Chapter 167
ဒီဘဝ
အမှောင်လောကကြီးက မနာလိုဝန်တိုမှုများ၊ အမုန်းတရားများဖြင့် အလွန်သိပ်သည်းနေသည်။ ဤသို့ ဖရိုဖရဲဖြစ်နေသည့် နေရာမျိုးတွင် ပေါ်လျန်ဟုခေါ်သည့်လူသားနှင့် ဖူလီက လက်ချင်းယှက်ထားသည်ကို ကျွမ်းချင်တွေ့လိုက်ရသည်။
သူ့နှလုံးသားထဲမှ အသံက ဒေါသနှင့်အမုန်းတရားများကို နှိုးဆွပေးနေကာ သူ၏ သတ်ဖြတ်လိုစိတ်ကိုပင် မြင့်တက်လာစေသည်။
ကျွမ်းချင် သူ့လက်ထဲမှဓားကိုမြှောက်လိုက်ပြီး မြေပြင်ပေါ် အားဖြင့်စိုက်ချလိုက်သည်။ အနီရောင်နှင့် အနက်ရောင်လောကကြီးထဲကို နောက်ဆုံးတွင် အလင်းတန်းများ ရောက်ရှိလာသည်။ ဝမ်လျန့်က နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ပြီး ပုံရိပ်ယောင်များထဲမှ ထွက်လာသည့် ကျွမ်းချင်ကို ပြောလိုက်သည်။
" အသွင်ပြောင်းလဲပြီးတာနဲ့ နဂါးဧကရာဇ်တန်းဖြစ်လာတဲ့ မိစ္ဆာပီသပါပေတယ်... မင်းက အသုံးတော့ ဝင်သေးတာပဲ..."
ရုတ်တရက် သူက ကျွမ်းချင်ကို ဝန်းရံနေသည့် ပုံတူကိုယ်ပွားများစွာကို ဖန်တီးလိုက်သည်။
" ဒါလိုဆိုရင်ဝောာင် ငါမင်းရဲ့ အားနည်းချက်ကို မြင်နေရသေးတယ်..."
" အဲတော့ ဘာဖြစ်လဲ..."
ကျွမ်းချင်က ပုံတူကိုယ်ပွားအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
" စိတ်ခံစားချက်ရှိတဲ့ သက်ရှိတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတာပဲ..."
" အားနည်းချက်ရှိတဲ့သူတွေကပဲ သန်မာလာနိုင်တာ..."
ကျွမ်းချင်၏လက်ထဲရှိ ဓားမှ မျက်စိကျိန်းလုမတတ် အလင်းရောင်များ ဖြာထွက်လာသည်။ ဝမ်လျန့်ထံမှ ကြောက်မက်ဖွယ် စူးစူးရဲရဲ အသံကြီးထွက်လာကာ ကိုယ်ပွားများအားလုံး ဖုန်မှုန့်ဘဝရောက်သွားသည်။ သူ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်ပြီး အကြီးအကဲများထံမှ အမွေအနှစ်မရရှိထားသော နှစ် ၂၀၀၀နဂါးက ဤသို့ထူးချွန်ပြောင်မြောက်သည့် ကျင့်ကြံဆင့် ရှိနေသည်ကို မယုံကြည်ပုံပေါ်နေသည်။
ပြိုင်ဘက်ကို အနိုင်မရတော့သည်နှင့် ထွက်ပြေးခြင်းက အမြဲတစေ မိစ္ဆာလောက၏ ဓလေ့တစ်ခုဖြစ်သည်။ ဝမ်လျန့်က မျက်တောင်တစ်ခတ်စာခန့် တွန့်ဆုတ်နေပြီးသည့်နောက်တွင် သူ့ကိုယ်သူ အရိပ်ထဲပုန်းကွယ်ပြီး ထွက်ပြေးရန် ပြင်တော့သည်။ သို့ရာတွင် သူ အရိပ်အဖြစ်ပျောက်ကွယ်တော့မည့်အချိန်၌ ဘေးနားမှ လက်တစ်ဖက်ထွက်လာပြီး သူ့ကိုအရိပ်ထဲက ဆွဲထုတ်လိုက်သည်။
" ဝမ်လျန့်လား..."
