Chapter 166
မနာလိုဝန်တိုမှု
" မိစ္ဆာတစ်ကောင်က လူသားတွေနဲ့ အရမ်းအနေနီးရင် သူတို့ရဲ့အကျင့်တွေကူးပြီး မနာလိုတာ၊ ဘလောဘကြီးတာ၊ အငြှိုးအတေးကြီးတာမျိုးတွေ ဖြစ်လာတတ်တယ်... အဲဒါဆိုရင် သူတို့ဆီမှာ ကြီးမြတ်တဲ့ မိစ္ဆာစွမ်းအားတွေ ပိုင်ဆိုင်ထားရင်တောင်မှ အားနည်းချက်တွေ ပေါ်လာတတ်တယ်..."
" ဘုရင်ကြီးက နတ်နဂါးရဲ့ အမွေအနှစ်ကို ရသရွေ့တော့..."
အရိပ်များထဲမှ ဧရာမအရိပ်ကြီး လှုပ်ခါသွားသည်။
" ငါက ဒီလောကကြီးထဲမှာ အဖေ့ရဲ့ အမွေနှစ်ကို ဆက်ခံနိုင်တဲ့ တစ်ယောက်တည်းသောလူပဲ... အဖေနဲ့ နတ်ဘုရားဖုန်းတို့က ဒီနှစ်တွေမှာ ဆက်ဆံရေးပြေလည်ကြတယ်... အဲ့တော့ သူ့ရဲ့ အမွေနှစ်တွေက နတ်ဘုရားဖုန်းရဲ့လက်ထဲမှာပဲနေမှာ..."
" ဘယ်သူကမှ ငါ့ဆီကနေ လုယူသွားလို့ မရဘူး..."
အကျည်းတန်သော ဧရာမသားရဲကြီးက အဝါရင့်ရောင်မျက်လုံးများ ဖွင့်လိုက်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်ထဲတွင် ထူးဆန်းသည့်အစိမ်းရောင်များ ပေါ်လာသည်။
" ငါတစ်ယောက်တည်းပဲ..."
" ယောင်လောက က အရမ်းအေးချမ်းလွန်းနေတယ်..."
" မိစ္ဆာတွေရဲ့ သဘာဝအစစ်က တိုက်ခိုက်သတ်ဖြတ်ပြီး သွေးပူနေတာမျိုးပဲ... မိစ္ဆာတစ်ဝက်ဖြစ်နေတဲ့ အဆင့်နိမ့်အမှိုက်တွေက ယောင်လောကကို ပျက်စီးစေတယ်..."
" ဒီဘုရင်က ယောင်လောကကို ကြီးမြတ်တဲ့ မဟာတာအိုဖြစ်အောင် ဦးဆောင်သွားမယ်..."
.....
လစန္ဒာပေါင်းကူးဟိုတယ်က မြို့တော်၏ နာမည်ကြီးဟိုတယ်များအနက်မှ တစ်ခုဖြစ်သည်။ နာမည်ကျော်များက ဟိုတယ်သို့ မကြာခဏလာရောက်ကြပြီး အရေးကြီးသော အစည်းအဝေးများကိုလည်း ဤနေရာတွင်သာ ကျင်းပလေ့ရှိကြသည်။ နှစ်တစ်နှစ် ကုန်ဆုံးသည်နှင့် များပြားလှသော အရေးကြီးအစည်းအဝေးများစွာကို ဤနေရာတွင် ဆက်တိုက်ကျင်းပကြသည်။ ပထမလ၏ ၁၂ရက်မြောက်နေ့တွင် စာရေးဆရာများ၏ နိုင်ငံလုံးဆိုင်ရာစည်းဝေးပွဲကို လစန္ဒာပေါင်းကူးဟိုတယ်တွင် ကျင်းပကြသည်။
လစန္ဒာပေါင်းကူးဟိုတယ်၏ တံခါးကြီးများကို ကျော်ဖြတ်လာသည်နှင့် မာဟာက အထူးဖုန်းရွှေတစ်မျိုးကို ခံစားလိုက်ရသည်။ ဤဟိုတယ်၏ လိုအပ်သည့်နေရာတိုင်းတွင် ကြုံရာပစ္စည်းတစ်မျိုးစီကိုချထားပြီး မည်သည့်နေရာတွင်မှ လွတ်မနေပေ။ ဟိုတယ်ကို ဤသို့ရှု့ထောင့်ပေါင်းစုံမှ အဆင်ပြေနေစေရန် မည်သည့်ကျင့်ကြံသူ ကူညီပေးထားကြောင်းကိုမူ မသိရပေ။
