွေ့ကျုံး ဒေါသထွက်နေသည်။

" သူက ဒါတွေကို အရေးမလုပ်ပေမယ့် လက်တွဲဖော်ဆီက လက်လက်ဆောင်ဆိုတာမျိုးရရင် အမြဲပျော်မှာပဲလေ..."

" ဒါဆို ငါတို့ စမ်းကြည့်ကြမလား..."

.....

ကားထဲရောက်သည့်အခါ ဖူလီက ခရီးသည်ခုံတွင်ထိုင်လျက် ကျွမ်းချင်ကို အကြိမ်အနည်းငယ် ခိုးကြည့်နေသည်။ ကျွမ်းချင်က တုံ့ပြန်မှုများများစားစားမပြသပေ။ မီးပွိုင့်နီသွားသောအခါ ကျွမ်းချင်က ဖူလီကို နွားနို့ပုလင်းအဖုံးဖွင့်ပေးလိုက်၍ ဖူလီက နာခံစွာဖြင့် သောက်လိုက်သည်။ ပုံမှန်အချိန်တွင်မူ ဖူလီက နွားနို့သောက်ရသည်အား မနှစ်သက်သော်လည်း ယနေ့တွင်မူ လိမ္မာနေပေသည်။

" နဂါးလေးကျွမ်း... ငါ့ကို စိတ်ဆိုးနေတာလား..."

" တစ်ယောက်ယောက်က မင်းကိုကြိုက်တာလေ... မင်းက တစ်ယောက်ယောက်ကို သွားကြိုက်တာမှ မဟုတ်တာ ကိုယ်ဘာလို့ စိတ်ဆိုးရမှာလဲ..."
ကျွမ်းချင်၏လက်ချောင်းများက ကားစတီယာရင်ကို တောက်နေပြီး မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုကို မကျေမနပ်ဖြစ်နေပုံရသည်။ မီးနီကို စောင့်ဆိုင်းနေရသည့် စက္ကန့်၉၀ အချိန်ကပင် အလွန်ကြာမြင့်သည်ဟု ထင်ရသည်။

" တကယ်လား..."

" ကိုယ် စိတ်မဆိုးဘူးဆိုတာ မင်းကို သက်သေပြရဦးမလား..."
ကျွမ်းချင်က သူ့ကို ခေါင်းစောင်းကြည့်ပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
" ဟမ်..."

ဖူလီ ခေါင်းခါလိုက်သည်။
" ရပါတယ် ရပါတယ်..."

" ဒါဆိုရင် အားလုံးအဆင်ပြေသွားပြီပဲ... နွားနို့ပုလင်းခွံကို သိုလှောင်ဘူးထဲ ထည့်ထားလိုက်သည်။

" အင်း..."

ဖူလီက နွားနို့ပုလင်းခွံကို နေရာမှန်တွင် ထားလိုက်သည်။ ကျွမ်းချင်က မျက်နှာသေကြီးဖြစ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောကြောင့် သူ့ရင်ဘတ်သူပုတ်ပြီး အတိအလင်းပြောလိုက်သည်။

" စိတ်မပူပါနဲ့... ငါက ပေါ်လျန့်အပေါ် အဲ့လိုဝေခွဲမရတဲ့ ခံစားချက်မျိုးတွေ ရှိမနေပါဘူး... ငါ နှစ်ပေါင်းများစွာ နေလာခဲ့ပေမယ့် ငါကြိုက်တဲ့မိစ္တာက တစ်ယောက်ပဲရှိတယ်... သူ့နာမည်က ကျွမ်းချင်တဲ့... ပေါ်လျန် ဒါမှမဟုတ် ပေါ်ဖူက ငါ့အတွက်တော့ သာမန်မိတ်ဆွေတွေပါပဲ သူတို့ကို တခြားခံစားချက် မရှိဘူး..."

" သူတို့တစ်ယောက်ကိုမှလား..." 
မီးစိမ်းရန် ဆယ်စက္ကန့်သာလိုတော့ပြီး ကျွမ်းချင်၏ စိတ်အခြေအနေက အနည်းငယ် ပိုကောင်းမွန်လာခဲ့သည်။

" သေချာပေါက် ဘယ်သူ့ကိုမှ မကြိုက်ဘူးပေါ့... ပေါ်လျန်ကို ငါ့နှလုံးသားထဲက မင်းရဲ့နေရာနဲ့ ယှဉ်လို့ရပါ့မလား... မင်းက သေချာပေါက် ငါ့အတွက် အကောင်းဆုံးပဲ..."