ထိုလူက သူ့လက်ထဲမှ အနက်ရောင်အရိပ်ကို ခါလိုက်သည်။ အရိပ်ကို မြေပြင်ပေါ် ပစ်ချပြီးသည့်နောက်တွင် ထွက်မပြေးနိုင်စေရန် ခြေထောက်တစ်ဖက်ဖြင့် တက်နင်းထားလိုက်သည်။
" ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျင့်ကြံသူ..."
ကျွမ်းချင်က ကြမ်းပေါ်မှ မရုန်းကန်နိုင်တော့သည့် ဝမ်လျန့်ကို တစ်ချက်ကြည့်လိုက်ပြီး သတိကြီးကြီးထားလိုက်သည်။
" ရပါတယ်... ဝမ်လျန့်က အမြဲတမ်း နှလုံးသားကို တိုက်ခိုက်တဲ့နေရာမှာ အတော်ဆုံးပဲ... မင်း သူ့ရဲ့လွှမ်းမိုးမခံရဘူးဆိုတာ တော်တော်လေးကို ရှားပါးတဲ့ကိစ္စလို့ ပြောနိုင်တယ်..."
ထိုလူက ဝမ်လျန့်ကို တစ်ဖက်လှည့်ပြီး ဘောလုံးတစ်လုံးသဖွယ် သူ့ကျောပိုးအိတ်ထဲ ပစ်ထည့်လိုက်သည်။
၎င်းက သာမန်အိတ်မဟုတ်ဘဲ ချမ့်ခွန်းအိတ်ကို အသွင်ပြောင်းထားခြင်းဖြစ်ကြောင်း ကျွမ်းချင်ပြောနိုင်ပေသည်။ ထိုမိစ္ဆာထံမှ မင်္ဂလာသားရဲ အငွေ့အသက်အနည်းငယ်ကိုပင် သူ အာရုံခံမိနေသည်။ နဂါးပြာ၏ အမွေအနှစ်ကို ဆက်ခံပြီးသည့်နောက်တွင် ယောင်ကျင့်ကြံသူများ၏ အသွင်အစစ်ကို ခွဲခြားလာနိုင်ပြီး သူ၏ သာမန်မျက်စိဖြင့် မခွဲခြားနိုင်သည့် တစ်ခုတည်းသော အုပ်စုမှာ မကောင်းဆိုးဝါးသားရဲ သို့မဟုတ် မင်္ဂလာသားရဲအဖြစ် မွေးဖွားလာသည့် မဟာမိစ္ဆာများသာ ကျန်ရှိတော့သည်။
ကျွမ်းချင်က ဤကဲ့သို့သော မဟာမိစ္ဆာမျိုးကို ဒေါသမထွက်စေလို၍ သူ၏မှော်စွမ်းအားသုံးပြီး တစ်ဖက်လူ၏ အသွင်စစ်ကို မကြည့်လိုက်မိတော့ပေ။ သူ့ဓားကို ပြန်သိမ်းထားလိုက်ပြီး ထိုလူကို ဂျူနီယာတစ်ယောက်၏အရိုအသေပြုသည့်ပုံစံဖြင့် ဦးညွှတ်လိုက်သည်။
" ဒီဂျူနီယာရဲ့နာမည်က ကျွမ်းချင်ပါ...ကျွန်တော်က ကျင့်ကြံရေးလောကကို ကြီးကြပ်ပါတယ်... စီနီယာက လူသားလောကမှာ ဘယ်လိုအလုပ်မျိုးလုပ်တယ်ဆိုတာ သိခွင့်များရမလား..."
" ငါ ဒီကိုလာတာ ဂျူနီယာတစ်ယောက်ကို ရှာဖို့ပါ..."