ဖိတ်စာကို ထုတ်ပြီးနောက် ဝန်ထမ်းထံမှ အခန်းကတ်ကို ရပြီးသည်နှင့် ဓာတ်လှေကားထဲ ဝင်လိုက်သည့်အခါ အလျင်စလိုရောက်လာသည့် စာရေးဆရာအချို့ကို တွေ့လိုက်ရသည်။ မာဟာက ဖန်တီးရေးသားမှုနယ်ပယ်တွင် နာမည်တစ်ခု ရထားသူဖြစ်သော်လည်း သူ့ပုံစံက အားလုံးစိတ်ကူးထားသကဲ့သို့ သက်ကြီးပိုင်းလူတစ်ယောက်မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်နေသည်။ သို့သော် မာဟာက စကားပြောရခြင်းကို နှစ်သက်သူမဟုတ်၍ မည်သူကမှ သူ့ကို အာရုံမစိုက်ပဲ အလိုက်တသိနေလိုက်ကြသည်။
ပွဲစီစဉ်သူက ညဘက်တွင် ဟိုတယ်၌ ကြိုဆိုညစာစားပွဲ စီစဉ်ပေးထားသည်။ မာဟာက ထောင့်တစ်နေရာတွင်ထိုင်နေပြီး စားပွဲပေါ်မှ ဟင်းပွဲများကို ယူနေလျက် ရင်းနှီးသည့် စာရေးဆရာများကာတစ်ယောက်နှင့်တစ်ယောက် ခွက်ချင်းတိုက်နေသည်ကို ကြည့်နေလိုက်သည်။
ခဏအကြာတွင် အသက်ငါးဆယ်ကျော်အရွယ် စာရေးဆရာတစ်ယောက်က စားပွဲခုံပေါ် မှောက်သွားသည်။ သူ့ဘေးနားမှလူက သူ့ကို အကြိမ်အနည်းငယ်ခန့် ခေါ်နေပြီးနောက် တစ်ဖက်လူက အရက်အမူးလွန်သွားသည်ဟု အခြားလူများကို ပြောလိုက်သည်။
အရက်မူးသွားသည့် စာရေးဆရာ၏နောက်မှ ခုံကိုကြည့်ပြီး မာဟာက တူကိုချထားလိုက်ကာ တာဝန်ကျသူတစ်ယောက်ကို စကားအနည်းငယ်ပြောပြီး ထွက်သွားရမ် ပြင်လိုက်သည်။ မမျှော်လင့်ထားသည်မှာ သူ တံခါးနားသို့ရောက်ချိန်တွင် စားပွဲပေါ်မှောက်သွားသည့် စာရေးဆရာက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သူ့ကို ငေးငိုင်ကြည့်နေသည်။
မာဟာက သူ့နားကို လျှောက်သွားလိုက်သည်။
" နေမကောင်းလို့လား... ကျွန်တော် ဆရာဝန် ခေါ်ပေးရမလား..."
စာရေးဆရာက သူ့လက်ကို ဖယ်ထုတ်လိုက်ပြီး ဝိုင်ခွက်ကိုယူကာ အခြားလူများထံ ဒယိမ်းဒယိုင်ဖြင့် လျှောက်သွားသည်။ မာဟာက ရိုင်းပြစွာ ဆက်ဆံခံလိုက်ရသော်လည်း ဒေါသမထွက်ပေ။ သူ တစ်ဖက်သို့လှည့်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာလိုက်သည်။
သူ့ကုတ်အင်္ကျီကို စမ်းကြည့်လိုက်သည့်အခါ အခန်းကတ်နှင့်ဖုန်းက အခန်းထဲတွင် ကျန်ခဲ့ကြောင်း သိလိုက်ရသည်။ သူက အရာအားလုံးကောင်းမွန်သော်လည်း မှတ်ဉာဏ်က ချွင်းချက်တစ်ခုဖြစ်သည်။ ၎င်းက မည်သို့ပင်ဖြစ်စေ သူ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။
အခန်းကတ်မရှိသော မာဟာက ဓာတ်လှေကားကို အသုံးမပြုနိုင်ပေ။ ရှင်းလင်းနေသည့် စင်္ကြန်လမ်းကိုကြည့်ပြီး အမျိုးသားသန့်စင်ခန်းထဲဝင်ကာ မန္တန်အချို့ကို ရွတ်ဆိုလိုက်သည်။
" အမ်..."