ဖူလီက ကောင်းကင်ကို လက်ညှိုးထိုးပြီး ကျိန်ဆိုလိုက်သည်။ လူသားတို့၏ ဇာတ်လမ်းတွဲထဲမှ အဓိကဇာတ်ဆောင်အမျိုးသားများက ကျိန်ဆိုရသည်ကို အဘယ့်ကြောင့်နှစ်သက်ကြောင်း နောက်ဆုံးတွင် သူ သဘောပေါက်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မိမိချစ်သူကို ချော့မော့ရာတွင် ဤထက်ကောင်းသည့်နည်းလမ်း မရှိသောကြောင့်ပင်။

" သူက မင်းကို နှစ်ပေါင်းများစွာ စောင့်နေခဲ့ပြီး သူ့ဇာတာခွင်ကို မင်းကြောင့် အပျက်စီးခံခဲ့တာလေ... ဒါတောင် မင်း နည်းနည်းလေးမှ စိတ်မလှုပ်ရှားဘူးလား..."

" စိတ်လှုပ်ရှားခဲ့ပါတယ် ဒါပေမဲ့..."

" အင်း..."

" မဟုတ်ဘူး မဟုတ်ဘူး... ငါ့မှာ မင်းရှိနေတယ်လေ... တခြားလူတစ်ယောက်ကြောင့် စိတ်လှုပ်ရှားနေလို့ ဘယ်ဖြစ်မှာလဲ... တကယ်ပြောတာပါ ငါ့ကို ယုံနော်..."

ကားစက်နှိုးလိုက်ပြန်သည်။ ကျွမ်းချင်၏ ကားအကောင်းစားကြီးက မောင်းထွက်သွားသည်။ ဖူလီ၏ များပြားလှသော ကျိန်ဆိုမှုများကို နားထောင်နေစဉ်တွင် ပေါ်လျန်က သွေးမျက်ရည်များကျလျက် မုန့်ပေါ်၏စွပ်ပြုတ်သောက်နေသည့်မြင်ကွင်းကို သူ ပြန်မြင်ယောင်လာမိသည်။ ဖူလီအတွက် ဤလူသားက သက်ဦးဆံပိုင်ဘုရင်ဖြစ်နိုင်သည့်ကံကြမ္မာ၊ သက်တောင့်သက်သာဖြစ်နိုင်သည့်ဘဝတို့ကို လက်လျှော့ခဲ့ကာ ဝိညာဉ်အနေအထားဖြင့် ရှိနေစဉ်မှာပင် သွေးမျက်ရည်များ ကျခဲ့သည်။ 
ဒါ ဘယ်လို ခံစားချက်မျိုးပါလိမ့်...

ဖူလီက တကယ်ပဲ သူ့ကြောင့် စိတ်ထဲမှာ သက်ရောက်မှု မရှိတာလား...

" မင်းက ငါ့ရင်ထဲမှာ အခံ့ညားဆုံးလူပါ... တစ်ချက်ကြည့်လိုက်တိုင်း ငါ့ကို ရူးသွပ်သွားစေနိုင်တယ်..."

" တော်တော့..."
ကျွမ်းချင်က ဖူလီ့ကို ဖြတ်ပြောလိုက်သည်။
" အဲလိုမျိုး သီချင်းစာသားတွေကို မမှတ်ထားနဲ့..."

" ငါ့ရဲ့စကားတွေနဲ့ သီချင်းစာသားတွေက အကွာကြီးလေ..."

ကျွမ်းချင်ထံမှ အကြည့်တစ်ချက်ကြောင့် သူဆက်မပြောရဲတော့ပေ။ 

ကားက စီမံခန့်ခွဲရေးဗျူရိုထဲ ဝင်လာသည်။ ဖူလီ သူ့နောက်မှ ခေါင်းငိုက်စိုက်ကျပြီး လိုက်လာသည်ကို ကျွမ်းချင်ကြည့်နေလိုက်သည်။ ခဏအကြာတွင် သူ သက်ပြင်းချပြီး ဖူလီ့‌လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။
" လမ်းလျှောက်ရင် လှေကားထစ်တွေကို သေချာကြည့်လေ... ဟိုငေးဒီငေး လုပ်မနေနဲ့..."

" အင်း အင်း..."

ဖူလီက ကျွမ်းချင်၏လက်ကို ကိုင်ထားလိုက်သည်။

" မင်း ငါ့နားမှာရှိနေတော့ စိတ်အေးလက်အေး နေနေမိတာ..."

" ဖူလီ ဒီလိုစကားချိုချိုလေးတွေပြောဖို့ မင်းဘယ်သူ့ဆီက သင်ထားခဲ့တာလဲ..."