ထိုလူ၏အကြည့်က ကျွမ်းချင်ပေါ် ရောက်သွားသည်။ ထိုလူ၏ မျက်လုံးများက ရုတ်ချည်းအရောင်ပြောင်းလဲသွားပြီး တစ်ဖက်ကအဖြူ တစ်ဖက်က အမည်း ဖြစ်သွားသည်။ အနက်ရောင်က 'ယန်' အဖြူရောင်က 'ယင်'ကို ကိုယ်စားပြုပေသည်။ သူတို့က အချိန်စီးဆင်းမှုနှင့်အတူ တစ်ခုနှင့်တစ်ခု ယှက်နွယ်သွားကြသည်။
ထိုလူ ရုတ်တရက် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူ၏ အသားအရည်က ဖြူဖျော့လာပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ ရင်ဘတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ သူ့အကြည့်က အလွန်ထူးဆန်းလာသော်လည်း တိုက်ခိုက်သတ်ဖြတ်မည့်ရည်ရွယ်ချက်မျိုး ဖြစ်မနေပေ။
တစ်ဖက်လူက သူ့ကိုယ်ပေါ်မှ မည်သည့်အရာကို မြင်လိုက်ကြောင်း ကျွမ်းချင်မသိသော်လည်း ဂရုတစိုက်ဖြင့် မေးလိုက်သည်။
" စီနီယာ အဆင်ပြေရဲ့လား..."
" ဘာမှမဖြစ်ဘူး ရတယ်..."
သူ့နှုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်၍ တံခါးကိုလှမ်းကြည့်လိုက်သည်။
" လူသားတစ်ယောက် လာနေတယ်..."
ကျွမ်းချင်က ဖရိုဖရဲဖြစ်နေသည့်အခန်းကို တစ်ချက်ကြည့်လိုက်သည်။
" ဒီဟိုတယ်ရဲ့ မန်နေဂျာကလည်း ကျင့်ကြံရေးလောက ဂိုဏ်းတစ်ခုထဲက ပါပဲ... တခြားပြဿနာတွေဖြစ်လာမှာ စိတ်မပူပါနဲ့ စီနီယာ..."
" မိစ္ဆာနဲ့ လူသားကျင့်ကြံသူတွေက ဒီလိုဆက်ဆံရေးမျိုးတောင် ဖြစ်နေကြပြီလား..."
ထိုလူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အစောပိုင်းက ကျွမ်းချင်၏အတိတ်ကို သူကြည့်လိုက်ချိန်တွင် တစ်ဖက်လူ၏ ရွှေရောင်သူတော်ကောင်းတရား အရောင်တောက်ပမှုကြောင့် သူ့ခေါင်းထဲပင် မူးနောက်နောက်ဖြစ်သွားပြီး အမြင်များဝေဝါးလာရသည်။ သူ ဆက်မကြည့်နိုင်ဖြစ်သွားရသည်။ သို့ရာတွင် အခြားကျန်ရှိနေသောတစ်ဝက်က သူ့ကို စိတ်ရှုပ်ထွေးသွားစေသည်။ သူ ဝမ်းနည်းရမည်လား ကူကယ်ရာမဲ့ဖြစ်ရမည်လားကို မသိတော့ပေ။
" ဒီဂျူနီယာက ခေါင်းဆောင်ကျွမ်းကိုယ်တိုင်လာမယ်မှန်းမသိလိုက်ဘူး... ကိုယ်တိုင်လာမကြိုမိတာ ခွင့်လွှတ်ပေးပါ..."
ဝမ်ဟန်က အပြုံးလေးဖြင့် ခပ်သုတ်သုတ်ရောက်လာသည်။ အခန်းထဲတွင် ရှုပ်ပွနေသည်များကို သူ တစ်ချက်မှမကြည့်ပေ။
" ခေါင်းဆောင်ကျွမ်း ပင်ပန်းသွားရပြီ... ဘယ်လိုမကောင်းဆိုးဝါးကို သုတ်သင်ခဲ့ရတယ်ဆိုတာ ကျွန်တော်သိခွင့်ရှိမလား..."
ကျွမ်းချင်က အမည်မသိ အမျိုးသားမိစ္ဆာကို တစ်ချက်ကြည့်လိုက်သည်။
" ဘာမှဝောာ့ သိပ်မဖြစ်သွားပါဘူး... ဟိုတယ်ရဲ့ ဆုံးရှုံးမှုအတွက်ကတော့ အကြောင်းကြားစာတစ်စောင်ရေးပြီး စီမံခန့်ခွဲရေးဗျူရိုကနေ လျော်ကြေးလာယူလိုက်ပါ..."
" ခေါင်းဆောင်ကျွမ်းက ပြဿနာကြီးတစ်ခုကို ကူဖြေရှင်းပေးထားတာပဲ... ဒီလိုကိစ္စလေးအတွက် လျော်ကြေးမလိုပါဘူး..."