ဟိုတယ်၏ ဘဏ္ဍာရေးစာရင်းတင်ပြချက်ကို ရုံးခန်းထဲတွင် ဖတ်နေသည့် ဝမ်ဟန်က လှုပ်ရှားမှုများ ရုတ်ချည်းရပ်တန့်သွားပြီး ခုံပေါ်မှ သဲနာရီကိုကြည့်လိုက်သည်။ အလှကြည့်ရန်သာ ပြုလုပ်ထားသည့် သဲနာရီတွင် အပြာရောင်အလင်းတန်းအချို့ ဖြာထွက်သွားသည်။
" ဟိုတယ်ထဲမှာ ယောင်ကျင့်ကြံသူ ရောက်နေတာလား..."
သူ့ ဖောင်တိန်ကို ချထားလိုက်ပြီး ကွန်ပျူတာဖွင့်ကာ ယနေ့ ဟိုတယ်သို့ရောက်လာသည့် ဧည့်သည်စာရင်းကို စစ်ဆေးရန် ပြင်လိုက်သည်။ သို့ရာတွင် ယနေ့၌ လာရောက်သူဧည့်သည် များပြားလှ၍ အချိန်တိုအတွင်းတွင် ပြဿနာရှိနေသူတစ်ယောက်ကို ရှာမတွေ့နိုင် ဖြစ်နေသည်။
ဟိုတယ် မန်နေဂျာကို ခေါ်လိုက်ပြီးသည့်အခါမှသာ ဤရက်ပိုင်းအတွင်း ဟိုတယ်၌ စာရေးဆရာများ စည်းဝေးပွဲကျင်းပနေသည်ကို သိလိုက်ရသည်။ နိုင်ငံအနှံ့အပြားရှိ လူသိများသော စာရေးဆရာ အယောက် ၅၀ခန့်က ယနေ့တွင် ဟိုတယ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
" စာရေးဆရာအုပ်စုပါလား..."
ဝမ်ဟန် မေးစေ့ကိုပွတ်လိုက်သည်။
" စာရေးဆရာလုပ်နေတဲ့ မိစ္ဆာတော့ မရှိလောက်ဘူးထင်တယ်... သူတို့ ဒီလိုအလုပ်မျိုးလုပ်ရလောက်အောင် ဘယ်လောက်အထိ အေးအေးဆေးဆေး ဖြစ်နေကြတာလဲ..."
မိစ္ဆာစွမ်းအား အသက်သွင်းလိုက်ပြီးနောက် ရှာတွေ့ခံရမည်ကို စိုးရိမ်သွားသည့် မာဟာက အရှေ့ကောင်တာသို့သွားပြီး ဖုန်းတစ်လုံးငှားကာ စီမံခန့်ခွဲရေးဗျူရိုသို့ ဖုန်းဆက်လိုက်သည်။
" ဟဲလို... ဒါက စီမံခန့်ခွဲရေးဗျူရိုလားဆိုတာ သိခွင့်ရမလား..."
မာဟာက စိုးရိမ်ပူပန်နေသောကြောင့် စကားထစ်နေသည်။ ကံကောင်းသည်မှာ ဖုန်းအော်ပရေတာက အလွန်စိတ်ရှည်ပြီး မာဟာကို ပြဿနာရှာသည့် မိစ္ဆာအဖြစ် မသတ်မှတ်လိုက်ပေ။
" ဒီနေရာမှာ မိစ္ဆာဝင်ပူးခံနေရတဲ့ လူသားတစ်ယောက်ရှိလို့ပါ ဒီကို လူအမြန်လွှတ်ပေးပါဦး..."
" ကောင်းပါပြီ ကျွန်တော် အခန်းထဲမှာပဲနေပြီး အဆက်အသွယ်မပြတ်အောင် နေပါ့မယ်..."