" စကားချိုချိုလေးတွေ ပြောတာမဟုတ်ပါဘူး... ဒါ ငါ့ရင်ထဲက ခံစားချက်တွေလေ..."
ဖူလီက သူ့မျက်လုံးကို လက်ညှိုးထိုးပြလိုက်သည်။

" ငါ့ရဲ့ ရိုးသားတဲ့ မျက်လုံးလေးတွေကို ကြည့်လိုက်ပါဦး..."

မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အလွန်အားစိုက်ထုတ်နေသည်ကို မြင်လိုက်ရသည့်အခါ ကျွမ်းချင် ရယ်လိုက်မိသည်။

ပေါ်လျန် ဘယ်သူလဲဆိုတာ ဘာအရေးလဲ... သေပြီးသား လူတစ်ယောက်က သူနဲ့ ဖူလီရဲ့ ခံစားချက်တွေကြားမှာ ဆူးညှောင့်ခလုတ် ဖြစ်နိုင်မှာမှ မဟုတ်တာ... ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ဖူလီနဲ့ အတူတူရှိနေဝာာ သူဖြစ်တဲ့အပြင် ဖူလီ့ရဲ့ အကြီးအကဲတွေ အသိအမှတ်ပြုထားတာလည်း သူ့ကိုပဲလေ... ဖူလီနဲ့ ထာဝရရှိနေရမယ့်သူကလည်း ကျွမ်းချင်ဆိုတဲ့သူပဲ...

ဤခံစားချက်စစ်ပွဲအတွင်းတွင် နောက်မှရောက်လာသည့်သူက အနိုင်ရသူ ဖြစ်ခဲ့ပေသည်။

.....

ချမ့်လုကောသည် ကျောပိုးအိတ်တစ်လုံးဖြင့် ခရီးသွားလာသည့် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သည်။ သူ နေရာပေါင်းများစွာကို ရောက်ဖူးခဲ့ပြီး လှပသည့် ဓာတ်ပုံများစွာကို ရိုက်ကူးနိုင်ခဲ့ကာ အပြည်ပြည်ဆိုင်ရာဆုလည်း ရဖူးပေသည်။

ဤတစ်ကြိမ်တွင်မူ ဂူအောင်းလူသားများ ရှိသည်ဟု ဆိုကြသော တောင်တစ်လုံးပေါ်သို့ရောက်ခဲ့ပြီး သူ့လက်ထဲတွင်လည်း မြေပုံတစ်ခု ရှိနေခဲ့သည်။ ကံဆိုးသည်မှာ ရက်ပေါင်းများစွာတိုင်အောင် တောင်ပေါ်တွင် နေထိုင်ပြီးသော်လည်း စိတ်ဝင်စားစရာကောင်းသည့် ဓာတ်ပုံတစ်ပုံကိုမှ မရိုက်ရသေးခြင်းဖြစ်သည်။ သူ ပြန်တော့မည့်နေ့တွင် အဝေးကြည့်မှန်ပြောင်းကိုကိုင်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်နေသည်။ ထိုအချိန်တွင် မျောက်ဝံဖြူကြီးတစ်ကောင် လမ်းလျှောက်နေသည်နှင့်တူသော နှင်းကဲ့သို့ဖြူဖွေးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ဤမျောက်ဝံဖြူကြီး၏ မူမမှန်သောအရပ်အမောင်းနှင့် တစ်ကိုယ်လုံး ဖြူဆွတ်နေသည့် အမွေးများကြောင့် ဒဏ္ဍာရီလာ ဂူအောင်းလူသားများအကြောင်း သူ တွေးမိသွားသည်။

သူ ထွက်ပြေးသင့်လား ဒါမှမဟုတ် ဓာတ်ပုံရိုက်ဖို့ နောက်က လိုက်သွားရမလား...

ချမ့်လုကောက တစ်စက္ကန့်ခန့် ချီတုံချတုံဖြစ်နေပြီးနောက် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် မျောက်ဝံဖြူကြီး ပေါ်လာသည့်နေရာကို ရောက်သောအခါ ထိုနေရာတွင် မည်သည့်အရာကိုမှ မတွေ့ရသည့်အပြင် အဖြူရောင်အမွေးတစ်မျှင်မှလည်း မတွေ့ရပေ။ သူ လက်လျှော့ချင်စိတ်မရှိ၍ နေရာတစ်ခုလုံးကို ပိုက်စိတ်တိုက် ရှာဖွေခဲ့သောလည်း တိရစ္ဆာန်တစ်ကောင်ဖြတ်သွားသည့် ခြေရာလက်ရာမျိုး မတွေ့ရပေ။ 

သူ အမြင်မှားတာများလား...