ဝမ်ဟန်က သူ့စိတ်ရင်းမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။ အကယ်၍ တစ်နိုင်ငံလုံးမှ နာမည်ကြီးစာရေးဆရာများ သူတို့ဟိုတယ်တွင် တစ်ခုခုဖြစ်သွားခဲ့ကြောင်း ပေါက်ကြားသွားခဲ့ပါက သူတို့ဂိုဏ်း၏ ဟိုတယ်လုပ်ငန်းများ အလွန်ထိခိုက်သွားနိုင်ပေသည်။
နိုင်ငံ၏ ဟိုတယ်နှင့် အစားအသောက်နယ်ပယ်ထဲတွင် ယှဉ်ပြိုင်ရခြင်းက အလွန်ပြင်းထန်လှသောကြောင့် မည်သူမှ ပြဿနာမတက်လိုကြပေ။ ယခုအချိန်တွင် သူ လျော်ကြေးမတောင်းလိုသည်သာမက ကျွမ်းချင်ကိုပါ စာအိတ်နီတစ်အိတ် ပေးချင်နေမိသည်။ ကံဆိုးသည်မှာ ခေါင်းဆောင်ကျွမ်းက ဖြောင့်မတ်မှန်ကန်သူဖြစ်၍ လာဘ်ပေးလာဘ်ယူများကို မည်သည့်အခါကမှ လက်မခံခဲ့ပေ။ အထင်လွဲစေခဲ့သည့် တစ်ခုတည်းသော လာဘ်ပေးလာဘ်ယူမှုမှာ ဖူလီကျင့်ကြံသူ၏ အကြီးအကဲက သူတို့ကို လက်ဆောင်များပေးခံစဉ်အချိန်ကဖြစ်သည်။
စီးပွားရေးလုပ်နေသူများက ပြောသင့် မပြောသင့်သည့်စကားများကို ကွဲကွဲပြားပြားသိကြသည်။ အခန်းထဲမှ သူစိမ်းကို သူ မသိသော်လည်း သူတို့ပြောသည့်စကားများကို စပ်စုစွာဖြင့် နားမထောင်ပေ။ ရေချိုးခန်းထဲတွင်ပုန်းနေပြီး မတ်တပ်ပင် မရပ်နိုင်တော့သည့် မာဟာကို သူ ထူပေးလိုက်ပြီး ဆိုဖာပေါ်တွင် သေသေချာချာ ထိုင်စေလိုက်သည်။
" ကျွန်တော့်အသက်ကို ကယ်ပေးတဲ့အတွက် ခေါင်းဆောင်ကျွမ်းကို ကျေးဇူးအများကြီးတင်ပါတယ်..."
မာဟာ၏ ခြေထောက်များက ထိန်းမရအောင် တုန်ယင်နေသည်။
ဝမ်ဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရွှံနွံထဲမှ ငါးရှဉ့်မိစ္ဆာတစ်ကောင်က စာရေးဆရာဟူသည့် အလုပ်ကို လုပ်ကိုင်နေပြီး အလွန်အောင်မြင်နေရသည်မှာ မမျှော်လင့်ထားသော ကိစ္စတစ်ခုဟု တွေးနေမိသည်။ ယောင်ကျင့်ကြံသူများက လူသားလောကတွင် အသားကျအောင် နေထိုင်နိုင်သည့် နည်းလမ်းပေါင်း အသင်္ချေရှိနေသည်ဟု တွေးလိုက်မိသည်။
" ဒီလောက်ယဉ်ကျေးနေစရာ မလိုပါဘူး... ကျင့်ကြံရေးလောက က လူတွေကို ကာကွယ်ရတာ စီမံခန့်ခွဲရေးဗျူရိုရဲ့ တာဝန်ပဲလေ... တခြားစာရေးဆရာတွေရဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို ကိုင်တွယ်ပေးဖို့ ဗျူရိုကလူတွေကို ထပ်လွှတ်လိုက်ပါ့မယ်..."
" ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကျွမ်း... ဒုက္ခများသွားရပြီ..."
ဝမ်ဟန်က ဖူလီ နေထိုင်ကောင်းလားဟု မေးလိုသော်လည်း ကျွမ်းချင်က သူနှင့် ရင်းနှီးဟန်ဆောင်သည်ဟု ထင်သွားမည်ကိုကြောက်၍ ထိုစကားများကို ပြန်မျိုချလိုက်သည်။
ကျွမ်းချင်က အမျိုးသားကို လစန္ဒာပေါင်းကူးဟိုတယ်ထဲမှ ခေါ်လာခဲ့သည်။
" စီနီယာ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ..."