မာဟာက တုန်ယင်နေသည့် လက်ချောင်းများဖြင့် အရှေ့ဘက်ကောင်တာမှ အစားထိုးအခန်းကတ်တစ်ကတ်ယူပြီး သူ့အခန်းထဲတွင် အမြန်ပုန်းနေလိုက်သည်။
သူ ထွက်သွားသည့်အခါ အရှေ့ဘက်ကောင်တာမှ ဝန်ထမ်းက အသံတိုးတိုးဖြင့် မေးလိုက်သည်။
" အဲဒီစာရေးဆရာက မိစ္ဆာပူးနေတဲ့အကြောင်း ပြောသွားတယ်နော်... သူ ဝတ္ထုတွေရေးတာများလို့ လက်တွေ့နဲ့ စိတ်ကူးယဉ်တာနဲ့ကို မခွဲနိုင်တော့တာများလား..."
" သူ ဓာတ်လှေကားထဲ ဝင်တုန်းကလည်း ခိုးကြောင်ခိုးဝှက်ပုံစံနဲ့ပဲ... တစ်ယောက်ယောက် သူ့ကို ဖမ်းသွားမှာ ကြောက်နေသလိုကြီး... သူ့ပုံက နည်းနည်းကြောက်စရာကောင်းတယ်..."
အရှေ့ကောင်တာမီ အခြားဝန်ထမ်းတစ်ယောက်က သူ့လက်မောင်းကို တို့လိုက်သည်။
" အဲအကြောင်း တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းလိုက်တာ... ဟိုတယ်မှာ ဧည့်သည်တွေက အများကြီး တစ်ခုခုဖြစ်ရင် ပြဿနာတက်မှာ... ငါတို့ ဆရာဝန်တွေနဲ့ ရဲတွေ ခေါ်ထားကြမလား..."
" အရင်ဆုံး ဒီကိစ္စကို ဟိုတယ်မန်နေဂျာဆီ သွားပြောထားရအောင်..."
မူလက စကားပြောသံများ၊ ရယ်သံများဖြင့် စည်ကားသက်ဝင်နေခဲ့သည့် ဟိုတယ်စားသောက်ဆိုင်မှာ ယခုချိန်၌ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ အရက်မူးလွန်နေခဲ့သည့် 'စာရေးဆရာ' က သူ့ကိုယ်ပေါ်မှ အဝတ်အစားများကို သေသေသပ်သပ်ဖြစ်အောင်ပြင်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။
" အိမ်မက်တွေ၊ ပုံရိပ်ယောင်တွေ၊ ရည်မှန်းချက်တွေနဲ့ ဒီလိုမျိုး အရသာရှိတဲ့ အရသာလေး..."
မွေးကင်းစ လူသားကလေးငယ်လေးများကသာ အတွေးအမျိုးမျိုး ရှိကြသည်ဟု သူ ထင်ခဲ့သော်လည်း သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာဖြင့် ဇာတ်လမ်းဝတ္ထုများရေးသားသော လူသားများ၏ ဝိညာဉ်က ပိုမိုစိတ်ဝင်စားစရာ ကောင်းနေခဲ့သည်။
အိပ်မောကျနေသည့် စာရေးဆရာများမှာ သူတို့ကိုယ်တိုင်စိတ်နှစ်ပြီး တည်ဆောက်ခဲ့ရသော ဇာတ်ကောင်များနှင့် အဆုံးမဲ့အိမ်မက်များကို စက်ဆုပ်ဖွယ်ရာနတ်ဆိုးတစ်ကောင်က စုပ်ယူနေသည်ကို သတိမပြုမိကြပေ။
" အိုး..."
နတ်ဆိုးက ကတိုက်ကရိုက် ရပ်တန့်သွားသည်။
" မနာလိုမှုရဲ့ အရသာပဲ..."
ထိုလူသားက အပေါ်ယံတွင် သူတော်ကောင်းအယောင်ဆောင်ကာ ဖော်ရွေပြနေပြီး အတွင်းစိတ်ထဲတွင် ပြင်းထန်သော မနာလိုဝန်တိုမှုရှိနေသည်ကို ခံစားလိုက်ရ၍ သူ ရယ်လိုက်မိသည်။
" တော်တော်လေး ရယ်စရာကောင်းတဲ့အပြင် သနားစရာကောင်းတဲ့ သတ္တဝါတွေပဲ..."
သူက မနာလိုမှုချီဓာတ်ကို ဝါးမျိုလိုက်သည်။ လည်ပင်းကို လိမ်လိုက်ချိန်တွင် ထူးဆန်းသည့် အသံတစ်သံ ထွက်လာသည်။
" တစ်ယောက် ပျောက်နေပါလား... ထွက်ပြေးသွားတဲ့သိုးလေး ဘယ်ရောက်သွားပါလိမ့်..."