သူ့နောက်မှ သစ်ရွက်ခြောက်များကို နင်းလိုက်သည့်အသံတစ်သံ ထွက်လာသည်။ သူ ကြောက်လန့်တကြားဖြင့် ပြန်လှည့်ကြည့်လိုက်သောအခါ မနီးမဝေးတွင် အရပ်ရှည်ရှည်လူတစ်ယောက် ရပ်နေ‌သည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူက သူနှင့်အလွန်ဆင်တူပြီး အရောင်သာကွဲသည့် အဝတ်အစားများကို ဝတ်ထားသည်။

တစ်ဖက်လူ၏ လည်ပင်းတွင် ကြိုးဖြင့်ဆွဲထားသော ကင်မရာကို မြင်လိုက်သည့်အခါမှ ချမ့်လုကော စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိသည်။

" မင်းလည်း ဂူအောင်းလူသားတွေကို ဓာတ်ပုံရိုက်ဖို့ တောင်ပေါ် ရောက်လာတာလား..."

" ဂူအောင်းလူသားလား..."

အရပ်ရှည်ရှည်လူက ခဏတာ အံ့အားသင့်သွားပြီးနောက် သူ့ကင်မရာကို တင်းကြပ်စွာ ကိုင်ထားလိုက်သည်။ 

" ဟုတ်တယ် ငါ တောင်ပေါ်မှာ ရှာနေတာ တော်တော်ကြာပြီ ဒါပေမဲ့ ဂူအောင်းလူသားတွေကို မတွေ့ဘူး..."

" ကြည့်ရတာ ကောလဟာလတွေပဲ ထင်ပါတယ်..."

ချမ့်လုကော ပြုံးပြလိုက်သည်။
" ငါ ဒီနေ့ပဲ တောင်ပေါ်က ဆင်းတော့မလို့... မိုးလေဝသ သတင်းမှာပါတာတော့ ဒီနေ့ နှင်းထူမယ်တဲ့ ဒီမှာနေရမှာ အန္တရယ်များတယ်..."

" ငါလည်း မင်းနဲ့အတူ တောင်ပေါ်က ဆင်းတော့မယ်..."

ထိုလူက သူနှင့်အတူ ထွက်သွားမည်ကို ကြားသောအခါ ချမ့်လုကောပို၍ စိတ်ချလက်ချဖြစ်သွားသည်။ တစ်ဖက်လူက နေ့အချိန်တွင် သူနှင့်အတူ ထွက်သွားမည်ဟု ပြောလာ၍ တောင်ပေါ်မှ ထူးဆန်းသောဝိညာဉ် မဟုတ်နိုင်ပေ။

ထိုလူက စကားများများမပြောသော်လည်း သူစကားပြောလျှင် ကျိုးကြောင်းဆီလျော်နေသည်က များသည်။ သူက ဗဟုသုတနှင့်ပြည့်စုံသူတစ်ယောက် ဖြစ်ပုံပင်။ သူတို့နှစ်ယောက် လမ်းခွဲခါနီးတွင် ချမ့်လုကောက စိတ်ထဲ တုံ့ဆိုင်းနေခဲ့မိ၍ တစ်ဖက်လူကို သူ့ဖုန်းနံပါတ်ပေးလိုက်သည်။ 

" မင်းတူလေးကိုရှာဖို့အတွက် မြို့တော်ကို သွားမလို့လား..."

ချမ့်လုကော အနည်းငယ်စိုးရိမ်သွားသည်။ သူ့ကလေးအချို့ကပင် သူ့က်ိုအာရုံမစိုက်ကြ၍ တူများပင်ဆိုပါက ‌ဆိုဖွယ်ရာမလိုတော့ပေ။ ဤလူကို သူ့တူလေးဆိုသူက ကြိုဆိုမည်ဟုတ်မဟုတ် သူ မသေချာပေ။

" ဟုတ်တယ် ငါသူ့ကိုရှာဖို့ ထွက်လာတာပဲ..."

ချမ့်လုကောက တစ်ဖက်လူ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေလျက် သက်ပြင်းခပ်ဖွဖွ ချလိုက်မိသည်။ ထိုလူကိုယ်တိုင် ငယ်ရွယ်စဉ်တည်းက ပြုစုစောင့်ရှောက်ခဲ့သော တူလေးဖြစ်သူက ဤမိသားစုအချစ်ကို ပြန်အမှတ်ရနေရန်သာ မျှော်လင့်နေမိတော့သည်။