ထိုလူက ကျွမ်းချင်နှင့်အတူ ကားထဲလိုက်လာပြီး ကျွမ်းချင်လုပ်သည့်အတိုင်း ထိုင်ခုံခါးပတ်ပတ်လိုက်သည်။
" တကယ်လို့ စီနီယာက လူသားလောကထဲ ဝင်သွားတဲ့ ဂျူနီယာတစ်ယောက်ကို ရှာချင်တယ်ဆိုရင်တော့ ကျွန်တော့်ကို သူ့နာမည်နဲ့ ဓာတ်ပုံ ပေးပါလား...စီမံခန့်ခွဲရေးဗျူရိုက သူ့အချက်အလက်တွေကို ကူရှာပေးလို့ရပါတယ်... လုပ်ငန်းစဉ်တွေအတိုင်းဆိုရင်တော့ ဗျူရိုမှာ formလိုက်ဖြည့်ပေးရပါမယ်... ပြီးတော့မှ စာရင်းစစ်တစ်ယောက်ကနေ အဲ့လူရဲ့ အချက်အလက်တွေ ကူရှာပေးလို့ ရမှာပါ.."
ကျွမ်းချင်က အလုပ်စနစ်ထဲမှတစ်ဆင့် အချက်အလက်ကို ရှာဖွေနိုင်ပေသည်။ သို့သော် ဤလူက မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေး၍ ဗျူရိုတွင် formဖြည့်ခိုင်းခြင်းက ပို၍ထိန်းချုပ်ရ လွယ်ကူပေမည်။
ကံကောင်းသည်မှာ ထိုလူက စကားပြောရလွယ်ပေသည်။ ကျွမ်းချင် formဖြည့်ရမည့်အကြောင်း ပြောချိန်တွင်လည်း သူတစ်ချက်မှ မငြင်းခဲ့ပေ။ ဤသို့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်းကြောင့် ဤမိစ္ဆာအပေါ် ကျွမ်းချင် ပိုအမြင်ကြည််လာမိသည်။
စီမံခန့်ခွဲရေးဗျူရိုသို့ ရောက်သည့်အခါ ကျွမ်းချင်က ထိုလူကို မှတ်တမ်းများထားရှိသည့် ရုံးခွဲသို့ခေါ်သွားပေးကာ သူကိုယ်တိုင်formဖြည့်ခိုင်းလိုက်ပြီး ရုံးခန်းသို့ ပြန်လာခဲ့သည်။ လစန္ဒာပေါင်းကူးဟိုတယ်နှင့် သက်ဆိုင်သည့် အခြေအနေများကို မူလက ဖူလီ့ထံ လက်လွှဲပေးမည်ဟု စီစဉ်ထားသော်လည်း တောင်ပိုင်းတွင် မမျှော်လင့်ထားသည့် ကိစ္စတစ်ရပ်ဖြစ်လာခဲ့သည်။ အခြားဝန်ထမ်းများ၏ ခွန်အားက မလုံလောက်မည်ကို စိုးရိမ်သဖြင့် ကျွမ်းချင်က ရွေစချယ်စရာ မရှိတော့ဘဲ ဖူလီ့ကို အဖွဲ့တစ်ဖွဲ့ဦးဆောင်ပြီး ကိုင်တွယ်ခိုင်းလိုက်သည်။
မှတ်တမ်းဌာနမှ ဝန်ထမ်းများက အလွန် အလုပ်များလှပေသည်။ တိုင်ကြားချက် ပေးပို့လိုသည့် လူများထံမှ ဖုန်းများကိုင်ရရုံသာမက အသုံးဝင်သည့် သတင်းများကိုလည်း စစ်ထုတ်ရသေးသည်။ ကျွမ်းချင် ခေါ်လာသည့်လူကို formနှင့် စာရွက်ပေးထားလိုက်ပြီးနောက် ခြေထောက်နှင့် မြေကြီးထိမတတ် အလုပ်များနေကြ၍ ရေတစ်ငုံပင် မသောက်နိုင် ဖြစ်နေကြသည်။