သူ စားသောက်ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။ ကြမ်းပြင်တွင် သတိလစ်လဲကျနေသည့် စားပွဲထိုးများကို တစ်ချက်ပင် လှည့်မကြည့်ဘဲ လုံခြုံရေးလမ်းကြောင်းအတိုင်း သီတင်းတညည်းညည်းဖြင့် လျှောက်သွားပြီး သူ့အခန်းကတ်ကို လက်ထဲတွင် ကစားနေသည်။
စားသောက်ဆိုင်က တတိယထပ်တွင်ရှိပြီး စာရေးဆရာများ နေထိုင်ရန် စီစဉ်ပေးထားသည်က ၆ထပ်မြောက်တွင်ဖြစ်သည်။
တောက် တောက် တောက်...
ရေချိုးခန်းထဲတွင် ပုန်းနေသည့် မာဟာက တစ်ကိုယ်လုံးတုန်ယင်လျက် နီးကပ်လာသည့် ခြေသံများကို နားထောင်နေသညိ။ အကယ်၍ နတ်ဆိုးက တံခါးမှတစ်ဆင့် ဝင်လာပါက သူ့မူရင်းပုံစံသို့ပြောင်းပြီး ရေဆိုးမြောင်းထဲမှ ထွက်ပြေးမည်ဟု တွေးနေလိုက်သည်။
သူ လူသားအသွင်ရအောင် ကျင့်ကြံပြီးချိန်မှစ၍ ညစ်ပတ်နံစော်ပြီး ရွံစရာကောင်းသည့် ရေဆိုးမြောင်းထဲတွင် မနေတော့ပေ။ သို့သော် သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသည့်အခါ သန့်သန့်ရှင်းရှင်းနေရန်လည်း ခေါင်းထဲ မရှိတော့ပေ။
" လိမ္မာတဲ့သိုးလေး ဒီထဲမှာ ပုန်းနေတာလား..."
အပြင်ဘက်မှ နတ်ဆိုးက အခန်းတံခါးကို သုံးကြိမ်တိတိ ခေါက်လိုက်သည်။
" ဒီလိုလုပ်တာ သိပ်တော့ မယဉ်ကျေးဘူးနော်..."
နတ်ဆိုးက ရုတ်တရက် ထရယ်လိုက်ပြီး အခန်းတံခါးကို ခြေထောက်ဖြင့် ဆောင့်ကန်ဖွင့်လိုက်သည်။ မာဟာပုန်းနေသည့် ရေချိုးခန်းထဲမှ ကြမ်းပြင်တွင် နတ်ဆိုး၏ တွန့်လိမ်နေသော အရိပ်ရှည်ကြီးပေါ်လာပြီး လက်သည်းများကလည်း သူ့ကိုရေချိုးခန်းထဲမှ ဆွဲထုတ်တော့မည့်ပုံ ဖြစ်နေသည်။
၎င်းက တဖြည်းဖြည်းနီးကပ်လာပေသည်။ အရိပ်က တံခါးကိုထိတော့မည့်အချိန်တွင် တံခါးရှေ့၌ ခြေထောက်တစ်စုံ ပေါ်လာသည်။
အဲဒါ ခေါင်းဆောင်ကျွမ်းပဲ... ခေါင်းဆောင်ကျွမ်း ရောက်လာပြီ...
မာဟာက အိမ်သာခွက်ကို ဖက်ထားရာမှ အားပျော့ခွေလဲသွားပြီးနောက်တွင် ကျွမ်းချင်၏ပေါင်ကိုဖက်ပြီး သူ့ကိုဒယ်ဒီဟု ခေါ်ချင်စိတ်ပေါက်သွားသည်။
" နဂါးလား..."
အရိပ်က နောက်ဆုတ်သွားသည်။ လူသား၏ အားနည်းသော အရေပြားထဲမှ တိုးထွက်လာပြီးသည့်နောက် ကျွမ်းချင်၏ရှေ့တွင် အနက်ရောင်မီးခိုးလုံးကြီးအဖြစ် ရပ်နေလိုက်သည်။ ထိုမီးခိုးလုံးကြီးက လူတစ်ယောက်၏အသွင် ဖြစ်သွားသည်။
" မင်းရဲ့ကိုယ်ပေါ်က သဝန်တိုမှုကို ငါခံစားနေရတယ်..."