ဤအခန်းထဲတွင် မိစ္ဆာများသာမက လူသားများလည်းရှိသည်ကို ထိုလူသတိထားမိသည်။ မိစ္ဆာများအကြားတွင် အရွက်စားများသာမက အသားစားများလည်း ပါဝင်ပေသည်။ ထိုသို့ဖြစ်နေသော်လည်း လေထုအခြေအနေက အလွန်ပင် စည်းချက်ကျနလှသည်။
Formကို ယခုလက်ရှိအချိန်တွင် အသုံးများသည့် တရုတ်simplifiedစာလုံးများဖြင့် ရေးသားထားသည်။ ထိုလူက စာလုံးများနှင့် အသားမကျဖြစနေသောကြောင့် နှေးကွေးစွာဖြည့်နေရ၍ ဆယ်မိန်စခန့်အကြာမှ အားလုံးပြီးစီးသွားသည်။
" စည်းကမ်းချက်တွေကို နားမလည်ဘဲ အခုမှ တောင်ပေါ်က ဆင်းလာတာ ဘာမိစ္ဆာပါလိမ့်... သူက အများသုံးတယ်လီဖုန်းရုံထဲမှာ လှစ်ခနဲပျောက်သွားတယ်တဲ့... တယ်လီဖုန်းရုံထဲက လုံခြုံရေးကင်မရာပျက်နေလို့ တော်သေးတယ် မဟုတ်ရင် ဒီကိစ္စက အုတ်အော်သောင်းနင်း ဖြစ်ကုန်တော့မှာ..."
ဝန်ထမ်းတစ်ယောက်က ကီးဘုတ်ကို တတောက်တောက်ရိုက်နေလျက် ဤကိစ္စကို သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် ကိုင်တွယ်ရန် လက်လွှဲပေးနေသည်။ တစ်ဖက်သို့လှည်ကြည့်လိုက်သည့်အခါ ထိုလူက formဖြည့်ပြီးသွားကြောင်း သတိပြုလိုက်ရသည်။
" ကျေးဇူးပြုပြီး ကျွန်တော့်ကို formလေးပေးပါ... ကျေးဇူးတင်ပါတယ်..."
သူ formကို တစ်ချက်ကြည့်လိုက်သည်။ စာလုံးများက အလွန်လှပသော်လည်း ရှုပ်ထွေးလွန်းလှ၍ သူ နားမလည်နိုင် ဖြစ်သွားသည်။
ဒါက ချိပ်စာလုံးတွေများလား...
Formကို မျက်နှာချင်းဆိုင်ရှိ အသက်၂၀၀၀ကျော်နေသော သစ်ပင်မိစ္ဆာအား ပြလိုက်သည်။ ထိုလုပ်ဖော်ကိုင်ဖက်က အလုပ်လုပ်ရာတွင် နှေးကွေးသော်လည်း ဗဟုသုတကြွယ်ဝပေသည်။
သစ်ပင်မိစ္ဆာက စာရွက်ကို အနီးကပ်ကြည့်လိုက်သည်။ သုံးလေးကြိမ်ခန့် ဖတ်ပြီးချိန်တွင် သူ မှားဖတ်လိုက်မိသည်ဟု ထင်မိသွားသည်။
ဒီယောင်ကျင့်ကြံသူရှာနေတဲ့သူရဲ့ နာမည်က ဖူလီ၊ သူ့မွေးရပ်မြေက ဝေ့ရွှေဆိုပါလား... ဒါ ငါတို့ ဗျူရိုက ဖူလီကျင့်ကြံသူ မလား... ဘော့စ်က ဘာကိုဆိုလိုတာလဲ... ဒီလူကို သူတို့ဗျူရိုခေါ်လာတာ လူရှာဖို့ဆိုပေမယ့် သူရှာချင်တဲ့သူက ဖူလီဆိုရင် ဘာကိစ္စapplication formဖြည့်နေရဦးမှာလဲ...
သူ အလေးအနက် တွေးတောနေလိုက်ပြီးနောက် formကိုချကာ မျက်နှာချင်းဆိုင်မှလူကို ပြောလိုက်သည်။
" ခဏစောင့်ပါဦး..."