ကျွမ်းချင်က သူ့ကိုလျစ်လျူရှု့ထားသည်။ သူ လက်တစ်ဖက်ဆန့်၍ နေရာလွတ်တစ်ခုကိုဖွင့်ကာ အားနည်းနေသည့်မာဟာကို ထိုနေရာထဲ ထည့်လိုက်သည်။
" ဘယ်လိုတောင် မြင့်မြတ်တဲ့နဂါးလဲ... ဒီလိုအချိန်မျိုးမှာတောင် အသုံးမဝင်တဲ့ မိစ္ဆာလေးကို ကယ်ဖို့တွေးနေသေးတယ်..."
နတ်ဆိုးက အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။
" ယောင်လောကမှာ အမြဲတမ်း အသက်ရှင်သန်ဖို့ ရုန်းကန်နေရတာပဲလေ... မင်းတို့ဒီလိုဖြစ်သွားတာ လူသားတွေ ဦးနှောက်ဆေးထားလို့များလား... မင်းရဲ့နှလုံးသားထဲက သဝန်တိုမှုက ဘယ်လိုမျိုးလဲဆိုတာ ကြည့်ကြည့်ရအောင်..."
တစ်ဟုန်ထိုးထွက်လာသည့် အမှောင်ထုကြီးကိုကြည့်ပြီးနောက် ဤမိစ္ဆာက မည်သူမည်ဝါဖြစ်ကြောင်း ကျွမ်းချင် နောက်ဆုံးတွင် သဘောပေါက်သွားသည်။ အမှောင်ထုကို အုပ်စိုးသော ဒဏ္ဍာရီလာ အရိပ်မိစ္ဆာဝမ်လျန့်က လူသားနှင့်တိရစ္ဆာန်များ၏ အသက်ဓာတ်နှင့် အိမ်မက်ကို စုပ်ယူသည်။ သူက လူသားများကို ပြုစားပြီး။သူ၏ ဖန်တီးမှုလောကထဲ ကျရောက်သွားအောင် ပြုလုပ်သည့်နေရာတွင်လည်း ထူးချွန်သူဖြစ်သည်။
ဝမ်လျန့်က အစောပိုင်းကာလများတွင် မွေးဖွားခဲ့သူဖြစ်သည်။ စကြဝဠာထဲတွင် အလင်းရှိနေပါက အရိပ်လည်း ရှိပေသည်။ ဝမ်လျန့်က ထိုအကြောင်းဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ သူက ပြောင်မြောက်သည့် တိုက်ခိုက်ရေးစွမ်းအင်ကို မပိုင်ဆိုင်ထားသော်လည်း အလင်းရောင်ရှိနေသရွေ့ မသေဆုံးနိုင်ပေ။ သူနှင့်ရင်ဆိုင်ရသည်က အလွန်ခက်ခဲသောကိစ္စတစ်ရပ်ဖြစ်သည်။
ကျွမ်းချင်ထံတွင်လည်း အရိပ်ရှိနေသည်။ ရလဒ်အနေဖြင့် ဝမ်လျန့် သူ့မှော်အစွမ်းကို အသက်သွင်းလိုက်ချိန်၌ ပုံရိပ်ယောင်အရိပ်ထဲ ပိတ်မိသွားတော့သည်။
အရိပ်များက မည်းနက်ကာ ကြောက်စရာကောင်းလှသော်လည်း သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာထဲမှ အတွေးအစစ်အမှန်များကို သဘောပေါက်နားလည်လာစေသည်။
လွန်ခဲ့သော နှစ်၂၀၀၀ခန့်က မြင့်မြတ်သည့်မျိုးနွယ်မှ အမျိုးသားတစ်ယောက်နှင့် အမွေးပွယုန်လေးတစ်ကောင် တွေ့ဆုံခဲ့ပေသည်။ ထိုအချိန်မှစ၍ အမျိုးသားက တောင်ပေါ်တွင် နေထိုင်ခဲ့သည်။ ယုန်လေးကလည်း လူသားအသွင်ပြောင်းပြီး ထိုအမျိုးသားနှင့်အတူ စာရေးခြင်း၊ ပုံဆွဲခြင်းတို့ လေ့ကျင်ကာ ထိုအမျိုးသား၏ လူသားလောကမှ ဇာတ်လမ်းများကို နားထောင်လေ့ရှိသည်။
အမျိုးသားက သူ့ဘဝ၏ နောက်ဆုံးအချိန်နှင့် နီးကပ်လာချိန်တွင် သူ၏ ပုံမှန်နှင့်မတူ တောက်ပနေသည့် မျက်ဝန်းများက လူငယ်ပုံစံပြောင်းထားသည့်ယုန်လေးကို မမှိတ်မသုန် ကြည့်နေသည်။
" ပေါ်လျန်..."
လူငယ်လေးက သူ့လက်ကိုကိုင်ထားသည်။
" မင်း ဘာပြောချင်လို့လဲ... ငါ နားထောင်နေတယ်လေ..."
အမျိုးသား၏ နှုတ်ခမ်းများက ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး အချိန်အတန်ကြာမှ မေးလိုက်သည်။
" ငါ သေသွားပြီးရင် မင်း နောက်လူသားတစ်ယောက် မွေးထားဦးမှာလား..."
" ငါ မမွေးတော့ပါဘူး..."
အမျိုးသားက မနည်းအားတင်း၍ ပြုံးလိုက်သည်။
" ကောင်းတာပေါ့..."
သူ မျက်ဝန်းများက တောက်ပနေဆဲဖြစ်ပြီး လူငယ်လေး၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
" မင်း... ငါ..."
လူငယ်လေးကလည်း သူ့လက်ကို ပြန်လည်ဆုပ်ကိုင်ထားပြီး သူ့အကြည့်များက သိမ်မွေ့ညင်သာသော်လည်း ရှုပ်ထွေးနေသည်။
" မင်း... လူသားလောကကြီးကို ငါ့ကိုယ်စား ကြည့်ပေးထားပါ... လူသားလောကကြီးမှာ အေးချမ်းမှုတွေ ရောက်လာမယ့် နေ့တွေကို ငါ့အစားကြည့်ပေးထားပါ..."
သူ့လက်မှ အင်အားက တဖြည်းဖြည်း ယုတ်လျော့လာသည်။
" ငါ့ကို..."
ငါ့ကို မမေ့လိုက်ပါနဲ့...
အဆုံးတွင် ထိုစကားများကို သူ မပြောနိုင်ခဲ့ပေ။ ကောင်းကင်ဘုံအောက်မှ လောကကြီး သာယာအေးချမ်းလာမည့်အချိန်ကို သူ့ကိုယ်စား ဖူလီ့ကို ကြည့်ရှု့ခိုင်းခဲ့သော်လည်း ဖူလီက ထိုသို့ကြည့်နေစဉ်တွင် သူ့ကိုအမြဲအမှတ်ရနေရန်ကို ပိုမိုလိုလားတောင့်တခဲ့သည်။
" အေးချမ်းလာတဲ့ လူသားလောကကြီးကို မင်းအစား ကြည့်ပေးထားပါ့မယ်လို့ ကတိပေးပါတယ်..."
လူငယ်လေးက အမျိုးသား၏ ပွင့်နေသည့် မျက်ဝန်းများကိုကြည့်လိုက်ပြီးနောက် တုန်ယင်နေသည့်လက်များဖြင့် သူ့မျက်လုံးများကို ပိတ်ပေးလိုက်သည်။
" ငါလည်း လူသားလောကရဲ့ နေထိုင်ပုံတွေကိုသင်ယူပြီး မင်းကိုယ်စား ဂရုတစိုက်ကြည့်ပေးထားပါ့မယ်..."