သူ အမြန်ထပြီး အနောက်ဘက်သို့သွားကာ ကျွမ်းချင်ကိုဖုန်းခေါ်ပြီး သူ့ရည်ရွယ်ချက်ကို သေချာအောင် မေးလိုက်သည်။
ကျွမ်းချင်က မှတ်တမ်းဌာနမှ ဖုန်းလက်ခံရသည်နှင့် တွေးတောမနေတော့ဘဲ ပြောလိုက်သည်။
" ငါ အခုချက်ချင်း လာခဲ့မယ်..."
ဖူလီ၏ နားလည်ရခက်ခဲသော အကြီးအကဲများအကြောင်း တွေးလိုက်မိသည့်အခါ ထိုလူရှာချင်သည့် ဂျူနီယာမိစ္ဆာလေးက ဖူလီဖြစ်ကြောင်းကို သူ မအံ့ဩမိတော့ပေ။
သူ ခပ်သုတ်သုတ်ရောက်လာပြီ ထိုလူကို စကားပြောလိုက်သည်။
" စီနီယာ ရှာနေတဲ့သူက ဖူလီဆိုတာ ကျွန်တော် မသိခဲ့လို့ပါ... သူက ကျွန်တော်တို့ဗျူရိုရဲ့ ဝန်ထမ်းတစ်ယောက်ပါပဲ အခုလောလောဆယ်တော့ တောင်ပိုင်းမှာ ကိစ္စတစ်ခု သွားဖြေရှင်းနေပါတယ် သိပ်မကြာခင် ပြန်လာတော့မှာပါ ကျွန်တော့်ရုံးခန်းမှာ အရင်လာထိုင်နေပါလား..."
ကျွမ်းချင်နှင့် ဖူလီတို့ တစ်နေရာတည်းတွင် အလုပ်လုပ်နေကြောင်း ကြားသိလိုက်သောအခါ ထိုလူ၏မျက်ခုံးများ တွန့်ချိုးသွားသည်။ သူ ခေါင်းညိတ်ပြလိုက်သည်။
" ကျေးဇူးတင်ပါတယ် ဒုက္ခများသွားရပြီ..."
" ကျွန်တော့်နာမည်က ကျွမ်းချင်ပါ ရှောင်ကျွမ်းလို့ခေါ်လည်း ရပါတယ်..."
ကျွမ်းချင်က တံခါးကို တွန်းဖွင့်ပေးလိုက်ပြီး 'ကျေးဇူးပြု၍' ဟူသည့် အမူအရာမျိုး ပြုလုပ်လိုက်သည်။
" ကျေးဇူးပြုပြီး ထိုင်ပါဦး... ကျွန်တော် လက်ဖက်ရည်ကြမ်း ငှဲ့ပေးပါ့မယ်..."
ထိုလူက ဘေးပတ်ပတ်လည်ကို ကြည့်ရှုနေသည်။ သူ အခန်းထဲတွင် ဖူလီအနံ့ကိုရ၍ ကျွမ်းချင်ဟုခေါ်သည့် ထိုယောင်ကျင့်ကြံသူက သူ့ကိုမလိမ်ကြောင်း သိလိုက်သည်။
ကျွမ်းချင် အမြန်ပြန်လာခဲ့သည်။ ထိုလူက သူပေးသည့်လက်ဖက်ရည်ကို ယူလိုက်ပြီးမေးလိုက်သည်။
" ငါ့မှာ နာမည်မရှိဘူး... မင်းငါ့ကို ဦးလေးယွမ်လို့ ခေါ်ရင်ရတယ်..."
သူ့ကိုယ်သူ မိတ်ဆက်ပေးပြီးသည့်အခါ ချမ့်ခွန်းအိတ်ထဲမှ ဘူးအနည်းငယ်ထုတ်ကာ ကျွမ်းချင်ကို ပေးလိုက်သည်။
" ဒါတွေက မင်းအတွက်လက်ဆောင်ပါ..."