လူငယ်လေးက တန်ဖိုးကြီးသည့် ဝါဂွမ်းချည်မျှင်ဖြင့် ထိုအမျိုးသား၏ကိုယ်ကို ရစ်ပတ်ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကျောက်စိမ်းခေါင်းတလားထဲ ထည့်ပေးထားလိုက်သည်။
ယင်းချိုင်ရောက်လာပြီး အမျိုးသား၏ဝိညာဉ်ကို ခေါ်ဆောင်သွားချိန်တွင်လည်း ယင်းချိုင်ကို သူ မတားမြစ်ခဲ့ပေ။ သို့ရာတွင် ကျောက်စိမ်းခေါင်းတလား၏ရှေ့၌ တစ်ရက်နှင့် တစ်ညတိတိ မတ်တပ်ရပ်နေခဲ့သည်။ နောက်ဆုံးတွင်မှ ထိုလူ၏အလောင်းကို ဝေ့မြစ်ထဲ မြှုပ်နှံခဲ့သည်။
ဝေ့မြစ်က ထိုအမျိုးသားမွေးဖွားခဲ့သော တိုင်းပြည်ကြီးကို ဖြတ်သန်းစီးဆင်းနေခြင်းဖြစ်ပြီး ကြွယ်ဝသည့် ဝိညာဉ်ချီဓာတ်များစွာလည်း ပိုင်ဆိုင်ထားပေသည်။ လူငယ်လေးက သူ့ကို ဤနေရာတွင် မြှုပ်နှံခဲ့ခြင်းမှာ ထိုအမျိုးသား၏ နောက်ဘဝတွင်လည်း ချမ်းသာကြွယ်ဝပြီး အေးအေးချမ်းချမ်းနေနိုင်ရန်ဖြစ်သည်။
ကျွမ်းချင် ပုံရိပ်များကို မြင်ယောင်နေမိရာမှ အသိစိတ်ပြန်ကပ်လာသည်။ အေးစက်စက်မျက်နှာဖြင့် ဓားကိုမြှောက်ပြီး ပြောလိုက်သည်။
" ဒီလိုဈေးပေါတဲ့ လှည့်ကွက်တွေက အသုံးမဝင်ဘူး..."
" မင်းက အဲ့လူသားကို မနာလိုဖြစ်နေတာပဲ..."
ဝမ်လျန့်က ရိုင်းပြစွာဖြင့် ရယ်မောလိုက်သည်။
" ရေနေသတ္တဝါမျိုးနွယ်စုတွေရဲ့ မဟာနဂါးဧကရာဌ်ကြီးက သေဆုံးသွားတဲ့ လူသားတစ်ယောက်ကို မနာလိုဖြစ်နေတယ်တဲ့ ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ ကိစ္စလဲ..."
ကျွမ်းချင်က သူ့ကို အရေးမလုပ်ပေ။ သူ့ဓားက အရောင်တစ်ချက်လက်သွားပြီး နတ်တိုးကို ပိုင်းဖြတ်လိုက်သည်။ ဟိန်းဟောက်သံကျယ်ကြီးဖြင့် ဝမ်လျန့် မူလက စုပ်ယူထားခဲ့သော အိမ်မက်များစွာက ပိုင်ရှင်များ၏ ခန္ဓာကိုယ်ထံ ပြန်လည်ရောက်ရှိသွားသည်။
ဝမ်လျန့်၏အရိပ်က မှိန်ကျသွားပြီး ခဏအကြာတွင် အရိပ်များစွာပေါင်းစည်း၍ တစ်ခုတည်းဖြစ်လာသည်။ သူ အံကြိတ်ထားလျက်ဖြင့် မုန်းတီးစွာ ပြောလိုက်သည်။
" မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်လား..."
" ဒီလောကကြီးမှာ မဖြစ်နိုင်တဲ့အရာ မရှိဘူး..."
ကျွမ်းချင်က ဓားကိုဆွဲထုတ်ပြီး အေးတိအေးစက်ဖြင့် ပြုံးလိုက်သည်။
" ရေဆိုးမြောင်းထဲက ထွက်လာတဲ့အရာက ကမ္ဘာပေါ်ကို ပြန်လာဖို့ မကြိုးစားသင့်ဘူး..."
.....
" အယ်..."
ခရီးသွားတစ်ယောက်သဖွယ် ဝတ်ဆင်ထားသည့်လူတစ်ယောက်က ရုတ်ချည်းရပ်တန့်သွားသည်။ သူ ခေါင်းမော့ပြီး သူ့ဘေးနားမှ ကြီးကျယ်ခမ်းနားသော အဆောက်အဦးကြီးကို မော့ကြည့်လိုက်မိသည်။
" ဝမ်လျန့်ရဲ့ အနံ့ရတယ်..."
သူ အများသုံးတယ်လီဖုန်းရုံထဲ လျှောက်ဝင်သွားပြီး အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ဟိုတယ်ထဲ ပျံတက်သွားသည်။
တယ်လီဖုန်းသုံးရန် အပြင်တွင် တန်းစီနေသော လူ : ....
သူ အခု အမြင်မှားသွားတာလား... ဖုန်းရုံထဲ ဘယ်သူမှ မရှိတာများလား... ဒါဆိုရင် ခုနကဝင်သွားတဲ့ယောက်ျားက ဘာလဲ...