ဘူးများကိုမြင်သည့်အခါ ကျွမ်းချင်က ငြင်းဆန်ခြင်းမပြုဘဲ ကျေးဇူးတင်ကြောင်းပြောပြီး ငြင်းဆန်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ငြင်းဆန်နေလျှင်လည်း အသုံးမဝင်ကြောင်း သူသိ၍ဖြစ်သည်။ ဖူလီ၏ အကြီးအကဲများက လက်ဆောင်ပေးရာတွင်လည်း တစ်ပုံစံတည်းဖြစ်ပြီး သူတို့အားလုံး ရက်ရောကြသည်။
သို့ရာတွင် 'ယွမ်' ဟူသောစာလုံးကြောင့် ကျွမ်းချင်က ဖူလီ ရောင်ပြန်မြူတောင်ပေါ်တွင်နေစဉ်က သူ့ကို တောင်ပေါ်ရှိမိစ္ဆာအားလုံးက သာမန်မိစ္ဆာများဟု ပြောခဲ့သည့် မျောက်ဝံဖြူကြီးကို တွေးမိသွားသည်။
" ကျွန်တော့်ဘက်က ရဲတင်းလွန်းသွားတယ်ဆိုရင် ခွင့်လွှတ်ပေးပါ... စီနီယာက ဖူလီ ကျွန်တော့်ကို ခဏခဏပြောဖူးတဲ့ အကြီးအကဲမျောက်ဝံဖြူကြီးများလား..."
" ရှောင်လီက ငါ့အကြောင်း ခဏခဏပြောပြတာလား..."
သူ၏ အသွင်စစ်က 'ရှင်းရှင်း' ဖြစ်သော မျောက်ဝံဖြူကြီးက ဝမ်းနည်းဝမ်းသာဖြစ်သွားသည့် အမူအရာမျိုးဖြစ်ပေါ်လာသည်။
ကျွမ်းချင် ခေါင်းညိတ်ပြလိုက်သည်။
ရှင်းရှင်း၏ မျက်နှာထက်မှ အပြုံးက ပိုမိုတောက်ပလာပြီး ဖူလီနှင့် သက်ဆိုင်သည့် မေးခွန်းများကို ဆက်တိုက်မေးတော့သည်။ 'သူ့ ကျင့်ကြံဆင့်က တိုးလာသေးလား... တခြားယောင်ကျင့်ကြံသူတွေနဲ့ တည့်ရဲ့လား... သူ့ကို တခြားလူတွေက အနိုင်ကျင့်သေးလား... တစ်ခုခုလိုအပ်တာမျိုးများ ရှိနေသေးလား...' အစရှိသည့် မေးခွန်းများဖြစ်သည်။
ကျွမ်းချင်က မေးခွန်းတစ်ခုချင်းစီတိုင်းကို စိတ်ရှည်လက်ရှည်ဖြင့် ဖြေပေးသည်။
" ကျွမ်းလေးမှာ တာအိုလက်တွဲဖော်ရှိပြီလား..."
ကျွမ်းချင်၏ကိုယ်မှ ထွက်ပေါ်နေသည့် ထူထပ်သော သူတော်ကောင်းတရားနှင့် ခရမ်းရောင်ချီဓာတ်ကိုကြည့်ပြီး သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု ဖြစ်တည်သွားသည်။ သို့ရာတွင် ဖူလီ့ကို မမြင်ရသေး၍ သူ အကြံများများ မထုတ်ရဲပေ။
" စီနီယာရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော့်မှာ ဘဝတစ်လျှောက်လုံးအတွက် လက်တွဲဖော်တစ်ယောက် ရှိနေပြီးပါပြီ..."
" အဲ့လိုကိုး..."
ရှင်းရှင်း၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ၎င်းက ကံကြမ္မာနှင့်ပတ်သက်ပြီး ရယ်စရာကောင်းသည့်အချက်ဖြစ်သည်။ အတိတ်တွင် တန်ရာတန်ကြေးများစွာကို ပေးဆပ်ခဲ့ရပြီး ရှာဖွေနေခဲ့သည့်အရာကို မရရှိသေးသော်လည်း ဤဘဝတွင် တွေ့ဆုံရန်မှလွဲ၍ ဆက်နွယ်မှုများစွာ ရှိမနေပေ။
လူသားဖြစ်စေ၊ မိစ္ဆာဖြစ်စေ ကံကြမ္မာကို ရှောင်လွှဲမရနိုင်ချေ။
ရှောင်လီက သူ့ဘဝလက်တွဲဖော်ကို ရှာတွေ့ပြီး သူ့ကံကြမ္မာ၏ နိမိတ်ဆိုးများကို ကျော်လွှားနိုင်ရန်သာ မျှော်လင့်ရပေတော့မည်။